← Chapters

အိပ်မက်

Vol. 2 Ch. 13

အိပ်မက်

Vol. 2 Ch. 13

ချီရွှမ်းစုသည် ရှည်လျားသော အိပ်မက်တစ်ခုထဲမှာ ရောက်ရှိနေသည်။

အိပ်မက်ထဲမှာ ချီရွှမ်းစုသည် မင်ရည်များပက်ဖျန်းထားသော ပန်းချီကားတစ်ချပ်ထဲကလို သူသည် တောင်ခြေရင်းမှာ မတ်တတ်ရပ်ပြီး ကြမ်းတမ်းသောလမ်းတစ်လမ်းကို မျက်နှာမူထားသည်။ လမ်း၏ တစ်ဘက်တစ်ချက်စီမှာ ရောင်စုံပန်းများပွင့်နေပြီး ချုံပုတ်များနှင့် ရောင်စုံဖဲကြိုးများ ချိတ်ဆွဲထားသည့် သစ်ပင်များရှိနေ၏။ ၎င်းသည် ပွဲတော်တစ်ခုကျင်းပနေသည်နှင့်တူသော်လည်း ကောင်းကင်ကတော့ ညိုမှောင်၍ အုံ့မှိုင်းနေဆဲဖြစ်သည်။

လမ်းက ကြည့်ရသည်မှာ အဆုံးမရှိဘဲ ကွေ့ပတ်၍ အမှောင်ထဲမှာ တိုးဝင်ပျောက်ကွယ်သွားသည်။

ချီရွှမ်းစုသည် ငေးငိုင်စွာဖြင့် လမ်းပေါ်ကိုခြေချပြီး တောင်ထွတ်ဆီသို့ တက်လှမ်းလိုက်၏။ သူ၏ နားထဲကို လေသံတဟူးဟူးက ဝင်ရောက်လာပြီး တီးတိုးရေရွတ်နေသလို သို့မဟုတ် သီချင်းညည်းနေသလို အမျိုးသမီးတစ်ဦး၏ အသံကလည်း ရောထွေးကာ ပါဝင်နေ၏။ သစ်ပင်များမှာ ချိတ်ဆွဲထားသည့် ဖဲကြိုးများက လေနှင့်အတူယိမ်းနွဲ့ပြီး လက်များကိုဝေ့ယမ်းပြနေသည်နှင့် တူနေသည်။

လမ်းသည် ထူးဆန်းသော မွှေးရနံ့တစ်မျိုးဖြာထွက်နေသည့် ပွင့်ဖတ်ပွင့်ချပ်များဖြင့် ပြည့်နှက်နေသည်။

မသိလိုက်မသိဘာသာအချိန်တစ်ခုကြာအောင် လမ်းလျှောက်ပြီးနောက် အမျိုးသမီး၏ အသံက ချီရွှမ်းစု၏ နားထဲမှာ ပို၍ပင်ရှင်းလင်းပြတ်သားလာသည်။

ထိုအသံသည် သူ့ဘယ်တုန်းကမှ မကြားဖူးခဲ့သည့် ဘာသာစကားဖြစ်ပြီး နာလည်ဖို့ခက်ခဲနေသည်။ အသံက ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်နေသည်။ အရာရာတိုင်းသည် ဖော်မပြတတ်စွာထူးခြားဆန်းကြယ်နေသည်ဟု ခံစားမိသည်။

ရုတ်တရက် ချီရွှမ်းစုသည် နောက်ပြန်လှည့်လာရန် တိုက်တွန်းနေသော သူ့ဆရာ၏ အော်သံကိုကြားလိုက်ရပြီး ကြောက်ရွံ့ထိတ်လန့်သွား၏။ သို့သော်လည်း သူက နောက်ကိုပြန်မလှည့်နိုင်တော့ပေ။ သူ၏ လည်ပင်းက အေးစက်တောင့်တင်း၍ သူ၏ ခန္ဓာကိုယ်သည် သူ၏ ထိန်းချုပ်မှုကနေ လုံးလုံးလျားလျား လွတ်ထွက်သွားပုံရသည်။ သူသည် အစ်မချီ၏ တီးတိုးပြောဆိုသံကိုလည်း ကြားနေရသည်။

ချီရွှမ်းစုသည် အစ်မချီဘာပြောနေသလဲ နားထောင်ဖို့ ခက်ခက်ခဲခဲကြိုးစားကြည့်သော်လည်း သူမပြောနေသည့်အရာကို သူ သဲသဲကွဲကွဲမကြားရပေ။ ဖြစ်ပျက်နေသည့်အရာကို သူနားမလည်တော့ပေ။

ရုတ်တရက် အမျိုးသမီးတစ်ဦးက သူရှိရာသို့ လျှောက်လှမ်းလာနေသည်ကို တွေ့မြင်လိုက်ရ၏။ သူမ၏ မျက်နှာတစ်ဝက်ကို ရှည်လျားသောဆံပင်ဖြင့် ဖုံးအုပ်ထားသော်လည်း ထုတ်ဖော်ထားသည့် သူမ၏ မျက်နှာတစ်ဝက်ကပင် မှင်တက်စရာကောင်းလွန်းနေသည်။

အမျိုးသမီးက လမ်းပြတစ်ဦးဖြစ်သည်။ သူမသည် သူ့အနားမှာရပ်ပြီး သူမနှင့်အတူ လမ်းအတိုင်းလိုက်လာဖို့ အမူအရာပြနေ၏။

ချီရွှမ်းစုသည် အမျိုးသမီး၏ နောက်သို့ အလိုလိုလိုက်ပါပြီး တောင်ထွတ်ဆီသို့ လမ်းကြောင်းရှည်အတိုင်း လျှောက်လှမ်းသွားမိသည်။

တောင်ထိပ်မှာ ကျယ်ပြန့်သော ကွင်းပြင်တစ်ခု၏ အလယ်တွင် ကြီးမားသောမီးပုံတစ်ခုရှိနေပြီး ၎င်း၏ နောက်ဘက်မှာ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု၏ ရှည်လားသော အရိပ်တစ်ခုက ထင်ဟပ်နေသည်။

ချီရွှမ်းစုသည် ရှည်လျားသောပုံရိပ်၏ နောက်ဘက် အမှောင်ထုထဲမှာ တီးတိုးရေရွတ်ပြောဆိုနေသော အရိပ်များစွာကို တွေ့မြင်နေရသည်။

သူသည် မြင့်မားသောပုံရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရဖို့ သူ၏ မျက်လုံးကို ကြိုးစားကာဖွင့်ကြည့်လိုက်၏။

သို့သော်လည်း မြင့်မားသောပုံရိပ်ကို မထိုးဖောက်နိင်သောအရိပ်တစ်ခုက လွှမ်းခြုံထားသည်။ ချီရွှမ်းစုက ဘယ်လိုပင် ကြိုးစားကြည့်သည်ဖြစ်စေ သူသည် ဝေဝေဝါးဝါးကောက်ကြောင်းတစ်ခုကိုသာ တွေ့မြင်နိုင်သည်။

ချီရွှမ်းစုသည် လမ်းပြအမျိုးသမီးကို တစ်ဖန်လှည့်ကြည့်လိုက်စဉ်မှာ သူမက ပျောက်ကွယ်သွားပြီကို သိရှိလိုက်ရ၏။

ထိုအခိုက်အတန့်မှာ ချီရွှမ်းစုသည် ခပ်တိုးတိုး သံပြိုင်ရွတ်ဆိုသံတစ်ခုကို ကြားလိုက်ရသည်။

မီးက ပိုမိုတောက်ပလာပြီး ဘေးပတ်ဝန်းကျင်က ပို၍မှောင်ကျသွားပုံရသည်။

ရှည်လျားဝေးကွာသောအချိန်မြစ်ကိုဖြတ်ကျော်ပြီး လက်ရှိကမ္ဘာကို ရောက်ရှိလာသည့်အလား တီးတိုးရေရွတ်သံများက တဖြည်းဖြည်းကျယ်လောင်လာသည်။

ချီရွှမ်းစုသည် မြင့်မားသောပုံရိပ်အနားကို ချဉ်းကပ်လိုပြီး ရှေ့သို့ခြေလှမ်းအနည်းငယ် ယူလိုက်၏။

မြင့်မားသောပုံရိပ်၏ မျက်လုံးများက သွေးရောင်အလင်းဖြင့် တောက်ပနေ၏။

ထိုပုံရိပ်မှာ ရှည်လျားသောဆံပင်ဖြူနှင့် ကြက်သွေးရောင်မျက်လုံးများရှိနေသည်ကို ချီရွှမ်းစုက ခပ်ရေးရေးတွေ့မြင်လိုက်ရ၏။ သူသည် ညကောင်းကင်ယံကဲ့သို့ ကြယ်များဖျန်းပက်ထားပုံရသော ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပုံရသည်။

ထိုစဉ်မှာပင် စောစောက တောက်လောင်နေသော မီးတောက်များက ရုတ်တရက်ငြိမ်းသေသွားပြီး အရာရာတိုင်းက အမှောင်ထုဖြင့် လွှမ်းခြုံခံလိုက်ရသည်။

ချီရွှမ်းစု၏ ခြေဖဝါးအောက်မြေပြင်က ကွဲအက်ပြီး ဂလိုင်တစ်ခုပေါ်ထွက်လာသည်။ ချီရွှမ်းစုသည် သွေးကန်တစ်ကန်ထဲသို့ အထိန်းအကွပ်မဲ့စွာကျဆင်းသွားပြီး သူတွေ့မြင်သမျှအရာရာတိုင်းက အနီရောင်ဖြစ်နေသည်။

ထို့နောက် ချီရွှမ်းစုက နိုးထလာ၏။

သူသည် ဤအိပ်မက်ကို ပထမဆုံးအကြိမ်မြင်မက်ခြင်းမဟုတ်သော်လည်း သူသည် တစ်ကြိမ်မြင်မက်သည့်အခါတိုင်း မြင့်မားသောပုံရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း ဘယ်တုန်းကမှ မတွေ့မြင်ခဲ့ရသည့်အတွက် စွမ်းအားမဲ့သလို ခံစားနေရသည်။

ဤအခိုက်အတန့်မှာ ချီရွှမ်းစုသည် တည်းခိုခန်းတစ်ခု၏ ဒုတိယထပ်အခန်းတစ်ခန်းထဲမှာ လှဲလျောင်းနေပြီး ခုတင်ဘေးမှာ အစ်မချီက ထိုင်နေ၏။ သူနိုးလာသည်ကိုကြည့်ပြီး သူမက မေးလိုက်၏။

“အိပ်မက်ဆိုးတွေ ထပ်မက်နေပြန်ပြီလား”

ချီရွှမ်းစုက အကျယ်တဝင့်မဆွေးနွေးလိုဘဲ “အင်း” ဟုသာ တုံ့ပြန်လိုက်၏။

အစ်မချီသည် ဤအကြောင်းကို ဆက်လက်၍ မမေးမြန်းပေ။ သူမသည် ဆေးတံရှည်ကို တစ်ချက်ပြင်းပြင်းရှိုက်ပြီး သူမ၏ မျက်နှာကို မီးခိုးများက ရစ်သိုင်းသွားသည်။

ချီရွှမ်းစုက မေးလိုက်၏။

“ဒါက ဘယ်နေရာလဲ”

အစ်မချီက ဖြေပေးလိုက်သည်။

“ဖုန်ထိုက်ခရိုင်”

ချီရွှမ်းစုက ဖြစ်ပျက်နေသည့်အရာကို ချက်ချင်းပင်နားလည်သွားပြီး မေးလိုက်၏။

“ဟမ်… ခင်ဗျားက လူမြင်ကွင်းမှာ ပုန်းကွယ်ဖို့ ကြိုးစားနေတာလား”

“ဆိုပါတော့”

အစ်မချီက မီးခိုးများကို အကွင်းလိုက်ထွက်လာအောင် မှုတ်ထုတ်ရင်း ပြောလိုက်၏။

“ဒီမှာ ငါလုပ်စရာရှိတဲ့ကိစ္စတစ်ခု ရှိနေသေးတယ်”

ချီရွှမ်းစုက ထပ်မေးလိုက်၏။

“အဲဒါ ဘာလဲ”

အစ်မချီက သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“တည်းခိုးခန်းမှာတုန်းက နင့်ရဲ့နာမည်အရင်းကို သုံးခဲ့လား မသုံးခဲ့ဘူးလား”

ချီရွှမ်းစုက ခဏမျှတုံ့ဆိုင်းပြီးနောက် သူမပြောနေသည်မှာ လက်ရှိတည်းခိုခန်းမဟုတ်ဘဲ မြေအောက်က တည်းခိုခန်းဖြစ်သည်ကို နားလည်သဘောပေါက်လိုက်သည်။

“ကျုပ် နာမည်အရင်းကို သုံးခဲ့မိတယ်”

အစ်မချီက သူမ၏ ဆေးတံအိုးကို ခေါက်ချရင်း ပြောလိုက်၏။

“ဒါဆို ဖီးနစ်စိမ်းတပ်ဖွဲ့… ဒါမှမဟုတ် ထျန်ကန်းခန်းမက ဘာမှရှာမတွေ့အောင် ဒီကိစ္စကိုရှင်းဖို့ ငါတည်းခိုခန်းကို သွားရလိမ့်မယ်”

ချီရွှမ်းစုက ဤကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ အစ်မချီ၏ အကြံအစည်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းခြင်းမရှိဘဲ သူမကို ကျေးဇူးတင်စကားသာပြောလိုက်၏။

“ပြဿနာရှာမိတဲ့အတွက် တောင်းပန်ပါတယ်”

အစ်မချီက ချီရွှမ်းစု၏ ခေါင်းကို သူမ၏ ဆေးတံဖြင့် လှမ်းခေါက်လိုက်၏။

“နင်က ချင်းဖျင်အသင်းတော်ကဆိုတာ တခြားသူတွေမရိပ်မိအောင် နင့်ရဲ့အစစ်အမှန်သရုပ်သကန်ကို မသုံးပါနဲ့လို့ ငါနင့်ကို ဘယ်နှခါပြောရမလဲ… နင်အရင်တုန်းက လုပ်ခဲ့တာကို မေ့သွားပြီလား… နင့်ရဲ့ရန်သူတွေက သေကောင်းသေသွားလိမ့်မယ်… ဒါပေမဲ့ သူတို့မှာ မိတ်ဆွေတွေ၊ ဆရာတွေနဲ့ မိသားစုတွေရှိနေတုန်းပဲ… တစ်နေ့ နင်နဲ့စာရင်းရှင်းဖို့ သူတို့ရောက်လာမှာကို နင်လိုချင်လို့လား”

ချီရွှမ်းစုက ဆင်ခြေပေးခြင်းမရှိဘဲ ခေါင်းကိုသာငုံ့ထားသည်။

သူ့ဆရာအသတ်ခံရစဉ်က ချီရွှမ်းစုက လက်စားချေလိုခဲ့ပြီး နောက်ပိုင်းပြဿနာများကို အစ်မချီက ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။ ထိုသို့ဖြင့် သူသည် အစ်မချီကို အလွန်တရာ ကျေးဇူးတင်ရှိခဲ့သည်။

အစ်မချီသည် သူမ၏ နေကာမျက်မှန်ကို နှာတံပေါ် ဆွဲချပြီး ချီရွှမ်းစုကို မျက်လုံးပင့်ကြည့်ကာ ပြောလိုက်၏။

“ငါ အဲဒါနဲ့ပတ်သက်ပြီး တွေးပြီးသွားပြီ… နင့်မှာ နာမည်ပွားတစ်ခုရှိဖို့လိုတယ်… နောက်ပိုင်းကျရင် ဒီလိုမျိုးအခြေအနေနဲ့ ကြုံတွေ့တဲ့အခါ ဝေဝူကွေ့ဆိုတဲ့ နာမည်ကိုသုံးရမယ်… ကြားလား”

ချီရွှမ်းစုက သဘောတူနာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

အစ်မချီက သူမ၏ နေကာမျက်မှန်ကို နှာရောင်ပေါ်ပြန်တွန်းတင်ပြီး သူမ၏ လှပသောမျက်လုံးများကို ပြန်ဖုံးကွယ်ကာ ဆက်လက်၍ပြောလိုက်သည်။

“နင် ဒီတစ်ခေါက် ဒဏ်ရာရလာတာ အတော်လေးပြင်းတယ်… အဲဒါကြောင့် ငါနင့်အတွက် ဆေးစာတစ်ခုရေးပေးထားတယ်… အဲဒါက နင့်ရဲ့အိတ်ထဲမှာရှိတယ်… တစ်နေ့တစ်ခါ နှစ်ပတ်ကြာအောင် အချိန်မှန်မှန်ဆေးသောက်ဖို့မမေ့နဲ့ဦး”

“အဲဒီနှစ်ပတ်အတွင်း တခြားသူတွေနဲ့ မတိုက်ခိုက်မိအောင်နေ… နင့်မှာအချိန်ရတယ်ဆိုရင် ကျိကျုံး၊ ယွီထျန်နဲ့ ကျုံးထင်အမှတ်တွေကို အထူးတလည်အာရုံစိုက်ပြီး နင့်ရဲ့ချီနဲ့ ကိုယ့်ဘာသာကုသကြည့်… ကုသနေတုန်း နာကျင်တယ်ဆိုရင် အတင်းအကျပ်မလုပ်နဲ့… တခြားတစ်ခုကို ပြောင်းပြီးလုပ်။”

အစ်မချီက ဗျစ်တောက်ဗျစ်တောက်ပြောဆိုတတ်သည်ကို ချီရွှမ်းစုသိရှိထားသော်လည်း သူ့ဆရာသေဆုံးသွားပြီးကတည်းက သူ့မှာ တခြားရင်းနှီးကျွမ်းဝင်သည့်သူ မရှိတော့ပေ။ ထို့ကြောင့် သူမ၏ နားပူနားဆာလုပ်ခြင်းမှာ သူက မကျေနပ်မှုကို မပြသဘဲ ခေါင်းသာညိတ်ပြပေးနေသည်။

အစ်မချီ စကားပြောလို့ပြီးသွားပြီးနောက် ချီရွှမ်းစုက စကားလမ်းကြောင်းပြောင်းကာ မေးလိုက်၏။

“အစ်မချီ… ခင်ဗျားဒီကို ရောက်လာတယ်ဆိုမှတော့ အဲဒီကိစ္စကို ခင်ဗျားဘာသာ ဘာလို့မလုပ်တာလဲ”

အစ်မချီက တည်ကြည်ခံ့ညားစွာဖြင့် ပြောလိုက်၏။

“နင်ပြောပုံအရဆို ချမ်းသာကြွယ်ဝတဲ့မိသားစုက သူတွေက သူတို့ရဲ့ ဝေယျာဝိစ္စတွေကို ကိုယ်တိုင်လုပ်နိုင်တာပဲ… ဒါဆို သူတို့က အစေခံတွေထားစရာမလိုတော့ဘူးလား… သူတို့ရဲ့ခြေလက်တွေက အကောင်းတိုင်းရှိနေမှတော့ အစေခံတွေကို ဘာလုပ်ဖို့ထားနေမှာလဲ… အလကားသက်သက် အစေခံတွေကို ဘာလို့လစာပေးနေမှာလဲ”

ချီရွှမ်းစုက ကူကယ်ရာမဲ့စွာဖြင့် ရယ်မိသည်။

ခဏမျှရပ်တန့်ပြီနောက် အစ်မချီက ဆက်ပြောလိုက်၏။

“ဒီတစ်ခေါက် ထိုက်ဖျင်ဂိုဏ်း၊ ရွှမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းက သူတို့ရဲ့ကိုယ်စားလှယ်တွေကို အသီးသီးစေလွှတ်ပေးခဲ့တယ်… အဲဒါကြောင့် ငါတစ်ယောက်တည်းနဲ့ ဒီတာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး… ဟို ရွှမ်ကျန်းတပည့်ဂိုဏ်းသားကို နမူနာကြည့်… နင်က သူ့ရဲ့စိတ်အာရုံကို ခွဲယူမထားရင် ငါသူ့ကို အဲလောက်ထိ အလွယ်တကူချောင်းမြောင်းတိုက်ခိုက်နိုင်ခဲ့မှာ မဟုတ်ဘူး”

ချီရွှမ်းစုသည် အစ်မချီ၏ တိုက်ရည်ခိုက်ရည်ကို တွေ့မြင်ထားခဲ့ဖူးသည်။ ဤသည်မှာ ဆင်ခြေတစ်ခုမျှသာဖြစ်သည်ကို သူက လက်ခံယုံကြည်ထားသော်လည်း ထုတ်ဖော်ပြောဆိုနေခြင်းမရှိဘဲ မေးလိုက်၏။

“ရွှမ်ကျောက်စိမ်းက ဘယ်မှာလဲ”

အစ်မချီက ပြောလိုက်၏။

“အဲဒါကို လောလောဆယ် နင်ပဲသိမ်းထား… မြို့ထဲက အချိန်းအချက်နေရာဆီ အဲဒါကို ယူသွားလိုက်… နောက်ပြီး နင်တည်းခိုနေထိုင်ဖို့အတွက် ရူယီဒင်္ဂါးငါးဆယ်ကို ငါစိုက်ပေးထားရတယ်… အဲဒါကို ပြန်ပေးဖို့မမေ့နဲ့၊ နောက်ပြီး နင့်အသက်ကို ငါကယ်ပေးထားတဲ့အတွက် နင် ငါ့ကို ထိုက်ဖျင်ဒင်္ဂါးတစ်ရာ အကြွေးတင်နေတယ်… ဒင်္ဂါးတစ်ပြားတောင် မလျော့စေနဲ့”

ထိုသို့ပြောရင်း အစ်မချီသည် မတ်တတ်ထရပ်၍ သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ အနက်ရောင်ခြုံထည်တစ်ထည်ကို ထုတ်ယူကာ သူမ၏ ကိုယ်ပေါ်မှာခြုံ၍ ထွက်ခွာသွားသည်။

ချီရွှမ်းစုသည် ခုတင်ခေါင်းရင်းက သူ၏ သားရေအိတ်ကိုလှမ်းဆွဲကာ သူ့အတွက် အစ်မချီ ချန်ပေးထားခဲ့သည့် ဆေးညွှန်းစာရွက်ကို ထုတ်ယူကြည့်လိုက်သည်။ သူမ၏ လှပသိမ်မွေ့သော လက်ရေးများကိုကြည့်မည်ဆိုလျှင် လက်ရေးပိုင်ရှင်သည် ငွေမက်သော သတ်ဖြတ်မယ်တစ်ဦးဆိုသည်ထက် မြင့်မြတ်သောမိသားစုတစ်ခုမှ ဣန္ဒြေကြီးမားသော အမျိုးသမီးငယ်တစ်ဦးဖြစ်မည်ဟု တွေးမိပေလိမ့်မည်။

သူသည် ဆေးညွှန်းစာရွက်ကို သိမ်းဆည်း၍ မတ်တတ်ထရပ်လိုက်၏။ ထို့နောက် ပြတင်းပေါက်ရှိရာသို့သွားပြီး တံခါးကိုဖွင့်ကာ အပြင်ဘက်ကိုကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ ကောင်းကင်က အုံ့မှိုင်းနေခြင်းမရှိတော့ပေ။ မိုးကလည်း ရပ်တန့်သွားပြီဖြစ်သည်။

ခြုံထည်ကိုဝတ်ဆင်ထားသည့် အစ်မချီသည် မြည်းတစ်ကောင်ပေါ်မှာ ဘေးတိုက်လွှဲထိုင်ပြီး မြို့အပြင်ဘက်ကို ထွက်သွားတော့သည်။

အစ်မချီထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ချီရွှမ်းစုသည် နောက်ဖေးတံခါးကနေတစ်ဆင့် တည်းခိုခန်းကနေ ထွက်လာခဲ့သည်။ အစ်မချီသည် လူမြင်ကွင်းမှာ ပုန်းကွယ်ရန် ချီရွှမ်းစုကို ဖုန်ထိုက်ခရိုင်သို့ ပြန်ခေါ်လာခဲ့သော်လည်း သတိထားတာက ပိုကောင်းမည်ဟု သူခံစားမိသည်။

ဖီးနစ်စိမ်းတပ်ဖွဲ့၏ လှုပ်ရှားပုံမှတ်တမ်းများအရ သောင်းကျန်းသူဟု ခေါ်ဆိုသောသူများက ထွက်ပြေးသွားလောက်ပြီဟု သူတို့လက်ခံယုံကြည်ထားသည်ဆိုလျှင်တောင် သေဆုံးမှုများစွာဖြစ်ပွားခဲ့သောကြောင့် သူတို့သည် မြို့ထဲမှာ စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ထားပေဦးမည်။ လူထုအကြား စိုးရိမ်ထိတ်လန့်မှုများစွာ မဖြစ်စေရန်နှင့် လူမြင်ကွင်းမှာ ပုန်းကွယ်ဖို့ကြိုးစားနေသူများကို စစ်ဆေးဖမ်းဆီးရန် သူတို့သည် မြို့ထဲမှာ လုံခြုံရေးကို တင်းကျပ်ထားပေလိမ့်မည်။

မြို့ထဲသို့ဝင်ရောက်မလာခင်က ချီရွှမ်းစုသည် ဖုန်ထိုက်ခရိုင်၏ အခင်းအကျင်းကို သေသေချာချာလေ့လာထားခဲ့သည်။ ထို့ကြောင့် သူသည် မြို့ဂိတ်တံခါးကနေ မဖြတ်ဘဲ မြို့ရိုး၏ လူသူကင်းမဲ့သောနေရာတစ်ခုကနေ ကျော်ထွက်ဖို့ ရွေးချယ်လိုက်သည်။ သူသည် ဖုန်ထိုက်ခရိုင်ကနေ ထွက်ခွာရန် ညအမှောင်ကိုအားပြုပြီး မြို့ရိုးပေါ်သို့ ပုရွက်ဆိတ်တစ်ကောင်လို တွယ်တက်ကာ မြို့ရိုးအပြင်ဘက်ကို ပေါ့ပါးစွာခုန်ချလိုက်၏။ ဖုန်ထိုက်ခရိုင်သည် ဟွိုက်နန်စီရင်စုထဲမှာ ရှိပြီး စောစောက အစ်မချီပြောခဲ့သောမြို့သည် ဟွိုက်နန်စီရင်စု၏ အဓိကမြို့တော် ဟွိုက်နန်မြို့ဖြစ်သည်။

ချင်းဖျင်အသင်းတော်သည် ဟွိုက်နန်မြို့မှာ အချိန်းအချက်နေရာတစ်ခု ထားရှိသည်။ ချီရွှမ်းစုသည် ထိုနေရာမှာ ခဏကြာနေထိုင်မည်ဖြစ်သည်။

အနည်းဆုံးတော့ ထိုနေရာမှာ သူ့အတွက် ဘေးကင်းလုံခြုံမှုရှိသည်။

. . . . . .

မောင်ရှန်တောင်ပေါ်ရှိ ဘုရားကျောင်းပျက်ကနေ ကျူးကောယုံမင်၏ အလောင်းက ပျောက်သွားခဲ့ပြီဖြစ်ပြီး အစ်မချီ၏ လက်ချက်ဖြစ်ဖို့များသည်။ သူမသည် ဘုရားကျောင်းအပြင်ဘက် နက်ရှိုင်းသောတောအုပ်ထဲမှာ သစ်ပင်များစွာကို ခုတ်လှဲပြီး နောက်ဆုံးညက တိုက်ခိုက်ခဲ့သော အငွေ့အသက်များကို ဖျောက်ဖျက်ထားခဲ့သည်။ ထိုလုပ်ရပ်က အရိုင်းဆန်သော်လည်း သူတို့၏ လမ်းကြောင်းကို ဖုံးကွယ်ဖို့အတွက် အတော်လေးထိရောက်သည်။ နေရာက ရှုပ်ယှက်ခက်သွားပြီး သဲလွန်စရှာဖို့ရောက်လာသောသူများအတွက် ခက်ခဲသွားပေလိမ့်မည်။

ဤလုပ်ရပ်သည် ဒေသဆိုင်ရာမြေဖတ်စွမ်းအင်ကိုလည်း အနှောက်အယှက်ပေးပြီးသားဖြစ်ပြီး အခြားသူများအနေဖြင့် မြေဖတ်ပညာရပ်ကနေ ဖြစ်ပျက်ခဲ့သောအရာကို ခြေရာခံဖို့ ခက်ခဲသွားပေလိမ့်မည်။

ဤရှုထောင့်ကနေကြည့်မည်ဆိုလျှင် အစ်မချီ၏ နည်းလမ်းများသည် အတွေ့အကြုံရှိသော ဖီးနစ်စိမ်းတပ်သားများကဲ့သို့ ဉာဏ်နီဉာဏ်နက်များသည်။

အဖြူရောင်စက္ကူမီးအိမ်တစ်လုံးကိုင်ဆွဲထားသည့် အဖိုးအိုတစ်ဦးက ဘုရားကျောင်းပျက်၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး သူ၏ မျက်နှာက သုန်မှုန်တည်တံ့နေသည်။

သူ့နောက်ဘက် မလှမ်းမကမ်းမှာ ကျန်းပျဲယွင်က ပြောလိုက်၏။

“ကျူးကောယုံမင်က သူတော်စင်ရှန်းရှောင်(ရဲ့)တပည့်ရဲ့ မျိုးဆက်တစ်ဦးပဲ… သူတော်စင်တန်ဟွားနဲ့ သူတော်စင်ရှန်းရှောင်က ရွှမ်ကျန်းဂိုဏ်းက ဆိုပေမယ့် သူတို့တွေက တစ်ဘက်တည်းမှာ ရှိနေကြတာမဟုတ်ဘူး… သူတော်စင်တန်ဟွားနဲ့ ပတ်သက်ဆက်စပ်တဲ့ဘယ်အရာမဆို ဘယ်လောက်ပဲ အသေးအဖွဲဖြစ်ဖြစ် ကိစ္စကြီးတစ်ခုပဲ… အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ တပည့်ဂိုဏ်းသားက အထီးကျန်ဝံပုလွေတစ်ကောင်ဖြစ်ပေမဲ့ သူ့မှာ အကူရှိနေတယ်လို့ ငါထင်တယ်… ကျူးကောယုံမင် သေသွားတဲ့အချက်က စကားအများကြီးပြောနေတယ်။”

လူအိုကြီးက ဤကိစ္စနှင့်ပတ်သက်ပြီး ဆက်လက်၍ အချိန်မဖြုန်းလိုဘဲ စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်၏။

“ဒါက ဘယ်သူ့လက်ချက်ဖြစ်နိုင်မလဲ”

“အရာမရောက်တဲ့ နောက်လိုက်တစ်ယောက်က ကျူးကောယုံမင်ကို သတ်ဖြတ်နိုင်မယ်လို့တော့ ငါမထင်ဘူး”

ကျန်းပျဲယွင်က အေးစက်စွာ ပြောလိုက်၏။

“တရားခံက အနည်းဆုံး ယွီရှုအဆင့်မှာရှိမယ်လို့တော့ ငါထင်တယ်… သူက ကွေ့ကျန်းအဆင့်မှာ ရှိနေတာလည်း ဖြစ်နိုင်တယ်”

လူအိုကြီးက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဒါက သူတော်စင်တန်ဟွားနဲ့ ပတ်သက်နေတယ်ဆိုမှတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့က ခက်ခဲလာပြီ”

ကျန်းပျဲယွင်က နှုတ်ဆိတ်သွား၏။

သူတို့နှစ်ယောက်သည် အသိအကျွမ်းဟောင်းများဖြစ်သော်လည်း သူတို့နှစ်ယောက်သည် မတူညီသောသခင်များထံ အမှုထမ်းနေသောကြောင့် သူတို့သိသမျှအရာရာတိုင်းကို မျှဝေရလောက်အောင် တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှုမရှိကြပေ။ ကျူးကောယုံမင်၏ သေဆုံးမှုကြောင့်မဟုတ်လျှင် သူတို့နှစ်ယောက်က ဤနေရာမှာဆုံမိလိမ့်မည်ပင် မဟုတ်ပေ။

All Chapters