အခန်း (၄၉၆)
Vol. 50 Ch. 496
ကုန်းကုန်းဧကရာဇ် (အပိုင်း ၄၉၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင်၏ မြင်ကွင်းထဲသို့ မြင်းစီးတပ်ဖွဲ့တစ်ခုလုံး ဝင်ရောက်လာသောအခါ အရေအတွက် မများပြားဘဲ ၊ အင်အား ၃၀၀ ကျော်သာ ရှိကြောင်း သိရှိလိုက်ရသည်။
ထို့အပြင် ဦးဆောင်လာသူမှာ တုပိုင် လုံးဝ ထင်မှတ်မထားသော သူတစ်ဦးပင်ဖြစ်သည်။ ထိုသူမှာ အခြားမဟုတ် ၊ ကွေ့မင်းသား၏ သားတော် နင်းချုံးယောင် ဖြစ်နေသည်။
ထို့ပြင် ဤမြင်းစီးတပ်ဖွဲ့၏ အလံမှာ ကွေ့မင်းသားအိမ်တော်၏ အလံ ဖြစ်နေလေသည်။
ကွေ့မင်းသားအိမ်တော်တွင် မည်သည့်နေရာမှ မြင်းစီးတပ်ဖွဲ့ ထွက်လာသနည်း။ ကွေ့မင်းသားသည် နောက်ဆုံးလက်ကျန် မြင်းစီးတပ်သား ၆၀၀ ကို တုပိုင်လက်ထဲ အပ်နှံခဲ့ပြီး ဖြစ်သည်။
ဤမြင်းစီးတပ်ဖွဲ့ ၃၀၀ ကျော်သည် မြို့တံခါးအောက်သို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။
စစ်သည်တော်နှစ်ဦးသည် ကွေ့မင်းသား၏ သားတော် နင်းချုံးယောင်ကို ကာကွယ်ထားသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်မှ ညှပ်၍ ခေါ်ဆောင်လာကြသည်။
တုပိုင်သည် နင်းချုံးယောင်ကို အေးစက်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ “မင်းသား... ခင်ဗျား ဒါ ဘာသဘောလဲ”
ကွေ့မင်းသား၏ သားတော် နင်းချုံးယောင်သည် တုပိုင်ကို စိုက်ကြည့်လိုက်သည်။ မျက်နှာကြွက်သားများ လှုပ်ရှားသွားပြီး ၊ မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသော်လည်း နောက်ဆုံးတွင် အမုန်းတရားအဖြစ် ပြောင်းလဲသွားလေ၏။
“တုပိုင်... မင်းနဲ့ လီလင်း ပေါင်းပြီး ကွေ့မင်းသားအိမ်တော်က မြင်းစီးတပ်သား ၆၀၀ ကို ခိုးယူသွားတယ်။ အခုချက်ချင်း ပြန်ပေးစမ်း” ကွေ့မင်းသား၏ သားတော် နင်းချုံးယောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ချက်ချင်းပင် တုပိုင်တစ်ယောက် ကိုယ့်နားကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
ကွေ့မင်းသားသည် မြင်းစီးတပ်သား ၆၀၀ ကို တုပိုင်လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ အပ်နှံခဲ့စဉ်က ၊ သားဖြစ်သူ နင်းချုံးယောင်သည် ဘေးနားမှ ရှင်းရှင်းလင်းလင်း ကြားခဲ့သည် မဟုတ်ပါလော။ အဘယ်ကြောင့် ယခုအခါ တုပိုင်နှင့် လီလင်း ခိုးယူသွားသည်ဟု ဖြစ်သွားရပါသနည်း။
တုပိုင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ “အိမ်ရှေ့မင်းသား... ခင်ဗျား အဖမ်းခံထားရတာလား။ ဒါဆို စိတ်မပူနဲ့... ကျွန်တော် အခုချက်ချင်း လာကယ်ပေးမယ်”
နင်းချုံးယောင်က ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။ “ငါကိုယ်တော်က ကွေ့မင်းသားရဲ့ သားတော် ၊ မကြာခင် ကွေ့မင်းသားအသစ် ဖြစ်လာတော့မယ့်သူ။ ဒီလူတွေအားလုံးက ငါ့ရဲ့ ကွေ့မင်းသားအိမ်တော် မြင်းစီးတပ်သားသစ်တွေပဲ။ ဘယ်သူက ငါကိုယ်တော်ကို ဖမ်းချုပ်နိုင်မှာလဲ”
ထို့နောက် နင်းချုံးယောင်က ဆက်ပြောသည်။ “တုပိုင်... စကားရှည်မနေနဲ့တော့။ ငါ့ရဲ့ မြင်းစီးတပ်သား ၆၀၀ ကို အခုချက်ချင်း ပြန်ပေး။ ငါ ကွေ့မင်းသားအိမ်တော်ကို ပြန်ခေါ်သွားမယ်။ ပြီးတော့ သစ္စာဖောက် လီလင်းကိုလည်း အခုချက်ချင်း ငါ့လက်ထဲ အပ်လိုက်။ ငါကိုယ်တော်တိုင် စီရင်မယ်”
တုပိုင်၏ ရင်ထဲတွင် အလွန် နေရခက်သွားကာ ဒေါသထွက်ပြီး ဝမ်းနည်းကြေကွဲသွားရသည်။ ယခုအချိန်တွင် သူ၏ ဒေါသအဟုန်အရဆိုလျှင် နင်းချုံးယောင်ကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ပစ်ချင်နေမိသည်။ သို့သော် သူ၏ ဖခင်သည် ကွေ့မင်းသား ဖြစ်သည်။ တုပိုင် အချစ်ခင်ရဆုံး လူကြီးသူမတစ်ဦး ဖြစ်သလို ၊ နောက်ဆုံးအချိန်တွင် အဖိုးတန်သော မြင်းစီးတပ်သား ၆၀၀ ကို တုပိုင်အား ပေးအပ်ခဲ့သူလည်း ဖြစ်ပေသည်။
တုပိုင် နောက်ထပ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြောလိုက်သည်။ “နင်းချုံးယောင်... ခင်ဗျား ဘာလုပ်နေလဲ ခင်ဗျား သိရဲ့လား။ လီမိသားစုရဲ့ စစ်သည်တော် ၁၀၀,၀၀၀ က ဒီကို လာနေပြီ။ မကြာခင် မြို့အောက်ကို ရောက်လာတော့မယ်။ ကျွန်တော် မကြုံဖူးလောက်အောင် ကြီးမားတဲ့ စစ်ပွဲကြီးကို ရင်ဆိုင်ရတော့မယ်။ ဒီစစ်ပွဲက ကျွန်တော့်ကံကြမ္မာကို ဆုံးဖြတ်ပေးမှာ ဖြစ်သလို ဧကရာဇ်နဲ့ အင်ပါယာရဲ့ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးမှာ”
နင်းချုံးယောင်၏ မျက်နှာ ရှုံ့မဲ့သွားလေ၏။
တုပိုင်က ဆက်ပြောသည်။ “ကွမ်ရှီးပြည်နယ် ကျဆုံးသွားပြီ။ အင်ပါယာရဲ့ အနောက်တောင်ပိုင်း အများစု ကျဆုံးသွားပြီ။ ပိုင်ဆယ်မြို့က တာ့နင်အင်ပါယာရဲ့ တစ်ခုတည်းသော ခံတပ်မြို့ ဖြစ်နေပြီ။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ခင်ဗျားက မြင်းစီးတပ်သား ၆၀၀ ကို ပြန်လိုချင်နေတာလား။ ကောင်းပြီ... တကယ်လို့ ကွေ့မင်းသားအိမ်တော်က လိုအပ်တယ် ဆိုရင် ကျွန်တော် ပေးနိုင်ပါတယ်။ စစ်ပွဲပြီးရင်တောင် ကျွန်တော် ခင်ဗျားကို စစ်သည်တော် ၁,၀၀၀ ထောက်ပံ့ပေးပြီး နန်းတော် ပြန်လည် တည်ဆောက်ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဝူကျိုးစီရင်စုက ဖန်းမိသားစု လက်ထဲ လုံးဝ ကျရောက်နေပြီ။ အခု ကျွန်တော် စစ်တပ်ကို ခင်ဗျားလက်ထဲ ထည့်ပေးလိုက်ရင် သိုးကို ကျားပါးစပ်ထဲ ထည့်ပေးလိုက်တာနဲ့ အတူတူပဲ။ ခင်ဗျားက သွေးသောက်ညီအစ်ကို လီလင်းကို လိုချင်တာက ဖန်းမိသားစု သူ့ကို သတ်စေချင်လို့ မဟုတ်လား”
နင်းချုံးယောင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “သူက ကွေ့မင်းသားအိမ်တော်ရဲ့ သစ္စာဖောက်ပဲ။ သေချာပေါက် ငါ ကိုယ်တိုင် စီရင်ရမှာပေါ့”
တုပိုင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ပါးစပ်ပိတ်ထားလိုက်စမ်း... နင်းချုံးယောင်... ခင်ဗျား ဘာတွေ ဟန်ဆောင်နေတာလဲ။ တုကျန်းနဲ့ ယွမ်ထျန်ကျောက်က ခင်ဗျားကို ခြိမ်းခြောက်ထားမှန်း ကျွန်တော် သိတယ်။ ခင်ဗျားက သူရဲဘောကြောင်ပြီး သေမှာ ကြောက်မှန်း ကျွန်တော် သိတယ်။ ဒါပေမဲ့ ခင်ဗျားလို ငတုံးက တုကျန်းနဲ့ ယွမ်ထျန်ကျောက် ဘာလိုချင်လဲဆိုတာ မသိဘူးလား။ သူတို့က ကျွန်တော့်ကို တွန်းအားပေးပြီး ခင်ဗျားကို သတ်စေချင်နေတာ။ ပြီးရင် တော်ဝင်မိသားစုကို သတ်ဖြတ်တဲ့ ပြစ်မှု ကျွန်တော့်ခေါင်းပေါ် ပုံချချင်တာ။ ဒီလိုနည်းနဲ့ ယွမ်ထျန်ကျောက်က စစ်သည်တော်လွှတ်ဖို့ အကြောင်းပြချက် ရသွားမယ်။ တော်ဝင်မိသားစုကို သတ်တာက ပုန်ကန်တာနဲ့ အတူတူပဲလေ။ ယွမ်ထျန်ကျောက်က ပုန်ကန်မှုကို နှိမ်နင်းပြီး ကျွန်တော့်ကို ရှင်းပစ်လို့ ရသွားပြီပေါ့”
တုပိုင်သည် အမှန်တကယ် ဒေါသအိုးပေါက်ကွဲသွားပြီဖြစ်ရာ ဟိန်းဟောက်လိုက်လေသည်။ “ပြီးတော့ သူတို့က ကျွန်တော့်ကို တွန်းအားပေးပြီး ခင်ဗျားကို သတ်ခိုင်းတာက ကျွန်တော်နဲ့ ဧကရာဇ်ကို လုံးဝ သွေးခွဲပစ်ချင်လို့ပဲ။ ကျွန်တော်က ဧကရာဇ်ရဲ့ ကျေးကျွန် ဖြစ်လျက်နဲ့ တော်ဝင်မိသားစုကို သတ်ဖြတ်တယ် ဆိုရင် တစ်လောကလုံးက ကျွန်တော့်ကို ဝိုင်းဆဲကြလိမ့်မယ်။ ဒါကြောင့် ခင်ဗျားက သူတို့ရဲ့ အသုံးချခံ ဖြစ်ချင်နေတာလား။ ဆွေမျိုးသားချင်းတွေ နာကျင်ပြီး ရန်သူတွေ ဝမ်းသာအောင် လုပ်ချင်နေတာလား”
တုပိုင်သည် မြို့ရိုးကို လက်သီးဖြင့် ထုလိုက်ပြီး ထပ်မံ ဟိန်းဟောက်လိုက်သည်။ “နင်းချုံးယောင်... ခင်ဗျားလို အမှိုက်ကောင်... ခင်ဗျားအဖေ ဘယ်လို သေသွားလဲ ဆိုတာ ခင်ဗျား ရင်ထဲမှာ မသိဘူးလား။ ခင်ဗျားတို့ နန်းတော်ထဲ ဝင်ရောက်ပြီး မီးရှို့ ၊ လူသတ် ၊ လုယက်သွားတဲ့ လူရမ်းကားတွေက ဘယ်ကလာလဲ။ ဘယ်သူ လွှတ်လိုက်တာလဲ... ဘယ်သူ့စစ်တပ်က ဟန်ဆောင်ထားတာလဲ ဆိုတာ ခင်ဗျား မသိဘဲ နေမလား”
ဧကန်မုချ နင်းချုံးယောင် သိရှိပေသည်။ တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့က လူများကို စေလွှတ်ကာ ဒေသခံ လူရမ်းကားများအဖြစ် ဟန်ဆောင်ပြီး ၊ ကွေ့မင်းသားအိမ်တော်ကို ဝင်ရောက်စီးနင်းခိုင်းခြင်း ဖြစ်သည်။
ထို့အတူ တုကျန်းနှင့် ယွမ်ထျန်ကျောက်တို့သည် ကွေ့မင်းသားကို သေသည်အထိ ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
တုပိုင် သက်ပြင်းချလိုက်သည်။ “နင်းချုံးယောင်... ခင်ဗျားက တုကျန်းကို ကြောက်တယ် ၊ ယွမ်ထျန်ကျောက်ကို ကြောက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျားအဖေကို သေအောင် လုပ်ခဲ့လို့လေ။ ခင်ဗျားက ကျွန်တော့်ကိုကျ မကြောက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကွေ့မင်းသားအိမ်တော်အပေါ် သံယောဇဉ်ကြီးလို့ ၊ ခင်ဗျားအပေါ် ကြင်နာတတ်လို့လေ။ တုကျန်းနဲ့ ယွမ်ထျန်ကျောက်က သစ္စာဖောက်တွေ ဖြစ်ပြီး ကျွန်တော်က သစ္စာရှိတဲ့ အရာရှိ ဖြစ်နေလို့ မဟုတ်လား”
နင်းချုံးယောင်၏ မျက်နှာ ရှုံ့မဲ့သွားပြန်သည်။ သူက တစ်လုံးချင်း ပြောလိုက်သည်။ “တုပိုင်... စကားရှည်မနေနဲ့။ ငါ့ရဲ့ မြင်းစီးတပ်သား ၆၀၀ ကို ပြန်ပေး။ သစ္စာဖောက် လီလင်းကို ပြန်ပေး”
“ဟားဟားဟား...” တုပိုင် ရယ်မောလိုက်သည်။ “လောကကြီးမှာ ဒီထက် ရယ်စရာကောင်းတာ ရှိဦးမလား။ ခင်ဗျားက မြင့်မြတ်တဲ့ တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်ပြီးတော့ သစ္စာဖောက် တုကျန်းနဲ့ ယွမ်ထျန်ကျောက်ကို ကြောက်နေတယ်။ ခင်ဗျားအဖေကို သတ်ခဲ့တဲ့ ရန်သူတွေကို ကြောက်နေတယ်။ အဲဒါကြောင့် ခင်ဗျားက ကွေ့မင်းသားအိမ်တော်အပေါ် သံယောဇဉ်ကြီးတဲ့ ကျွန်တော့်ကို လာပြီး ခြိမ်းခြောက်နေတယ်ပေါ့။ ခင်ဗျား ကျွန်တော့်ကို သေလမ်းပို့နေတာ ခင်ဗျား သိရဲ့လား”
နင်းချုံးယောင် သေချာပေါက် သိသည်။ သူ၏ လုပ်ရပ် နောက်ကွယ်မှ ရည်ရွယ်ချက်သည် အလွန် ယုတ်မာသည်။
တုပိုင် ထပ်မံ အော်ဟစ်လိုက်သည်။ “ခင်ဗျား သိရဲ့လား။ အကယ်၍ ကျွန်တော်သာ တာ့နင်အင်ပါယာရဲ့ စစ်သည်တော် တစ်ယောက် ဆိုရင် ဒီမြင်ကွင်းကို မြင်ပြီး ဘယ်လောက် စိတ်ပျက်သွားမလဲ။ စိတ်ဓာတ် ဘယ်လောက် ကျသွားမလဲ”
စစ်ပွဲက ရောက်လာတော့မည်။ အင်ပါယာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် စစ်ပွဲ ရောက်လာတော့မည်။
မြင့်မြတ်သော တော်ဝင်မိသားစုဝင် တစ်ယောက်က ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ပေါ်လာပြီး ၊ တုပိုင်ကို စစ်တပ်နှင့် သွေးသောက်ညီအစ်ကိုအား လက်လွှတ်ပေးရန် ဖိအားပေးနေသည်။ မြင့်မြတ်သော တော်ဝင်မိသားစုဝင် တစ်ယောက်က ပုန်ကန်သူများ၏ အသုံးချခံ ဖြစ်ကာ သစ္စာရှိ အရာရှိများကို ဖိနှိပ်နေသည်။
ကံကောင်းသည်မှာ တုပိုင်၏ စစ်တပ် ပင်မအင်အားစုသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ဖြစ်ပြီး ၊ သူတို့သည် တုပိုင်ကိုသာ သစ္စာစောင့်သိကြသည်။ တာ့နင်အင်ပါယာကို သစ္စာစောင့်သိခြင်း မရှိပေ။
သို့သော် လီဝမ်ဟွေ့၏ လက်အောက်မှ စစ်သည်တော် ၁,၀၀၀ ကျော်သည် အလွန် စိတ်ပျက်သွားသော အမူအရာများ ပေါ်လာပြီ ဖြစ်သည်။
“ဒုန်း... ဒုန်း... ဒုန်း...”
နင်းချုံးယောင်၏ အနောက်မှ မြင်းစီးတပ်သားများသည် ခေါင်း ၁၀ လုံးကို ရုတ်တရက် ပစ်ချလိုက်သည်။ ခေါင်းများအားလုံးမှာ တုပိုင်၏ ကင်းထောက်များ ဖြစ်ကြလေ၏။
‘ဒီတိရစ္ဆာန်အုပ်စုက ကင်းထောက်တွေကို သတ်ပစ်လိုက်တယ်ပေါ့’
တုပိုင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မျက်လုံးများ ကွဲထွက်လုမတတ် ဒေါသထွက်ကာ ပြောလိုက်သည်။ “နင်းချုံးယောင်... ခင်ဗျားက ကျွန်တော့်ဆီမှာ မြင်းစီးတပ်သား လာတောင်းတာလေ... ဘာလို့ ကျွန်တော့် ကင်းထောက်တွေကို သတ်ပစ်တာလဲ”
နင်းချုံးယောင်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူတို့က ငါတို့ကို မြှားနဲ့ ပစ်လို့လေ”
တုပိုင် ဟိန်းဟောက်လိုက်၏။ “ဒီနေရာက စစ်မြေပြင် ဖြစ်လာတော့မှာ။ ခင်ဗျားတို့ရဲ့ သူစိမ်းစစ်တပ်က ပြေးဝင်လာတော့ ကျွန်တော့်ရဲ့ ကင်းထောက်တွေက သတိပေးတဲ့အနေနဲ့ မြှားပစ်လို့ မရဘူးလား။ ပြီးတော့ သူတို့ ပစ်လိုက်တာ ခင်ဗျားတို့ရဲ့ ခြေထောက်အောက်ကို ပစ်လိုက်တာ။ ခင်ဗျားတို့က ကျွန်တော့် ကင်းထောက်တွေကို တကယ် သတ်ပစ်လိုက်တာလား။ ခွေးကောင်တွေ...”
နင်းချုံးယောင်၏ မျက်နှာ ဆက်တိုက် ရှုံ့မဲ့နေလေသည်။ သေချာပေါက် သူ အမိန့်ပေးခဲ့ခြင်း မဟုတ်ပေ။ အနောက်မှ မြင်းစီးတပ်သားများသည် ယွမ်ထျန်ကျောက်၏ လက်ပါးစေများ ဖြစ်ကြပြီး ၊ သူ အမိန့်ပေး၍ မရနိုင်ပေ။
သူ တဖြည်းဖြည်း တည်ငြိမ်သွားပြီး တုပိုင်ကို ကြည့်ကာ ပြောလိုက်၏။ “သူတို့က ငါ့ကို မြှားနဲ့ ပစ်တယ်။ တော်ဝင်မိသားစုကို လုပ်ကြံဖို့ ကြိုးစားတယ်။ ဒါက သေဒဏ်ပဲ”
“ဟားဟားဟား...” တုပိုင် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “နင်းချုံးယောင်... ခင်ဗျားက တကယ် တော်ပါပေတယ်။ အဖေကို သတ်တဲ့ ရန်သူရှေ့ကျတော့ ခွေးတစ်ကောင်လို ကြောက်ရွံ့ပြီး ၊ သစ္စာရှိတဲ့ အရာရှိ ကျွန်တော့်ရှေ့ကျတော့ မာန်တက်နေတယ်ပေါ့။ ခင်ဗျားအဖေအပေါ်ထားတဲ့ သံယောဇဉ်ကြောင့် ကျွန်တော် ခင်ဗျားကို မသတ်ရဲဘူးလို့ ထင်နေတာလား။ ဧကရာဇ်နဲ့ စိတ်ဝမ်းကွဲမှာ ကြောက်လို့ ကျွန်တော် ခင်ဗျားကို မသတ်ရဲဘူးလို့ ထင်နေတာလား။ ကျွန်တော် ခင်ဗျားကို သတ်လိုက်ရင် တုကျန်းနဲ့ ယွမ်ထျန်ကျောက်က ကျွန်တော့်ကို သစ္စာဖောက်လို့ စွပ်စွဲပြီး သတ်ပစ်မှာ ကြောက်လို့ မလုပ်ရဲဘူးလို့ ထင်နေတာလား”
ထို့နောက် တုပိုင် အေးစက်စွာ ပြောလိုက်သည်။ “နင်းချုံးယောင်... ခင်ဗျားက စစ်တပ် လာတောင်းရုံ သက်သက် ဆိုရင် ကျွန်တော် ခင်ဗျားကို သတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့... ခင်ဗျားက အင်ပါယာကို သစ္စာဖောက်ပြီး ဧကရာဇ်ကို သစ္စာဖောက်နေပြီ။ ခင်ဗျားက အင်ပါယာရဲ့ ပုန်ကန်သူ ဖြစ်နေပြီ။ ကျွန်တော့်မှာ စစ်မြေပြင်မှာ ပုန်ကန်သူတွေကို စီရင်ခွင့် အာဏာ ရှိတယ်။ ခင်ဗျားက တော်ဝင်မိသားစု ဖြစ်နေရင်တောင်... ခင်ဗျားက ဧကရာဇ် ဖြစ်နေရင်တောင်... ကျွန်တော် သတ်မယ်”
ထိုအချိန်မှာပင် လီဝမ်ဟွေ့သည် လေပြင်းမုန်တိုင်းသဖွယ် အပြေးအလွှား ရောက်ရှိလာပြီး အော်ဟစ်လိုက်သည်။ “တုပိုင်... မလုပ်နဲ့... မလုပ်နဲ့... အဖေ လုပ်ပါရစေ...”
ထို့နောက် မွေးစားအဖေ လီဝမ်ဟွေ့သည် စစ်သည်တော်များကို ဦးဆောင်ပြီး မြို့တံခါးမှ ပြေးထွက်သွားသည်။ သူသည် နင်းချုံးယောင် ဝန်းကျင်ရှိ စစ်သည်တော်များကို ကိုယ်တိုင် သတ်ဖြတ်ချင်နေသည်။ အကယ်၍ နင်းချုံးယောင်ကို သတ်ရမည် ဆိုလျှင်လည်း သူ ကိုယ်တိုင် သတ်ဖြတ်မည် ဖြစ်သည်။ တုပိုင်ကို တော်ဝင်မိသားစု သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရခြင်းမှ ကာကွယ်ပေးလိုသည်။ သူက ဖခင် ဖြစ်သည့်အတွက် တုပိုင်အတွက် အပြစ်များကို တာဝန်ယူပေးရမည်။ ထိုသည်က ဖခင်ဖြစ်သူတစ်ယောက်၏ တာဝန်ပင်ဖြစ်၏။
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
“သတ်...”
တုပိုင် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ဝံပုလွေမြင်းစီးတပ်သား ရာပေါင်းများစွာသည် ပြေးထွက်သွားကြသည်။ လျှပ်စီးလက်သကဲ့သို့ နင်းချုံးယောင်၏ အနောက်မှ မြင်းစီးတပ်ဖွဲ့ထဲသို့ တိုးဝင်သွားပြီး ချက်ချင်း တိုက်ခိုက်ကြလေသည်။
“ရွှပ်... ရွှပ်... ဝုန်း...”
နင်းချုံးယောင် ခေါ်ဆောင်လာသော မြင်းစီးတပ်သား ၃၀၀ သည် ဖန်းမိသားစုပိုင် ဖြစ်သည်။ သူတို့သည် လက်ရွေးစင်များ ဖြစ်ကြသော်လည်း ၊ ယွမ်ထျန်ကျောက်က စေလွှတ်လိုက်စဉ်ကတည်းက မြှားစာနှင့် မြေမြှုပ်ပစ္စည်းများအဖြစ် သဘောထားခဲ့ခြင်း ဖြစ်သည်။
လက်ဖက်ရည်တစ်အိုးတည်ချိန်ခန့် ကြာမြင့်ပြီးနောက်...
နင်းချုံးယောင်၏ မြင်းစီးတပ်သား ၃၀၀ သည် တစ်ယောက်မကျန် ခေါင်းဖြတ်အသတ်ခံလိုက်ရလေသည်။ မည်သူမျှ အသက်မရှင်တော့ပေ။ အားလုံး သေဆုံးကုန်ပြီ ဖြစ်သည်။ ကွေ့မင်းသား၏ သားတော် နင်းချုံးယောင်သည်လည်း ဖမ်းဆီးခံလိုက်ရလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team