← Chapters

အခန်း (၄၉၃)

Vol. 50 Ch. 493

အခန်း (၄၉၃)

Vol. 50 Ch. 493

ကုန်းကုန်းဧကရာဇ်။ (အပိုင်း ၄၉၃)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဧကရာဇ်မင်းမြတ်သည် လျောင်တုန်းနယ်စပ် ကာကွယ်ရေးတပ်ဖွဲ့များထံသို့ အမိန့်တော် ဆယ်နှင့်ချီ၍ ဆက်တိုက် ပေးပို့ခဲ့ပြီး ၊ ဂျာချင်အင်ပါယာ၏ အနောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ရန်နှင့် အန္တရာယ်ကျရောက်နေသော ကိုရီးယားနိုင်ငံကို ကယ်တင်ရန် ညွှန်ကြားလိုက်လေ၏။

သို့သော် လျောင်တုန်းတပ်ဖွဲ့များသည်လည်း စစ်ပွဲအတွင်း ရောက်ရှိနေပြီ မဟုတ်ပါလော။

တိုက်ပွဲ သုံးကြိမ်အတွင်း စစ်သည်အင်အား အလုံးအရင်း ဆုံးရှုံးခဲ့ရပြီးနောက်၌ မည်သူ့ကိုမျှ စေလွှတ်ခြင်း မပြုနိုင်တော့ချေ။ စေလွှတ်လိုလျှင်ပင် စေလွှတ်စရာ စစ်သည်အင်အားဟူ၍ မရှိဘဲ ခြောက်ကပ်နေပြီ ဖြစ်သည်။

အန်နမ်နိုင်ငံတွင်လည်း ထိုနည်းလည်းကောင်းပင်။ ကျန်းနန်နယ်စားမင်းနှင့် ဘုရင်လီချန်တို့၏ မဟာမိတ်တပ်ဖွဲ့သည် ကြီးမားသော အောင်ပွဲ ရရှိခဲ့ပြီး ၊ ပုန်ကန်သူမင်းသား ငုယင်ထျန်ချန်းကို လီ ၂၀၀ အကွာအထိ မောင်းထုတ်နိုင်ခဲ့သည်။ မူလက အခြေအနေ အလွန်ကောင်းမွန်ခဲ့၏။

သို့သော်ငြားလည်း လီမိသားစုသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ပုန်ကန်ခဲ့ပြီး ၊ ပုန်ကန်သူမင်းသား ငုယင်ထျန်ချန်းနှင့် ပူးပေါင်းလိုက်ကြလေသည်။

ငုယင်ထျန်ချန်း၏ စစ်တပ်သည် အားအင်ပြန်လည် ပြည့်လာပြီး တစ်ဖန် ပြန်လည် တိုက်ခိုက်လာရာ ဟွေအိမ်တော်ကို ဝိုင်းရံထားလိုက်ကြသည်။ ငြိမ်းသတ်လုနီးပါး ဖြစ်နေသော စစ်ပွဲမီးတောက်များမှာ တစ်ဖန် ပြန်လည် တောက်လောင်လာပြီဖြစ်လေ၏။

ထို့ပြင် ဧကရာဇ်မင်းမြတ်အား စိုးရိမ်သောက အရောက်ရဆုံးနှင့် ထိတ်လန့်တုန်လှုပ်စေသည့် အရာမှာ အင်ပါယာ၏ အနောက်တောင်ပိုင်း အခြေအနေပင် ဖြစ်ပေသည်။

လီမိသားစု ပုန်ကန်မှုကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားပြီး ၊ အနောက်တောင်ပိုင်းဒေသ၏ ထက်ဝက်ခန့် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

နေ့စဉ်ရက်ဆက် ရရှိနေသည့် သတင်းတိုင်းသည် ထိတ်လန့်ဖွယ်ရာ ကောင်းလှပြီး ၊ တိုင်းပြည်ပျက်စီးမည့် နိမိတ်လက္ခဏာများဖြင့် ပြည့်နှက်နေတော့သည်။

သို့သော် ထိုလူအုပ်စုကြီး၏ တိုက်ခိုက်မှု ပစ်မှတ်မှာ တုပိုင်ကဲ့သို့သော သေးငယ်သည့် လူပုဂ္ဂိုလ်လေး ဖြစ်နေသည်မှာ အံ့သြစရာပင်။

သူ ထွက်ပြေးသွားသည်ဟူသော ကောလာဟလ သတင်းမှားများကို မည်မျှ ကြားခဲ့ရသည်ကို ဧကရာဇ် ကိုယ်တိုင်ပင် မသိတော့ချေ။ တုပိုင်သည် ကွေ့မင်းသားအိမ်တော်မှ မြင်းစီးတပ်သား ၆၀၀ ကို လှည့်စားပြီး ပိုင်ဆယ်မြို့သို့ ခေါ်ဆောင်သွားကြောင်း ၊ ထို့နောက် ပိုင်ဆယ်မြို့သည် မြို့လွတ် ၊ မြို့ပျက်ကြီး ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ထွက်ပြေးသွားကြောင်း စသဖြင့် ပြောဆိုနေကြသည်။

ဧကရာဇ်မင်းမြတ်သည် ဤကဲ့သို့သော ကောလာဟလများကို တစ်ရက်လျှင် အနည်းဆုံး အကြိမ်ပေါင်း မြောက်မြားစွာ ကြားနေရလေ၏။

တုပိုင် အမိန့်ကို ဖီဆန်သည် ၊ တုပိုင် ထွက်ပြေးသွားသည် စသဖြင့် ကောလာဟလများကို သူ၏ နားပင် သွေးများယိုစီးကျလာတော့မည်အထိ အဆက်မပြတ်ကြားနေရသည်

သို့သော် ဧကရာဇ်မင်းမြတ်ကမူ လုံးဝ မယုံကြည်ပေ။ သူသည် လူတစ်ယောက်ကို ယုံကြည်ပြီဆိုလျှင် အဆုံးထိ ယုံကြည်သူ ဖြစ်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လီဝမ်ဟွေ့သည် စစ်သည် ၇,၀၀၀ ကို ဦးဆောင်ပြီး ပိုင်ဆယ်မြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ပြီးနောက်တွင် လီမိသားစု၏ စစ်သည် ၄၀,၀၀၀ သည် ပိုင်ဆယ်မြို့ကို ဝိုင်းရံထားလိုက်ကြသည်။

တစ်ရက်... နှစ်ရက်... ဆယ်ရက်မှသည် လဝက်ခန့် အချိန်ကာလတို့ ကုန်လွန်သွားခဲ့သော်လည်း တုပိုင် ပေါ်မလာသေးချေ။

ဧကရာဇ်မင်းမြတ်ကို လက်ညှိုးထိုး ပြစ်တင်ဝေဖန်သူ ပိုမို များပြားလာသည်။ အရှင်မင်းမြတ် လူရွေးမှားပြီဟု ဆိုကြသည်။ တုပိုင်သည် ကံကောင်းထောက်မစွာ ရာထူးရလာသော လူယုတ်မာတစ်ဦးသာ ဖြစ်ကြောင်း ပြောဆိုကြသည်။

ဧကရာဇ်မင်းမြတ်သည် မိမိ၏ လူယုံကိုသာ အားကိုးနေခြင်းသည် ရယ်စရာကောင်းပြီး အသိဉာဏ်ကင်းမဲ့သော လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ကြသည်။

အင်ပါယာ၏ အနောက်တောင်ပိုင်း အခြေအနေသည် ပြိုလဲလုနီးပါး ဖြစ်နေ၏။ သို့သော် ဧကရာဇ်မင်းမြတ်သည် မိန်းမစိုးလေးတစ်ယောက်ကို အားကိုးပြီး အင်ပါယာ၏ မြို့စား ၊ ပိုင်ဆယ်စီရင်စုမှူးနှင့် ပိုင်ဆယ်စစ်သူကြီးအဖြစ် ရာထူးတိုးပေးခဲ့သည်။

သူ၏ လက်အောက်ခံ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ထောင်ပေါင်းများစွာသည်လည်း ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။ ယခုအခါ အရှင်မင်းမြတ်သည် မိန်းမစိုးလေးတစ်ယောက်ကို မဟာကယ်တင်ရှင်အဖြစ် သတ်မှတ်ပြီး ၊ ကောက်ရိုးတစ်မျှင်ကို ကျောက်တိုင်ကြီးအဖြစ် ထင်မှတ်နေသည်မှာ အသိဉာဏ်ကင်းမဲ့ခြင်း မဟုတ်လျှင် အဘယ်နည်း။ ရယ်စရာကောင်းပြီး ရှက်စရာကောင်းသော ဧကရာဇ်ပင်ဖြစ်၏။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ လီဝမ်ဟွေ့ ရှုံးနိမ့်တော့မည် ဖြစ်ပြီး ပိုင်ဆယ်မြို့လည်း ကျဆုံးတော့မည် ဖြစ်သည်။ တုပိုင်သည်တော့ ပေါ်မလာသေးပေ။

မရေမတွက်နိုင်သော အသနားခံစာလွှာများသည် ပျားအုံကဲ့သို့ အုံခဲရောက်ရှိလာပြန်သည်။ လီဝမ်ဟွေ့သည် တုပိုင်ကို ကယ်တင်ရန်အတွက် အထီးကျန်မြို့ဖြစ်သော ပိုင်ဆယ်မြို့ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ လီဝမ်ဟွေ့၏ တုပိုင်အပေါ် ကျေးဇူးတရားသည် တောင်ကြီးပမာ ကြီးမားလှသည်။ သို့သော် ယခု လီဝမ်ဟွေ့ သေလုနီးပါး ဖြစ်နေချိန်တွင် တုပိုင် ပေါ်မလာခဲ့သလို မွေးစားအဖေကိုလည်း မကယ်တင်နိုင်ခဲ့ပေ။ ဤသည်မှာ တိရစ္ဆာန်တစ်ကောင်နှင့် ခြားနားခြင်း ရှိဦးမည်လား။

များပြားလှသော အသနားခံစာလွှာများသည် ဧကရာဇ်မင်းမြတ်ကို အမှားပြင်ဆင်ရန် ၊ တုပိုင်၏ ဘွဲ့ထူးဂုဏ်ထူးများကို ရုပ်သိမ်းရန် ၊ တုပိုင်၏ ရာထူးအားလုံးကို ဖယ်ရှားရန်နှင့် လီကျင်းဌာနသို့ စေလွှတ်ကာ ဖမ်းဆီးအပြစ်ပေးရန် ဖိအားပေးလာကြသည်။

ဤသည်မှာ ရှန်ကျွမ်ဓားသိုင်း ကပြခြင်းသည် ကုန်းဖေးကို လုပ်ကြံရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟူသော ရှေးဆိုရိုးစကားအတိုင်းပင်။ ဆိုလိုသည်မှာ တုပိုင်ကို တိုက်ခိုက်ခြင်းသည် ဧကရာဇ်ကို တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ဤလူများသည် တုပိုင်၏ ဘွဲ့ထူးဂုဏ်ထူးများကို ရုပ်သိမ်းချင်ကြပြီး တုပိုင်ကို အပြစ်ပေးချင်ကြသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ဧကရာဇ်မင်းမြတ်ကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်ပြီး ၊ ဧကရာဇ်အား မိမိအမှားကို ဝန်ခံစေရန်နှင့် ထို့နောက် ထီးနန်းစွန့်လွှတ်ရန် ဖိအားပေးခြင်း ဖြစ်သည်။

ယခုရက်ပိုင်းတွင် စာကြည့်ဆောင် အပြင်ဘက်၌ ဒူးထောက်နေသော ဝါရင့်အမတ်ဟောင်းကြီးများ ပိုမို များပြားလာသည်။ သူတို့အားလုံးသည် အသက် ၆၀ ၊ ၇၀ ကျော်အရွယ် အငြိမ်းစား အရာရှိဟောင်းကြီးများ ဖြစ်ကြသည်။ သူတို့သည် ဝါရင့်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသဖြင့် ဆူပူကြိမ်းမောင်း၍ မရသလို အပြစ်တင်၍လည်း မရနိုင်ပေ။

ဧကရာဇ်မင်းမြတ်ကို အမှားဝန်ခံခိုင်းခြင်းသည် ဧကရာဇ်ကို ထီးနန်းစွန့်ခိုင်းခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း သူတို့ ကောင်းကောင်းကြီး သိကြသည်။

“အရှင်မင်းမြတ်ရဲ့ မျက်လုံးတော် အမှောင်ဖုံးနေပါပြီဘုရား... သူခိုးလေး တုပိုင်ကို တိုင်းပြည်ရဲ့ ကျောက်တိုင်ကြီးအဖြစ် သတ်မှတ်နေပါတယ်။ မိန်းမစိုးလေးတစ်ယောက်ကို အင်ပါယာရဲ့ မြို့စား ၊ ပိုင်ဆယ်စီရင်စုမှူး ၊ ပိုင်ဆယ်စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့တာဟာ အသိဉာဏ်မဲ့တဲ့ လုပ်ရပ် ဖြစ်ပြီး တိုင်းပြည်ပျက်စီးမယ့် နိမိတ်လက္ခဏာပါပဲ ဘုရား”

“မှန်လှပါ ဘုရား... အဲဒီတုပိုင်က အရှင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေတဲ့ သစ္စာဖောက် သူခိုးလေးပါ။ အရှင်မင်းမြတ်အနေနဲ့ ဖရိုဖရဲဖြစ်နေတာတွေကို ပြင်ဆင်ပြီး သူ့ရဲ့ ရာထူးအားလုံးကို ရုပ်သိမ်းကာ ဖမ်းဆီးမိန့် ထုတ်ပြန်သင့်ပါတယ်။ ဒါမှသာ အရှင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်မှာပါ ဘုရား”

“အရှင်မင်းမြတ်... ဟိုတုန်းက လီယင်းတူ အကြောင်းကို မေ့သွားပါပြီလား ဘုရား။ အရှင်မင်းမြတ်က သူ့ကို နည်းလမ်းပေါင်းစုံနဲ့ ယုံကြည်ပြီး မျက်နှာသာ ပေးခဲ့တယ်။ ရာထူးတွေ ဆက်တိုက် တိုးပေးခဲ့ပြီး မင်းသမီးနင်းရွှဲ့နဲ့တောင် လက်ထပ်ပေးချင်ခဲ့သေးတယ်။ နောက်ဆုံး ဘာဖြစ်သွားလဲ။ သူ ပုန်ကန်ပြီး ဂျာချင်အင်ပါယာရဲ့ ဘုရင် ဖြစ်သွားတယ်။ ကျွန်တော်မျိုးတို့ တာ့နင်အင်ပါယာရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်လာခဲ့တယ်။ ဒီနေ့ အရှင်မင်းမြတ်က လူယုတ်မာ တုပိုင်ကို ထပ်ပြီး အလိုလိုက်နေပြန်ပြီ။ ဒါက တူညီတဲ့အမှားကို ပြန်လုပ်နေတာ မဟုတ်ဘူးလား ဘုရား”

နောက်ဆုံး စကားကို ကြားလိုက်ရသောအခါ ဧကရာဇ်ထျန်ယွင်သည် သွေးတစ်လုပ် အန်ထွက်မတတ် ဖြစ်သွားရ၏။

ဧကရာဇ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို မှိတ်ကာ လက်ထဲမှ ပုတီးစေ့များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ မျက်လုံးများကို ဆက်လက် မှိတ်ထားရင်း ရေရွတ်လိုက်သည်။

‘တုပိုင်... မင်း ငါ့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး... ငါ မင်းကို ယုံတယ်... ငါ မင်းကို ယုံတယ်...’

သို့သော် အကယ်၍ ပိုင်ဆယ်မြို့ ကျဆုံးသွားပြီး လီဝမ်ဟွေ့ သေဆုံးသွားခဲ့လျှင်... ထိုအခါ... ထိုတုပိုင်၏ ဂုဏ်သိက္ခာကို ဘယ်လိုပဲလုပ်နေပါစေ ပြန်လည် ဆယ်တင်နိုင်တော့မည် မဟုတ်ပေ။

မိမိ၏ မွေးစားအဖေကို မကယ်တင်နိုင်ခြင်းသည် ကြီးလေးသော အပြစ်တစ်ခု ဖြစ်သည်။ ဟွမ်ဟိုမြစ်ရေဖြင့် ဆေးကြောလျှင်ပင် စင်ကြယ်အောင် ဆေးကြောနိုင်မည် မဟုတ်ချေ။

ထိုအချိန်ရောက်လျှင် ဧကရာဇ်မင်းမြတ်သည် လုံးဝ မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်။ ထိုအချိန်တွင်ပင် အပြင်ဘက်၌ အမတ်တစ်ဦး ရောက်ရှိလာသည်။ ဤပုဂ္ဂိုလ်သည် ဧကရာဇ်နှင့် မတွေ့ဆုံသည်မှာ ကြာမြင့်ပြီဖြစ်သော အတွင်းဝန်မင်း တစ်ဦး ဖြစ်သည်။ အတွင်းဝန်အဖွဲ့ နှင့် ဧကရာဇ်သည် သဘောထားကွဲလွဲနေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။

ယခုအချိန်တွင် ထို အတွင်းဝန်မင်း သည် ဧကရာဇ်၏ စာကြည့်ဆောင် အပြင်ဘက်တွင် မမျှော်လင့်ဘဲ ပေါ်လာလေသည်။ အတွင်းဝန်မင်း က ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။

“အရှင်မင်းမြတ်... ကွေ့မင်းသားရဲ့ သားတော် နင်းချုံးယောင်က တုပိုင်ကို စွပ်စွဲပြစ်တင်လိုက်ပါတယ် ဘုရား။ တုပိုင်ဟာ ကွေ့နန်းတော်ရဲ့ ဒုတိယအကြီးအကဲ လီလင်းနဲ့ ပူးပေါင်းပြီး ကွေ့နန်းတော်ရဲ့ နောက်ဆုံးလက်ကျန် မြင်းစီးတပ်သား ၆၀၀ ကို အတင်းအဓမ္မ သိမ်းယူသွားခဲ့ကြောင်းပါ ဘုရား။ ဒါကြောင့် ကွေ့နန်းတော်မှာ ကာကွယ်ရေးအင်အား မရှိတော့ဘဲ မကြာသေးမီက လူရမ်းကားများ ၊ လမ်းဘေးလူဆိုးများ နန်းတော်ထဲ ဝင်ရောက်ကာ မီးရှို့ ၊ လူသတ် ၊ လုယက်ကြတဲ့အတွက် ကွေ့မင်းသား ကွယ်လွန်ခဲ့ရပါတယ်။ ကွေ့မင်းသားရဲ့ သားတော်က သွေးစွန်းသော စာလွှာတစ်စောင် ရေးသားပြီး တုပိုင်ကို ပြစ်ဒဏ်ချမှတ်ပေးဖို့ အရှင်မင်းမြတ်ကို တောင်းဆိုလိုက်ကြောင်းပါ ဘုရား”

ထို စကားကို ကြားလိုက်ရသည်နှင့် ဧကရာဇ်မင်းမြတ်၏ ဦးနှောက်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်း ဗလာဖြစ်သွားသည်။

‘ကွေ့မင်းသား... သေပြီတဲ့လား။ ငါ အယုံကြည်ရဆုံး ညီအစ်ကိုတစ်ယောက် သေသွားပြီလား။’

ရုတ်တရက် အပြင်ဘက်ရှိ ဝါရင့်အမတ်ဟောင်းများအားလုံး ဒူးထောက်လိုက်ကြပြီး ပြိုင်တူအော်ဟစ် လျှောက်တင်လိုက်ကြသည်။

“အရှင်မင်းမြတ်... သစ္စာဖောက် မိန်းမစိုး တုပိုင်ကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ပေးတော်မူပါ ဘုရား”

“အရှင်မင်းမြတ်... သစ္စာဖောက် မိန်းမစိုး တုပိုင်ကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ပေးတော်မူပါ ဘုရား”

ထိုအချိန်မှာပင်... လူငယ်တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ... အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ... အင်ပါယာရဲ့ မြို့စား ၊ ပိုင်ဆယ်စီရင်စုမှူး ၊ ပိုင်ဆယ်စစ်သူကြီး တုပိုင်က စစ်သည် ၃၅,၀၀၀ ကို ဦးဆောင်ပြီး လီယန်ရဲ့ စစ်တပ်ကို အနိုင်ယူလိုက်ပါပြီ... မွေးစားဖခင်ကြီး လီဝမ်ဟွေ့ကို ကယ်တင်လိုက်နိုင်ပြီ... မင်းသမီးယွီကျိန်းကို ကယ်တင်လိုက်နိုင်ပြီ... ပိုင်ဆယ်မြို့ကို ကယ်တင်လိုက်နိုင်ပါပြီ ဘုရား...”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တစ်ခဏချင်းမှာပင် မိုးမြေသိမ့်သိမ့်တုန်သွားသကဲ့သို့ ဖြစ်သွားတော့သည်။ ဧကရာဇ်ထျန်ယွင် ကြားလိုက်ရသောအခါ ပထမတော့ မယုံကြည်နိုင် ဖြစ်သွားသည်။ နေ့တိုင်း သတင်းဆိုးများသာ ကြားနေရသဖြင့် သတင်းကောင်း ကြားရသောအခါ စိတ်ကူးယဉ်နေသည်ဟု ထင်မှတ်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဤမြင်ကွင်းကို မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

အချိန်အတော်ကြာမှ သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ ပြီးနောက်တွင် မျက်နှာတစ်ခုလုံး နီရဲလာပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters