အခန်း (၄၉၄)
Vol. 50 Ch. 494
ကုန်းကုန်းဧကရာဇ် (အပိုင်း ၄၉၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“လက်ရှိ လီမိသားစုရဲ့ အင်အားက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ပုန်ကန်ခဲ့တဲ့ မိုမိသားစုထက်တောင် ပိုပြီး ကြီးမားနေပြီ။ ဝါးပင်ကို ဓားနဲ့ခုတ်သလို အတားအဆီးမရှိ အမြင့်ကို တက်လာပြီ”
ဧကရာဇ်မင်းမြတ်သည် ဟက်ဟက်ပက်ပက် ရယ်မောကာ မိန့်ကြားလိုက်၏။
“အင်ပါယာရဲ့ အနောက်တောင်ပိုင်း ကျဆုံးပြီး ကောင်းကင်ပြိုလဲသလို ဖြစ်သွားတာ ဧကန်မုချ ငါကိုယ်တော်ရဲ့ အပြစ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ငါက သစ္စာဖောက်တစ်ယောက်ကို အသုံးပြုခဲ့မိလို့လေ။ အဲဒီသစ္စာဖောက်ကြောင့် အနောက်တောင်ပိုင်း ကျဆုံးခဲ့ရတာပေါ့။ ဒါဆို အဲဒီသစ္စာဖောက်က ဘယ်သူလဲ။ သေချာပေါက် တုပိုင် ဖြစ်ရမှာပေါ့။ ငါကိုယ်တော်သာ အမိန့်ထုတ်ပြီး တုပိုင်ကို ရာထူးက ဖယ်ရှားလိုက်ရင် နောက်တစ်ဆင့်က ငါ့ကိုယ်ငါ အပြစ်ရှိကြောင်း ကြေညာရမယ်။ ပြီးရင် နောက်တစ်ဆင့်က ထီးနန်းစွန့်လွှတ်ရတော့မယ်... မင်းတို့လိုချင်တာ ဒါပဲမလား”
အပြင်ဘက်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ဧကရာဇ်မင်းမြတ်သည် အသံကို ရုတ်တရက် မြှင့်တင်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
“အင်ပါယာရဲ့ အနောက်တောင်ပိုင်း ဘယ်လို ကျဆုံးသွားလဲဆိုတာ မင်းတို့ကိုယ်မင်းတို့ ပြန်မေးကြည့်ကြစမ်း။ မင်းတို့က အရမ်း ဟန်ဆောင်လွန်းတယ်။ မင်းတို့အားလုံး သင်္ချိုင်းကုန်းထဲ ခြေတစ်ဖက် ရောက်နေပြီးမှ ဘာလို့ ဒီလောက်တောင် ဟန်ဆောင်နေကြတာလဲ။ အနောက်တောင်ပိုင်း ကျဆုံးရတာက သစ္စာဖောက် တုပိုင်ကြောင့် ဟုတ်ရဲ့လား”
ဧကရာဇ်မင်းမြတ်၏ ဒေါသတကြီး အော်ဟစ်သံသည် အပြင်ဘက်ရှိ ဝါရင့်အမတ်ကြီးများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေ၏။
ထို့နောက် ဧကရာဇ်မင်းမြတ်သည် မဲ့ပြုံးပြုံးပြီး ဆက်ပြောလိုက်သည်။
“အရမ်း အရှက်မဲ့တာပဲ။ မင်းတို့ကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် ဝမ်းနည်းပါတယ်။ တုပိုင် မသေဘူး... ထွက်လည်းမပြေးဘူး... သူ ပြန်လာပြီး လီမိသားစုရဲ့ စစ်သည် ၂၀,၀၀၀ ကို အနိုင်ယူလိုက်ပြီ”
အပြင်ဘက်ရှိ ဝါရင့်အမတ်ကြီးများအားလုံး အသက်ရှူမှားသွားကြလေ၏။
ဧကရာဇ်မင်းမြတ်က မဲ့ပြုံးပြုံးကာ ဆက်လက်၍ မိန့်ကြားပြန်သည်။
“အတွင်းဝန် ကျန်း... ဒီသတင်းကို ကြားပြီးသား မဟုတ်လား... ဒါကြောင့် ကွေ့မင်းသားရဲ့ သားတော် နင်းချုံးယောင်ကို အသုံးချပြီး တုပိုင်ကို အပြစ်ပေးဖို့ အသနားခံစာလွှာ ဖန်တီးခဲ့တာပေါ့”
အပြင်ဘက်ရှိ အတွင်းဝန် ကျန်းရှီကျီက အေးစက်စွာ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ဒါက ကွေ့မင်းသားရဲ့ သားတော် နင်းချုံးယောင် ကိုယ်တိုင် ရေးထားတဲ့ သွေးစွန်းစာလွှာပါ... ရှုစားတော်မူပါဘုရား”
မှန်ပေသည်။ အတွင်းဝန်အဖွဲ့မှ အမတ်များက တုပိုင် ပြန်လာသည့် သတင်းကို သိရှိပြီးသား ဖြစ်သည်။ အငြိမ်းစား ဝါရင့်အမတ်ကြီးများသာ မသိကြခြင်း ဖြစ်သည်။ သူတို့၏ တာဝန်မှာ ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည့်အလျောက် ဧကရာဇ်၏ အခန်းရှေ့တွင် ဒူးထောက်ပြီး ဧကရာဇ်ကို အပြစ်တင်ဆဲဆိုရန်သာ ဖြစ်သည်။
မိန်းမစိုးကြီး ယွမ်ကျူးသည် စာလွှာကို ယူလိုက်ပြီး ဧကရာဇ်မင်းမြတ်ထံ ဦးညွှတ်ကာ ဆက်သလိုက်ရင်း တိုးတိုးလေး သတိပေးလိုက်ရှာသည်။ “အရှင်မင်းမြတ်... ဒေါသကိုထိန်းတော်မူပါ... ဒေါသကိုထိန်းတော်မူပါဘုရား”
“ငါ ပျော်နေတာပါ... လုံးဝ ဒေါသမထွက်ဘူး” ဧကရာဇ်မင်းမြတ်သည် စာလွှာကို ယူပြီး ဖွင့်ကြည့်လိုက်လေ၏။
ရုတ်တရက်ဆိုသလိုပင် ခေါင်းတစ်ခုလုံး မူးဝေသွားပြီး၊ နှလုံးသားထဲတွင် အဆုံးမဲ့ စိတ်ပျက်အားငယ်မှုများနှင့် နာကျင်မှုများ ပြည့်နှက်လာတော့သည်။
ကွေ့မင်းသား သေဆုံးသွားပြီးနောက် သူ၏ နှလုံးသား နာကျင်လွန်းသဖြင့် ရယ်မောနေရင်းမှ မျက်ရည်များ ကျဆင်းလာရသည်။
သို့သော် သူသည် ကွေ့မင်းသား၏ သားတော် နင်းချုံးယောင်အပေါ် လုံးဝ ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။ ဤကလေးသည် အနည်းငယ် လိုအပ်ချက်များရှိနေသော်လည်း လူကောင်းတစ်ယောက်ပင် ဖြစ်သည်။ ကွေ့မင်းသား သေဆုံးသည့် သတင်းကို သိလိုက်ရချိန်တွင် ဧကရာဇ်မင်းမြတ်၏ ပထမဆုံး အတွေးမှာ နင်းချုံးယောင်ကို ကွေ့မင်းသားအသစ်အဖြစ် ချက်ချင်း ခန့်အပ်ရန် ဖြစ်သည်။
ယခုလေးတင် ကျန်းရှီကျီ ပြောသည့်အတိုင်း ကွေ့မင်းသား၏ သားတော်က တုပိုင်ကို စွပ်စွဲပြစ်တင်သည်ဆိုသော စကားကို ဧကရာဇ် လုံးဝ မယုံကြည်ခဲ့ပေ။ ယင်းမှာ အတုအယောင် ဖြစ်ရမည်ဟု တွေးထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိစ္စမျိုးသည် ပထမဆုံးအကြိမ် မဟုတ်ချေ။ တိုင်းပြည် ပျက်စီးတော့မည့်ဆဲဆဲ အချိန်တွင် မိစ္ဆာများ သောင်းကျန်းနေကြရာ မဖြစ်နိုင်သည့် ကိစ္စဟူ၍ မရှိတော့ပေ။
သို့သော် ယခု ဧကရာဇ်မင်းမြတ် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤလက်ရေးမှာ ကွေ့မင်းသား၏ သားတော် နင်းချုံးယောင်၏ လက်ရေးစစ်စစ် ဖြစ်ကြောင်း သိလိုက်ရလေ၏။
စာလုံးများသည် ဓားသွားများကဲ့သို့ ထက်ရှနေပြီး စာလုံးတိုင်းတွင် သွေးစွန်းနေသည်။
စာပိုဒ်တိုင်းသည် နှလုံးသားကို ထိုးနှက်နေပြီး၊ စာပိုဒ်တိုင်းတွင် တုပိုင်သည် ကွေ့မင်းသားအိမ်တော်ကို ဒုက္ခရောက်စေခဲ့ကြောင်း ဒေါသတကြီး ပြစ်တင်ဝေဖန်ထားသည်။
စာလွှာထဲတွင် တုပိုင်သာ မရှိခဲ့လျှင် ကွေ့မင်းသားအိမ်တော်သည် ဤကဲ့သို့သော ဘေးဒုက္ခမျိုး ကြုံတွေ့ရမည် မဟုတ်ကြောင်း၊ ကွေ့မင်းသားလည်း ခြေထောက်ဖြတ်ခံရပြီး သွေးကြောများ ဖျက်ဆီးခံရမည် မဟုတ်ကြောင်း ရေးသားထားလေသည်။
အထူးသဖြင့် နောက်ဆုံးတွင် တုပိုင်သည် ကွေ့မင်းသားအိမ်တော်၏ နောက်ဆုံး လက်ကျန် မြင်းစီးတပ်သား ၆၀၀ ကို ခေါ်ဆောင်သွားသဖြင့်၊ ကွေ့မင်းသားအိမ်တော်တွင် ခုခံကာကွယ်နိုင်စွမ်း မရှိတော့ကြောင်း၊ ထို့ကြောင့် လူဆိုးလူမိုက်များ ဝင်ရောက်ကာ မီးရှို့၊ လူသတ်၊ လုယက်ခဲ့ကြပြီး နောက်ဆုံးတွင် ကွေ့မင်းသား သေဆုံးခဲ့ရကြောင်း ရေးသားထားသည်။
စာလွှာထဲတွင် ကွေ့မင်းသား၏ သားတော် နင်းချုံးယောင်သည် တုပိုင်အား ကွေ့မင်းသားကို သတ်ဖြတ်သူအဖြစ် ထပ်ခါတလဲလဲ စွပ်စွဲထားပြီး၊ တုပိုင်ကို ဖမ်းဆီးအမိန့်ထုတ်ပြန်ရန်၊ အပြစ်ပေးရန်နှင့် ခေါင်းဖြတ်သတ်ရန်၊ ကွေ့မင်းသားအိမ်တော်အတွက် တရားမျှတမှု ရှာဖွေပေးရန် ဧကရာဇ်မင်းမြတ်ထံ တောင်းဆိုထားသည်။
အားလုံးကို ဖတ်ပြီးနောက်တွင် ဧကရာဇ်မင်းမြတ်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့၏။
‘ကောင်စုတ်... ကောင်စုတ်လေး...’
‘အသိဉာဏ်မဲ့ပြီး အရှက်မရှိတဲ့ ကောင်စုတ်လေး...’
ဤသည်ကား မည်မျှ အဓိပ္ပာယ်မဲ့ပြီး စောက်ရူးထသော ဆင်ခြင်တုံတရားမျိုးနည်း။
‘တာ့နင်အင်ပါယာ ပျက်စီးတော့မလို ဖြစ်နေပြီ။ မင်း နင်းချုံးယောင်က တော်ဝင်မိသားစုဝင် တစ်ယောက်လေ။ တုပိုင်က ဘာကိုလုပ်နေသလဲ။ ဒီအင်ပါယာကို ကယ်တင်ဖို့၊ နင်းမိသားစုရဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ လုပ်နေတာ။ အဲဒီအထဲမှာ မင်း နင်းချုံးယောင်လည်း ပါတာပေါ့’
‘အတိုင်းအတာတစ်ခုအထိ ပြောရရင် တုပိုင်က မင်း နင်းချုံးယောင်အတွက် သွေးမြေကျခံ ပေးနေတာ’
‘ပြီးတော့ လူဆိုးလူမိုက်တွေ ကွေ့မင်းသားအိမ်တော်ကို တိုက်ခိုက်တယ် ဆိုတာလည်း... မင်း နင်းချုံးယောင် ဘာဖြစ်ခဲ့လဲဆိုတာ မသိဘူးလား’
‘ကွေ့မင်းသား ဘာလို့သေလဲ၊ မင်းကို ကာကွယ်ဖို့၊ ကွေ့မင်းသမီးကို ကာကွယ်ဖို့ မဟုတ်ဘူးလား’
ကွေ့မင်းသား သေဆုံးမှုအတွက် တုပိုင်ကို လက်ညှိုးထိုးရသလား။ ယင်းမှာ မိန်းကလေးတစ်ဦးအား ရုပ်မဆိုးဘဲ လှပနေသည့်အတွက် လူဆိုးများက မုဒိမ်းကျင့်ရသည်ဟု စွပ်စွဲခြင်းနှင့် ခြားနားမှု ရှိပါတော့မည်လော။
တစ်ခဏအတွင်း ဧကရာဇ်မင်းမြတ် ဧကန်မုချ စိတ်ပျက်အားငယ်သွားရသည်။
ကွေ့မင်းသား၏ သားတော်၊ သွေးသားရင်းချာ အနီးစပ်ဆုံး ဖြစ်သော တော်ဝင်မိသားစုဝင် တစ်ယောက်က သူ့ကို သစ္စာဖောက်တော့မည်လော။
ဧကရာဇ်မင်းမြတ်၏ ခန္ဓာကိုယ် အေးစက်သွားပြီး လက်များ တုန်ရီနေသည်။
မိန်းမစိုးကြီး ယွမ်ကျူးက ဘေးနားမှ တိုးတိုးလေး ထပ်မံ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ဒေါသကိုထိန်းတော်မူပါ... ဒေါသကိုထိန်းတော်မူပါ... ဒီနေ့ သတင်းကောင်း ရထားတာပဲ... ဒေါသကိုထိန်းတော်မူပါ”
ဧကရာဇ်မင်းမြတ် မျက်လုံးမှိတ်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် အမိန့်ပေးလိုက်လေသည်။ “ကွေ့မင်းသားရဲ့ သားတော် နင်းချုံးယောင်ကို ပြစ်တင်ရှုတ်ချတဲ့ အမိန့်တော် ထုတ်လိုက်။ သူက နင်းမိသားစုရဲ့ တော်ဝင်သွေးသား ဟုတ်သေးရဲ့လားလို့ မေးလိုက်။ တုပိုင်ကို တောင်းပန်ခိုင်းလိုက်... မဟုတ်ရင် ကွေ့မင်းသားရဲ့ သားတော် ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောလိုက်”
မိန်းမစိုးကြီး ယွမ်ကျူးက ပြန်လည်ဖြေကြားလိုက်သည်။ “အမိန့်တော်အတိုင်းပါဘုရား”
ထို့နောက် ဧကရာဇ်မင်းမြတ်က အပြင်ဘက်သို့ လှမ်း၍ အေးစက်စွာ မိန့်ကြားလိုက်သည်။
“မင်းတို့က တုပိုင်ကို သစ္စာဖောက်လို့ အမြဲ ပြောနေကြတယ် မဟုတ်လား။ ငါ့ကို တုပိုင်ကို အလိုလိုက်တဲ့ မိုက်မဲတဲ့ ဧကရာဇ်လို့ ပြောနေကြတယ် မဟုတ်လား။ ဒါဆို ငါကိုယ်တော် မင်းတို့ကို မိန့်ကြားလိုက်မယ်... မင်းတို့ ငါ့ကို ထီးနန်းစွန့်ခိုင်းရင်တောင် ငါ တုပိုင်ကို အပြစ်ပေးတဲ့ အမိန့်စာ တစ်လုံးမှ ရေးမှာ မဟုတ်ဘူး။ ယွမ်ကျူး... အမိန့်တော် ရေးစမ်း”
ယွမ်ကျူးသည် စားပွဲဆီသို့ သွားပြီး ဒူးထောက်ကာ ပြောလိုက်သည်။ “မှန်လှပါဘုရား”
ဧကရာဇ်မင်းမြတ်က မိန့်ကြားလိုက်သည်။ “တုပိုင်ကို ကွမ်ရှီးပြည်နယ် လီကျင်းဌာန အကြီးအကဲအဖြစ် ခန့်အပ်လိုက်။ ကွမ်ရှီး အရပ်ဘက်အရာရှိတွေနဲ့ လီမိသားစု ပူးပေါင်းကြံစည်မှုကို စုံစမ်းစစ်ဆေးခွင့် အာဏာ ပေးလိုက်။ အမိန့်ကုန်ပြီ”
ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် အပြင်ဘက်မှ ကျန်းရှီကျီ၏ မျက်နှာ ပျက်သွားတော့သည်။
အကယ်၍ အရှေ့ဘက်ကွပ်ကဲရေးရုံး သို့မဟုတ် ဘွဲ့ထူးဂုဏ်ထူး ကိစ္စသာဆိုလျှင် သူတို့၏ တုံ့ပြန်မှုသည် ဤမျှ ပြင်းထန်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် မိန်းမစိုးဂိုဏ်းပိုင် ဖြစ်ပြီး၊ ဧကရာဇ်သည် ဘွဲ့ထူးပေးခြင်း ကိစ္စကို လုပ်ဆောင်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဧကရာဇ်သည် အရပ်ဘက်အရာရှိများ၏ ပိုင်နက်ဖြစ်သော လီကျင်းဌာနထဲသို့ လက်နှိုက်လိုက်ခြင်း ဖြစ်သည်။
အာဏာခွဲဝေမှုများ ပြုလုပ်ပြီးနောက် လီကျင်းဌာန၏ ရာထူးတိုးမြှင့်ခြင်း ကိစ္စများကို အတွင်းဝန်အဖွဲ့မှ အမြဲတမ်း ဆုံးဖြတ်ခဲ့သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးသည် ဧကရာဇ်၏ ပိုင်နက်ဖြစ်ပြီး၊ လီကျင်းဌာနသည် အတွင်းဝန်အဖွဲ့၏ ပိုင်နက် ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြပေ။
ယခု ဧကရာဇ်သည် အဆိပ်ပြင်းသော ဓားသွားတစ်လက်ဖြစ်သည့် တုပိုင်ကို ကွမ်ရှီးပြည်နယ် လီကျင်းဌာန အကြီးအကဲအဖြစ် ခန့်အပ်လိုက်သည်။ ဤသည်မှာ တုပိုင်ကို ရှန်ဖန်းဓား၊ အာဏာကုန်လွှဲအပ်ထားသော ဓားပေးလိုက်ခြင်းနှင့် တူသည်။ ကွမ်ရှီး အရာရှိများကို စီရင်ပိုင်ခွင့် အာဏာ ပေးလိုက်ခြင်း ဖြစ်ပြီး အရပ်လေးမျက်နှာရှိ အရာရှိများအား သတ်ဖြတ်ခွင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။
အတွင်းဝန် ကျန်းရှီကျီက လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ကွမ်ရှီး လီကျင်းဌာန အကြီးအကဲ လင်းကျန်းချောင်က ရာထူးမှာ ရှိနေပါသေးတယ်”
ဧကရာဇ်မင်းမြတ်က အေးစက်စွာ တုံ့ပြန်လိုက်သည်။ “အင်း... ဟုတ်လား... ငါ တံဆိပ်တုံးထုပြီး အမိန့်ထုတ်ခဲ့တာကို မမှတ်မိပါလား...”
ကျန်းရှီကျီက ဆက်ပြောသည်။ “ဒါက နန်းတွင်းရဲ့ အတွင်းစည်းမျဉ်းပါ။ အခမ်းအနားများဆိုင်ရာ ဝန်ကြီးဌာနက အတည်ပြုပြီးပါပြီ။ အဲဒီအချိန်တုန်းက အရှင်မင်းမြတ် ညီလာခံ မတက်ခဲ့ပါဘူး”
ဧကရာဇ်မင်းမြတ်က လျစ်လျူရှုကာ ပြောလိုက်သည်။ “အပိုစကားတွေ ပြောမနေနဲ့တော့။ ငါ မင်းကို ပြောလိုက်မယ်... တုပိုင်ကို ရာထူးတိုးတာက အစပဲ ရှိသေးတယ်”
အပြင်ဘက်မှ ကျန်းရှီကျီက ပြောလိုက်သည်။ “အရှင်မင်းမြတ်... တုပိုင်မှာ စစ်သည် ၃၀,၀၀၀ ပဲ ရှိပါတယ်။ ပိုင်ဆယ်မြို့က အထီးကျန်မြို့ ဖြစ်နေပါပြီ။ လီရူဟိုင်ဆီမှာ အခု စစ်သည် သိန်းချီ ရှိပါတယ်။ တုပိုင် ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာလဲ... လီရူဟိုင်က ပိုင်ဆယ်မြို့ကို တိုက်ဖို့ စစ်သည် တစ်သိန်းလောက် အလွယ်တကူ စုဆောင်းနိုင်ပါတယ်။ တုပိုင်ရဲ့ စစ်သည်အင်အားထက် သုံးဆ ပိုများပါတယ်။ လဝက်လောက်ဆိုရင် တုပိုင် သေမှာ သေချာပါတယ်။ အရှင်မင်းမြတ် အနေနဲ့ အခြားအစီအစဉ်တွေရှိမယ်လို့ မျှော်လင့်ပါတယ်”
ဧကရာဇ်မင်းမြတ်က မဲ့ရွဲ့စွာ ပြောလိုက်သည်။ “မင်းတို့ရဲ့ သတင်းက ငါ့ထက် ပိုမြန်တာပဲ”
ထို့နောက် ဧကရာဇ်မင်းမြတ်က ဆက်ပြောသည်။ “မင်း ဆိုလိုချင်တာကို ငါ နားလည်ပါတယ်... ငါ နားလည်တယ်”
အပြင်ဘက်ရှိ အမတ်ကြီးများ၏ သဘောထားမှာ အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ ဧကရာဇ်က တုပိုင်ကို ကယ်တင်ရှင် ကောက်ရိုးတစ်မျှင်အဖြစ် သတ်မှတ်ထားသည့်အတွက် ခဏလောက် ခုန်ပေါက်ခွင့် ပေးထားလိုက်ခြင်း ဖြစ်သည်။ လီရူဟိုင်က တုပိုင်ကို တိုက်ခိုက်ရန် စစ်သည် တစ်သိန်း စုဆောင်းထားပြီးပြီဖြစ်၏။
တုပိုင် လုံးဝ ပျက်စီးသွားပြီးနောက် အင်ပါယာ၏ အနောက်တောင်ပိုင်း အပြီးအပိုင် ကျဆုံးသွားသောအခါ၊ ဧကရာဇ်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမည်၊ ထို့နောက် ထီးနန်းစွန့်ရမည် ဖြစ်သည်။
အနောက်တွင် ပုန်းအောင်းနေသော လီလျန်တင်းက လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... မင်းသမီး နင်းရွှဲ့ရဲ့ စစ်တပ်သစ်ကို ပေကျင်းမြို့တော်ထဲ ဝင်ခွင့်ပြုဖို့ အမိန့်ပေးချင်ပါသလား”
အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းသည်။ လာမည့် စစ်ပွဲတွင် တုပိုင်သာ ပျက်စီးသွားလျှင် ဧကရာဇ်ကို ထီးနန်းစွန့်ခိုင်းရန် နန်းလုပွဲ တစ်ခု ဖြစ်လာနိုင်သည်။
မင်းသမီး နင်းရွှဲ့ထံတွင် စစ်သည် ၁၅,၀၀၀ ရှိသည်။ အရေအတွက် မများသော်လည်း အင်အားကြီးမားသော တပ်ဖွဲ့တစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ နန်းတော်ကို ကာကွယ်ရန် လုံလောက်သည်။
ဧကရာဇ်မင်းမြတ်က လျစ်လျူရှုကာ ပြန်မေးလိုက်သည်။ “မလိုပါဘူး... မြို့စားမင်း လီလျန်တင်းရဲ့ လက်ထဲက ကိုယ်ရံတော်တပ်ဖွဲ့နဲ့ ငါ့ကို မကာကွယ်နိုင်ဘူးလား”
လီလျန်တင်း ချက်ချင်း ဒူးထောက်လိုက်ပြီး သစ္စာဆိုလိုက်သည်။ “ကျွန်တော်မျိုး အရှင်မင်းမြတ်နဲ့ မယ်တော်ကြီး၊ ဧကရီတို့ကို ကာကွယ်ပါမယ်လို့ သစ္စာဆိုပါတယ်”
“ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး” အတွင်းဝန် ကျန်းရှီကျီ ဦးညွှတ်လိုက်သည်။
ဝါရင့်အမတ်ကြီး ဒါဇင်ပေါင်းများစွာသည်လည်း ဦးခိုက်လိုက်ကြသည်။ “ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး” အပြုအမူများမှာ အလွန် လေးစားသမှု ရှိသော်လည်း၊ အသံများမှာ အလွန် အေးစက်နေလေ၏။
အဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။ ဧကရာဇ်က တုပိုင်အပေါ် မျှော်လင့်ချက် ထားနေမှတော့ တုပိုင် သေမယ့်အချိန်ကို စောင့်ကြည့်ကြပေမည်။
လီရူဟိုင်က တုပိုင်ကို သတ်လိုက်သည်နှင့် အခြေအနေသည် ယနေ့ကဲ့သို့ နွေးထွေးနူးညံ့တော့မည် မဟုတ်ချေ။
တိုက်ရိုက် အာဏာသိမ်းပြီး ဧကရာဇ်ကို ထီးနန်းစွန့်ခိုင်းခြင်းသည် မဖြစ်နိုင်သော ကိစ္စ မဟုတ်တော့ပေ။
ထို့ကြောင့် လာမည့် လီရူဟိုင်နှင့် တုပိုင်၏ တိုက်ပွဲသည် တုပိုင်၏ ကံကြမ္မာကိုသာ ဆုံးဖြတ်ပေးမည် မဟုတ်ဘဲ ဧကရာဇ်မင်းမြတ်၏ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးလိမ့်မည်။
ထွက်ခွာသွားသော ဝါရင့်အမတ်ကြီးများကို ကြည့်ရင်း ဧကရာဇ်မင်းမြတ်၏ ဆုပ်ကိုင်ထားသော လက်သီးများ ပြေလျော့သွားသည်။ ဤအရှက်မရှိသော သူခိုးအိုကြီးများကို သတ်ပစ်ရန် အမိန့်ပေးချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။
သူသည် အင်ပါယာအပေါ်တွင် အာဏာမရှိတော့သော်လည်း နန်းတော်အတွင်း၌ လီလျန်တင်းက ကိုယ်ရံတော်တပ်ဖွဲ့ကို ထိန်းချုပ်ထားသဖြင့်၊ နန်းတော်သည် ဧကရာဇ်လက်ထဲတွင် ရှိနေသေးသည်။
သို့သော် အချိန်အတော်ကြာ သည်းခံပြီးနောက် ဧကရာဇ်မင်းမြတ်သည် ထိုစိတ်ဆန္ဒကို ဖိနှိပ်လိုက်လေသည်။
“ကျန်းရှီကျီ... အတွင်းဝန်အဖွဲ့ချုပ် အမတ်ကြီး ဖန်းကို ပြောလိုက်... ငါ့ရဲ့ တိုင်းပြည်ကို လိုချင်ရင် ကိုယ်တိုင်ကိုယ်ကျ လာလုယူလှည့်လို့ ပြောလိုက်” ဧကရာဇ်မင်းမြတ်က အေးစက်စွာ မိန့်ကြားလိုက်လေ၏။
အတွင်းဝန် ကျန်းရှီကျီသည် တစ်ချက်မျှ ရပ်တန့်သွားသော်လည်း၊ ဘာမှမကြားသကဲ့သို့ ဆက်လက် ထွက်ခွာသွားလိုက်လေသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team