ကျူးကောယုံမင်
Vol. 2 Ch. 11
အချိန်က တဖြည်းဖြည်းကုန်ဆုံး၍ ညနက်ပိုင်းကို ရောက်ရှိလာပြီဖြစ်သည်။
တရားထိုင်ပုံစံဖြင့် ခြေချိတ်ထိုင်နေသော ချီရွှမ်းစုသည် သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ပြီး ဓားပျံကို သိမ်းဆည်းလိုက်သည်။
ဓားပျံထိန်းချုပ်ခြင်းနည်းစနစ်သည် ချီသန့်စင်သူများ၏ တစ်မူထူးခြားသော နည်းစနစ်ဖြစ်ပြီး ဂမ္ဘီရဝိဇ္ဇာများ အသုံးမပြုနိုင်ပေ။ ထိုကဲ့သို့ပင် ချီသန့်စင်သူများကလည်း ဂမ္ဘီရဝိဇ္ဇာများလို ရှေ့ဖြစ်နောက်ဖြစ်ဟောခြင်းနှင့် အိပ်မက်စေခြင်း မှော်စွမ်းအားများကို မပိုင်ဆိုင်နိုင်ပေ။
တစ်ဂိုဏ်းတည်းသားချင်း တာအိုဆရာများပင် မတူကွဲပြားသော လမ်းစဉ်များကို လေ့လာလိုက်စားနေကြသည်။ ချီသန့်စင်သူများနှင့် ဂမ္ဘီရဝိဇ္ဇာများအပြင် ကိုယ်ခံပညာလေ့ကျင့်သူများ၊ နတ်ဆရာများနှင့် အခြားသောကျင့်ကြံသူအမျိုးအစားများလည်းရှိနေသေးသည်။ ချီရွှမ်းစုသည် အထက်တွင်ဖော်ပြခဲ့သော မည်သည့်လမ်းစဉ်ကိုမှ အတည်ပြုမထားပေ။ သူက လေလွင့်ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။
ကြားကောင်းအောင်ပြောရလျှင် လေလွင့်ကျင့်ကြံသူများသည် အရာရာတိုင်းမှာ ကျွမ်းဝင်နှံ့စပ်ကြသည်။ တစ်နည်းအားဖြင့် သူတို့သည် နဂါးလည်းမဟုတ် ကျားလည်းမဟုတ်ဘဲ ဟိုစပ်စပ် သည်စပ်စပ်ရှိသူများဖြစ်ပြီး မည်သည့်နေရာတွင်မှ ကျွမ်းကျင်ပိုင်နိုင်မှု မရှိကြပေ။ ထိုသို့ဖြင့် သူတို့၏ နောက်ဆုံးအောင်မြင်ထွန်းပေါက်မှုကလည်း သိပ်ပြီးမမြင့်မားပေ။ သူတော်စင် ၃၆ ပါးထဲမှာ လေလွင့်ကျင့်ကြံသူနှစ်ဦးသာလျှင် ရှိသည်။
လောကမှာ လေလွင့်ကျင့်ကြံသူများစွာရှိနေ၏။ မည်သို့ပင်ဆိုစေ လူအများစုသည် ကောင်းကင်ဘုံကိုတက်လှမ်းဖို့ မျှော်လင့်ချက်မရှိဘဲ ကန့်သတ်ထားသည့် ဘုံလောကတစ်ခုအတွင်းမှာ နောက်ထပ်အတတ်ပညာများကို ပိုမိုတတ်ကျွမ်းဖို့သာ ရည်ရွယ်ချက်ရှိကြသည်။ ချီသန့်စင်သူများအပြင် လေလွင့်ကျင့်ကြံသူများကသာ ဓားပျံထိန်းချုပ်ခြင်းနည်းစနစ်ကို လေ့လာသင်ယူနိုင်ကြသည်။
ဤခံယူချက်နှင့်အတူ ချီရွှမ်းစုသည် လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်ဖို့ ရွေးချယ်ခဲ့သည်။ သူ့ဆရာသည်လည်း လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့ဆရာသည် အခါများစွာမှာ သောက်စားမူးယစ်နေသည့် အဆင့်-၄ တာအိုဆရာတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်သုံးနှစ်က ကွယ်လွန်သွားခဲ့သည်။
ချီရွှမ်းစုသည် အပြင်ဘက်မှာရှိသော ညအမှောင်ကိုကြည့်ပြီး စိတ်မချမ်းမြေ့သလို ခံစားနေရသည်။ ဤတစ်ခေါက်မှာ သူသည် ထိုက်ဖျင်ဂိုဏ်း၏ လီမျိုးနွယ်ကို ရန်စမိခဲ့သည်။
လီစန်ရှင်းကို အဓိကနောက်ခံပေးထားသည်က သူ၏ မိသားစုဖြစ်သည်မှာ သံသယရှိစရာမလိုပေ။
အရှေ့ပင်လယ်မှာ လီမိသားစုသည် တစ်လောကလုံးထက် သာလွန်မြင့်မြတ်သည်ဟု သူတို့ကိုယ်သူတို့ ခံယူထားကြသည်။ သူတို့သည် တစ်လောကလုံးက သူတို့အပေါ် ဘယ်လိုမြင်သည်ကို ဂရုစိုက်ခြင်းမရှိဘဲ တစ်သီးပုဂ္ဂလကွဲထွက်ကာနေကြသည်။ အပြင်လူများအတွက်တော့ လီမိသားစုသည် အတော်လေးလျှို့ဝှက်ဆန်းကြယ်နေသည်။ လီမိသားစုဝင်အနည်းအကျဉ်းသည် တာအိုဂိုဏ်းတော်သို့ ဝင်ရောက်ခဲ့ပြီး ဩဇာအာဏာလွှမ်းမိုးနိုင်စွမ်း မြင့်မားသည့် ပုဂ္ဂိုလ်များဖြစ်လာကြသည်။ သူတို့ထဲမှတစ်ဦးသည် ထိုက်ဖျင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သည်။
ဤအခိုက်အတန့်မှာ ချီရွှမ်းစုသည် ဘုရားကျောင်းအပြင်ဘက်မှလာသော ခြေသံတချို့ကို ကြားလိုက်ရ၏။ ထို့ကြောင့် သူသည် မတ်တတ်ထရပ်ပြီး တံခါးအပြင်ဘက်ကို ကြည့်လိုက်သည်။
ညအမှောင်ထဲမှာ တာအိုဆရာဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်အမျိုးသားတစ်ဦးက မိုးရေထဲမှာ လျှောက်လှမ်းလာနေ၏။
ချီရွှမ်းစုသည် ဘုရားကျောင်းပျက်၏ ဝင်ပေါက်ဝသို့သွားပြီး အပြင်ဘက်ကခရီးသည်ကို ငုံ့ကြည့်လိုက်၏။ သူ၏ ရည်ရွယ်ချက်က သိသာထင်ရှားသည်။ ထိုအမျိုးသား အထဲကို ဝင်မလာစေရန် တားဆီးဖို့ဖြစ်သည်။
ခရီးသည်သည် ဘုရားကျောင်းပျက်ရှေ့မှာ သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး ချီရွှမ်းစုကို ကြည့်လိုက်၏။
“ကျုပ်က တစ်ညလုံး ခြေဦးတည့်ရာသွားလာနေတဲ့ တာအိုတပည့်ဂိုဏ်းသားတစ်ဦးပဲ… ကျုပ် ဘုရားကျောင်းထဲမှာ ဝင်နားပြီး အဝတ်တွေခြောက်သွားအောင် မီးလေးလှုံချင်တယ်… ကျုပ်ဝင်လာလို့ရမလား”
“မရဘူး”
ချီရွှမ်းစုက ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။
“မင်းက ညကြီးသန်းခေါင် တောတောင်အနက်ပိုင်းထဲမှာ သွားလာနေတယ်… မင်းကိုကြည့်ရတာ ခြေဦးတည့်ရာသွားလာနေတဲ့ သာမန်တပည့်ဂိုဏ်းသားတစ်ဦး ဟုတ်ပုံမရဘူး”
အမျိုးသားက မေးလိုက်၏။
“တာအိုတပည့်ဂိုဏ်းသားတွေက ညဘက်တောတောင်ထဲမှာ သွားလာလို့မရဘူးလား”
ချီရွှမ်းစု၏ အသံက ပိုမိုလေးနက်လာ၏။
“မင်းက ခရီးသွားလာနေကျသူတစ်ဦးဆိုရင် ညဘက် တောတောင်ထဲမှာဖြတ်ပြီး ခရီးဆက်မယ့်အစား မိုးစမရွာခင်ကတည်းက အရိပ်ခိုဖို့ရှာမှာပဲ။”
“မင်းမှာ အရေးပေါ်ကိစ္စတစ်ခု ရှိနေမယ်ဆိုရင် ဒီကနေ နှစ်နာရီလောက်ဘဲ သွားရတော့မယ့် ဖုန်ထိုက်ခရိုင်ကို အပြေးအလွှားသွားမှာပဲ… ဒီလိုအချိန်မှာ ညမထွက်ရအမိန့်ရှိနေမယ်ဆိုရင်တောင် မြို့ရိုးအပြင်ဘက်မှာ စတည်းချဖို့ကောင်းတဲ့နေရာတွေအများကြီးရှိတယ်… ဒီဘုရားကျောင်းပျက်ထဲမှာ နားနေမယ့်အစား အဲဒီမှာဆိုရင် အရုဏ်တက်တာနဲ့ မင်းက မြို့ထဲကို ချက်ချင်းဝင်ရောက်နိုင်မယ်”
အမျိုးသားက ရယ်မောလိုက်၏။
ချီရွှမ်းစုက အမျိုးသားကိုကြည့်ပြီး သတိပေးလိုက်သည်။
“မင်းက သာမန်ဖြတ်သွားဖြတ်လာတစ်ဦးဆိုရင် ဒီနေရာကနေ ချက်ချင်းထွက်သွားဖို့ ငါအကြံပေးလိုက်မယ်… မင်းက သူခိုးဂျပိုးဆိုရင်တော့ အခုပဲ မင်းရဲ့ရည်ရွယ်ချက်ကိုပြောလိုက်တာ ပိုကောင်းလိမ့်မယ်”
အမျိုးသားက ထိုစကားကိုကြားသောအခါ ရယ်မောလိုက်၏။
“သူခိုးအစစ်အမှန်က ဘယ်သူလဲဆိုတာ ကောက်ချက်ချဖို့စောလွန်းနေသေးတယ် နော့… မင်းရော အဲလိုမထင်ဘူးလား”
ချိရွှမ်းစု၏ မျက်နှာက တည်တံ့သွားသည်။
အမျိုးသားသည် သူ၏ သရုပ်သကန်ကို သက်သေပြဖို့ သူ၏ အင်္ကျီလက်စထဲကနေ ရာထူးအမှတ်တံဆိပ်ကို ထုတ်ယူပြီး ထုတ်ပြန်ကြေညာလိုက်၏။
“ငါက ရွှမ်ကျန်းဂိုဏ်းက အဆင့်-၆ တာအိုဆရာ ကျူးကောယုံမင်ပဲ”
ချီရွှမ်းစုက ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်ကို ပြန်လည်ထူထောင်ပြီးနောက် တပည့်ဂိုဏ်းသားများကို မျိုးဆက်အလိုက် ခွဲခြားသိရှိနိုင်ရန် ရွှမ်ကျန်းဂိုဏ်းသည် အမည်ပေးစနစ်တစ်ခုကို ကျင့်သုံးခဲ့သည်။ ကျူးကောယုံမင်သည် အဋ္ဌမမျိုးဆက် တပည့်ဂိုဏ်းသားတစ်ဦးဖြစ်ပြီး သူနှင့်မျိုးဆက်တူတပည့်ဂိုဏ်းသားများမှာ ‘ယုံ’ဟူသောအမည်ပါပေလိမ့်မည်။
ချီရွှမ်းစု၏ အမူအရာက ပြောင်းလဲမသွားဘဲ ပြောလိုက်၏။
“ဒါဆို မင်းက ရွှမ်ကျန်းတာအိုဆရာတစ်ဦးပေါ့… ငါ့ကို သူခိုးလို့ စွပ်စွဲရအောင် မင်းမှာ ဘာသက်သေအထောက်အထားရှိလို့လဲ… ရိုးသားတဲ့လူတစ်ယောက်ကို စွပ်စွဲပုတ်ခတ်ပြောဆိုတာ ဘယ်ကောင်းပါ့မလဲ။”
“ရိုးသားတဲ့လူတဲ့လား…”
ကျူးကောယုံမင်၏ အပြုံးက တဖြည်းဖြည်းဖျော့တော့သွားသည်။
“ဒါဆို… ဒီဘုရားကျောင်းပျက်ထဲမှာ မင်းဘာလုပ်နေတာလဲ”
ချီရွှမ်းစုက တုံ့ပြန်ပြောဆိုလိုက်၏။
“ငါဒီနားကနေ ဖြတ်သွားတုန်းက မိုးက စရွာနေပြီ… အဲဒါကြောင့် လောလောဆယ် ငါဒီနေရာမှာ မိုးခိုနေတာပဲ”
“မင်းက မိုးခိုနေတယ်လို့ တကယ်ပဲ ပြောလိုက်တာလား… ဒါဆို မင်းဘာလို့ ငါ့ကို အဲလောက်ထိ သတိထားနေတာလဲ”
ကျူးကောယုံမင်က ဆက်လက်၍ ဖိပြောလိုက်၏။
“မင်းငါ့ကို ဘာလို့ဝင်ခွင့်မပေးတာလဲ ပြော”
ချီရွှမ်းစုက ပြန်ဖြေလိုက်သည်။
“မင်းပုံစံက ကြမ်းတမ်းနေလို့ပဲ… မင်းဘယ်ကလာတယ်ဆိုတာ မသိရဘူး… နောက်ပြီး မင်းက လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ ငါခံစားနေရတယ်”
ကျူးကောယုံမင်က လှောင်ရယ်လိုက်၏။
“ဒါက မင်းရဲ့အကြောင်းပြချက်ပေါ့လေ”
ချီရွှမ်းစုက ပြောလိုက်သည်။
“လူတစ်ယောက်က အခြားသူတွေအပေါ် မကောင်းတဲ့စိတ် မထားရဘူး… ဒါပေမဲ့ သတိတော့ထားရမယ်… ဒါနဲ့ပတ်သက်ပြီး မင်းငါ့ကိုဆက်ပြီး အနှောက်အယှက်ပေးနေမယ်ဆိုရင် မင်းက တာအိုတပည့်ဂိုဏ်းသားတစ်ဦးအဖြစ် ဟန်ဆောင်နေတာလို့ ငါပြောရလိမ့်မယ်”
ကျူးကောယုံမင်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး စကားကိုတစ်လုံးချင်း ခပ်တင်းတင်းပြောလိုက်၏။
“ဒီနေရာမှာ… မင်းက ဆရာကြီးမဟုတ်ပါဘူး”
ချီရွှမ်းစုက တုံ့ပြန်ပြောဆိုလိုက်၏။
“မင်းလည်း ဒီနေရာမှာ ဆရာကြီးမဟုတ်ပါဘူး”
ကျူးကောယုံမင်က လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
“ဒါဆို ငါ့လက်သီးက စကားပြောလာလိမ့်မယ်… တစ်ယောက်ယောက်အရှုံးပေးတဲ့အထိ ငါတို့တိုက်ခိုက်ကြတာပေါ့… အနိုင်ရတဲ့သူဘယ်သူမဆို နောက်ဆုံးပြောရေးဆိုခွင့်ရှိသူဖြစ်လာလိမ့်မယ်”
ချီရွှမ်းစုက ထေ့ငေါ့လိုက်၏။
“ဒါဆို တကယ်တမ်း မင်းလိုချင်နေတာက ရန်ပွဲပဲ… ဟမ့်”
ကျူးကောယုံမင်က ခြိမ်းခြောက်လိုက်၏။
“ငါ… တစ်ခါတည်း ရှင်းအောင်ပြောထားလိုက်မယ်… မင်းအညံ့ခံချင်တယ်ဆိုရင် ငါမင်းကို တိုက်ခိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့… မင်းက နောက်ဆုံးအချိန်ထိ တိုက်ခိုက်ချင်တယ်ဆိုရင်တော့ အညှာအတာမရှိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ ငါမင်းရဲ့ စိတ်ဝိညာဉ်နဲ့ဒါန်ထျန်ကို ဖျက်ဆီးပစ်မယ်… အဲဒါဆို မင်းရဲ့ကျင့်ကြံမှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားရလိမ့်မယ်”
ချီရွှမ်းစုသည် မြစ်ကိုဖြတ်ကျော်ဖို့ အန္တရာယ်ကို မစွန့်စားလိုဘဲ လှေထဲမှာရှိသော ကျန်းပျဲယွင်ကို အောင်မြင်စွာရှောင်လွှဲနိုင်ခဲ့သည်။ သူသည် ဖုန်ထိုက်ခရိုင်မှာ အချိန်ဖြုန်းမနေခဲ့ဘဲ ကျန်းယီဂိုဏ်းမှလာသော ဂမ္ဘီရဝိဇ္ဇာတစ်ဦးကိုလည်း ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူသည် မောင်ရှန်တောင်မှာ သူ့ကိုစောင့်ဆိုင်းနေသည့် ကျူးကောယုံမင်ကို မရှောင်လွှဲနိုင်တော့ပေ။
ကျူးကောယုံမင်က ချီရွှမ်းစုကိုကြည့်ကာ ပြောလိုက်၏။
“ဒီလောကမှာ ထင်ရှားကျော်ကြားလာနိုင်တဲ့ လူနှစ်မျိုးရှိတယ်… ပထမတစ်မျိုးကတော့ ကြံ့ခိုင်တဲ့ကိုယ်ကာယနဲ့ ထက်မြက်တဲ့ ပါရမီအရည်အချင်းတွေနဲ့ မွေးဖွားလာတဲ့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတဲ့သူတွေပဲ… နောက်တစ်မျိုးကတော့ အကောင်းဆုံးလက္ခဏာတွေနဲ့ မွေးဖွားမလာပေမယ့် ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ဘိုးဘေးတွေရဲ့ ချီးမြှင့်ခံရတဲ့သူတွေပဲ… အဲဒီလူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားမလာတတ်ပေမယ့် နောက်ပိုင်းကျရင်တော့ အစွမ်းကုန်တောက်ပလာတတ်တယ်”
“မင်းကို ကြည့်ရတာ အသက်သုံးဆယ်မပြည့်လောက်သေးဘူး… ဒါပေမဲ့ မင်းက ရှန်းထျန်သက်ရှိတစ်ဦးဖြစ်နေပြီ… တစ်နည်းတစ်ဖုံအားဖြင့် မင်းက ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံထားရတဲ့သူပဲ… ဒါပေမဲ့ ငါကတော့ မတူဘူး… ငါက ချီးမြှင့်မခံရဘူး… ငါ့မှာ ကြီးမြတ်တဲ့ကိုယ်ကာယလည်းမရှိဘူး… ငါငယ်ငယ်တုန်းက ပေါင်တန်ကျင့်ကြံမှုအဆင့်မှာရှိတဲ့ ဟောက်ထျန်သက်ရှိတစ်ဦးဖြစ်ခဲ့ရုံပဲ… ပြီးခဲ့တဲ့နှစ်တွေထဲမှာ ငါက နေ့နေ့ညည နေပူမရှောင် မိုးရွာမရှောင် ခက်ခက်ခဲခဲ ကြိုးစားပြီး နောက်ဆုံးမှာ ယွီရှုအဆင့်ကို ရောက်လာခဲ့တယ်။”
“ငါက ချီးမြှင့်ခံထားရတဲ့သူတွေနဲ့ မယှဉ်နိုင်ဘူးဆိုတာ ငါသိတယ်… ဒါပေမဲ့ မင်းလိုမျိုး ခွန်လွင်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ဖို့တော့ ကောင်းကောင်းအဆင့်မီတယ်ဆိုတာ ငါ့ကိုယ်ငါသိတယ်”
ချီရွှမ်းစု၏ မျက်နှာက တည်တံ့လာ၏။
ကျူးကောယုံမင်သည် အသွေးအသားကျင့်ကြံမှုနယ်ပယ်မှာရှိသော ယွီရှုအဆင့် ကိုယ်ခံပညာလေ့ကျင့်သူတစ်ဦးဖြစ်နေသည်။
နောက်ခဏ၌ ကျူးကောယုံမင်က ချီရွှမ်းစုကို ပစ်ထိုးလိုက်၏။
ချီရွှမ်းစုသည် ဘေးတိုက်ရွှေ့ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။
လူသေရုံမှာတုန်းက ချီရွှမ်းစုသည် ဒူးလေးမြားကို တစ်ခါ ရှောင်တိမ်းခဲ့ဖူးသည်။ ခရိုင်ရုံးတော်မှာတုန်းကလည်း သူသည် လီစန်ရှင်း၏ ဓားပျံကို ပိတ်ဆို့တားဆီးနိုင်ခဲ့သည်။
ဤအချက်သည် သူ၏ အလိုအလျောက် တုံ့ပြန်မှုက ဘယ်လောက်မြန်ဆန်သလဲ သက်သေပြပေးနေ၏။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူသည် ကျူးကောယုံမင်၏ ထိုးချက်ကို လုံးလုံးလျားလျားမရှောင်တိမ်းနိုင်ဘဲ သူ၏ ဘယ်ဘက်ပခုံးက အထိုးခံရကာ ဘေးဘက်သို့ လည်ထွက်သွားသည်။ သူက ကိုယ်ကိုအလိုက်သင့်လွှဲပြီး လေထဲမှာ သူ၏ ခန္ဓာကိုယ်ကို လှည့်လိုက်၏။ ထိုသို့ဖြင့် ဘုရားကျောင်းပျက်ထဲသို့ နောက်ပြန်ဆုတ်မိမည့်အစား ချီရွှမ်းစုသည် အပြင်ဘက်မှာရှိသော နေရာလွတ်ထဲသို့ ဆင်းသက်သွားသည်။ သူ၏ ခြေဖဝါးနှစ်ဖက်က မြေပြင်ကိုထိသည့်အချိန်မှာ အသံတစ်ချက်မထွက်ပေ။
ချီရွှမ်းစုက အခိုင်အမာရပ်လာပြီးနောက် ကျူးကောယုံမင်သည် သူ၏ ဒုတိယမြောက်ထိုးချက်ကို ထုတ်ဖော်လိုက်သည်။
ကိုယ်ခံပညာလေ့ကျင့်သူများသည် ဂမ္ဘီရဝိဇ္ဇာများနှင့် ချီသန့်စင်သူများနှင့် ကွဲပြားခြားနားကြသည်။ သူတို့သည် အနီးကပ်တိုက်ခိုက်ရည်မှာ အတော်ဆုံးဖြစ်ပြီး ချီရွှမ်းစု၏ အသက်အန္တရယ်က အတော်လေးစိုးရိမ်လာရသည်။
ကျူးကောယုံမင်သည် ချီရွှမ်းစု၏ မျက်ခုံးနှစ်ဖက်ကြားနှာရောင်ရှိရာကို ချိန်ရွယ်လိုက်၏။ ထိုးချက်၏ လေအဟုန်က ချီရွှမ်းစု၏ ဆံပင်ကို နောက်ပြန်လန်ကျသွားစေသော်လည်း သူ၏ လက်သီးသည် ချီရွှမ်းစု၏ နဖူးနှင့် တစ်လက်မသာ ကွာဝေးတော့သည့်အချိန်မှာ ချီရွှမ်းစုက နောက်ပြန်လှန်ချပြီး ထိုးချက်ကနေ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်သည်။
ကိုယ်ခံပညာလေ့ကျင့်သူများသည် ရန်လိုခက်ထန်ကြပြီး သူ့ပြိုင်ဘက်ကို လက်တစ်ကမ်းအကွာအဝေးမှာ ထိန်းထားကာ သနားညှာတာမှုပြလိမ့်မည် မဟုတ်ပေ။
ကိုယ်ခံပညာလေ့ကျင့်သူတစ်ဦး၏ သတ်ဖြတ်စွမ်းအား ၈၀ ရာခိုင်နှုန်းသည် သူတို့၏ လက်နှစ်ဖက်မှာရှိသည်။ ဤအခိုက်အတန့်မှာ ကျူးကောယုံမင်၏ လက်ပေါ်ရှိ သွေးကြောများက အရေပြားအောက်မှာ ပုန်လျှိုးနေသော နဂါးငယ်များကဲ့သို့ ဖောင်းကြွနေ၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိသွေးက မြစ်ရေစီးကြောင်းများကဲ့သို့ လှည့်ပတ်စီးဆင်းလာ၏။ ချီရွှမ်းစုသည် ကျူးကောယုံမင်၏ နှလုံးခုန်သံကိုပင် ခပ်ရေးရေးကြားနေရ၏။ ထိုသူ၏ မောက်မာဝင့်ကြွားမှုနှင့် စီးပိုးခြယ်လှယ်တတ်သောအော်ရာကို သူက ခံစားမိနေ၏။
ကျူးကောယုံမင်သည် ရှေ့သို့ အလျဉ်းသင့်သလို တက်လှမ်းပြီး သူ၏ ခြေဖဝါးအောက် မြေပြင်မှာ တွင်းချိုင့်တစ်ခုပေါ်ထွက်လာသည်။ သူ၏ ခြေဖဝါးအောက်မှာ စုစည်းထားသော စွမ်းအားကိုသုံးပြီး သူက လေးကြိုးကနေ ပစ်လွှတ်လိုက်သောမြားတစ်စင်းကဲ့သို့ ရှေ့သို့ခုန်အုပ်လိုက်၏။ ချက်ချင်းပင် သူသည် ချီရွှမ်းစု၏ ရှေ့ကို ရောက်ရှိလာသည်။
ချီရွှမ်းစုသည် တိုက်ခိုက်ရာမှာ ကျွမ်းကျင်သော်လည်း သူသည် ယခုအချိန်မှာ တန်ပြန်တိုက်ခိုက်ဖို့ ဘယ်လိုမှကို ကြံမရပေ။ ထိုသို့ဖြင့် သူသည် အတတ်နိုင်ဆုံးကြိုးစားကာ နောက်သို့ဆုတ်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းနေရသည်။
လူတစ်ယောက်က ရှေ့ကိုထိုးလိုက်နေပြီး တစ်ယောက်က နောက်ပြန်ဆုတ်နေကာ သူတို့ဖြတ်သွားရာလမ်းကြောင်းတစ်လျှောက်မှာ ရွှံ့ဗွက်များက ဖိတ်စင်ပြန့်ကျဲသွားသည်။
ကျူးကောယုံမင်က ခြေတစ်လှမ်းယူလိုက်တိုင်း မြေပြင်မှာ နက်ရှိုင်းသောခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။ သူသည် လူငယ်အမျိုးသားကိုစိုက်ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ၏ ရင်ဘတ်၊ ဝမ်းဗိုက်၊ ပခုံး၊ တံတောင်၊ လက်ကောက်ဝတ်နှင့် လက်သီးတို့မှစ၍ သူ၏ ခန္ဓာကိုယ်ရှိ အရိုးအဆစ်တိုင်းက တဖျောက်ဖျောက်မြည်လာသည်။ သူ၏ လက်သီးက လေထုကို ဖြတ်ကျော်လာသည့်အချိန်မှာ ကျယ်လောင်သောအသံကို ထွက်ပေါ်လာစေသည်။ ချီရွှမ်းစုက ဤတိုက်ခိုက်မှုကို မရှောင်နိုင်တော့ပေ။
ထိုးချက်က မြားတစ်စင်းကဲ့သို့ ပစ်လွင့်ထွက်ပေါ်လာပြီး ဗုံးတစ်လုံးကဲ့သို့ စွမ်းအားကြီးမားနေသည်။
ချီရွှမ်းစုသည် ထိုးချက်ဖြင့် လွင့်စင်ထွက်သွား၏။ သူသည် ဘုရားကျောင်းပျက်၏ ဘေး နက်ရှိုင်းသောတောအုပ်ထဲသို့ ကျဆင်းပြီး သစ်ပင်များစွာက ကျိုးကျသွားသည်။
ကျူးကောယုံမင်က မပီမသအပြုံးနှင့် သူ့အနားကို ဖြည်းဖြည်းချင်းချဉ်းကပ်လာကာ ပြောလိုက်၏။
“ဒီထိုးချက်နဲ့ မင်းက နှစ်ပိုင်းပြတ်ထွက်သွားမယ်လို့ ငါထင်နေတာ… မင်းက ဒီလောက်ထိ ဒူပေနာပေခံနိုင်လိမ့်မယ်လို့ ငါထင်မထားဘူး”
မြေပြင်ပေါ်မှာလဲကျနေသော ချီရွှမ်းစုက ခက်ခက်ခဲခဲကြိုးစားကာ မတ်တတ်ကျုံးထလိုက်၏။ သူက သွေးများစွာကို ထွေးထုတ်လိုက်ရသည်။
ကျူးကောယုံမင်သည် ထိုးချက်တစ်ချက်နှင့် ကျောက်တုံးများကို အလွယ်တကူထိုးခွဲနိုင်သည်။ ချီရွှမ်းစုလို ခွန်လွင်အဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးကိုမပြောနှင့် ခွန်လွင်အဆင့် ကိုယ်ခံပညာလေကျင့်သူတစ်ဦးပင် သူ၏ ခွန်အားအပြည့်ထိုးချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
သူ၏ ပြိုင်ဘက်သည် ယွီရှုအဆင့်မှာရှိသော ချီသန့်စင်သူတစ်ဦး သို့မဟုတ် ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်မည်ဆိုလျှင်တောင် သူတို့သည် ခြေဆယ်လှမ်းအကွာအဝေးအတွင်း ရှိနေမည်ဆိုလျှင် ကျူးကောယုံမင်က သူ့ပြိုင်ဘက်ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် လုပ်နိုင်စွမ်းရှိသည်။ သူတို့က ခြေသုံးလှမ်းအကွာအဝေးအတွင်းမှာ ရှိနေမည်ဆိုလျှင် သူက သေစေနိုင်သောထိုးချက်တစ်ချက်ကို ထုတ်ဖော်နိုင်သည်။ တကယ်တော့ ဂမ္ဘီရဝိဇ္ဇာတစ်ဦး သို့မဟုတ် ချီသန့်စင်သူတစ်ဦးက သူနှင့်အကွာအဝေးတစ်ခု ခြားထားမည်ဆိုလျှင် ကျူးကောယုံမင်က အရေးနိမ့်သွားပေလိမ့်မည်။ ထိုသို့ဖြင့် တိုက်ပွဲတစ်ပွဲမှာ ဘယ်သူက အနိုင်ရမည်ကို ကြိုတင်ခန့်မှန်းဖို့ ခဲယဉ်းသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ခွန်လွင်အဆင့်မှာရှိသော လေလွင့်ကျင့်ကြံသူတစ်ဦးသည် ယွီရှုအဆင့်မှာရှိသော ရှန်းထျန်သက်ရှိတစ်ဦးကို မယှဉ်နိုင်ပေ။ ချီရွှမ်းစုလိုအဆင့်မျိုးသည် ကျူးကောယုံမင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အရည်အချင်းမပြည့်မီပေ။
ကျူးကောယုံမင်သည် ယခုတင် ခက်ခက်ခဲခဲမတ်တတ်ထရပ်လာသည့် ချီရွှမ်းစုကိုကြည်ပြီး ရယ်မောကာပြောလိုက်၏။
“ကြည့်စမ်းပါဦး… မင်းက မတ်တတ်ရပ်နိုင်နေသေးတာပဲ”
ချီရွှမ်းစုက သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်ပြီး ထေ့ငေါ့လိုက်၏။
“ငါက မတ်တတ်ရပ်နိုင်ရုံတင်မကဘူး… ငါက မင်းကို မင်းအမေပါမမှတ်မိအောင် အသားပျော့ဖတ်တစ်ခုဖြစ်တဲ့အထိ ထိုးကြိတ်နိုင်သေးတယ်”
ကျူးကောယုံမင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“ငါ့အမေကမရှိတော့ဘူး… ငါမှတ်မိသလောက်ဆိုရင် သူထွက်သွားတုန်းက ငါကသုံးနှစ်သားပဲ ရှိဦးမယ်… ဆယ်စုနှစ်တွေက တစ်ခဏချင်းမှာ ကုန်လွန်သွားခဲ့ပြီ… ဘယ်လိုပဲဖြစ်ဖြစ်ပါလေ သူက ငါ့ကို မှတ်မိမှာမဟုတ်တော့ဘူး”
ချီရွှမ်းစုက သူ့ခါးမှာရှိသော ဓားတိုလေးဆီ လက်လှမ်းရင်း ပြောလိုက်၏။
“မင်းက စိတ်ကြီးဝင်လွန်းနေတာ စိတ်မကောင်းစရာပဲ”
ကျူးကောယုံမင်က သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်ကာ ပြောလိုက်၏။
“မပူပါနဲ့ ငါက သေလူတစ်ယောက်ကို ရန်ငြိုးမထားတတ်ပါဘူး။”