နောက်ဆုံးပန်းတိုင်
Vol. 41 Ch. 614
အဖြူရောင်ဝေါယာဉ်ထဲမှ ကျိနတ်ဘုရားသည် အရိုးပုံများကြားသို့ ပြုတ်ကျသွား၏။ နတ်ဘုရားနန်းတော်ကြီးသည် အစစ်အမှန် ဖြစ်တည်လာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ သူသည် ချုံခိုတိုက်ခိုက်ခံလိုက်ရသော်လည်း အဆုံးစွန်၌မူ ကျိနတ်ဘုရားတစ်ပါး ဖြစ်နေဆဲဖြစ်သည်။ နားလည်ရခက်သော သီချင်းသံများသည် ဝေါယာဉ်အတွင်းမှ ထွက်ပေါ်လာ၏။ အဖြူရောင်အရိုးစုများထံမှ ဆိုးရွားလှသော အပုပ်နံ့များထုတ်လွှတ်လာသည်။ ဝေါယာဉ်၏ လိုက်ကာများကို ဆွဲဖွင့်လိုက်သောအခါ သင်္ဂြိုဟ်ကျမ်းစာများ ရေးထွင်းထားသော လက်တစ်ဖက် ထွက်ပေါ်လာလေသည်။ ထိုလက်ချောင်းများသည် ကောင်းကင်၊ မြေပြင်နှင့် နောက်ဆုံး ကျန်းမင်လီ၏ နှလုံးသားဆီသို့ ညွှန်ပြလိုက်သည်။
ချုပ်ရိုးများပြည့်နေသော ကျန်းမင်လီသည် တစ်စုံတစ်ခုကို ချက်ချင်း အာရုံခံမိသွားသည်။ သူ့ခန္ဓာကိုယ်၏ ချုပ်ရိုးဆက်ကြောင်းနေရာများသည် အလွန်အမင်း ယားယံလာသည်။ အမည်းရောင်အသားများ ပေါက်ထွက်လာပြီး မျက်လုံးနှင့် နှုတ်ခမ်းများမှ ပုပ်ဟောင်နေသောသွေးများ စိမ့်ထွက်လာ၏။
“မိစ္ဆာကောင်… မင်းတို့ကို အမြစ်ပြတ် မရှင်းနိုင်ရင် ဘယ်လိုလုပ်ပြီး နတ်ဘုရား ဖြစ်လာနိုင်မှာလဲ”
ကျန်းမင်လီသည် ကိုယ်ကျင့်တရား မြင့်မားသူတစ်ယောက်ကဲ့သို့ စကားဆိုနေသော်လည်း သူ့လုပ်ရပ်များက အရှက်ကင်းမဲ့လှပေသည်။ သူသည် မှန်ချပ်ထဲသို့ လက်ဆန့်လိုက်၏။ သူသည် လက်ဆေးနေရုံသာဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ ကံဆိုးခြင်းများကို မှန်ချပ်မှတစ်ဆင့် ဘုရားကျောင်းအတွင်းရှိ နောက်လိုက်များထံသို့ လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။ ထိုနောက်လိုက်များသည် နတ်ဘုရား၏ကောင်းချီးကို ခံစားရန် ဤနေရာသို့ ရောက်မလာနိုင်သော်လည်း ကျန်းမင်လီ၏ နာကျင်မှုများကိုမူ ဝေမျှခံစားပေးရမည် ဖြစ်သည်။
ကျိနတ်ဘုရား၏ စွမ်းအားကြောင့် နောက်လိုက်များ လဲပြိုသွားသည်ကို ကောင်းမင် မြင်တွေ့လိုက်ရသည်။ ၎င်းတို့၏ ဒဏ်ရာများမှ ပြည်ပုတ်များပေါက်ထွက်လာပြီး အပြင်းအထန် ဝေဒနာခံစားနေကြရသည်။ ကောင်းမင် အံ့ဩသွားရသည်မှာ ကျင့်ကြံသူအများစုသည် ထိုဝေဒနာကို အံကြိတ်၍ ခံယူနေကြခြင်းပင် ဖြစ်သည်။ သူတို့သည် ကျန်းမင်လီခံစားရမည့် နာကျင်မှုများကို ကိုယ်စားခံယူပေးပြီး သူတို့စွမ်းအားများကိုလည်း လိုလိုလားလား ပေးအပ်နေကြသည်။ ထိုအနှစ်မဲ့သော မျှော်လင့်ချက်အတွက်ဖြင့် သူတို့သည် အရာအားလုံးကို စွန့်လွှတ်နေကြခြင်း ဖြစ်သည်။ ဤမျှော်လင့်ချက်သာ မရှိလျှင် သူတို့သည် အိပ်မက်ချိုးဖျက်မြို့တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြပေလိမ့်မည်။ သို့သော် ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်း ပေါ်လာခြင်းက သူတို့အား မျှော်လင့်ချက်ဖြစ်စေခဲ့သည်။ယင်းသည် သူတို့အား အခြားသော ရွေးချယ်မှုတစ်ခု ပေးခဲ့သောကြောင့်ဖြစ်သည်။ ၎င်းက ရိုးရှင်းပါသည်။ သူတို့သည် တခြားလမ်းစဉ်၏ လှပမှုကို မြင်တွေ့သွားကြသဖြင့် ရွာသားများသည် ထိုလမ်းစဉ်နှင့် ပိုမိုနီးစပ်စေရန် အရာအားလုံးကို စွန့်လွှတ်လိုက်ကြခြင်း ဖြစ်သည်။
ကောင်းမင်၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာတော့သည်။
တခဏမျှ မှန်ချပ်ထဲရှိ နောက်လိုက်များသည် သူ၏အိပ်မက်ဆိုးထဲမှ လူသေဓာတ်ပုံများနှင့် တူညီသွားသည်။ နှစ်ဖက်လုံးသည် သူတို့ လက်လှမ်းမမီနိုင်သော အရာတစ်ခုကို လိုက်လံဆုပ်ကိုင်ရန် သူတို့ဘဝများကို စတေးနေကြခြင်း ဖြစ်သည်။ ကောင်းမင်သည် ထိုကျင့်ကြံသူများကို ရုတ်တရက် စာနာမိသွားသည်။ သူ၏လက်ကို နှလုံးသားပေါ်သို့ အသာအယာ တင်လိုက်သည်။ သူ၏နှလုံးခုန်သံနှင့် နားထဲမှ အသံများကို သူနားစွင့်လိုက်သည်။
“မင်းတို့ ဘာလို့ ငါ့ကို ဒီလောက်အထိ အတင်းအကျပ် ဆုပ်ကိုင်ထားကြလဲဆိုတာ ငါသိပြီ၊ မင်းတို့လည်း ငါ့ကို တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် သဘောထားနေကြတာပဲ၊ ဒါကြောင့်လည်း ငါ့ကို အရူးအမူး ခေါ်နေကြတာပေါ့”
သူ့နှလုံးသားထဲမှ အသံများကို ခုခံခြင်းရပ်တန့်လိုက်သည်နှင့် ကောင်းမင်၏နားထဲသို့ အသံပေါင်းစုံ တိုးဝင်လာတော့သည်။ သူသည် စိတ်ကျန်းမာရေး ဝေဒနာရှင်များ၏ ဦးနှောက်ကို ကိုင်ဆောင်ထားသော လည်ပတ်သူတိုင်းနှင့် ပြည့်နှက်နေသည့် ပန်းခြံတစ်ခုထဲသို့ ပစ်ချခံလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ပုံပျက်နေသောမျက်နှာများသည် စိတ်ပျက်အားငယ်မှုများကြားမှ ပြုံးပြနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။
“မင်းနှလုံးသားထဲက လျှို့ဝှက်ခန်းကို ဖွင့်လိုက်စမ်းပါ၊ မင်းရဲ့ အတိတ်တွေ ပြန်ရောက်လာလိမ့်မယ် ၊ မင်း အရာအားလုံးကို စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်ပြီလား”
“အမှန်တရားက နာကျင်မှုရဲ့ အရင်းမြစ်ဖြစ်နိုင်တယ်၊ ငါ့ကို ယုံ၊ အဲ့ဒီအခန်းကို မဖွင့်နဲ့”
သူ့ နှလုံးသားပေါ်မှ ချိန်းကြိုးများ တင်းကျပ်လာသည်။ သွေးမြို့တော် တက်တူးသည် သော့ခလောက်ပေါ်သို့ ပျံ့နှံ့သွား၏။ ကောင်းမင်သည် ချိန်းကြိုးများကြားမှ အသံများကို ကြားနေရသည်။ သို့သော် ထိုအသံများသည် ဆူညံသံများအောက်တွင် နစ်မြုပ်သွားသည်။ သူသည် သန္ဓေသားလောင်းတစ်ခုကဲ့သို့ ကွေးညွတ်သွားမိသည်။ သူ၏ အကျင့်စရိုက်များက အပိုင်းပိုင်း ကွဲထွက်သွားသလို ခံစားနေရသည်။သူ့ကမ္ဘာကြီးက ရူးသွပ်နေလေပြီ။ သေဆုံးသူတိုင်းက သူတို့၏ ဝမ်းနည်းပူဆွေးမှုများကို ပြောပြနေကြသည်။ ဝိညာဉ်ဘုရားကျောင်းနှင့် သက်ဆိုင်သော အလိုဆန္ဒများက ကောင်းမင်၏ နှလုံးသားထောင့်စွန်းဆီသို့ စီးဝင်လာ၏။ ယုံကြည်မှု၏ စွမ်းအားသည် အိပ်မက်ဆိုးထဲမှ ပုံရိပ်ယောင်များကို အစစ်အမှန်အဖြစ် ပြောင်းလဲပေးလိုက်သည်။ နတ်ဘုရားသရဲအားလုံးသည် နတ်ဘုရားနန်းတော်အတွက် တိုက်ခိုက်နေကြသည်။ နတ်ဘုရားနန်းတော်၏ ပိုင်ရှင်ကလည်း ကျူးကျော်သူများကို အစွမ်းကုန် ပြန်လည်ခုခံနေ၏။ သမင်လေး၏ ဗိုက်အောက်တွင် ကွေးကွေးလေးဖြစ်နေသော ကောင်းမင်ကိုမူ မည်သူမျှ သတိမပြုမိကြပေ။
နတ်ဘုရားနန်းတော် ပိုင်ရှင်သည် ဘုရားကျောင်း၏ စွမ်းအားကို အသုံးပြု၍ နောက်လိုက်များ၏ ယုံကြည်မှုကို လှုံ့ဆော်နေစဉ် ကောင်းမင်၏ နှလုံးသားထဲမှ အခန်းသည်လည်း ဆက်တိုက် ကျယ်ပြန့်လာနေသည်။ အရာများစွာသည် ထိုအခန်းထဲမှ ရုန်းထွက်၍ အိပ်မက်ဆိုးအတွင်းမှ လွတ်မြောက်ရန် ကြိုးစားနေကြသည်။ သွေးမြို့တော် တက်တူးသည် အလိုအလျောက် အသက်ဝင်လာလေသည်။ ၎င်းသည် ယုံကြည်မှု၏ စွမ်းအားကို အသုံးပြု၍ တစ်စုံတစ်ခုအဖြစ် အသွင်ပြောင်းနေခြင်း ဖြစ်သည်။ ကောင်းမင်တွင် ဝင်ရောက်စွက်ဖက်နိုင်သော စွမ်းအားမရှိပေ။ သွေးမြို့တော် တက်တူးကို ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဉ်ဘုရားကျောင်းကို ဖျက်ဆီးပစ်ပြီး ယုံကြည်မှု၏ အရင်းအမြစ်ကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ရန်သာ ရှိသည်။
သမင်လေး၏ အမွေးများသည် အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ထားသော စက္ကူများကို ဖုံးအုပ်ရန် မြေကြီးကို ဆောင့်နင်းလိုက်သည်။ ရှစ်ထပ်မြောက်တွင် ကောင်းမင် ဖြစ်ပျက်နေသော အပြောင်းအလဲများကို ထိုသမင်လေး တစ်ကောင်သာ သိသည်။
မိုးကြိုးသံများ ဟိန်းထွက်လာသည်။ နတ်ဘုရားနန်းတော်၏ ဘေးတံခါး ၁၂ ပေါက် ပွင့်ဟလာ၏။ နဂါးများ ရစ်ပတ်နေသော တိုင်ကြီးများသည် မြေကြီးထဲမှ ထိုးထွက်လာကြသည်။ မိုးကြိုး၊ လေ၊ နေနှင့် လတို့သည် ကျန်းမင်လီ၏ ဦးခေါင်းထက်တွင် စုရုံးလာကြသည်။ ရိုးရှင်းသော သူ့အဝတ်အစားများသည် နတ်ဘုရားရေတံခွန်ကဲ့သို့ တလွင့်လွင့် ဖြစ်နေသည်။ သူသည် မှန်ချပ်ပေါ်တွင် ရပ်၍ နောက်လိုက်များ၏ ယုံကြည်မှုကို အရူးအမူး စုပ်ယူတော့သည်။
“ဟားဟား… ငါ့ရဲ့ အတွေးတစ်ချက်နဲ့ နေမင်းက ကမ္ဘာကြီးကို လင်းထိန်စေတယ်၊ လောကကြီးကို ဘေးကပ်ဆိုးတွေ ယူဆောင်လာတဲ့ မိစ္ဆာသတ္တဝါတွေ၊ မင်းတို့အားလုံး သေသင့်တယ်”
ကျင့်ကြံသူများသည် ဒွာဒရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်လာကြသည်။ သူတို့၏ ဆံပင်အနက်ရောင်များက ဖြူဖွေးသွားကြသည်။ နတ်ဘုရားနန်းတော်အတွင်းရှိ အဆောက်အဦးများသည် ကောင်းကင်ဘုံတံခါးကို ထိန်းထားနိုင်ရန် ပိုမိုခိုင်မာလာလေသည်။
“အားလုံးပဲ၊ ဒီ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းက ဖြိုချဖို့ မလွယ်ဘူး၊ ငါတို့တွေ အချင်းချင်း အနိုင်အရှုံး မဆုံးဖြတ်ရသေးခင် အရင်ပူးပေါင်းပြီး ဒီဘုရားကျောင်းကို အရင်သတ်ပစ်ကြရအောင်”
“သဘောတူတယ်”
“ကောင်းပြီ”
ကျိနတ်ဘုရား သုံးပါးပြီးနောက် အိပ်မက်ချိုးဖျက်မြို့၏ ယုံနတ်ဘုရားများသည် အထပ်၏ အရှေ့ဘက်သို့ လှုပ်ရှားလိုက်ကြသည်။
ဝါကျင်ကျင် မြေကြီးများသည် လူသား၏ ကျောရိုးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကျောက်တုံးများသည် အရိုးစုပုံစံအဖြစ် ဖွဲ့စည်းသွားပြီး စီးဆင်းနေသော မြစ်ရေသည် သွေးကြောငယ်များ ဖြစ်လာလေသည်။ သားရဲများနှင့် ပိုးမွှားများသည် နားရွက်များ ဖြစ်လာကြပြီး မြင့်မားသော သစ်ပင်ကြီးများသည် ၎င်း၏ဆံပင်များ ဖြစ်သွား၏။ ယုံနတ်ဘုရားများက သွေးကြောမှတ်များ ဖြစ်လာကြသည်။ သူတို့သည် ပုံမှန်အားဖြင့် အိပ်မက်ချိုးဖျက်မြို့၏ လည်ပတ်မှုကို ထိန်းသိမ်းပေးရသူများ ဖြစ်သည်။ သူတို့သည် အဌမထပ်ရှိ အရာအားလုံးကို နတ်ဘုရားနန်းတော်သို့ လက်လှမ်းမီနိုင်သော ဧရာမနတ်ဘုရားကြီးတစ်ပါးအဖြစ် အလွယ်တကူ ပြောင်းလဲပစ်လိုက်ကြသည်။
နတ်ဘုရားရောင်ဝါများ တောက်ပလာလေသည်။ ရွှေရောင်ဓားများက နတ်ဘုရားသရဲများကို ပိုင်းဖြတ်သွား၏။ သို့သော် သူတို့ လက်မလျှော့ကြပေ။ သူတို့သည် ပူးပေါင်း၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
အဖြူရောင်အရိုးလှေကား၊ ဧရာမ သင်္ချိုင်းဂူ၊ အနက်ရောင် မြူခိုးများနှင့် ဧရာမနတ်ဘုရားကြီးတို့သည် အရပ်လေးမျက်နှာမှနေ၍ နတ်ဘုရားနန်းတော်ကို ဝိုင်းဆွဲလိုက်ကြသည်။ ကြွေပြားများ ကြေမွသွား၏။ နတ်ဘုရားနန်းတော်ကြီးသည် ဘေးသို့ စောင်းသွားတော့သည်။
“မကောင်းမှုဆိုတာ ဘယ်တော့မှ အနိုင်မရနိုင်ဘူး၊ မင်းတို့ရဲ့ နတ်ဘုရားက ဒီမှာရပ်နေပြီး လှုပ်ရှားဖို့ ငြင်းဆန်တယ်၊ အိပ်မက်ဆိုးထဲမှာ နေထိုင်နေတဲ့သူ အားလုံးအတွက် အရုဏ်ဦးသစ်ကို ငါယူဆောင်လာပေးမယ်”
သူ့ဝတ်ရုံပေါ်တွင် ဂလက်ဆီတစ်ခုကို ခတ်နှိပ်ထားသည်။ ကျန်းမင်လီက နတ်ဘုရားနန်းတော်ကို ထိန်းချုပ်လိုက်သည်။ သူ လက်ဖဝါးကို ဆုပ်လိုက်သောအခါ နတ်ဘုရားနန်းတော်သည် နတ်ဘုရားသရဲအားလုံးကို ပိတ်လှောင်လိုက်တော့သည်။
“နိုးထဖို့ အချိန်တန်ပြီ”
နောက်လိုက်အားလုံးကို ချိတ်ဆက်မှုတစ်ခုအဖြစ် အသုံးပြု၍ ကျန်းမင်လီသည် နတ်ဘုရားသရဲများကို ယာယီချုပ်နှောင်ထားလိုက်ပြီး ၎င်းတို့ကို နတ်ဘုရားနန်းတော် အလယ်ရှိ ကောင်းကင်ဘုံတံခါးတွင် တွဲချည်ထားလိုက်သည်။
“မင်းတို့ရဲ့ အစီအစဉ်ကို ငါ ကြိုတင်ခန့်မှန်းထားပြီးသားပဲ၊ မင်းတို့ရဲ့ လုပ်ရပ်တိုင်းဟာ ငါ့ရဲ့ တွက်ချက်မှုထဲမှာပဲ ရှိတယ်၊ လောဘ၊ အတ္တ၊ ရက်စက်မှု… ဒါတွေ ဖြစ်လာလိမ့်မယ်ဆိုတာ ငါ သိထားခဲ့ပြီးသား… အဆုံးသတ်ကို ငါ မြင်ခဲ့ပြီးပြီ၊ ငါ့ရဲ့ နတ်ဘုရားနန်းတော်ထဲကို မင်းတို့ ဝင်ချင်နေကြတာ မဟုတ်လား၊ လာကြလေ”
“မင်းတို့အတွက် ဒီကောင်းကင်ဘုံတံခါးကို ငါပြင်ဆင်ပေးထားတယ်၊ ချစ်လှစွာသော မိတ်ဆွေတို့ ၊ ဒီအဆုံးမရှိတဲ့ အိပ်မက်ဆိုးကြီးထဲကနေ နိုးထပြီး ပျံသန်းဖို့ အချိန်ကျပြီ”
ကျန်းမင်လီ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ပုံပျက်နေလေသည်။ ကျင့်ကြံသူအချို့ သေဆုံးသွားကြသော်လည်း သူ ဂရုမစိုက်ပေ။
“ကောင်းကင်ဘုံတံခါးက ငါ့နောက်မှာ ရှိတယ်၊ တံခါးပွင့်သွားတာနဲ့ ပုံရိပ်ယောင်တွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်၊ မင်းတို့ တောင့်တသမျှ အရာအားလုံးက အဲ့ဒီတံခါးနောက်မှာ ရှိတယ်”
နတ်ဘုရားသရဲအားလုံး ကောင်းကင်ဘုံတံခါးနှင့် ချိတ်ဆက်မိသွားပြီးနောက် ၎င်းတို့၏ ယုံကြည်မှု စွမ်းအားများသည် တံခါးပေါ်တွင် စုစည်းလာတော့သည်။ ၎င်းတို့၏ ခွန်အားများကို ကျန်းမင်လီက ယာယီချေးယူလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ အချိန်တိုအတွင်းသာ ခံသော်လည်း လုံလောက်သည်ထက် ပိုနေလေပြီ။
“နတ်ဘုရားသရဲတွေကို စက္ကန့်နည်းနည်းလောက် ကျွန်ပြုဖို့ လူတိုင်းကို စတေးလိုက်ရတာ လုံးဝ တန်ပါတယ်”
ကျန်းမင်လီသည် ကောင်းကင်ဘုံတံခါးကို ကြည့်နေရင်း မျက်လုံးများ ဝင်းဝင်းတောက်နေ၏။ ယုံကြည်မှုစွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားချေသည်။ ထိုနေရာတွင် မရှိသင့်သော ကောင်းကင်ဘုံတံခါးသည် ခိုင်ခိုင်မာမာ တည်ရှိနေချေပြီ။
ကျန်းမင်လီသည် ကောင်းကင်ဘုံတံခါးဆီသို့ လျှောက်သွားလိုက်ပြီး တံခါးရှေ့တွင် ရပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းမင်၏ မသိစိတ်သည် တဖြည်းဖြည်း နစ်မြုပ်နေထဲ့သည်။ သူသည် သူ့နှလုံးသား အနက်ပိုင်းရှိ တံခါးတစ်ချပ်ရှေ့သို့ ဆင်းသက်မိသွားသည်။
ဧရာမ သော့ခလောက်ကြီးသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး သွေးမြို့တော် ပုံရိပ်များက ထိုးဖောက်ဝင်ရောက်နေသည်။ အသာအယာ တွန်းလိုက်ရုံဖြင့် ထိုတံခါးကြီးက ပွင့်ဟသွားတော့မည် ဖြစ်သည်။