ဖေးရှောင်လို
Vol. 2 Ch. 17
သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ တရားထိုင်နေသည့် ချီရွှမ်းစုသည် ထုတ်ပြန်ကြေညာချက်ကို ကြားလိုက်ရပြီး အပြင်ဘက်ကို လှမ်းကြည့်သည်။
ဝေဟင်ပျံသင်္ဘောတစ်စင်းသည် တိမ်စိုင်ပင်လယ်ကိုဖြတ်ကျော်ပြီး ဖြည်းဖြည်းချင်းဆင်းသက်လာသည်ကို သူတွေ့မြင်ရ၏။ ၎င်း၏ ဦးစွန်းက နဂါးတစ်ကောင်၏ ဦးခေါင်းနှင့် ဆင်တူပြီး သင်္ဘောကို ရေခိုးရေငွေ့များက လွှမ်းခြုံထားသည်။ ရေစက်များက အဆက်မပြတ်လိမ့်ဆင်းနေပြီး သင်္ဘော၏ အောက်ဘက်မှာ ခပ်ဖျော့ဖျော့ မိုးဖွဲတစ်ခုကို ဖြစ်ပေါ်နေစေသည်။
၎င်းသည် ကျောထက်မှာ အဆောက်အအုံတစ်ခုတင်ဆောင်ပြီး တိမ်စိုင်များကြာမှာ ပျံသန်းနေသည့် နဂါးတစ်ကောင်နှင့်တူနေသည်။ ၎င်းဖြတ်သွားရာနေရာတိုင်းမှာ လေနှင့်မိုးက လိုက်ပါလာသည်။
ဤသည်မှာ ဝေဟင်ပျံသင်္ဘောတစ်စင်းဖြစ်သည်။ ဝေဟင်ပျံသင်္ဘောသည် ခန်းမ၏ အပြင်ဘက် အပြာရောင်ရင်ပြင်ပေါ်ကို ဆင်းသက်ပြီး ဝဲဂယက်များဖြာထွက်၍ စိုစွတ်နေသောလေများက ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ ၎င်းသည် သာမန်အဆောက်အအုံတစ်လုံးလို ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေသည်။
ဤသည်က ချီရွှမ်းစုကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေသည်။
ဆိပ်ကမ်းကို တောင်ပေါ်မှာ တည်ဆောက်ထားသည်မှာ မထူးဆန်းတော့ဟု သူက တွေးလိုက်သည်။
ဝေဟင်ပျံသင်္ဘောက လုံးလုံးလျားလျား ရပ်တန့်သွားပြီးနောက် ဘေးတစ်ဘက်တစ်ချက်စီမှာ လက်ရန်းပါသော သစ်သားလှေကားရှည်တစ်ခုသည် သင်္ဘောပေါ်ကနေ ကျဆင်းလာသည်။ လှေခါးထစ်အောက်ခြေသည် ရေကန်ဘောင်ပေါ်ရှိ အကြားတစ်ခုထဲသို့ ဝင်ရောက်ချိတ်ဆက်ပြီး လှေကားကို တည်ငြိမ်စွာ သွယ်တန်းသွားစေ၏။
ထိုစဉ် လူတစ်အုပ်စုသည် လှေကားကနေ ဆင်းသက်လာကြ၏။ သူတို့အများစုသည် ခံ့ညားသည့်ပုံပေါ်ပြီး သူတို့မှာ ရိုသေလေးစားထိုက်သော သရုပ်သကန်များရှိကြသည်။ သူတို့သည် ခန်းမထဲမှာ သိပ်ကြာကြာမနေဘဲ အလျင်အမြန်လူစုခွဲထွက်ခွာသွားကြသည်။ အဆင့်-၇ တာအိုဆရာတစ်ဦးက နောက်ဆုံးမှ လှေကားကနေ ဆင်းသက်လာ၏။ သူက ဟိန်းထွက်နေသောအသံဖြင့် အော်ပြောလိုက်၏။
“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ပုဂ္ဂိုလ်ရေးအထောက်အထားတွေနဲ့ ကျောက်စိမ်းတံဆိပ်ပြားကိုပြပြီး သင်္ဘောပေါ်ကို အစဉ်တိုင်း တက်ပေးကြပါခင်ဗျာ။”
နောက်ဘက်ခန်းမထဲမှာ အတန်ကြာအောင်စောင့်ဆိုင်းနေခဲ့ကြသော ခရီးသည်များသည် သင်္ဘောပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားကြသည်။ အဆင့်-၇ တပည့်ဂိုဏ်းသားသည် ခရီးသည်များ၏ ပုဂ္ဂိုလ်ရေးအထောက်အထားများကို နေရာမှာတင်စစ်ဆေးပြီး ကျောက်စိမ်းတံဆိပ်ပြားများကိုသာ ပြန်သိမ်းယူထားသည်။ နောင်တွင် သူသည် ကျောက်စိမ်းတံဆိပ်ပြားများကို လက်မှတ်ကောင်တာမှ အမျိုးသမီးဆီ ပြန်ပေးပေလိမ့်မည်။
ချီရွှမ်းစုသည် သူ၏ ပုဂ္ဂိုလ်ရေးအထောက်အထားကို ထုတ်ပြပြီးနောက် လူအုပ်ကြီးနှင့်အတူ လိုက်ပါကာ သင်္ဘောပေါ်သို့ တက်လှမ်းလိုက်၏။
တကယ်တော့ ချီရွှမ်းစုသည် ဘိုးဘေးကျောင်းတော်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းမဟုတ်ပေ။ ယခင်က သူသည် ကုန်းကြောင်းခရီးဖြင့်သွားခဲ့ပြီး ခရီးက ခက်ခဲကြမ်းတမ်းခဲ့သည်။ သူသည် ဝေဟင်ပျံသင်္ဘောတစ်စင်းဖြင့် ဘိုးဘေးကျောင်းတော်သို့ ပထမဆုံးအကြိမ်သွားရောက်ခြင်းသာဖြစ်သည်။
ဝေဟင်ပျံသင်္ဘောသည် လွင့်မျောနေသော တည်းခိုခန်းတစ်ခုနှင့်ဆင်တူပြီး အထပ်သုံးထပ်ခွဲထားသည်။ ပထမအထပ်မှာ ရိုးရိုးသာမန် တစ်ယောက်အိပ်ခန်းများရှိနေသည်။ ဒုတိယအထပ်မှာ အိပ်ခန်းတစ်ခန်းနှင့် စာကြည့်ခန်းငယ်တစ်ခု တွဲပါသော အဆင့်မြင့် တည်းခိုစရာအဆောင်ခန်းများရှိသည်။ ဤအဆောင်အယောင်အမျိုးအစားသည် အဆင့်-၄ တာအိုအကြီးအကဲများနှင့် အထက်ပုဂ္ဂိုလ်များအတွက် သီးသန့်ဖြစ်သည်။
တတိယအထပ်သည် ဝေဟင်ပျံသင်္ဘောမောင်းနှင်ဖို့အတွက် စက်ယန္တရားများထားရှိရာအခန်းဖြစ်သည်။
ခရီးသွားများကို ထိုအထပ်သို့ ဝင်ရောက်ခွင့်ပေးမထားပေ။ ကုန်းပတ်အောက်ပိုင်းမှာ ယာဉ်ကို လေထဲမှာထိန်းထားနိုင်သည့် အစီအရင်ဝင်္ကပါများ ထားရှိပြီး တာဝန်ရှိသူမှအပ အခြားသူများ ဝင်ရောက်ခွင့်မရှိသောနေရာဖြစ်သည်။
အထက်သုံးထပ်ကို အတွင်းပိုင်းလှေကားတစ်ခုဖြင့် ချိတ်ဆက်ထားသည်။ ဝေဟင်ပျံသင်္ဘောထွက်ခွာသည့်အခါ ယာဉ်၏ ပင်မတံခါးကို ပိတ်ထားလိမ့်မည်ဖြစ်ပြီး မည်သူကမှ ဝင်နိုင်ထွက်နိုင်တော့မည် မဟုတ်ပေ။
ထို့နောက် လေဒဏ်ကိုတောင့်ခံဖို့အတွက် ဝေဟင်ပျံသင်္ဘော၏ အစီအရင်ဝင်္ကပါကို အသက်သွင်းပေလိမ့်မည်။ ဝေဟင်ပျံသင်္ဘောထွက်ခွာဖို့ တစ်ရက်လိုနေသေးသည်။ ထို့ကြောင့် ယာဉ်တံခါးများကို ဖွင့်ထားပြီး ခရီးသည်များက သင်္ဘောထဲမှာ လွတ်လပ်စွာ သွားလာနိုင်ကြသည်။ ချီရွှမ်းစုသည် ကုန်းပတ်ပေါ်မှာလမ်းလျှောက်၍ ရှုခင်းကိုခံစားပြီးနောက် ယာဉ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
စင်္ကြံလမ်းတစ်ခုသည် ပထမထပ်၏ အလယ်မှာ တောက်လျှောက်ရှိနေပြီး တစ်ဘက်တစ်ချက်စီမှာ အခန်းများကို သေသပ်စွာနေရာချထားသည်။ ချီရွှမ်းစုသည် တရားထိုင်ဖို့နှင့် အနားယူဖို့သင့်တော်သော ခုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာပါသည့် သူ့အခန်းကို ရှာဖွေလိုက်၏။ စားပွဲပေါ်မှာ တာအိုလမ်းစဉ်၊ နန်ဟွားကျမ်းနှင့် ထိုက်ဖျင်ခေတ်က ကြီးကျယ်ခမ်းနားသော မှတ်တမ်းများစွာအပါအဝင် စံနမူနာ တာအိုကျမ်းစာအတော်များများကို ခရီးသည်များဖတ်ရှုဖို့အတွက် ထားပေးထားသည်။
ချီရွှမ်းစုသည် တရားထိုင်ခြင်းကနေတစ်ဆင့် ချီကို ကျင့်ကြံပြီး သူ၏ အချိန်ကို ကုန်ဆုံးစေဖို့ပြင်လိုက်သည်။
မျိုးဆက်အလိုက် ကျင့်ကြံရေးနည်းစနစ်များက ကွဲပြားခြားနားကြသည်။ ချီသန့်စင်သူများသည် အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ကြပြီး ဂမ္ဘီရဝိဇ္ဇာများက တရားထိုင်ကြသည်။ ကိုယ်ခံပညာလေ့ကျင့်သူများက သူတို့၏ ကြွက်သားများကို လေ့ကျင့်ကြသည်။ ဟိုစပ်စပ် ဒီစပ်စပ်သမား လေလွင့်ကျင့်ကြံသူ ချီရွှမ်းစုသည် အသက်ရှူလေ့ကျင့်ခန်းနှင့် တရားထိုင်ခြင်းကို လေ့ကျင့်ဖို့ ရွေးချယ်နိုင်သည်။ သို့သော်လည်း ဤအိပ်ခန်းထဲမှာ ကိုယ်ကာယလေ့ကျင့်ဖို့က အခန့်မသင့်ပေ။
ဤအခိုက်အတန့်မှာ မရိုးဖြောင့်ပုံရသော အမျိုးသားတစ်ဦးက ချီရွှမ်းစု၏ တံခါးဘေးကနေ ဖြတ်သွားသည်။ သူက ချီရွှမ်းစုကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူ၏ ခြေလှမ်းကို ရပ်တန့်ကာ လန့်ဖျပ်သွား၏။
တံခါးကို ပိတ်တော့မည့်ဆဲဆဲ ချီရွှမ်းစုသည် မူမမှန်သော အမျိုးသားကို သတိထားမိ၍ ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် မေးလိုက်၏။
“ခင်ဗျား… တစ်ခုခု လိုအပ်တာများ ရှိလို့လား”
အမျိုးသားက ပါးနပ်စွာပြုံးပြီး မေးလိုက်၏။
“ခင်ဗျားရဲ့ ကံကြမ္မာကို ဖတ်မကြည့်စေချင်ဘူးလား”
(ကံကြမ္မာဖတ် = ဗေဒင်ကြည့်၊ ဗေဒင်ဟော။)
သူ့ရှေ့မှာရှိသော အမျိုးသားက ရိုက်စားတစ်ဦးဖြစ်မည်ဟု ချီရွှမ်းစုက တွေးလိုက်၏။ သို့သော်လည်း သူတို့သည် ဘိုးဘေးကျောင်းတော်သို့ သွားရောက်မည့် ဝေဟင်ပျံသင်္ဘောတစ်စင်းပေါ်မှာ ရောက်ရှိနေကြသည်။ လိုက်ပါစီးနင်းနေကြသော ထိုသူများသည် အဆင့်အတန်းမြင့်မားသော တာအိုတပည့်ဂိုဏ်းသားများဖြစ်ကြသည်။
‘ဘယ်လိုသူခိုးဂျပိုးက လူတွေကို လိမ်လည်လှည့်ဖျားဖို့ ဒီနေရာကို ရောက်လာမှာလဲ။’
ထိုသို့ဆိုလျှင်တောင် ချီရွှမ်းစုသည် ငြင်းဆန်ဖို့အတွက် အကြောင်းတစ်ခုပြလိုက်ဆဲဖြစ်၏။
“ကျုပ်မှာ ငွေကြေးမလောက်…”
မရိုးဖြောင့်ပုံရသော အမျိုးသားက ပြုံး၍ လက်ကာပြလိုက်၏။
“ကိစ္စမရှိဘူး… ခင်ဗျားနဲ့ကျုပ် ဒီနေရာမှာ ဒီလိုဆုံတွေ့ရတာ ရေစက်ပဲ… အဲဒါကြောင့် ကျုပ်ခင်ဗျားဆီကနေ အဖိုးအခမယူဘူး”
ထိုစကားကိုကြားသောအခါ ချီရွှမ်းစုသည် မတတ်သာဘဲ အမျိုးသားကို သူ၏ အခန်းထဲသို့ ဖိတ်ခေါ်လိုက်ရသည်။
မရိုးဖြောင့်ပုံရသော အမျိုးသားသည် သူ၏ အင်္ကျီလက်အိုးထဲကနေ ခေါက်ထားသော လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူပြီး ဆွဲခါဖြန့်လိုက်၏။ ၎င်းသည် စစ်တုရင်ခုံတစ်လုံးအကျယ်သို့ ပြန့်ပြူးသွားသည်။ သူက ယင်ယန်စက်ဝန်းနှင့် ထောင့်လေးထောင့်မှာ စာလုံးလေးလုံးပါသော အဝတ်စကို ချီရွှမ်းစု၏ ခုတင်ပေါ်မှာ ဖြန့်ချလိုက်၏။
ချီရွှမ်းစုက တည်ငြိမ်သောအမူအရာဖြင့် ကြည့်နေပြီး စကားမပြောပေ။
မရိုးဖြောင့်ပုံရသော အမျိုးသားက ချီရွှမ်းစုကို ခေါင်းစခြေဆုံးကြည့်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။
“ညီကို… ခင်ဗျားက တကယ့်ကိုထူးခြားတဲ့လူပဲ”
“ဘယ်လိုထူးခြားတာလဲ”
ချီရွှမ်းစုက အံ့အားသင့်သယောင်ဟန်ဆောင်လိုက်သည်။
မရိုးဖြောင့်ပုံရသောအမျိုးသားက ခေါင်းခါပြီး ပြောလိုက်၏။
“ဆိုရိုးစကားအတိုင်းပဲ မျက်နှာက လူတစ်ယောက်ရဲ့နှလုံးသားကို ရောင်ပြန်ဟပ်ပေးတယ်… ကျုပ်က ကိုယ်အင်္ဂါလက္ခဏာအကြောင်း နဲနဲပါးပါးသိထားတယ်”
ချီရွှမ်းစုက မေးလိုက်၏။
“ခင်ဗျား ဒေသနာကို ဘယ်နေရာမှာ ကြားနာလာခဲ့တာလဲ ကျုပ်သိပါရစေ”
စိတ်မချမ်းမမြေ့ဖြစ်သွားပုံရသော အမျိုးသားက သူ၏ ကျိုးတိုးကျဲတဲ မုတ်ဆိတ်မွေးကိုသပ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်က ထွန်းတောက်တဲ့ တပည့်ဂိုဏ်းသားတစ်ယောက်တော့ မဟုတ်ခဲ့ဘူး… ကျုပ်ဘဝရဲ့ အစောပိုင်းနှစ်တွေမှာ ထာဝရချုံးယန်နန်းတော်မှာ သင်ယူလေ့လာခဲ့တယ်… ကျုပ်က အတတ်ပညာတချို့ရရှိပြီးတဲ့နောက် လောကကို ကူညီပေးပြီး နောက်ထပ်အတတ်ပညာတွေကို ရှာမှီးဖို့ နန်းတော်ကနေ ထွက်ခွာခိုင်းခံရတယ်။”
“တစ်နေ့မှာ ကျုပ်က မြစ်ကမ်းပါးနံဘေးမှာ သူတော်စင်တန်ဟွားနဲ့ အမှတ်မထင်ကြုံတွေ့ခဲ့ရတယ်… သူတော်စင်တန်ဟွားက ကျုပ်နဲ့ အထုံရေစက်ပါတယ်လို့ ခံစားရပြီး ကျုပ်ကို ထိုက်ဝေပညာရပ် သင်ကြားပေးခဲ့တယ်… ကျုပ်အဲဒါကို မဆုတ်မနစ် သင်ယူလေ့ကျင့်နေသရွေ့ ကျုပ်က ကောင်းကင်ဘုံဆီ တက်လှမ်းရာလမ်းကို မြင်တွေ့နိုင်လိမ့်မယ်။”
ထိုနေရာအရောက်တွင် မရိုးဖြောင့်ပုံရသော အမျိုးသား၏ အမူအရာက နောင်တရဟန်၊ မချင့်မရဲဖြစ်ဟန်၊ ကူကယ်ရာမဲ့ဟန်နှင့် ဝမ်းနည်းဟန်အဖြစ် ပြောင်းလဲသွားပြီး သူက ဆက်ပြောလိုက်သည်။
“ကံဆိုးစွာနဲ့ပဲ ကျုပ်က အဲဒီပညာရပ်ကိုလေ့ကျင့်ဖို့ အားနည်းလွန်းနေခဲ့တယ်… ဒါပေမဲ့ ကျုပ်က ကောင်းချီးပေးခံရပြီး ချီကျိုးဆီ သွားတဲ့ခရီးမှာ သူတော်စင်တန်ဟွားနဲ့ ထပ်ပြီးဆုံခဲ့တယ်… ကျုပ်က ခရမ်းရောင်ကြယ်နက္ခတ်ဗေဒင်နဲ့ပတ်သက်ပြီး သူတော်စင်တန်ဟွားဆီကနေ အကြံဉာဏ်တောင်းခဲ့တယ်… ကျုပ်က ကံကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ခင်ဗျားမထင်ဘူးလား”
သူတော်စင်တန်ဟွားသည် ထိပ်တန်းသူတော်စင် ၃၆ ပါးထဲမှာ ရပ်တည်ပြီး စွမ်းအားကြီးမားသည့် တာအိုအကြီးအကဲတစ်ဦးဖြစ်သည်။ သူ့မှာ အလွန်တရာမြင့်မားသည့် နာမည်ဂုဏ်သတင်းရှိသည်။
ချီရွှမ်းစုသည် သူတော်စင်တန်ဟွားက အရှင်စစ်သေနာပတိထံ ဆုတောင်းမေတ္တာပို့သသည်ဟု သူ၏ လုပ်ကြံပြောဆိုစကားကို အမှတ်ရသွားပြီး ထွက်ပေါ်လာမည့် အပြုံးကိုဖုံးဖိကာ ပြောလိုက်၏။
“လက်စသတ်တော့… ခင်ဗျားက သူတော်စင်တန်ဟွားရဲ့တပည့်ကို… စောစောက မလေးမစားပြုမူမိတဲ့အတွက် ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ… ခင်ဗျားရဲ့နာမည်ကို ကျုပ်သိလို့ရမလား”
မရိုးဖြောင့်ပုံရသောအမျိုးသားက ချီရွှမ်းစု၏ စိတ်သဘောထားပေါ် စိတ်ကွက်ပုံမရဘဲ အသာအယာပြုံးကာ သာမန်ကာလျှံကာ ဖြေပေးလိုက်၏။
“ကျုပ်နာမည်က ဖေးရှောင်လို”
“ညီကိုဖေး..”
ချီရွှမ်းစုက လေးစားမှုပြသည့်အနေဖြင့် သူ၏ လက်သီးနှင့်လက်ဝါးကို ထိကပ်ကာ ပြောလိုက်၏။
“ကျုပ်နာမည်က ချီရွှမ်းစုပါ”
ဖေးရှောင်လိုက သူ၏ မုတ်ဆိတ်ကို ညင်သာစွာသပ်ပြီး ချီရွှမ်းစုကို အကဲခတ်ကြည့်နေ၏။
“ညီကိုချီ… မင်းရဲ့ ကိုယ်အင်္ဂါလက္ခဏာက ကောင်းသားပဲ… အထူးသဖြင့် မင်းရဲ့…”
ထိုစဉ် သူ့ကို ဖြတ်အော်လိုက်သော အသံတစ်သံက ထွက်ပေါ်လာသည်။
“ဖေးရှောင်လို…ကလိမ်ကကျစ်ကောင်… နင် လူတွေရဲ့ ကံကြမ္မာကိုဖတ်ဖို့ ဒီနေရာမှာလာပုန်းနေပြန်ပြီလား”
ချီရွှမ်းစုက မတုံ့ပြန်နိုင်ခင် ကြီးမားသောလက်တစ်ဖက်က ဖေးရှောင်လို၏ အင်္ကျီလည်ဂုတ်ကို ဖမ်းဆုပ်၍ သူ့ကိုဆွဲမလိုက်၏။
ထောင်ထောင်မောင်းမောင်း အမျိုးသမီးတစ်ဦးသည် အခန်းထဲသို့ အတင်းအကျပ်ဝင်ရောက်လာပြီဖြစ်ပြီး ဖေးရှောင်လိုကို အော်ငေါက်လိုက်၏။
“နင့်ကိုယ်နင် မှန်ထဲမှာ ပြန်ကြည့်ဦး… နင့်ရဲ့ စုတ်စုတ်ပြတ်ပြတ်မျက်နှာနဲ့ တခြားလူတွေရဲ့ ကံကြမ္မာကို ဘယ်လိုတောင်လာဖတ်ရဲတာလဲ… နင်ရိုးသားတဲ့လူတွေကို လိမ်လည်လှည့်ဖျားမိမှာ မကြောက်ဘူးလား… ငါအရင်က နင့်လိုလူကို ဘာကြည့်ပြီး သဘောကျခဲ့တာပါလိမ့်… ငါနင်နဲ့ အတူရှိနေခဲ့တာ ဆယ်နှစ်ကျော်ကြာသွားပြီ၊ ဒါပေမဲ့ ငါ နည်းနည်းလေးမှ ကံမကောင်းခဲ့ဘူး… နင်ငါ့ကိုပေးသမျှက ဆင်းရဲဒုက္ခတွေပဲ။”
ချီရွှမ်းစုက ထောင်ထောင်မောင်းမောင်းအမျိုးသမီး၏ တင်စီးလွန်းသောအော်ရာမှာ ခေတ္တခဏခြိမ်းခြောက်ခံလိုက်ရပြီး မလှုပ်ရှားရဲပေ။
ဖေးရှောင်လိုက အရပ်မြင့်သော်လည်း အမျိုးသမီးသည် သူ့ကိုလက်တစ်ဖက်တည်းဖြင့် မထားနိုင်သည်။ ဤအမျိုးသမီးက ဘယ်လောက်သန်မာသလဲ ပြပေးနေ၏။ ဒါ့အပြင် သူမ၏ အသံက ဟိန်းထွက်နေပြီး ချီရွှမ်းစု၏ နားထဲသို့ ခြင်္သေ့တစ်ကောင်ဟိန်းဟောက်သလို ဝင်ရောက်လာကာ သူ၏ နားထဲမှာ တစီစီမြည်နေသည်။
ဖေးရှောင်လိုက အပြင်လူရှေ့မှာ မျက်နှာမပျက်လိုဘဲ ဇက်ပုကာ ခွန်းတုံ့ပြန်လိုက်သည်။
“ငါ့ပုံစံက ဘာဖြစ်နေလို့လဲ… ငါ့မျက်နှာက ချမ်းသာကြွယ်ဝမှုရဲ့ အမှတ်သင်္ကေတမဟုတ်ဘူးလား… ငါတို့အခုချိန်မှာ ဆင်းရဲဒုက္ခကို မခံယူဘူးဆိုရင် ကောင်းချီးမင်္ဂလာတွေကို ငါတို့ ဘယ်လိုခံစားနိုင်မှာလဲ… ဆိုရိုးစကားတွေအတိုင်းပဲ လူတစ်ယောက်က မဟာဆင်းရဲဒုက္ခကို ခံယူခြင်းနဲ့ပဲ ထိပ်ဆုံးကို တက်လှမ်းနိုင်မယ်… ငါ့ရဲ့တွက်ချက်မှုအရဆို နောက်ထပ်ဆယ်နှစ်လောက် ဆင်းရဲဒုက္ခခံပြီးတာနဲ့ ငါ့ရဲ့ကံကောင်းမှုတွေက ရောက်လာတော့မယ်”
“ဆယ်နှစ်လား… အဓိပ္ပာယ်မရှိတာ”
ထောင်ထောင်မောင်းမောင်းအမျိုးသမီးက ဒေါသထွက်နေပြီး ဖေးရှောင်လို၏ မျက်နှာကို ရိုက်ချလိုက်၏။
သို့သော်လည်း ဖေးရှောင်လိုက အလွန်တရာပေါ့ပါးဖျတ်လတ်သည်။ သူသည် ကိုယ်ကိုကျုံ့ပြီး ရွှေပုစဉ်းရင်ကွဲတစ်ကောင် အရေခွံလဲသလို သူ၏ ဝတ်ရုံထဲကနေ လျှောထွက်ကာ အမျိုးသမီးကို သူ၏ ဝတ်ရုံစနှင့်အတူ ကျန်ရစ်ခဲ့စေ၏။ ဖေးရှောင်လိုသည် ကိုယ်ကိုကိုင်း၍ အမျိုးသမီး၏ ဘေးကနေ လျှိုထွက်သွားသည်။
အမျိုးသမီးသည် ဒေါသထွက်နေပြီး သူ့နောက်သို့ ပြေးလိုက်သွားသည်။
ထိုစုံတွဲသည် အခန်းကနေ အတော်ဝေးဝေးကို ပြေးထွက်သွားပြီး ချီရွှမ်းစု၏ ခုတင်ပေါ်မှာ ပိတ်စတစ်စသာ ကျန်ရစ်ခဲ့သည်။
ချီရွှမ်းစုသည် သူ၏ အတွေးများကို စုစည်းပြီးနောက် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူက အတွေ့အကြုံသစ်များစွာ ရရှိခဲ့သည်ဟု ခံစားနေရသည်။ ထိုသည်က ကောင်းချီးမင်္ဂလာတစ်ခုလား သို့မဟုတ် ကျိန်စာတစ်ခုလား သူမသိပေ။
ချီရွှမ်းစုသည် လောက၏ နေရာများစွာကို မရောက်ဖူးသော်လည်း သူသည် အတွေ့အကြုံနုနယ်သူတစ်ယောက်မဟုတ်ပေ။ ဖေးရှောင်လိုနှင့် ထောင်ထောင်မောင်းမောင်းအမျိုးသမီးသည် သာမန်လူများမဟုတ်သည်ကို သူပုံဖော်မိသည်။ သူတို့သည် တစ်မူထူးခြားသော အစွမ်းအစများကို ပိုင်ဆိုင်ထားနိုင်သည်။ သူတို့က သူတို့၏ အစစ်အမှန်သရုပ်သကန်များကို ဖုံးကွယ်ပြီး ရုပ်ဖျက်ကာ အရူးလုပ်နေသလား သို့မဟုတ် သူတို့မှာ တခြားသောရည်ရွယ်ချက်များရှိနေသလား သူမသိပေ။ သူတို့နှင့် ဝေးဝေးနေသည်က ပိုကောင်းမည်ဟူ၍သာ ချီရွှမ်းစုသိထားသည်။
ဖေးရှောင်လိုနှင့် ထောင်ထောင်မောင်းမောင်းအမျိုးသမီး ထွက်ခွာသွားသည်နှင့် အနည်းငယ်ပေါ့ပါးလွတ်လပ်သွားသည်ဟု ချီရွှမ်းစုခံစားရသည်။ သူသည် သူ့အခန်းတံခါးကိုပိတ်ပြီး တရားထိုင်ခြင်းမှာ အာရုံစိုက်လိုက်သည်။
တစ်နေ့တာက အလျင်အမြန်ကုန်ဆုံးသွားသည်။ ချီရွှမ်းစုသည် လွင့်မျောနေရာကနေ နိုးထလာသည့်အချိန်မှာ ဝေဟင်ပျံသင်္ဘောက စတင်ထွက်ခွာနေပြီဖြစ်သည်။ ချီရွှမ်းစုသည် သူ၏ ခုတင်ပေါ်ကနေ ထပြီး ဖန်သားပြတင်းပေါက်ကနေ တစ်ဆင့် အပြင်ဘက်ကိုကြည့်လိုက်၏။ ရွှေရောင်အလင်းအောက်မှာ တလက်လက်ထနေသော ကျယ်ပြောသည့် တိမ်စိုင်ပင်လယ်ကို တွေ့မြင်နေရသည်။
ပြတင်းပေါက်များကို ထူးခြားသော အစီအရင်ဝင်္ကပါတစ်ခုဖြင့် ပြုလုပ်ထားပြီး လေဒဏ်ကို ကာဆီးပေးနိုင်ရုံသာမက ခရီးသည်များက ပြတင်းပေါက်ကို မဖွင့်နိုင်အောင်လည်း ပြုလုပ်ထားသည်။ သူတို့သည် ပြတင်းပေါက်များကနေတစ်ဆင့် ရှုခင်းများကိုသာ ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကောင်းကင်ဘုံသက်ရှိများကသာ တိမ်စိုင်များကြားမှာ သွားလာနိုင်ပြီး ဤသည်မှာ ချီရွှမ်းစု၏ ပထမဆုံးအကြိမ် ပျံသန်းခြင်းခရီးစဉ်ဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကိုကြည့်ရင်း သူက အတော်လေးစိတ်လှုပ်ရှားတက်ကြွနေမိသည်။ အတန်ကြာအောင် သူ၏ စိတ်ကို မငြိမ်သက်စေနိုင်ပေ။
ချီရွှမ်းစုသည် အနည်းငယ်ဆာလောင်လာသည်ဟု ခံစားလာရမှသာ သူက အသိစိတ်ပြန်ကပ်လာနိုင်ခဲ့သည်။
ထိုအခါမှသာ သူနောက်ဆုံးစားသောက်ခဲ့သည်မှာ ၇ လပိုင်း ၁၃ ရက်နေ့က ချင်းဖျင်အသင်းတော်၏ အချိန်းအချက်နေရာမှ မနက်စာဖြစ်သည်ကို အမှတ်ရသွား၏။ ယခုက ၇ လပိုင်း ၁၅ ရက်နေ့ကို ရောက်ရှိနေပြီဖြစ်ပြီး သူအစားမစားရသည်မှာ နှစ်ရက်ရှိသွားခဲ့ပြီဖြစ်သည်။ ထိုသည်မှာ သူ၏ ပထမဆုံးအကြိမ် ဝေဟင်ပျံသင်္ဘောခရီးစဉ်ဖြစ်သောကြောင့် သူက စားသောက်ဖို့ မေ့လျော့နေသည်ကို နားလည်လက်ခံလို့ရနိုင်သည်။ သူသည် ယာဉ်ပေါ်မှ စည်းမျဉ်းစည်းကမ်းများနှင့်လည်း အကျွမ်းဝင်မှုမရှိပေ။
ဝေဟင်ပျံသင်္ဘောပေါ်မှာ စားစရာနှင့်သောက်စရာတချို့ကို ထောက်ပံ့ပေးသော်လည်း ၎င်းကို ဒုတိယထပ်မှာသာ ရရှိနိုင်သည်။ အတွေ့အကြုံရှိသော ခရီးသည်အများစုသည် သူတို့၏ ရိက္ခာခြောက်များကို ယူဆောင်လာလေ့ရှိသောကြောင့် ပထမထပ်မှာ ထိုကဲ့သို့သော ဝန်ဆောင်မှုကို မထားရှိပေ။ ချီရွှမ်းစုသည် ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ အစာအာဟာရလည်း မဖြတ်နိုင်သေးသောကြောင့် သူက ဆာလောင်မှုကို ခံစားနေရဆဲဖြစ်သည်။
ဟွိုက်နန်စီရင်စုကနေ ဘိုးဘေးကျောင်းတော်သို့သွားရာ ခရီးစဉ်က ၂၄ နာရီကြာမည်ဖြစ်သည်။
စစချင်းမှာ ချီရွှမ်းစုသည် ပြတင်းပေါက်အပြင်ဘက်က ရှုခင်းများမှာ ရွှင်လန်းတက်ကြွနေသော်လည်း အတောမသတ်သည့် အဖြူရောင်တိမ်စိုင်များသည် အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိစရာကောင်းလာသည်။ ထိုသို့ဖြင့် ချီရွှမ်းစုသည် အချိန်ကိုကုန်လွန်စေဖို့ တရားရှုမှတ်ခြင်းကိုသာ ပြုလုပ်ရပေတော့မည်။
ထိုစဉ်မှာပင် အင်္ကျီလက်စနှစ်ဖက် တဖျပ်ဖျပ်လွင့်နေသည့် တာအိုအကြီးအကဲတစ်ဦးက တိမ်စိုင်တစ်ခုကို စီးနင်းပြီး ဝေဟင်ပျံသင်္ဘောကို ဖြတ်ကျော်ကာ ဘိုးဘေးကျောင်းတော်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။