← Chapters

မအောင်မြင်သော ဥပမာ

Vol. 41 Ch. 611

မအောင်မြင်သော ဥပမာ

Vol. 41 Ch. 611

အလှပဆုံးဟု တင်စားရမည့် အဋ္ဌမထပ်သည် မိနစ်အနည်းငယ်အတွင်း ပြောင်းလဲသွားခဲ့ချေပြီ။ တင့်တယ်စွဲမက်ဖွယ် အရာအားလုံးသည် သရဲများနှင့် ဆက်နွှယ်နေသော အနိဋ္ဌာရုံများအဖြစ်သို့ ကူးပြောင်းသွားတော့သည်။ မြေပြင်၊ သစ်ပင်၊ စမ်းချောင်းများနှင့် တိုက်ခတ်လာသော လေပြေပင်လျှင် သရဲတစ္ဆေတို့၏ အောင်လံတံခွန်များသဖွယ် ဖြစ်လာ၏။

“ဒါက ဝိညာဉ်ဘုရားကျောင်းရဲ့ အစစ်အမှန်အသွင်အပြင် ဖြစ်မယ်”

ကောင်းမင်သည် သစ်ရွက်တစ်ဆုပ်ကို ဆုပ်ကိုင်ကြည့်လိုက်သည်။ ၎င်းတို့သည် အသုဘငွေစက္ကူများ လောင်ကျွမ်းပြီးနောက် ကျန်ရစ်သော ပြာမှုန့်များသာ ဖြစ်ပြီး အသာအယာ ထိလိုက်ရုံဖြင့် ကြေမွသွားကြသည်။

“အိပ်မက်ချိုးဖျက်မြို့က နတ်ဘုရားသရဲတွေက သာမန်ရွာသားတွေနဲ့ မတူဘူး ၊ သူတို့က ဝိညာဉ်ဘုရားကျောင်းရဲ့ လှည့်စားတာကို မခံရဘူး ၊ သူတို့ ဒီကိုလာတာက မသေမျိုးဖြစ်ဖို့ မဟုတ်ဘဲ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းကို သိမ်းပိုက်ဖို့ပဲ”

ကောင်းမင်သည် သမင်လေးကို ပုတ်၍ နှစ်သိမ့်လိုက်သည်။

“မကြောက်ပါနဲ့... မင်းက ဘာပဲဖြစ်နေဖြစ်နေ ငါမင်းကို ကာကွယ်ပေးမှာပါ”

ထိုသို့ ပြောပြီးနောက် ကောင်းမင်သည် သမင်၏ ဝမ်းဗိုက်အောက်တွင် ပုန်းလိုက်သည်။ သူသည် သူ့ကိုယ်သူ စောစီးစွာ ထုတ်မပြလိုသေးပေ။

ကောင်းမင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း အိပ်မက်ချိုးဖျက်မြို့မှ မည်သူ့ကိုမျှ မတွေ့ရသေးပေ။

“သူတို့အားလုံး အရမ်းပါးနပ်ကြတယ်၊ ငါ သတိလက်လွတ် နေလို့မဖြစ်ဘူး”

သမင်လေးသည်လည်း ကောင်းမင်ကို အတုခိုးလိုက်သည်။ ၎င်းသည် ကဏန်းတစ်ကောင်ကဲ့သို့ မြေကြီးနှင့် ပြာမှုန့်များကို ခန္ဓာကိုယ်အနှံ့ လူး၍ ၎င်း၏ လှပသောအစက်အပြောက်များကို ဖုံးကွယ်လိုက်သည်။ ထိုအခါ နတ်သမင်လေးသည် အနက်ရောင် မြည်းတစ်ကောင်နှင့် ပိုတူသွားလေသည်။ ကောင်းမင်သည် ဤပါးနပ်လှသော သမင်လေးကို ကြည့်၍ ရင်းနှီးသော ခံစားမှုတစ်ခု ရှိလာသည်။ ၎င်းက သူ့အား သူငယ်ချင်းဟောင်းတစ်ဦးကို သတိရစေသည်။

နတ်ဘုရားရောင်ဝါများ၏ နှောင့်ယှက်မှု မရှိတော့သဖြင့် ကောင်းမင်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်သက်သာလာသည်။ သူ၏ အသွေးအသားများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ဆက်စပ်သွားကြသည်။ ဒဏ်ရာများ ပြန်ပိတ်သွားပြီး ပြည့်စုံသော သွေးတက်တူးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ အမာရွတ်တစ်ခုမျှပင် ကျန်ရစ်ခြင်း မရှိပေ။

“ဒီလို ကုသနိုင်စွမ်းကို လက်တွေ့ကမ္ဘာဆီ ယူသွားလို့ ရမလားမသိဘူး”

စမ်းသပ်သူများ၏ အနက်ရောင်လက်ပတ်များသည် အိပ်မက်ဆိုးအတွင်းရှိ သူတို့၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေတတ်သည်။ အချက်အလက်များ မူမမှန်ဖြစ်လာလျှင် ၎င်းသည် အနီရောင်အလင်း ဖျတ်ခနဲ လင်းလာမည်ဖြစ်သည်။ အခြေအနေ စိုးရိမ်ရလေလေ အလင်းက ပို၍ တောက်ပလေလေပင်။ ကောင်းမင် ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သူ့လက်ပတ်မှ အနီရောင်အလင်းမှာ စူးရှစွာ လင်းလက်လာ၏။ ၎င်းသည် အကြိမ်ရေအနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် လုံးဝပိတ်သွားတော့သည်။ ကောင်းမင်၏ အချက်အလက်များသည် သာမန်စမ်းသပ်သူတစ်ဦး၏ ကန့်သတ်ချက်ထက် များစွာကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သုတေသနသမားများ သတ်မှတ်ထားသော အမြင့်ဆုံး ကန့်သတ်ချက်ကိုပင် ချိုးဖျက်လိုက်ပြီဖြစ်သည်။

“သွေးနီရောင်မြို့တော်တက်တူးက အခုဆို ချို့ယွင်းချက်မရှိတော့ဘဲ ဇီဝအသက်တွေနဲ့ လှုပ်ရှားနေပြီ ၊ ငါ့ရဲ့ အိပ်မက်လွှတ်နည်းလမ်းနဲ့ ဆင့်ခေါ်ယူထားတဲ့ သားစားကြူးနတ်ဘုရားကလည်း အစစ်အမှန် နတ်ဘုရားသရဲတစ်ယောက်နဲ့ မကွာခြားတော့ဘူး၊ ဒါအပြင် ငါ့ရဲ့ အရင်ကပုံစံနဲ့ အခုပုံစံ ဘာကွာခြားသွားလဲဆိုတာ ငါမသိတော့ဘူး”

အနက်ရောင်လက်ပတ်က ပျက်စီးသွားပြီ ဖြစ်သည်။ မသေဆေးကုမ္ပဏီသည် ဤအချက်နှင့် ပတ်သက်၍ မေးခွန်းများစွာ ထုတ်လာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်ချိုးဖျက်မြို့သည် သူတို့အတွက် အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။ သူတို့သည် အသေးငယ်ဆုံး ဟာကွက်ကိုပင် ရှာဖွေစစ်ဆေးကြပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ကောင်းမင်သည် ကောင်းကင်ကိုပင် ပြိုလဲလုနီးပါး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“မသေဆေးက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး ၊ ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က သူတို့ရဲ့ ဓာတ်ခွဲခန်းထဲမှာပဲ ရှိနေသေးတာ ၊ ငါ ဘေးကင်းချင်တယ်ဆိုရင် ပိုအစွမ်းထက်တဲ့ အပေးအယူလုပ်စရာ တစ်ခုခု လိုအပ်တယ်”

ကောင်းမင် စိတ်ထဲတွင် တွက်ချက်လိုက်၏။

“သူတို့ ဒီနေရာကို ဖန်တီးခဲ့တာက မပြောသင့်သူတစ်ယောက်ကို မွေးမြူဖို့ပဲ ၊ ဒါကြောင့် ငါလုပ်နိုင်တဲ့ အကောင်းဆုံးအရာက ငါကိုယ်တိုင် မပြောသင့်သူတစ်ယောက် ဖြစ်လာဖို့ပဲ”

ကောင်းမင် ခေါင်းယမ်းလိုက်သည်။ မပြောသင့်သူတစ်ယောက်ရှေ့တွင် လူသားများသည် ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်သည်။

“ကြည့်ရတာ ငါ့နှလုံးသားထဲက နတ်ဘုရားသရဲကိုပဲ ပုံအောပြီး ယုံကြည်ရတော့မယ်ထင်ပါရဲ့”

ကျန်းမင်လီကို ထိန်းချုပ်ရန်မှာ ခက်ခဲသည်။ ကောင်းမင် သူ့ကို ကူညီရန် ဆန္ဒရှိသည်။သို့သော်လည်း မပြောသင့်သူတစ်ယောင် ဖြစ်လာရေးနှင့် ပတ်သက်လာလျှင်မူ ထိုလူသည် ဤအခွင့်အရေးကို သားစားကြူးနတ်ဘုရားထံ ပေးအပ်လိမ့်မည်ဟု ကောင်းမင် တွေးမထားချေ။

ကောင်းမင် စောင့်ဆိုင်းနေစဉ် နတ်ဘုရားသရဲများသည် စိတ်မရှည် ဖြစ်လာကြသည်။

နောက်ကျိနေသော စမ်းချောင်းသည် လူ့အရေပြားပေါ်မှ သွေးကြောများကဲ့သို့ ဖောင်းတက်လာ၏။ ရေမှော်ပင်များ ဆွဲဖြဲခြင်း ခံလိုက်ရသည်။ မြစ်အနီးရှိ သစ်ပင်ကြီးများ ညှိုးနွမ်းသွားကြသည်။ သစ်ပင်များအတွင်းမှ ပိုးလောက်ကောင်များ တွားထွက်လာပြီး ရေထဲသို့ ကျဆင်းသွားကြသည်။ သစ်ရွက်များမှာ စက္ကူများအဖြစ် ပြောင်းလဲသွား၏။ ကောင်းမင်၏ နားထဲသို့ ပြင်းထန်သော ညည်းတွားသံတစ်ခု ဝင်ရောက်လာသည်။ သူ သမင်မွေးများကို အသာဖယ်၍ ကြည့်လိုက်သည်။ ညစ်ညမ်းနေသော မြစ်ရေများသည် ရေတံခွန်အောက်ရှိ နက်ရှိုင်းသော ရေအိုင်အတွင်းသို့ စီးဝင်သွား၏။ ရေတံခွန်သည် နတ်ဘုရားနန်းတော်မှ တိုက်ရိုက်ကျဆင်းလာခြင်းဖြစ်ရာ ၎င်းသည် ယိုယွင်းပျက်စီးမှုများ မကူးစက်သေးသည့် တစ်ခုတည်းသော နေရာဖြစ်သကဲ့သို့ နတ်ဘုရားနန်းတော်နှင့် ဆက်သွယ်ထားသည့် တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။ ရေထဲမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာလေသည်။ ကောင်းမင် မျက်လုံးပြူးသွားသည်။ သူသည် ရေအောက်တွင် ပုန်းကွယ်နေသော ဧရာမမြွေနက်ကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။

“ရေနဂါးမင်းပါလား”

ကောင်းမင်၏ အကြည့်များ မည်းမှောင်သွားသည်။

“သူက အပြင်ဘက် တံတိုင်းပေါ်မှာ တွားတက်နေတာ မဟုတ်လား”

ရေနှင့်အတူ အကြေးခွံများ လွှင့်စင်ထွက်လာသည်။ ပုပ်သိုးနေသော အလောင်းများနှင့် အဆိပ်ပိုးလောက်ကောင်များက မြွေကြီးဆီသို့ တွားဝင်သွားကြသည်။ ရေထဲရှိ အရိပ်မည်းကြီးက စွမ်းအင်များကို စုဆောင်းလိုက်သည်။ ၎င်းက အမြီးဖျားကို ခါယမ်းလိုက်ရာ ရေလှိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်စွာယိုယွင်းနေသော မြွေခေါင်းကြီးသည် ရေမျက်နှာပြင်မှ ထိုးထွက်လာပြီး ရေတံခွန်စီးကြောင်းအတိုင်း ဆန်တက်၍ လျင်မြန်စွာ ကူးခတ်သွားသည်။

“နဂါးက နတ်တံခါးကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာလား”

မည်သည့် နတ်ဘုရားသရဲမျှ ယင်းကို မခန့်မှန်းနိုင်ခဲ့ကြပေ။ အရာအားလုံး ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် သူတို့သည် မြွေကြီးကို မတားဆီးနိုင်ခဲ့ကြချေ။ မြွေကြီးသည် အမြီးဖျားကို ခါယမ်း၍ ကောင်းကင်ဘုံတံခါးဆီသို့ အပြင်းနှင်လိုက်သည်။ ၎င်းသည် ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးကို ထိုးဖောက်မည့် ချွန်မြသော လှံတစ်စင်းကဲ့သို့ ဖြစ်နေလေသည်။

“ငါ မြင်နေရပြီကွ”

မြွေနက်ကြီးအတွင်းမှ အကြီးအကဲထန်၏ အသံ ထွက်ပေါ်လာလေသည်။ ၎င်းသည် လောဘဇောများဖြင့် အရူးတစ်ယောက်နှယ် အော်ဟစ်နေခြင်း ဖြစ်သည်။

ကြယ်တာရာများကြားတွင် နတ်ဘုရားနန်းတော်၏ အဆောက်အအုံတိုင်းသည် လရောင်ဖြင့် တည်ဆောက်ထားသကဲ့သို့ ပေါ်ထွက်လာလေသည်။ ၎င်းတို့သည် အစစ်အမှန်ရော အတုအယောင်ပါ ရောထွေးနေ၏။ နဂါးများနှင့် ချီလင်များကဲ့သို့ များစွာသော ထူးဆန်းသည့်သတ္တဝါများသည် ၎င်းတို့အကြားတွင် ကခုန်နေကြသည်။

မြွေနက်ကြီးက ဆက်လက်တိုးဝင်နေဆဲ ဖြစ်သည်။၎င်းသည် ရေတံခွန်၏ အဆုံးသတ်သို့ ရောက်ရန် မီတာအနည်းငယ်သာ လိုတော့သည်။

“ကူးစမ်း ၊ ဆက် ကူးထားစမ်း”

ပုပ်သိုးနေသော အရေခွံများ ကွာကျကုန်သည်။ ဧရာမ ခန္ဓာကိုယ်ကြီးသည် စတင်ထိန်းချုပ်မှု ကင်းမဲ့လာသည်။ မြွေကြီးဆီမှ လူသေအလောင်းများ ပြုတ်ကျလာကြသည်။ အကြေးခွံများ ကွယ်ပျောက်သွား၏။ ထိုအခါမှသာ မြွေကြီး၏ ဦးခေါင်းတွင် မျက်လုံးမရှိဘဲ အနက်ရောင် ဟောင်းလောင်းပေါက်ကြီးနှစ်ခုသာ ရှိသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။

“အကြီးအကဲထန်က ရေနဂါးမင်းရဲ့ အရေခွံဟောင်းကို ခိုးခဲ့တာလား”

ကောင်းမင် ချက်ချင်း နားလည်သွားသည်။ အကြီးအကဲထန်သည် မြိုပြင်ရှိ မြစ်အတွင်းသို့ တစ်ကြိမ် ခိုးဝင်ခဲ့ဖူးကြောင်း သူသိထားသည်။ ထိုစဉ်က သူသည် ချွင်နန်ကို ခိုးယူခဲ့ခြင်း ဖြစ်သည်။သူသည် တချိန်တည်းတွင် ဤအရေခွံဟောင်းကိုပါ တစ်ပါတည်း ယူဆောင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“မရပ်နဲ့… နတ်ဘုရားနန်းတော်က ဒီနားတင်ပဲ ၊အားလုံး ငါ့အပိုင်ပဲ”

အကြီးအကဲထန် မည်မျှ အော်ဟစ်နေသော်ငြား မြွေအရေခွံမှာ ဆက်လက်တောင့်မခံနိုင်တော့ပေ။ အလောင်းများသည် ရေတံခွန်နှင့်အတူ မျောပါသွားကြသည်။ သူတို့၏ မျက်နှာများတွင် ဆိုးယုတ်မှုများ စွန်းထင်းနေလေသည်။ မည်သူမျှ အကြီးအကဲထန်အား မကူညီလိုကြပေ။ ထိုအလောင်းများသည် အနက်ရောင် ချည်မျှင်များဖြင့် ချည်နှောင်ခံထားရခြင်းဖြစ်သည်။ အကြီးအကဲထန်သည် သူ့ဧည့်သည်များကို ထိန်းချုပ်ရန် ထိုအနက်ရောင် ချည်မျှင်များကို အမြဲအသုံးပြုခဲ့သည်။ ယခုမူ ထိုအနက်ရောင် ချည်မျှင်များမှာ အကြီးအကဲထန်ကို ပြန်လည်ချုပ်နှောင်ထားသော အချုပ်အနှောင်များ ဖြစ်လာပြီး သူ့ကို နောက်ပြန် ဆွဲထားကြတော့သည်။

“မင်းတို့... မျိုးမစစ်တွေ”

ဧရာမ မြွေကြီးက အက်ကွဲကြေမွသွားတော့သည်။ နောက်ဆုံး ကျန်ရစ်သော ခေါင်းတစ်ခုသာ ဆက်လက်ရုန်းကန်နေဆဲ ဖြစ်သည်။ ၎င်းသည် အစွမ်းကုန် ကြိုးစားနေသော်လည်း အောက်သို့သာ တဖြည်းဖြည်း လျှောကျလာနေလေသည်။

“အကြီးအကဲထန်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က မြွေခေါင်းထဲမှာ ပုန်းနေတာလား ၊ ဒါဟာ ရှားမှရှားတဲ့ အခွင့်အရေးပဲ”

ကောင်းမင် မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အခြားတစ်ဦးက သူ့ထက်ဦးစွာ လုပ်ဆောင်လိုက်လေသည်။

အသားစိမ်းနံ့များ စွန်းထင်နေသော သားသတ်ဓားတစ်လက်သည် တောအုပ်အတွင်းမှ ပျံထွက်လာပြီး မြွေခေါင်းကို အရှိန်ဖြင့် လှစ်ခနဲ စိုက်ဝင်သွားသည်။

စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ အကြီးအကဲထန်သည် လေထဲတွင် တွဲလောင်းဖြစ်သွားသည်။ သူသည် ထိုတိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့ပေ။ သူသည် မြွေခေါင်းနှင့်အတူ တစ်ပါတည်း ထိုးဖောက်ခြင်း ခံလိုက်ရလေသည်။

ပျက်စီးသွားသော ဧရာမမြွေကြီးသည် ရေတံခွန်နှင့်အတူ မျောပါသွားသည်။ ချည်နှောင်ခံထားသော အလောင်းများနှင့် မြွေအရေခွံ အပိုင်းအစများသည် ရေအိုင်အတွင်း၌ ပေါလောပေါ်နေကြသည်။ သို့သော်လည်း မြွေခေါင်းမှာမူ ရေအောက်သို့ နစ်မြုပ်သွားပြီး နောက်ထပ် ပြန်ပေါ်မလာတော့ပေ။

All Chapters