← Chapters

အခန်း (၁၉၇)

Vol. 20 Ch. 197

အခန်း (၁၉၇)

Vol. 20 Ch. 197

အခန်း။ ၁၉၇

ကျိရုရွှယ်သည် ရှေ့တွင်ရှိနေသော လူသုံးဦးကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ လီယင်းကဲ့သို့ပင် သဋတို့မှာ အသက်ရှင်သန်ရေးအတွက် မည်သည့်အရာကိုမဆို စတေးမည့်သူများသာ ဖြစ်သည်။

သို့သော်လည်း ၎င်းကို နားလည်ပေး၍ရသည်။ ကမ္ဘာပျက်ကပ် မတိုင်မီက ဤသူများမှာ သာမန်လူသားများသာ။ သူတို့သည် ဆင့်ကဲပြောင်းလဲသူများဖြစ်လာပြီး ထူးခြားသော စွမ်းရည်များနှင့် သန်မာသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်လာကြသော်လည်း သူတို့၏ စိတ်ဓာတ်မှာမူ စွမ်းရည်များနှင့်အတူ ပြောင်းလဲလာခြင်း မရှိသေးပေ။ သာမန်လူတစ်ယောက်ကို သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နေရန် မျှော်လင့်၍ မရနိုင်ချေ။

“နင်တို့ သုံးယောက်... ဒီကို လာခဲ့”

ကျိရုရွှယ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

သူမ၏ စကားကို ကြားသောအခါ ထိုသုံးဦးမှာ အသက်ရှူချောင်သွားကြပြီး ဝမ်းသာအားရဖြင့် ချက်ချင်းပင် သူမအနားသို့ တိုးကပ်လာကြသည်။ သူတို့သည် တန်းစီလျက် ရိုသေစွာ ရပ်နေကြသော်လည်း မျက်ဝန်းများတွင်မူ စိုးရိမ်စိတ်နှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေဆဲပင်။

“အခု ငါလုပ်မယ့်အရာကို နင်တို့ လုံးဝ မခုခံရဘူး တစ်ယောက်ယောက်က ခုခံဖို့ ကြိုးစားရင်တော့... ဟိုလူလိုပဲ ဖြစ်သွားမယ်”

ကျိရုရွှယ်က ခေါင်းဆောင်ဖြစ်သူ၏ အလောင်းကို လက်ညှိုးညွှန်ပြကာ အေးစက်စွာ သတိပေးလိုက်သည်။

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ သခင်မလေး။ သခင်မလေး အလိုရှိသလို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ လုံးဝ ပြန်မခုခံပါဘူး”

ကျိရုရွှယ် ဘာလုပ်မည်ကို မသိသော်လည်း ခေါင်းဆောင်၏ အေးစက်နေသော အလောင်းကို မြင်ယောင်ရင်း ကြောက်လန့်တကြား ခေါင်းငြိမ့်ဝန်ခံလိုက်ကြသည်။

တံခါးအနီးတွင် ရပ်နေသော လီယင်းမှာမူ ကျိရုရွှယ် ဘာလုပ်တော့မည်ကို ကောင်းစွာ သိရှိနေသည်။ နောက်ထပ် လူသုံးဦးမှာ သူနှင့် ထပ်တူထပ်မျှ ခံစားရတော့မည်ဟု တွေးမိကာ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။ ကျွန်ပြုခံရခြင်းမှာ မည်သို့မျှ မသာယာသော အတွေ့အကြုံဖြစ်ကြောင်း သူ သိသည်။

ထို့နောက် ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ အဆက်မပြတ် လည်ပတ်လာပြီး ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူမ၏ လက်ချောင်းများဖြင့် တံဆိပ်ခတ်နှိပ်ဟန် ပြုလုပ်လိုက်ရာ နီရဲသော သွေးစက်သုံးစက်မှာ လွင့်ထွက်လာပြီး ထိုသူသုံးဦး၏ ရှေ့၌ ဝဲပျံနေတော့သည်။

နောက်တစ်ခဏတွင် ကျိရုရွှယ်၏ မျက်ဝန်းအစုံမှာ အေးစက်သော နှင်းခဲများပမာ ဖြစ်သွားကာ ကြည့်မိသူတိုင်းကို တုန်လှုပ်သွားစေသည်။ လေထဲရှိ သွေးစက်သုံးစက်မှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းပြားသော ရှေးဟောင်း သွေးရောင် အဆောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရှူး...

ရှေးဟောင်း အဆောင် သုံးခုသည် သွေးနီရောင် အလင်းတန်းများ ဖြာထွက်လျက် တဖြည်းဖြည်း လည်ပတ်နေပြီးနောက် ဖျတ်ခနဲ လက်သွားကာ ထိုလူသုံးဦး၏ နဖူးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ချက်ချင်းဆိုသလိုပင် ထိုသုံးဦးမှာ ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး အလိုအလျောက် ပြန်လည်ခုခံလိုစိတ်များ ပေါ်ပေါက်လာသည်။ သို့သော် ကျိရုရွှယ်၏ သတိပေးချက်နှင့် ခေါင်းဆောင်၏ အေးစက်နေသော အလောင်းကို ပြန်လည်အမှတ်ရမိသောအခါ သူတို့မှာ အံကြိတ်၍သာ အောင့်အည်းသည်းခံလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေကာ နဖူးပေါ်တွင်လည်း ချွေးစေးများ သီးလာခဲ့သည်။

ခေတ္တမျှအကြာတွင် ထိုသွေးရောင် အဆောင် သုံးခုမှာ သူတို့၏ စိတ်အာရုံအတွင်း၌ အောင်မြင်စွာ တံဆိပ်ခတ်နှိပ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

“ပြီးပြီ”

ကျိရုရွှယ်၏ အသံမှာ နတ်မိမယ်လေးတစ်ဦး၏ တေးသံကဲ့သို့ သာယာလှသော်လည်း အစွမ်းကုန် တင်းမာနေသော ထိုသုံးဦးအတွက်မူ သက်ပြင်းချနိုင်မည့် အချက်ပေးသံ ဖြစ်ခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်စစ်ဆေးကြည့်သောအခါ ထူးခြားသော ပြောင်းလဲမှု မရှိသကဲ့သို့ ခံစားရသဖြင့် သဋတို့မှာ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေကြသည်။

“နင်တို့အားလုံးဟာ အခု ငါ့ရဲ့ ကျွန်တွေ ဖြစ်သွားကြပြီ။ ဒီနေ့ကစပြီး နင်တို့ရဲ့ အသက်ရှင်သန်မှုနဲ့ သေဆုံးမှုဟာ ငါ့လက်ထဲမှာပဲ ရှိတယ်။ ငါက နင်တို့ကို ရှင်စေချင်ရင် ရှင်ရမယ် သေစေချင်ရင်တော့... သေရုံပဲ ရှိတော့တယ် နားလည်ကြလား”

ကျိရုရွှယ်က အေးစက်စွာ ပြောလိုက်သည်။

“ဘာ... ဘာပြောတယ်”

ထိုသုံးဦးမှာ လန့်ဖျန့်သွားကြပြီး ထိုလက်မှတ်များမှာ သူတို့အား ထိန်းချုပ်ရန်ဖြစ်ကြောင်း နောက်ဆုံး၌ သဘောပေါက်သွားကြသည်။ သူတို့၏ စိတ်နှလုံးမှာလည်း လေးလံထိုင်းမှိုင်းသွားတော့သည်။

“နင်တို့ အသက်ရှင်နေရတဲ့ တစ်ခုတည်းသော တန်ဖိုးက ငါပေးတဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဖို့ပဲ။ ဘယ်သူမဆို ပေါ့ပေါ့ဆဆ လုပ်မယ်ဆိုရင်တော့... သေရတာထက် ပိုဆိုးတဲ့ အရသာကို ငါပေးမယ်။ အသေးစိတ်ကိုတော့ လီယင်းကို မေးကြည့်လိုက်ကြပေါ့ သူ ကောင်းကောင်း သိမှာပါ”

ကျိရုရွှယ်က အေးစက်စွာ ရယ်မောရင်း လီယင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမက သူ့အကြောင်းကို ထည့်ပြောလိုက်သည်နှင့် လီယင်း၏ မျက်နှာမှာ ခါးသီးသွားကာ ယခင်က ခံစားခဲ့ရသော ဝေဒနာများကို ပြန်လည်အမှတ်ရမိပြီး လက်များမှာလည်း မထိန်းနိုင်ဘဲ တုန်ယင်လာခဲ့တော့သည်။

လီယင်း၏စကားကို ကြားလိုက်ရသည့်အခါ ကျန်ရှိသော အဖွဲ့ဝင်သုံးဦးမှာ သူ့အား ဒေါသအရိပ်အယောင်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

သူတို့သည် သေတာထက် ပိုဆိုးတဲ့အရသာ ဆိုသည်မှာ ဘာလဲဟု မေးမြန်းရန် စိတ်မဝင်စားကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် လီယင်းကိုယ်တိုင်မှာလည်း ဤမိန်းကလေး၏ ကျွန်ပြုခြင်းကို ခံထားရသူဖြစ်ကြောင်း သဋတို့ သဘောပေါက်သွားကြသောကြောင့်ပင်။ အကယ်၍ လီယင်းသာ ဤမိန်းကလေးကို သူတို့ရှိရာဆီသို့ ဦးဆောင်ပြီး ခေါ်မလာခဲ့ပါက သူတို့သည် ယခုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိသွားမည် မဟုတ်ချေ။

“နင်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ကြနဲ့။ အကယ်၍ ငါသိသွားရင်တော့ အကျိုးဆက်ကို နင်တို့ဘာသာ ခံစားရလိမ့်မယ်။

နင်တို့ ကျန်းဟိုင်အခြေစိုက်စခန်းကို ပြန်ရောက်တဲ့အခါ ကျန်းနန်မြို့မှာ ဇွန်ဘီဘုရင် ရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူးလို့ပဲ ပြောလိုက်။ ဒီလူသေဆုံးတဲ့ကိစ္စအတွက်ကတော့... မျိုးရိုးဗီဇပြောင်းသားရဲတစ်ကောင်က တိုက်ခိုက်လို့ပဲဖြစ်ဖြစ် ဆင့်ကဲဇွန်ဘီတစ်ကောင်နဲ့ တိုးလို့ပဲဖြစ်ဖြစ် တစ်ခုခု ဆင်ခြေပေးပြီး ဖုံးကွယ်လိုက်ကြ။ စခန်းက လူတွေ သံသယမဝင်ပါစေနဲ့”

ထိုသူသုံးဦး၏ မျက်နှာပေးကို မြင်သည်နှင့် ကျိရုရွှယ်သည် သူတို့ ဘာတွေးနေသည်ကို သိလိုက်သဖြင့် ကြိုတင်သတိပေးလိုက်ခြင်း ဖြစ်သည်။

“ဟုတ်ကဲ့ပါ သခင်မလေး”

ထိုသုံးဦးမှာ စိတ်ကိုပြန်ထိန်းကာ ညီညာစွာ ပြန်ထူးလိုက်ကြသည်။

ကျိရုရွှယ်က ကျေနပ်သလို ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ထိုစဉ်မှာပင် အဝေးမှ မှောင်ရိပ်များအတွင်းမှ တိုးညင်းသော ခြေသံများ အစီအရီ ထွက်ပေါ်လာသည်။

အဝေးမှ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် ကျိရုရွှယ်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမ၏ စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကြက်လိုက်ရာ အင်အားကြီးမားသော ဇွန်ဘီအချို့ ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်သည်။

“ဒါတွေက ဖေဖေလွှတ်လိုက်တဲ့ ဇွန်ဘီတွေလား”

ကျိရုရွှယ်၏ မျက်ခုံးအစုံမှာ တွန့်ချိုးသွားသည်။ အခြေအနေကို သူမ ချက်ချင်း နားလည်လိုက်ပြီ ဖြစ်သည်။

“သေနတ်သံကြောင့် ဖေဖေ လန့်သွားတာပဲ ဖြစ်ရမယ်”

ကျန်းနန်မြို့ပြနယ်မြေတစ်ခုလုံးမှာ ဖေဖေ့လက်အောက်တွင် ရှိနေသည်ဖြစ်ရာ ရုတ်တရက် သေနတ်သံများ ထွက်ပေါ်လာခြင်းမှာ မထင်မှတ်ထားသော အခြေအနေတစ်ခုဖြစ်ပြီး ဖေဖေကိုယ်တိုင် သို့မဟုတ် သူ၏ ဇွန်ဘီစစ်တပ်က သေချာပေါက် လာရောက်စစ်ဆေးမည်ကို သူမ သိထားသည်။

“နင်တို့ အရင်သွားကြတော့ ဆင့်ကဲဇွန်ဘီတွေ လာနေပြီ ငါသူတို့ကို ခုခံထားလိုက်မယ်”

ထို့ကြောင့် ကျိရုရွှယ်သည် လီယင်းနှင့် အခြားအဖွဲ့ဝင်သုံးဦးအား အမြန်ဆုံး ထွက်ခွာရန် ညွှန်ကြားလိုက်သည်။ သူမကိုယ်တိုင်ကမူ ဖေဖေ့၏ ဇွန်ဘီများကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။

“ဟုတ်ကဲ့”

ဆင့်ကဲဇွန်ဘီများ လာနေပြီဟူသော စကားကြောင့် ထိုလေးဦးမှာ ကျောချမ်းသွားကြပြီး ခေါင်းညိတ်ကာ သူတို့၏ ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် ကျိရုရွှယ် လမ်းညွှန်သည့်အတိုင်း ဆန့်ကျင်ဘက်အရပ်သို့ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။

ထိုလေးဦးမှာ ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြု၍ ညအမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျိရုရွှယ်သည် အိမ်ရာဝင်းအတွင်းမှ ရှည်လျားသော ကုတ်အင်္ကျီအဟောင်းတစ်ထည်ကို အမြန်ရှာဖွေလိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်နှင့် မျက်နှာကို ထိုအင်္ကျီဖြင့် လုံအောင်ဖုံးအုပ်ကာ လေထဲတွင် ဝဲပျံနေလိုက်သည်။

မကြာမီမှာပင် ကျိရုရွှယ်သည် ရင်းနှီးနေသော ပုံရိပ်အချို့ ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ဖေဖေ ထိန်းချုပ်ထားသော ဆင့်ကဲဇွန်ဘီများဖြစ်သည့် သံတုတ်များ ကိုင်ဆောင်ထားသော လျင်မြန်ဖျတ်လတ်သောဇွန်ဘီ၊ ဧရာမဇွန်ဘီနှင့် အဆင့် ၃ ဇွန်ဘီ အမြောက်အမြားပင်။

သူမအနေဖြင့် ဖေဖေ ဤနေရာမှ ထူးခြားမှုများကို သတိမပြုမိစေရန်နှင့် ကိုယ်ပျောက်တပ်ဖွဲ့နောက်သို့ လိုက်မသွားစေရန် တားဆီးရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူမ၏ လျှို့ဝှက်ချက်မှာ ပေါက်ကြားသွားပေလိမ့်မည်။

ဒုန်း ဒုန်း ဒုန်း...

အားဖန့်၊ လျှပ်စီး ၁ ၊ မီးလျှံ ၁ နှင့် အခြား အဆင့် ၃ ဇွန်ဘီရုပ်သေးများသည် အဆင့် ၂ ဇွန်ဘီအုပ်ကြီးကို ဦးဆောင်ကာ လမ်းမတစ်လျှောက် ပြေးလွှားလာနေကြသည်။ ၎င်းတို့၏ ခြေသံများမှာ တစ်မြို့လုံး ဟိန်းထွက်နေတော့သည်။

အားဖန့်၏ အမြင်အာရုံကို အသုံးပြု၍ လုချွမ်းသည် ရှေ့ရှိ လူနေအိမ်ရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ခုနက သေနတ်သံမှာ ဤအရပ်မျက်နှာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်တစ်ခဏတွင် လုချွမ်း၏ အမိန့်အရ ဇွန်ဘီရုပ်သေး အမြောက်အမြားသည် ပတ်ဝန်းကျင်ကို စတင်ရှာဖွေကြပြီး အားဖန့်နှင့် အခြားသူများမှာမူ အဆောက်အဦအတွင်းသို့ ဝင်ရောက်ရန် အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

ထိုအခိုက်အတန့်မှာပင် ကျိရုရွှယ်သည် သူမ၏ အချိန်ထိန်းချုပ်ခြင်းစွမ်းရည်ကို ထုတ်

လွှတ်လိုက်ရာ မမြင်ရသော စွမ်းအားတစ်ခုမှာ အားဖန့်အပါအဝင် ဇွန်ဘီရုပ်သေးများအပေါ်သို့ သက်ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် ပြေးဝင်လာသော ဇွန်ဘီများမှာ ကျောက်ရုပ်များပမာ နေရာတင် တန့်သွားကြတော့သည်။

ထို့နောက် ကျိရုရွှယ်သည် အချိန်ထိန်းချုပ်မှုကို လွှတ်လိုက်ပြီးနောက် သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ ပြင်းထန်သော စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြန်သည်။ ဤစိတ်စွမ်းအင်မှာ အလွန်စေးကပ်လှပြီး အားဖန့်၊ လျှပ်စီး ၁ နှင့် မီးလျှံ ၁ တို့၏ ခြေထောက်များကို မြေပြင်နှင့် ကပ်ထားသကဲ့သို့ တုပ်နှောင်ထားလိုက်တော့သည်။

ဂူးးဂါးး

လုချွမ်း၏ စေခိုင်းမှုအောက်တွင် အားဖန့်နှင့် အခြားဇွန်ဘီများသည် ဒေါသတကြီး ဟိန်းဟောက်ကာ ရုန်းကန်ကြသော်လည်း ထိုစိတ်စွမ်းအင်၏ လက်ခုပ်အတွင်းမှ မည်သို့မျှ ရုန်းမထွက်နိုင်ကြချေ။

လုချွမ်းမှာ လုံးဝ တုန်လှုပ်သွားရသည်။

လျှို့ဝှက်စွာ တိုက်ခိုက်နေတဲ့ လူက အဆင့် ၄ ဆင့်ကဲပြောင်းလဲသူများ ဖြစ်နေမလား။

All Chapters