← Chapters

အခန်း (၄၉၈)

Vol. 50 Ch. 498

အခန်း (၄၉၈)

Vol. 50 Ch. 498

ကုန်းကုန်းဧကရာဇ် (အပိုင်း ၄၉၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“အနည်းဆုံးသော တန်ကြေးပေးပြီး တိုင်းပြည်တစ်ခုလုံးကို သိမ်းပိုက်ခြင်းက အမြဲတမ်း ဘုရင်တစ်ပါးရဲ့ ဗျူဟာပဲ။ ဧကရာဇ်နဲ့ တာ့နင်တိုင်းပြည်ရဲ့ တန်ဖိုးကို အမြင့်ဆုံးအထိ ညှစ်ထုတ်ပြီးမှ သူတို့ကို ပျက်စီးစေရမယ်။ ဧကရာဇ် ရှိနေသရွေ့ ငါတို့နဲ့ ယွမ်မိသားစုရဲ့ စစ်ဘက်အရာရှိအုပ်စု၊ ပြီးတော့ မျိုးရိုးမြင့်အရာရှိအုပ်စုတွေက မဟာမိတ်တွေ ဖြစ်နေသေးတယ်။ အားလုံး အတူတူ ငွေရှာပြီး တိုင်းပြည်ရဲ့ အုတ်မြစ်ကို အခေါင်းပေါက် ဖြစ်အောင် လုပ်လို့ ရတယ်။ သခင်ကြီးက အစားထိုး ဝင်ရောက်လိုက်ပြီ ဆိုရင်တော့ ပြောရခက်ပြီ”

ယွမ်ထျန်ကျောက် ပြုံးပြီး ပြောလိုက်သည်။ “အတိုချုပ်ပြောရရင် တာ့နင်တိုင်းပြည်မှာ သစ္စာဖောက် အမတ်လုပ်လို့ ရတယ်။ သစ္စာရှိတဲ့ အမတ်တော့ လုပ်လို့ မရဘူး။ သစ္စာရှိတဲ့ အမတ် လုပ်တဲ့သူ ဘယ်သူမဆို သေမှာပဲ”

တုကျန်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။ “မှန်တယ်။ တုပိုင်ရဲ့ အကြီးမားဆုံး အပြစ်က သူက သစ္စာရှိတဲ့ အမတ် ဖြစ်ချင်နေတာပဲ”

**--**--**--**--**--**--**--**

‘သစ္စာရှိတဲ့ အမတ် ဆိုပါလား...’ အိပ်မက်စနစ်က မှတ်ချက်ပြုလေသည်။ ‘စနစ်ရှင်... သစ္စာရှိတဲ့ အမတ် ဖြစ်ရတာ ပေးဆပ်ရတဲ့ တန်ကြေး အရမ်း ကြီးတယ်။ ဒါပေမဲ့... အကျိုးကျေးဇူးကလည်း အကြီးမားဆုံးပဲ’

တုပိုင် အေးစက်စွာ တုံ့ပြန်လိုက်သည်။ “မင်း ဘာတွေးနေလဲ ငါ သိတယ်။ မင်း ဘာပြောချင်လဲ ငါ သိတယ်။ ဒါပေမဲ့ ပါးစပ်ပိတ်ထားလိုက်”

ထိုအချိန်တွင် မင်းသမီး ယွီကျိန်း အလျင်အမြန် ဝင်ရောက်လာပြီး ပြောလိုက်သည်။ “တုပိုင်... ယွမ်ထျန်ကျောက်က စစ်သည်တော် ၃၅,၀၀၀ ဦးဆောင်ပြီး နန်နင်းစီရင်စုကို ပြန်လည် သိမ်းပိုက်လိုက်ပြီလို့ သတင်းရတယ်”

တုပိုင် မျက်မှောင်ကြုတ်လိုက်လေ၏။

ပြန်သိမ်းပိုက်လိုက်ခြင်း မဟုတ်ချေ။ ဖန်းမိသားစုနှင့် လီမိသားစုကြား လျှို့ဝှက်သဘောတူညီချက်အရ၊ နန်နင်းစီရင်စုကို လီမိသားစုလက်ထဲ အပ်နှင်းထားခြင်း ဖြစ်သည်။ ယခု ပြန်လည် သိမ်းပိုက်သည်ဟု ဆိုခြင်းမှာ လီမိသားစုက ယွမ်ထျန်ကျောက်၏ စစ်တပ်ကို ယာယီ ငှားရမ်းပေးလိုက်ခြင်းသာ ဖြစ်သည်။

လီမိသားစု၏ စစ်သည်တော် ၁၀၀,၀၀၀ သည် ပိုင်ဆယ်မြို့နှင့် လီ ၃၀၀ အကွာတွင် ရှိနေသည်။ ယွမ်ထျန်ကျောက်၏ စစ်သည်တော် ၃၅,၀၀၀ သည် ပိုင်ဆယ်မြို့နှင့် လီ ၆၀၀ အကွာရှိ နန်နင်းစီရင်စုတွင် တပ်စွဲထားလေ၏။ ဤစစ်ပွဲကြီးသည် မျှော်လင့်ထားသည်ထက် ပိုမို ရှုပ်ထွေးလာခဲ့ပြီ ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် ဖန်းအုပ်စုသည် ကမ္ဘာကြီးကို ရန်စပြီး လီမိသားစုနှင့် ပူးပေါင်းကာ တုပိုင်ကို နှစ်ဖက်ညှပ်တိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လာမည့်ရက်များအတွင်း မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော ဤဒေသ၌ စစ်သည် ၂၀၀,၀၀၀ နီးပါး စုရုံးရောက်ရှိလာပြီး၊ မကြုံဖူးလောက်အောင် ကြီးမားသော စစ်ပွဲကြီးကို ဆင်နွှဲကြတော့မည်။ လွန်ခဲ့သော ဆယ်နှစ်က မိုမိသားစု စော်ဘွားကို ချေမှုန်းခဲ့သည့် စစ်ပွဲထက်ပင် ပိုမို ကြီးမားပေလိမ့်မည်။

**--**--**--**--**--**--**--**

တာ့နင်တိုင်းပြည်၊ ထျန်ယွင် ၂၃ နှစ်၊ ၆ လပိုင်း ၉ ရက်။

လီမိသားစု၊ တာ့ယန်နိုင်ငံတော်၏ စစ်သည်တော် ၁၀၀,၀၀၀ သည် ပိုင်ဆယ်မြို့နှင့် လီ ၅၀ အကွာသို့ ရောက်ရှိလာပြီး အလွန် နီးကပ်လာပြီ ဖြစ်သည်။

ယွမ်ထျန်ကျောက်၏ စစ်သည်တော် ၃၅,၀၀၀ သည် မြောက်ဘက်သို့ ဆက်လက် ချီတက်လာပြီး၊ ရွှမ်ဟွာစီရင်စုခွဲကို ပြန်လည် သိမ်းပိုက်ကာ နေရာယူလိုက်ကြသည်။ သူတို့သည် ပိုင်ဆယ်မြို့နှင့် လီ ၄၀၀ အကွာသို့ ရောက်ရှိလာ၏။

စစ်တပ်ကြီးနှစ်ခုသည် အရှေ့နှင့် အနောက်မှ ညှပ်ပူးညှပ်ပိတ် ချဉ်းကပ်လာနေသည်။ စစ်ပွဲ၏ ဓားသည် လုံးဝ ရောက်ရှိလာပြီ ဖြစ်ကာ၊ တုပိုင်၏ နှလုံးသားတည့်တည့်သို့ ဦးတည်လာနေလေ၏။

ထိုညတွင် တုပိုင် ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။

ကင်းလှည့်နေသော တပ်ဖွဲ့များမှလွဲ၍ သူ၏ လက်အောက်ခံ စစ်သည် သောင်းချီသော တပ်ဖွဲ့ဝင်များသည်လည်း ကောင်းမွန်စွာ အိပ်စက်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ကြီးမားသော စစ်ပွဲကြီး မကြာမီ ရောက်လာတော့မည် မဟုတ်ပါလော။

နောက်တစ်နေ့ မိုးလင်းသောအခါ တုပိုင်သည် မွေးစားအဖေ၊ မင်းသမီး ယွီကျိန်းတို့နှင့်အတူ နံနက်စာ စားရင်း စကားစမြည်ပြောကာ ရယ်မောနေသည်။

ရုတ်တရက် စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များ စတင် တုန်ခါလာသည်။ ပန်းကန်လုံးထဲမှ ဆိတ်နို့ရည်များလည်း ဆက်တိုက် တုန်ခါကာလှုပ်ရှားနေသည်။

“ဒုန်း... ဒုန်း... ဒုန်း...”

မြေငလျင် အငယ်စား လှုပ်ခတ်သကဲ့သို့ မြေကြီး စတင် တုန်ခါလာသည်။ ပထမတော့ ပန်းကန်ခွက်ယောက်များသာ တုန်ခါနေသော်လည်း နောက်ပိုင်းတွင် စားပွဲတစ်ခုလုံး တုန်ခါလာလေ၏။

“ဝုန်း... ဝုန်း... ဝုန်း...”

မြို့ရိုးအတွင်းရှိ လူများသည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ရုတ်တရက် အလွန် ကြီးမားသော စစ်တပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ လီမိသားစု၏ စစ်သည်တော် ၁၀၀,၀၀၀ သည် မည်းမှောင်နေပြီး အဆုံးအစ မမြင်နိုင်အောင် များပြားလှသည်။ ရန်သူစစ်တပ်သည် မြို့အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။

**--**--**--**--**--**--**--**

အတွင်းဝန် ကျန်းရှီကျီသည် ဧကရာဇ်၏ စာကြည့်ဆောင် အပြင်ဘက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်လေ၏။

“ကွမ်ရှီးဘုရင်ခံ တုကျန်း၊ ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်တို့ ပူးပေါင်းပြီး ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး တုပိုင်ကို စွပ်စွဲပြစ်တင်လိုက်ပါတယ်။ တုပိုင်က ကွေ့မင်းသားရဲ့ သားတော် နင်းချုံးယောင်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်ကို သတ်ဖြတ်ခြင်းဟာ ပုန်ကန်မှုနဲ့ အတူတူပါပဲ။ အမိန့်ချမှတ်ပေးပါရန် တောင်းဆိုအပ်ပါတယ်”

ထို့နောက် ကျန်းရှီကျီသည် ခေါင်းဖြင့် ကြမ်းပြင်ကို အကြိမ်ကြိမ် ဆောင့်၍ အသနားခံလိုက်သည်။

စာကြည့်ဆောင်အတွင်းရှိ ဧကရာဇ်မင်းမြတ်သည် တိတ်ဆိတ်နေလေ၏။

အတွင်းဝန် ကျန်းရှီကျီက ထပ်မံ လျှောက်တင်လိုက်သည်။ “ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး တုပိုင်က တော်ဝင်မိသားစုဝင်ကို သတ်ဖြတ်ခြင်းဟာ ပုန်ကန်မှု ဖြစ်ပါတယ်။ အမိန့်ချမှတ်ပေးပါရန် တောင်းဆိုအပ်ပါတယ်”

စာကြည့်ဆောင်အတွင်းမှ မည်သည့်အသံမျှ ထွက်မလာသေးချေ။

အတွင်းဝန် ကျန်းရှီကျီသည် တတိယအကြိမ် ခေါင်းဖြင့် ကြမ်းပြင်ကို ဆောင့်၍ အသနားခံလိုက်ပြန်သည်။ “တုပိုင်က တော်ဝင်မိသားစုဝင်ကို သတ်ဖြတ်ခဲ့ပါတယ်။ အမိန့်ချမှတ်ပေးပါရန် တောင်းဆိုအပ်ပါတယ်”

အချိန်အတော်ကြာ တိတ်ဆိတ်နေရာမှ... လေးနက်တည်ငြိမ်သော ဧကရာဇ်ထျန်ယွင်၏ အသံတော် အတွင်းဘက်မှ ထွက်ပေါ်လာလေသည်။

“ယွမ်ကျူး... အမိန့်တော် ရေးစမ်း။ ကွေ့မင်းသားရဲ့ သားတော် နင်းချုံးယောင်ဟာ သူရဲဘောကြောင်ပြီး အသိဉာဏ်မဲ့တယ်။ ငါ့ရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးစေတယ်။ ကွေ့မင်းသားရဲ့ အရိုက်အရာကို ဆက်ခံဖို့ မထိုက်တန်ဘူး။ ဒါကြောင့် တော်ဝင်မိသားစုရေးရာဌာနကို နင်းချုံးယောင်ရဲ့ တော်ဝင်မိသားစုဝင် အဆင့်အတန်းကို ရုပ်သိမ်းပြီး သာမန်အရပ်သားအဖြစ် တန်းလျှော့လိုက်ဖို့ အမိန့်ပေးလိုက်”

ရုတ်တရက် အတွင်းဝန် ကျန်းရှီကျီ လုံးဝ မှင်တက်သွားသည်။ အချိန်ကာလကို ချင့်ချိန်တွက်ဆကြည့်ပါက ယခုအချိန်၌ လီမိသားစု၏ စစ်သည်တော် ၁၀၀,၀၀၀ သည် ပိုင်ဆယ်မြို့ကို ဝိုင်းရံထားသင့်ပြီ ဖြစ်သည်။ ယွမ်ထျန်ကျောက်၏ စစ်သည်တော် ၃၅,၀၀၀ သည်လည်း ရွှမ်ဟွာစီရင်စုခွဲတွင် တပ်စွဲထားပြီ ဖြစ်သည်။ ဤကဲ့သို့ တိုက်ခိုက်မှုအောက်တွင် တုပိုင် ဧကန်မုချ ပျက်စီးသွားပေလိမ့်မည်။

ကျန်းရှီကျီက တုပိုင်၏ အခြေအနေကို လာရောက် သတင်းပို့ရခြင်းမှာ အဓိကအားဖြင့် ယွမ်ထျန်ကျောက် စစ်သည်တော်လွှတ်ပြီး တုပိုင်ကို တိုက်ခိုက်ရန် တရားဝင် အကြောင်းပြချက် ရှာဖွေပေးခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ တုပိုင်နှင့် ဧကရာဇ်ကြား ဆက်ဆံရေးကို ဖြတ်တောက်ရန်နှင့် ဧကရာဇ်ကို စိတ်ပျက်အောင် လုပ်ရန် ဖြစ်သည်။

‘ကြည့်ပါဦး အရှင်မင်းမြတ်... အရှင်မင်းမြတ် မြှောက်စားထားတဲ့ ခွေးကောင် တုပိုင်က ဘယ်လောက်တောင် မာန်တက်နေလဲ။ တော်ဝင်မိသားစုဝင်ကိုတောင် သတ်ရဲတယ်။ ဒီနေ့ ကွေ့မင်းသားရဲ့ သားတော် နင်းချုံးယောင်ကို သတ်ရဲရင် မနက်ဖြန် အရှင်မင်းမြတ်ကို သတ်ရဲမှာပေါ့။ အရှင်မင်းမြတ်က တကယ် မျက်ကန်းဖြစ်ပြီး ဒီလို မာန်တက်နေတဲ့ကောင်ကို အလိုလိုက်နေတာပဲ’

သို့သော် မမျှော်လင့်ဘဲ ဧကရာဇ်မင်းမြတ်သည် တုပိုင်ကို အပြစ်ပေးမည့်အစား နင်းချုံးယောင်ကို သာမန်အရပ်သားအဖြစ် တန်းလျှော့လိုက်သည်။

ကျန်းရှီကျီ၏ အမြင်တွင် ဧကရာဇ်သည် နှလုံးသားထဲ၌ သွေးအန်ချင်လောက်အောင် ဖြစ်နေမည်ဟု ထင်မှတ်ထားသည်။ တုပိုင်ကို အလွန် ဒေါသထွက်နေမည်ဟု ထင်မှတ်ထားသည်။ သို့သော် ယခု တုပိုင်သည် အနောက်တောင်ပိုင်းတွင် ဧကရာဇ်၏ တစ်ခုတည်းသော ကယ်တင်ရှင် ကောက်ရိုးတစ်မျှင် ဖြစ်နေသဖြင့် သည်းခံနေရခြင်း ဖြစ်မည်။

ထို့နောက် ချက်ချင်းပင် ဧကရာဇ်မင်းမြတ်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

“အမိန့်တော် ထုတ်ပြန်လိုက်... လီကျန်းမင်းသမီးကို ငါ့ရဲ့ သမီးတော်အဖြစ် မွေးစားလိုက်တယ်။ သူ့ကို လီကျန်းမင်းသမီးဘွဲ့ ပေးသနားလိုက်”

ဤစကားကို ကြားလိုက်ရသည့်အခါ ကျန်းရှီကျီ ပို၍ပင် တုန်လှုပ်သွားလေ၏။

ဧကရာဇ်မင်းမြတ်က အေးစက်စွာ မိန့်ကြားလိုက်သည်။ “ကျန်းရှီကျီ... ငါက နန်းတော်ထဲကနေ ထွက်ခွာဖို့ ခက်ခဲပေမဲ့ မျက်ကန်းမဟုတ်ဘူး၊ နားလေးမနေဘူးကွ။ နင်းချုံးယောင်က အသိဉာဏ်ကင်းမဲ့ပြီး မိုက်မဲလှချည်ရဲ့။ စစ်ပွဲကာလမှာ သစ္စာဖောက် အရာရှိတွေရဲ့ အသုံးချခံဖြစ်ပြီး တုပိုင်ကို ဒုက္ခပေးတယ်။ ဒါပေမဲ့ သူ့ကို သတ်လိုက်တာက လီကျန်းမင်းသမီး ကိုယ်တိုင်ပဲ။ ညီအစ်ကို မောင်နှမချင်း သတ်ဖြတ်ရတဲ့အထိ ဖြစ်သွားတာ ငါ တော်တော် စိတ်မကောင်း ဖြစ်ရတယ်။ ငါ စိတ်မကောင်း ဖြစ်ရတာက... ငါ့ညီတော် ကွေ့မင်းသားလို သူရဲကောင်းတစ်ယောက်က ဒီလို အသုံးမကျတဲ့ သားတစ်ယောက် မွေးခဲ့တာကိုပဲ။ မင်းက တုပိုင်နဲ့ ငါ့ကြားကို သွေးခွဲချင်တာလား။ မင်း အတွေးလွန်နေပြီ”

ကျန်းရှီကျီ၏ မျက်နှာ ရုတ်တရက် ပြာနှမ်းသွားပြီး အေးစက်စွာ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... တုပိုင်က တော်ဝင်မိသားစုဝင်ကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာ ပုန်ကန်မှုပါပဲ။ ဒီလို ပြစ်မှုကြီးကိုတောင် အရှင်မင်းမြတ်က ပြင်းပြင်းထန်ထန် အပြစ်မပေးဘူးဆိုတော့... ဘယ်လောက်တောင် အသိဉာဏ်ကင်းမဲ့ရာ ကျနေပါသလဲ”

ဧကရာဇ်မင်းမြတ်က ပြတ်သားစွာ ပြောလိုက်သည်။ “မင်း ဘာလိုချင်လဲ ငါ သိပါတယ်။ တုကျန်းနဲ့ ယွမ်ထျန်ကျောက်ကို တုပိုင်ကို တိုက်ခိုက်စေချင်တာ မဟုတ်လား။ အချိန်မဖြုန်းပါနဲ့... တုပိုင်ကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ ငါ့ဆီက ရမှာ မဟုတ်ဘူး”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters