← Chapters

အခန်း (၄၉၂)

Vol. 50 Ch. 492

အခန်း (၄၉၂)

Vol. 50 Ch. 492

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

သို့သော် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လွတ်မြောက်လာသူတိုင်းသည် အလွန် စွမ်းအားကြီးမားကြပေသည်။

ကျီယင်ယင်ဆိုလျှင် တစ်ကမ္ဘာလုံးကို တုန်လှုပ်ချောက်ချားစေခဲ့ဖူး၏။ ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲများ ဖြစ်ကြသော ကျီကျန်ယန်နှင့် ကျီချန်ချိုတို့သည်လည်း ကမ္ဘာ့ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ကြသည်။

စစ်ခုန်းလင်း၏ သိုင်းပညာအဆင့်အတန်းကို မည်သူမျှ မသိကြသော်လည်း လွန်ခဲ့သော အနှစ် ၂၀ ကျော်က စစ်ခုန်းမြဲ့ကို မီးနတ်ဘုရားဘာသာမှ ဖမ်းဆီးသွားခဲ့ဖူးသည်။

ထိုအချိန်က လျှာဖြတ်ခံထားရသော လူပုလေးတစ်ယောက်သည် ပေါ်နီယိုအင်ပါယာ၏ မြောက်ပိုင်း မီးနတ်ဘုရားဘာသာသို့ တစ်ကိုယ်တည်း ဝင်ရောက်စီးနင်းခဲ့ပြီး ယွီမဟာဆရာသခင်နှစ်ပါးနှင့် မဟာဆရာသခင်ဆယ်ပါးကို သတ်ဖြတ်ကာ စစ်ခုန်းမြဲ့ကို ကယ်ထုတ်လာခဲ့သည်။

ထိုအချိန်မှစ၍ စစ်ခုန်းလင်းသည် မီးနတ်ဘုရားဘာသာ၏ အန္တရာယ်အရှိဆုံး လူစာရင်းတွင် ပါဝင်လာခဲ့သည်။ စစ်ခုန်းလင်းကို အပြစ်ပေးရန်အတွက် အနောက်ဘက်ဒေသရှိ မီးနတ်ဘုရားဘာသာ ဌာနချုပ်သည် တာ့နင်အင်ပါယာနှင့် အန်နမ်နိုင်ငံသို့ သိုင်းပညာရှင်အဖွဲ့ သုံးဖွဲ့ စေလွှတ်ခဲ့ဖူးသည်။

ထို့အတွက်ကြောင့် မီးနတ်ဘုရားဘာသာ၏ အန္တရာယ်အရှိဆုံး လူစာရင်းထဲမှ လူတိုင်း၏ မျက်နှာနှင့် ပုံပန်းသဏ္ဍာန်ကို လီဝမ်ဝမ် ကောင်းစွာ မှတ်မိနေလေ၏။

ထို့ကြောင့် တုပိုင်၏ အနောက်တွင် ဤလူပုလေး ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လီဝမ်ဝမ်၏ တစ်ကိုယ်လုံး အေးစက်သွားပြီး အတွင်းအားအကုန်ထုတ်ကာ ချက်ချင်းပင် ခြေရာဖျောက် ထွက်ပြေးသွားခြင်း ဖြစ်ပေသည်။

လီဝမ်ဝမ်သည် သူမ၏ သိုင်းပညာကို ယုံကြည်မှု ရှိသော်လည်း မျက်လုံးမိစ္ဆာ စစ်ခုန်းလင်း ဆိုသည်မှာ ယွီမဟာဆရာသခင် နှစ်ပါးနှင့် မဟာဆရာသခင် ၁၀ ပါးကို သတ်ဖြတ်ခဲ့သော ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦး ဖြစ်သည် မဟုတ်ပါလော။

ထို့အတွက်ကြောင့် မိစ္ဆာမ လီဝမ်ဝမ်သည် အဝေးသို့ ထွက်ပြေးသွားလေတော့၏။

“ဖူးးး…”

တုပိုင်သည် သွေးတစ်လုပ် အန်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားလေသည်။

ပရောဖက် လူပုလေး စစ်ခုန်းယဲ့သည်လည်း မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားလေ၏။

“သောက်ကျိုးနည်း… ဒီမိန်းမက အရမ်းကြမ်းတာပဲ” စစ်ခုန်းယဲ့က ညည်းတွားလိုက်သည်။ “သရဲ မြင်လိုက်ရသလိုပဲကွာ… ဘယ်သူ့ကိုမဆို သေစေနိုင်တဲ့ အဆိပ်မြူတွေက သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူး။ သူက… မင်းနဲ့ အတူတူပဲ”

တုပိုင်သည် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ပြောလိုက်သည်။

“ခင်ဗျားအစ်ကို စစ်ခုန်းလင်းရဲ့ ဂုဏ်သတင်းသာ မရှိရင် ကျုပ်တို့နှစ်ယောက်လုံး သေမှာ သေချာတယ်”

ပရောဖက် လူပုလေး စစ်ခုန်းယဲ့က ပြောလိုက်သည်။ “မဟုတ်ရင် တကယ် အန္တရာယ်များတယ်။ ဒီမိစ္ဆာမက အရမ်း စွမ်းအားကြီးလွန်းတယ်”

သို့သော် မိစ္ဆာမ လီဝမ်ဝမ်၏ ကောင်းကင်တုန်လှုပ်ဖွယ် ဓားချီအရှိန်အဝါသည် တုပိုင်ကို သွေးတစ်လုပ်သာ အန်စေခဲ့ပြီး အတွင်းဒဏ်ရာ အနည်းငယ်သာ ရရှိစေခဲ့သည်။

ယင်းမှာ တုပိုင် အလွန် စွမ်းအားကြီးသောကြောင့် မဟုတ်ချေ။ တုပိုင်လက်ထဲမှ နဂါးသတ်ဓားက စွမ်းအားကြီးလွန်းသောကြောင့် ဖြစ်သည်။ စွမ်းအားကြီးရုံသာမက အလွန်ကို အံ့မခန်း ထူးကဲလွန်းသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လီဝမ်ဝမ်၏ ကောင်းကင်တုန်လှုပ်ဖွယ် ဓားချီစွမ်းအင်အားလုံးကို ဝါးမျိုလိုက်သောကြောင့် ဖြစ်သည်။

မှန်ပေသည်။ ဤနဂါးသတ်ဓားသည် ရန်သူ၏ အတွင်းအား ချီစွမ်းအင်ကို ဝါးမျိုလိုက်လေသည်။ မိစ္ဆာမ လီဝမ်ဝမ်သည် မည်မျှ စွမ်းအားကြီးသနည်း။ သူမ၏ တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုသည် အလွန် အံ့မခန်း ဖြစ်သော်လည်း နဂါးသတ်ဓားသည် ထိုစွမ်းအားများကို လုံးဝ ဝါးမျိုပစ်လိုက်နိုင်လေသည်။

လက်ရှိအချိန်တွင် ထိုဓားထဲ၌ အလွန် ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေပြီး အပြင်သို့ ပန်းထွက်တော့မတတ် လှုပ်ရှားနေသည်ကို တုပိုင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ တုပိုင် မေးလိုက်သည်။ “အိပ်မက်စနစ်… ဒီနဂါးသတ်ဓားက ရန်သူရဲ့ ချီစွမ်းအင်ကို ဝါးမျိုပြီးတော့ ပြန်တိုက်ခိုက်လို့ ရတာလား”

အိပ်မက်စနစ်က ပြန်ဖြေသည်။ ‘ဟုတ်တယ်… မိုက်တယ် မဟုတ်လား’

‘မိုက်တာပေါ့…’

ထိုအချိန်၌ ရုတ်တရက် လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလာလေ၏။ သူ၏ မျက်နှာထားမှာ အလွန် ရိုးရှင်းပြီး လူအုပ်ထဲတွင် ဆိုလျှင် မှတ်မိရန်ပင် ခက်ခဲသော ရုပ်ရည်မျိုး ဖြစ်သည်။

သို့သော် သူ၏ ခန္ဓာကိုယ်သည် ရှည်လျားသွယ်လျပြီး သန်မာဖျတ်လတ်မှုနှင့် ခွန်အားများဖြင့် ပြည့်နှက်နေသည်။ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သွယ်လျသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။

ဤသူသည် လုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်မှန်း အတော်လေးကို သိသာလေသည်။ နောက်ထပ် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်… သို့သော် လီမိသားစုမှ လွှတ်လိုက်ခြင်း ဟုတ်ပုံမရချေ။ မည်သည့် အဖွဲ့ကလွှတ်လိုက်သည်နည်း။ မဟုတ်သေးချေ။ ထိုသည်က လောလောဆယ် အရေးမကြီးသေးချေ။ ရှေ့မှ ရန်သူကို အရင်ဦးဆုံး အာရုံစိုက်ရမည်။

“သခင်လေးတုပိုင်က တကယ်ပဲ ကျွန်တော့်ကို အံ့သြစေတာပဲ။ ခုနက မြင်ကွင်းကြောင့် ကျွန်တော် တကယ် ကြောက်လန့်ပြီး ဆီးထွက်ကျမတတ် ဖြစ်သွားရတယ်။ ကံကောင်းလို့ ကျွန်တော် အရင် မလှုပ်ရှားမိတာ… မဟုတ်ရင် အခုလောက်ဆို အရိုးစု ဖြစ်နေလောက်ပြီ”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူက ရယ်မောလိုက်သည်။

“မင်းသမီး လီဝမ်ဝမ်ရဲ့ သိုင်းပညာက တကယ်ကို အရမ်း အရမ်း စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ သခင်လေးတုပိုင်ရဲ့ မဟာဗျူဟာက ပိုကောင်းပါတယ်။ မျက်လုံးမိစ္ဆာ စစ်ခုန်းလင်းနဲ့ တစ်ပုံစံတည်းတူတဲ့ ဒီလူပုလေးကို သုံးပြီး မင်းသမီး လီဝမ်ဝမ်ကို ခြောက်လှန့်လိုက်တာလေ”

“ကံကောင်းလို့… ကံကောင်းလို့ ကျွန်တော် ဒီမှာ အကြာကြီး ပုန်းပြီး နားထောင်နေမိတာ။ မဟုတ်ရင် ကျွန်တော်လည်း လန့်ပြေးမိမှာပဲ”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူသည် တဖြည်းဖြည်း နီးကပ်လာသည်။ ပေ ၃၀ ခန့် အကွာသို့ ရောက်သောအခါ သူ ရပ်တန့်လိုက်သည်။

“ဒါက မျက်လုံးမိစ္ဆာ စစ်ခုန်းလင်း မဟုတ်ဘဲ သူ့ရဲ့ အမြွှာညီအစ်ကို ဖြစ်နေတာကိုး။ ပြီးတော့ သိုင်းပညာသိပ်မကောင်းတဲ့ သာမန် အမြွှာညီအစ်ကို တစ်ယောက်ပါလား”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူက ပြောလိုက်သည်။ “သခင်လေးတုပိုင်… ခင်ဗျားက တကယ် ကစားတတ်တာပဲ… ဒါပေမဲ့ စကားပုံတစ်ခု ရှိတယ်လေ… ဘယ်လို ပြောရမလဲ… နှံကောင်က ပုစဉ်းရင်ကွဲကို ဖမ်းနေတုန်း နောက်က စာကလေးက ချောင်းနေတယ် ဆိုတာလေ… အခု ကျွန်တော်က စာကလေး ဖြစ်သွားပြီလား”

တုပိုင် သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူကို ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။ “မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ။ ကွမ်ရှီးဘုရင်ခံ တုကျန်းလား။ ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်လား။ ဒါမှမဟုတ် ကွမ်တုံနဲ့ ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းလား”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူသည် ဝမ်းနည်းပက်လက် အမူအရာဖြင့် ပြောလိုက်သည်။ “သခင်လေးတုပိုင်… ဒါက အရေးကြီးသေးလို့လား။ အရေးကြီးတာက ကျွန်တော် ခင်ဗျားကို သတ်မယ် ဆိုတာပဲလေ… ဟုတ်တယ်မလား”

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်သားပဲ… တကယ် အရေးကြီးပါဘူး။ အတိုချုပ်ပြောရရင် ဖန်းမိသားစုက မင်းကို လွှတ်ပြီး ငါ့ကို သတ်ခိုင်းတာပေါ့”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူသည် သူ၏ သွယ်လျသော ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

“လီမိသားစုက အလုပ်လုပ်တာ သိပ်ဖြုန်းတီးလွန်းတယ်။ ခင်ဗျားလို လူတစ်ယောက်ကို သတ်ဖို့ အဆင့်မြင့်သိုင်းပညာရှင် ၂၀ တောင် သုံးတယ်။ ပြီးတော့ ၁၉ ယောက်တောင် အသတ်ခံလိုက်ရတယ်။ သိပ်ကို ချဲ့ကားလွန်းတာပဲ… လုံးဝ မလိုအပ်ပါဘူး။ ခင်ဗျားကို သတ်ဖို့အတွက် မဟာဆရာသခင်အဆင့် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ပဲ လိုတာ မဟုတ်ဘူးလား”

ယင်းကား အမှန်ပင် ဖြစ်၏။

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူက ပြောလိုက်သည်။ “ခင်ဗျားက အရမ်းတော်တယ်လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ လီယန်ရဲ့ ဓားက ခင်ဗျားရဲ့ လောက်မကောင်းဘူးဆို”

ဤလူမည်ကဲ့သို့ သိသည်နည်း။ လီတောက်အန်းထံမှ သတင်းသည် ပျံ့သွားပြီလော။ တုပိုင်မျက်မှောင်ကြုတ်လိုက်မိသည်။

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူက ပြောလိုက်သည်။ “ဒီတော့ ဒီတစ်ခါ ခင်ဗျားရဲ့ ခေါင်းကို ကျွန်တော် သေချာပေါက် ဖြတ်ယူသွားမယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ ခေါင်းက ကျွန်တော့်သခင်ဆီမှာ ငွေတုံး တစ်သောင်းနဲ့ ညီမျှတယ်လေ”

တုပိုင်က ပြောလိုက်သည်။ “ဒါဆို ငါ မင်းကို ငွေတုံး နှစ်သောင်း ပေးမယ်လေ”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူက ခေါင်းခါရင်း ပြောလိုက်သည်။ “မဖြစ်နိုင်ဘူးဗျ… ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အသက်နဲ့ အနာဂတ်က ကျွန်တော့်သခင်လက်ထဲမှာ ရှိနေလို့ပဲ။ ဖန်းမိသားစုရဲ့ အာဏာက ခင်ဗျား ထင်ထားတာထက် ကျော်လွန်ပါတယ်။ ခင်ဗျားလို မသိနားမလည်တဲ့သူက မကြောက်မရွံ့နဲ့ ဖန်းမိသားစုကို ရန်သူ လုပ်ရဲပေမဲ့ ကျွန်တော်ကတော့ မလုပ်ရဲဘူးဗျ”

“ကောင်းပြီ… စကားပြောတာ ကြာသွားပြီ။ အလုပ်စသင့်ပြီ”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူက အေးစက်စွာ ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားကို သတ်တော့မယ်။ စိတ်မပူပါနဲ့… ခေါင်းကို တစ်ချက်တည်း ပြတ်အောင် ဖြတ်ပေးပါ့မယ်”

လုပ်ကြံသတ်ဖြတ်သူသည် အထူးပြုလုပ်ထားသော မျက်နှာဖုံးတစ်ခုကို တပ်ဆင်လိုက်သည်။

“ရွှီးးး…”

မျက်စိတစ်မှိတ်အတွင်း ဤသက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူသည် အနက်ရောင် အရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး တုပိုင်၏ ရှေ့သို့ တိုးဝင်လာသည်။

“ဝိညာဉ်ခွင်းအရိပ် တိုက်ခိုက်မှု…”

တုပိုင်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုတစ်ခုကို ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။ သို့သော် လုံးဝ အရာမထင်ခဲ့ချေ။ တုပိုင်၏ ဝိညာဉ်ခွင်းအရိပ်အား လုပ်ကြံသတ်ဖြတ်သူ၏ အထူးမျက်နှာဖုံးက ကာကွယ်သွားသည်။ ဤသည်က မည်သို့သော မျက်နှာဖုံးဖြစ်သည်နည်း။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်သည်အထိ အစွမ်းထက်လေ၏။

“သေလိုက်တော့…”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူ စူးရှစွာ အော်ဟစ်လိုက်ပြီး လက်ထဲမှ သွယ်လျသော ဓားဖြင့် တုပိုင်၏ လည်ပင်းကို ထိုးစိုက်လိုက်သည်။ သို့သော် ချက်ချင်းပင် တုပိုင်သည် သူ၏လက်ထဲမှ နဂါးသတ်ဓားကို ဝှေ့ယမ်းလိုက်လေ၏။

“ဝုန်းးးးး…”

ချက်ချင်းပင် နဂါးဟိန်းသံ ၊ ကျားဟိန်းသံများက ကျယ်လောင်စွာ ထွက်ပေါ်လာလေပြီး သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ် လွင့်စင်ထွက်သွားကာ လေထဲတွင်ပင် ရုတ်တရက် နှစ်ပိုင်းပြတ်သွားလေတာ့၏။

“သောက်ကျိုးနည်း… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… တောက်…”

သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူသည် မသေဆုံးမီ အလွန်အမင်း တုန်လှုပ်သွားပြီး အောက်သို့ပင် ငုံ့မကြည့်နိုင်ခဲ့ပေ။ ထိုသည်သာမက ချက်ချင်းပင် သူ၏ နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး တစ်စစီ ကြေမွသွားတော့သည်။

တုပိုင်သည် လက်ထဲမှ နဂါးသတ်ဓားကို ငေးမောကြည့်နေမိသည်။ ထို့နောက် တစ်စစီ ကြေမွသွားသော သက်လတ်ပိုင်း လုပ်ကြံသတ်ဖြတ်သူ၏ အလောင်းကို ကြည့်လိုက်မိသည်။

‘သောက်ကျိုးနည်း…’

‘ဖန်းမိသားစု၊ တုကျန်း၊ ယွမ်ထျန်ကျောက်…’

‘ခင်ဗျားတို့ ဒီလောက် အမြန် ခုန်ထွက်လာမယ်လို့ မထင်ထားဘူး။ နှစ်ထပ်ကွမ်း အာမခံချက်တောင် လုပ်ထားကြသေးတယ်’

‘လီမိသားစုက ငါ့ကို လုပ်ကြံတယ်… ခင်ဗျားတို့ကလည်း ငါ့ကို လာလုပ်ကြံကြတယ်ပေါ့’

‘နေဦး… လီမိသားစုနဲ့ ဒီတစ်ပွဲ ပြီးတာနဲ့ ခင်ဗျားတို့ဆီ ငါ လာခဲ့မယ်’

တုပိုင်သည် တစ်ကိုယ်လုံး ခရမ်းရောင် သန်းနေသော ကျီပြောင်ပြောင်ကို ညင်သာစွာ ပွေ့ချီလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ အဆိပ်များဖြင့် ပြည့်နှက်နေလေ၏။

မိစ္ဆာမ လီဝမ်ဝမ်၏ လက်ဝါးလေစွမ်းအားသည် အလွန် အဆိပ်ပြင်းလှပေသည်။ တုပိုင်သည် မိစ္ဆာဝိညာဉ်ဆေးလုံးကို ထုတ်ယူပြီး ကျီပြောင်ပြောင်၏ ပါးစပ်လေးထဲသို့ ထည့်ပေးလိုက်သည်။

ခဏကြာသောအခါ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူမ၏ ခန္ဓာကိုယ် အပူချိန်သည် ပြန်လည်ပြီး နွေးထွေးလာလေ၏။

**--**--**--**--**--**--**--**

တာ့နင်အင်ပါယာ၏ မြို့တော်နှင့် နန်းတော်အတွင်း။

ဧကရာဇ်မင်းမြတ်၏ စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြနိုင်စွမ်း မရှိတော့ချေ။

သတင်းဆိုးများက နေ့စဉ်ရက်ဆက် ရောက်ရှိလာနေလေ၏။ ဂျာချင်အင်ပါယာသည် ကိုရီးယားနိုင်ငံတွင် အလွန် အင်အားကောင်းမွန်သော အခြေအနေသို့ ရောက်ရှိနေပြီး စစ်သည် ထောင်ပေါင်းများစွာသည် ကိုရီးယားနိုင်ငံ၏ မြို့တော်ကို ဝိုင်းရံထားကြပြီ ဖြစ်သည်။

ကိုရီးယားနိုင်ငံမှ သံတမန်များသည် နေ့စဉ် ရက်ဆက် အကူအညီ တောင်းခံနေကြလျက်ရှိသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters