← Chapters

ဝေဟင်ပျံသင်္ဘော

Vol. 2 Ch. 16

ဝေဟင်ပျံသင်္ဘော

Vol. 2 Ch. 16

နောက်တစ်နေ့ မနက်ခင်းအစောပိုင်းမှာ အစ်မချီက ထွက်သွားပြီဖြစ်ကြောင်း စံအိမ်သခင်က ချီရွှမ်းစုကို သတင်းလာပေးသည်။

အစ်မချီသည် အကြောင်းမကြားဘဲ ဝင်လာတတ်၊ ထွက်သွားတတ်ပြီး အမြဲတမ်းလိုလိုရှာရခက်သောကြောင့် ချီရွှမ်းစုက အံ့အားသင့်မသွားပေ။ မနက်စာစားပြီးနောက် ချီရွှမ်းစုသည် ဘေးကင်းလုံခြုံသောစံအိမ်ကနေ ထွက်ခွာကာ ဘိုးဘေးကျောင်းတော်သို့သွားရာ သူ၏ ခရီးစဉ်ကို စတင်ဖို့ပြင်လိုက်သည်။

ဘိုးဘေးကျောင်းတော်သည် အနောက်ဘက် ခွန်လွင်တောင်တန်းများမှာ တည်ရှိသည်။

ခွန်လွင်တောင်သည် တောင်များအားလုံး၏ ဘိုးဘေး… သို့မဟုတ် လောကသဘာဝအရင်းအမြစ်များ၏ မူလစတင်ရာနေရာဖြစ်သည်။ ၎င်းသည် အနောက်ဘက်ဒေသ၏ အနောက်စူးစူးမှာတည်ရှိပြီး ချီရွှမ်းစုရောက်ရှိနေသော ဟွိုက်နန်စီရင်စုနှင့် ဝေးကွာလွန်းသည်။

အလယ်ပိုင်းလွင်ပြင်ဒေသကနေ ခွန်လွင်တောင်တန်းသို့ ခြေကျင်ခရီးသွားခြင်းသည် အနည်းဆုံး လပေါင်းများစွာကြာမည်ဖြစ်ပြီး အတော်လေးဒုက္ခများပေလိမ့်မည်။ ဒါ့အပြင် လမ်းတစ်လျှောက်မှာ ခရီးစဉ်က ခက်ခဲကြမ်းတမ်းနေပေလိမ့်မည်။ တာအိုတပည့်ဂိုဏ်းသားများစွာသည် ဘိုးဘေးကျောင်းတော်သို့ ပြန်သွားရခြင်းကို အကြီးမားဆုံးအခက်အခဲဟု မှတ်ယူထားကြသည်။

တာအိုကျောင်းတော်သည် ဤအခက်အခဲကို အလေးထားပြီး အမျိုးမျိုးသော နေရာဒေသများမှာ ဝေဟင်ပျံသင်္ဘောများကို တည်ဆောက်ပေးခဲ့သည်။

သူ့အမည်အတိုင်းပင် ဝေဟင်ပျံသင်္ဘောတစ်စီးဆိုသည်မှာ တိမ်စိုင်ပင်လယ်များ၏ အထက်မှာ ရွက်လွှင့်သွားလာနိုင်စွမ်းရှိသော ကြီးမားသည့် ယာဉ်တစ်မျိုးဖြစ်သည်။ ၎င်းကို ထုတ်လုပ်ရမည့်ဖြစ်စဉ်က အလွန်တရာရှုပ်ထွေးပြီး အခြေခံအုတ်မြစ်အဖြစ် နဂါးတစ်ကောင်၏ အရိုးစုတည်ဆောက်ပုံကို ယူထားသည်ဟုဆိုသည်။

မောင်နှင်အားအတွက် နဂါးပုလဲကိုသုံးပြီး သင်္ဘောကို ကောင်းကင်ထက်မှာ နဂါးတစ်ကောင်လို လွင့်မျောနေစေဖို့ အမျိုးမျိုးသော အဆောင်လက်ဖွဲ့များနှင့် အစီအရင်ဝင်္ကပါများကို အသုံးပြုသည်။ ထို့ကြောင့် ဝေဟင်ပျံသင်္ဘောကို နဂါးသင်္ဘောဟုလည်း ခေါ်ဆိုကြသည်။ ဝေဟင်ပျံသင်္ဘောများပေါ်ထွန်းလာမှုနှင့်အတူ အမျိုးမျိုးသော နေရာဒေသများကနေ ခွန်လွင်သို့သွားရာခရီးစဉ်က နေ့တစ်ဝက်သာကြာတော့သည်။

ဤပို့ဆောင်ရေးကို ကျယ်ပြန့်စေဖို့အတွက် တာအိုတပည့်ဂိုဏ်းသားများသည် နဂါးများကို အမဲလိုက်ခဲ့ကြသည်။ ထိုသို့ဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် ရေကန်များမှာရှိသောနဂါးများစွာသည် လူသူအရောက်အပေါက်နည်းသည့် ဝေးကွာလွန်းသော ပင်လယ်အနက်ပိုင်းများဆီ တိမ်းရှောင်သွားပြီး သူတို့ကိုရှာတွေ့ဖို့ခက်ခဲလာသည်။

ယခုအချိန်မှာ ဝေဟင်ပျံသင်္ဘော ၂၀ ရှိပြီး သင်္ဘောတစ်စင်းချင်းစီက လူအယောက်တစ်ရာကို တင်ဆောင်နိုင်သည်။ ကန့်သတ်ထားသော ခရီးစဉ် အရေအတွက်နှင့် ဝင်ဆံ့နိုင်သော လူပမာဏကြောင့် တာအိုတပည့်ဂိုဏ်းသားများသာ ဝေဟင်ပျံသင်္ဘောများကို စီးနင်းခွင့်ရှိကြသည်။ သူတို့သည်လည်း လက်မှတ်များအတွက် ကျသင့်ငွေကိုပေးချေကြရသည်။

နဂါးများသည် ရေနေသတ္တဝါများဖြစ်ပြီး နဂါးပုလဲများသည် သူတို့၏ စွမ်းရည်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် ရေငွေ့ကို စုပ်ယူရန်လိုအပ်သည်။ ပင်လယ်ပြင်၏ အထက်မှာ မောင်းနှင်သွားလာသည့်အခါ ရေခိုးရေငွေ့များက ပေါကြွယ်ဝပြီး ဝေဟင်ပျံသင်္ဘောသည် စွမ်းအင်ကုန်ဆုံးမှုအနည်းဆုံးဖြင့် ခရီးစဉ်ကို ချောချောမွေ့မွေ့သွားလာနိုင်သည်။ သို့သော်လည်း ရေခိုးရေငွေ့ရှားပါးသည့် မိုးခေါင်ရေရှားကုန်းမြေများ၏ အထက်မှာ ပျံသန်းသည့်အခါ ဝေဟင်ပျံသင်္ဘောများသည် လေအဟုန်မှာ ပိုမိုရုန်းကန်ရပြီး စွမ်းအင်သုံးစွဲမှုကို ပိုမိုသိသာစေ၏။ ခွန်လွင်ဒေသသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ အနောက်မြောက်ဘက် ကုန်းတွင်းပိုင်းဒေသမှာ တည်ရှိပြီး ရေခိုးရေငွေ့ရှားပါးသည်။ ထို့သို့ဖြင့် ဝေဟင်ပျံသင်္ဘောများ ခွန်လွင်ဒေသသို့ ချောချောမွေ့မွေ့ရောက်ရှိနိုင်စေရန်အတွက် ၎င်းသည် အားဖြည့်ထောက်ပံ့ပေးမည့် ရွှမ်ဟွမ်ကို လိုအပ်သည်။

ဂမ္ဘီရဆေးကျမ်းမှာ ဖော်ပြချက်အရ ရွှမ်ဟွမ်ကို ရဖို့အတွက် ပြဒါး ၆ ကီလိုဂရမ်နှင့် ခဲ ၁၂ ကီလိုဂရမ်ကို ရောစပ်၍ ဓာတ်ပေါင်းဖိုထဲတွင် ပြင်းထန်သောအပူချိန်အောက်မှာ ကျိုရသည်။ ထိုအခါ ခဲနှင့် ပြဒါးသည် ခရမ်းရောင်ရှိသော သူတို့၏ အမြုတေကို ထုတ်ပေးပေလိမ့်မည်။ ထို့နောက် ၎င်းကို သံမဏိဇွန်းဖြင့် ခပ်ယူရပြီး ထိုပစ္စည်းကို ရွှမ်ဟွမ်ဟု ခေါ်သည်။

ရွှမ်ဟွမ်သည် ရေဓာတ်ကိုထုတ်ပေးသည့် သတ္တုတစ်မျိုးဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုသို့ဖြင့် ၎င်းသည် နဂါးပုလဲများကို အားဖြည့်ထောက်ပံ့ပေးနိုင်ပြီး ဝေဟင်ပျံသင်္ဘောများအတွက် အားဖြည့်လောင်စာဖြစ်သည်။

ဝေဟင်ပျံသင်္ဘောများ ပြေးဆွဲမှုကို ထိန်းသိမ်းရန် ရွှမ်ဟွမ်ကို သန့်စင်ထုတ်လုပ်ပေးသည့် ရွှမ်ဟွမ်ဌာနတစ်ခု တာအိုဂိုဏ်းတော်မှာရှိသည်။ တာအိုတပည့်ဂိုဏ်းသားများစွာသည် ဤလုပ်ငန်းသို့ဝင်ရောက်ပြီး လူတစ်ယောက်လျှင် လုပ်ခလစာ ထိုက်ဖျင်ဒင်္ဂါးသုံးပြားကို ရရှိကြသည်။ သူတို့သည် တစ်နှစ်မှာ ထိုက်ဖျင်ဒင်္ဂါး ၃၆ ပြားကို ရရှိနိုင်မည်ဖြစ်သည်။

လူသုံးယောက်ရှိသော သာမန်မိသားစုတစ်စု၏ နှစ်စဉ်အသုံးစရိတ် ထိုက်ဖျင်ဒင်္ဂါး ၁၀ အပေါ် အခြေခံပြီး တွက်ချက်မည်ဆိုလျှင် ထိုဌာနမှာရှိသော တာအိုတပည့်ဂိုဏ်းသားများသည် သူတို့၏ ဇနီးမယား၊ သားသမီးများကို ထောက်ပံ့ပေးနိုင်ရုံသာမက တစ်နှစ်လျှင် အပိုအလျှံထိုက်ဖျင်ဒင်္ဂါး ၂၀ ကိုပါ စုဆောင်းနိုင်မည်ဖြစ်သည်။

ရွှမ်ဟွမ်ဌာနမှာ တာအိုတပည့်ဂိုဏ်းသားတစ်ထောင်ကျော်ရှိပြီး နှစ်စဉ်လုပ်အားခသက်သက်ကပင် ထိုက်ဖျင်ဒင်္ဂါး လေးသောင်းနီးပါးရှိသည်။

ကုန်ကြမ်းပစ္စည်းများ၏ တန်ဖိုးကလည်း ဈေးမပေါပေ။ ထိုက်ဖျင်ဒင်္ဂါးတစ်ပြားသည် ပြဒါး ၃.၆ ကီလိုဂရမ်ကိုသာ ဝယ်ယူနိုင်ပြီး ရွှမ်ဟွမ် ၅၀ ဂရမ်ကို သန့်စင်ထုတ်လုပ်ဖို့ ပြဒါး ၁၂ ကီလိုဂရမ်ကို လိုအပ်သည်။

ဝေဟင်ပျံသင်္ဘောခရီးတစ်ကြောင်းသည် ရွှမ်ဟွမ် ၁၀၈၀ ကီလိုဂရမ်ကို ကုန်ဆုံးစေပြီး တခြား ကုန်ကျစရိတ် ခဲ၊ ကျောက်မီးသွေး၊ ကတ္တရာစေးနှင့် ရေနံဆီတို့ကို ထည့်မတွက်ရသေးပေ။

ဤကဲ့သို့သောကုန်ကျစရိတ်များကြောင့် ဝေဟင်ပျံသင်္ဘောစီးဖို့အတွက် လူတစ်ယောက်စာလက်မှတ်တန်ဖိုးသည် အတော်လေးမြင့်မားပြီး ခရီးတစ်ကြောင်းကို ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ကျသင့်သည်။ တရားဝင်အလုပ်ကိစ္စပါလာသော သို့မဟုတ် အရေးပါအရာရောက်သော ပုဂ္ဂိုလ်များသာလျှင် လက်မှတ်တန်ဖိုးပေးချေရခြင်းမှ ကင်းလွတ်ခွင့်ရနိုင်သည်။

ချီရွှမ်းစုမှာ ပြစရာတရားဝင်အလုပ်ကိစ္စ ပါမလာခဲ့ပေ။ သူသည် ဝေဟင်ပျံသင်္ဘောကို စီးနင်းချင်သည်ဆိုလျှင် သူသည် လက်မှတ်တစ်စောင်ဝယ်ဖို့ ထိုက်ဖျင်ဒင်္ဂါး ၁၀၀ ကို သုံးစွဲရမည်ဖြစ်သည်။ သူသည် ထိုတန်ဖိုးကို မပေးချေလိုလျှင် သို့မဟုတ် ငွေကြေးချွေတာလိုလျှင် သူ့အတွက် အခြားသောရွေးချယ်စရာမှာ ခွန်လွင်ဒေသသို့ ခြေကျင်ခရီးသွားဖို့ဖြစ်သည်။ သို့သော်လည်း ထိုသို့ဆိုလျှင် သူသည် ၈လပိုင်း ၁၅ရက်နေ့မတိုင်ခင် ထိုနေရာကို ရောက်ရှိနိုင်တော့မည်မဟုတ်ပေ။

အပြန်အလှန်စဉ်းစားသုံးသပ်ပြီးနောက် ချီရွှမ်းစုသည် ခွန်လွင်ဒေသဘိုးဘေးကျောင်းတော်ကို သွားမည့် ဝေဟင်ပျံသင်္ဘောကို လိုက်ပါစီးနင်းဖို့ ဝန်လေးနှမြောစွာဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။

ဒါ့အပြင် ဝေဟင်ပျံသင်္ဘောများက အမြဲတမ်းရှိမနေပေ။ ဝေဟင်ပျံသင်္ဘောသည် ခွန်လွင်ဒေသ၊ ဘိုးဘေးကျောင်းတော်သို့ လတစ်လ၏ ၁ ရက်နေ့နှင့် ၁၅ ရက်နေ့မှာသာ ပျံသန်းပြေးဆွဲမည်ဖြစ်သည်။ သူသည် ထိုအခွင့်အရေးကို လွဲချော်မည်ဆိုလျှင် နောက်ထပ်လာမည့်ခရီးစဉ်အတွက် လဝက်ကြာအောင် ထပ်မံစောင့်ဆိုင်းရပေလိမ့်မည်။

ယနေ့က ၇ လပိုင်း ၁၃ ရက်နေ့ဖြစ်ပြီး လ၏ ၁၅ ရက်နေ့ကို ရောက်ဖို့အတွက် နှစ်ရက်သာလိုတော့သည်။

ကံကောင်းထောက်မစွာဖြင့် ဟွိုက်နန်စီရင်စုသည် ပြည်နယ်မြို့တော်ဖြစ်ပြီး ဝေဟင်ပျံသင်္ဘောဆိပ်က ဟွိုက်နန်မြို့တော်ကနေ သိပ်ပြီးမကွာဝေးပေ။ ထိုက်ဖျင်တောင်ပေါ်မှာရှိသော သင်္ဘောဆိပ်သည် မြို့တော်ကနေ နေ့ဝက်ခရီးသာရှိသည်။

ချီရွှမ်းစုသည် ကြန့်ကြာမနေလိုဘဲ ထိုက်ဖျင်တောင်သို့ ချက်ချင်းပင်ဦးတည်လိုက်သည်။

ချီရွှမ်းစုသည် ထိုက်ဖျင်တောင်ကို တစ်ခါမှမရောက်ဖူးသော်လည်း ၎င်းကိုရှာဖွေဖို့က မခက်ခဲပေ။ ဝေဟင်ပျံသင်္ဘောဆိပ်အဖြစ် ဆောင်ရွက်ပေးခြင်းအပြင် ထိုက်ဖျင်တောင်သည် ဒုတိယအဆင့် ထိုက်ယီတာအိုဆရာတစ်ဦး စိုးစံနေသည့် လုကျိုးတာအိုစံအိမ်၏ တည်နေရာလည်းဖြစ်သည်။

ထိုက်ဖျင်တောင်မှာ တောင်တန်းများက အဆက်မပြတ်သွယ်တန်းနေပြီး တောင်ခြေကနေ တောင်ခါးပန်းအထိ ကျောက်လှေခါးထစ်များကို ခင်းကျင်းထားသည်။ ထိုက်ဖျင်တောင်ကိုရောက်လာပြီးနောက် ချီရွှမ်းစုသည် ကျောက်လှေခါးထစ်များအတိုင်း တက်လှမ်းသွားသည်။

နှစ်နာရီခန့်ကြာပြီးနောက် သူသည် လှေခါးထစ်စိုက်ခင်းများကို ခပ်ရေးရေးတွေ့မြင်လိုက်ရသည်။ လှေခါးထစ်စိုက်ခင်းအလွှာများသည် နတ်ဘုံနတ်နန်း သက်ရှိများအတွက် တည်ဆောက်ပေးထားသော လှေခါးထစ်များနှင့်တူနေသည်။ ဤတစ်ခေါက်မှာ တာအိုဝါဒယုံကြည်သူများစွာသည် လှေခါးထစ်စိုက်ခင်းများမှာ စိုက်ပျိုးနေကြသည်။

တောင်တက်လှမ်းက တဖြည်းဖြည်းမတ်စောက်ပြီး လှိုင်းတွန့်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် ချောက်ကမ်းပါးတစ်ခုကို ရောက်ရှိလာ၏။ ချောက်ကမ်းပါး၏ အစပ်မှာ သာမန်မြင်းရထားလုံးအရွယ် ခြင်းတောင်းကြီးတစ်ခုရှိနေ၏။ ၎င်းကို တုတ်ခိုင်သော သတ္တုချိန်းကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ပြီး ချိန်းကြိုးကို အထက်မှာရှိသော မြူခိုးထူထူ တိမ်စိုင်များဆီသို့ သွယ်တန်းထားသည်။

ခြင်းတောင်း၏ ဘေးမှာ လက်နှစ်ဖြင့် မောင်းနှင်ထိန်းချုပ်ရသော လက်ဝါးကပ်တိုင်ပုံစံ ကြီးမားသည့် စက်ယန္တရားတစ်ခုရှိနေပြီး ၎င်း၏ ဘေးမှာ အဆင့်-၉ တာအိုဆရာတစ်ဦး မတ်တတ်ရပ်နေသည်။

သူ၏ ပုဂ္ဂိုလ်ရေးအထောက်အထားကို ထုတ်ပြပြီးနောက် ချီရွှမ်းစုသည် ခြင်းတောင်းထဲသို့ တက်လှမ်းကာ အဆင့်-၉ တာအိုဆရာက စက်ယန္တရားကို မောင်းနှင်လိုက်သည်။ ဆက်တိုက်ထွက်ပေါ်လာသော တချပ်ချပ်မြည်သံနှင့်အတူ ခြင်းတောင်းက မြေပြင်ကနေ တဖြည်းဖြည်း စတင်၍ကြွတက်သွားသည်။ အပေါ်မှာရှိသော ဝန်ချီစက်က ခြင်းတောင်းကို တဖြည်းဖြည်းမယူသွားလေသည်။

ခြင်းတောင်က အပေါ်ကို ဆက်လက်တက်လှမ်းနေစဉ် ချီရွှမ်းစုက မော့ကြည့်ပြီး အဖြူရောင်မြူခိုးများကို တွေ့မြင်လိုက်ရ၏။ ခဏနေပြီးနောက် ဦးခေါင်းထက်မှာရွေ့လျားနေသော တိမ်စိုင်များကို တွေ့မြင်လိုက်ရသည်။ သူသည် တိမ်စိုင်များကို ဖြတ်ကျော်ပြီးနောက် ငုံ့ကြည့်သည့်အခါ တခွင်တပြင်ဖြန့်ကြက်ထားသည့် အဖြူရောင်မြူခိုးများကိုသာ တွေ့မြင်ရတော့သည်။

အတန်ကြာပြီးနောက် နောက်ဆုံးမှာ ခြင်းတောင်းက ရပ်တန့်သွား၏။ သူတို့သည် တောင်ထိပ်ကို ရောက်ရှိလာပြီး ချီရွှမ်းစု၏ အမြင်အာရုံကို ပထမဆုံး ဖမ်းစားသွားသည့်အရာမှာ ‘ထိုက်ဖျင်ဝူယို’ ဟု ရွှေရောင်စာလုံးလေးလုံး ရေးထိုးထားသည့် ကြီးမားသည့် အဖြူရောင်ကျောက်စိမ်းမုခ်ဦးတစ်ခုဖြစ်ပြီး နေရောင်အောက်မှာ တဝင်းဝင်းတလက်လက်တောက်ပနေသည်။

ဤမုခ်ဦးကို တွေ့မြင်သော သာမန်လူများသည် ထိုက်ဖျင်ငွေဒင်္ဂါးနှင့် ဝူယိုရွှေဒင်္ဂါးတို့ကို ထုတ်ခဲ့ပြီးမှ ဤနေရာကို အမည်ပေးထားခြင်းဖြစ်မည်ဟု တွေးမိကောင်းတွေးမိပေလိမ့်မည်။ သို့သော်လည်း ဤမုခ်ဦး၏ နောက်ကွယ်မှအဓိပ္ပါယ်ကို နားလည်သဘောပေါက်ထားသည့်သူများသာလျှင် တာအိုဂိုဏ်းတော်၏ ကြီးကျယ်ခမ်းနားမှုကို တွေ့မြင်သိရှိနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုက်ဖျင်ဒင်္ဂါးနှင့် ဝူယိုရွှေဒင်္ဂါး၏ အမည်သည် ဤမုခ်ဦးကနေ အရင်းခံဆင်းသက်လာခဲ့ခြင်းဖြစ်သည်။

မုခ်ဦးနှင့် မလှမ်းမကမ်းမှာ ပေ ၁၀၀ ခန့် မြင့်မားသော ဧရာမလှည်းဘီးတစ်ခု ရှိနေ၏။ ၎င်းက ဖြည်းဖြည်းချင်းနှင့် အဆက်မပြတ်လည်ပတ်နေသည်။ ဧရာမလှည်းဘီးသည် ဘယ်ဆီဘယ်ဝယ်မသိ နေရာတစ်ခုဆီ ဦးတည်နေသော ရှည်လျားသည့် စက်ယန္တရားလက်တံများစွာနှင့် ချိတ်ဆက်နေသည်။

ချီရွှမ်းစုသည် ဤနေရာကို ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်ပြီး အတော်လေးအံ့အားသင့်မိနေသည်။

ချောက်ကမ်းပါးစွန်းမှာတုန်းကလိုပင် တောင်ထိပ်ရှိ ကြီးမားသောဝန်ချီစက်ဘေးမှာ လက်ဝါးကပ်တိုင်ပုံစံ နောက်ထပ် စက်ယန္တရားတစ်ခုရှိနေပြီး ၎င်း၏ ဘေးမှာ အဆင့်-၉ တာအိုတပည်ဂိုဏ်းသားတစ်ဦးက မတ်တတ်ရပ်နေ၏။

ချီရွှမ်းစုရောက်ရှိလာသောအခါ အဆင့်-၉ တာအိုတပည့်ဂိုဏ်းသားက ဘေးပတ်ဝန်းကျင်နှင့် မိတ်ဆက်ပေးလိုက်၏။

“ဒါက အာကာသလှည်းဘီးပါ… ခင်ဗျား ခြင်းတောင်းစီးပြီး ဒီနေရာကိုရောက်လာနိုင်ခဲ့တာ… ဒီလှည်းဘီးကြောင့်ပါပဲ… ထိုက်ဖျင်တစ်တောင်လုံးရဲ့ လည်ပတ်မှုကို ထိန်းသိမ်းပေးထားတဲ့ အာကာသလှည်းဘီး ၉ ခုရှိတယ်”

ချီရွှမ်းစုက လည်ပတ်မှု ဟူသော စကားလုံးမှာ အနည်းငယ်ဒွိဟဖြစ်သွားသည်။ ထိုစကားလုံးပေါ် သူနားလည်ထားသလောက် ရာသီဥတုအကူးအပြောင်းကိုဖြစ်သော နေနှင့်လတို့၏ လည်ပတ်မှုဖြစ်သည်။

သို့သော်လည်း တောင်တန်းများသည် နေနှင့်လတို့လို မရွေ့လျားနိုင်သည့် တည်ငြိမ်အရာများဖြစ်ပြီး ထိုသူက ဘာကြောင့်လည်ပတ်မှုဟူသော စကားလုံးကို သုံးရတာလဲ သူစဉ်းစားနေမိသည်။

သို့သော်လည်း ချီရွှမ်းစုသည် ခပ်ကြောင်ကြောင်လူမဖြစ်ချင်ဘဲ ထပ်မံ၍ မေးမြန်းစုံစမ်းခြင်းမရှိချေ။ သူက ရှေ့ကိုဆက်လက်လျှောက်လှမ်းသွား၏။

မုခ်ဦးကို ဖြတ်ကျော်လာပြီးနောက် ဖြောင့်တန်းသော ကျောက်သားလမ်းတစ်ခုရှိနေပြီး ၎င်း၏ နောက်မှာ အလွန်တရာရှည်လျားသည့် လှေကားတစ်ခုရှိနေ၏။ အနားကို ချဉ်းကပ်လာပြီးနောက် ဤလှေခါးထစ်များကို အမျိုးအမည်မသိသောပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားပြီး သူတို့က အမှန်တကယ်ပင် ရွေ့လျားနေသည်ကို ချီရွှမ်းစုက တွေ့မြင်လိုက်ရသည်။ လှေခါးကို အလယ်က‌နေ ပိုင်းခြားထားပြီး ဘယ်ဘက်ခြမ်းက အပေါ်ကိုရွေ့လျားနေကာ ညာဘက်ခြမ်းက အောက်ဘက်ကို ရွေ့လျားနေသည်။

လူတစ်ယောက်က လှေခါးထစ်ပေါ်ကို ခြေချလိုက်သည်နှင့် လှေခါးထစ်များသည် တရှပ်ရှပ်မြည်သံနှင့်အတူ အပေါ် သို့မဟုတ် အောက်သို့ ရွေ့လျားသွားပေလိမ့်မည်။ ချီရွှမ်းစုသည် လှေခါးထစ်များကြား အဟကြောင်းများကို သေသေချာချာသတိထားကြည့်ရှုလိုက်ပြီး အထဲမှာ အဆက်မပြတ်လည်ပတ်နေသည့် အရွယ်အစားအမျိုးမျိုး ဂီယာအုံများ ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။

သူသည် ပို၍ပင် အံ့အားသင့်သွားရသည်။

‘ဒီလှေခါးထစ်တွေက တကယ်ကိုရွေ့လျားနေတာပဲ၊ အဲဒါကြောင့် အာကာသလှည်းဘီးဟု ခေါ်တာလား’ဟု သူက တွေးလိုက်သည်။

တစ်ခဏချင်းမှာပင် လှေခါးထိပ်ကိုရောက်ရှိလာပြီး ထွင်းထုထားသော ထုပ်တန်းများ၊ ရက်မတန်းများပါသည့် ပေ ၃၀ ကျော် မြင့်မားသော ခမ်းနားထည်ဝါသည့် ခန်းမတစ်ခုကို တွေ့မြင်လိုက်ရသည်။

အဆောက်အဦးကို အဖြူရောင်က လွှမ်းမိုးထားပြီး ကောင်းကင်ယံထက်မှ နတ်ဘုံနတ်နန်းတစ်ခုနှင့် ဆင်တူနေ၏။ ၎င်းတံခါး၏ တစ်ဘက်တစ်ချက်စီမှာ အချိန်ကိုတိုင်းတာပြထားသော နေနာရီများနှင့် သဲနာရီများလည်းရှိနေသည်။ ခန်းမ၏ ကြမ်းပြင်ကို အနက်ရောင်စကျင်ကျောက်ဖြင့် ခင်းထားပြီး ကြေးမုံတစ်ချပ်လို လူတစ်ယောက်၏ အရိပ်ကို ရောင်ပြန်ဟပ်ပေးနိုင်သည်။

ချီရွှမ်းစုသည် အလိုလိုမော့ကြည့်ပြီး ခန်းမ၏ အမိုးခုံးသည် အမျိုးအမည်မသိရသည့် ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားသည့် ကြယ်တာရာမြေပုံတစ်ချပ်ဖြစ်သည်ကို သတိထားမိလိုက်သည်။ အရွယ်အစားအမျိုးမျိုးကြယ်များသည် ခပ်ဖျော့ဖျော့အလင်းရောင်ကို ဖြာထုတ်ပေးနေရုံသာမက သူတို့သည် ပတ်လမ်းတချို့ဖြင့် ဖြည်းဖြည်းချင်းရွေ့လျားနေ၏။ ယခုအချိန်က နေ့ဘက်အချိန်ဖြစ်ပြီး သိပ်မသိသာသော်လည်း ညဘက်ကိုရောက်မည်ဆိုလျှင် ၎င်းသည် တကယ့်ကို ရှုစားစရာမြင်ကွင်းတစ်ခုဖြစ်နေပေလိမ့်မည်။

ဤအခိုက်အတန့်မှာ ချီရွှမ်းစုသည် အင်ပါယာနန်းတော်သို့ ဝင်ရောက်လာသော တောသားလူနုံတစ်ယောက်လို သူ့ကိုယ်သူ ထင်မြင်ခံစားမိလိုက်သည်။

အဆင့်- ၇ တာအိုဆရာတစ်ဦးဖြစ်သော ချီရွှမ်းစုပင် ထိုသို့ဆိုလျှင် သာမန်လူတစ်ဦးသည် ဤနေရာက ကောင်းကင်ဘုံ၏ နတ်ဘုံနတ်နန်းဖြစ်မည်ဟု တွေးထင်မိပေလိမ့်မည်။ လူတချို့သည် တာအိုဘိုးဘေးကျောင်းတော်ကို ကောင်းကင်ယံထက်က အဖြူရောင်ကျောက်စိမ်းမြို့တော်ဟု ခေါ်ဆိုကြသည်မှာ အံ့ဩစရာမရှိတော့ပေ။

ချီရွှမ်းစုသည် သူ၏ စိတ်ကို တည်ငြိမ်စေပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။ မလှမ်းမကမ်းမှာ အနက်ရောင်စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော ကောင်တာတစ်ခုကို တွေ့မြင်သွားပြီး သူက ထိုနေရာသို့ အလျင်အမြန်လျှောက်လှမ်းသွားသည်။

ကောင်တာ၏ နောက်ဘက်မှာ အဆင့်- ၉ တာအိုဂိုဏ်းသားတစ်ဦးဖြစ်သော ချောမောလှပသည့် အမျိုသမီးတစ်ဦး မတ်တတ်ရပ်နေသည်။ ချီရွှမ်းစု၏ ပုဂ္ဂိုလ်ရေးအထောက်အထားကိုကြည့်ပြီး သူမက ပြုံး၍မေးလိုက်၏။

“ရှင်က ခွန်လွင်ဘိုးဘေးကျောင်းတော်ကို သွားမလို့လား”

ချီရွှမ်းစုက ငွေစက္ကူအတန်ကြီးတစ်ရွက်ကို ပြင်ဆင်၍ သူ၏ အင်္ကျီလက်အိုးအိတ်ကပ်ထဲမှာ ထည့်ထားပြီးသားဖြစ်သည်။ ယခုအချိန်မှာ သူသည် မင်နံ့ဖျော့ဖျော့သင်းနေသည့် ငွေစက္ကူအတန်ကြီးကို ထုတ်ယူပြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီး ဘိုးဘေးကျောင်းတော်ဆီသွားမယ့် လက်မှတ်တစ်စောင်ပေးပါ”

“ကောင်းပါပြီရှင်”

အမျိုးသမီးက ထိုက်ဖျင်ဒင်္ဂါးတစ်ရာတန်သော ငွေစက္ကူကိုယူပြီး ထူးခြားသော ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ ချီရွှမ်းစုကို ကမ်းပေးလိုက်၏။

“ကျေးဇူးပြုပြီး နောက်ဘက်ခန်းမမှာ ဝေဟင်ပျံသင်္ဘောကို စောင့်ဆိုင်းပေးပါရှင်.. သင်္ဘောပေါ်တက်တဲ့အခါ ရှင့်ရဲ့ပုဂ္ဂိုလ်ရေးအထောက်အထားနဲ့ ဒီကျောက်စိမ်းတံဆိပ်ပြားကို ပြပေးပါနော်။”

ချီရွှမ်းစုသည် ကျောက်စိမ်းတံဆိပ်ပြားကိုယူပြီး စစ်ဆေးကြည့်ရှုလိုက်၏။ ၎င်းမှာ ထူးထူးခြားခြားမည်သည့်အရာမှ မပါပေ။ ရှေ့ဘက်ခြမ်းမှာ ၆၃ ဟုရေးထိုထားသည့် နံပါတ်တစ်ခုသာ ပါပြီး ၎င်းသည် ချီရွှမ်းစုက ဤဝေဟင်ပျံသင်္ဘောကို လိုက်ပါစီးနင်းမည့် ၆၃ ယောက်မြောက်လူဖြစ်သည်ဟု ညွှန်ပြပေးနေခြင်းဖြစ်သည်။

သူသည် ကျောက်စိမ်းတံဆိပ်ပြားကို သိမ်းဆည်းပြီး အမျိုးသမီးညွှန်ပြသည့်အတိုင်း နောက်ဘက်ခန်းမရှိရာသို့ လျှောက်လှမ်းသွား၏။

နောက်ဘက်ခန်းမသို့ ဝင်ရောက်လာပြီးနောက် အရာရာတိုင်းက ပို၍ရှင်းလင်းသွားသည်။

ခန်းမ၏ မြောက်ဘက်နံရံတစ်ခုလုံးကို အုတ် သို့မဟုတ် ကျောက်ဖြင့် မဟုတ်ဘဲ ဖန်သားဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်မှာရှိသောမြင်ကွင်းကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

ခန်းမ၏ အပြင်ဘက်မှာ နေရောင်အောက်တွင် ရောင်စုံအလင်းဖြင့် တလက်လက်တောက်ပနေသည့် ရေကန်တစ်ကန်ရှိနေသည်။

ခန်းမထဲမှာ ထိုင်ခုံများကို စစ်တုရင်ကွက်များလို အစီအရီခင်းကျင်းထားပြီး လူများစွာက နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် ထိုင်နေကြပြီဖြစ်သည်။

သူတို့အားလုံးသည် တာအိုတပည့်ဂိုဏ်းသားများဖြစ်ကြပြီး များသောအားဖြင့် အဆင့်-၆ နှင့် အဆင့်-၅ တာအိုဆရာများဖြစ်ကြသည်။ အဆင့်-၄ အကြီးအကဲတချို့လည်းရှိနေကြသည်။ ချီရွှမ်းစုလို အဆင့်-၇ တာအိုဆရာတစ်ဦးက ဤနေရာမှာ ရှားရှားပါးပါးဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုက်ဖျင်ဒင်္ဂါးတစ်ရာသည် နည်းသည့် ငွေကြေးပမာဏမဟုတ်ဘဲ အဆင့်-၇ တာအိုဆရာအများစုသည် ဤကဲ့သို့ မသုံးဖြုန်းနိုင်ကြပေ။ သို့သော်လည်း မည်သူကမှ ချီရွှမ်းစုကို အထင်မသေးရဲပေ။ ဝေဟင်ပျံသင်္ဘောစီးနင်းဖို့ ထိုက်ဖျင်ဒင်္ဂါးတစ်ရာကို သုံးစွဲနိုင်သည့် အဆင့်-၇ တာအိုတပည့်ဂိုဏ်းသားတစ်ဦးမှာ ထူးခြားသည့် နောက်ခံတစ်ခုရှိနေနိုင်သည်။

လူအများစုသည် ချီရွှမ်းစုကို တစ်ချက်မျှသာကြည့်ပြီးနောက် သူတို့၏ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်ကာ အနားယူနေကြသည်။

ချီရွှမ်းစုသည် မထင်မရှားထောင့်တစ်နေရာမှာ ခြေချိတ်ထိုင်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ တရားထိုင်၍ ဝေဟင်ပျံသင်္ဘောရောက်အလာကို တိတ်တဆိတ် စောင့်ဆိုင်းနေ၏။

ရှန်းထျန်သက်ရှိများအနေဖြင့် မစားမသောက်ဘဲ နှစ်ရက်လောက်တရားရှုမှတ်နေဖို့က အခက်အခဲမရှိပေ။

တစ်ရက်ကြာပြီးနောက် တစ်စုံတစ်ယောက်က ရုတ်တရက်ထုတ်ပြန်ကြေညာလိုက်သည်။

“ဝေဟင်ပျံသင်္ဘောရောက်လာပါပြီ။”

All Chapters