အကြွေးစာရင်းရှင်းခြင်း
Vol. 2 Ch. 15
ချီရွှမ်းစုက မေးလိုက်သည်။
“ဘာအခွင့်အရေးလဲ”
အစ်မချီက ပေါ့ပါးစွာ ပြောလိုက်၏။
“ထျန်ကန်းခန်းမလေ”
ချီရွှမ်းစုက တုန်လှုပ်သွားသည်။
တာအိုဂိုဏ်းတော်မှာ အင်ပါယာနန်းတော်နှင့် ဆင်တူသော ဖွဲ့စည်းပုံရှိသည်။ အမျိုးမျိုးသောစီရင်စုများမှာ ဒေသဆိုင်ရာဌာနများအပြင် တာအိုဂိုဏ်းတော်က ဘိုးဘေးကျောင်းတော်ဟု ရည်ညွှန်းခေါ်ဆိုသော ဗဟိုကျောင်းတော်တစ်ခုရှိလေသည်။
အင်ပါယာနန်းတော်ကို ဝန်ကြီးရုံး ၆ ရုံးနှင့် ဝန်ကြီး ၉ ပါးဖြင့် ဖွဲ့စည်းထားသည်။ ယခင်မင်းဆက်မှာတုန်းက ဝန်ကြီးရုံး ၆ ရုံးနှင့် ဝန်ကြီး ၉ ဦးမှာ သူတို့ကိုယ်ပိုင် စီရင်အုပ်ချုပ်ခွင့်များရှိကြသည်။ သို့သော်လည်း မဟာရွှမ်မင်းဆက်မှာ ဝန်ကြီးရုံး ၆ ရုံးနှင့် ဝန်ကြီး ၉ ဦးကို ပြန်လည်ပေါင်းစည်းခဲ့သည်။
အတွင်းဝန်ချုပ်၊ စိစစ်ရေးအမတ်ချုပ်၊ တရားစီရင်ရေးဝန်ကြီး၊ လက်ဝဲစိစစ်ရေးအမတ်နှင့် အခြားသူများအပါအဝင် အဆင့်မြင့်အရာရှိ ၉ ဦးကို စုပေါင်းပြီး ဝန်ကြီးရုံး ၆ ရုံးနှင့် ဝန်ကြီး ၉ ဦးဟူ၍ ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်။
တာအိုဂိုဏ်းတော်၏ ဘိုးဘေးကျောင်းတော်သည် အင်ပါယာနန်းတော်ကို တုပပြီး ခန်းမ ၉ ဆောင်ကို ထားရှိသည်။ ခန်းမ ၉ ဆောင်ကို မဟာအကြီးအကဲထံ အစီရင်ခံတင်ပြရသည့် သူတော်စင် ၉ ပါးက အုပ်ချုပ်ကြသည်။
စောစောက အစ်မချီပြောသည့် ကျိဝေခန်းမသည် ခန်းမ ၉ ခု၏ ခေါင်ချုပ်ဖြစ်သည်။ ၎င်းသည် အင်ပါယာနန်းတော်၏ ရာထူးခန့်အပ်ရေးဌာနနှင့် ဆင်တူသည်။ ၎င်းသည် အမှုထမ်းများအား အကဲဖြတ်ခြင်းကို တာဝန်ယူထားသည်။ ထို့ကြောင့် တာအိုဆရာများ၏ ရာထူးတိုးမြှင့်ခံရခြင်းနှင့် လျှော့ချခံရခြင်းကို ကျိဝေခန်းမကနေတစ်ဆင့် လုပ်ဆောင်ရသည်။
ထျန်ကန်းခန်းမသည် ခန်းမ ၉ ခုထဲမှတစ်ခုဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် အင်ပါယာနန်းတော်ရှိ စစ်ရေးဌာနနှင့် ဆင်တူသည်။ ထျန်ကန်းခန်းမမှာ အင်ပါယာနန်းတော်၏ စစ်ရေးဌာနကဲ့သို့ စစ်သည်ထောင်ချီနှင့် မြင်းတပ်များမရှိသော်လည်း ၎င်းသည် ခန်းမ ၉ ခုထဲတွင် အဖွဲ့ဝင်အရေအတွက် အများဆုံးနှင့် အကြီးဆုံးခန်းမဖြစ်သည်။
ထျန်ကန်းခန်းမသည် လောကအတွင်း အမိန့်အာဏာကို ထိန်းသိမ်းခြင်း၊ တာအိုဂိုဏ်းတော်ကို ဆန့်ကျင်နေသည့် ဆိုးယုတ်အင်အားစုများကို ဖိနှိမ်ခြင်းနှင့် တာအိုဂိုဏ်းတော်၏ အမိန့််အာဏာအောက်မှာမရှိဘဲ လောကမှာ ပြဿနာရှာတတ်သည့် လျှို့ဝှက်အဖွဲ့အစည်းများအား ကိုင်တွယ်ခြင်းကို တာဝန်ယူထားသည်။
ချင်းဖျင်အသင်းတော်သည် တာအိုဂိုဏ်းတော်ကို မဆန့်ကျင်ထားသော်လည်း ၎င်းသည် တရားမဝင်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထျန်ကန်းခန်းမဖိနှိမ်ရမည့် ပစ်မှတ်များ၏ ခေါင်းစဉ်အောက်မှာ ရှိနေသည်။
ချီရွှမ်းစုက မနေနိုင်ဘဲ ပြောလိုက်၏။
“အစ်မချီ… ချင်းဖျင်အသင်းတော်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျုပ်ကို ထျန်ကန်းခန်းမဆီ ပို့တာက ကျားသားရဲတွင်းဆီ သိုးတစ်ကောင်ကို ပို့လိုက်တာနဲ့ တူမနေဘူးလား”
အစ်မချီက ရိုးရှင်းစွာ ပြန်ဖြေလိုက်၏။
“ကံကြမ္မာက ရဲဝင့်တဲ့သူတွေကို မျက်နှာသာပေးတတ်တယ်လို့ဆိုတယ်… နင်က… ရှေ့ကိုဆက်ပြီးတက်လှမ်းချင်တယ်ဆိုရင် နင်က အရင်းအမြစ်တွေကိုလည်း လိုတယ်… အောင်မြင်ထွန်းပေါက်မှုတွေကိုလည်း လိုတယ်… လူမှုဆက်ဆံရေး၊ ပင်ကိုယ်အရည်အချင်းနဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း အရင်းအမြစ်တွေထဲမှာ ထည့်တွက်ရလိမ့်မယ်… အခု ပြဿနာကဘာလဲဆိုတော့.. နင့်မှာ လုံလောက်တဲ့ အရင်းအမြစ်မရှိတာပဲ။”
“ချင်းဖျင်အသင်းတော်ကို နင့်ရဲ့အရင်းအမြစ်လို့ ဆိုနိုင်တယ်… ဒါပေမဲ့ အဲဒါကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလို့မရဘူး… အဲဒါကြောင့် နင်က နင့်ရဲ့ကိုယ်ပိုင်အောင်မြင်ထွန်းပေါက်မှုပေါ်မှာ မှီခိုရလိမ့်မယ်… ဒါပေမဲ့ အောင်မြင်ထွန်းပေါက်မှုဆိုတာကလည်း မိုးပေါ်ကနေ ရုတ်တရက်ကျဆင်းလာတာမျိုး မဟုတ်ဘူး… နင်က နင့်ရဲ့နာမည်တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် ထျန်ကန်းခန်းမကိုသွားတာက အကောင်းဆုံးရွေးချယ်စရာတစ်ခုပဲ။”
ချီရွှမ်းစုသည် ခဏမျှစဉ်းစားပြီးနောက် ၎င်းက တစ်နည်းတစ်ဖုံအားဖြင့် ယုံကြည်စရာမရှိဟု ခံစားနေရဆဲဖြစ်သည်။
“ဘိုးဘေးကျောင်းတော်ရဲ့ ခန်းမ ၉ခုကို ဝင်ရောက်ချင်တဲ့လူတွေက အများကြီးပဲ… ဒါပေမဲ့ လူတိုင်းက အဲဒီအခွင့်အရေးကို မရကြဘူး… သူတို့က နေရာတစ်ခုရဖို့အတွက် အသနားခံတောင်းပန်ချင်တယ်ဆိုရင်တောင် ဘယ်သူ့ဆီမှာသွားပြီး အသနားခံရမလဲ မသိကြဘူး… အစ်မချီ ခင်ဗျားဆီက စကားတစ်ခွန်းနဲ့ပဲ ကျုပ်က ထျန်ကန်းခန်းမကို ဝင်ရောက်နိုင်မယ်လို့ ပြောနေတာလား။”
အစ်မချီက ရယ်မောကာပြောလိုက်သည်။
“ဟုတ်တယ်… ငါ့ဆီကနေ စကားတစ်ခွန်းတည်းနဲ့ နင်က ထျန်ကန်းခန်းမကို ဝင်ရောက်နိုင်တယ်… ဒါပေမဲ့ အဲဒါက နင့်ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုပေါ်မှာလည်း မူတည်သေးတယ်… ထျန်ကန်းခန်းမကို ဝင်ရောက်ဖို့အတွက် လိုအပ်ချက်က ရှန်းထျန်သက်ရှိတစ်ဦးဖြစ်ရမယ်… အဆင့်-၇ တာအိုဆရာတစ်ဦးဖြစ်ရမယ်… အဲဒီသတ်မှတ်ချက်နှစ်ခုကို အလျှော့အတင်းလုပ်လို့မရဘူး… နင်က အဲဒီသတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် နင်က သူတော်စင်တစ်ပါးရဲ့တပည့်တစ်ဦးဖြစ်မယ်ဆိုရင်တောင်မှ သူတို့က ဂရုစိုက်မှာမဟုတ်ဘူး”
“ထျန်ကန်းခန်းမ…”
ချီရွှမ်းစုက တီးတိုးရေရွတ်လိုက်၏။
“ထျန်ကန်းခန်းမကို ဝင်ရောက်တာက အောင်မြင်ထွန်းပေါက်မှုတွေရအောင် ကြိုးပမ်းနိုင်မယ့်အခွင့်အရေးပဲ… အဲဒီအောင်မြင်ထွန်းပေါက်မှုနဲ့ဆိုရင် ငါက အဆင့်-၆ တာအိုဆရာတစ်ဦးဖြစ်လာပြီး ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်နိုင်မယ်… ဒါဆို ငါက ချင်းဖျင်အသင်းတော်ကနေ တတ်နိုင်သမျှမြန်မြန် ထွက်နိုင်တော့မှာပဲ”
“အဲဒါက သဘောတရားတစ်ခုပဲ”
အစ်မချီက သူမ၏ ဆေးတံကိုခေါက်ချပြီး ဆက်ပြောလိုက်၏။
“ချင်းဖျင်အသင်းတော်က ကြီးကျယ်ခမ်းနားတယ်.. ဒါပေမဲ့ အလင်းရောင်အောက်မှာ ရှိမနေနိုင်ဘူး… တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းတွေက ရေရှည်မှာ အဖြေတစ်ခုမဟုတ်ဘူး… တာအိုဂိုဏ်းတော်ထဲမှာ နာမည်တစ်ခု တည်ဆောက်တာကသာ ရှေ့ဆက်တက်ရမယ့် လမ်းကြောင်းတစ်ခုပဲ… တစ်နေ့ ဉာဏ်ပညာဓားကို နင်ကိုင်ဆွဲနိုင်မယ့်နေ့ကို ငါစောင့်မျှော်နေမယ်”
ဉာဏ်ပညာဓားဆိုသည်မှာ အစစ်အမှန်ဓားတစ်လက်မဟုတ်ဘဲ တာအိုအကြီးအကဲ သူတော်စင်များ အသုံးပြုလေ့ရှိသည့် ဓားတစ်လက်လိုပုံသဏ္ဍာန်ရှိသည့် သုံးပေသာသာ အဆောင်အယောင်တစ်ခုဖြစ်သည်။ ၎င်းသည် ဆင်းရဲဒုက္ခ၊ ဝေဒနာ၊ စိတ်ဆန္ဒ၊ လောဘရမ္မက်နှင့် အမျက်ဒေါသကနေ လွတ်မြောက်သည့် အမှတ်သင်္ကေတဖြစ်သည်။ ထို့ကြောင့် လူများ မကြာခဏပြောဆိုလေ့ရှိသည့် ဉာဏ်ပညာဓားကို ကိုင်ဆွဲခြင်းဆိုသည်မှာ သူတော်စင်တစ်ပါးဖြစ်လာခြင်းကို ဆိုလိုသည်။
ချီရွှမ်းစုက သက်ပြင်းချကာ ပြောလိုက်သည်။
“အဲဒါနဲ့ပတ်သက်ပြီး… ကျုပ်မတွေးရဲပါဘူး”
အစ်မချီက ချီရွှမ်းစုအကြေင်း ကောင်းကောင်းသိထားပြီး စကားထောက်လိုက်၏။
“ဒါဆို… ဘာလို့သက်ပြင်းချတာလဲ”
ချီရွှမ်းစုမှာ ပြောစရာမရှိတော့ပေ။
အဆင့်-၇ တာအိုဆရာတစ်ဦးနှင့် အဆင့်-၂ ထိုက်ယီတာအိုဆရာတစ်ဦးကြား ကွာခြားချက်သည် အဆင့်-၇ ခရိုင်ဝန်တစ်ဦးနှင့် ပထမအဆင့် အင်ပါယာအတွင်းဝန်ချုပ်တို့ကြား ကွာဟချက်နှင့် တူညီသည်။ ၎င်းသည် ရင်ကြားစေ့၍ မရနိုင်သော ကွာဟချက်ဖြစ်သည်။ ချီရွှမ်းစုက လက်တွေ့မဆန်သော ထိုအတွေးများကို ခေတ္တခဏဘေးဖယ်ထားပြီး မေးလိုက်၏။
“အစ်မချီ… ထျန်ကန်းခန်းမကို ဝင်ရောက်ရအောင် ခင်ဗျားကျုပ်ကို ဘယ်လိုစီစဉ်ပေးဖို့ တွေးထားလဲ”
အစ်မချီက ပြောလိုက်၏။
“နင်က ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှားမေးနေတာပဲ… ငါက နင့်ရဲ့အခြေအနေကို တင်ပြပေးမယ်… ပြီးရင် တခြားသူတွေက အဲဒီကိစ္စကို ဂရုစိုက်ပေးလိမ့်မယ်… သူတို့ဘယ်လိုလုပ်ဆောင်မလဲ အသေးစိတ်အချက်အလက်ကို ငါတို့လည်း မသိနိုင်ဘူး… ဒါပေမဲ့ ငါနင့်ကို စောစောကပြောခဲ့သလိုပဲ… ချင်းဖျင်အသင်းတော်မှာ ကြီးမားတဲ့စွမ်းအားရှိတယ်… ဘယ်အရာမဆိုတတ်နိုင်တယ်၊ သူတို့ရဲ့လုပ်နိုင်စွမ်းကို ယုံကြည်လိုက်စမ်းပါ”
ချီရွှမ်းစုက ဆက်လက်၍ မမေးမြန်းတော့ပေ။
အလေးအနက်ဆွေးနွေးပြောဆိုပြီးနောက် အစ်မချီသည် တည်တံ့သောအမူအရာကို ဖြေလျှော့ပြီး ဆေးအိုးကိုခေါက်ကာ ပြောလိုက်၏။
“အခု အလုပ်ကိစ္စအကြောင်းဆွေးနွေးပြီးပြီဆိုတော့ ငါတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စကို ဆက်ပြောကြတာပေါ့… နင့်ရဲ့ အခန်းခ ရူယီဒင်္ဂါး ၅၀ နဲ့ နင့်အသက်ကို ကယ်တင်ပေးထားတဲ့ ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ကို ဘယ်အချိန်မှာ ပေးဖို့စဉ်းစားထားလဲ”
ချီရွှမ်းစုက လည်ချောင်းရှင်းကာ ပြောလိုက်၏။
“အစ်မချီ… ကျုပ်အသက်ကိုကယ်တဲ့အတွက် ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ဆိုတာက ဘာသဘောလဲ… ကျုပ်တို့ရဲ့ဆက်ဆံရေးအရဆို ခင်ဗျားက ကျုပ်ကိုကယ်ပေးရမှာပဲမလား”
အစ်မချီက အလွယ်တကူ သဘောတူထောက်ခံလိုက်၏။
“ဟုတ်တာပေါ့… ဒါဆို ငါနောက်တစ်မျိုးပြန်ပြောင်းပြောမယ်… နင့်အတွက် ကူညီသတ်ဖြတ်ပေးတဲ့ ငါ့ရဲ့ဝန်ဆောင်ခကို နင်ဘယ်အချိန်မှာ ရှင်းပေးမှာလဲ… ဘယ်လိုပဲဖြစ်ဖြစ် ငါ အလကားသက်သက်တော့ လူသတ်မပေးနိုင်ဘူး”
ချီရွှမ်းစုက သူ၏ သားရေအိတ်ကိုစမ်းပြီး ပြောလိုက်၏။
“ကျုပ်က တည်းခိုခန်းကနေ ထိုက်ဖျင်ဒင်္ဂါးတစ်ထောင် မရခဲ့ဘူး… အဲဒါကြောင့် အခုကျုပ်မှာ ထိုက်ဖျင်ဒင်္ဂါး ၁၀၀တောင် မရှိဘူး”
အစ်မချီက သာမန်ကာလျှံကာ မေးလိုက်၏။
“နင် ဓားပျံတစ်လက်တော့ ရလာခဲ့တယ်မလား။”
ချီရွှမ်းစု၏ မျက်နှာက အေးစက်တောင့်တင်းသွားကာ ပြောလိုက်၏။
“အစ်မချီ… ခင်ဗျားကျုပ်အိတ်ကို မွှေနှောက်ကြည့်ထားတာလား”
အစ်မချီက နည်းနည်းကလေးမှ မလုံမလဲမခံစားရဘဲ ဆန့်ကျင်ဘက်အနေနှင့် သူမသည် မှန်ကန်ဖြောင့်မတ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဘာလို့လဲ… ငါနင့်အိတ်ကိုသာ ယူကြည့်မထားရင် ဆေးစာအညွှန်းက အထဲကို သူ့ဘာသာသူ ခုန်ဝင်သွားတယ်လို့ နင်ထင်လို့လား”
“ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ဆက်ဆံရေးအရဆို ဒီလိုလုပ်တာ နင်စိတ်မရှိဘူးမလား”
ချီရွှမ်းစုက သက်ပြင်းချကာ ပြောလိုက်၏။
“ဒီအစ်မကတော့…”
အစ်မချီက သူ့ကို ဖြတ်ပြောလိုက်၏။
“မောင်နှမအရင်းတွေတောင် ငွေရေးကြေးရေးကိစ္စကို ရှင်းရှင်းလင်းလင်းခွဲထားရတယ်… စည်းမျဉ်းစည်းကမ်းက နင်တစ်ယောက်တည်းအတွက် ခြွင်းချက်မရှိဘူး”
ချီရွှမ်းစုက မတတ်သာဘဲ သက်ပြင်းချလိုက်၏။
ဤစည်းကမ်းသည် သူတစ်ယောက်တည်းအတွက် တကယ်ပင် ခြွင်းချက်မရှိပေ။ အစ်မချီသည် အခါများစွာမှာ တော်သင့်ကောင်းမွန်သော်လည်း သူမသည် ငွေမက်၊ ကပ်စေးနှဲပြီး လက်ပေါက်ကပ်သည်။ သူမ၏ ထိုဂုဏ်သတင်းက ချင်းဖျင်အသင်းတော်အတွင်းမှာပင် ကျော်ကြားနေသည်။
အခြားတစ်ယောက်သာဆိုလျှင် အစ်မချီသည် သူမ၏ သတ်ဖြတ်ခြင်းဝန်ဆောင်ခအတွက် ထိုက်ဖျင်ဒင်္ဂါး ၃၀၀ တောင်းဆိုပေလိမ့်မည်။ သူမသည် ယခု ဈေးလျှော့တောင်းခြင်းဖြင့် ချီရွှမ်းစုကို မျက်နှာသာပြပေးထားပြီဖြစ်သည်။
ချီရွှမ်းစုသည် မတတ်သာဘဲ မြွေစိမ်းဓားဟုခေါ်သော ဓားပျံကို သူ၏ သားရေအိတ်ထဲကနေ ထုတ်ယူလိုက်၏။ သူက ၎င်းကို စားပွဲပေါ်ချကာ ပြောလိုက်သည်။
“အစကတော့… အဲဒါကို ကျုပ်ဘာသာကျုပ်သုံးဖို့ သိမ်းထားမလို့ဘဲ”
အစ်မချီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“လီမျိုးနွယ်ရဲ့ဓားပျံတွေမှာ ထူးခြားတဲ့အမှတ်သင်္ကေတတွေရှိတယ်… နင်အဲဒါကိုသုံးရင် သူတို့တွေနင့်ကို ရှာတွေ့သွားမှာ မစိုးရိမ်ဘူးလား”
ထိုသို့ပြောရင်း သူမသည် ဓားပျံကို ကောက်ယူပြီး သေသေချာချာစစ်ဆေးကြည့်လိုက်၏။
ခဏနေပြီးနောက် အစ်မချီက ဓားပျံကို လက်ထဲကနေ ပြန်ချကာ ပြောလိုက်သည်။
“ဒီဓားပျံက မဆိုးဘူး… အခြေခံအုတ်မြစ်က ပျက်စီးထိခိုက်မထားတဲ့အတွက် မှောင်ခိုဈေးကွက်မှာ ထိုက်ဖျင်ဒင်္ဂါး ၁၅၀၀ နဲ့ ရောင်းချလို့ရတယ်… ဒါပေမဲ့ သူ့ပေါ်မှာ လီမျိုးနွယ်ရဲ့ ထူးခြားတဲ့အမှတ်သင်္ကေတရှိနေတဲ့အတွက် အဲဒါကို ဓားသွန်းပညာရှင်တစ်ဦးနဲ့ ဖျောက်ဖျက်ပစ်ရမယ်… အဲဒါကြောင့် ဈေးက ထက်ဝက်လျော့ကျသွားလိမ့်မယ်… ငါအဲဒါကို ထိုက်ဖျင်ဒင်္ဂါး ၈၀၀ နဲ့ ရောင်းချလို့ရတယ်”
ချီရွှမ်းစုက ပြောလိုက်၏။
“အစ်မချီ… ခင်ဗျားက မှောင်ခိုဈေးကွက်နဲ့ ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်တယ်ဆိုမှတော့… ကျုပ်အတွက် အဲဒါကို ရောင်းပေးပါလား… ကျုပ်ခင်ဗျားကိုလည်းဝေစုပေးမယ်”
အစ်မချီက ခေါင်းညိတ်ပြီး သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ သေးငယ်သော ရွှေရောင်ပေသီးခုံတစ်ခုကို ထုတ်ယူကာ ပမာဏကို အလျင်အမြန်တွက်ချက်လိုက်၏။
“ပုံမှန်ဆိုရင် ငါ ဝန်ဆောင်ခ တစ်ဆယ်ရာခိုင်နှုန်းယူတယ်… ဒါပေမဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို ထောက်ထားပြီး ငါနင့်ဆီကနေ ငါးရာခိုင်နှုန်းပဲယူမယ်”
“ဝန်ဆောင်ခအတွက် ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ရယ်… ပြီးခဲ့တဲ့နှစ်က နင်ငါ့ဆီကချေးထားတဲ့ ထိုက်ဖျင်ဒင်္ဂါး ၁၃၀ ရယ်… အတိုးလဲ ထည့်တွက်ရမယ်… ပြီးရင် ဒီတစ်ခေါက် အခန်းငှားခ ရူယီဒင်္ဂါး ၅၀ရယ်ဆို နင့်ငါ့ကို စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါး ၃၀၀ ပေးရမယ်… ကျန်တဲ့ ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ကိုတော့ နင်ရမယ်”
ချီရွှမ်းစုက နားထောင်ရင်း ခေါင်းငိုက်စိုက်ကျသွား၏။ နောက်ဆုံးမှာတော့ သူက ခပ်ယဲ့ယဲ့အသံဖြင့် ပြောလိုက်၏။
“ဒါဆိုလည်း လုပ်လိုက်တော့ဗျာ”
အစ်မချီသည် ပေသီးခုံနှင့် ဓားပျံကို လျင်မြန်စွာသိမ်းဆည်းလိုက်၏။ ထို့နောက် အနီရောင်ပိတ်စဖြင့် ထွေးပတ်ထားသော အစည်းငါးစည်းကို ထုတ်ယူပြီး သေသပ်စွာချလိုက်၏။
တကယ်တော့ ဤအစည်းများသည် အနီရောင်ပိတ်စဖြင့် ထွေးပတ်ထားသည့် ထိုက်ဖျင်ဒင်္ဂါး ၁၀၀ စုများဖြစ်သည်။ ထိုက်ဖျင်ငွေဒင်္ဂါးများမှာ ရှေးဟောင်းဒင်္ဂါးများလို အလယ်မှာ လေးထောင့်အပေါက်များမပါသည့်အတွက် သူတို့ကို ကြိုးဖြင့် သီ၍မရဘဲ ပိတ်စဖြင့် ထုတ်ပိုးရသည်။
ထိုက်ဖျင်ဒင်္ဂါးတစ်ပြားသည် အလေးချိန် ၂၇ ဂရမ်ရှိပြီး ငွေ ၈၉ ရာခိုင်နှုန်းနှင့် ကြေး ၁၁ ရာခိုင်နှုန်းပါဝင်သည်။ သန့်စင်မှုအရ ၎င်းသည် အရင်တုန်းက ဈေးကွက်ထဲမှာ လှည့်လည်သုံးစွဲခဲ့သော ငွေဒင်္ဂါးများထက် ပိုမိုကောင်းမွန်သည်။ အစည်းတစ်စည်းမှာ ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ပါပြီး အနီရောင်ပိတ်စဖြင့် ထုတ်ပိုးထားသည့် အစည်းငါးစီးက ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ဖြစ်သည်။
ထိုက်ဖျင်ဒင်္ဂါး ၅၀၀ သည် ယခင်မင်းဆက်တုန်းကဆိုလျှင် နည်းသောငွေပမာဏ မဟုတ်ပေ။ သို့သော်လည်း လက်ရှိမင်းဆက်မှာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးထွန်းကားပြီး… ပင်လယ်ရပ်ခြားကနေ ရွှေနှင့်ငွေက အလုံးအရင်းနှင့် ဝင်ရောက်လာသောကြောင့် ငွေတန်ဖိုးက အနည်းငယ်လျော့ကျပြီး ကြေးတန်ဖိုးက မြင့်တက်လာခဲ့သည်။
ယခင်က တွေ့မြင်ရလေ့မရှိသော ရွှေကိုပင်လျှင် နေရာအများစုမှာ မြင်တွေ့လာရသည်။ နန်းတော်ကပင် ဝူယိုရွှေဒင်္ဂါးများကို ထုတ်ဝေလာခဲ့သည်။ ထို့ကြောင့် ထိုက်ဖျင်ဒင်္ဂါး ၅၀၀ သည် ယခင်တုန်းကလောက် များပြားသော ငွေကြေးပမာဏ မဟုတ်တော့ပေ။
တကယ်တော့ ၎င်းသည် နှိုင်းယှဉ်မှုမျှသာဖြစ်ပြီး အတိအကျမမှတ်ယူနိုင်ပေ။
ချီရွှမ်းစုအတွက်တော့ ထိုက်ဖျင်ဒင်္ဂါး ၅၀၀ က မများသော်လည်း သာမန်လူများအတွက် ၎င်းက များပြားသည့်ငွေပမာဏဖြစ်နေဆဲပင်။
လူသုံးယောက်ရှိသော သာမန်မိသားစုတစ်စု၏ နှစ်စဉ်အသုံးစရိတ်သည် ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်သာဖြစ်သည်။ ထို့ကြောင့် သာမန်မိသားစုတစ်စုသည် ထိုက်ဖျင်ဒင်္ဂါး ၁၀၀ နှင့် ဆယ်နှစ်၊ ထိုက်ဖျင်ဒင်္ဂါး ၅၀၀နှင့် နှစ်ငါးဆယ် ထိုင်စား၍ရလေသည်။
ချီရွှမ်းစုသည် ငွေစည်းတစ်စည်းကိုသာယူပြီး ပြောလိုက်၏။
“ကျန်တဲ့ထိုက်ဖျင်ဒင်္ဂါး ၄၀၀ ကို ကျုပ်… ငွေစက္ကူနဲ့လဲလို့ရမလား… အကြီးတန်သုံးရွက်၊ အလတ်တန်တစ်ရွက်၊ အသေးတန်လေးရွက်နဲ့ အကြွေဆယ်ရွက် ကျုပ်လိုချင်တယ်။”
(မြေအောက်တည်းခိုခန်းမှာ ခြေထော့နင်းအမျိုးသား ထုတ်သုံးခဲ့သည့် ငွေထုတ်လက်မှတ်ဆိုသည်မှာလည်း ငွေစက္ကူနှင့် အတူတူပင် ဖြစ်ပါသည်။ မြန်မာစကားမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူကို အတန်ကြီးဟု ခေါ်ဆိုလေ့ရှိပါသည်။ ဤနေရာမှာ အခေါ်အဝေါ်ကို လိုက်ဖက်ညီအောင် အကြီးတန်၊ အလတ်တန်နှင့် အသေးတန်ဟူ၍ သုံးနှုန်းထားပါသည်။)
တကယ်တော့ ငွေစက္ကူများသည် အင်ပါယာနန်းတော်ကနေ တရားဝင်ထုတ်ပြန်ထားသော ငွေကြေးမဟုတ်ဘဲ ငွေသွင်းငွေထုတ်လုပ်ဖို့အတွက် ပြေစာတစ်မျိုးသာဖြစ်သည်။ ကုန်သွယ်ပွဲစားများစွာသည် ငွေဒင်္ဂါးပမာဏများစွာကို သယ်ဆောင်ဖို့ထက် အသုံးပြု၍လွယ်ကူသော ငွေစက္ကူများကို ပိုမိုသဘောကျကြပြီး ငွေစက္ကူများသည် တဖြည်းဖြည်းနှင့် လူကြိုက်များလာခဲ့သည်။
(ထိုခေတ်တုန်းက ငွေစက္ကူဆိုသည်မှာ သယ်ဆောင်ရလွယ်ကူရန် ဘဏ်မှာ ရွှေငွေအပေါင်ပေးပြီး ထုတ်ယူထားသည့် အာမခံပြေစာပုံစံမျိုး ဖြစ်ပါသည်။)
အစ်မချီသည် ထိုက်ဖျင်ဒင်္ဂါး ၄၀၀ ကို ပြန်သိမ်းယူပြီး ငွေစက္ကူတစ်ထပ်ကို ထုတ်ယူကာ သူတို့ကို အလျင်အမြန်ရေတွက်လိုက်သည်။ သူမသည် ချီရွှမ်းစုတောင်းဆိုသည့် ငွေစက္ကူများကို စားပွဲပေါ်တင်ပေးလိုက်၏။
ထိုအရာများသည် အသစ်စက်စက်ငွေစက္ကူများဖြစ်ပြီး သူတို့ပေါ်မှာ စွဲမက်ဖွယ်ရာမင်နံ့သင်းသင်းကိုပင် ချီရွှမ်းစုရရှိနေသည်။
ချီရွှမ်းစုသည် ငွေစက္ကူများကိုသိမ်းဆည်းရန် လက်လှမ်းပြီး အစ်မချီ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ပုံစံ မှော်သိုလှောင်ပစ္စည်းကို တစ်နည်းတစ်ဖုံမနာလိုအားကျစွာဖြင့် တစ်ချက်ကြည့်လိုက်၏။
အရင်ဆုံး သူသည် ထိုက်ဖျင်ဒင်္ဂါးတစ်ရာကို သူ၏ သားရေအိတ်ထဲသို့ ထည့်ပြီး ထို့နောက် ငွေစက္ကူများကို သူ၏ ရင်ဘတ်ကြားအိပ်ကပ်ထဲ သေသပ်စွာ စီထည့်လိုက်သည်။
နောက်ဆုံးမှာတော့ သူသည် တန်ဖိုးနည်း ငွေစက္ကူအကြွေများကို အလွယ်တကူထုတ်ယူသုံးစွဲနိုင်ရန် သူ၏အင်္ကျီလက်အိုးအိတ်ကပ်ထဲကို ထည့်လိုက်သည်။
ကျယ်ပြန့်သော အင်္ကျီလက်များထဲမှာ အိတ်ကပ်များကို တွဲချုပ်ထားလေ့ရှိပြီး အိတ်ကပ်၏ အပေါက်က အင်္ကျီလက်ပေါက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အဖျားကို ရှူးထားသည်။
ဤပုံစံသည် ငွေဒင်္ဂါး သို့မဟုတ် စာခေါက်များကဲ့သို့ ပစ္စည်းများကို ထည့်သိမ်းဖို့လွယ်ကူပြီး လက်ကိုလွှဲနေသည့်အခါ သို့မဟုတ် နှုတ်ဆက်ရင်း ဦးညွှတ်သည့်အခါမှာပင် ပစ္စည်းများက ထွက်ကျလေ့မရှိပေ။ အင်္ကျီလက်အိုးများထဲမှာ ငွေကြေးသို့မဟုတ် အဖိုးတန်ပစ္စည်းတချို့ကို ထည့်ထားလေ့ရှိသောကြောင့် ဆင်းရဲမွဲတေသောလူများကို ဗလာအင်္ကျီလက်ဟု ခေါ်ဆိုလေ့ရှိကြသည်။
ထို့နောက် အစ်မချီသည် ကတိကဝတ်စာချုပ်တစ်ခုကို ထုတ်ယူပြီး ချီရွှမ်းစု၏ လက်ရေး ဟုတ်မဟုတ် စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူမသည် လက်ဖျောက်တစ်ချက်တီးကာ ၎င်းကို ပြာမှုန့်များအဖြစ် ပြောင်းလဲသွားစေသည်။ အကြွေးကျေသွားပြီဆိုသည့်သဘောဖြစ်သည်။
ချီရွှမ်းစုက မေးလိုက်၏။
“ကျုပ်က ဘိုးဘေးကျောင်းတော်ကို သွားရမှာလား”
အစ်မချီက ပြန်ပြောလိုက်၏။
“ခရီးထွက်ဖို့ပြင်ထား… ၈ လပိုင်း ၁၅ ရက်နေ့မတိုင်ခင် ဘိုးဘေးခန်းကျောင်းတော်ကို ရောက်အောင်သွားရမယ်။”