← Chapters

အခန်း (၄၉၉)

Vol. 50 Ch. 499

အခန်း (၄၉၉)

Vol. 50 Ch. 499

ကုန်းကုန်းဧကရာဇ် (အပိုင်း ၄၉၉)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အတွင်းဝန်ကြီး ကျန်းရှီကျီသည် အသံကုန်ဟစ်အော်ကာ လျှောက်တင်လိုက်လေသည်။

“တာ့နင်မင်းဆက်ရဲ့ ဘိုးဘေးဘီဘင်တို့... မျက်လုံးတော်များကို ဖွင့်ပြီး ကြည့်ရှုတော်မူကြပါဦးဘုရား။ တာ့နင်တိုင်းပြည်ကြီး ဒီလောက်အထိ ပျက်စီးယိုယွင်းနေပါပြီ။ တော်ဝင်မိသားစုဝင်ကို သတ်ဖြတ်ခဲ့တဲ့ မိန်းမစိုးလေးတစ်ယောက်ကိုတောင် အပြစ်မပေးဘူးတဲ့။ တိုင်းပြည်က တိုင်းပြည် မဟုတ်တော့ပါဘူး... တိုင်းပြည်က တိုင်းပြည် မဟုတ်တော့ပါဘူး။ တုပိုင်ကို မသတ်ရင် မိန်းမစိုးတွေ သောင်းကျန်းလာပြီး တိုင်းပြည် ပျက်သုဉ်းပါလိမ့်မယ်”

ဧကရာဇ်မင်းမြတ်က ပေါ့ပါးစွာပင် မိန့်ကြားလိုက်သည်။ “ကျန်းရှီကျီ... ခုန်ပေါက်မနေနဲ့တော့... ပြန်လိုက်တော့။ တုပိုင်ဘက်က စစ်ပွဲလည်း စတင်တော့မှာပါ။ ရလဒ် ထွက်လာမယ့်အချိန်ကိုပဲ စောင့်ကြည့်လိုက်ကြတာပေါ့”

အကယ်၍ တုပိုင် ရှုံးနိမ့်သွားလျှင် တိုင်းပြည်၏ အနောက်တောင်ပိုင်း ကျဆုံးသွားမည် ဖြစ်ပြီး၊ ဧကရာဇ်သည် တိုင်းပြည်သို့ အပြစ်ဝန်ခံကာ ထီးနန်းစွန့်ရပေမည်။

အကယ်၍ ဧကရာဇ်က ထီးနန်းမစွန့်ဘဲ ခေါင်းမာနေလျှင် မြို့တော်၌ အာဏာသိမ်းပွဲ ဖြစ်လာနိုင်ပြီး၊ ထိုအခြေအနေသည် အိမ်ရှေ့မင်းသားအတွက် အလွန် အဆင်မပြေ ဖြစ်လာနိုင်သည်။ ဧကရာဇ်၏ စိတ်နေသဘောထားအရ သူသည် သားတော်ကို လမ်းဆုံးသို့ တွန်းပို့မည့်သူ မဟုတ်ချေ။

အရာရှိများက ဧကရာဇ်ကို ထီးနန်းစွန့်ရန် ဖိအားပေးလာကတည်းက အိမ်ရှေ့မင်းသားသည် နေ့စဉ် ဧကရာဇ်၏ စာကြည့်ဆောင်ရှေ့တွင် နေ့တစ်ဝက်ခန့် ဒူးထောက်နေပြီး၊ ကျန်ရှိသောအချိန်များတွင် အိမ်တော်တံခါးပိတ်ကာ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တွေ့ဆုံခြင်း မရှိပါချေ။

ထိုသည်များသာ မကသေးပေ။ အိမ်ရှေ့မင်းသားသည် သုံးကြိမ်တိုင်တိုင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ဖူးပြီး ကယ်တင်ခြင်း ခံခဲ့ရသည်။

အကြိမ်တိုင်းတွင် အိမ်ရှေ့မင်းသားသည် နာကျင်စွာ ငိုကြွေးပြီး အမတ်များ၏ ရုပ်သေးရုပ်အဖြစ် အသုံးချမခံနိုင်ကြောင်း၊ ဖခင်အား ထီးနန်းစွန့်ရန် ဖိအားပေးသည့် ကိရိယာတစ်ခု မဖြစ်လိုကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် အိမ်ရှေ့မင်းသားသည် အသနားခံစာလွှာ တစ်ဒါဇင်ကျော် ဆက်တိုက် တင်သွင်းခဲ့ပြီး၊ မိမိသည် တိုင်းပြည်၏ အိမ်ရှေ့မင်းသား ဖြစ်ရန် မထိုက်တန်ကြောင်း၊ အိမ်ရှေ့မင်းသား ရာထူးမှ ဖယ်ရှားပေးရန် ဧကရာဇ်ကို တောင်းဆိုခဲ့သည်။

အိမ်ရှေ့မင်းသားသည် ဧကရာဇ်ကဲ့သို့ ရိုးသားဖြောင့်မတ်ခြင်း မရှိဘဲ အနည်းငယ် ဉာဏ်နီဉာဏ်နက် များကောင်း များနေနိုင်ပေသည်။ သို့သော် လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူ၏ ပြုမူဆောင်ရွက်ချက်များမှာ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းလှသည်။ အစမှအဆုံး သူသည် ဧကရာဇ်ဘက်မှ အမြဲ ရပ်တည်ခဲ့ပြီး၊ အရာရှိများကို ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်ခဲ့သည်။

ထိုအချိန်က ဧကရာဇ်မင်းမြတ် ပြင်းထန်စွာ နာမကျန်းဖြစ်နေသဖြင့် သူသည် နိုင်ငံတော်ကို ကြီးကြပ်ကွပ်ကဲပြီး ဧကရာဇ်ထျန်ယွင်အစား အစိုးရကိစ္စများကို တာဝန်ယူခဲ့သည်။

သို့သော် ဧကရာဇ်နှင့် အရာရှိများကြား အခြေအနေ တင်းမာလာပြီးနောက်၊ သူသည် နိုင်ငံတော်ကြီးကြပ်သူ ရာထူးမှ ချက်ချင်း နုတ်ထွက်ခဲ့ပြီး အစိုးရကိစ္စရပ်များနှင့် လုံးဝ မပတ်သက်တော့ချေ။

ထို့ကြောင့် ဤတစ်ကြိမ် တုပိုင်သာ ရှုံးနိမ့်သွားလျှင် အိမ်ရှေ့မင်းသားအတွက် ဧကရာဇ်သည် အာဏာသိမ်းပွဲ ဖြစ်လာသည်အထိ စောင့်ဆိုင်းနေမည် မဟုတ်ဘဲ ထီးနန်းစွန့်ပေးမည် ဖြစ်ချေသည်။

ကျန်းရှီကျီသည် ခေါင်းဖြင့် ကြမ်းပြင်ကို ဆောင့်ကာ ပြောပြီး လုံးဝ ထွက်ခွာသွားလေသည်။”ကျွန်တော်မျိုး ပြန်ပါရစေ”

သူ နောက်တစ်ခါ ထပ်လာစရာ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် တုပိုင် ရှုံးနိမ့်သည်ဟူသော သတင်း ရောက်လာသည်နှင့် ဧကရာဇ် ထီးနန်းစွန့်တော့မည် ဖြစ်သောကြောင့်ပင်။

ပြီးတော့ ဧကရာဇ်၏ စိတ်နေသဘောထားကို သူ နားလည်ထားသလောက် ဧကရာဇ်သည် အနားယူသွားသော ဧကရာဇ်ဟောင်းအဖြစ် မည်သည့်အခါမျှ ခံယူမည် မဟုတ်ပေ။ ထိုသည်က ကြီးမားသော အရှက်တရား ဖြစ်သလို အိမ်ရှေ့မင်းသားအတွက်လည်း မဟာကံဆိုးမှု ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ထီးနန်းစွန့်ခြင်း ဆိုသည်မှာ သေလမ်းသို့ လျှောက်လှမ်းခြင်းပင် မဟုတ်ပါလော။ ဤစစ်ပွဲတွင် တုပိုင် ဧကန်မုချ ရှုံးနိမ့်ပေလိမ့်မည်။ ထို့ကြောင့် ကျန်းရှီကျီ နောက်တစ်ကြိမ် ဧကရာဇ်ကို တွေ့ရလျှင် ရုပ်အလောင်းကိုသာ တွေ့ရတော့မည်။ သူ ခန့်မှန်းသည်မှာ မှန်ကန်ပေသည်။ ဧကရာဇ်မင်းမြတ်သည် အရာအားလုံးကို ပြင်ဆင်ပြီး ဖြစ်သည်။

အိမ်ရှေ့မင်းသားအတွက် မြို့တော်တွင် အာဏာသိမ်းပွဲ လုံးဝ မဖြစ်စေရပေ။ အဘယ်ကြောင့်ဆိုသော် အာဏာသိမ်းပွဲ ဖြစ်လာသည်နှင့် အိမ်ရှေ့မင်းသားသည် မိဘကို လုပ်ကြံသူ၊ ဧကရာဇ်ကို အတင်းအဓမ္မ ထီးနန်းစွန့်ခိုင်းသူ ဖြစ်လာပေလိမ့်မည်။ အကယ်၍ အိမ်ရှေ့မင်းသားသာ နန်းမတက်နိုင်လျှင် အခြား တော်ဝင်မိသားစုဝင် တစ်ဦး နန်းတက်လာမည် ဖြစ်ပြီး အိမ်ရှေ့မင်းသား သေချာပေါက် သေဆုံးရပေလိမ့်မည်။

ဧကရာဇ်ထျန်ယွင်၏ မာနကြီးသော စိတ်သဘောထားအရ အရှက်တကွဲဖြင့် ထီးနန်းစွန့်ကာ ဧကရာဇ်ဟောင်းအဖြစ် နေထိုင်ရန် လုံးဝ ဆန္ဒမရှိပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် အိမ်ရှေ့မင်းသားကို လမ်းဆုံးသို့ တွန်းပို့လိုက်ခြင်းသာ ဖြစ်သည်။

ထို့ကြောင့် တုပိုင် ရှုံးနိမ့်သည်ဟူသော သတင်း ရောက်လာသည်နှင့် ဧကရာဇ်ထျန်ယွင်သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားမည် ဖြစ်သည်။ ထို့နောက် အိမ်ရှေ့မင်းသားသည် ပုံမှန်အတိုင်း ထီးနန်းဆက်ခံနိုင်မည် ဖြစ်သည်။

ထိုအချိန်၌ ဧကရာဇ်မင်းမြတ်သည် မြေပုံရှေ့တွင် မလှုပ်မယှက် ရပ်နေသည်။ ဤမြေပုံကို တုပိုင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး၊ ကျန်းနန်နယ်စားမင်းမှတစ်ဆင့် ဧကရာဇ်ထံ ဆက်သခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်ထျန်ယွင်သည် ဤမြေပုံကို ပထမဆုံး မြင်လိုက်ရစဉ်က မည်မျှ အံ့သြခဲ့ရသည်ကို မှတ်မိနေသေးသလို၊ ထိုအချိန်က တုပိုင် ဆိုသော နာမည်ကို စတင် မှတ်မိခဲ့သည်။

တကယ်တော့ ယင်းမှာ ယမန်နှစ်က ကိစ္စ ဖြစ်သော်လည်း အလွန် ကြာမြင့်ခဲ့ပြီဟု ခံစားရသည်။ ဤမြေပုံပေါ်တွင် အရေးမပါသော၊ ရှာဖွေရန်ပင် ခက်ခဲသော ပိုင်ဆယ်မြို့လေးသည် တိုင်းပြည်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနေသလို ဧကရာဇ်၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကိုပါ ဆုံးဖြတ်ပေးနေသည်။

“တုပိုင်... ငါတို့ သားအဖနှစ်ယောက်ရဲ့ ကံကြမ္မာက တကယ်ကို ဆက်နွယ်နေတာပဲ” ဧကရာဇ်ထျန်ယွင် ပြုံးလိုက်သည်။

အတူတူ အသက်ရှင်၊ အတူတူ သေဆုံးရမည့် ကံကြမ္မာပင်။ ဧကရီသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် သစ်သားငါးခေါင်းလောင်းကို ညင်သာစွာ ခေါက်ရင်း တိုးတိုးလေး ရွတ်ဆိုနေသည်။

“ဘုရားသခင် ကောင်းချီးပေးပါ... ပိုင်ဆယ်မြို့ မကျဆုံးပါစေနဲ့... တုပိုင် မရှုံးနိမ့်ပါစေနဲ့”

လီလျန်တင်းသည် ဘေးတွင် ဒူးထောက်နေပြီး နဖူးကို ကြမ်းပြင်နှင့် ကပ်ထားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဤအချိန်တွင် ဧကရာဇ်မင်းမြတ်ကို အာဏာရှင်တစ်ပါး... စစ်မှန်သော ရက်စက်သည့် ဘုရင်ဆိုးတစ်ပါးသာ ဖြစ်စေချင်မိတော့သည်။

အရှင်မင်းမြတ်၌ အာဏာမရှိတော့ခြင်း မဟုတ်ချေ။ ကျန်းနန်နယ်စားမင်းလက်ထဲတွင် စစ်သည်တော် ၁၀၀,၀၀၀၊ မင်းသမီး နင်းရွှဲ့လက်ထဲတွင် စစ်သည်တော် ၁၅,၀၀၀၊ လျောင်တုန်းရှိ အရှေ့မြစ်ရေ ဗိုလ်ချုပ် ကျန်းအန်လုံလက်ထဲတွင် စစ်သည်တော် ၁၈,၀၀၀ နှင့် တုပိုင်လက်ထဲရှိ စစ်သည်တော် ၃၀,၀၀၀ ကျော် ရှိသည်။

ဧကရာဇ်၏ လက်ထဲတွင် စစ်သည်အင်အား ၂၀၀,၀၀၀ နီးပါး ရှိသည်။ အကယ်၍ သူသာ ရက်စက်သော ဧကရာဇ်တစ်ပါး ဖြစ်ပါက ဤတပ်ဖွဲ့များအားလုံးကို မြို့တော်အနီးသို့ ခေါ်ယူပြီး ကာကွယ်ခိုင်းထားနိုင်သည်။

လျောင်တုန်းဒေသရှိ ဂျာချင်တိုင်းပြည်ကို ဂရုမစိုက်ဘဲ၊ အန်နမ်နိုင်ငံကို ဂရုမစိုက်ဘဲ၊ တာ့နင်တိုင်းပြည်ကို မထောက်ပံ့ဘဲ မိမိအာဏာ တည်မြဲရေးအတွက်သာ ကြိုးစားမည် ဆိုပါက ဤလက်ရွေးစင် စစ်သည် ၂၀၀,၀၀၀ ဖြင့် မည်သူက သူ့ကို ထီးနန်းစွန့်ခိုင်းနိုင်ပါမည်နည်း။

သို့သော် သူ မလုပ်နိုင်ခဲ့ချေ။ တိုင်းပြည်ကို တိုင်းတစ်ပါးသားများလက်ထဲ အပ်မလိုက်နိုင်သဖြင့် သူ့ကို သစ္စာရှိသော တပ်ဖွဲ့များအားလုံးကို နယ်စပ်သို့ စေလွှတ်ခဲ့ပြီး တိုင်းပြည်၏ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့သည်။

လူတချို့ကမူ ကိုယ့်ကိုယ်ကိုယ်သာ တာဝန်ယူရပြီး တိုင်းပြည်အတွက် တာဝန်ယူစရာ မလို၊ တာဝန်ခံစရာ မလိုဘဲ ငွေရှာပြီး တိုင်းပြည်၏ အုတ်မြစ်ကို တူးဆွကာ ကိုယ်ပိုင်စစ်တပ် မွေးမြူနေကြသဖြင့် ခန့်ညားထည်ဝါနေပုံ ပေါက်နေကြသည်။

ဖန်းအုပ်စု၏ နောက်ကွယ်မှ သခင်သည် ဘာကြောင့် တိုက်ရိုက် ပုန်ကန်ပြီး ထီးနန်းမလုယူသနည်း။

နင်းမိသားစုကို ရှုပ်ထွေးမှုများကို ဆက်လက် ရှင်းလင်းစေပြီး သူက တိုင်းပြည်ကို တဖြည်းဖြည်းချင်း ဝါးမျိုးချင်သောကြောင့် ဖြစ်သည်။ အကယ်၍ တိုက်ရိုက် ပုန်ကန်ပြီး ထီးနန်းလုယူပါက မြောက်ဘက်မှ တာတာများနှင့် ဂျာချင်တိုင်းပြည်ကို တိုက်ရိုက် ရင်ဆိုင်ရမည် မဟုတ်ပါလော။

လူတိုင်းက အင်အားစုဆောင်းပြီး ဖြည်းဖြည်းချင်း ဘုရင်လုပ်ရမည်ဟူသော သဘောတရားကို နားလည်ကြသည်။

**--**--**--**--**--**--**--**

ပိုင်ဆယ်မြို့။

“ဝုန်း... ဝုန်း... ဝုန်း...”

လီမိသားစု၏ စစ်သည်တော် ၁၀၀,၀၀၀ သည် မည်းမှောင်နေပြီး တရွေ့ရွေ့ နီးကပ်လာနေသည်။

**--**--**--**--**--**--**--**

မြို့တွင်းရှိ မြေအောက်ခန်းထဲ၌။

“အားးး... ဝုန်း... ဒုန်း...”

နာကျင်စွာ အော်ဟစ်သံများနှင့် ခေါင်းကို နံရံနှင့် ဆောင့်သံများ ထွက်ပေါ်လာသည်။

“စစ်ခုန်းယဲ့... မင်းက အရူးကောင်... မင်းက ငတုံးကောင်... ဘာလို့ စဉ်းစားလို့ မရတာလဲ”

“နှစ်လတောင် ရှိနေပြီ... ဘာလို့ အဖြေရှာမရသေးတာလဲ”

“မင်းက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကြီးရှင်လို့ ခေါ်ရဲသေးတယ်လား... အရှက်မရှိလိုက်တာ... အရမ်း အရှက်မရှိလိုက်တာ...”

မည်သူကမျှ သူ့ကို ဆူပူနေခြင်း မဟုတ်ပေ။ ပရောဖက် လူပုလေး စစ်ခုန်းယဲ့က ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲဆိုနေခြင်း ဖြစ်ပြီး ခေါင်းကို နံရံနှင့် အားကုန် ဆောင့်နေခြင်း ဖြစ်လေ၏။

စစ်ပွဲကြီး စတင်တော့မည် ဖြစ်သော်လည်း သူ၏ လျှို့ဝှက်လက်နက်မှာ မအောင်မြင်သေးချေ။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၉၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters