ရွှေရောင် အရောင်အဝါတွေက အရမ်းတောက်ပနေတာပဲ
Vol. 1-5 Ch. 53
အခန်း (၅၃) : ရွှေရောင် အရောင်အဝါတွေက အရမ်းတောက်ပနေတာပဲ
“ဝန်ခံမှာလား မခံဘူးလား”
မြေအောက်အမှောင်ခန်းထဲတွင် ကန့်လန့်ဖြတ်တိုင်ကို ထောင်ထားသည်။
ထိုတိုင်တွင် ဈေးကြီးပုံရသော အဝတ်အစား ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက် ကြိုးဖြင့် ချည်နှောင်ခံထားရသည်။ သူ့မျက်နှာမှာ လက်ဝါးရာတွေ ရှိနေသလို ဦးခေါင်းမှာလည်း ပွန်းရာတွေ ရှိနေသည်ကို မြင်နိုင်သည်။
သူဌေးလေးစုန့်က လက်ထဲမှာ ကြာပွတ်ကို ကိုင်ထားရင်း ထိုလူရှေ့မှာ မတ်တပ်ရပ်လိုက်သည်။ သူက ထိုသူကို ရိုက်ရင်ရိုက် ဒါမှမဟုတ် မျက်နှာကို ခပ်ပြင်းပြင်း ထိုးလိမ့်မည်။
“ဟား…ဟား… ယုတ်မာလိုက်တဲ့ကေင်… မင်းက ငါ့ရှေ့မှာ ဘယ်လိုလုပ်ပြီးတော့ မင်းသားရှန်အောင်းရဲ့ ပုံစံ ဟန်ဆောင်ရဲရတာလဲ။ ငါက မင်းသားရှန်အောင်းနဲ့ လူမှုရေးအရပါ သိကျွမ်းတယ်ကွ။ သူနဲ့ ရန်လည်းဖြစ်ဖူးတယ်။ ငါတို့နှစ်ယောက်မှာ အနိုင်ရသူက ဘယ်သူဆိုတာကိုတောင် တထစ်ချ ပြောလို့ မရနိုင်ဘူး။ အရှင့်သားရဲ့ အာဏာနဲ့ ချောမောမှုက ဘယ်သူမှ လိုက်မမှီနိုင်ဘူး။ မင်းလိုကောင်မျိုးက ဘာလို့ သူ့လိုမျိုး ဟန်ဆောင်ရဲရတာလဲ။
ငါတို့ ရှင်းရှင်းပဲ ပြောလိုက်ရအောင်။ အခု မင်းရဲ့ ရည်ရွယ်ချက်တွေကို ပြောပြမယ်ဆိုရင် မင်း နာကျင်မှု လျော့နိုင်လိမ့်မယ်”
စကားဆုံးသည်နှင့် သူဌေးလေးစုန့်က ရှန်အောင်းကို နောက်ထပ် တစ်ခါ ပျော်ရွှင်စွာ နှိပ်စက်ပြန်သည်။ ရှန်အောင်း၏ မျက်နှာမှာ မကြာခဏ ရိုက်နှက်ခံနေရသည်။
အမှန်အတိုင်း ဝန်ခံရလျှင် ဒီလိုမျိုး နှိပ်စက်ရသည့်အတွက် သူဌေးလေးစုန့်က အရမ်းကို ပျော်ရွှင်နေသည်။ ရှန်အောင်းကို ရိုက်ရတာ သူ့သားကို ပြန်ရိုက်နေရသလိုမျိုး ခံစားနေရသည်။
ထိုအချိန် ခဏလေးအတွင်းမှာပဲ သူဌေးလေးစုန့် သူ့အဖေကို ကိုယ်ချင်းစာမိသွားသည်။ အခုတော့ သူ့အဖေ သူ့ကို ရိုက်ပြီးလျှင် ဘာလို့ စိတ်ကျေနပ်မှု အကြီးကြီး ရသွားလဲ ဆိုတာကို နားလည်သွားပြီ ဖြစ်၏။
ငါ့ကို တုံးတယ်၊ အသုံးမကျဘူးလို့ ပြောပြီး ကျေကျေနပ်နပ်ကြီး ရိုက်နေတာလည်း မအံ့ဩတော့ပါဘူး…
သားကို အပြစ်ပေးရင် ဒီလိုမျိုး ရွှင်ပျလန်းဆန်းမှုကို ရတာပေါ့လေ…
ရုတ်တရက် သူဌေးလေးစုန့်တွင် ရဲတင်းသော အကြံဉာဏ်တစ်ခု ရလာလေသည်။
ဒီလူကို ငါ့အဖေရဲ့ အဝတ်တွေ ဝတ်ပေးပြီး ရိုက်ရင် ငါ့အဖေကို ရိုက်နေသလိုမျိုး ဖြစ်သွားပြီး ခံစားချက် ပိုကောင်းလောက်လား…
“ကောင်စုတ်လေး… စစ်မေးတာ ဘယ်လိုဖြစ်သွားပြီလဲ”
သူဌေးလေးစုန့် မဟုတ်တမ်း အကြံဉာဏ်များ ထုတ်နေတုန်း မြေအောက်ခန်း၏ အပြင်ဘက်မှ အဖေဖြစ်သူ၏ အသံကို ကြားလိုက်ရသည့်အတွက် ချက်ချင်း ဘေးဖက်သို့ ကပ်လိုက်မိသည်။
သူ့ သွေးတွေ ခဲသွားသလိုပင် ခံစားလိုက်ရ၏။
“အမ်… အဖေ ကျွန်တော် ဒီကောင့်ကို အရက်စက်ဆုံးနည်းတွေ သုံးပြီး နှိပ်စက်နေတာ တစ်နာရီလောက် ရှိတော့မယ်။ ဒါပေမဲ့ ဒီကောင်က တော်တော် ခေါင်းမာတယ်။ အခုထိ စကားတစ်ခွန်းမှ ပြန်မပြောသေးဘူး”
သူဌေးစုန့်က ရှန်အောင်း၏ ကိုယ်ပေါ်က အကောင်းအတိုင်းရှိနေသော အဝတ်အစားနှင့် မျက်နှာမှ ရိုက်ရာတွေကိုကြည့်လိုက်သည်။
ထို့နောက် စိတ်တိုစိတ်ပျက်သော မျက်နှာထားဖြင့် သူဌေးလေးစုန့်ကို လှည့်ကြည့်ကာ ပြောလိုက်သည် “မင်း သူ့ကို တစ်ချက်မှတောင် မရိုက်ရသေးဘူးပဲ… အဲဒါတောင် သူ့ကို နှိပ်စက်ပြီးပြီလို့ ပြောနေတယ်ပေါ့လေ”
သူဌေးလေးစုန့်က အမှားလုပ်မိဟန်ဖြင့် ပြန်ဖြေလိုက်သည် “ကျွန်တော် ငယ်ငယ်ကတည်းက အဖေ့နောက် တကောက်ကောက် လိုက်ခဲ့ပေမဲ့ တရားခံတစ်ယောက်ကို ဘယ်လိုစစ်မေးလဲဆိုတာ ကျွန်တော်မှ မမြင်ခဲ့ဖူးတာ။ ကျွန်တော် မသိတဲ့အရာအတွက် ကျွန်တော်ကို အပြစ်တင်လို့ မရဘူးလေ”
“အသုံးမကျတဲ့ကောင်ပဲ… ကြာပွတ် ငါ့ကို ပေးစမ်း” သူဌေးစုန့်က အော်ပြောလိုက်သည်။
သူဌေးစုန့် ကြာပွတ်ကို ကိုင်ထားရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
အပွင့်လင်းဆုံးပြောရရင် သူလည်း တစ်စုံတစ်ယောက်က အမှန်တရားကို ပြောလာဖို့ စစ်ဆေးမေးမြန်းတာမျိုး အခုမှ ပထမဆုံးလုပ်ဖူးတာပင်။
သူလည်း သူ့သားလိုမျိုး ဤနယ်ပယ်ဘက်မှာတော့ အတွေ့အကြုံ မရှိပေ။
သူဌေးစုန့်က ရှန်အောင်းနှင့် မျက်နှာချင်းဆိုင်ရင်း လှောင်ရယ်ကာ မေးလိုက်သည်
“ငါ မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်။ သူခိုးကောင်… မင်း လုပ်ထားတာကို ဝန်ခံလိုက်စမ်း… မဟုတ်ရင်တော့ ငါ့ကြာပွတ်က မင်းကို သက်ညှာပေးမှာ မဟုတ်ဘူးနော်”
ရှန်အောင်း၏ မျက်နှာက ဖူးယောင်နေသလို မျက်နှာမှာ ဝမ်းနည်းသော အရိပ်အယောင် ထင်ဟပ်နေသည်ကို မြင်နိုင်သည်။ ကူကယ်ရာမဲ့မှုနဲ့ နောင်တအရိပ်အယောင်တို့သည်လည်း သူ သူဌေးစုန့်ကို ပြန်ကြည့်လိုက်သော အကြည့်မှာ ပါဝင်နေသည်။
ရှန်အောင်း၏ တုံ့ပြန်မှုကို ရလိုက်သောကြောင့် သားအဖနှစ်ယောက်မှာ သူဌေးစုန့်က စစ်ဆေးမေးမြန်းတာ ပိုတော်သည်ဟု ယူဆလို့ရသည်။
ဖြောင်း…
သူဌေးစုန့်က သူ့သား၏ ခေါင်းကို ခပ်ပြင်းပြင်း ရိုက်လိုက်သည်။
“အဖေ၊ ကျွန်တော်က အဖေ့ကို ကူညီဖို့ အားအင်တွေ အများကြီး စိုက်ထုတ်ထားရတာ။ ဘာလို့ ကျွန်တော့်ကို ထပ်ပြီးတော့ ရိုက်ရပြန်တာလဲ”
အခု သူဌေးလေးစုန့်က အတော်လေး ဒေါသထွက်သွားမိသည်။
ဘယ်လောက်ပဲ ကျွန်တော်ရဲ့အဖေ ဆိုပေမဲ့လည်း ဒီလိုမျိုး ကြိုက်တဲ့အချိန်တိုင်း ရိုက်နှက်နေလို့မရဘူး။ ကျွန်တော့်ကို ဒီလိုဆက်ဆံတာ သိပ်ကိုမှားသွားပြီ… ကျွန်တော် ဗူဒူးအရုပ်လုပ်ပြီးတော့ နေ့တိုင်း အပ်နဲ့ထိုးမှာနော်။ ကျွန်တော် အဲလိုမျိုး သေချာပေါက် လုပ်ဖြစ်အောင် လုပ်မှာဗျ။
သူဌေးစုန့်က သားဖြစ်သူ၏ တုံးအမှုကို မယုံနိုင်ဖြစ်နေရသည်။ သူက ဗလုံးဗထွေးအသံတွေ ထွက်နေသော ရှန်အောင်းကို လက်ညှိုးထိုးပြကာ အော်လိုက်သည်
“ခွေးမသား… တရားခံကို စစ်မေးရင် ပါးစပ်ကို စီးထားတာ မြင်ဖူးလို့လား။ အဲလိုပုံစံနဲ့ သူတစ်ခုခုပြောလာဖို့ မျှော်လင့်နေသေးတာလား”
သူဌေးလေးစုန့်က သူ့အဖေ ပြောတာကို ကြားပြီးသည့်နောက်မှာတော့ ကြောင်အသွားရသည်။
သူ ရှန်အောင်းကို ကြည့်လိုက်တော့ မျက်ရည်တွေကျနေသည်ကို တွေ့လိုက်ရသည်။
ထိုအစ်ကို၏ မျက်ရည်များမှတစ်ဆင့် မကျေနပ်မှု၊ ဒေါသထွက်မှုနဲ့… စိတ်သက်သာရာရမှုတို့ကို သူမြင်နေရသည်။
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ငါ့ဘက်က ရပ်တည်ပေးပြီး နည်းလမ်းကျတဲ့ စကားကို ပြောခဲ့ပြီပဲ။ မင်း… ခွေးကောင်…
ငါ့ကို ဝန်ခံခိုင်းနေပေမဲ့ ငါ့ပါးစပ်ကို ပိတ်ခိုင်းထားတဲ့ အသံတိတ်ဂါထာကိုကျတော့ ဘာလို့ ဖယ်မပေးရတာလဲ…
ငါ့ကို အသံမထွက်နိုင်အောင် လုပ်ထားပြီးတော့ စကားပြောခိုင်းစေချင်သေးတာလား…
အရမ်းမျှော်လင့်ချက် ကြီးနေပြီ…
“အဟမ်း… ဟမ်း… တောင်းပန်ပါတယ် အစ်ကို။ ကျွန်တော့်မှာ လူတွေကို စစ်ဆေးမေးမြန်းတဲ့ အတွေ့အကြုံမရှိလို့ပါ”
သူဌေးလေးစုန့်က ခေါင်းကုတ်ရင်း ပြောလိုက်သည်။ သူက ရှန်အောင်းကို စစ်ဆေးမေးမြန်းဖို့ မေ့နေပြီး လူရိုက်ရတာကိုသာ ပျော်နေမိ၏။ ထို့ကြောင့် ရှန်အောင်း၏ ပါးစပ်က အသံတိတ်ဂါထာကို မဖယ်လိုက်မိကြောင်းကိုတော့ ဝန်မခံတော့ပေ။
စိတ်ထဲမှာတော့ ထိုအသံတိတ်ဂါထာ ဖန်တီးလိုက်သူကို အပြစ်တင်ကျိန်ဆဲနေသည်။
သူတို့က ဘာလို့ တိပ်ကပ်ထားသလို မြင်ရတဲ့ဟာမဟုတ်ပဲ အသံတိတ်ဂါထာကို ဖန်တီးလိုက်ရတာလဲ…
သူ့ကို စိုက်ကြည့်နေသော သားအဖေကြောင့် ရှန်အောင်း ပိုပြီးတော့ပင် ငိုမိသည်။
အခု သူ တကယ်ကို နောင်တရနေပါပြီ။ သူ အစကတည်းက အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲကို ခြေမချေခဲ့သင့်ဘူး။
ညီတော်(၁၃)က သူ့နေရာကို လာပြီးတော့ ချင်ကောင်းကို ခေါ်ထုတ်သွားခဲ့တုန်းက အဲဒီနေ့မှာ တာဝန်ကျတဲ့ နန်းတွင်းအစေခံ၊ မိန်းမစိုးတွေအစား တခြားသူတွေကို အစားထိုးခဲ့သင့်တာ…
အိုး… သူက ဘာလို့ လီကုန်းကုန်းနဲ့ ထိတွေ့မိသေးခဲ့တာလဲ…
အဲဒီကနေ စပြီးတော့ အရာအားလုံး မှားယွင်းတော့တာပဲ… အမှုမဲ့ အမှတ်မဲ့နေလိုက်မိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရတော့မှာပဲ…
ထိုအချိန် အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်၏ တစ်နေရာတွင်…
“ဟက်ချိုး… ဟက်ချိုး…”
တစ်နေ့လုံး ပင်ပန်းပြီးနောက် ရှန်ထျန်း တည်းခိုဆောင်ကို ပြန်ရောက်တော့ ကျင့်ကြံရေးကို စတင်ဖို့ ပြင်ဆင်နေတုန်း ဆက်တိုက် နှာချေနေမိသည်။
ရှန်ထျန်း ရူးပင် ရူးချင်သွားရသည်။
အာ… ဘယ်မိန်းကလေးက ငါ့အကြောင်းကို စဉ်းစားနေရပြန်တာလဲ…
သူ ဒီကမ္ဘာကို ရောက်လာပြီးနောက်ပိုင်း သူက တခြားသူတွေ၏ စိတ်ထဲမှာ ရှိနေတာကို ရှန်ထျန်း သိသည်။
သူက ကြည့်ကောင်းသည့် ရုပ်ရည်ရှိသည့်အပြင် အခုဆိုရင် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်၏ ဆရာနတ်မင်းလည်း ဖြစ်နေလေပြီ။
ထို့ကြောင့် သူ့ကို အရမ်းချစ်ကြသော မိန်းကလေးပရိသတ်တွေက သူ့အနားအမြဲလာကာ သူ့အတွက် ဘယ်လောက်ထိ ကလေးမွေးပေးချင်နေကြောင်း တတွတ်တွတ် ပြောနေကြသည်။
သူ ဘာပဲလုပ်လုပ်၊ ထိုမိန်းကလေးတွေကို မောင်းထုတ်လို့မရ ဖြစ်နေသည်။ ထိုအရာက ရှန်ထျန်းကို အတော်လေး စိတ်ဒုက္ခပေးနေလေသည်။
သူ၏ မည်းနက်နေသော ရောင်ဝါစက်ဝန်းကို ဖျောက်ချင်သောကြောင့်သာ ဤနေရာမှာ နေနေရခြင်း ဖြစ်၏။ ယခုလိုသာ လုပ်စရာ မလိုပါက ကျင့်ကြံရေးလမ်းစဉ်ကို ဆက်လက် တိုးတက်အောင်လုပ်ဖို့အတွက် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကနေ ထွက်သွားပြီး တိတ်တိတ်ဆိတ်ဆိတ် တစ်နေရာမှာသာ နေချင်တော့သည်။
ကျင့်ကြံရေးလောကက တကယ်ကို အန္တရာယ်များတာပဲ…
သူ မဟာယနအဆင့်သို့ ရောက်ရှိမှသာ လုံခြုံနိုင်မည် ဖြစ်ကြောင်း ရှန်ထျန်းသိသည်။
လက်ရှိမှာတော့ ကျင့်ကြံရေးက တိုးတက်မှု မရှိသေးသလို သူ အရမ်းအဆင့်မြင့်ကြီးကိုလည်း မရောက်ချင်သေးပေ။
သူ ဝတ္ထုတွေအများကြီး ဖတ်ထားသည့် အတွေ့အကြုံအရ ထိုကဲ့သို့ အဆင့်မြင့်သူ ဖြစ်သွားပါက အဓိကဇာတ်ဆောင်၏ သတ်ဖြတ်ခြင်းကို ခံရတတ်သည်ဟု သိထားသည်။
ဒီရက်ပိုင်း အပြုအမူတွေအရ သေတော့မည်ဟု ခံစားနေရသည်။
အဓိကဇာတ်ဆောင် ရုတ်တရက် ထွက်လာရင် ဘယ်လိုလုပ်မလဲ… ငါလေး အသတ်မခံရလောက်ပါဘူးနော်…
အရင်တုန်းကတော့ ဦးနှောက်မရှိသည့် ဤသို့သော ဇာတ်ကောင်တွေကို လှောင်ရယ်နေခဲ့မိသည်။ အခုတော့ ကျင့်ကြံရေးလောကကို ရောက်လာပြီးနောက်ပိုင်း လူမသိသူမသိလေး သိုသိုသိပ်သိပ်နေတာ အကောင်းဆုံး ဆိုတာကို သိလာခဲ့သည်။
“အရမ်းအားစိုက်မထုတ်ဘဲ စိုက်ပျိုးမွေးမြူရေးသာ လုပ်နေ” ဆိုတာက ရွှေကဲ့သို့ တန်ဖိုးရှိသော စည်းမျဉ်း ဖြစ်သည်။
အနိုင်ယူလို့ မရတဲ့သူကို ဘယ်သူက လာပြီးတော့ အနိုင်ကျင့်မှာလဲ…
ရှန်ထျန်းက အတွေးတွေ အကုန်လုံးကို ရှင်းထုတ်ကာ အိတ်ကပ်ထဲမှ စိပ်ပုတီးစေ့ကို ထုတ်လိုက်သည်။
ရှန်ထျန်း သတ္ထုရိုင်းတုံးတွေကို အကဲဖြတ်နေသည့် တစ်လျှောက်လုံး ကျိုးအာက ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူနေခဲ့သည်။ ထို့ကြောင့် ပုတီးစေ့ပေါ်ရှိ အက်ကွဲရာလေးတွေက ပိုမိုကောင်းမွန်လာသလို ခံစားရသည်။ ပုတီးစေ့၌ ဖယ်ထုတ်လို့ မရသေးသော အက်ကွဲရာတွေ ရှိသော်လည်း ရှန်ထျန်း ပုတီးစေ့ကို ကိုင်ရတာတော့ ပိုမိုလွယ်ကူလာသည်။
“ဝိညာဉ်ကျောက်တုံးတွေ စုပ်ယူတာ အရမ်းမြန်တာပဲ”
သူ့အိတ်ထဲက အနည်းငယ်သာ ကျန်ရှိတော့သော ဝိညာဉ်ကျောက်တုံးကို ကြည့်ကာ ရှန်ထျန်း ခေါင်းယမ်းရင်း မဲ့ပြုံးပြုံးလိုက်သည်။
သူ့မှာ စုဆောင်းထားတာလေးတွေ ရှိလို့ တော်တော့တယ်… မဟုတ်ရင် ဒီသရဲကို သူ့ဘေးမှာထားဖို့ ဘယ်လိုလုပ်ပြီးတော့ တတ်နိုင်မှာလဲ…
သူက ဝိညာဉ်ကျောက်တုံး အိတ်ငယ်လေး နောက်ထပ် တစ်အိတ်ကို ယူကာ ပုတီးလေးကို အထဲမှာ ထည့်လိုက်သည်။ ဗိုက်ဆာနေသော ကျိုးအာက ချက်ချင်းပဲ ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူလိုက်သည်။
ရုတ်တရက် လေထုထဲက တစ်စုံတစ်ခုကို ကျိုးအာ ခံစားမိလိုက်သည်။
သူက စုပ်ယူနေတာကို ရပ်လိုက်ပြီး ကြောက်ရွံ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည်
“သခင်… ကျွန်မတို့အနားမှာ အရမ်းကြောက်စရာကောင်းတဲ့ အရာတစ်ခု ရောက်နေတယ်လို့ ခံစားနေရတယ်”
ကျိုးအာ၏ ခန္ဓာကိုယ် တဖြည်းဖြည်း မှိန်လာတာကြောင့် သူမ ဘယ်လောက်အထိ ကြောက်နေမှန်း သိသာလှသည်။
ရှန်ထျန်းလည်း သတိကပ်ထားလိုက်သည်။
“မိစ္ဆာဝိညာဉ်ရဲ့ နောက်လိုက်တွေ ကျွန်မတို့ကို ရှာတွေ့သွားတာများလား”
ရှန်ထျန်းက ဓားသခင် အမှတ်အသားပြားကို အလျင်အမြန် ထုတ်လိုက်သည်။
ဝုန်း…
သူ့အခန်းတံခါးကို ဆောင့်ဖွင့်ခံလိုက်ရ၏။
ရွှေရောင် ရောင်ဝါစက်ဝန်းကနေ ထွက်ပေါ်လာသည့် နေရောင်ထက်ပင် တောက်ပသော ရောင်ခြည်များက ရှန်ထျန်း၏ မျက်နှာပေါ် ဖြာကျလာသည်။
ထိုအချိန်တွင် ထိုအလင်းရောင်ကြောင့် ရှန်ထျန်း မျက်စိကန်းတော့မလိုပင် ခံစားလိုက်ရသည်။
ဒီလောက်ထိ အရောင်အဝါ တောက်ပနေတဲ့သူက ဘယ်သူများပါလိမ့်…