← Chapters

ပြည့်စုံခြင်း

Vol. 41 Ch. 609

ပြည့်စုံခြင်း

Vol. 41 Ch. 609

ဆောက်သည် နှလုံးသားကို ထိုးဖောက်သွား၏။ ကျောက်ဆစ်ဓားသည်လည်း အရိုးများကို လှီးဖြတ်သွားသည်။ ကောင်းမင်သည် သူ့ဝမ်းဗိုက်ရှိ အပေါက်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူ၏ သွေးကြောမျှင်များသည် နီရဲသော အဆောက်အအုံများနှင့် ဆက်သွယ်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ငါက သွေးမြို့တော် ဖြစ်သွားတာလား၊ ဒါက မြို့တော်တစ်ခုရဲ့ အမြင်အာရုံပဲ”

ကောင်းမင်သည် သူ၏ ကိုယ်တွင်းအင်္ဂါများကို အသုံးပြု၍ သွေးနီရောင်မြို့တော် ကျောက်ဆစ်ရုပ်ကို ဖြည့်တင်းလိုက်သည်နှင့် သူသည် ရုပ်တုအတွင်းတွင် ရှိနေမည်ဟု ထင်မှတ်ထားခဲ့သည်။သို့သော်လည်း သူ၏အမြင်အာရုံမှာမူ အလွန်မြင့်မားသော နေရာသို့ ရောက်ရှိသွားခဲ့သည်။ သူသည် သူ့အပေါ်ရှိ နတ်ဘုရားအလင်းတန်းများနှင့် သတ္တမထပ်၌ ဒူးထောက်နေကြသော ကျင့်ကြံသူများကို မြင်တွေ့နေရသည်။ နင်းချေခံထားရသော အလောင်းများနှင့် သူ့ကိုယ်သူလည်း မြင်နေရသည်။ သူ၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်သည် နတ်ဘုရားရုပ်ထု၏ ဝမ်းဗိုက်အတွင်းတွင် လဲလျောင်းနေပြီး လူတိုင်း၏လိုအင်ဆန္ဒများဖြင့် လွှမ်းခြုံခံထားရသည်။

ဆုတောင်းသံများ၊ ကျမ်းစာရွတ်ဖတ်သံများနှင့် ဆန္ဒပြုသံများသည် အရောင်အသွေးစုံလင်သော ပူဖောင်းများအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် လူသားတို့၏ နှလုံးသားထဲမှ ဟောင်းလောင်းပေါက်များကို ဖြည့်ဆည်းရန် မလုံလောက်ကြပေ။ လိုအင်ဆန္ဒများက ပိုမိုစုပြုံလာကြသည်။ အရာအားလုံးကို လိုအင်ဆန္ဒများက ဝါးမြိုတော့မည့်အချိန်တွင် ပြန့်ကားလာသော ထိုဆန္ဒများသည် ရုတ်တရက် ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အားတစ်ခု ဖြစ်လာတော့သည်။ ထိုအင်အားသည် ကောင်းမင် နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး အတုအယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။

“ဝိညာဉ်ဘုရားကျောင်းရဲ့ စွမ်းအားက လိုအင်ဆန္ဒကနေ လာတာလာ၊ ဒါက ယုံကြည်မှုရဲ့ စွမ်းအားလား”

ဝိညာဉ်ဘုရားကျောင်းအတွင်းရှိ လူတိုင်းက အရာတစ်ခုကို ယုံကြည်လိုက်ကြသောအခါ ထိုအရာသည် အစစ်အမှန် ဖြစ်လာသည်။ ထိုအနက်ရောင်မျှော်စင်ကြီးအတွင်းတွင် မည်သည့် အလင်းတန်းတစ်ခုမှ မမြင်တွေ့ရတော့ပေ။ ၎င်းသည် အမှောင်ထုအတွင်း ပုန်းကွယ်နိုင်ပြီး ပြင်ပလောကကြီးကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်ပေသည်။ တက်လှမ်းခြင်းလျှို့ဝှက်ချက်၊ အပေါ်ရှိ နတ်ဘုရားနန်းတော်နှင့် အထပ်တိုင်းရှိ စမ်းသပ်မှုများသည် ယုံကြည်မှုစွမ်းအားဖြင့် ထောက်ပံ့ထားခြင်း ဖြစ်သည်။ လူတိုင်း၏ လိုအင်ဆန္ဒများသည် နတ်ဘုရားနန်းတော်ကို တည်ဆောက်ခဲ့ကြပြီး သူတို့ကိုယ်တိုင်လည်း ထိုနန်းတော်၏ ကျေးကျွန်များ ဖြစ်လာရသည်။ ကောင်းမင်သည် ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်း၏ အခြေခံအုတ်မြစ်ကို စိန်ခေါ်လိုက်ပြီဖြစ်သည်။ နတ်ဘုရားအလင်းတန်းသည် ကြာပွတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သွေးနီရောင်မြို့တော်ရုပ်တုကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“မင်းကို ကျန်းမင်လီနဲ့တူတယ်လို့ ငါထင်လိုက်တာနဲ့ မင်းက ကျန်းမင်လီနဲ့ ပိုတူလာတာ အံ့ဩစရာမရှိဘူး၊ လူတွေ တွေဝေလာတာနဲ့ ကျင့်ကြံသူတွေ ဖြစ်လာကြတာပဲ၊ သူတို့ဟာ ဘယ်သူ့ကိုမှ မဖျောင်းဖျနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြီးယုံကြည်အောင် လုပ်နေကြတာ”

ကောင်းမင်သည် အရာအားလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ငါတို့ ဝိညာဉ်ဘုရားကျောင်းထဲမှာ ရှိနေသရွေ့ နတ်ဘုရားနန်းတော်ဟာ အစစ်အမှန်လို့ လူတိုင်း ထင်မြင်နေကြရင် မင်းဟာ အစစ်အမှန်နတ်ဘုရားနန်းတော် ဖြစ်လာလိမ့်မယ်၊ လူတိုင်းက မင်းကို အိပ်မက်ချိုးဖျက်မြို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်လို့ ယုံကြည်နေကြရင် မင်းဟာ ဇာတ်လမ်းအားလုံးရဲ့ နိဂုံးဖြစ်လာလိမ့်မယ်”

ကြာပွတ်ရိုက်ချက်ကြောင့် အဆောက်အအုံများ ကြေမွသွားသော်လည်း မကြာမီမှာပင် အဆောက်အအုံအသစ်များ ပြန်လည်ပေါ်ပေါက်လာသည်။ ကောင်းမင်၏ စိတ်ဝိညာဉ်သည် သွေးနီရောင်မြို့တော်နှင့် ဆက်နွယ်နေခြင်းဖြစ်သည်။ သေခြင်းတရား၊ စိတ်ပျက်အားငယ်မှုတို့ဖြင့် သူပြုံးလိုက်သည်။

“မင်း လောဘကြီးသွားတာကတော့ နှမြောစရာပဲ၊ အိပ်မက်ချိုးဖျက်မြို့က နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက ဖြေရှင်းဖို့ မလွယ်ဘူးကွ၊ ဒီအရူးတစ်သိုက်က ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်ကြတာ၊ မင်းကိုရော ယုံကြည်ကြပါ့မလား”

ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။ ကောင်းမင်သည် ပို၍ပင် ဥပဒေမဲ့လာလေသည်။ သူသည် သွေးနီရောင်မြို့တော်အတွက် အလိုအပ်ဆုံး စွမ်းအင်ဖြစ်သော ‘ယုံကြည်မှု’ ကို မတော်တဆ ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်ပေသည်။

လိုအင်ဆန္ဒများသည် သေဆုံးနေသော မြို့တော်အတွင်းသို့ စီးဝင်သွားကြသည်။ ကောင်းမင်သည် ယင်းတို့ကို လမ်းညွှန်၍ သွေးနီရောင်မြို့တော်မှာ နတ်ဘုရားနန်းတော်ဖြစ်သည်ဟု ယုံကြည်စေခဲ့သည်။ ‘ယုံကြည်မှု’ ဟူသော စကားလုံးသည် ရိုးရှင်းသော်လည်း ထိရောက်မှုရှိစေရန် ပြင်ဆင်မှုများစွာ လိုအပ်ပေသည်။ ဝိညာဉ်ဘုရားကျောင်း ပြုလုပ်ခဲ့သမျှ အရာအားလုံးသည် သွေးနီရောင်မြို့တော်၌ အကြီးအကျယ် ထင်ဟပ်လာတော့သည်။သွေးနီရောင်မြို့တော်ကို သေဆုံးနေသော မြို့တော်တစ်ခုဟု ဘယ်သူမှ မထင်မှတ်ကြတော့ပေ။ ၎င်းသည် သေခြင်းအငွေ့အသက်များ ထွက်ပေါ်နေပြီး သက်ရှိလူသားတစ်ဦးမျှ မရှိသော်ငြား ကျင့်ကြံသူအားလုံးက ဤသည်မှာ နတ်ဘုရားနန်းတော်ဖြစ်သည်ဟု ယုံကြည်နေကြခြင်းဖြစ်သည်။ လူတစ်ဦးတည်း၏ ယုံကြည်မှုက ထိရောက်မှု မရှိသော်လည်း လူစုလူဝေး၏ စုပေါင်းယုံကြည်မှုသည်ကား အတုအယောင်များကိုပင် လှုပ်ခါစေနိုင်သည်။ လူတိုင်းက အရာတစ်ခုကို ယုံကြည်လိုက်ကြသောအခါ အမှန်တရားသည် အရေးမကြီးတော့ပေ။

ဝိညာဉ်ဘုရားကျောင်း၏ စွမ်းအားပါဝင်သော လိုအင်ဆန္ဒများသည် သွေးနီရောင်မြို့တော် ကျောက်ဆစ်ရုပ်တုကိုသာမက ကောင်းမင်၏ နှလုံးသားထဲသို့လည်း လှိုင်းလုံးကြီးများကဲ့သို့ စီးဝင်သွားသည်။ ၎င်းသည် ကောင်းမင်၏ အိပ်မက်ဆိုးအတွင်းသို့ ဝင်ရောက်သွား၏။ ဤအချက်သည် ကောင်းမင်၏ ကမ္ဘာလောကနယ်နိမိတ်ကို ဝေဝါးသွားစေသည်။ အိပ်မက်ဆိုးသည် အစစ်အမှန်လောကထက်ပင် ပို၍ လက်တွေ့ဆန်နေလေသည်။

ဝိညာဉ်ဘုရားကျောင်းအတွင်းရှိ နတ်ဘုရားမြူခိုးများ ကင်းစင်သွားပြီး နတ်ဘုရားရောင်ဝါမှာလည်း မှေးမှိန်သွားသည်။ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းသည် လိုအင်ဆန္ဒများ လျင်မြန်စွာ လျော့နည်းလာသည်ကို သတိပြုမိသွား၏။ နတ်အလင်းတန်းများသည် ဧရာမ စပါးကြီးမြွေတစ်ကောင်ကဲ့သို့ သွေးနီရောင်မြို့တော်ရုပ်တုကို ရစ်ပတ်လိုက်သည်။ ထူးဆန်းသော စာလုံးများ လင်းလက်လာ၏။ ရုပ်တုအတွင်း ကြိုတင်မြှုပ်နှံထားသော အက်ကြောင်းကိုးခုက ပွင့်ထွက်သွားသည်။ ဘုံကိုးဆင့်ဝိညာဉ်ဘုရားကျောင်းသည် ကောင်းမင် လိုအင်ဆန္ဒများ ပိုမိုရရှိသွားခြင်းကို တားဆီးရန် သတ္တမထပ်ကို စွန့်လွှတ်ကာ ရုပ်တုကို ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။

“ဒါ အမှန်တကယ်ပဲ၊ အိပ်မက်ဆိုးထဲက အရာအားလုံးဟာ အစစ်အမှန်တွေပဲ၊ သွေးနီရောင်မြို့တော်က အစစ်အမှန်ပဲ...”

ရုပ်တုကြီး ကြေမွသွားချိန်တွင် ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်မြို့တော် တက်တူးသည် မမျှော်လင့်ဘဲ ပြောင်းလဲသွားသည်။ ပုံသဏ္ဍာန်ရှိသော ရုပ်တုက ပြိုလဲသွားသော်လည်း ပုံသဏ္ဍာန်မဲ့သော စိတ်ဝိညာဉ်မှာမူ ကောင်းမင်ထံသို့ ကူးပြောင်းသွားလေသည်။

ကောင်းမင်၏ သွေးကြောမှတ်များအတွင်း မြှုပ်နှံထားသော နတ်ဘုရားရုပ်တုများသည် ချိတ်တံဆိပ်များ ဖန်တီးလိုက်ကြသည်။ နှလုံးသားအတွင်း ချိတ်ပိတ်ခံထားရသော အခန်းသည် ဘဝ၏ လိုအင်ဆန္ဒများကို စုပ်ယူ၍ ကောင်းမင်ကို ဆင့်ခေါ်လိုက်တော့သည်။

ခန္ဓာကိုယ်အပြင်ဘက်ရှိ ယန်နတ်ဘုရား (၁၈၀၀၀) နှင့် ခန္ဓာကိုယ်အတွင်းဘက်မှ ယင်နတ်ဘုရား (၁၈၀၀၀) တို့ဖြင့် သေဆုံးနေသော မြို့တော်ကြီးမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် အစစ်အမှန် နတ်ဘုရားနန်းတော်တစ်ခု ဖြစ်လာတော့သည်။

လိုအင်ဆန္ဒပူဖောင်းများသည် မြူခိုးများအဖြစ် ပေါက်ကွဲသွားပြီး ရေစက်များအဖြစ် ငွေ့ရည်ဖွဲ့လာသည်။၎င်းတို့က သေဆုံးနေသော မြို့တော်ပေါ်မှ သွေးများကို ဆေးကြောပေးလိုက်သည်။ ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ တက်တူးသည် နတ်ဘုရားများကိုပင် ထိတ်လန့်စေသော စွမ်းအားတစ်ခုဖြင့် စတင်လှုပ်ရှားလာလေသည်။

အလင်းတန်းကိုးခုပင်လျှင် ကောင်းမင်ကို ဆွဲဖြဲနိုင်စွမ်း မရှိတော့ချေ။ ၎င်းတို့သည် သူ့ကို နောက်တစ်ကြိမ် ‘တက်လှမ်း’ စေရန်သာ ကြိုးပမ်းနိုင်တော့သည်။ သို့သော်လည်း အလင်းတန်းများသည် တက်တူးနှင့် ထိတွေ့လိုက်သည်နှင့် စတင်အရည်ပျော်သွားကြသည်။ ကောင်းမင်သည် သူ၏ခန္ဓာကိုယ်က တခဏမျှ ပျံတက်သွားသလို ခံစားလိုက်ရပြီး ပြန်လည်သက်ဆင်းလာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ရှိ နတ်ဘုရားရောင်ဝါများက ဆုတ်ခွာသွားတော့သည်။

“ငါ တကယ်ပဲ အင်မော်တယ်ဖြစ်သွားပြီလား၊ ဒီနတ်ဘုရားနန်းတော်က ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါ မြင်ချင်မိတယ်”

ထိုသို့ တွေးမိလိုက်သည်နှင့် ကောင်းမင်သည် သူ့နောက်ကျောကို တစ်စုံတစ်ခုက တွန်းထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ နာကျင်ခြင်း မရှိချေ။ မြေဆီလွှာ၏ အနံ့အသက်များ ထွက်ပေါ်လာ၏။ အချိန်တချို့ကြာပြီးနောက် ကောင်းမင်၏ မျက်လုံးများ ပြန်လည်ကြည်လင်လာပြီး အနီးနားရှိ နတ်ဘုရားနန်းတော်ကို မြင်တွေ့လိုက်ရသည်။

“ဒီအထပ်မှာရှိတဲ့ ကောင်းကင်ဘုံတံခါးပေါ်က ပုံစံကွက်တွေက ပိုပြီး နီးကပ်လာသလိုပဲ၊ ငါ ပိုမြင့်တဲ့ အထပ်တစ်ခုကို တက်လာခဲ့တာ ဖြစ်မယ်”

ကောင်းမင်သည် ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်သေးပေ။ လည်ပင်းကိုသာ အနည်းငယ် လှည့်နိုင်သေးသည်။ သူသည် စီးဆင်းနေသော ရေစီးသံကို ကြားနေရပြီး မြောက်မြားစွာသော အပင်များကိုလည်း မြင်တွေ့နေရသည်။ ကြောက်ရွံ့တတ်သော သမင်လေးတစ်ကောင်က သူ့ကို လာရောက်ကြည့်ရှုနေလေသည်။

“အရမ်းကြီးတာပဲ...”

ကောင်းမင်သည် သူ မည်သည့်နေရာသို့ ရောက်နေမှန်း မသိပေ။ သူသည် အနားသတ်ကို မမြင်ရဘဲ ထူးဆန်းသော အဆောက်အအုံအချို့ကိုသာ မြင်တွေ့နေရသည်။ အဆောက်အအုံအားလုံးသည် အလွန်မြင့်မားသည်။၎င်းတို့သည် အပေါ်ရှိ နတ်ဘုရားနန်းတော်ကို လှမ်းကိုင်ရန် ကြိုးစားနေကြသော လိုအင်ဆန္ဒလက်ချောင်းကြီးများကဲ့သို့ပင်။

ကောင်းမင်မှာ မလှုပ်မယှက် ရှိနေသဖြင့် သမင်သည် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပြီး ကောင်းမင်အနားသို့ ရပ်လိုက် လာလိုက်ဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။ ကြမ်းတမ်းသော လျှာဖြင့် ကောင်းမင်၏ လက်မောင်းကို လျက်လိုက်သည်။ ကောင်းမင်က နာကျင်မှုကြောင့် ညည်းညူလိုက်မိသည်။ သမင်လေးသည်လည်း ကြောက်ရွံ့သွားပြီး နောက်သို့ ခုန်ဆုတ်သွား၏။

သမင်က ခေါင်းကို စောင်းငဲ့ကြည့်လိုက်သည်။ ၎င်း၏ မျက်ဝန်းအတွင်း၌ ကောင်းမင်၏ ပြန်လည်ကောင်းမွန်လာနေသော ခန္ဓာကိုယ်ပုံရိပ်က ထင်ဟပ်နေသည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ၎င်းသည် ကောင်းမင်၏ အနားသို့ ပြန်လည်ရောက်ရှိလာသည်။ ၎င်းသည် စူးစမ်းလိုစိတ်ဖြင့် ကောင်းမင်၏ ရင်ဘတ်ကို လေ့လာနေ၏။

၎င်း၏အာရုံကို ဆွဲဆောင်နေသည်မှာ ကောင်းမင် မဟုတ်ဘဲ ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းမှ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော နတ်ဘုရားရောင်ဝါများ ဖြစ်သည်။ ၎င်းသည် ခေါင်းငုံ့၍ လျှာဖြင့် လျက်လိုက်သော်လည်း ကောင်းမင်၏ သွေးများကိုသာ ရလိုက်သည်။

သမင်သည် သိပ်သည်းလှသော အသားနံ့ကြောင့် မူးယစ်သွားကာ ခေါင်းကို ခါယမ်းလိုက်သည်။ ကံကောင်းသည်မှာ ၎င်း၏ ဦးချိုများက သိပ်မထက်သဖြင့် ကောင်းမင် ဒဏ်ရာရမသွားပေ။

မိနစ်အနည်းငယ် ကြာသောအခါ သမင်၏ ရွှေရောင်မျက်ဝန်းများအတွင်း၌ သွေးကြောများ ယှက်သန်းလာတော့သည်။ မူလက ၎င်းသည် တောအုပ်အတွင်းရှိ နတ်သူငယ်တစ်ပါးကဲ့သို့ ဖြစ်နေသော်လည်း ယခုမူ ပို၍လက်တွေ့ဆန်လာလေသည်။

၎င်းသည် ကောင်းမင်ကို နှစ်ကြိမ်တိုင်တိုင် အော်မြည်ပြလိုက်သည်။၎င်းက ကောင်းမင်၏ သွေးကို သောက်သုံးပြီးနောက် ကောင်းမင်ကို ၎င်း၏အမျိုးအနွယ်ကဲ့သို့ မှတ်ယူလိုက်ပုံရသည်။ ၎င်းသည် များစွာကြိုးစားလိုက်ပြီး ကောင်းမင်ကို ၎င်း၏ကျောပေါ်သို့ တင်လိုက်လေသည်။

All Chapters