တံခါးအစစ်
Vol. 41 Ch. 612
“တက်လှမ်းခြင်းဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး၊ သင့်တော်တဲ့ အချိန်၊ နေရာနဲ့ အဆက်အသွယ်တွေ လိုအပ်တယ်၊ အကြီးအကဲထန်က ရေနဂါးမင်းနဲ့ ဝိညာဉ်ဘုရားကျောင်းကြားက လျှို့ဝှက်ချက်ကို သိထားတာ ဖြစ်လိမ့်မယ်၊ သူက ဝိညာဉ်ဘုရားကျောင်းရဲ့ ငြင်းပယ်တာ မခံရအောင် မြွေနက်ကြီးလို တမင်ဟန်ဆောင်ခဲ့တာပဲ၊ ကံဆိုးတာက သူ့နောက်လိုက်တွေက သူ့ကို သစ္စာဖောက်လိမ့်မယ် သူကြိုမမြင်ခဲ့တာပဲ”
ကောင်းမင် ရေအိုင်ကို စိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ အဲ့ဒီမြေခွေးအိုကြီး သေသွားပြီလို့တော့ ငါမထင်ဘူး”
အကြီးအကဲထန်၏ အလောင်းနှင့် အဝတ်အစားများက ရေမျက်နှာပြင်ပေါ်သို့ ပေါ်မလာခဲ့ပေ။ ကောက်ကျစ်ပါးနပ်လှသော ထိုအဘိုးကြီးသည် တစ်နေရာရာ၌ ပုန်းအောင်းသွားပြီ ဖြစ်နိုင်သည်။
“သားသတ်ဓားမှာ ပြင်းထန်တဲ့ လူသတ်ငွေ့တွေ ရှိနေတာဆိုတော့ သူမသေရင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားလောက်တယ်”
ကောင်းမင်သည် မနီးမဝေးရှိ တောအုပ်ကို လှမ်းကြည့်လိုက်သည်။ သားသတ်ဓားက ထိုနေရာမှ ပျံထွက်လာခြင်း ဖြစ်သဖြင့် သားသတ်သမား ပုန်းကွယ်နေသောနေရာသည် သူနှင့် အလွန်နီးကပ်နေကြောင်း သိသာစေသည်။
“ကျူးရင်က ဆေးလုံသန့်စင်တဲ့ အထပ်မှာ လူသတ်အော်ရာတွေကို စွန့်လွှတ်ခဲ့ပြီးနောက် ပိုအန္တရာယ်များလာတယ်၊ ဒါပေမဲ့ ငါသိချင်တာက သူ့မှာ ဓားဘယ်နှစ်လက် ကျန်သေးလဲဆိုတာပဲ”
သားသတ်သမားတွင် ကိရိယာအကန့်အသတ်ရှိပေသည်။ ကောင်းမင်ထံတွင် တစ်လက် ရှိနေသလို အကြီးအကဲထန်၏ ခန္ဓာကိုယ်တွင်လည်း တစ်လက် စိုက်ဝင်သွားခဲ့ပြီ ဖြစ်သည်။ သူ့တွင် လက်နက်များစွာ ကျန်တော့မည် မဟုတ်ပေ။ သစ်ရွက်များ လှုပ်ခတ်သွားသည်။ထို့နောက် အကြီးဆုံး သစ်ပင်ကြီး၏ နောက်မှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်ထွက်လာလေသည်။
“ဒါ သားသတ်သမားလား”
သစ်ရွက်ခြောက်များနှင့် အသုဘငွေစက္ကူများကို နင်းလျှောက်ရင်း ဖြူဖျော့နေသော လက်ဖဝါးတစ်စုံသည် နှစ်မီတာခန့် ရှည်လျားသော အရိုးဓားကြီးကို တရွတ်တိုက် ဆွဲလာသည်။ ဧရာမ ဓားကြီးမှာ ၎င်းကို ကိုင်ဆောင်ထားသည့် ပိန်ပိန်ပါးပါးလူနှင့် များစွာဆန့်ကျင်ဘက် ဖြစ်နေပေသည်။
ကောင်းမင်သည် သမင်လေး၏ တုန်ရီနေခြင်းကို ခံစားမိလိုက်သည်။၎င်း၏ အကြောက်တရားက သူ့ထံသို့ ကူးစက်လာ၏။
“ဒါက သားသတ်သမားရဲ့ တကယ့်အသွင်အစစ်လား”
ရူးသွပ်ခြင်း သို့မဟုတ် သွေးဆာခြင်းများ မရှိပေ။သူသည် ကောင်းမင် စိတ်ကူးထားသည့် မကောင်းဆိုးဝါးတစ်ကောင်၏ပုံရိပ်နှင့် လုံးဝ ကွဲပြားနေသည်။ သားသတ်သမားသည် ပြန့်ကားသော ပခုံးများနှင့် မြင့်မားသည့်ခန္ဓာကိုယ် ရှိသော်လည်း အလွန်ပင် ပိန်လှီနေသည်။သူ့အသားအရေသည် ရက်အတော်ကြာ ရေစိမ်ထားရသည့်အလား ဖြူဖျော့နေလေ၏။
ဓားကြီးက မြေပြင်ပေါ်၌ ရှည်လျားသော စွပ်ကြောင်းတစ်ခုကို ဆွဲသွားသည်။ သူ၏ လက်မှာ ဓားရိုးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ချည်နှောင်ထား၏။ သားသတ်သမားသည် ခေါင်းကို ဆက်ငုံ့ထားပြီး သူဝတ်ထားသော ဝက်မျက်နှာဖုံးမှာ လျော့ရဲနေလေသည်။ ဆံပင်ဖြူဖြူအချို့မှာ ဝက်အရေခွံကြားမှ ထိုးထွက်နေ၏။ သူသည် အားအင်ကုန်ခမ်းနေပုံ ပေါ်သော်လည်း အလွန်အမင်း အန္တရာယ်များသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သမင်လေးက ထွက်ပြေးရန် ခွာများဖြင့် ခြေကုတ်ယူလိုက်သည်။ ကောင်းမင်က ၎င်း၏ ဦးခေါင်းနှင့် ပါးစပ်ကို မြဲမြံစွာ ဖိထားလိုက်သည်။ သားသတ်သမားသည် အထပ်များ မြင့်တက်လာသည်နှင့်အမျှ ဝိညာဉ်ဘုရားကျောင်း၏ ရိုက်ခတ်ခြင်း အများဆုံးခံခဲ့ရသူဖြစ်သည်။ သူသည် အကြီးအကဲထန်ကဲ့သို့ နောက်လိုက်အများအပြား မရှိသလို အခြား နတ်ဘုရားသရဲများကဲ့သို့လည်း စဉ်းလဲပါးနပ်ခြင်းမရှိပေ။ သူသည် စိန်ခေါ်မှုအားလုံးကို ထိပ်တိုက်သာ ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအထပ်တွင် သူသည် သူ့အပေါ် ယုံကြည်မှု ကင်းမဲ့သွားသော တိရစ္ဆာန်များကို စွန့်လွှတ်ခဲ့သည်။ ဒုတိယအထပ်တွင် သူ၏ အသတ်အဖြတ်စိတ်ဆန္ဒကို ဆေးလုံးအဖြစ် ပြောင်းလဲခဲ့သည်။ တတိယအထပ်တွင် ကမ္ဘာကြီး၏ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို မြင်တွေ့ခဲ့ဖူးသော သူ့မျက်လုံးများကို သုံး၍ ရတနာတစ်ခု ဖန်တီးခဲ့သည်။ စတုတ္ထအထပ်တွင် သူ၏ ဆိုးညစ်သောမှတ်ဉာဏ်များကို ကျမ်းစာများအဖြစ် ပြောင်းလဲခဲ့သည်။ ပဉ္စမအထပ်တွင်မူ အစီအရင်ကို ဖျက်ဆီးရန် သူ့သက်တမ်းကို အကုန်အစင် အသုံးချခဲ့သည်...။
အဋ္ဌမအထပ်သို့ ရောက်ရှိသောအခါ သားသတ်သမားတွင် ဓားအနည်းငယ်သာ ကျန်ရှိတော့သည်။ သူသည် အလွန်ပင် စင်ကြယ်သွားခဲ့ပြီဖြစ်သည်။ သားသတ်သမားသည် လျှို့ဝှက်စည်းမျဉ်းအချို့ကို လိုက်နာနေသကဲ့သို့ ဖြည်းညှင်းစွာ ရွေ့လျားနေ၏။ သူ့ခြေသံများသည် ငိုကြွေးမြည်တမ်းသံများနှင့် ရေစီးသံများကို လွှမ်းမိုးသွားသည်။ သူသည် အဋ္ဌမအထပ်၌ သူတစ်ဦးတည်းဖြစ်သကဲ့သို့ ပြုမူနေလေသည်။ ဝက်အရေခွံမှာ သူ့ခေါင်းပေါ်တွင် တွဲလောင်းကျနေသည်။ သူ၏ဦးနှောက်ထဲတွင် အခြားအသံများ မရှိတော့ပေ။ သူသည် များစွာစိတ်တည်ငြိမ်လာသော်လည်း တန်ကြေးမှာ ယင်းအတွက် အရာရာကို စတေးခဲ့ရခြင်း ဖြစ်သည်။
“ငါ ဒါကို အလွယ်တကူ ယုံကြည်မှာမဟုတ်ဘူး...”
“အိပ်မက်ချိုးဖျက်မြို့က အရာအားလုံးက အတုအယောင်တွေပဲ...”
သားသတ်သမားသည် နတ်ရေကန်ဆီသို့ လျှောက်သွားလိုက်ပြီး ခေါင်းမော့လိုက်သည်။ သူ့ပါးစပ်မှ အသံနှစ်ခု ထွက်ပေါ်လာ၏။ ထိုအသံနှစ်ခုသည် လုံးဝ ကွဲပြားနေသော်လည်း လမ်းပျောက်နေသည့်အလား တူညီစွာ ကြားနေရသည်။
“မင်း ငါ့ကို ယုံကြည်စေချင်ရင်...”
“မင်း ငါ့ကို သက်သေပြချင်ရင်...”
သူ့လက်ချောင်းများက အရိုးဓားရိုးပေါ်တွင် တင်းကျပ်သွားသည်။
“ငါ မင်းကို သတ်နိုင်မလား ကြည့်ရတာပေါ့...”
“အစစ်အမှန် နတ်ဘုရားဆိုတာ ငါ့ဓားချက်နဲ့ သေမှာမဟုတ်ဘူး...”
တွန့်လိပ်နေသော ဝက်အရေခွံမျက်နှာဖုံးမှ ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သားသတ်သမား ခေါင်းကို ထပ်မော့လိုက်သောအခါ ဝက်အရေခွံမှာ သူ့အရေပြားနှင့် ပို၍ ကပ်သွား၏။
“ငါ နတ်ဘုရားကို မသတ်နိုင်ဘူး”
“ငါ့လက်ထဲမှာ တိရစ္ဆာန်တွေပဲ သေလိမ့်မယ်”
သားသတ်သမားသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီးနောက် အရှိန်မြှင့်လိုက်သည်။ သူ၏ ပိန်လှီနေသော ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာပြီး အသွေးအသားများ မှေးမှိန်သွားသည်။ သို့သော်လည်း အရိုးဓားကြီးမှ စူးရှသော အလင်းတန်းတစ်ခု ပွင့်ထွက်လာခဲ့သည်။ သားသတ်သမားသည် ရေအိုင်အစွန်းကို ခြေဆောင့်၍ ခုန်တက်လိုက်သည်။ သူသည် ကြယ်တာရာများ ဝန်းရံနေသော ကောင်းကင်ဘုံတံခါးကို စိုက်ကြည့်လိုက်သည်။ သူ့အရေပြားက လျင်မြန်စွာ ညှိုးနွမ်းသွား၏။ ပစ်မှတ်ကို အတည်ပြုလိုက်သည်နှင့် သူ့မျက်လုံးများသည် ရေကဲ့သို့ ပျော်ကျသွားတော့သည်။ သူ၏ စွမ်းအင်အားလုံးသည် လက်ထဲမှ ဓားသွားဆီသို့ စီးဝင်သွား၏။ သားသတ်သမားသည် မသေမျိုးဖြစ်ရန် တစ်ခါမှ မတွေးတောခဲ့ဖူးပေ။ သူသည် ဘဝတစ်ခုလုံး မုသားများကြားတွင် လုံးချာလည်နေခဲ့ရသည်။ သူသည် အမှန်တရားကို မြင်ချင်ရုံသာဖြစ်သည်။ ဤအိပ်မက်ဆိုး၏ အပြင်ဘက်မှ ကောင်းကင်ကို မြင်တွေ့ချင်ရုံသာ ဖြစ်သည်။သူသည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို စတေးခဲ့ပြီးဖြစ်ရာ သူနေ့စဉ်ပြုလုပ်နေကျ အလုပ်တစ်ခုကိုသာ အာရုံစိုက်လိုက်တော့သည်။ သူသည် လက်များကို မြှောက်ကာ နတ်ဘုရားနန်းတော်ဆီသို့ ဦးတည်၍ ဓားဖြင့် ခုတ်ချလိုက်သည်။
“ပွင့်စမ်း”
ဓားချက် ဝှစ်ခနဲ ထွက်ပေါ်လာသည်နှင့် သားသတ်သမား၏ ခန္ဓာကိုယ်သည် စတင်ပြိုလဲလာသည်။ သူသည် အောက်သို့ ပြုတ်ကျသွားသော်လည်း အရိုးဓားကြီးမှာမူ နတ်ဘုရားနန်းတော်ဆီသို့ ပျံတက်သွားပြီ ဖြစ်သည်။
နတ်ရေတံခွန်သည် အလယ်မှ ကွဲထွက်သွား၏။ အကယ်၍ အရာအားလုံး အတုအယောင်များသာ ဖြစ်ခဲ့ပါက ဝိညာဉ်ဘုရားကျောင်းရှိ မည်သည့်အရာမျှ ထိုဓားချက်ကို တားဆီးနိုင်မည် မဟုတ်ပေ။ နတ်ဘုရားအလင်းတန်းများက အလွှာများစွာ ကွဲထွက်သွားပြီး မြင့်မြတ်သော မြူခိုးများ ပျောက်ကွယ်သွားသည်။ ရတနာနန်းဆောင်များမှာ ပုံပျက်သွားကြသည်။ လရောင်ဖြင့် တည်ဆောက်ထားသော နတ်ဘုရားနန်းတော်သည် အလွယ်တကူပင် ထိုးဖောက်ခြင်း ခံလိုက်ရတော့သည်။
“ဒါ အတုပဲကိုး၊ နတ်ဘုရားနန်းတော်ဆိုတာ ပုံရိပ်ယောင်တစ်ခုပဲ၊ ရေတွင်းထဲက လမင်းလို...”
ကောင်းမင် စကားမဆုံးသေးမီ သူ့မျက်လုံးများ တုန်ယင်သွားသည်။ အဋ္ဌမအထပ်ရှိ နတ်ဘုရားသရဲ အားလုံး တူညီသော ဦးတည်ချက်တစ်ဖက်ဆီသို့ လှည့်ကြည့်လိုက်ကြ၏။ သားသတ်သမား၏ ဓားသည် အတုအယောင်များကို ပိုင်းဖြတ်သွားကာ နတ်ဘုရားနန်းတော်ကို ဖောက်ထွက်၍ ကောင်းကင်ဘုံတံခါးပေါ်သို့ ကျရောက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
ကျယ်လောင်သော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်ဘုရားကျောင်း တစ်ခုလုံး တုန်ခါသွားတော့သည်။
“နတ်ဘုရားနန်းတော်က အတုဆိုပေမဲ့ ကောင်းကင်ဘုံတံခါးကတော့ အစစ်ပဲကွ ၊ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းထဲမှာ ထူးခြားတဲ့တံခါးတစ်ချပ် ရှိနေတာပဲ”
နတ်ဘုရားသရဲများ စိတ်လှုပ်ရှားသွားကြသည်။သူတို့သည် ဤအိပ်မက်ဆိုးမှ ထွက်ခွာနိုင်မည့် လမ်းကြောင်းကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
သူတို့သည် အဆုံးမဲ့သော ညတာများကို ထပ်မံ ခံစားနေစရာ မလိုတော့ပေ။ အသစ်စက်စက် အသားပူဇော်သက္ကာများကို သူတို့ မြည်းစမ်းနိုင်တော့မည်ဖြစ်သည်။ ထိုတံခါးကို သူတို့ ထိန်းချုပ်နိုင်လိုက်သည်နှင့် အကျိုးကျေးဇူးအားလုံးသည် သူတို့အပိုင် ဖြစ်လာပေတော့မည်။ အရိုးဓားသည် ကောင်းကင်ဘုံတံခါးကို မဖြတ်တောက်နိုင်ခဲ့ပေ။ အောက်သို့ ကျဆင်းနေသော သားသတ်သမားသည် သူ၏မျက်လုံးများကို စတေးခဲ့ပြီးဖြစ်၍ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။ သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် တိုက်မိသံကိုသာ သူကြားလိုက်ရသည်။
“ဓားက တစ်ခုခုကို ထိသွားပြီ...”
“ဒါ အစစ်ပဲကိုး...”
အသံနှစ်ခုက လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ သားသတ်သမားသည် အားအင်ကုန်ခမ်းသွားခဲ့ချေပြီ။ ဝက်မျက်နှာဖုံးသည် ဖြည်းညှင်းစွာ လွင့်ပျံကျလာသည်။
လူတိုင်း နတ်ဘုရားတံခါးကို အာရုံစိုက်နေစဉ် ကောင်းမင်သည် သမင်လေး၏ ခေါင်းကို ပုတ်လိုက်သည်။ လူနှင့် သမင်သည် ရေကန်ဆီသို့ ပုန်းလျှိုးကွယ်လျှိုးဖြင့် ရောက်သွားကြပြီး ဝက်မျက်နှာဖုံးကို ဆယ်ယူလိုက်ကြသည်။ ထိုမျက်နှာဖုံးမှာ ဝက်ခေါင်းခွံနှင့် ပိုတူပေသည်။ အတွင်း၌ သွေးနီရောင် နာမည်များစွာ ရေးထိုးထားသည်ကို တွေ့ရ၏။ ကောင်းမင်သည် ‘လီကျူး’ ဟူသော နာမည်ကို မြင်တွေ့လိုက်ရသည်။
“သားသတ်သမားက သူစတေးခဲ့တဲ့ တိရစ္ဆာန်နာမည်အားလုံးကို မှတ်တမ်းတင်ထားခဲ့တာလား”
သမင်လေးသည် ဝမ်းနည်းနေပုံရသည်။ ၎င်းက မျက်နှာဖုံးကို ခေါင်းဖြင့် အသာအယာ တိုက်လိုက်သည်။
ကောင်းမင်က ၎င်းကို မောင်းထုတ်ခြင်း မပြုဘဲ မျက်နှာဖုံးအတွင်းသို့ လက်နှိုက်ကြည့်လိုက်သည်။ ထိုနာမည် အားလုံးသည် တစ်စုံတစ်ခုသော စွမ်းအင်တစ်မျိုးကိန်းအောင်းနေသကဲ့သို့ နွေးထွေးမှုကို ဆောင်ကျဉ်းပေးနေလေသည်။