အစ်မချီ
Vol. 2 Ch. 12
ချီရွှမ်းစုသည် စကားမဆိုတော့ဘဲ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်၏။ ပုံမှန်သတိအနေအထား ပြင်ထားသောပုံစံဖြင့် သူ၏ ဒူးနှစ်ဖက်ကို ကွေးညွှတ်ကာ ကိုယ်ကိုဝပ်ထားသည်။
ကျူးကောယုံမင်၏ အကြည့်သည် ယခုအချိန်ထိ မထုတ်ရသေးသော ချီရွှမ်းစု၏ ခါးမှာချိတ်ဆွဲထားသည့်ဓားတိုပေါ် ကျရောက်သွား၏။
“မင်းနောက်ဆုံးတော့ ဓားဆွဲထုတ်တော့မယ်ပေါ့လေ… ဟမ့် ငါနဲ့ တိုက်ခိုက်ရအောင် မင်းဆီမှာ ဘာလှည့်ကွက်ရှိဦးမလဲ ငါ…”
ကျူးကောယုံမင်သည် စကားကို ဆုံးအောင်မပြောရသေးခင် ချီရွှမ်းစုရှိရာသို့ ပြေးဝင်သွားပြီဖြစ်သည်။
“...သိချင်သေးတယ်”
ရွှမ်ကျန်းဂိုဏ်းမှ အဆင့်-၆ ဤတာအိုဆရာသည် ချီရွှမ်းစုကို သူ၏ လက်နက်ထုတ်ခွင့်မပေးလိုဘဲ အသေတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
ကျူးကောယုံမင်သည် သူ၏ ပြိုင်ဘက် လှုပ်ရှားမှုပြုလုပ်လာသည့်အထိ စောင့်ဆိုင်းရလောက်အောင် ဖော်ရွေတတ်သော တာအိုဆရာတစ်ဦးမဟုတ်ပေ။ ချီရွှမ်းစုမှာ နောက်ချန်အစီအစဉ်တစ်ခုရှိထားသည်ဖြစ်စေ၊ သူက ဟိတ်ဟန်ထုတ်နေခြင်းဖြစ်စေ.. ကျူးကောယုံမင်သည် သူ့ပြိုင်ဘက်ကို ဓားထုတ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
သူသည် မှုန်ယိုနေသောဆင်တစ်ကောင်ကဲ့သို့ ရှေ့ကို ပြေးတက်သွား၏။ သူက ချီရွှမ်းစု၏ ရှေ့ သုံးပေအကွာအဝေးသို့ ရောက်ရှိလာသည့်အချိန်မှာ ရုတ်တရက် ခြေကိုခွဲပြီး မြေပြင်မှာ ခြေကုပ်ရယူကာ ရှေ့ကိုတက်လှမ်းနေသော သူ၏ အလျင်အဟုန်ကို ရပ်တန့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်က လေးကိုင်းကဲ့သို့ ကွေးညွှတ်သွားပြီး ဆုပ်ထားသောသူ့လက်သီးကို လေးကြိုးဆွဲသလို နောက်သို့လွှဲလိုက်၏။ သူ၏ ထိုးချက်သည် ကြောက်ခမန်းလိလိအလျင်အဟုန်နှင့် အားအင်နှင့်အတူ မြားတစ်စင်းလို ပစ်လွင့်ထွက်ပေါ်လာ၏။ သူပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းက အကြားအလပ်မရှိချောမွေ့ပြေပြစ်နေပြီး လျှပ်တစ်ပြက်အတွင်း ဖြစ်ပွားသွားသည်ဟု ထင်ရသည်။
ဤအခိုက်အတန့်မှာ ချီရွှမ်းစုသည် သူ၏ ဓားကို ဆွဲထုတ်ဖို့ မရွေးချယ်ပေ။ ထိုအစား သူသည် မီးခိုးများလှည့်ပတ်သလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် သူ၏ ချီဒိုင်းကာကို ထုတ်ဖော်ပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံစေလိုက်၏။
ခရိုင်အုပ်ချုပ်ရေးရုံးက ယခင်တိုက်ပွဲမှာ ချီရွှမ်းစုသည် နောက်ဆုံးအခိုက်အတန့်မှာ ဓားပျံကို ပိတ်ဆို့တားဆီးနိုင်ခဲ့သည်။ ထိုသည်မှာ သူသည် ဓားပျံ၏ လမ်းကြောင်းကို မှန်းဆနိုင်ခြင်းကြောင့်သာမဟုတ်ဘဲ ဓားပျံ၏ အလျင်အဟုန်ကို လျော့ကျစေသည့် သူ၏ ကာကွယ်ရေးချီဒိုင်းကာကြောင့်လည်းဖြစ်သည်။ သို့သော်လည်း ထိုစဉ်တုန်းက လီစန်ရှင်းသည် စိတ်အာရုံပျံ့လွင့်နေခဲ့ပြီး သည်းထန်သောမိုးရေထဲမှာ ချီရွှမ်းစု၏ ချီဒိုင်းကာကို သတိမထားမိခဲ့ပေ။
ကျူးကောယုံမင်၏ ထိုးချက်သည် ချီရွှမ်းစု၏ ဘေးပတ်လည်မှာရှိသော ချီတိမ်စိုင်ပေါ် ဆင်းသက်ပြီး သူ၏ အလျင်အဟုန်က ခဏမျှလျော့ကျသွားသည်။
ထိုသည်မှာ ချီဒိုင်းကာ၏ အသုံးဝင်မှုဖြစ်သည်။ ကျူးကောယုံမင်သည် လီစန်ရှင်းကဲ့သို့ ချီသန့်စင်သူတစ်ဦးမဟုတ်ပေ။ ၎င်းက ဘယ်လောက်ပင် လျှို့ဝှက်နက်နဲသည်ဖြစ်စေ ချီဒိုင်းကာသည် ဤကဲ့သို့သော ပကတိခွန်အားကို တောင့်မခံနိုင်ပေ။
ခဏမျှခုခံပြီးနောက် ချီဒိုင်းကာက လုံးလုံးလျားလျား ပျက်ပြယ်သွားသည်။ ကျူးကောယုံမင်သည် ချီရွှမ်းစု၏ ဦးခေါင်းရှိရာသို့ ဆက်လက်၍ ပစ်ထိုးလိုက်၏။ သူ့ပြိုင်ဘက်၏ ဦးခေါင်းခွံကို မခွဲနိုင်မချင်း သူက လက်လျှော့မည့်ပုံမရှိပေ။
ချီရွှမ်းစုသည် သူ၏ ဦးခေါင်းခွံ ထိုးခွဲခံရနိုင်သည့်အခြေအနေမှာ ကြောက်လန့်မသွားပေ။ သူက ပေါင်းကူးတံ့တားလို ကျောကိုကုန်းပြီး ထိုးချက်ကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် မြေကြီးကိုတွန်းပြီး နောက်ပြန်လျှောထိုးထွက်သွား၏။
ကျူးကောယုံမင်သည် သူ၏ ထိုးချက်လွဲချော်သွားပြီးနောက် ပြင်းထန်သောကန်ချက်ကို ထုတ်ဖော်လိုက်သော်လည်း ချီရွှမ်းစုက ပွတ်ကာသီကာလွတ်မြောက်သွားပြန်သည်။ သူ၏ ခြေဖဝါးက မြေပြင်ကိုအားဖြင့် ထိခတ်သွားသောအခါ တောအုပ်ထဲရှိသစ်ပင်များက ယိမ်းထိုးလှုပ်ခါပြီး သစ်ရွက်များစွာက ကြွေကျလာသည်။
ဤအခိုက်အတန့်မှာ ကျူးကောယုံမင်သည် သူ့ပြိုင်ဘက်နောက်သို့ လိုက်နေခြင်းကို ရုတ်တရက်ရပ်တန့်ပြီး နောက်ပြန်ဆုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်သည့်အချိန်မှာ သူ့လည်ပင်းကနေ သွေးစတချို့စီးကျလာသည်ကို သိရှိလိုက်သည်။ သူသည် အန္တရာယ်ကို ကြိုတင်အာရုံမခံမိခဲ့လျှင် သို့မဟုတ် အချိန်မီနောက်မဆုတ်ခဲ့မိလျှင် သူ့လည်ပင်းသည် အသင့်ကြိုစောင့်ဆိုင်းနေသာ ဓားပျံဖြင့် ဟက်တက်ကွဲလှီးဖြတ်ခြင်း ခံရပေလိမ့်မည်။
တိုက်ပွဲကနေ လျှောထိုးထွက်သွားသော ချီရွှမ်းစုက ဖြည်းဖြည်းချင်းမတ်တတ်ပြန်ရပ်ပြီး မြွေစိမ်းဓားပျံကို ပြန်ခေါ်လိုက်၏။ သူသည် ဓားပျံထိန်းချုပ်နည်းစနစ်နှင့် ကောင်းကောင်းအကျွမ်းမဝင်သေးသည့်အတွက် နောင်တရမိနေ၏။
သူသည် စောစောက မြေပြင်ပေါ်မှာ လဲကျခဲ့စဉ်က အခွင့်အလမ်းကိုအသုံးချပြီး သူ၏ အင်္ကျီလက်စကြားထဲက မြွေစိမ်းဓားကို ရွှံ့ဗွက်ထဲမှာ နှစ်မြှုပ်ထားခဲ့သည်။ ဓားပျံကို အသက်သွင်းဖို့အတွက် ကျူးကောယုံမင် ရှေ့သို့ပြေးဝင်အလာကို သူက စောင့်ဆိုင်းနေခဲ့သည်။ သူ့ထံသို့ ပြေးဝင်လာသော ကျူးကောယုံမင်၏ အလျင်အဟုန်ကို အသုံးချပြီး ချီရွှမ်းစုသည် ဓားပျံကို သူ၏ လည်ပင်းဆီသို့ ထောင့်ဖြတ်ချိန်ရွယ်ခဲ့သည်။
သူ့အတွက်ကံဆိုးစွာနှင့် ကျူးကောယုံမင်သည် အတွေ့အကြုံနုနယ်သော တိုက်ခိုက်ရေးသမားတစ်ဦး မဟုတ်ပေ။ သူ၏ သမ္ဘာရင့် တိုက်ပွဲအတွေ့အကြုံနှင့်အတူ သေရေးရှင်ရေးအခိုက်အတန့်မှာ သူက အန္တရာယ်ကို သတိထားမိသွားခဲ့သည်။ ဓားက ထွက်ပေါ်လာသည့်အချိန်မှာပင် သူက စတင်၍ နောက်ဆုတ်သွားခဲ့၏။ ထိုသို့ဖြင့် တိုက်ခိုက်မှု၏ ရလဒ်သည် ခြိမ်းခြောက်နိုင်ရုံမျှသာရှိခဲ့သည်။ သွေးထွက်သံယိုနှင့် အသားကျနေသော ကိုယ်ခံပညာလေ့ကျင့်သူတစ်ဦးအတွက် ထိုဒဏ်ရာသည် အပေါ်ယံမျှသာဖြစ်ပြီး ဖြုံလောက်စရာ မဟုတ်ပေ။
ကျူးကောယုံမင်သည် သူ့လည်ပင်းက ဒဏ်ရာကို လက်ဖြင့်စမ်းပြီး သူ၏ အမူအရာက သုန်မှုန်သွားလေသည်။ သူက အမျက်ဒေါသကို ဖိနှိမ်ပြီး ပြောလိုက်၏။
“မင်းက ဉာဏ်နီဉာက်နက်တော့များသားပဲ”
ချီရွှမ်းစုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ဆုတ်လိုက်၏။
ကျူးကောယုံမင်၏ မျက်နှာက ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ရင်ထဲမှာ အမျက်ဒေါသက တလိပ်လိပ်လှိုက်တက်လာ၏။ သူသည် သူ၏ ချီနှင့်သွေးတချို့ကို လောင်ကျွမ်းစေပြီး သူ၏ အရှိန်အဟုန်ကို အတင်းအကြမ်းမြှင့်တင်လိုက်သည်။ ထိုသို့ဖြင့် သူသည် လေဟာနယ်ကိုခုန်ကူးလိုက်သလို ချီရွှမ်းစု၏ ရှေ့ကို ချက်ချင်းပင် ရောက်ရှိလာသည်။
ကျူးကောယုံမင်သည် သူ၏ ညာခြေဖြင့် ရှေ့ကိုတက်လှမ်းပြီး သူ၏ ဘယ်ခြေက ကပ်လျက်လိုက်ပါလာသည်။ သို့သော်လည်း သူ၏ နောက်ခြေက ရှေ့ခြေကို ကျော်တက်မသွားပေ။ နောက်ခြေက ရှေ့ခြေကို ကျော်တက်သွားသော ပုံမှန်လျှောက်လှမ်းခြင်းမျိုးနှင့်မတူဘဲ ၎င်းသည် တစ်ဝက်လှမ်းခြေကွက်ဖြစ်သည်။
ထို့နောက် သူသည် လက်သီးကို အောက်သို့နှိမ့်ပြီး စွမ်းအားကြီးမားသော မြေခွဲလက်သီးကနေ ဆင်းသက်လာသည့် ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း ဤသည်မှာ ခြေတစ်ဝက်လှမ်းမြေခွဲလက်သီးဟု ခေါ်ဆိုသည့် မူကွဲသိုင်းကွက်တစ်ခုဖြစ်သည်။
ပုံမှန်အားဖြင့် သူ၏ ပြိုင်ဘက်ကို ရှေ့လက်ဖြင့်ဖမ်းဆွဲပြီး နောက်လက်ဖြင့် မြေခွဲလက်သီးကို ထိုးသွင်းရမည်ဖြစ်သည်။ သို့သော်လည်း ကျူးကောယုံမင်၏ သာလွန်သောကျင့်ကြံမှု၊ အချိန်သားကိုက်လှုပ်ရှားမှုနှင့် မြန်ဆန်သောခြေနင်းကွက်ကြောင့် ချီရွှမ်းစုသည် ခြေတစ်ဝက်လှမ်းမြေခွဲလက်သီးကို လုံးဝမရှောင်တိမ်းနိုင်ခဲ့ပေ။ လက်သီး၏ အင်အားက သူ၏ ရင်ဘတ်ကို ထိုးဖောက်ကာ ကိုယ်ထဲသို့ဝင်ရောက်လာပြီး သူ့ကို လေထဲမှာလွင့်ထွက်သွားစေ၏။
သူ့ခန္ဓာကိုယ်ပတ်လည်မှာ ချီရွှမ်းစု စုစည်းထားသည့် ချီဒိုင်းကာက အထိုးခံရပြီးနောက် လုံးလုံးလျားလျား ပျက်ပြယ်သွားပြီဖြစ်သည်။
သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်သို့ ထိခတ်လာသောထိုးနှက်ချက်နှင့်အတူ ချီရွှမ်းစု၏ ကိုယ်ကာယက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူက ဒဏ်ရာရရှိသွားဆဲဖြစ်သည်။
သူ၏ ချီနှင့်သွေးက ကပြောင်းကပြန်စီးဆင်းသွားသည်ဟု ခံစားလိုက်ရသည်။
ခွန်လွင်အဆင့် သာမန်လေလွင့်ကျင့်ကြံတစ်ဦးသည် ယွီရှုအဆင့်မှာရှိသော ကိုယ်ခံပညာလေ့ကျင့်သူတစ်ဦးထံမှ ဤကဲ့သို့သောထိုးချက်မှာ သေအံ့ဆဲဆဲအခြေအနေသို့ ကျရောက်သွားပေလိမ့်မည်။ သို့သော်လည်း ချီရွှမ်းစုကတော့ ကွဲပြားခြားနားသည်။ ချင်းဖျင်အသင်းတော်သည် သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးခဲ့ပြီး သူသည် ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံရလိမ့်မည် မဟုတ်ပေ။ မြေပြင်ပေါ်သို့ ဆင်းသက်သွားပြီးနောက် သူက ဒယီးဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားပြီး နောက်ဆုံးမှာ ကြီးမားသော သစ်ပင်တစ်ပင်နှင့် ပစ်တိုက်မိသွား၏။ အချင်းဝက်သုံးပေခန့်ရှိသော ပင်စည်က ပြင်းထန်စွာလှုပ်ခါပြီး သစ်ရွက်များစွာက ကြွေကျလာသည်။
ခြေတစ်ဝက်လှမ်းမြေခွဲလက်သီးကို ထုတ်ဖော်ပြီးနောက် ကျူးကောယုံမင်က သူ၏ ဒါန်ထျန်ထဲမှာ စွမ်းအင်စုဆောင်းခြင်းကို ရပ်တန့်ပြီး လေးလံထိုင်းမှိုင်းသော သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်၏။ နီရဲနေသော သူ့မျက်နှာကလည်း တဖြည်းဖြည်း အရောင်ဖျော့သွားသည်။
ကိုယ်ခံပညာလေ့ကျင့်သူများသည် သူတို့၏ ချီနှင့် သွေးကနေလာသောခွန်အားဖြင့် သူတို့၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အားဖြည့်ကြသည်။ ထိုသို့ဖြင့် ချီနှင့်သွေးများစွာကို ဆုံးရှုံးခြင်းသည် သူတို့၏ ကျင့်ကြံမှုကျဆင်းသွားခြင်းနှင့် တူညီသည်။
ချီရွှမ်းစုသည် သူ့ကို ဤမျှအထိ အမျက်ဒေါသထွက်အောင် ရန်မစခဲ့လျှင် ကျူးကောယုံမင်သည် သူ၏ ချီနှင့်သွေးတချို့ကို စွန့်လွှတ်စတေးရမည့် ဤထိုးချက်ကို ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။ ချီရွှမ်းစုက ပြန်လည်တိုက်ခိုက်နိုင်စွမ်းကင်းမဲ့သွားပြီကို တွေ့မြင်ရသောကြောင့် သူ၏ ချီနှင့်သွေးကို စွန့်လွှတ်၍ လောင်ကျွမ်းစေစရာ မလိုတော့ပေ။
သူ၏ ချီနှင့်သွေးကို ထိန်းညှိပြီးနောက် ကျူးကောယုံမင်က ချီရွှမ်းစုကို ကြည့်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“မင်း ဘယ်လိုကောင်လဲဟ”
ချီရွှမ်းစုက နှုတ်ဆိတ်နေ၏။ သူ၏ တစ်မူထူးခြားသောကိုယ်ကာယက ကျူးကောယုံမင်၏ စိတ်အာရုံကို ဖမ်းစားမိသွားမည်ကို သူသိထားသည်။ မည်သို့ပင်ဆိုစေ ခွန်လွင်အဆင့်မှာ ကိုယ်ခံပညာလေ့ကျင့်သူများထဲ အသန်မာဆုံးသူများပင် ကျူးကောယုံမင်၏ ဆက်တိုက်ထိုးချက်များမှာ နှစ်ခါပြန် သေသွားရပေလိမ့်မည်။ သူ့လိုမျိုး ခွန်လွင်အဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးက ခြေတစ်ဝက်လှမ်းမြေခွဲလက်သီးဖြင့် ထိုးနှက်ခံရပြီးနောက် မတ်တတ်ရပ်နေနိုင်ဆဲဖြစ်သည်ကို ရှင်းပြစရာမရှိပေ။
ချီရွှမ်းစုနှုတ်ဆိတ်နေသည်ကို ကြည့်ပြီးး ကျူးကောယုံမင်က စကားဆက်နှိုက်လိုစိတ် မရှိတော့ပေ။ သူသည် ချီရွှမ်းစုကို သတ်ဖြတ်၍ ရွှမ်ကျောက်စိမ်းကိုရယူကာ သူ၏ တာဝန်ကို ပြီးမြောက်စေဖို့ ပြင်လိုက်သည်။
ကျူးကောယုံမင်သည် နောက်တစ်ဖန်တိုက်ခိုက်တော့မည့်ဆဲဆဲမှာ သူက မလှုပ်ရှားနိုင်တော့သည်ကို သိရှိသွားသည်။ သူက အောက်ကို ဖြည်းဖြည်းချင်းငုံ့ကြည့်ပြီး သူ၏ ရင်ဘတ်ကို ထိုးဖောက်ထားသည့် အမျိုးသမီးတစ်ဦး၏ လက်ကို တွေ့မြင်လိုက်ရသည်။
မထင်မှတ်ထားသော ဤလက်ဓါးသည် ရုတ်တရက်ဝင်ရောက်လာပြီး ကျူးကောယုံမင်မှာ တုံ့ပြန်ချိန် မရခဲ့ပေ။
ဤလက်ဓါးသည် ကျူးကောယုံမင်၏ နှလုံးကို ထိုးဖောက်သွားရုံသာမက သူ၏ အလယ်ဒါန်ထျန်ကိုပါ ခြေမွှဖျက်ဆီးပစ်လိုက်သည်။
ထိုသို့ဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှာရှိသောချီက လျင်မြန်စွာပျက်ပြယ်သွားသည်။
ကျူးကောယုံမင် မသေဆုံးခင်မှာ သူသည် သူ၏ နောက်ဘက်မှလာသော အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရ၏။
“ငါနင့်ကို ထွက်ပေါက်တစ်ခုပေးထားခဲ့တယ်… ဒါပေမဲ့ နင်က သေလမ်းကို မရမကလျှောက်လှမ်းချင်နေတုန်းပဲ… ဒီလိုဆိုမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ နင်က ကောင်းကင်ဘုံဆီ တက်လှမ်းရာလမ်းကို ရှောင်ဖယ်ပြီး ငရဲကို မရမကဆင်းချင်နေမှတော့ ငါက နင့်ဆန္ဒကို ဖြည့်ပေးရတာပေါ့”
သစ်ပင်ကိုမှီထားသောချီရွှမ်းစုသည် ကျူးကောယုံမင်၏ နောက်ဘက်မှာ မတ်တတ်ရပ်နေသည့် ကြော့ရှင်းတင့်တယ်သောပုံရိပ်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။
ချောင်းမြောင်းတိုက်ခိုက်သူသည် အသက်သုံးဆယ်ကျော်အရွယ်မှာရှိမည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမမှာ မျက်နှာဝိုင်းဝိုင်း၊ ကျောက်စိမ်းလို ချောမွေ့နေသော အသားအရေနှင့် ကြော့ရှင်းတင့်တယ်သော ရုပ်ရည်သွင်ပြင်ရှိသည်။
အမျိုးသမီးသည် အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ရှေးဟောင်းကြေးဒင်္ဂါးများနှင့်ဆင်တူသည့် အကွက်အပြောက်များထိုးထားသော ဇာဝတ်ရုံကို ခြုံထားသည်။ သူမ၏ ပုံစံက တစ်နည်းတစ်ဖုံအားဖြင့် အရိုင်းဆန်နေ၏။ သူမ၏ ခါးမှာတော့ ဟောင်းနွမ်းနေသော သားရည်အိတ်ငယ်တစ်လုံးအပြင် ရွှေရောင်မှိုင်းမှိုင်းဆေးတံအိုး၊ ယင်းတိုက်သားရောင်ဆေးတံအရိုးနှင့် မြစိမ်းရောင်နှုတ်သီးပါသည့် ဆေးတံရှည်တစ်ချောင်းကို ချိတ်ဆွဲထားသည်။
သူမသည် မျက်နှာတစ်ခြမ်းကို ဖုံးအုပ်ထားသည့် နေကာမျက်မှန်ကိုလည်း တပ်ထားသည်။
ထိုခေတ်ထိုအချိန်မှာ နေကာမျက်မှန်များက အထူးတဆန်းမဟုတ်တော့ပေ။ သို့သော်လည်း သူမတပ်ထားသောမျက်မှန်က ပုံမှန်မျက်မှန်များနှင့် ကွဲပြားခြားနားနေသည်။
အိုက်တိုင်ဟုခေါ်ဆိုသော ပုံမှန်မျက်မှန်များသည် ဝေမင်းဆက်လက်ထက်တုန်းက ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ဝင်ရောက်လာခဲ့သည်။ ၎င်းကို ဖန်သားဖြင့် ပြုလုပ်ထားပြီး အမြင်အာရုံချို့တဲ့သူများကို ပိုမိုရှင်းလင်းစွာမြင်တွေ့နိုင်စေရန် အထောက်အကူဖြစ်စေသည်။ သူတို့သည် လွန်ခဲ့သည့်နှစ်နှစ်ရာလောက်ကတည်းက တွင်ကျယ်လာခဲ့သည်။
သို့သော်လည်း ‘ဆိတ်ငြိမ်ရာသို့ပြန်သွားခြင်း’ စာအုပ်မှ မှတ်တမ်းများအရ နေကာမျက်မှန်များသည် လွန်ခဲ့သည့် နှစ်ငါးရာခန့် ကျင်းမင်းဆက်မှာကတည်းက ရှိနေခဲ့ပြီးသားဖြစ်သည်။
ထိုမျက်မှန်များကို ပင်လယ်ရပ်ခြားကနေ တင်သွင်းခြင်းမဟုတ်ဘဲ ဖန်သားဖြင့်လည်း ပြုလုပ်မထားပေ။ မီးခိုးရောင်သလင်းကျောက်များကို အရောင်တင်ခြင်းဖြင့် ထိုပစ္စည်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ များသောအားဖြင့် ဖီးနစ်စိမ်းတပ်ဖွဲ့မှ အရာရှိများတပ်ဆင်လေ့ရှိပြီး ၎င်းသည် အမြင်အာရုံကို ပိုမိုကြည်လင်စေဖို့ သို့မဟုတ် နေရောင်ကို ကာကွယ်ဖို့အတွက် မဟုတ်ပေ။ လူတစ်ယောက်၏ အကြည့်ကို ဖုံးကွယ်ပေးဖို့အတွက်သာဖြစ်သည်။ အရာရှိများသည် စစ်ကြောမေးမြန်းမှုအတွင်း သူတို့၏ မျက်နှာအမူအယာ တုံပြန်မှုများကို မထောက်လှမ်းနိုင်အောင် တားဆီးနိုင်မည်ဖြစ်သည်။
ကျူးကောယုံမင်၏ နောက်မှာ ရပ်နေသောအမျိုးသမီးသည် သူမ၏ နှုတ်ခမ်းဖျားပေါ်ရှိ လှောင်ပြုံးနှင့်အတူ ချီရွှမ်းစုဘက်ကို မျက်နှာလှည့်ထား၏။
သူမ၏ မျက်လုံးများကို နေကာမျက်မှန်အောက်မှာ ဖုံးကွယ်ထားသော်လည်း ချီရွှမ်းစုသည် ထိုမျက်လုံးထဲရှိ လှောင်ပြောင်သရော်မှုကို မြင်ယောင်နေပြီဖြစ်သည်။
သူမသည် အသက်မဲ့နေပြီဖြစ်သော ကျူးကောယုံမင်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်၏။ သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ဝမ်းလျားမှောက်ကျသွားပြီး ရွှံ့ဗွက်များက ဖိတ်စင်ပြန့်ကျဲသွားသည်။
အမျိုးသမီးသည် သူမ၏ လက်မှာ ပေနေသောသွေးများကို ခါထုတ်လိုက်၏။ သူမ၏ လက်မှာ သွေးတစ်စက်ပင်မကျန်တော့ဘဲ သူမ၏ လက်ဖဝါးက ကြာပန်းကဲ့သို့ သန့်ရှင်းသွားပုံရသည်။
သူမသည် ချီရွှမ်းစုကို တစ်ဖန်ကြည့်ပြီး လက်ညှိုးထိုးကာ ပြောလိုက်၏။
“ထျန်းယွမ်… နင်ငါ့ကို ထိုက်ဖျင်ဒင်္ဂါးတစ်ရာ အကြွေးတင်သွားပြီ”
လီစန်ရှင်းမှာ နောက်ခံပေးထားသည့် အဆင့်-၄ တာအိုဆရာ ကျန်းပျဲယွင်ရှိသည်။ ကျန်းပျဲယွင် တွေးထင်ခဲ့သလိုပင် ချီရွှမ်းစုမှာလည်း အကူအညီပေးမည့်သူရှိနေသည်။
ဤအမျိုးသမီးသည် ချင်းဖျင်အသင်းတော်မှ ချီရွှမ်းစု၏ အဆက်အသွယ်ဖြစ်ပြီး သူမ၏ နာမည်ဝှက်က သခင်မချီဖြစ်သည်။
သူတို့မှာ ရင်းနှီးသောဆက်ဆံရေးရှိပြီး ချီရွှမ်းစုသည် သူမကို အစ်မချီဟုခေါ်ဆိုကာ သူမက သူ့ကို ထျန်းယွမ်ဟု ပြန်လည်ခေါ်ဆိုသည်။
(ထျန်းယွမ်သည် ရင်းနှီးသူများသာ ခေါ်ဆိုသည့် ငယ်နာမည်ဖြစ်သည်။ နာမည်အရင်း မဟုတ်ပါ။)
ချီရွှမ်းစု၏ ဆရာ သေဆုံးသွားပြီးနောက် အစ်မချီသည် ချီရွှမ်းစုယုံကြည်အရဆုံးသူ ဖြစ်လာခဲ့၏။ ချီရွှမ်းစုသည် အမဲလိုက်ခြင်းခံရသည့်အခါ အစ်မချီက သူ့ကိုကယ်တင်ပေးပြီး ချင်းဖျင်အသင်းတော်သို့ သူ့ကို ခေါ်ဆောင်သွားတတ်သည်။
နောက်ပိုင်းမှာ ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်သို့ ဝင်ရောက်ပြီး အစ်မချီ၏ တစ်ဦးတည်းသော လက်အောက်ငယ်သားဖြစ်လာခဲ့သည်။
သူတို့နှစ်ယောက်ကြား ဆက်ဆံရေးသည် သာလွန်မြင့်မြတ်သူနှင့် လက်အောက်ငယ်သားဆိုသည်ထက် လုပ်ဖော်ကိုင်ဖက် အပေါင်းအဖော်များနှင့် ပိုတူနေသည်။
လုပ်ဖော်ကိုင်ဖက်များအဖြစ် ရှိနေစဉ်အတွင်း အစ်မချီသည် ယုံကြည်အားကိုးရသော အစ်မကြီးတစ်ယောက်လို ချီရွှမ်းစုကို ကူညီစောင့်ရှောက်ပေးခဲ့သည်။ အနည်းဆုံးတော့ ချီရွှမ်းစု၏ မျက်လုံးထဲမှာ အစ်မချီသည် ငွေမက်ခြင်း၊ ကပ်စေးနှဲခြင်းနှင့် လက်ပေါက်ကပ်ခြင်းကလွဲလျှင် အပြစ်ဆိုစရာမရှိပေ။
သေဘေးကနေ ပွတ်ကာသီကာလွတ်မြောက်လာသော ချီရွှမ်းစုက စိတ်သက်သာစွာ သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ သူက စကားပြောတော့မည့်ဆဲဆဲမှာပင် သူ၏ ရင်ထဲမှာ ချီနှင့်သွေးတို့က လှိုက်တက်လာသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။ ထို့နောက် သူ၏ အမြင်အာရုံက မှောင်ကျပြီး သတိလစ်သွားလေတော့သည်။