ဆုလာဘ်များ
Vol. 2 Ch. 14
ချီရွှမ်းစုသည် ဒုတိယမြောက်နေ့၏ ညနေဘက်မှာ ဟွိုက်နန်မြို့တော်ကို ရောက်ရှိသည်။
သူသည် အရင်ဆုံး ဈေးထဲသို့သွားပြီး အစ်မချီရေးပေးထားခဲ့သည့် ဆေးညွှန်းအတိုင်း ဆေးပင်၊ ဆေးမြစ်များကို လိုက်လံဝယ်ယူသည်။ ဆေးဆိုင်သည် ဆေးပင်များကြိတ်ချေဖော်စပ်ခြင်းကို ဝန်ဆောင်မှုပေးသည့်အတွက် ချီရွှမ်းစုက အလုပ်ရှုပ်သက်သာသွားသည်။
ချီရွှမ်းစုသည် ဆေးသောက်ပြီးနောက် သူ့နောက်သို့ နောက်ယောင်ခံလိုက်နေသည့်သူ မရှိသည်ကို သေချာအောင် မြို့ထဲမှာ လှည့်ပတ်သွားလာပြီးမှ လူအသွားအလာမရှိသော လမ်းကြားလေးတစ်ခုထဲသို့ ဝင်ရောက်လိုက်၏။
ချီရွှမ်းစု ရောက်လာသည့်အချိန်မှာ လမ်းကြားက မှောင်မိုက်နေပြီဖြစ်၏။ သူသည် မထင်မရှားတံခါးငယ်တစ်ချပ်ရှိရာ လမ်းကြား၏ အဆုံးသို့ ခပ်မြန်မြန်လျှောက်လှမ်းသွား၏။ သူသည် တံခါးကို ညင်သာစွာသုံးချက်ခေါက်၍ သုံးစက္ကန့်ရပ်နားပြီးနောက် ခပ်ပြင်းပြင်းလေးချက်ထပ်ခေါက်လိုက်သည်။
ခဏနေပြီးနောက် တံခါး၏ အခြားတစ်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။
“အရပ်မျက်နှာအားလုံးမှာ တည်ငြိမ်အေးချမ်းမှု ကြီးစိုးနေသရွေ့.. မစိုးရိမ်ပါနဲ့”
ချီရွှမ်းစုက ခပ်တိုးတိုးအသံဖြင့် ပြန်ဖြေလိုက်၏။
“လောကက တည်ငြိမ်တယ်… ကျုပ်က ငြိမ်းချမ်းရေးအတွက် ဒီကိုရောက်လာတယ်”
ချီရွှမ်းစုစကားဆုံးသွားသည်နှင့် တံခါးက ပွင့်သွား၏။ အထဲမှာ မည်သည့်အလင်းရောင်မှမရှိဘဲ လခြမ်းကွေး၏ အရောင်ဖျော့ဖျော့သာလျှင်ရှိနေသည်။
ချီရွှမ်းစုဝင်ရောက်လာသည်နှင့် တံခါးစောင့်က စက္ကန့်မခြားဘဲ သူ့နောက်မှာရှိသောတံခါးကို ပြန်ပိတ်လိုက်သည်။
တံခါး၏ နောက်ဘက်မှာ တည်ငြိမ်အေးချမ်းသောနေရာများဆီ ဦးတည်နေသည့် ကွေ့ပတ်နေသောလမ်းသွယ်များစွာနှင့်အတူ ကြီးမားသောစံအိမ်တစ်လုံးရှိနေသည်။ သူဝင်ရောက်လာသည့် မထင်မရှားတံခါးငယ်က နောက်ဖေးဘက်ဝင်ပေါက်တစ်ခုမျှသာဖြစ်သည်။
ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာသိရှိထားသော်လည်း ဤအဖွဲ့အစည်းသည် လျှို့ဝှက်စွာလှုပ်ရှားရင်း ကြီးမားသော စိုးမိုးခြယ်လှယ်မှုရှိထားသည်ကို သူသိသည်။ သူတို့မှာ မည်ကဲ့သို့သောရည်ရွယ်ချက်များရှိနေသည်ကို တစ်ယောက်ယောက်က ရှာဖွေဖော်ထုတ်ဖို့ မလွယ်ကူပေ။
သို့သော်လည်း ချီရွှမ်းစုသည် ထိုအချက်နှင့်ပတ်သက်၍ စိုးရိမ်နေခြင်း မရှိပေ။ သူသည် တစ်နေ့မှာ မည်သည့်ရစ်ပတ်ချည်နှောင်မှုမှမရှိဘဲ ချင်းဖျင်အသင်းတော်ကနေ နှုတ်ထွက်နိုင်ဖို့ကိုသာ မျှော်လင့်ထားပြီး သူ့ကိုယ်သူသာပို၍ စိုးရိမ်ပူပန်မိသည်။ သူ့ကံကြမ္မာကိုယ်သူ ထိန်းချုပ်နိုင်ခွင့်မရှိဘဲ သေဆုံးသွားသော ကျူးကောယုံမင်ကဲ့သို့အဖြစ်မျိုး သူ မကြုံတွေ့ချင်ပေ။
ထို့ကြောင့် ဤနှစ်များမှာ ချင်းဖျင်အသင်းတော်သို့ သူဝင်ရောက်ခဲ့စဉ်က သဘောတူထားသည့် သတ်မှတ်ချက်အတိုင်း အကျိုးဆောင်အမှတ်များကို စုဆောင်းနေခဲ့သည်။ သူသည် လုံလောက်သော အကျိုးဆောင်အမှတ်များကို စုဆောင်းနိုင်သည်နှင့်အမျှ ချင်းဖျင်အသင်းတော်ကနေ ထွက်ခွာနိုင်မည်ဖြစ်သည်။ သို့သော်လည်း အကျိုးဆောင်မှတ်ကိုးထောင်ကို စုဆောင်းရခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ ချီရွှမ်းစုသည် ဤနှစ်များမှာ အကျိုးဆောင်အမှတ်သုံးရာကိုသာ စုဆောင်းထားနိုင်ခဲ့ပြီး ချင်းဖျင်အသင်းတော်ကနေ ထွက်ခွာနိုင်မည့် လိုအပ်ချက်နှင့် များစွာဝေးကွာလွန်းဆဲဖြစ်သည်။
ဤစံအိမ်၏ ပိုင်ရှင်သည် ချမ်းသာကြွယ်ဝသော ကုန်သည်တစ်ဦးလို ဝတ်စားထားသည့် သက်လတ်ပိုင်းရွယ်အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ချီရွှမ်းစုကို မေးမြန်းစုံစမ်းနေခြင်း မရှိပေ။ ထိုအစား သူ့အတွက် အခန်းတစ်ခန်း၊ ရေချိုးစရာနှင့် စားသောက်ဖွယ်ရာတချို့ ပြင်ဆင်ပေးပြီး သူ့အဝတ်အစားများကို သန့်ရှင်းပေးဖို့ အစေခံတစ်ဦးကိုသာ စေခိုင်းထားသည်။
ချီရွှမ်းစုသည် ရွှံ့များပေကျံနေသည့် အဝတ်အစားကိုချွတ်၍ သက်တောင့်သက်သာရေချိုးပြီး ဝတ်စုံအသစ်တစ်ထည် လဲလှယ်ဝတ်ဆင်လိုက်သည်။
ထိုသို့ဖြင့် သူသည် အဆင့်-၇ တာအိုတပည့်ဂိုဏ်သားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ဖီးနစ်းစိမ်းတပ်ဖွဲ့များ အလိုရှိနေသည့် သောင်းကျန်းသူ၏ ပုံစံနှင့် ဆက်လက်၍ မတူတော့ပေ။
ချီရွှမ်းစုသည် ဤနေရာမှာ တစ်ညတာနေထိုင်ခဲ့ပြီး နောက်တစ်နေ့ နေ့လယ်ပိုင်းမှာ အစ်မချီက ဤနေရာကို ပြန်လည်ရောက်ရှိလာသည်။
စံအိမ်ပိုင်ရှင်သည် မည်သည့်အစေခံမှမထားဘဲ သူတို့နှစ်ယောက်အတွက် သီးခြားအခန်းတစ်ခန်းပြင်ဆင်ပေးလိုက်သည်။ ထိုသို့ဖြင့် သူတို့သည် ပုဂ္ဂိုလ်ရေးလုံခြုံမှုရှိသွားသည်။
အခန်းသည် စာကြည့်ခန်းတစ်ခန်းနှင့်တူနေသည်။ ချီရွှမ်းစုသည် သူ၏ သားရေအိပ်ထဲကနေ ရွှမ်ကျောက်စိမ်းကိုထုတ်ယူပြီး အစ်မချီကို ကမ်းပေးလိုက်၏။ သူမက ၎င်းကိုတစ်ချက်ကြည့်ပြီး မေးလိုက်၏။
“နင်… အခွင့်အရေးကို အသုံးချပြီး အဲဒါကို မလေ့လာခဲ့ဘူးလား… အဲဒီပစ္စည်းအတွက် ဒီလောက်လူတွေအများကြီးတိုက်ခိုက်နေကြတာ… အဲဒါ သူက ဘယ်လောက်အဖိုးတန်လဲဆိုတာ ပြပေးနေတာပဲ”
ချီရွှမ်းစုက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
“ကျုပ် လေ့လာခဲ့သေးတယ်… ဒါပေမဲ့ ဘာကိုမှ အစရှာမရခဲ့ဘူး”
အစ်မချီက ခေါင်းညိတ်၍ ရွှမ်ကျောက်စိမ်းကို သူမ၏ မှော်သိုလှောင်ပစ္စည်းထဲသို့ထည့်ပြီး တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။
“ဒီတစ်ခေါက် ရွှမ်ကျောက်စိမ်းလုယက်မှုမှာ အဆင့်-၄၊ အဆင့်-၅၊ အဆင့်-၆ တာအိုဆရာတွေနဲ့ ဖီးနစ်စိမ်းတပ်သားတွေအတော်များများ ပါဝင်ပတ်သက်ခဲ့ကြတယ်… နင် အဲဒါကို ရအောင်ယူပြီး တာဝန်ကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့တယ်… အဲဒါကြောင့် နင် အကျိုးဆောင်မှတ်သုံးရာကို ဆုလာဘ်အဖြစ်ရရှိလိမ့်မယ်”
ချီရွှမ်းစုက အံ့အားသင့်သွား၏။
“အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးတောင် ပါဝင်ခဲ့တာလား”
“နင်… ကံကောင်းသွားတယ်”
အစ်မချီက သူမ၏ ဆေးတံကို သာမန်ကာလျှံကာထုတ်ယူပြီး ပြောလိုက်၏။
“ထိုက်ဖျင်ဂိုဏ်းမှာ စိုးရိမ်ပူပန်စရာတချို့ ရှိနေတဲ့ပုံပဲ… အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးက ကိုယ်တိုင်ဝင်မပါခဲ့ဘူး… ဒါပေမဲ့ ဖီးနစ်စိမ်းတပ်သားအဖြစ် ဟန်ဆောင်ပြီးလှုပ်ရှားဖို့ သူ့ရဲ့လက်အောက်ငယ်သားကို စေလွှတ်ခဲ့တယ်… အဲဒီနန်းတွင်းအမှုဆိုတာ တကယ်တော့ အယောင်ပြသက်သက်ပဲ”
“တစ်ယောက်ယောက်က နောက်ပိုင်းမှာ ဒီကိစ္စကို စုံစမ်းထောက်လှမ်းမယ်ဆိုရင် အဲဒါက လီစန်ရှင်းဆီကိုပဲ ဦးတည်သွားလိမ့်မယ်… နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူက ပေါ်ထွက်လာမှာ မဟုတ်ဘူး… ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ… ဒီသတင်းက ဘယ်လောက်ထိ ပျံ့နှံ့သွားပြီလဲ ငါမသိဘူး… အဲဒါ တခြားဂိုဏ်းနှစ်ဂိုဏ်းက လူတွေကို ဆွဲဆောင်မိသွားပြီ… အခု ထိုက်ဖျင်ဂိုဏ်းက ခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတယ်… သူတို့ ကောင်းကောင်းပြင်ဆင်ထားခဲ့သည့် အယောင်ပြကိစ္စက မအောင်မြင်ခဲ့ရုံတင်မကဘူး… သူတို့က ရွှမ်ကျောက်စိမ်းကိုပါ မရခဲ့ကြဘူး”
ချီရွှမ်းစုက မျက်ခုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။
“ဖီးနစ်စိမ်းတပ်သားတွေက ဒီသတင်းကိုလွှင့်ခဲ့တာလား”
“အဲဒါလည်း ဖြစ်နိုင်တယ်”
အစ်မချီက ခဏမျှစဉ်းစားပြီး ပြောလိုက်၏။
“ဒီဘက်ခေတ်မှာ အင်ပါယာနန်းတွင်းက နိုင်ငံရေးအဖွဲ့အစည်းနှစ်ခုက ပေါ်ပေါ်ထင်ထင် ယှဉ်ပြိုင်တိုက်ခိုက်နေကြပြီ… ထိုက်ဖျင်ဂိုဏ်းက ဖုန်ထိုက်ခရိုင်ဝန်လီဟုန်ဝမ်ကိုဖမ်းဆီးပြီး သူ့ဆီကနေ ရွှမ်ကျောက်စိမ်းကိုယူဖို့ လက်ရှိနိုင်ငံရေးပဋိပက္ခကို အသုံးချခဲ့တယ်… ပြီးရင် သူတို့က အကြောင်းပြပြီး သူ့ကို သတ်ပစ်လိုက်လိမ့်မယ်… အဲဒီရှုထောင့်အရဆို ဖီးနစ်စိမ်းတပ်ဖွဲ့က ဒီကိစ္စမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ပတ်သက်နေခဲ့တာပဲ… အရာရာတိုင်းက သူတို့ဆီကနေ လာခဲ့တာပဲ”
ချီရွှမ်းစုက အခြေအနေကို ရုတ်တရက်နားလည်သဘောပေါက်သွားသည်။
ချင်းဖျင်အသင်းတော်သည် ရွှမ်ကျောက်စိမ်းနှင့်ပတ်သက်သည့် သတင်းကိုရရှိပြီးနောက် သူတို့သည် ၎င်းကိုရယူဖို့ ရွှမ်ကျောက်စိမ်း၏ တည်နေရာကို တိတိကျကျအာရုံခံနိုင်သည့် အထူးတလည်ပြုလုပ်ထားသော သံလိုက်အိမ်မြှောင်နှင့်အတူ ချီရွှမ်းစုကို စေလွှတ်ခဲ့သည်။ ထိုသို့ဖြင့် သူတို့သည် ပရိယာယ်ဆင်ဖို့ သို့မဟုတ် ကြီးမားသောအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်ဖို့ အထူးတလည် မလိုအပ်တော့ပေ။
တစ်ချိန်တည်းမှာ ထိုက်ဖျင်ဂိုဏ်းကလည်း ဤသတင်းကိုရရှိထားခဲ့သည်။ သို့သော်လည်း ထိုက်ဖျင်ဂိုဏ်းသည် ချင်းဖျင်အသင်းတော်လို ထူးခြားသည့် သံလိုက်အိမ်မြှောင်ကို ပိုင်ဆိုင်မထားဘဲ သူတို့သည် ရွှမ်ကျောက်စိမ်းကို တိတိကျကျမရှာဖွေနိုင်ခဲ့ပေ။ ထိုအစား သူတို့သည် လီဟုန်ဝမ်၏ ဂေဟာထဲမှာ လိုက်လံရှာဖွေဖို့သာ တတ်နိုင်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့သည် ၎င်းကို နိုင်ငံရေးပဋိပက္ခတစ်ခုနှင့်တူအောင် ဖီးနစ်စိမ်းတပ်ဖွဲ့နှင့်အတူ ဇာတ်တိုက်ကာ လှုပ်ရှားခဲ့ကြသည်။
သို့သော် တကယ်တမ်းမှာ သူတို့သည် လီဟုန်ဝမ်၏ ဂေဟာမှာ ရွှမ်ကျောက်စိမ်းကို မွှေနှောက်ရှာဖွေရန် အကြောင်းပြချက်တစ်ခုယူခဲ့ရုံသာဖြစ်သည်။ ထိုကိစ္စသည် နိုင်ငံရေးနှင့် အမှန်တကယ်မပတ်သက်သောကြောင့်လည်း ဖီးနစ်စိမ်းတပ်ဖွဲ့သည် လီဟုန်ဝမ်ကို အင်ပါယာမြို့တော်၏ အကျဉ်းထောင်သို့ ပို့ဆောင်ရဲခြင်းမရှိပေ။ ထိုအစား သူတို့သည် သက်သေအထောက်အထားကို ဖျောက်ဖျက်ရန် လီဟုန်ဝမ်ကို နှုတ်ပိတ်မည်ဖြစ်သည်။
လီစန်ရှင်းသည် ရွှမ်ကျောက်စိမ်းကို မရှာဖွေနိုင်ဘဲ ချီရွှမ်းစု၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ဤသတင်းသည် ပေါက်ကြားသွားပြီး အခြားသောတာအိုဂိုဏ်းသားအဖွဲ့ဝင်များကို ဆွဲဆောင်မိခဲ့သည်။ သူတို့ဇာတ်တိုက်ထားသည့် အယောင်ပြကိစ္စကလည်း ဟာဟတစ်ခုဖြစ်လာခဲ့သည်။
ထိုက်ဖျင်ဂိုဏ်း၏ အကြံအစည်သည် သဘောတရားအရ ကြီးကြီးမားမား မည်သည့်ဟာကွက်မှမရှိသော်လည်း လီဟုန်ဝမ်၏ မိသားစု ကွပ်မျက်ခံရခြင်းက ပြဿနာတချို့ရှိလာသည်။
ချီရွှမ်းစုက မေးလိုက်၏။
“လီဟုန်ဝမ်က ရွှမ်ကျောက်စိမ်းကို ထုတ်ပေးလိုက်ရင် ပြီးနေပြီမလား… သူက အဲဒါအတွက် ဘာလို့ သူ့တစ်မိသားစုလုံးကိုပါ ဆွဲခေါ်သွားရတာလဲ”
“အဲဒါက အံ့ဩစရာတော့သိပ်မရှိဘူး… ငှက်တွေက အစာအတွက်ပျက်စီးရတယ်… လူတွေက ဥစ္စာဓနအတွက် သေဆုံးကြရတယ်”
အစ်မချီက ရှင်းပြလိုက်၏။
“ထိုက်ဖျင်ဂိုဏ်းတပည့်က ရွှမ်ကျောက်စိမ်းကိုတောင်းဆိုပြီး သူ့ကိုပါခြိမ်းခြောက်ခဲ့ပေမယ့် ဖီးနစ်စိမ်းတပ်ဖွဲ့က လုံလုံလောက်လောက်အကြောင်းအရင်းမရှိဘဲ သူ့တစ်မိသားစုလုံးကို သတ်ဖြတ်ရလောက်အောင် ရဲတင်းလိမ့်မှာ မဟုတ်ဘူးလို့ လီဟုန်ဝမ်ကတွေးပြီး ငြင်းဆန်ခဲ့တာဖြစ်ရမယ်။”
“နင်ရောက်သွားတဲ့အချိန်… သူတို့အတွက် အချိန်သိပ်မကျန်တော့တဲ့အခါ ဖီးနစ်စိမ်းတပ်ဖွဲ့က လီဟုန်ဝမ်နဲ့ သူ့မိသားစုကို သတ်ပစ်လိုက်တာဖြစ်မယ်… ဖီးနစ်စိမ်းတပ်ဖွဲ့က သူ့မိသားစုကို မသတ်ဖြတ်ရဲလောက်ပါဘူး၊ သူ့မှာ အခွင့်အရေးတစ်ခုရှိနေဦးမှာပါလို့တွေးပြီး လီဟုန်ဝမ်က ကျောက်စိမ်းကို ဖက်တွယ်နေခဲ့တာဖြစ်မယ်။”
ချီရွှမ်းစုက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
အစ်မချီသည် မီးခိုးကို အကွင်းလိုက်ဖြစ်အောင်မှုတ်ထုတ်ရင်း ဆက်ပြောလိုက်၏။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာစိတ်ထင့်နေတာတစ်ခုရှိတယ်… အဲဒါက ထိုက်ဖျင်ဂိုဏ်းက သူတော်စင်တစ်ပါးနဲ့ တိုက်ရိုက်ပတ်နေလောက်တယ်… ထိုက်ဖျင်ဂိုဏ်းမှာ သူတော်စင်ကိုးပါးရှိကြတယ်… သူတို့တွေအားလုံးက အမည်းစက်မရှိတဲ့ နာမည်ဂုဏ်သတင်းကို ပိုင်ဆိုင်ထားကြတယ်… အဲဒါကြောင့်လည်း သူတို့က အဲလိုမျိုးအယောင်ပြကိစ္စကို ဖန်တီးခဲ့ကြတာ… ဟို အဆင့်-၄ တာအိုအကြီးအကဲကတောင် ဘာမဟုတ်တဲ့နယ်ရုပ်တစ်ရုပ်ဖြစ်နေလိမ့်မယ်… သူက ဒုတိယဟန်ပြအလွှာတစ်ခု ဖြစ်ခဲ့ရုံပဲ။”
“ပြောရမယ်ဆိုရင် သူ့လို အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးတောင် နယ်ရုပ်တစ်ရုပ်ဖြစ်နေတဲ့ကိစ္စက သူတော်စင်တစ်ပါးရဲ့ စိတ်အာရုံကို သေချာပေါက် ဆွဲဆောင်မိထားလိမ့်မယ်… သူတို့သာ တကယ်တမ်း လှုပ်ရှားခဲ့မယ်ဆိုရင် နင်နဲ့ငါ သူတို့ကို နိုင်မှာမဟုတ်လောက်ဘူး”
ချီရွှမ်းစု၏ အမူအရာက တည်ကြည်လေးနက်သွားပြီး သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
အစ်မချီက ဆက်ပြောလိုက်သည်။
“ဒီတစ်ခေါက် နင့်ရဲ့စွမ်းဆောင်ရည်က တကယ်ကို မထင်မှတ်ထားလောက်အောင် ကျော်လွန်သွားခဲ့တာပဲ… ငါတတ်နိုင်တဲ့အတိုင်းအတာအတွင်း နင့်ကို ဆုလာဘ်နှစ်ခုပေးနိုင်တယ်”
ကျူးကောယုံမင်၏ ထိုးချက်များက အချည်းနှီးမဖြစ်ခဲ့ဟု ချီရွှမ်းစု ခံစားရပြီး ရွှင်ပျသွားသည်။
အစ်မချီသည် သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ သစ်သားဘူးတစ်ဘူးကို ထုတ်ယူပြီး ချီရွှမ်းစု၏ ရှေ့မှာချလိုက်သည်။
“ဒါက… ကျိုးရှီခေတ်ရဲ့ ၃၆နှစ်မြောက်မှာ နတ်ဘုရားလက်နက်တိုက်ကနေ ထုတ်လုပ်ခဲ့တဲ့ နတ်နဂါးပစ္စတိုပဲ… သူ့မှာ ဆင်စွယ်လက်ကိုင်၊ နဂါးခေါင်းပုံစံကြေးပြောင်းနဲ့ သတ္တုကျည်ဆန်သုံး နောက်ဆွဲစနစ်ရှိတယ်… မီးခတ်စနစ်ကို ပင်အပ်စနစ်နဲ့ အစားထိုးထားတယ်… သူ့ရဲ့သေနတ်ပြောင်းက ခြေလှမ်းတစ်ရာအတွင်း ထိရောက်မှုရှိလိမ့်မယ်”
“အဲဒါက ခြေဆယ့်ငါးလှမ်းအတွင်းမှာ လူတစ်ယောက်ရဲ့ ပင်ကိုယ်ချီကို ထိုးဖောက်နိုင်တယ်… ဒါပေမဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်မလုပ်နိုင်ကတော့ နောက်တစ်ကဏ္ဍပဲ… အဲဒါက ချပ်ဝတ်ထိုးဖောက်အစီအရင်နဲ့ ပြုလုပ်ထားတဲ့ ကျည်အတောင့် ၂၀ နဲ့တွဲလာတယ်… မှောင်ခိုဈေးကွက်မှာ ဒီပစ္စတိုရဲ့ ဈေးနှုန်းက ထိုက်ဖျင်ဒင်္ဂါး ၈၀၀ ဝန်းကျင်ရှိတယ်။”
ချီရွှမ်းစုသည် ဘူးကိုဖွင့်ကြည့်ပြီး ခမ်းနားထည်ဝါသော ပစ္စတိုတစ်လက်ကို တွေ့မြင်လိုက်ရသည်။ ၎င်း၏ ကောက်ကြောင်းများက အတော်လေးလှပသေသပ်ပြီး လက်နက်တစ်ခုဆိုသည်ထက် လက်ရာမြောက်သော အနုပညာလက်ရာတစ်ခုနှင့် ပိုတူနေသည်။ ပစ္စတို၏ ဘေးမှာ ထူးဆန်းသောအင်းကွက်များနှင့် ကျည်အတောင့် ၂၀ ရှိနေ၏။ ကျည်ဆန်များ၏ ထက်ရှသောထိပ်ဖျားပေါ်မှာ အစီအရင်အမျိုးအစားတချို့ဖြစ်ပုံရသော ထူးဆန်းသည့် အင်းကွက်များစွာရှိနေပြီး ၎င်းသည် သာမန်သေနတ်များနှင့် တကယ်ပင် ကွဲပြားခြားနားနေသည်။
အစ်မချီသည် ဈေးကြီးသော ဤပစ္စတိုကို သဘောကျစွာကြည့်ပြီး ထပ်ပြောလိုက်၏။
“ဒီပစ္စတိုက တန်ဖိုးကြီးရုံတင်မဟုတ်ဘူး… အဲဒါက အဆင့်အတန်းရဲ့ အမှတ်သင်္ကေတတစ်ခုလည်းဖြစ်တယ်… ဝတ်ရုံနက်တွေကြားမှာ အဆင့်တစ်ခုရဲ့အထက်မှာရှိတဲ့သူတွေပဲ အဲဒါကို ပိုင်ဆိုင်နိုင်တယ်”
မဟာရွှမ်မင်းဆက်နိုင်ငံသည် မြောက်ပိုင်းကနေ ဆင်းသက်လာခဲ့၏။ ဒြပ်စင်ငါးမျိုးထဲမှ အစိမ်းရောင်သစ်သား၊ အဖြူရောင်သတ္တု၊ ဟင်္သပဒါးမီး၊ အဝါရောင်မြေနှင့် အနက်ရောင်ရေ ပါဝင်သည်။ မဟာရွှမ်မင်းဆက်သည် ရေ၏ အမှတ်သင်္ကတေ အနက်ရောင်ကိုယူထားပြီး စစ်သည်များ၏ ချပ်ဝတ်တန်ဆာများမှာ အနက်ရောင်က လွှမ်းမိုးနေကာ သူတို့သည် ဝတ်ရုံနက်များဟူသောအမည်ကို ရခဲ့ကြသည်။
စောစောကပြောသော နတ်ဘုရားလက်နက်တိုက်သည် သေနတ်များကို အထူးတလည်ပြုလုပ်သည့် အင်ပါယာစစ်တပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူတို့သည် သေနတ်များပြုလုပ်ခြင်းမှာ ကျွမ်းကျင်ရုံသာမက သူတို့သည် သုသေတနနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကိုလည်း စနစ်တကျဆောင်ရွက်ကြသည်။
ချီရွှမ်းစုက မေးလိုက်၏။
“ဒုတိယဆုလာဘ်က ဘာလဲ”
အစ်မချီက အလောတကြီးမရှိဘဲ ပြောလိုက်၏။
“ဒီဘက်ခေတ်မှာ တာအိုဂိုဏ်းတော်က စွမ်းအားအကြီးမားဆုံး အင်အားစုပဲ… လူတစ်ယောက်မှာ တစ်မူထူးခြားတဲ့ ပါရမီအရည်အချင်းမရှိသရွေ့ တာအိုအဖွဲ့အစည်းထဲမှာ သူလိုငါလို လူတွေနဲ့ သိပ်ပြီးကွာခြားမှာ မဟုတ်ဘူး… လူတစ်ယောက်က ဘာကျင့်ကြံမှုမှမရှိဘဲ စွမ်းအားမဲ့တဲ့သူ ဖြစ်နေမယ်ဆိုရင်တောင် သူတို့ကို ထူးချွန်ထက်မြတ်တဲ့သူတွေဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ တာအိုဂိုဏ်းတော်မှာရှိတယ်”
အဓိကအချက်ကတော့ အဲဒီအရင်းအမြစ်တွေကို ဘယ်လိုခွဲဝေပေးမလဲဆိုတာပဲ… အဲဒါကြောင့်ပဲ… တာအိုဆရာတွေကို ခွဲခြားသတ်မှတ်ထားတဲ့ အဆင့်-၉ ဆင့်စနစ် ဖြစ်လာခဲ့တာပဲ… တာအိုဂိုဏ်းတော်ထဲမှာ ရာဖူးတိုးမြှင့်ခံရဖို့က သိပ်ပြီးအရေးပါတယ်… နင်က အခုချိန်ထိ အဆင့်-၇ တာအိုဆရာတစ်ဦး ဖြစ်နေတုန်းပဲမလား”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“အင်း… ကျုပ်ဆရာကွယ်လွန်သွားပြီးတဲ့နောက် ကျုပ်က အောက်ခြေလှေခါးထစ် အဆင့်-၈ မှာ အတော်ကြာအောင် ရပ်တန့်နေခဲ့တယ်… အခုချိန်ထိကို ကျုပ်က အဆင့်-၇ တာအိုဆရာတစ်ဦးပဲရှိသေးတယ်”
အစ်မချီက ပြောလိုက်၏။
“အဲဒါက နိမ့်ကျတဲ့အဆင့်တစ်ခုတော့ မဟုတ်ဘူး… ဒါပေမဲ့ နင်က နင့်ကိုယ်နင် ဘယ်လိုလူနဲ့ နှိုင်းယှဉ်ထားသလဲပေါ် မူတည်တယ်… နင်က တစ်နေ့မှာ အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးဖြစ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် လှေခါးကို တစ်ထစ်ပြီးတစ်ထစ် တက်လှမ်းရမယ်… နောက်မှာ တစ်ခါကျန်ခဲ့တာနဲ့ အမြဲတမ်းနောက်ကောက်ကျသွားလိမ့်မယ်”
“လူငယ်အများစုက ဝမ်ရှန်းတာအိုနန်းတော်က တာအိုနဲ့ပတ်သက်တဲ့ တစ်ပြေးညီသင်ကြားမှုကို လက်ခံရရှိပြီး အရွယ်ရောက်လာတဲ့အချိန်မှာ တာအိုလမ်းကြောင်းပေါ်ကို ဝင်ရောက်လာကြတယ်… သူတို့တွေက အဆင့်-၉ တာအိုဆရာတွေ ဖြစ်လာပြီးတဲ့နောက် အစမ်းခန့် သုံးနှစ်တာကာလကို ဖြတ်သန်းရတယ်”
“သူတို့တွေက အစမ်းခန့်ကာလအတွင်း အဆင့်-၄ ဒါမှမဟုတ် အဆင့်-၃ တာအိုဆရာအကြီးအကဲတစ်ဦးရဲ့ အသိအမှတ်ပြုခြင်းခံရပြီး သူတို့ရဲ့တပည့်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် အကြီးအကဲတစ်ဦးရဲ့ လမ်းညွှန်ပြသမှုနဲ့ သူတို့ရဲ့အနာဂတ်လမ်းကြောင်းက အများကြီးချောမွေ့သွားလိမ့်မယ်”
“ဒုတိယအဆင့် ထိုက်ယီတာအိုဆရာတစ်ဦးရဲ့ အသိအမှတ်ပြုခံရတာက ကောင်းကင်ဘုံကို ဆွဲတင်ခံရတာနဲ့ အတူတူပဲ… ဒါပေမဲ့ တာအိုအကြီးအကဲတစ်ဦးရဲ့ အသိအမှတ်ပြုမခံရဘူးဆိုရင်လည်း စိတ်အားငယ်သွားစရာမလိုဘူး… အောင်မြင်ဖို့အတွက် အခွင့်အရေးတစ်ခုက ရှိနေသေးတယ်”
“အရိုက်အရာဆက်ခံသူလစ်လပ်မှုကြောင့် ကျရှုံးသွားတဲ့ ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ အားနည်းချက်တွေကို တာအိုဂိုဏ်းတော်က သတိထားမိခဲ့တယ်… အဲဒါကြောင့် တာအိုဂိုဏ်းတော်က လူငယ်တွေရဲ့အသုံးဝင်မှုကို အစဉ်တစိုက် အလေးထားလာခဲ့တယ်… ဒီလိုနဲ့ အဆင့်တိုးမြှင့်ခံရခြင်းမှာ အသက်အရွယ်အပိုင်းအခြားက သိပ်ပြီးအရေးပါလာခဲ့တယ်… လူတစ်ယောက်က သုံးနှစ်တာအစမ်းခန့်ကာလပြီးတဲ့နောက် နောက်ထပ် ၂နှစ်အတွင်းမှာ အဆင့်-၈ တာအိုဆရာတစ်ဦးအဖြစ် တက်လှမ်းနိုင်ရမယ်။”
“သူက အသက် ၂၅ နှစ်ထိ အဆင့်-၉ မှာပဲ ရပ်တန့်နေဦးမယ်ဆို ဆက်ပြီးတက်လှမ်းဖို့အတွက် လမ်းမရှိတော့ဘူး… နောက်ထပ် ၅ နှစ်အတွင်းမှာ လူတစ်ယောက်က အဆင့်-၇ တာအိုဆရာတစ်ဦးအဖြစ် တက်လှမ်းနိုင်ရမယ်… အသက် ၃၀ ပြည့်လို့မှ အဆင့်-၈ မှာရပ်တန့်နေဦးမယ်ဆိုရင် သူတို့ရဲ့ ဉာဏ်အလင်းဖွင့်ခရီးစဉ်က ပြီးဆုံးသွားလိမ့်မယ်… နှစ်စဉ် တိုးတက်လာတဲ့လူတွေကြားမှာ သူတို့တွေက ဘေးကိုတွန်းပို့ခံရလိမ့်မယ်… သူတို့ရဲ့ လက်ရှိရာထူးကိုတောင်မှ ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး”
အစ်မချီပြောချင်နေသည့်အရာကို ချီရွှမ်းစုက နားလည်သဘောပေါက်သည်။
အစ်မချီက ဆက်ပြောလိုက်၏။
“နင်က အသက်သုံးဆယ်မတိုင်ခင် အဆင့်-၆ တာအိုဆရာတစ်ဦးဖြစ်လာနိုင်မယ်ဆိုရင် နင်က အလုပ်သင်ကျိကျိုးဆရာတစ်ဦးအဖြစ် စာရင်းဝင်သွားလိမ့်မယ်… နင်က အသက်သုံးဆယ့်ငါးမတိုင်ခင် အဆင့်-၅ တာအိုဆရာတစ်ဦး ဖြစ်လာနိုင်မယ်ဆိုရင် နင်က ကျိကျိုးဆရာလောင်းတစ်ဦးအဖြစ် စာရင်းဝင်သွားလိမ့်မယ်”
“အဆင့်-၄ ကျိကျိုးဆရာတစ်ဦးရဲ့နေရာ လစ်လပ်သွားတာနဲ့ သူတို့တွေက အရင်ဆုံး ကျိကျိုးတာအိုဆရာလောင်းတစ်ဦးကို ရာထူးတိုးမြှင့်ပေးဖို့ စဉ်းစားကြလိမ့်မယ်… အဲလိုနဲ့ တာအိုဆရာလောင်းတွေရဲ့ လစ်လပ်သွားတဲ့နေရာကို အလုပ်သင်ကျိကျိုးတာအိုဆရာတွေနဲ့ ပြန်ဖြည့်လိမ့်မယ်”
“တကယ်တော့… နင်က အသက်သုံးဆယ်မတိုင်ခင် အဆင့်-၄ ကျိကျိုးတာအိုဆရာတစ်ဦးဖြစ်လာနိုင်မယ်ဆိုရင် နင်ဟာ တောက်ပတဲ့လမ်းကြောင်းပေါ် ရောက်သွားပြီး အကန့်အသတ်မဲ့တဲ့ အလားအလာတွေနဲ့ တကယ်ကို ထွန်းတောက်လာလိမ့်မယ်… အဲလိုဆိုရင် တစ်နေ့မှာ ဒုတိယအဆင့် ထိုက်ယီတာအိုဆရာတစ်ဦးဖြစ်လာဖို့က သေချာသလောက်နီးပါးပဲ။”
အစ်မချီသည် ချီရွှမ်းစုကို ပြုံး၍ကြည့်ကာ မေးလိုက်၏။
“ငါပြောချင်တာကို နင်နားလည်တယ်မလား”
ချီရွှမ်းစုက သက်ပြင်းချပြီး ပြောလိုက်၏။
“ကျုပ်နားလည်ပါတယ်… ခင်ဗျားက ကျုပ်ကို တိုးတက်စေချင်နေတာပဲ… ဒါပေမဲ့ ချင်းဖျင်အသင်းတော်ကတောင် အဲဒါကို လုပ်ပေးနိုင်ပါ့မလား”
အစ်မချီက ပေါ့ပါးစွာဖြင့် ပြောလိုက်၏။
“ချင်းဖျင်အသင်းတော်မှာ မခန့်မှန်းနိုင်တဲ့စွမ်းအားတွေရှိတယ်… သူတို့က ဘယ်အရာကိုမဆို တတ်နိုင်တယ်… နင်က မဟာအကြီးအကဲတစ်ဦးဖြစ်လာချင်တယ်ဆိုရင်တောင် ငါတို့မှာ နည်းလမ်းရှိတယ်”
ချီရွှမ်းစုက ပြုံး၍ အစ်မချီ၏ စကားကို အတည်အတံ့မမှတ်ယူပေ။
အစ်မချီက တမင်သက်သက် စနောက်နေခြင်းဖြစ်မည်ဟု သူထင်မိသည်။
မဟာအကြီးအကဲသည် တာအိုဂိုဏ်းတော်တွင် အမြင့်မားဆုံးရာထူးဖြစ်သည်။ ဤကဲ့သို့သော အန္တိမအဆင့်အတန်းတစ်ခုနှင့်အတူ ထိုသူသည် ခွန်လွင်ဘိုးဘေးကျောင်းတော်ကနေ တာအိုအဖွဲ့အစည်းတစ်ခုလုံးကို ဦးဆောင်ပြီး ကမ္ဘာမြေမှာရှိသော အင်မော်တယ်များ၏ ကိုယ်စားပြုဖြစ်လာပေလိမ့်မည်။
မဟာအကြီးအကဲဖြစ်လာဖို့ထက် အင်မော်တယ်တစ်ပါးဖြစ်လာဖို့က ပို၍လွယ်ကူပေလိမ့်မည်။
အစ်မချီက ရယ်မောပြီးနောက် တည်တံ့စွာဖြင့် ပြောလိုက်၏။
“ငါ့ရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာပဲ နင့်ကို ဆုချီးမြှင့်ပေးနိုင်တယ်… ငါက ကျိဝေခန်းမကိုကျော်ပြီး နင့်ကို အဆင့်-၆ ရာထူးတော့တိုးမပေးနိုင်ဘူး… ဒါပေမဲ့ ငါနင့်ကို အခွင့်အလမ်းတစ်ခုပေးနိုင်တယ်… အဲဒါကို ဖမ်းဆုပ်နိုင်ပါ့မလားဆိုတာကတော့ နင့်အပေါ်မှာပဲ ဆက်ပြီးမူတည်လိမ့်မယ်။”