← Chapters

အခန်း (၄၉၁)

Vol. 50 Ch. 491

အခန်း (၄၉၁)

Vol. 50 Ch. 491

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“မိစ္ဆာမ လီဝမ်ဝမ်... ငါ မင်းကို စောင့်နေတာကြာပြီ...”

တုပိုင်၏ ထူးဆန်းသော အပြုံးကို မြင်လိုက်ရသည့်အခါ လီဝမ်ဝမ်မှာ ရုတ်တရက် တုန်လှုပ်သွားရကာ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားလေ၏။

“ဘုန်းးး...”

ရုတ်တရက်ဆိုသလိုပင် တုပိုင်ကို ဗဟိုပြုထားသော ပေ ၃၀ ပတ်လည် မြေပြင်သည် ပေါက်ကွဲအက်ကွဲသွားပြီး အစိမ်းရောင်နှင့် ရွှေရောင် အနည်းငယ် ရောနှောနေသော အဆိပ်မြူများသည် ပြင်းထန်စွာ ထွက်ပေါ်လာသည်။

မီးနတ်ဘုရားဘာသာ၏ မဟာဆရာသခင် ၉ ဦးနှင့် အထွတ်အထိပ်ဆရာသခင် ၁၀ ဦးတို့သည် တုပိုင်ကို လုပ်ကြံသတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားနေကြသူများ ဖြစ်၏။ အဆိပ်မြူများ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည့် ခဏ၌ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် သွေးလမ်းကြောင်းတိုင်းမှ ချီစွမ်းအင်များကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး ထိုအဆိပ်မြူများကို တွန်းထုတ်ရန် အားထုတ်လိုက်ကြသည်။

ဤမြင်ကွင်းမျိုးသည် လီဝမ်ဟွေ့ လီမိသားစုအိမ်တော်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်ကလည်း ဖြစ်ပျက်ခဲ့ဖူးသည်။ ထိုစဉ်တုန်းက ဧကန်မုချ ထိရောက်မှု ရှိခဲ့ဖူးပေသည်။

သူတို့သည် မဟာဆရာသခင်များနှင့် အထွတ်အထိပ်ဆရာသခင်များ ဖြစ်ကြသဖြင့် မြှားများကိုပင် အတွင်းအားဖြင့် ပြန်ကန်ထွက်စေနိုင်ရာ အဆိပ်မြူလောက်ကိုမူ ပြောနေစရာပင် မလိုချေ။

သို့သော် ထူးဆန်းသည်မှာ ထိုအဆိပ်မြူများသည် တွန်းကန်လာသော အတွင်းအား ချီစွမ်းအင်လှိုင်းများကို လျစ်လျူရှုကာ တိုက်ရိုက် တိုးဝင်သွားပြီး အရေပြားပေါ်တွင် ကပ်ငြိလျက် ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြခြင်းဖြစ်၏။

ချက်ချင်းပင် အဆိပ်မြူများက အာနိသင်ပြလာကာ သိုင်းပညာရှင်များ၏ သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“အားးး... အားးး... အားးး... အားးး...”

သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့်ပင် မီးနတ်ဘုရားဘာသာ၏ အထွတ်အထိပ်ဆရာသခင် ၁၀ ဦးနှင့် မဟာဆရာသခင် ၉ ဦးတို့၏ အသားနှင့် အရေပြားများသည် လျင်မြန်စွာ ပုပ်သိုးဆွေးမြေ့သွားကြလေ၏။

သူတို့၏ အသားစများသည် ရွှံ့နွံများအဖြစ် အံ့မခန်းအမြန်နှုန်းဖြင့် ပြောင်းလဲသွားကြကာ ပြုတ်ကျသွားပြီး နောက်ဆုံးတွင် အရိုးစုအဖြစ် ပြောင်းလဲသွားကြတော့သည်။

ထို့နောက် သူတို့၏ အလွန် စူးရှပြင်းထန်သော နာကျင်စွာ အော်ဟစ်သံများသည်လည်း ပဲ့တင်သံအဖြစ်သို့ ပြောင်းလဲသွားကာ တိတ်ဆိတ်သွားတော့လေ၏။ ကြောက်စရာကောင်းလှသည်။

ဝင်လေထွက်လေ ၁၀ ကြိမ်ခန့်ကြာပြီးနောက် မီးနတ်ဘုရားဘာသာမှ သိုင်းပညာရှင် ၁၉ ဦးစလုံး ဆိုးရွားစွာ သေဆုံးသွားကြလေတော့သည်။

တုပိုင်သည် လီယန်၏ စစ်တပ်ကို အနိုင်ယူပြီး ထိုသားရဲကောင်ကို သတ်ဖြတ်ပြီးနောက် ရန်သူဘက်မှ တုံ့ပြန်မည့် နည်းလမ်းမှာ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်မည်ဟု ပထမဆုံး တွေးမိခဲ့သည်။

လီရူဟိုင်၏ တာ့ယန်နိုင်ငံတော်သည် အနောက်ဘက်ဒေသရှိ မီးနတ်ဘုရားဘာသာကို ကျောထောက်နောက်ခံ ပြုထားပြီး တိမ်တိုက်များအလား ပေါများလှသော အဆင့်မြင့်သိုင်းပညာရှင်များ ရှိနေသဖြင့် တုပိုင်ကို ဖယ်ရှားရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည့် လုပ်ကြံသတ်ဖြတ်ခြင်းကို အသုံးပြုမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ရက်တစ်ထောင်မျှ သူခိုးကို ကာကွယ်ရန် ခက်ခဲလှ၏။ တစ်ရက်လောက် သတိလပ်မိသွားပါက အခိုးခံရလိမ့်ပေမည်။ အလားတူပင် လုပ်ကြံသတ်ဖြတ်ခြင်းကို ရှောင်လွှဲ၍ မရနိုင်သလို အချိန်တိုင်း စစ်တပ်ထဲတွင် ပုန်းအောင်းနေ၍လည်း မရနိုင်ပေ။

ထို့ကြောင့် တုပိုင်သည် ဦးစွာ လက်ဦးမှု ရယူပြီး ရန်သူကို မြှားခေါ်သည့် ဤမဟာဗျူဟာကို ဖန်တီးခဲ့ခြင်း ဖြစ်လေ၏။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ဉာဏ်ကြီးရှင် အဂ္ဂိရတ်ပညာရှင် ၊ ပုကွကွ ပရောဖက် စစ်ခုန်းယဲ့သည် ဤသေစေနိုင်သော အဆိပ်မြူကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို အစိမ်းရောင် အဆိပ် ၊ သံချေးတက်စေသော အဆိပ်နှင့် ညစ်ညမ်းနေသော ရေတွင်းမြတ်မှတွင်းရေတို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်း ဖြစ်သည်။

စစ်ခုန်းယဲ့သည် ရေတွင်းမြတ်မှတွင်းရေကို စတင် လေ့လာနေပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ပထမဆုံး အာနိသင်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယင်းမှာ ရေတွင်းရေသည် ချီစွမ်းအင်နှင့် အတွင်းအားကို လုံးဝ ထိုးဖောက်နိုင်စွမ်း ရှိခြင်းပင်။ ထို့ကြောင့် အဆိပ်မြူများ ပေါက်ကွဲထွက်လာသောအခါ မီးနတ်ဘုရားဘာသာမှ ဆရာသခင်များသည် အတွင်းအား လေလှိုင်းများဖြင့် အဆိပ်မြူများကို တွန်းထုတ်၍ မရနိုင်ခြင်း ဖြစ်ပေသည်။

ထို့ပြင် စီမံကိန်းတစ်ခုလုံး၌ အိပ်မက်စနစ်သည်လည်း ပါဝင်ပတ်သက်ခြင်း မရှိသလောက်ပင်။ အနည်းဆုံးတော့ ယခုအချိန်အထိ ရန်သူကိုမြှားခေါ်သည့် စီမံကိန်းသည် အလွန် အောင်မြင်ခဲ့သည်ဟု ဆိုရမည်။

သို့သော် ရန်သူမှာ လီဝမ်ဝမ် ဖြစ်၏။ သူမကို သတ်ဖြတ်နိုင်လျှင် သို့မဟုတ် ဆိုးဆိုးဝါးဝါးကြိိး ဒါဏ်ရာရစေနိုင်လိုက်လျှင် အရာအားလုံး အဆင်ပြေသွားပြီဟု ပြောနိုင်ပေ၏။

တုပိုင်၏ ပေ ၃၀ ပတ်လည်တွင် အစိမ်းရောင် ရှုပ်ထွေးသော အဆိပ်မြူများ ဖုံးလွှမ်းနေသော်လည်း တုပိုင်သည် အဆိပ်မြူကို လုံးဝ ပြီးပြည့်စုံစွာ ခုခံနိုင်စွမ်း ရှိလေသည်။ ကျီပြောင်ပြောင်သည် ပေအနည်းငယ် ဝေးကွာသော နေရာသို့ လွင့်စင်သွားသဖြင့် လောလောဆယ်တွင် ထိခိုက်မှု ရှိမည် မဟုတ်ချေ။

ဝင်လေထွက်လေ ၁၀ ကြိမ်ခန့် ကြာပြီးနောက် အဆိပ်မြူများ အားလုံး မြေကြီးပေါ်သို့ ကျသွားသည်။ တုပိုင်သည် အလယ်ဗဟိုတွင် ရပ်နေပြီး လီဝမ်ဝမ်သည် သူ့ရှေ့တည့်တည့်တွင် ရှိနေကြောင်း ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။

လှပသော မျက်လုံးများထဲတွင် ထူးဆန်းသော အစိမ်းရောင် အလင်းတန်းများ ပေါ်လာပြီး တုပိုင်ကို မဲ့ပြုံး ပြုံးပြနေသည်။ ချက်ချင်းပင် တုပိုင်၏ ဆံပင်များ ထောင်ထသွားရကာ ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

ဤအဆိပ်မြူသည် အလွန် စွမ်းအားကြီးမားလှသော်လည်း အဘယ်ကြောင့် လီဝမ်ဝမ် အသက်ရှင်လျက်ရှိနေရသနည်း။ အဘယ်ကြောင့် ခန္ဓာကိုယ်က ဆိုးဆိုးရွှားရွှားဖြင့် ပျက်စီးမသွားရသနည်း။

တုပိုင်သည် သွေးကြောများ ပြောင်းလဲသွားသဖြင့် ခန္ဓာကိုယ် ပျက်စီးခြင်း မရှိသည်မှာ မှန်၏။ သို့သော် လီဝမ်ဝမ်က အဘယ်ကြောင့် အဆင်ပြေနေရသနည်း။

“မောင်လေးတုပိုင်က တော်တော် ရက်စက်တာပဲနော် ၊ ဟင်းဟင်း”

လီဝမ်ဝမ် ပြုံးပြီး ပြောလိုက်သည်။

“ထောင်ချောက်ထဲကို ဝင်လာဖို့ မြှားခေါ်တယ်ပေါ့လေ… အမရဲ့ သိုင်းပညာရှင် ၁၉ ယောက်လုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်ပေါ့။ ကောင်းတဲ့ နည်းလမ်းပဲ... တကယ် ကောင်းတဲ့ နည်းလမ်းပဲ...”

လီဝမ်ဝမ်သည် ညင်သာစွာ လက်ခုပ်တီးလိုက်သည်။ သူမ၏ ပြိုင်ဘက်ကင်း ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် ချစ်စဖွယ် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်လုံးများကမူ အေးစက်နေသည်။

သူမ၏ မျက်ဝန်းများထဲတွင် မိစ္ဆာဆန်သော အစိမ်းရောင်များ ရှိနေဆဲပင်။ သူမသည် ခြေဗလာဖြင့် အစိမ်းရောင် အဆိပ်မြူများပေါ်တွင် နင်းလျက် မထိမခိုက် အကောင်းအတိုင်းကြီး ရပ်နေ၏။

“ထူးဆန်းမနေဘူးလား... ဒီအဆိပ်မြူက ဒီလောက် ပြင်းထန်တာ... ဘာလို့ အမဘာမှမဖြစ်တာလဲဆိုပြီးလေ” လီဝမ်ဝမ်က ညှို့ဓာတ်ပြင်းစွာ ပြောလိုက်သည်။

ထို့နောက် သူမ၏ မျက်နှာထားသည် အလွန်အမင်း အေးစက်သွားပြီး ဟိန်းဟောက်လိုက်သည်။

“ဘာကြောင့်လဲဆိုတော့... ငါငယ်ငယ်ကတည်းက ဘာတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ နင် မသိလို့လေ။ ငါ့အသက် ငါးနှစ်ကတည်းက ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ နင် မသိဘူး။ နင်က မီးနတ်ဘုရားဘာသာအကြောင်း ဘာမှ မသိဘဲကိုး”

“မောင်လေးတုပိုင်... ရှင်က တကယ် အံ့သြစရာ ကောင်းပါတယ်။ လှည့်ကွက်တစ်ခုတည်းနဲ့ အမရဲ့ သိုင်းပညာရှင် ၁၉ ယောက်ကို သတ်ပစ်လိုက်နိုင်တယ်။”

လီဝမ်ဝမ်က အေးစက်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ မောင်လေးကို သတ်ဖို့အတွက်တော့ အမတစ်ယောက်တည်းနဲ့ လုံလောက်တာထက် ပိုပါတယ်”

ချက်ချင်းပင် တုပိုင်၏ ကျောပြင်မှ မွေးညင်းများ တစ်ချောင်းချင်းစီ ထောင်ထလာလေ၏။

သောက်ကျိုးနည်း။ ဤအဆိပ်မြူများသည် မည်သူကို မဆိုသတ်ပစ်နိုင်ရမည်ဖြစ်သော်လည်း လီဝမ်ဝမ်ကတော့ အကောင်းအတိုင်းရှိနေဆဲပင်။ တုပိုင်တော့ သောက်ကျိုးနည်းပြီ ဖြစ်လေ၏။ လီဝမ်ဝမ်၏ သိုင်းပညာသည် မည့်သည့်အဆင့်တွင် ရှိနေသနည်း။ တကယ်ကို ကြောက်ဖို့ကောင်းလွန်းလှသည်။

အကယ်၍ သူမသာ တုပိုင်ကို သတ်ရန် အစွမ်းကုန် ကြိုးစားလာလျှင် မည်သို့သော ရလဒ် ထွက်ပေါ်လာမည်နည်း။ တုပိုင်ကိုယ်တိုင်ပင် မခန့်မှန်းတတ်တော့ချေ။

“သေလိုက်တော့...”

လီဝမ်ဝမ် စူးရှစွာ အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးထဲမှလည်း အစိမ်းရောင်အလင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ရွှီးးး...”

ချက်ချင်းပင် အလွန် ထက်ရှသော ဓားတစ်လက် ၊ ကောင်းကင်ကို တုန်လှုပ်စေသော ဓားတစ်လက် ၊ အလွန် စွမ်းအားကြီးမားသော ဓားတစ်လက် ၊ တုပိုင်ကို ဆယ်ကြိမ်တိုင်တိုင် သတ်ဖြတ်ရန် လုံလောက်သော ဓားတစ်လက် ၊ စွမ်းအားကြီးမားပြီး ထူးဆန်းသော ဓားချီအရှိန်အဝါသည် တုပိုင်ထံသို့ အလွန်မြန်ဆန်လွန်းလှသည့် အရှိန်ဖြင့် တိုးဝင်လာလေ၏။

တုပိုင် အသည်းအသန်ဖြင့် လက်ထဲမှ အစိမ်းရောင် နဂါးသတ်ဓားကို အလိုအလျောက် ဝှေ့ယမ်းလိုက်သည်။

လီဝမ်ဝမ်၏ ကောင်းကင်ကိုထိုးခွဲတော့မတတ် ထက်ရှလှသည့် ဓားချီနှင့် တုပိုင်၏ နဂါးသတ်ဓားတို့ ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားလေ၏။

“ဝုန်းးးး...” ချက်ချင်းပင် တုပိုင်၏ တစ်ကိုယ်လုံးသည် အကန်ခံလိုက်ရသော ဘောလုံးကဲ့သို့ ပေပေါင်းများစွာ အကွာသို့ အကူအညီမဲ့စွာဖြင့် လွင့်စင်ထွက်သွားရလေ၏။

သူမ၏ ဓားချက်သည် တုပိုင်ကို ဆယ်ကြိမ်မက သတ်ဖြတ်ရန် လုံလောက်ကြောင်း လီဝမ်ဝမ် အခိုင်အမာ ယုံကြည်ထားသည်။

သို့သော် သူမသည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး တုပိုင်၏ ခေါင်းကို တိုက်ရိုက် ဖြတ်ယူကာ ခမည်းတော် လီရူဟိုင်ထံ ယူဆောင်သွားရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်ခဏ၌ တုပိုင်သည် မထိမခိုက် အကောင်းတိုင်းကြီး မတ်တတ်ရပ်နေကာ နည်းနည်းလေးမှပင် မထိခိုက်သွားသည်ကို သူမ ထိတ်လန့်စွာ တွေ့ရှိလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် ပုကွကွ လူအိုကြီးတစ်ယောက်သည် ဘယ်ဘက်သို့ ခြေတစ်လှမ်း ရွှေ့လိုက်ပြီး တုပိုင်၏ အနောက်မှ ထွက်ပေါ်လာသည်။

ထိုလူအိုကြီးကို မြင်လိုက်ရသည့်အခါ လီဝမ်ဝမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လေတစ်ချက် ရှူသွင်းလိုက်မိသည်။

“မျက်လုံးမိစ္ဆာ စစ်ခုန်းလင်း...”

ထို့နောက် နောက်တစ်စက္ကန့်တွင် သူမ ချက်ချင်းပင် ခြေရာဖျောက် ပျောက်ကွယ်သွားတော့သည်။

“တုပိုင်... ငါတို့ မီးနတ်ဘုရားဘာသာရဲ့ ရန်သူ စစ်ခုန်းလင်းကို လက်ခံထားရဲတယ်ပေါ့”

“နင် ငါတို့ တာ့ယန်နိုင်ငံတော်ရဲ့ စစ်သည် တစ်သိန်း ရောက်လာပြီး နင့်ရဲ့ ပိုင်ဆယ်မြို့ကို မြေလှန်ပစ်မယ့်အချိန် ၊ နင့်ရဲ့ စစ်သည် ၃၀,၀၀၀ ကို သတ်ပစ်မယ့်အချိန်ကို စောင့်နေလိုက်”

လီဝမ်ဝမ်၏ အသံသည် အပြာရောင်နဂါးဂိုဏ်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး သူမ၏ ပုံရိပ်သည် အဝေးသို့ ပျောက်ကွယ်သွားလေတော့၏။ တုပိုင်၏ အနောက်တွင် ပေါ်လာသူမှာ သေချာပေါက် စစ်ခုန်းလင်း မဟုတ်ချေ။ သူ၏ အမြွှာညီအစ်ကို ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ပရောဖက် စစ်ခုန်းယဲ့သာ ဖြစ်ပေသည်။

စစ်ခုန်းလင်းသည် တုပိုင်အား ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကျမ်းလိပ်ကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သော လူပုဝါရင့်သိုင်းပညာရှင် ဖြစ်သည်။

စစ်ခုန်းလင်းကို မြင်လိုက်ရသည်နှင့် လီဝမ်ဝမ်သည် တုပိုင်ကိုပင် သတ်ရန်မကြိုးစားတော့ဘဲ ချက်ချင်း ထွက်ပြေး ပျောက်ကွယ်သွားလေ၏။ ထိုစစ်ခုန်းလင်းဆိုသူသည် မည်မျှပင် အစွမ်းထက်နေသောကြောင့် လီဝမ်ဝမ်က ကြောင်ကိုတွေ့သော ကြွက်လို ထွက်ပြေးသွားရသနည်း။

စစ်ခုန်းလင်းသည် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို လေ့ကျင့်ထားခြင်း မရှိချေ။ သူသည် ပေမင်ဓားဂိုဏ်း မြောက်ပိုင်းဂိုဏ်းခွဲ၏ ဆက်ခံသူလည်း မဟုတ်ပေ။ စစ်ခုန်းမြဲ့သာလျှင် ဆက်ခံသူ ဖြစ်သည်။

သို့သော် သူ၏ သိုင်းပညာသည် စစ်ခုန်းမြဲ့ထက် များစွာပို၍ သာလွန်ပေသည်။

ထို့ပြင် သူသည် အစကတည်းက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ကျင့်ကြံသူများသည် ပြိုင်ဘက်ကင်း ဖြစ်လာရန် အချိန်မလုံလောက်ခင်မှာပင် ရုတ်တရက် သေဆုံးသွားကြသောကြောင့် ဖြစ်သည်။ စစ်ခုန်းမြဲ့ အသက်ရှင်လျက်ရှိနေရသည့် အကြောင်းရင်းမှာလည်း စစ်ခုန်းလင်း၏ ကူညီမှုကြောင့် ဖြစ်ပေသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ကြယ်ကြွေမျိုးနွယ်ဝင်များသည် အသက်ရှည်ကြပြီး သိုင်းပညာတွင် သူတို့၏ ပါရမီမှာ အလွန် အံ့မခန်း ဖြစ်သည်။ သို့သော် သူတို့သည် ရေတွင်းထဲမှဖားသူငယ်များသာ ဖြစ်သဖြင့် နောက်ထပ် နှစ်ပေါင်း ရာချီကြာလျှင်ပင် မဟာဆရာသခင်တစ်ပါး ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters