အခန်း (၁၉၂)
Vol. 20 Ch. 192
အခန်း။ ၁၉၂
အတိတ်ဘဝတွင် ဧကရီတစ်ပါး ဖြစ်ခဲ့ဖူးသည့်အတိုင်း ကျိရုရွှယ်သည် နတ်ဘုရားအဆင့် လျှို့ဝှက်သိုင်းကွက်အမြောက်အမြားကို တတ်မြောက်ထားပြီး ၎င်းတို့အနက် အများစုမှာ သူမအတွက် အလွန်ပင် ကျွမ်းကျင်နှံ့စပ်လှသည်။
သို့သော် ဤလျှို့ဝှက်သိုင်းကွက်များကို အသုံးပြုနိုင်ရန်အတွက် စကြဝဠာအတွင်းရှိ စွမ်းအင်
ဓာတ်များကို အခြေခံစွမ်းအင်အရင်းအမြစ်အဖြစ် မဖြစ်မနေ လိုအပ်သည်။ ယခုအခါ အဆင့် ၄ သို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူမသည် ပြင်ပစွမ်းအင်များကို လမ်းညွှန်ထိန်းချုပ်ကာ ရိုးရှင်းသော လျှို့ဝှက်သိုင်းကွက်အချို့ကို စတင်ဖော်ဆောင်နိုင်ပြီ ဖြစ်သည်။
ကျိရုရွှယ်၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားပြီး သူမ၏ သေးငယ်သော လက်ကလေးကို ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို လက်ဖဝါးအတွင်းသို့ စုစည်းလိုက်သည်။
နောက်တစ်ခဏတွင် သူမ၏ နုနယ်သော လက်ဖဝါးပေါ်၌ တောက်ပသော အနီရောင် ဝိညာဉ်အလင်းတန်းတစ်ခု တောက်လောင်လာပြီး အလွန်တက်ကြွလှုပ်ရှားနေသော မီးလျှံတစ်ခုမှာ လေထဲ၌ ဝဲပျံနေတော့သည်။ ထိုမီးလျှံမှ အဆုံးမရှိသော အပူရှိန်များ ထွက်ပေါ်လာသဖြင့် အခန်းတွင်း အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
သူမ၏ စိတ်အာရုံတစ်ခုတည်းဖြင့်ပင် လက်ဖဝါးပေါ်မှ မီးလျှံမှာ ကြက်သွေးရောင် မြွေနဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး လေထဲ၌ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေတော့သည်။ မကြာမီမှာပင် ထိုမြွေနဂါးမှာ မီးလျှံရောင် ငှက်ငယ်တစ်ကောင်အဖြစ် ပြောင်းလဲကာ အထက်အောက် ပျံသန်းနေပြန်သည်။
မီးလျှံမြင်းကြီး တစ်ဟုန်ထိုး ပြေးလွှားနေခြင်း၊ အနီရောင် ငါးကလေး ကူးခတ်နေခြင်း၊ လင်းယုန်နီကြီး တောင်ပံဖြန့်နေခြင်း... အခန်းတွင်း၌ ကျိရုရွှယ်၏ အကြည့်အောက်တွင် ထိုမီးလျှံအစုအဝေးမှာ ပုံစံအမျိုးမျိုးသို့ အဆက်မပြတ် ပြောင်းလဲနေတော့သည်။
မီးဝိညာဉ်သိုင်းကွက်မှာ ဒြပ်စင်ဆိုင်ရာ လျှို့ဝှက်သိုင်းကွက်များထဲတွင် အတော်အတန် ရိုးရှင်းသော်လည်း စိတ်အာရုံဖြင့် ခိုင်းစေနိုင်သည့် မီးလျှံများကို တိရစ္ဆာန်ပုံစံမျိုးစုံအဖြစ် ဖန်တီးနိုင်သဖြင့် အလွန်လက်တွေ့ကျသော သိုင်းကွက်တစ်ခု ဖြစ်သည်။
ထို့နောက် ကျိရုရွှယ်သည် သူမ၏ လက်ဖဝါးကို အသာအယာ ဆုပ်လိုက်သည်။
ဖူး...
လေထဲတွင် ပုံစံအမျိုးမျိုး ပြောင်းလဲနေသော မီးလျှံများမှာ ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။
မီးဝိညာဉ်သိုင်းကွက်အပြင် ကျိရုရွှယ်သည် မိုးကြိုးပစ်သိုင်း၊ မြေစူးသိုင်းနှင့် မြေလျှိုးသိုင်းကဲ့သို့သော ဒြပ်စင်ဆိုင်ရာ မန္တန်များကိုပါ စမ်းသပ်ကြည့်ရာ တစ်ခန်းလုံးတွင် အလင်းတန်းများဖြင့် တောက်ပဝေဝါးနေတော့သည်။
သို့သော် ဤနေရာမှာ လေ့ကျင့်ရန်အတွက် လုံးဝမသင့်တော်သဖြင့် ကျိရုရွှယ်သည် အစွမ်းကုန် မထုတ်ဘဲ အထိန်းအကွပ်ဖြင့်သာ စမ်းသပ်နေခြင်း ဖြစ်သည်။ စမ်းသပ်ပြီးသည်နှင့် စွမ်းအင်စီးဆင်းမှုကို ချက်ချင်းဖြတ်တောက်လိုက်ရာ လျှို့ဝှက်သိုင်းကွက်များမှာလည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။
အမျိုးမျိုးသော လျှို့ဝှက်သိုင်းကွက်များကို စိတ်အားထက်သန်စွာ စမ်းသပ်ကြည့်ပြီးနောက် ကျိရုရွှယ်သည် နောက်ဆုံးတွင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်နိုင်တော့သည်။
သို့သော်ငြားလည်း သူမ၏ မျက်ဝန်းအိမ်အတွင်းရှိ ပီတိအပြုံးရိပ်များမှာမူ အတော်ကြာသည်အထိ ပျောက်ကွယ်မသွားဘဲ ကျန်ရစ်နေခဲ့သည်။ ယခုကဲ့သို့ လျှို့ဝှက်သိုင်းကွက်များ၏ ပံ့ပိုးမှုကြောင့် သူမ၏ စွမ်းအားမှာ ယခင်နှင့်ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားပြီဖြစ်ရာ သူမ၏ ဖခင်ဘေးကင်းရေးအတွက် နောက်ဆုံးတွင် ကာကွယ်ပေးနိုင်ပြီဟု ယုံကြည်ချက် ရရှိသွားခြင်းပင်။
နောင်တစ်ချိန်မှာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ခြံဝင်းကို ကျူးကျော်ရဲရင် ငါ ကျိရုရွှယ်က သူတို့ကို နောင်တရအောင် လုပ်ပြမယ်။
ထို့နောက် ဖခင်ဖြစ်သူမှာ ဇွန်ဘီများကို စေခိုင်း၍ အမဲလိုက်သည့်အလုပ်တွင် အာရုံစိုက်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျိရုရွှယ်သည် ကုလားထိုင်ပေါ်မှ ကိုယ်တိုင်ဆင်းသက်၍ သူမ၏ မင်းသမီးဖိနပ်လေးကို စီးကာ သစ်သီးခြံဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။
သစ်သီးခြံအတွင်း၌ သစ်သီးများစွာမှာ မှည့်ဝင်းနေကြပြီး စွဲမက်ဖွယ်ကောင်းသော ရနံ့များမှာ ပျံ့လွင့်လျက်ရှိသည်။ ကျိရုရွှယ်သည် သစ်တော်သီးပင်တစ်ပင်အောက်တွင် ရပ်တန့်လိုက်ပြီး သူမ၏ လျှို့ဝှက်သိုင်းကွက်များမှာ မည်မျှအထိ စွမ်းအားကြီးမားကြောင်း လက်တွေ့စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။
ဝီ... ဝီ...
ထိုစဉ် ပျားတစ်ကောင်မှာ သူမ၏အနားတွင် ဟိုမှသည် ပျံသန်းနေသည်။ ပျားကို မြင်လိုက်သည်နှင့် ကျိရုရွှယ်၏ မျက်ဝန်းများမှာ တောက်ပသွားတော့သည်။ ချက်ချင်းပင် သူမ၏ အကြည့်မှာ စူးရှသွားပြီး ဖြူလွလွ အလင်းတန်းတစ်ခုနှင့်အတူ သူမ၏ ပတ်ဝန်းကျင်၌ သိသာထင်ရှားသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်တစ်ခဏတွင် လေထဲ၌ ပျံသန်းနေသော ပျားလေးမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ကျိရုရွှယ်၏ နံဘေးသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ထိုပျားလေးမှာ တပ်မှူး၏ အမိန့်ကို စောင့်ဆိုင်းနေသော စစ်သည်တော်တစ်ဦးကဲ့သို့ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ ဝဲပျံနေတော့သည်။
လျှို့ဝှက်သိုင်းကွက် ဝိညာဉ်ဆက်သွယ်ခြင်းသိုင်းကွက်သည် အမျိုးမျိုးသော တိရစ္ဆာန်များနှင့် ဝိညာဉ်ချင်း ဆက်သွယ်နိုင်ရုံသာမက ၎င်းတို့၏ အမြင်အာရုံကို အသုံးပြု၍ ပြင်ပကမ္ဘာကိုပါ ကြည့်ရှုနိုင်စွမ်း ရှိသည်။ သို့သော် ဤသိုင်းကွက်မှာ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်သည်တော့ မဟုတ်ဘဲ သေးငယ်သော သတ္တဝါအချို့ကိုသာ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
ပျားလေး၏ သေးငယ်သော ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း ကျိရုရွှယ်သည် မျက်လုံးလေးကစားကာ စိတ်အာရုံဖြင့် ခိုင်းစေလိုက်သည်။ ပျားလေးမှာ ချက်ချင်းပင် ကျိရုရွှယ်၏ နောက်ဘက်အရပ်ဆီသို့ ပျံသန်းသွားတော့သည်။
သိပ်မကြာမီမှာပင် ကျိရုရွှယ်သည် ပျားလေး၏ အမြင်အာရုံမှတစ်ဆင့် ကျောက်လင်းကို အောင်မြင်စွာ မြင်တွေ့လိုက်ရသည်။
ဤမိုက်မဲသော မိန်းမမှာမူ လက်ရှိအချိန်တွင် အပြင်ဘက်ရှိ ကုလားထိုင်တစ်ခုပေါ်၌ လဲလျောင်းရင်း ပျင်းရိစွာ နေပူဆာလှုံနေ၏။ ကျိရုရွှယ်၏ ထိန်းချုပ်မှုအောက်ရှိ ပျားလေးသည် ကျောက်လင်း၏ မျက်နှာပေါ်သို့ လျင်မြန်စွာ ပျံသန်းသွားပြီးနောက် သူမ၏ ပါးပြင်ပေါ်တွင် ခြေထောက်များဖြင့် လူးလာတုံ့ခေါက် သွားလာနေတော့သည်။
"အင်း..."
တစ်ဝက်တစ်ပျက် အိပ်ပျော်နေသော ကျောက်လင်းသည် သူမ၏ မျက်နှာပေါ်တွင် ယားကျိကျိ ဖြစ်လာသည်ကို ခံစားလိုက်ရသဖြင့် ဗီဇအရ လက်ဖြင့်လှမ်း၍ ကုတ်လိုက်ရာ ပျားလေးမှာ အသာအယာ ပျံတက်သွားသည်။ ကျောက်လင်း လက်ပြန်ချသွားသည်နှင့် ပျားလေးမှာ အခြားတစ်ဖက်သို့ ပြန်လည်ဆင်းသက်ကာ ထပ်မံ၍ ယားအောင် လုပ်ပြန်သည်။
ယားကျိကျိ ဝေဒနာကြောင့် ကျောက်လင်း နောက်တစ်ကြိမ် ထပ်မံကုတ်ခြစ်လိုက်ပြန်သည်။ ပျားလေးမှာမူ အချိန်ကိုက်ပင် ထပ်မံတိမ်းရှောင်သွားနိုင်ခဲ့သည်။
"ဟွန့်... ဒီနေရာကို တကယ့်ပဲ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားနေတာလား။ နည်းနည်းလေးတောင် သတိမရှိဘူး"
နှစ်ကြိမ်တိုင်တိုင် ဖြစ်ပျက်ခဲ့သော်လည်း ကျောက်လင်းမှာ သတိမပြုမိသည့်အပြင် မျက်လုံးပင် ဖွင့်ကြည့်ရန် အစီအစဉ်မရှိသည်ကို မြင်သောအခါ ကျိရုရွှယ် မဲ့ပြုံး ပြုံးလိုက်မိသည်။ သို့သော်လည်း သူမ၏ ရင်ထဲတွင် တစ်ဖက်ကလည်း အားမလိုအားမရ ဖြစ်နေမိသည်။ ဤမိန်းမမှာ ယခင်က ကျန်းဟိုင်မြို့ပြနယ်မြေထဲတွင် ရှိစဉ်ကထက်ပင် ပို၍ ညံ့ဖျင်းလာသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
သူမသည် စည်းကမ်းများ လျော့ရဲလာပုံရသည်။ အဓိကအကြောင်းရင်းမှာ သူမ၏ဖခင်က ဤခြံဝင်းကို ဘေးကင်းလုံခြုံအောင် အလွန်အမင်း ကာကွယ်ပေးထားသဖြင့် ဤမိန်းမအတွက် မည်သည့် အန္တရာယ်မှ မရှိဘူးဟု ယူဆသွားခြင်းကြောင့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ ဤ ကိုးခါသေ နတ်ဆိုရဲမေလေးမှာ သူမကိုယ်သူမ ငြိမ်းချမ်းသော ခေတ်ကာလဟောင်းထဲတွင် နေထိုင်နေရဆဲဟု မသိမသာ ယုံကြည်သွားပုံပငါ။
"ဒီနေ့တော့ နင့်ကို သင်ခန်းစာတစ်ခု ပေးရတာပေါ့"
ကျိရုရွှယ်၏ နုနယ်သော မျက်နှာလေးပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
နောက်တစ်ခဏတွင် ကျောက်လင်း၏ ဦးခေါင်းထက်၌ ဝဲပျံနေသော ပျားလေးမှာ တစ်ကျော့ပြန် လှုပ်ရှားလာပြီး ကျောက်လင်းအား ထပ်မံ၍ အကြိမ်ကြိမ် နှောင့်ယှက်တော့သည်။
ကျောက်လင်းသည် သူမ၏ မျက်နှာပေါ်တွင် ယားကျိကျိဖြစ်လာ၍ လှမ်းဖမ်းရန် ကြိုးစားတိုင်း ပျားလေးမှာ လျင်မြန်စွာ တိမ်းရှောင်ကာ အခြားတစ်ဖက်သို့ ပြောင်းရွှေ့၍ ဆင်းသက်သည်။ တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် ကိစ္စမရှိသော်လည်း ဤသို့ အကြိမ်ကြိမ် ဖြစ်လာသောအခါ ကျောက်လင်းသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း စတင်သတိပြုမိလာတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ”
ကျောက်လင်းသည် စိတ်တိုတိုဖြင့် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ နှာခေါင်းပေါ်တွင် တစ်စုံတစ်ခု ရှိနေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် လန့်ဖျန့်သွားပြီး ဗီဇအရ လက်ဖြင့် ရိုက်ချလိုက်တော့သည်။ သို့သော် သူမ၏လက် မရောက်မီမှာပင် ပျားလေးသည် ကျောက်လင်း၏ နှာခေါင်းပေါ်မှ လှောင်ပြောင်သကဲ့သို့ ပျံတက်သွားပြီးနောက် သူမ၏ ရှေ့တည့်တည့်တွင် ရန်စသည့်အလား ပတ်ချာလည် ပျံသန်းပြကာ အမြင့်သို့ ပျံတက်သွားခဲ့သည်။
“တောက်... ဒီပျားစုတ် အခုချက်ချင်း ပြန်ဆင်းလာခဲ့စမ်း”
ယခုမှသာ ကျောက်လင်းသည် သူမ၏ မျက်နှာပေါ်တွင် ခံစားနေရသော ထူးဆန်းသည့် ဝေဒနာများမှာ ဤပျားလေး၏ လက်ချက်ဖြစ်ကြောင်း နားလည်သွားတော့သည်။ သူမ၏ အိပ်စက်မှုကို နှောင့်ယှက်ရုံသာမက သွယ်ဝိုက်သောနည်းဖြင့်ပါ သူမအား နောက်ပြောင်ကျီစယ်ခဲ့သဖြင့် ကျောက်လင်း အကြီးအကျယ် ဒေါသထွက်သွားပြီး လက်ထဲရှိ ခေါင်းအုံးလေးဖြင့် ပျားလေးရှိရာသို့ ပစ်ပေါက်လိုက်တော့သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ပျားလေးမှာ အမြင့်သို့ ပျံတက်သွားပြီဖြစ်ရာ ခေါင်းအုံးမှာ မမီနိုင်တော့ပေ။
“ပျားစုတ်... နင်နောက်တစ်ခါ ထပ်လာရဲရင်တော့ ငါအလွတ်မပေးဘူးနော်...”
အောက်ဘက်မှ ကျောက်လင်း၏ အချည်းနှီးသော ဒေါသတကြီး အော်ဟစ်သံများကို ကြားရသောအခါ ကျိရုရွှယ်မှာ ခိုး၍ ရယ်မောမိတော့သည်။ သူမသည် ကျောက်လင်းအား ဆက်လက်၍ မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်ပြီး ပျားလေးကို ခြံဝင်းအပြင်ဘက်သို့ ပျံသန်းသွားရန် စိတ်ဖြင့် ထိန်းချုပ်လိုက်သည်။
“ဒီနေရာက ဖေဖေ ရှင်းလင်းထားတာဆိုတော့ တကယ့်ကို သန့်ရှင်းနေတာပဲ”
ပတ်ဝန်းကျင်၏ သပ်ရပ်မှုကို ကျိရုရွှယ် သတိပြုမိလိုက်သည်။ တစ်ချိန်က ပေါင်းမြက်များဖြင့် ဖုံးလွှမ်းနေသော နေရာမှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ဖခင်မှာ အတော်ပင် အားထုတ်ခဲ့ရပုံရကြောင်း ကျိရုရွှယ် တွေးမိသည်။ သို့သော်လည်း ဖခင်ဖြစ်သူသည် ဇွန်ဘီများကို စေခိုင်း၍ ဝေယျာဝစ္စများကို ကူညီခိုင်းနိုင်သည်ကို သိထားသဖြင့် သူမ အလွန်အမင်းတော့ မအံ့ဩမိပေ။
“ဒါတွေက... သွေးဆာနေတဲ့ နွယ်ပင်တွေပဲ”
သို့သော် ပျားလေးသည် သွေးဆာနွယ်ပင်တောအနားသို့ ပျံသန်းသွားချိန်တွင်မူ သူမ၏ဖခင်မှာ ဤအန္တရာယ်ရှိသော နွယ်ပင်များကို ခြံဝင်းအပြင်ဘက်၌ စိုက်ပျိုးထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျိရုရွှယ် အံ့အားသင့်သွားရသည်။ ပျားလေးကို သွေးဆာနွယ်ပင်တောအတွင်း ပတ်ချာလည် ပျံသန်းစေပြီးနောက်မှသာ ကျိရုရွှယ်သည် သူမဖခင်၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်သွားတော့သည်။
ယခုအခါ သူမ၏ မျက်ဝန်းအစုံမှာ အပြုံးရိပ်များဖြင့် ပြည့်နှက်နေပြီး ရင်ထဲ၌ အလွန်ပင် စိတ်လှုပ်ရှားကာ ကြည်နူးသွားရသည်။ ဖခင်ဖြစ်သူက ဤသွေးဆာနွယ်ပင်တောကို အပြင်ဘက်၌ စိုက်ပျိုးထားခြင်းမှာ သေချာပေါက် သူမ၏ ဘေးကင်းလုံခြုံရေးအတွက်သာ ဖြစ်ရပေမည်။ ဤနွယ်ပင်တော ရှိနေခြင်းကြောင့် မျိုးရိုးဗီဇပြောင်း သားရဲဆိုးများနှင့် ဆင့်ကဲဇွန်ဘီများမှာ ခြံဝင်းအတွင်းသို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ရန် မဝံ့ရဲကြတော့ပေ။