အခန်း (၄၉၅)
Vol. 50 Ch. 495
ကုန်းကုန်းဧကရာဇ် (အပိုင်း ၄၉၅)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဧကရာဇ်မင်းမြတ်သည် ရွှေချထားသော မျက်နှာကြက်ကို မော့ကြည့်လိုက်ပြီး နာကျင်စွာ ရေရွတ်လိုက်မိသည်။
“ငါကိုယ်တော်ရဲ့ တိုင်းပြည်ကို အသက် ၂၀ အရွယ် ကလေးတစ်ယောက်လက်ထဲ အပ်နှံလိုက်ရတော့မယ်... ဘိုးဘေးဘီဘင်တွေကို ငါ ဘယ်မျက်နှာနဲ့ သွားတွေ့ရပါ့မလဲ”
ထို့နောက် ဧကရာဇ်မင်းမြတ်က ရုတ်တရက် မေးလိုက်သည်။
“မင်းသမီး နင်းရွှဲ့ရဲ့ စစ်သည်တော် ၁၅,၀၀၀ ကို ပိုင်ဆယ်မြို့ဆီ လွှတ်လိုက်ရင် အချိန်မီပါဦးမလား”
မေးပြီးသည်နှင့် သူ ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်မိ၏။ ဧကန်မုချ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
မင်းသမီး နင်းရွှဲ့၏ စစ်သည်တော် ၁၅,၀၀၀ သည် ရှန်ဟိုင်ကွမ်ဂိတ်၏ အရေးအကြီးဆုံး အစိတ်အပိုင်းကို ကာကွယ်စောင့်ရှောက်နေရသဖြင့် ၊ သူတို့၏ တာဝန်သည် အလွန် ကြီးလေးလှပေသည်။
အရေးအကြီးဆုံးအချက်မှာ ထိုစစ်သည်တော် ၁၅,၀၀၀ ပိုင်ဆယ်မြို့သို့ ရောက်ရှိရန် အနည်းဆုံး လေးလခန့် ကြာမြင့်မည်ဖြစ်ပြီး ၊ ထိုအချိန်ရောက်လျှင် အရာအားလုံး ပြီးဆုံးနေလောက်ပြီ ဖြစ်သည်။
“ရှန်ရှီးပြည်နယ်က ရွှမ်ချန်နယ်စားမင်းကို တောင်ဘက်ဆင်းပြီး ပိုင်ဆယ်မြို့ကို ကူညီဖို့ အမိန့်ထုတ်လိုက်” ဧကရာဇ်မင်းမြတ်က ထပ်မံ မိန့်ကြားလိုက်သည်။
ဘေးနားမှ မိန်းမစိုးကြီး ယွမ်ကျူးက လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... အမိန့်တော်ဆယ်ခုကျော်ကို ပို့ပြီးပါပြီ။ ဘာတုံ့ပြန်မှုမှ မရှိပါဘူး။ ရွှမ်ချန်နယ်စားမင်းက တောင်ဘက်ဆင်းလာချင်တယ် ဆိုရင်တောင် အချိန်မီမှာ မဟုတ်ပါဘူး”
ဧကရာဇ်မင်းမြတ် တုန်ရီစွာဖြင့် မိန့်ကြားလိုက်သည်။ “နောက်ထပ် အမိန့်ထုတ်... နောက်ထပ် အမိန့်ထပ်ထုတ်လိုက်”
ဧကရာဇ်မင်းမြတ်သည် ကုလားထိုင်ပေါ်သို့ ပစ်ထိုင်ချလိုက်မိရှာသည်။ သူသည် တုပိုင်ကို ကူညီရန် အစွမ်းကုန် ကြိုးစားချင်သော်လည်း စစ်သည်တစ်ယောက်ကိုမျှ မစေလွှတ်နိုင်ခဲ့ချေ။ အကယ်၍ စစ်သည်တော်များ စေလွှတ်နိုင်ခဲ့လျှင် လီဝမ်ဟွေ့ မြို့ကို ကာကွယ်နေစဉ်ကတည်းက စေလွှတ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ် သက်ပြင်းချလိုက်လေ၏။
“တုပိုင်... ငါတို့ သားအဖနှစ်ယောက်ရဲ့ ကံကြမ္မာက ဆက်နွယ်နေတယ်။ ကောင်းကင်ဘုံကပဲ ဆုံးဖြတ်ပါစေတော့။ တကယ်လို့ ကောင်းကင်ဘုံက ငါ့ရဲ့ တာ့နင်အင်ပါယာကို ပျက်စီးစေချင်တယ်ဆိုရင်လည်း ပျက်စီးရုံပေါ့”
ဝမ်ရှန်းမြို့ ၊ တာ့ယန်နိုင်ငံတော်၏ နန်းတော်အတွင်း။
မီးနတ်ဘုရားဘာသာ၏ သူတော်စင်မ ၊ မဟာမင်းသမီး ၊ အလွန်လှပသည့် မိစ္ဆာမ လီဝမ်ဝမ်သည် မြေကြီးပေါ်တွင် လုံးဝ ဒူးထောက်လိုက်ပြီး သူမ၏ ခမည်းတော် ဘုရင် လီရူဟိုင်ထံ အပြစ်ဝန်ခံနေသည်။
တာ့ယန်ဘုရင်ကြီး လီရူဟိုင်သည် အပြင်ပန်းတွင် ပင်လယ်ပြင်ကဲ့သို့ အေးစက်နေသော်လည်း ၊ နှလုံးသားထဲတွင်မူ မီးတောင်ချော်ရည်များ ပွက်ပွက်ဆူနေသကဲ့သို့ ဖြစ်ပေါ်နေလေသည်။
မူလက သူ့စိတ်ထဲတွင် တုပိုင်သည် အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သော်လည်း ၊ ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ပြင်းမြွေတစ်ကောင် ဖြစ်လာသည်။
သူ့သားကို သတ်ဖြတ်ခဲ့ရုံသာမက သူ၏ စစ်သည်တော် ၂၀,၀၀၀ ကိုပါ ချေမှုန်းခဲ့သေး၏။ ယခုလည်း သူ၏ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို နည်းဗျူဟာဖြင့် ချေဖျက်လိုက်ပြီး ၊ မီးနတ်ဘုရားဘာသာမှ သိုင်းပညာရှင် ၁၉ ယောက်ကို သတ်ဖြတ်လိုက်ပြန်၏။
ဤသည်မှာ သားတော်ကို ဆုံးရှုံးရုံသာမက စစ်သည်တော်များကိုပါ ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပြီး ၊ လီရူဟိုင်၏ မျက်နှာကို လုံးဝ ရိုက်နှက်လိုက်ခြင်းပင် ဖြစ်သည်။
“ဖြောင်း... ဖြောင်း...” မျက်နှာကို ရိုက်နှက်ခံလိုက်ရသကဲ့သို့ စပ်ဖျင်းဖျင်း ခံစားချက်ကို လီရူဟိုင် ခံစားနေရသည်။
“မင်း တကယ်ပဲ မျက်လုံးမိစ္ဆာ စစ်ခုန်းလင်းကို မြင်ခဲ့တာလား” လီရူဟိုင် မေးလိုက်သည်။
“ဟုတ်ပါတယ်” လီဝမ်ဝမ်က ဖြေလိုက်သည်။
လီရူဟိုင်က အမိန့်ပေးလိုက်၏။ “စစ်ခုန်းလင်းအကြောင်း အနောက်ဘက်ဒေသက မီးနတ်ဘုရားဘာသာ ဂိုဏ်းချုပ်ကို သတင်းပို့လိုက်ပါ”
“ဟုတ်ကဲ့ပါ” လီဝမ်ဝမ်က ပြောလိုက်သည်။
အကယ်၍ အနောက်ဘက်ဒေသ မီးနတ်ဘုရားဘာသာ သူတော်စင်မကြီးသာ မြင်တွေ့ခဲ့လျှင် ဤသူသည် စစ်ခုန်းလင်း မဟုတ်ဘဲ စစ်ခုန်းယဲ့ ဖြစ်ကြောင်း သေချာပေါက် သိရှိပေလိမ့်မည်။
လီရူဟိုင်က ဆက်ပြောသည်။ “ရှားလုံရွှိုက ယူနန်ပြည်နယ်မှာ တိုက်ရခိုက်ရတာ သိပ်ကောင်းတယ်လို့ ကြားတယ်”
လီဝမ်ဝမ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်... အရမ်း ကောင်းပါတယ်။ ဦးလေးတော်ထက်တောင် သာလွန်ပြီး ရဲရင့်ပြတ်သားပါတယ်”
“သူ့ကို ခေါ်လိုက်” လီရူဟိုင်က အမိန့်ပေးလိုက်သည်။ “ယူနန်ပြည်နယ်က မကြာခင် ကျဆုံးတော့မယ်။ အခု လီကျန့်ဆီမှာ စစ်သည်အင်အား ဘယ်လောက်ရှိပြီလဲ”
“တစ်သိန်းခွဲပါ” လီဝမ်ဝမ်က ဖြေကြားလိုက်သည်။
လီကျန့် ထွက်ခွာသွားစဉ်က စစ်သည် တစ်သိန်း ယူဆောင်သွားခဲ့သည်။ ယူနန်ပြည်နယ် ထက်ဝက်ကျော်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သည်အင်အား လျော့နည်းသွားခြင်း မရှိဘဲ ၅၀,၀၀၀ ပင် တိုးလာခဲ့သည်။
ယင်းမှာ ဒုတိယတန်းစား စစ်တပ်များ လက်နက်ချလာခြင်းကြောင့်သာမက သိုင်းသင်တန်းကျောင်း အများစုကပါ လက်နက်ချ ဝင်ရောက်လာကြသောကြောင့် ဖြစ်သည်။
လီရူဟိုင်က ပြောလိုက်သည်။ “ရှားလုံရွှိုကို စစ်သည် ၅၀,၀၀၀ ခေါ်လာခိုင်းလိုက်။ ပြီးရင် အဲဒီစစ်သည် ၅၀,၀၀၀ ကို မီးနတ်ဘုရားဆေးရည် တိုက်လိုက်။ အဲဒါမှ အသက်ရှင်ဖို့ မက်မောပြီး သေမှာ ကြောက်တဲ့ ဒီလူတွေက နာကျင်မှုနဲ့ ကြောက်ရွံ့မှုကို မသိတဲ့ စစ်ပွဲသားရဲကောင်တွေ ဖြစ်လာမှာ”
လီဝမ်ဝမ်က စိုးရိမ်တကြီး ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီလိုလုပ်ရင် ဒီလူ ၅၀,၀၀၀ က အကြိမ်နည်းနည်းလောက် သုံးပြီးတာနဲ့ အသုံးမဝင်တော့ဘဲ ဖြစ်သွားမှာပါ”
လီရူဟိုင်က ပြတ်သားစွာ ပြောလိုက်သည်။ “နဂိုကတည်းက မြှားစာတွေပဲဟာ... ကိစ္စမရှိဘူး”
လီဝမ်ဝမ် ဦးညွှတ်ပြီး ပြောလိုက်သည်။ “သမီးတော် အခုပဲ အမိန့်သွားထုတ်လိုက်ပါ့မယ်”
လီရူဟိုင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ “ရှားလုံရွှို ဦးဆောင်တဲ့ စစ်သည် ၅၀,၀၀၀ ရယ် ၊ လီရူလုံရဲ့ စစ်သည် ၃၀,၀၀၀ ရယ်... မင်း ကိုယ်တိုင် ဦးဆောင်မယ့် မီးနတ်ဘုရားဘာသာ စစ်သည် ၂၀,၀၀၀ ရယ်... လီရူလုံနဲ့ ရှားလုံရွှိုကို ဒုတိယစစ်သေနာပတိတွေအဖြစ် ခန့်အပ်လိုက်။ စုစုပေါင်း စစ်သည် တစ်သိန်း။ ပိုင်ဆယ်မြို့ကို ချီတက်ပြီး တုပိုင်ရဲ့ ကုန်းကုန်းခွေးစစ်တပ်ကို သတ်ပစ်ကြ”
လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် ပြဿနာကို မဖြေရှင်းနိုင်လျှင် အကြမ်းတမ်းဆုံးနှင့် အစွမ်းထက်ဆုံး အင်အားကို အသုံးပြုရမည် ဖြစ်သည်။
မိစ္ဆာမ လီဝမ်ဝမ် ဦးခိုက်ပြီး ပြောလိုက်သည်။ “သမီးတော် အမိန့်တော်အတိုင်း လိုက်နာပါ့မယ်”
ဆယ်ရက် ကြာပြီးနောက်။
ရှားလုံရွှိုသည် စစ်သည် ၅၀,၀၀၀ ကို ဦးဆောင်ပြီး တာ့ယန်ဘုရင့်မြို့တော်သို့ ပြန်လည် ရောက်ရှိလာသည်။
လီရူလုံသည် စစ်သည် ၂၅,၀၀၀ ကို ဦးဆောင်ပြီးနောက် နောက်ထပ် ၅,၀၀၀ စုဆောင်းကာ စုစုပေါင်း ၃၀,၀၀၀ ပြည့်အောင် ဖြည့်တင်းလိုက်သည်။
လီဝမ်ဝမ်၏ မီးနတ်ဘုရားဘာသာ စစ်သည် ၂၀,၀၀၀ အပါအဝင် တပ်ဖွဲ့ ၃ ခုပေါင်း စစ်သည် ၁၀၀,၀၀၀ သည် ဘုရင့်မြို့တော်တွင် စုရုံးကာ ပိုင်ဆယ်စစ်ပွဲ အသစ်တစ်ဖန် ဆင်နွှဲရန် ပြင်ဆင်နေကြသည်။
ဤစစ်ပွဲသည် အင်ပါယာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးပေလိမ့်မည်။ စစ်ပွဲ၏ ခြေလှမ်းများသည် ပိုမို ပြင်းထန်လာပြီး ၊ ပိုင်ဆယ်မြို့တွင် စစ်ပွဲအငွေ့အသက်များ ပိုမို ထူပြောလာသည်။
**--**--**--**--**--**--**--**
မေလ ၁၇ ရက်။
တာ့ယန်နိုင်ငံတော် အိမ်ရှေ့မင်းသား ဦးဆောင်သော ပင်မတပ်ဖွဲ့သည် ယူနန်ပြည်နယ် တစ်ခုလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်သည်။
ကြွယ်ဝချမ်းသာမှုကို လိုလားသော မရေမတွက်နိုင်သည့် သိုင်းပညာရှင်များသည် တာ့ယန်နိုင်ငံတော်၏ စစ်တပ်ထဲသို့ ဝင်ရောက်လာကြသဖြင့် လီကျန့်၏ စစ်တပ်သည် ၁၃၀,၀၀၀ အထိ ထပ်မံ တိုးလာပြန်သည်။
သူသည် လီရူဟုကို စစ်သည် ၃၀,၀၀၀ ဖြင့် ကွမ်မင်းစီရင်စုတွင် တပ်စွဲကာ ဆက်လက်၍ တပ်သားသစ် စုဆောင်းရန် အမိန့်ပေးလိုက်သည်။
အိမ်ရှေ့မင်းသား လီကျန့်သည် ပင်မတပ်ဖွဲ့ကို ဦးဆောင်ပြီး ချူကျင်းစီရင်စုမှ မြောက်ဘက်သို့ ဆက်လက် ချီတက်ကာ ကွေ့ကျိုးပြည်နယ်ကို တိုက်ခိုက်လေသည်။ သူတို့သည် ဝါးလုံးခွဲသကဲ့သို့ အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်ကာ နယ်မြေများကို အရူးအမူး သိမ်းပိုက်ချဲ့ထွင်နေကြလေ၏။
လူတိုင်း၏ အမြင်တွင် တာ့နင်အင်ပါယာ သင်္ဘောပျက်ကြီးသည် မကြာမီ နစ်မြုပ်တော့မည် ဖြစ်ပြီး ၊ တာ့ယန်နိုင်ငံတော်၏ သင်္ဘောသစ်ကြီးသည် အလွန် အင်အားကြီးမားပုံ ရနေသည်။ စောစောစီးစီး မတက်ရောက်ဘဲ နောက်ကျသွားပါက နေရာကောင်း ရလိမ့်မည် မဟုတ်ပေ။
ဖြစ်ပျက်နေသည်များမှာ စစ်ပွဲတစ်ခုထက် အင်ပါယာတစ်ခု ပျက်သုဉ်းတော့မည့် ဇာတ်ပုံပြင်တစ်ခုနှင့် ပိုတူနေသည်။
**--**--**--**--**--**--**--**
မေလ ၁၉ ရက်။
ကွမ်ရှီးရေတပ် စစ်သေနာပတိ ယွမ်ထျန်ကျောက်သည် စစ်သည် ၁၅,၀၀၀ ကို လျန်ကျိုးစီရင်စုတွင် တပ်စွဲရန် အမိန့်ပေးလိုက်သည်။
ဤသည်မှာ တုပိုင်၏ ဆုတ်ခွာလမ်းကြောင်းကို ဖြတ်တောက်ရန်နှင့် တုပိုင် ရှုံးနိမ့်ပြီးနောက် အန်နမ်နိုင်ငံထဲသို့ ထွက်ပြေးမသွားနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သူသည် တုပိုင်ကို လုံးဝ ပိတ်ဆို့ပြီး စစ်တပ်တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းချင်နေသည်။ ထို့ပြင် ပို၍ နက်ရှိုင်းသော ရည်ရွယ်ချက်တစ်ခုမှာကား အန်နမ်နိုင်ငံနှင့် တာ့နင်အင်ပါယာကြား ဆက်သွယ်မှုကို ဖြတ်တောက်ရန်ပင် ဖြစ်လေ၏။
တစ်လကျော်ကြာ ပြုပြင်တည်ဆောက်ပြီးနောက် ပိုင်ဆယ်မြို့သည် ပုံစံသစ် တစ်ခု ဖြစ်လာသည်ဟု ဆိုနိုင်သည်။
ယခင်က ပျက်စီးခဲ့သော မြို့ရိုးများအားလုံးကို ပြန်လည် ပြုပြင်ပြီး ဖြစ်သည်။ မြို့တွင်းနှင့် မြို့ပြင် တစ်ခုလုံးသည် စစ်ဘက်ဆိုင်ရာ ခံတပ်နေရာများ ဖြစ်လာသည်။ စစ်ပွဲ နီးကပ်လာသည်နှင့်အမျှ အခြေအနေသည် ပိုမိုပြီး တင်းမာလာပြီဖြစ်၏။
တုပိုင်သည် ဧကရာဇ်၏ အမိန့်တော်ကို လက်ခံရရှိပြီး ဖြစ်သည်။ မည်သည့် တောင်းဆိုချက် သို့မဟုတ် ညွှန်ကြားချက်မှ မပါရှိဘဲ တုပိုင်ကို ကွမ်ရှီး လီကျင်းဌာန အကြီးအကဲအဖြစ် ခန့်အပ်ကြောင်းသာ ပါရှိ၏။
ဤသည်မှာ စစ်ပွဲအနိုင်ရပြီးနောက်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။.အကယ်၍ စစ်ပွဲ အနိုင်ရလျှင် ဤရာထူးသည် တုပိုင်၏ ဓားဖြစ်လာလိမ့်မည်။ အကယ်၍ စစ်ပွဲ ရှုံးနိမ့်လျှင် မည်သည့်အရာမှ အရာထင်မည် မဟုတ်တော့ချေ။ သူ ရင်ဆိုင်ရမည့်အရာမှာ စစ်သည် ၁၀၀,၀၀၀ ဖြစ်ပြီး သူတို့ဘက်ရှိ အင်အားထက် သုံးဆ ပိုမိုများပြားလေ၏။ တုပိုင်သည် သူ၏ စစ်တပ်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိသော်လည်း စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲသည် အလွန် အရေးကြီးလွန်းသောကြောင့် ဖြစ်သည်။ သူ၏ ကံကြမ္မာနှင့် သက်ဆိုင်ရုံသာမက အင်ပါယာ၏ ကံကြမ္မာနှင့်လည်း တိုက်ရိုက် သက်ဆိုင်နေသည်။
လူတိုင်းလိုလိုသည် ဤစစ်ပွဲအတွက် ကြိုးစားနေကြသည်။ မွေးစားအဖေ လီဝမ်ဟွေ့သည် အိပ်ချိန်မရှိသလောက်ပင် ကာကွယ်ရေးခံစစ်တိုင်းကို တည်ဆောက်ရန် တာဝန်ယူထားသည်။ မင်းသမီး ယွီကျိန်းသည် ဟာကွက်များ မရှိစေရန် နေရာအနှံ့ နေ့စဉ် လှည့်လည် စစ်ဆေးနေသည်။
စစ်သည်တိုင်းသည် နေ့စဉ် ကြိုးစားပမ်းစား လေ့ကျင့်နေကြပြီး ၊ သွေးနှင့် ချွေးများ ရင်းကာ ဤကြီးမားသော စစ်ပွဲ ရောက်ရှိလာမည့် အချိန်ကို ပြင်ဆင်နေကြသည်။
ပိုင်ဆယ်မြို့တစ်ခုလုံး၏ လေထုသည် ပေါက်ကွဲခါနီးဖြစ်နေသည့် မီးတောင်ကြီးပမာ ဖြစ်နေသည်။
**--**--**--**--**--**--**--**
မေလ ၂၃ ရက်။
လီရူဟိုင်သည် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ကာ ပေ ဆယ်ဂဏန်းမျှ မြင့်သော ပလ္လင်စင်မြင့်ပေါ်တွင် ရပ်နေသည်။
စင်မြင့်အောက်ရှိ ကွင်းပြင်တွင် လီမိသားစု၏ တာ့ယန်နိုင်ငံတော် စစ်သည် ၁၀၀,၀၀၀ သည် သပ်ရပ်စွာ တပ်စွဲထားကြ၏။ စစ်သည်တစ်သိန်းသည် မိုင်ပေါင်းများစွာ ကျယ်ပြန့်ပြီး အဆုံးအစ မမြင်နိုင်အောင် များပြားလှသည်။ ပျံသန်းနေသော ငှက်များသည် တောင်ဘက်သို့ ဦးတည် ပျံသန်းသွားကြ၏။
လီရူဟိုင်သည် စစ်သည်တော် ၁၀၀,၀၀၀ ကို လှမ်းကြည့်လိုက်ပြီး လီရူလုံ ၊ ရှားလုံရွှိုနှင့် လီဝမ်ဝမ်တို့ကို ကြည့်လိုက်သည်။ တုပိုင်ကို ချေမှုန်းရန်အတွက် သူသည် စစ်သည် တစ်သိန်း ၊ ထိပ်တန်း စစ်သေနာပတိကြီး နှစ်ဦးနှင့် မီးနတ်ဘုရားဘာသာ သူတော်စင်မ ၊ တာ့ယန်နိုင်ငံတော်၏ မဟာမင်းသမီးတို့ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သူသည် ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီးနောက် မိုးခြိမ်းသံပမာ ဟိန်းဟောက်လိုက်လေ၏။
“စစ်တပ် ချီတက်ကြ... ပိုင်ဆယ်မြို့ကို မြေလှန်ပစ်... တုပိုင်ကို အရူးတစ်ပိုင်းဖြစ်အောင် လုပ်ပစ်ပြီး အကုန် သတ်ပစ်ကြ”
“ဘုန်းးး... ဒုန်းးး... ဘုန်းးး...”
စစ်ဗုံသံများ မြည်ဟီးလာပြီး နားကွဲမတတ် အသံများ ထွက်ပေါ်လာသည်။
စစ်သည်တော် ၁၀၀,၀၀၀ သည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“ပိုင်ဆယ်မြို့ကို နင်းချေပစ်မယ်... တုပိုင်ကို အပြတ်ရှင်းမယ်...”
“ပိုင်ဆယ်မြို့ကို နင်းချေပစ်မယ်... တုပိုင်ကို အပြတ်ရှင်းမယ်...”
ထို့နောက် တာ့ယန်နိုင်ငံတော်၏ စစ်သည်တော် ၁၀၀,၀၀၀ သည် မီးနီရောင် ရေစီးကြောင်းကြီးတစ်ခုအလား ပိုင်ဆယ်မြို့ဆီသို့ ချီတက်သွားကြသည်။ သူတို့၏ အရှိန်အဟုန်သည် အရာအားလုံးကို ဖျက်ဆီးပြီး အရာအားလုံးကို မျိုချမည့်ပုံ ပေါက်နေလေ၏။
**--**--**--**--**--**--**--**
တစ်ရက် ကြာပြီးနောက် တုပိုင် သတင်းရရှိလိုက်သည်။ လီဝမ်ဝမ် ၊ ရှားလုံရွှိုနှင့် လီရူလုံတို့သည် စစ်သည် ၁၀၀,၀၀၀ ကို ဦးဆောင်ပြီး ပိုင်ဆယ်မြို့ဆီသို့ ချီတက်လာနေကြပြီ ဖြစ်သည်။
ချက်ချင်းပင် တုပိုင်မှာ ခါးမတ်သွားရကာ ရုတ်တရက် ထရပ်လိုက်လေ၏။ တုပိုင်သည် မြို့ရိုးပေါ်တွင် ရပ်ပြီး မိုးကုပ်စက်ဝိုင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။
“လာကြစမ်းပါ... လာကြစမ်းပါ... ကံကြမ္မာ အဆုံးအဖြတ် စစ်ပွဲကြီး... လာစမ်းပါ... သေရင်မြေကြီး ၊ ရှင်ရင်ရွှေထီးကွ”
ထိုအချိန်မှာပင်... ရုတ်တရက် အရှေ့ဘက်မှ ဖုန်လုံးများ ထွက်ပေါ်လာသည်။
“ဘုန်းးး... ဒုန်းးး... ဂွမ်းးး...”
တုပိုင်၏ ကင်းထောက်တစ်ဦးသည် ကျောကုန်းတွင် မြှားတစ်စင်း စိုက်လျက် မြို့တံခါးဝဆီသို့ ပြေးလာပြီး အော်ဟစ်လိုက်သည်။
“စစ်သူကြီး... ရန်သူ လာနေပြီ... ရန်သူ လာနေပြီ...”
“ရွှီးးး... ရွှီးးး... ရွှီးးး...”
မြှားမိုးများ ရွာကျလာသည်။ တုပိုင်၏ လက်ရွေးစင် ကင်းထောက်သည် မြှားမိုးအောက်တွင် တိုက်ရိုက် သေဆုံးသွားလေ၏။
ထို့နောက် မြင်းခွာသံများ ထွက်ပေါ်လာပြီး ၊ အရှေ့ဘက် ကောင်းကင်ယံမှ ကြမ်းတမ်းသော မြင်းစီးတပ်ဖွဲ့တစ်ခု ပေါ်ထွက်လာသည်။ သူတို့သည် ရန်လိုသော အရှိန်အဝါဖြင့် ပိုင်ဆယ်မြို့ဆီသို့ ပြေးဝင်လာကြသည်။
တုပိုင် တုန်လှုပ်သွားရသည်။
‘ဒါ ဘယ်သူတွေလဲ’
‘လီမိသားစုရဲ့ စစ်သည် တစ်သိန်းက ဒီလောက် မြန်မြန် ရောက်လာတာလား’
‘ဒါ ဘယ်သူတွေလဲ... ဘယ်စစ်တပ်လဲ... ဒီအချိန်ကြီး ပိုင်ဆယ်မြို့ကို လာတိုက်တာ ဘယ်သူလဲ’
‘ဖန်းမိသားစုရဲ့ စစ်တပ်တော့ မဖြစ်နိုင်ပါဘူး။ သူတို့က ဒီအချိန်ကြီး ပိုင်ဆယ်မြို့ကို လာတိုက်ဖို့ ပိုလို့တောင် မဖြစ်နိုင်သေးဘူး’
‘ဘယ်သူလဲ’
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team