← Chapters

အဆင့်ကိုးဆင့်စနစ်

Vol. 2 Ch. 18

အဆင့်ကိုးဆင့်စနစ်

Vol. 2 Ch. 18

တာအိုဘိုးဘေးကျောင်းတော်မှာ အဆင့်အားလုံးမှာရှိသော တာအိုဆရာများအတွက် ကြောက်စရာအကောင်းဆုံးအရာသည် ကျိဝေခန်းမ မဟုတ်ပေ။ အဆိုးဝါးဆုံးဖြစ်ရပ်မှာ သူတို့သည် ရာထူးက‌နေ ဖြုတ်ချခံရပြီး သူတို့၏ မိသားစုများနှင့်အတူနေဖို့ အိမ်သို့ပြန်ပို့ခံရခြင်းပင်။ ထျန်ကန်းခန်းမသည် အတွင်းရေးကိစ္စများမဟုတ်ဘဲ ပြင်ပကိစ္စများကိုသာ ကိုင်တွယ်သည့်အတွက် အပြင်လူများအတွက်သာ ကြောက်စရာကောင်းနေသည်။

ကြောက်စရာအကောင်းဆုံးအရာသည် အင်ပါယာနန်းတော်၏ တရားစီရင်ရေးဌာနနှင့်တူညီသော ပေချန်ခန်းမဖြစ်သည်။ လက်တွေ့မှာ ထိုခန်းမသည် ဖီးနစ်စိမ်းတပ်ဖွဲ့နှင့်ပိုတူပြီး တတိယအဆင့်အောက်မှာရှိသော တာအိုဆရာများကို စစ်ကြောမေးမြန်းနိုင်သည့် အခွင့်အာဏာပိုင်ဆိုင်ထားသည်။

ရွှေနန်းမြင့်မျှော်စင်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်နှင့်အတူ ပေချန်ခန်းမသည် တတိယအဆင့် ယိုယီတာအိုအကြီးအကဲများကို စစ်ကြောမေးမြန်းနိုင်သည်။ ပေချန်ခန်းမသည် ကျိရှောင်နန်းတော်ကနေ လွှဲပြောင်းပေးသော အခွင့်အာဏာကိုရရှိမည်ဆိုလျှင် သူတို့သည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများကိုပင် စစ်ကြောမေးမြန်းနိုင်သည်။

အဆင့်-၄ တာအိုဆရာများကို ကျိကျိုးတာအိုအကြီးအကဲများဟု ခေါ်ဆိုပြီး လောကမှာ တာအိုပညာရှင်များအဖြစ် လူသိများကြသည်။ သူတို့သည် ခရိုင်တစ်ခုကို တာဝန်ယူထားကြ သို့မဟုတ် အနောက်ဘက် ခွန်လွင်ဘိုးဘေးကျောင်းတော်မှာ အရေးပါသော ရာထူးများကို ရယူထားကြသည်။ သူတို့သည် တပည့်များကိုလက်ခံဖို့လည်း အရည်အချင်းပြည့်မီကြသည်။

တတိယအဆင့် တာအိုဆရာများကို ယိုယီတာအိုအကြီးအကဲများဟု ခေါ်ဆိုပြီး လောကမှာ အဆင့်မြင့်ပညာရှင်များအဖြစ် ကျော်ကြားကြသည်။ သူတို့သည် စီရင်စုတစ်ခုကို တာဝန်ယူထားကြ သို့မဟုတ် ဘိုးဘေးကျောင်းတော်၏ ခန်းမကိုးခုမှာ လက်ထောက်ခန်းမသခင်နေရာများကို ရယူထားကြသည်။

ဒုတိယအဆင့် တာအိုဆရာများကို ထိုက်ယီတာအိုအကြီးအကဲများဟု ခေါ်ဆိုပြီး သူတော်စင်များအဖြစ် လူသိများကြသည်။ သူတို့သည် လူအများစုထက် သာလွန်မြင့်မြတ်သူများဖြစ်ကြသည်။ သူတို့သည် ဘိုးဘေးကျောင်းတော်မှာ အုပ်ချုပ်ရေးရာထူးတစ်ခုကို ယူထားခြင်းဖြင့်ဖြစ်စေ ပြည်နယ်တစ်ခုကို တာဝန်ယူထားခြင်းဖြင့်ဖြစ်စေ သူတို့သည် မြင့်မားသော ဩဇာအာဏာကို ကိုင်ဆွဲထားကြပြီး မဟာအကြီးအကဲကိုပင် ရွေးချယ်တင်မြှောက်နိုင်သည့် အခွင့်အာဏာရှိကြသည်။

ပထမအဆင့် တာအိုဆရာများကို တာ့ကျန်းသူတော်စင်များဟု ခေါ်ဆိုပြီး မဟာသူတော်စင်များဟူ၍လည်း လူသိများကြသည်။ သူတို့ထဲမှာ လက်ထောက်မဟာအကြီးအကဲသုံးဦးသည် သူတို့သက်ဆိုင်ရာဂိုဏ်းများ၏ ဂိုဏ်းချုပ်များလည်းဖြစ်ကြသည်။ သူတို့သည် ထိုက်ဖျင်ဂိုဏ်း၊ ချွမ်ကျန်းဂိုဏ်းနှင့် ကျန်းယီဂိုဏ်း၏ မဟာသူတော်စင်များအဖြစ် ကျော်ကြားကြသည်။

ကျန်းယီဂိုဏ်း၏ မဟာသူတော်စင်က ယွင်ကျင်းတောင်ပေါ်ရှိ တာ့ကျန်းစံအိမ်မှာ စံမြန်းနေစဉ် ချွမ်ကျန်းဂိုဏ်း၏ မဟာသူတော်စင်သည် ကျုံးနန်တောင်ပေါ်ရှိ ထာဝရချုံးယန်နန်းတော်မှာ နေထိုင်သည်။ ထိုက်ဖျင်ဂိုဏ်း၏ မဟာအကြီးအကဲကတော့ ဖန်းလိုင်ကျွန်းပေါ်ရှိ ကျန်းကျင်ပရဝဏ်မှာ နေထိုင်သည်။

ဘိုးဘေးကျောင်းတော်ကို ကျောက်စိမ်းနေပြည်တော်၊ ရွှမ်မြို့တော်၊ ခရမ်းရောင်စံအိမ်တော်တော်နှင့် ရွှေနန်းမြင့်မျှော်စင်တို့ဖြင့် ဖွဲ့စည်းထားသည်။ ဘိုးဘေးကျောင်းတော်ကို အင်ပါယာနန်းတော်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကျောက်စိမ်းနေပြည်တော်သည် အင်ပါယာမြို့တော်၏ အပြင်ဘက်တိုင်းမြို့နှင့် တူညီပြီး၊ ရွှမ်မြို့တော်သည် အင်ပါယာမြို့တော်၏ အတွင်းပိုင်းနန်းမြို့နှင့်တူညီသည်။ အတွင်းနန်းမြို့မှာဆိုလျှင် ခရမ်းရောင်စံအိမ်တော်တော်သည် အင်ပါယာနန်းတော်နှင့်တူညီပြီး ရွှေနန်းမြင့်မျှော်စင်သည် အင်ပါယာနန်းတော်အတွင်းမှာရှိသော ရွှေနန်းတော်နှင့်တူညီပေလိမ့်မည်။ ရွှေနန်းမြင့်မျှော်စင်သည် သူတော်စင် ၃၆ ပါး အရေးကိစ္စများကို ဆွေးနွေးသည့်နေရာဖြစ်ပြီး ခရမ်းရောင်စံအိမ်တော်တော်သည် မဟာအကြီးအကဲစံမြန်းရာနေရာဖြစ်သည်။

ပေချန်ခန်းမသည် သူတော်စင် ၃၆ ပါးနှင့် မဟာအကြီးအကဲ၏ တိုက်ရိုက်အမိန့်ကို နာခံသည်။ ၎င်း၏ ဩဇာအာဏာသည် အခြားသောခန်းမခြောက်ခုထက် အပြတ်အသတ်သာလွန်နေ၏။ ၎င်းသည် ကျိဝေခန်းမနှင့် ထျန်ကန်းခန်းမလောက် အရေးပါသည်။ ဤခန်းမသုံးခုကို မဟာခန်းမသုံးဆောင်ဟူ၍ ရည်ညွှန်းခေါ်ဆိုလေ့ရှိကြသည်။

မဟာအကြီးအကဲ၏နေရာ လစ်လပ်နေခြင်းနှင့်အတူ မဟာအကြီးအကဲ၏ လက်အောက်မှာ တိုက်ရိုက်ရှိနေခဲ့သည့် ခန်းမကိုးဆောင်သည် လက်ထောက်မဟာအကြီးအကဲသုံးဦး၏ အမိန့်ကို ယာယီအားဖြင့် နာခံနေကြရသည်။

ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်သည် ပေချန်ခန်းမကို ထိန်းချုပ်ထားခြင်း၊ ချွမ်ကျန်းဂိုဏ်း၏ မဟာသူတော်စင်သည် ကျိဝေခန်းမကို ထိန်းချုပ်ထားခြင်း၊ ကျန်းယီဂိုဏ်း၏ မဟာသူတော်စင်သည် ထျန်ကန်းခန်းမကို ထိန်းချုပ်ထားခြင်းဖြင့် လက်ရှိအခြေအနေက မျှခြေတစ်ခုမှာ ရှိနေသည်။ လက်ထောက်မဟာအကြီးအကဲသုံးဦးသည် ယာယီမဟာအကြီးအကဲ၏ ဘွဲ့ဖြစ်သော လွင်ကျစ်မဟာသူတော်စင်ဘွဲ့ကို ခံယူပြီး မဟာအကြီးအကဲအဖြစ် အလှည့်ကျ ထမ်းဆောင်ကြသည်။ ဤဘွဲ့ဖြင့် လူတစ်ယောက်သည် တာအိုဂိုဏ်းတော်မှာ အမြင့်မားဆုံး ဩဇာအာဏာကို ရရှိနိုင်သည်။ သို့သော်လည်း လက်ထောက်မဟာအကြီးအကဲသုံးဦးသည် အရေးကြီးသော ဆုံးဖြတ်ချက်များကို အတူတကွညှိနှိုင်းဆွေးနွေးဆုံးဖြတ်ကြဆဲဖြစ်သည်။

ဤနှစ်သည် ကျိုးရှီခေတ်၏ ၄၁ ခုနှစ်ဖြစ်သည်။ ၁ လပိုင်း ၁ ရက်နေ့ကနေ ၆ လပိုင်း ၃၀ ရက်နေ့အထိ ပထမနှစ်ဝက်မှာ ကျန်းယီဂိုဏ်း၏ မဟာသူတော်စင်သည် မဟာအကြီးအကဲ၏ ဩဇာအာဏာကို ရယူထားပေလိမ့်မည်။ ဒုတိယနှစ်ဝက်မှာ ၇ လပိုင်း ၁ ရက်နေ့ကနေ ၁၂ လပိုင်း ၃၁ ရက်နေ့အထိ ချွမ်ကျန်းဂိုဏ်း၏ မဟာသူတော်စင်က မဟာအကြီးအကဲ၏ ဩဇာအာဏာကို ဆက်ယူပေလိမ့်မည်။

ယခုက ဆာလောင်တစ္ဆေပွဲတော်လဟု ကျော်ကြားသော ၇ လပိုင်း၏ ၁၅ ရက်နေ့ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်မှာ မဟာအကြီးအကဲ၏ ဩဇာအာဏာကို ဆုပ်ကိုင်ထားသူက ချွမ်ကျန်းဂိုဏ်း၏ မဟာသူတော်စင်ဖြစ်သည်။

ပုံမှန်အားဖြင့် မြင်တွေ့ရလေ့မရှိသော အဆင့်မြင့် တာအိုဆရာများစွာသည် ခရမ်းရောင်စံအိမ်တော်တော်အတွင်းပိုင်းရှိ ချီမင်နန်းတော်အတွင်းမှာ စုဝေးရောက်ရှိနေကြသည်။

သူတို့ထဲတွင် အထင်ရှားဆုံးမှာ အနောက်ဘက်ဒေသ တာအိုစံအိမ်ကို ဦးဆောင်နေသော သူတော်စင်ဖေးလင်ကို ထောက်ကူပေးနေသည့် တတိယအဆင့် ယိုယီတာအိုအကြီးအကဲ ကျောက်ကျောင်းဝူဖြစ်သည်။ သူသည် သတ္တမမျိုးဆက် ချွမ်ကျန်းတာအိုတပည့်ဂိုဏ်းသားတစ်ဦးလည်းဖြစ်သည်။

ကျောက်ကျောင်းဝူသည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးဖြစ်ဖို့ ခြေတစ်လှမ်းသာလိုသော်လည်း သူသည် အသက် ၅၀ မပြည့်သေးဘဲ သူ၏ အရွယ်ကောင်းမှာ ရှိနေဆဲဖြစ်သည်။

သူသည် အသက် ၆၀ မပြည့်ခင် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးအဖြစ် တိုးမြှင့်ပေးခြင်းခံရမည်ဟု လူတိုင်းက ယုံကြည်ထားကြသည်။

ချွမ်ကျန်းဂိုဏ်းမှပင်ဖြစ်သော သူတော်စင်ဖေးလင်သည် ကျောက်ကျောင်းဝူကို အတော်လေးအကောင်းမြင်ထားသည်။ ထိုသူသည် အနောက်ဘက်ဒေသ တာအိုစံအိမ်ကို အောင်မြင်စွာလက်လွှဲရယူပြီး တာရွှယ်တောင်နန်းတော်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဟု သူက ယုံကြည်ထားသည်။

ထိုက်ဖျင်တောင်ပေါ်ရှိ ထိုက်ဖျင်နန်းတော်မှာ တည်ဆောက်ထားသော လုကျိုးတာအိုစံအိမ်ကဲ့သို့ပင် အနောက်ဘက်ဒေသ တာအိုစံအိမ်သည် တာရွှယ်တောင်နန်းတော်မှာ တည်ရှိသည်။ တာအိုဆရာများ မကြာခဏရည်ညွှန်းခေါ်ဆိုသည့် ကျောက်စိမ်းရေကန်ဆိုသည်မှာ အနောက်ဘက်ဒေသ တာအိုစံအိမ်ကို ခေါ်ဆိုကြခြင်းဖြစ်သည်။

ချွမ်ကျန်းဂိုဏ်းမှ အဆင့်-၄ တာအိုတပည့်ဂိုဏ်းသားများစွာက ကျောက်ကျောင်းဝူကို ခြံရံထားကြသည်။ ဤနေရာသည် ဘိုးဘေးကျောင်းတော်ဖြစ်သောကြောင့် အများဆုံးတွေ့မြင်ရသည့် တပည့်ဂိုဏ်းသားများက အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲများဖြစ်ကြသည်။

ဒုတိယမြောက်အထင်ရှားဆုံးပုဂ္ဂိုလ်မှာ တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦးပင်ဖြစ်သော တူကျစ်ခန်းမ၏ လက်ထောက်ခန်းမသခင် လီမင်ကျစ်ဖြစ်သည်။ မျိုးဆက်တစ်ဆက်ချင်းစီ၏ သားစဉ်မြေးဆက်များသည် သူတို့၏ နာမည်မှာ တူညီသောနာမည်တစ်လုံး ဆက်ယူရမည်ဟူသော စည်းမျဉ်းစည်းကမ်းတစ်ခု လီမိသားစုမှာရှိသည်။

ရွှမ်အရှင်မြတ်အဖြစ် ကျော်ကြားခဲ့သော ပထမဆုံးမဟာအကြီးအကဲသည် လီမိသားစုမှဖြစ်ပြီး ရူမျိုးဆက်မှာ ပါဝင်သည်။ လီမင်ကျစ်ကတော့ မင်မျိုးဆက်မှဖြစ်သည်။ လီမင်ကျစ်သည် ရွှမ်အရှင်မြတ်၏ ပဉ္စမမြောက်မျိုးဆက်ကနေ တိုက်ရိုက်ဆင်းသက်သူဖြစ်သည်။

ထိုက်ဖျင်ဂိုဏ်း တပည့်ဂိုဏ်းသားများက လီမင်ကျစ်ကို ခြံရံထားကြသည်။ သူတို့သည် ချွမ်ကျန်းဂိုဏ်းတပည့်ဂိုဏ်းသားများနှင့် အစေးမကပ်ဘဲ နှစ်ဦးနှစ်ဖက်က တစ်ဖက်နှင့်တစ်ဖက် ရန်လိုစိတ်ပင်ရှိနေကြသည်။

သူတို့အပြင် နောက်ထပ်အဖွဲ့နှစ်ဖွဲ့လည်းရှိနေသည်။

အဖွဲ့တစ်ဖွဲ့မှာ ကျန်းယီဂိုဏ်းမှ တပည့်ဂိုဏ်းသားများပါဝင်ကြသည်။ သို့သော်လည်း သူတို့သည် အတော်လေးထိန်းထိန်းသိမ်းသိမ်းရှိကြပြီး အခြားသောဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများကဲ့သို့ ရန်လိုခက်ထန်မှု သိပ်မရှိကြပေ။

နောက်ဆုံးအဖွဲ့သည် မဟာအကြီးအကဲထံ တိုက်ရိုက်ခိုလှုံခဲ့ကြသူများဖြစ်သည်။ သူတို့သည် အစက ဘိုးဘေးကျောင်းတော်တွင် အမြင့်မားဆုံးရာထူများကို ကိုင်ဆွဲထားခဲ့ကြသော်လည်း မဟာအကြီးအကဲလစ်လပ်သွားသည့်အခါ လက်ထောက်မဟာအကြီးအကဲသုံးဦးက ဩဇာအာဏာကို အလှည့်ကျယူလာကြခြင်းနှင့်အတူ သူတို့သည် နေရခက်သော အခြေအနေတစ်ခုမှာ ကျရောက်လာကြသည်။ ဤလူများသည် အခြားသောဂိုဏ်းကြီးသုံးဂိုဏ်းမှ အဖွဲ့ဝင်များနှင့် သိသိသာသာခွာ၍ နှုတ်ဆိတ်နေကြသည်။

“ဟိုအမျိုးသမီးငယ်က ဘာလို့အခုထိ ရောက်မလာသေးတာလဲ”

“မိန်းမတွေက အမြဲတမ်းနောက်ကျတတ်တယ်”

“ညီကို… ခင်ဗျားစကားကို ထိန်းထိန်းသိမ်းသိမ်းပြောနော်… သူသာ ပြန်ကြားသွားရင် ကျုပ်တို့ ဒုက္ခရောက်လိမ့်မယ်… ကြွေတစ်လက်ကြက်တစ်ခုန်တဲ့… ကိုယ့်ထက်အားနည်းတဲ့သူတွေကိုတောင်မှ အထင်မသေးသင့်ဘူး… ဒီနေ့ ခင်ဗျားပြောတဲ့စကားနဲ့ပတ်သက်ပြီး နောင်တမရစေနဲ့”

“သူက အသက် ၂၅ တောင်မပြည့်သေးဘူး၊ အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခု ချီးမြှင့်ခံရတဲ့ အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးဖြစ်နေပြီ… ဘယ်လောက်တောင် တောက်ပလိုက်တဲ့ အနာဂတ်လဲ။”

“မဟာအကြီးအကဲသာရှိနေဦးမယ်ဆို… သူက အဲဒီပါရမီရှင်ကို လက်ရင်းတပည့်တစ်ဦးအဖြစ် ခေါ်ယူလိမ့်မယ်။”

“အမ်း… ခင်ဗျားက အသက် ၃၀ မပြည့်ခင် အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးရဲ့နေရာကို တက်လှမ်းနိုင်မယ်ဆိုရင် ခင်ဗျားလည်း အဲလိုမျိုး ချီးမြင့်မြှောက်စားခံရမှာပဲ။”

“သူတော်စင်အတော်များများရဲ့ ရွေးချယ်မြှောက်စားခံထားရတဲ့သူတစ်ယောက်ကို ကျုပ်က ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ… ကျုပ်ဖြင့် မနာလိုအားကျမိပါရဲ့”

တပည့်ဂိုဏ်းသားများက စောင့်ဆိုင်းရင်း ခပ်တိုးတိုးအသံများဖြင့် စတင်၍ ဆွေးနွေးပြောဆိုလာကြသည်။

သူတို့ အတင်းအဖျင်းပြောနေသည့် အမျိုးသမီးငယ်က ဘိုးဘေးကျောင်းတော်ကနေ အဝေးကိုရောက်ရှိနေသော ချီရွှမ်းစုပင်လျှင် ကြားဖူးထားသည့် တာအိုဆရာပါရမီရှင်၊ သည်ဘက်ခေတ်၏ တောက်ပလာသောကြယ်တစ်ပွင့် ဖြစ်သည်။ ထိုပါရမီရှင်က အသက် ၂၅ နှစ်ပင် မပြည့်သေးဘဲ အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးအဖြစ် တက်လှမ်းလာပြီး ပေချန်ခန်းမ၏ အရာရှိတစ်ဦးအဖြစ် ထမ်းဆောင်ကာ အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခုပင် ချီးမြှင့်ခံထားရသည်။

မတော်တဆ ဖြစ်ရပ်တစ်ခုခုပေါ်မလာလျှင် ဤပါရမီရှင်သည် လက်ရွေးစင်သူတော်စင် ၃၆ ပါးထဲ တစ်နေရာကို ကျိန်းသေပေါက် ရရှိလာပေလိမ့်မည်။

ရုတ်တရက် လူတိုင်းသည် ခပ်လှမ်းလှမ်းမှ ခြေသံများကို ကြားလိုက်ရ၏။

“သူတော်စင် ရောက်လာပြီ”

“တိတ်တိတ်နေကြ”

အစစ်အမှန်ဆရာကြီးတစ်ပါး ကြွလှမ်းလာလေပြီ။

အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ထျန်ကန်းခန်းမ၏ ခန်းမသခင်နှင့် ပေချန်ခန်းမ၏ လက်ထောက်ခန်းမသခင်သည် ဖြည်းဖြည်းချင်းလျှောက်လှမ်းပြီး ချီမင်နန်းတော်၏ လှေကားကို ရောက်ရှိလာကြသည်။

ထျန်ကန်ခန်းမသခင်၏ အသက်အမှန်ကို မည်သူကမှ မသိကြပေ။ သို့သော်လည်း သူ၏ ရုပ်ရည်သွင်ပြင်အရ သူတော်စင်သည် အသက် ၄၀ အရွယ်လောက်မှာရှိသည်။ သူ့မှာ ရှည်လျားသော မုတ်ဆိတ်နှင့် တစ်မူထူးခြားသော မျက်နှာပေါက်ရှိသည်။ သူက လျော့တိလျော့ရဲဝတ်စုံကို ဝတ်ဆင်ထားပြီး လွတ်လပ်ပေါ့ပါးသည့် သွင်ပြင်ဟန်ပန်ရှိနေသည်။

ပေချန်လက်ထောက်ခန်းမသခင်သည် ထျန်ကန်ခန်းမသခင်နှင့် သိပ်မကွာသော်လည်း သူက ပိုမိုရက်စက်ကြမ်းတမ်းသည့်ပုံပေါက်နေသည်။

တာအိုဆရာများမှာ အိုမြင်းခြင်းဖြစ်စဉ်ကို တွန်းလှန်နိုင်သည့် ပညာရပ်များရှိသော်လည်း များသောအားဖြင့် သူတို့သည် ငယ်ရွယ်လွန်းသောပုံစံမှာ ထိန်းမထားချင်ကြပေ။ သူတို့အများစုသည် ရုပ်ရည်သွင်ပြင်ကို အသက် ၄၀ ဝန်းကျင်အရွယ်လောက်မှာသာ ထိန်းထားချင်ကြသည်။

ထိုသို့ဖြင့် သူတို့သည် အတွေ့အကြုံကြွယ်ဝပြီး ရိုသေလေးစားထိုက်သော အကြီးအကဲများဖြစ်ကြောင်း ပြသနိုင်မည်ဖြစ်သည်။

ကျောက်ကျောင်းဝူနှင့် လီမင်ကျစ်က ကျိုးနွံစွာဦးညွှတ်ပြီး နှုတ်ဆက်လိုက်ကြ၏။

အဆင့်-၅ တာအိုဆရာတစ်ဦးနှင့် အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးကြားမှာ ကြီးမားသည့် ကွာဟချက်တစ်ခုရှိနေသည်။ ထိုသို့ပင် အဆင့်-၃ တာအိုအကြီးအကဲတစ်ဦးနှင့် ဒုတိယအဆင့် သူတော်စင်တစ်ပါးကြားမှာလည်း ကွာဟချက်တစ်ခုရှိနေသည်။ ဒုတိယအဆင့် သူတော်စင်များသာလျှင် တာအိုဂိုဏ်းတော်၏ အရေးကြီးသော ဆုံးဖြတ်ချက်များမှာ ဝင်ရောက်ဆွေးနွေးဖို့ အရည်အချင်းပြည့်မီကြသည်။

တာအိုဂိုဏ်းတော်၏ အစစ်အမှန်ဆရာကြီးက လူတိုင်းကို ထရပ်ဖို့အချက်ပြပြီးနောက် လှေကားဆီသို့ လျှောက်လှမ်းသွားသည်။ တံခါးမှူးက ချီမင်နန်းတော်၏ ဝင်းတံခါးကို အလျင်အမြန်တွန်းဖွင့်ပြီး သူတော်စင်ကို အရင်ဆုံးဝင်ရောက်စေသည်။

လူအုပ်ကြီးက နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါ၍ ချီမင်နန်းတော်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။

. . . . .

ခရမ်းရောင်စံအိမ်တော်တော်ဆိုသည်မှာ ဘိုးဘေးကျောင်းတော်၏ မရေမတွက်နိုင်သော နန်းဆောင်များကို ရည်ညွှန်းသည့် ခြုံငုံထားသော အမည်တစ်ခုဖြစ်သည်။ အသစ်ရောက်ရှိလာသူများက ထိုနေရာမှာ အလွယ်တကူလမ်းပျောက်သွားနိုင်သည်။

ဤနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်လာပြီးလျှင်တောင် သူတို့သည် ခရမ်းရောင်စံအိမ်တော်မှာရှိသော လမ်းများအားလုံးနှင့် ကောင်းကောင်းရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု မည်သူကမှ မပြောဆိုဝံ့ကြပေ။ ဒါ့အပြင် ခရမ်းရောင်စံအိမ်တော်တော်မှာ ပျံသန်းခြင်းကို ပိတ်ပင်တားမြစ်ထားသည်။ ထိုသို့ဖြင့် လူတစ်ယောက်သည် လမ်းပျောက်သွားပြီးနောက် လမ်းအမှန်ပေါ်ကိုပြန်ရောက်ဖို့ ခဲယဉ်းပေလိမ့်မည်။

ယခုအချိန်မှာ ကျန်းယွဲ့လုသည် အလွန်တရာရှက်စရာကောင်းသော အခြေအနေတစ်ခုနှင့် ကြုံတွေ့နေရသည်။

(ကျန်းယွဲ့လု - မိန်းကလေးနာမည်။)

ကျန်းယွဲ့လုဆိုသည်မှာ ကြယ်တာရာ ၂၈ ခုထဲကတစ်ခု တောင်ဘက်ကြယ်တာရာခုနှစ်ခုထဲ ပဉ္စမမြောက်ကြယ်ကို အစွဲပြု၍ ပေးထားသောအမည်ဖြစ်သည်။

ပေချန်ခန်းမ၏ ကြီးကြပ်ရေးမှူးတစ်ဦးအနေဖြင့် ကျန်းယွဲ့လုသည် ထျန်ကန်းခန်းမ၏ သူတော်စင်ဦးစီးသော ညီလာခံကို တက်ရောက်ရန် ချီမင်နန်းတော်သို့ သွားရာလမ်းမှာ အမှတ်တမဲ့လမ်းပျောက်သွားသည်။ ဤညီလာခံသည် အနောက်ဘက်ဒေသမှာ နတ်ဆိုးမိစ္ဆာများပေါ်ထွက်လာခြင်းနှင့် ပတ်သက်နေသည်။

ကျန်းယွဲ့လုသည် ဟောင်းနွမ်းနေသော အိပ်ဆောင်နာရီကိုထုတ်ယူပြီး အဖုံးကိုဖွင့်ကာ အချိန်ကိုတစ်ချက်ကြည့်လိုက်၏။ အချိန်က ၇နာရီခွဲကို ရောက်နေလေပြီ။

အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် ညီလာခံက စတင်နေပြီဖြစ်သည်။ သူမက ထိုအချက်ကိုလက်မခံချင်သော်လည်း သူမက ညီလာခံကိုတက်ရောက်ဖို့ နောက်ကျနေပြီဖြစ်သည်။

ထိုသည်က အဆိုးဝါးဆုံးကိစ္စတစ်ခုတော့ မဟုတ်ပေ။ သူမသည် သူတော်စင်တစ်ပါးနှင့်ချိန်းဆိုပြီးမှ မသွားရောက်ဘဲလည်း နေခဲ့ဖူးသည်။

ထိုသို့စဉ်းစားရင်း ကျန်းယွဲ့လုသည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သို့သော်လည်း သူမ၏ မျက်နှာကတည်ငြိမ်၍ ဣန္ဒြေရနေလျှင်တောင် သူမ၏ မျက်လုံးများက စိုးရိမ်ပူပန်မှုကို ပြသနေဆဲဖြစ်သည်။

. . . . . .

လင်းယုံပိုင်သည် မထင်မရှား အဆင့်-၇ တာအိုဆရာတစ်ဦးဖြစ်သည်။ ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်လာပြီးနောက် သူသည် ဘိုးဘေးကျောင်းတော်၏ တာအိုကျမ်းစာဌာနမှာ တာဝန်ထမ်းဆောင်ဖို့ သဘောတူလက်ခံခဲ့သည်။

လင်းယုံပိုင်သည် အခြားသောတာအိုတပည့်ဂိုဏ်းသားများနှင့်အတူ တာအိုကျမ်းစာတစ်သိန်းထိန်းထိမ်းခြင်းကို တာဝန်ယူထားသည်။ ထိုသည်မှာ ကြမ်းတမ်းသောအလုပ်တစ်ခု မဟုတ်ပေ။ သို့သော် သိပ်တော့လည်း လွယ်ကူမနေပေ။ လစဉ်လတိုင်းမှာ သူသည် ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်နှင့် အားလပ်ရက်သုံးရက်ကို ရရှိသည်။

တာအိုကျမ်းစာဌာနမှာ နှစ်စဉ်အရည်အချင်းစစ်ဆေးမှုက သိပ်ပြီးမခက်ခဲပေ။ ထိုသို့ဖြင့် သူသည် အရည်အချင်းစစ်ဆေးမှုမှာ ရလဒ်ကောင်းများရရှိခဲ့သည်။ ဘိုးဘေးကျောင်းတော်၏ စည်းမျဉ်းစည်းကမ်းများအရ သူတို့သည် နှစ်စဉ်အရည်အချင်းစစ်ဆေးမှုမှာ သုံးနှစ်ဆက်တိုက် ထူးချွန်မည်ဆိုလျှင် တပည့်ဂိုဏ်းသားအသစ်တစ်ဦးကို အဆင့်-၇ တာအိုဆရာတစ်ဦးအဖြစ် တိုးမြှင့်ပေးနိုင်သည်။ ထိုသို့ဖြင့် လင်းယုံပိုင်သည် အဆင့်-၉ တာအိုတပည့်ဂိုဏ်းသားတစ်ဦးကနေ အဆင့်-၇ တာအိုဆရာတစ်ဦးအဖြစ် တိုးမြှင့်ပေးခြင်းခံခဲ့ရသည်။

ရာထူးတိုးမြှင့်ခံရဖို့အတွက် တိုက်ခိုက်သတ်ဖြတ်နေရသော သူနှင့်ရွယ်တူတန်းတူတချို့ကြားမှာ သူ၏အခြေအနေက သေချာပေါက် များစွာပိုမိုကောင်းမွန်သည်။ လင်းယုံပိုင်သည် တာအိုကျမ်းစာဌာနကို ပထမဆုံးဝင်ရောက်ခဲ့စဉ်က သူသည် တာအိုကျမ်းစာဌာနမှာ သာမန်လူတစ်ဦးအဖြစ် ရုပ်ဖျက်ထားသော သာလွန်ထူးခြားသည့် တာအိုအကြီးအကဲတစ်ဦး၏ တပည့်အဖြစ် လက်ခံခြင်းခံရမည့်အကြောင်း မကြာခဏစိတ်ကူးယဉ်ခဲ့သည်။ ထိုသို့ဖြင့် သူသည် နောက်ဆုံးမှာ သူ၏ သာမန်ဘဝကနေ လွတ်မြောက်ပြီး တစ်နေ့မှာ ဉာဏ်ပညာဓားကိုပင် ကိုင်ဆွဲနိုင်ပေလိမ့်မည်။

(ဉာဏ်ပညာဓားကို ကိုင်ဆွဲခြင်းဆိုသည်မှာ သူတော်စင်တစ်ပါး ဖြစ်လာခြင်းကို ဆိုလိုသည်။)

သို့သော်လည်း တာအိုကျမ်းစာဌာနမှာ ဆယ်နှစ်နီးပါးနေလာခဲ့ပြီးနောက် လင်းယုံပိုင်သည် သာလွန်ထူးခြားသည့် အကြီးအကဲတစ်ဦးနှင့် ယခုအချိန်ထိ ဆုံတွေ့ရခြင်း မရှိသေးပေ။ သူ၏ စိတ်ကူးယဉ်အိပ်မက်များက စတင်၍ ပြိုကွဲသွားပြီး သူသည် လက်ရှိအဆင့်အတန်းနှင့် တင်းတိမ်ရောင့်ရဲလာကာ မနက်တိုင်းမှာ မော်ကွန်းတိုက်သို့သွား၍ နေ့လယ်ပိုင်းမှာ ပြန်လာခြင်းဖြင့် တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် သူ၏ အချိန်များကို ကုန်ဆုံးစေခဲ့သည်။

ဤနေ့မှာ လင်းယုံပိုင်သည် အသေးအဖွဲ့ကိစ္စတချို့ကြောင့် နောက်ကျနေသည်။ သူသည် မော်ကွန်းတိုက်သို့ ခပ်သုတ်သုတ်လျှောက်လှမ်းသွားရင်း ထောင့်တစ်နေရာကို လှည့်ကြည့်မိကာ လူတစ်ယောက်ကို တွေ့မြင်သွားသည်။

သူက ထိတ်လန့်၍ သူ၏ ခြေလှမ်းကို ရပ်တန့်ကာ ထိုလူကို အာရုံစိုက်၍ ကြည့်လိုက်သည်။ ထိုသူသည် ရိုးရှင်းသောတာအိုဝတ်စုံကိုဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူမ၏ အဆင့်အတန်းကို ထုတ်ဖော်ပြသထားခြင်း မရှိပေ။

လင်းယုံပိုင်၏ အကြည့်က အမျိုးသမီး၏ မျက်နှာပေါ်ကျရောက်သောအခါ သူက ရင်တဒိတ်ဒိတ်ခုန်သွားရသည်။

လင်းယုံပိုင်သည် တာအိုကျောင်းတော်မှာ အမျိုးသမီးတပည့်ဂိုဏ်းသားများစွာကို တွေ့မြင်ထားဖူးသော်လည်း ထိုအခိုက်အတန့်မှသာလျှင် တကယ့်တကယ် အံ့အားသင့်ဖွယ်ရာ ချောမောလှပခြင်းက ဘာလဲဆိုတာကို သူအမှန်တကယ် နားလည်သဘောပေါက်သွားသည်။

အမျိုးသမီး၏ ပုံပန်းသဏ္ဍာန်သည် သူတွေ့မြင်ဖူးသမျှထဲ အကောင်းဆုံးအတော်ဆုံး မဟုတ်သော်လည်း သူမ၏ အော်ရာက ဖော်မပြတတ်စွာ ညှို့ငင်ဖမ်းစားနိုင်လွန်းနေသည်။

လင်းယုံပိုင်၏ စိတ်ထဲ ရုတ်တရက် အတွေးတစ်ခုပေါ်လာသည်။ သူသည် ဘဝမှာ ဤကဲ့သို့သောအမျိုးသမီးနှင့် အတူတကွ သူ၏ အချိန်များကို ကုန်ဆုံးစေနိုင်မည်ဆိုလျှင် ထိုအရာကို သူသည် မည်သည့်အဆင့်အတန်း သို့မဟုတ် သူတော်စင်တစ်ပါး၏ ရာထူးနှင့်ပင် လဲလှယ်လိမ့်မည်မဟုတ်ပေ။

အမျိုးသမီးက ယဉ်ကျေးပျူငှာစွာ မေးလိုက်၏။

“မေးပါရစေ… ချီမင်နန်းတော်ကို ဘယ်လမ်းကနေ သွားရမလဲ”

လင်းယုံပိုင်က ညာဘက်ကို အလိုလိုလက်ညှိုးထိုးပြလိုက်သည်။

“ရှေ့ကိုတည့်တည့်သွားပြီး ဒုတိယမြောက်လမ်းဆုံကျရင် ဘယ်ဘက်ကိုချိုးလိုက်… ခြေလှမ်းသုံးရာလောက်သွားပြီးရင် အနောက်ဘက်ကို နောက်ထပ်ခြေလှမ်းသုံးရာလောက်ဆက်သွားလိုက်… အဲဒီမှာ ချီမင်နန်းတော်ကို ခင်ဗျားတွေ့ရလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်”

အမျိုးသမီးက သူညွှန်ပြသည့်အတိုင်း လျင်မြန်စွာလျှောက်လှမ်းသွားသည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြ၏။

လင်းယုံပိုင်သည် ထွက်ခွာသွားသော သူမ၏ နောက်ကျောကို လှည့်ကြည့်ပြီး သူ၏ မျက်လုံးထဲမှာ ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို ဖုံးဖိမထားနိုင်ပေ။

ချီမင်နန်းတော်သို့ သွားရောက်နိုင်သောမည်သူမဆို ကျိကျိုးတာအိုဆရာတစ်ဦးဖြစ်ပေမည်။ ထိုသည်မှာ သူစိတ်ကူးမယဉ်နိုင်သည့် တစ်စုံတစ်ရာဖြစ်သည်။

All Chapters