← Chapters

ကျောက်စိမ်းနေပြည်တော်

Vol. 2 Ch. 20

ကျောက်စိမ်းနေပြည်တော်

Vol. 2 Ch. 20

အစ်မချီသည် ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး ပြောလိုက်သည်။

“ဒါနဲ့ စွန်းယုံဖုန့်က ငါ့လိုမျိုးပဲ ငွေနည်းနည်းမက်တယ်… ပစ္စည်းကောင်းလေးတွေဆို သဘောကျတတ်တယ်… ဒါက သိက္ခာမဲ့ရာ ကျတယ်ဆိုပေမဲ့... ငါပြောတာကို နင်သိတယ်မလား”

(စွန်းယုံဖုန့်ကို လာဘ်ထိုးဖို့ အရိပ်အမြွက်ပေးနေခြင်းဖြစ်သည်။)

ချီရွှမ်းစုက အစ်မချီ၏ စကားအဓိပ္ပာယ်ကို ချက်ချင်းပင် ဖမ်းဆုပ်မိသွားပြီး တွေ့ဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့.. အဲဒါက သိပ်တော့ မကောင်းဘူးမလား... မကောင်းတဲ့ အမူအကျင့်ကို အားပေးအားမြှောက်ပြုရာကျနေတယ်”

မထင်မှတ်ထားစွာပင် အစ်မချီက သူတွေးထင်ထားသလို သူနှင့် ငြင်းခုံလာခြင်း မရှိပေ။ သူမက သဘောတူစွာဖြင့် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ဟုတ်တယ်… တာအိုအဖွဲ့အစည်းက ဒီလိုမျိုး အမူအကျင့်တွေကို တိုက်ဖျက်ဖို့ မကြာခဏ အလေးပေးပြောဆိုထားခဲ့တယ်”

ချီရွှမ်းစုကလည်း ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တာပေါ့... ဖြစ်သင့်တာပဲ”

အစ်မချီက ပခုံးတွန့်ကာ ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါက ထျန်ကန်းခန်းမနဲ့ ပတ်သက်ချင်တာ မဟုတ်ဘူး။ ငါက ဒီထက်ဆက်ပြီးလည်း မတိုးတက်ချင်တော့ဘူး… နင် အဲဒီမှာ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်… တခြားပြောစရာ မရှိဘူးဆိုရင် ငါတို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ ရပ်နားလိုက်ကြတာပေါ့… ငါ့မှာ ရှင်းစရာကိစ္စ နည်းနည်းရှိသေးတယ်”

“အစ်မချီ… မစိုးရိမ်ပါနဲ့”

ချီရွှမ်းစုက ကပျာကယာ ထပ်ပြောလိုက်သည်။

“ကျုပ်က စနေတာပါ”

အစ်မချီကလည်း ရယ်မောကာ ပြောလိုက်၏။

“ဟုတ်ပါပြီ... ငါကလည်း စနောက်နေရုံပါပဲ”

ချီရွှမ်းစုသည် အစ်မချီနှင့် စကားပြောရာမှာ ဘယ်တုန်းကမှ မနိုင်ပေ။

ထို့နောက် အစ်မချီသည် အကြီးအကဲတစ်ဦး၏ သွင်ပြင်ဟန်ပန်ကိုယူပြီး တည်တံ့စွာဖြင့် ပြောလိုက်သည်။

“ထျန်းယွမ်... တစ်ခါတလေမှာ သူရဲကောင်းတွေက ဆိုးဆိုးရွားရွား အဆုံးသတ်ပြီး လူဆိုးတွေက ကောင်းစားတတ်တယ်… ငါတို့တွေက လောကကို မဆန့်ကျင်နိုင်တဲ့ လက်ရှိအခြေအနေကို မတွန်းလှန်နိုင်တဲ့ အရေးမပါ အရာမရောက်တဲ့ ပုရွက်ဆိတ်လေးတွေပါပဲ… ငါတို့တွေက ရှင်သန်ဖို့အတွက် ကြိုးစားရုန်းကန်ပြီး အလိုက်သင့် မျောပါနေကြရုံပဲ”

“နင် ဥစ္စာဓနတောင့်တင်းလာတဲ့အခါ တခြားသူတွေကို ကူညီပေးနိုင်တယ်… နင် ဆင်းရဲနေစဉ်မှာတော့ နင့်ကိုယ်နင်ပဲ ဂရုစိုက်ရလိမ့်မယ်… အခုချိန်မှာ နင်တွေးထားရမှာက လောကကို ကူညီဖို့ မဟုတ်ဘူး… နင့်ကိုယ်နင် ဂရုစိုက်ဖို့ပဲ... ဟုတ်ပြီလား”

“ကျုပ် သိပါပြီ”

ချီရွှမ်းစုက နာခံစွာဖြင့် ပြန်ပြောလိုက်၏။

“ကျုပ်နားလည်ပါပြီ”

အစ်မချီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ပေါ်ထွက်လာသည်။

“ကောင်းတယ်… နင်သွားတဲ့အခါ ထိုက်ဖျင်ဒင်္ဂါးနှစ်ရာ ဆောင်သွား… ငွေစက္ကူဆိုရင် ပိုကောင်းတယ်… ဒင်္ဂါးတွေက သိသာထင်ရှားတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ရတတ်တယ်”

ချီရွှမ်းစုက မေးလိုက်သည်။

“အစ်မချီ... ကျုပ်က ထိုက်ဖျင်ဒင်္ဂါးနှစ်ရာကို ကိုယ့်ဘာသာကိုယ် ပေးရမှာလား... ဒါမှမဟုတ် ချင်းဖျင်အသင်းတော်က ပြန်ထုတ်ပေးမှာလား”

အစ်မချီသည် သူပြောတာကို မကြားရသည့်အလား ချီရွှမ်းစုကို ကြောင်ကြည့်နေသည်။

ချီရွှမ်းစုသည် ဘေးဘီဝဲယာကို လှည့်ကြည့်ပြီး သူ့ကို မည်သူကမှ အာရုံစိုက်မနေသည့်အခါ သူက အသံကို အနည်းငယ်မြှင့်ပြီး စောစောက မေးခွန်းကို ထပ်မေးလိုက်သည်။

အစ်မချီက နားလည်ရခက်ဟန်ဖြင့် သူမဘာသာသူမ ပြောလိုက်သည်။

“ဟေး... ဟေ့… ထျန်းယွမ်... နင် ငါပြောတာကြားလား... နင်ပြောတာကို ငါဘာလို့ မကြားရတော့တာလဲ… အစီအရင်က အချိန်စေ့သွားတာလား... ဒါမှမဟုတ် မိခင်-ကလေးအဆောင်က အမှားအယွင်း ဖြစ်သွားတာလား... အဲဒီ ဈေးပေါတဲ့ ပစ္စည်းတွေက သုံးလို့မကောင်းဘူးဆိုတာ ငါသိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်… ချင်းဖျင်အသင်းတော်က ဝယ်ပေးတာပဲကို… နင် အရည်အသွေးကောင်းတဲ့ပစ္စည်း ဝယ်ထားသင့်တာပေါ့”

ချီရွှမ်းစုသည် သူ့လက်ထဲမှာ ပြာမှုန်များအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားသော မိခင်-ကလေးအဆောင်နှင့် မီးတောက်များကြားမှာ ပျောက်ကွယ်သွားသော အစ်မချီ၏ မျက်နှာကို ငေးကြည့်နေ၏။ သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

လေက ပို၍ပင် အေးစက်လာသည်။ သူ၏ နှလုံးသားက အေးစက်လာသောကြောင့် အရာရာတိုင်းက ပိုအေးလာသည်ဟု ထင်ရသည်။

ချီရွှမ်းစုသည် နောက်ဆုံးမှာတော့ ဘာမှမတတ်နိုင်ဘဲ သူ အင်္ကျီရင်ဘတ်ကြား အိတ်ကပ်ထဲကနေ ငွေစက္ကူအတန်ကြီးနှစ်ရွက်ကို ထုတ်ပြီး သူ၏ အင်္ကျီလက်အိုးအိတ်ကပ်ထဲသို့ ထည့်လိုက်ရသည်။ ထို့နောက် လေနှင့်နှင်းကို အံတုပြီး သူက အဝေးမှာရှိသော ကျောက်စိမ်းနေပြည်တော်ရှိရာသို့ လျှောက်လှမ်းသွားတော့သည်။

ထိုသို့ဖြင့် မကြာသေးခင်ကမှ ချီရွှမ်းစု လဲယူထားသည့် ငွေစက္ကူအတန်ကြီးသုံးရွက်ကို အသုံးပြုလိုက်ရလေပြီ။ သူ့မှာ ထိုက်ဖျင်ဒင်္ဂါးတစ်ရာ၊ ငွေစက္ကူ အလတ်တန်တစ်ရွက်၊ အသေးတန် လေးရွက်၊ အကြွေဆယ်ရွက်နှင့် ငွေဒင်္ဂါးအကြွေတချို့တော့ ရှိနေဆဲဖြစ်သည်။

တကယ်တော့ ချီရွှမ်းစုမှာ စုမိဆောင်းမိထားတာတချို့ ရှိသေးသည်။ သို့သော် သူသည် မကြာခဏ ခရီးထွက်၍ အသက်နှင့်ရင်းပြီး စွန့်စားနေရသည်။ တစ်နေ့ သူတခုခုဖြစ်သည့်အခါ သူစုဆောင်းထားသည့် ငွေကြေးများ အခြားသူများထံ ပါသွားမည်ကို မလိုလားပေ။

ထို့သို့ဖြင့် သူစုထားသည့် အသပြာကို ငွေစက္ကူများလို အချိန်အကန့်အသတ်မရှိဘဲ တန်ဖိုးအားဖြင့် ပိုကောင်း ပိုတည်ငြိမ်သည့် ဝူယိုဒင်္ဂါးများဖြင့် လဲထားသည်။ သူက ထိုစုဆောင်းမိထားသည်များကို အစ်မချီထံ အပ်နှံထားသည်။ တစ်နေ့ မတော်တဆဖြစ်ရပ်တစ်ခုနှင့် သူကြုံတွေ့ရလျှင် အစ်မချီသည် သူ့အတွက် ကောင်းမွန်သော ခေါင်းတလားတစ်လုံး ဝယ်ပေးပြီး ပိုလျှံသည့် အသပြာကို သူမအတွက် အိုစာမင်းစာဖြစ်စေဖို့ သူ ရည်ရွယ်ထားသည်။

အစ်မချီက ငွေမက်သော်လည်း သူမမှာ စည်းမျဉ်းစည်းကမ်း ရှိထားပြီး ချီရွှမ်းစုက သူမကို ယုံကြည်သည်။

ချီရွှမ်းစုသည် အဖြူရောင်စကျင်ကျောက်ဖြင့် ခင်းထားသည့် လမ်းချောအတိုင်း လျှောက်လှမ်းပြီး လူသားလက်ရာမဟုတ်သည့် မြို့တော်ဆီသို့ လျှောက်လှမ်းသွားသည်။

ကျောက်စိမ်းနေပြည်တော်က အဝေးမှာ ရှိနေသော်လည်း ချီရွှမ်းစုသည် လေနှင့် နှင်းကြားကနေ မြို့တော်၏ ပုံပန်းသဏ္ဌာန်ကို ခပ်ရေးရေး တွေ့မြင်ရဆဲဖြစ်သည်။ ၎င်းကို တောက်ပခံ့ညားသော ရောင်စုံတိမ်စိုင်များက ဝန်းရံထားပြီး မြို့၏ ပုံပန်းသဏ္ဌာန်ကို ဟိုတစ်စ ဒီတစ်စ ပိတ်ဆို့ကာဆီးထားသည်။

တောင်တန်းများကိုမှီ၍ မြို့ကိုတည်ထားပြီး အတွင်းပိုင်းမြို့တော်ထဲသို့ ဝင်ရောက်လေ… မြေပြင်အနေအထားက ပိုမိုမြင့်မားလာလေဖြစ်ပြီး မြို့ရိုးများဖြင့် ပိတ်ဆို့ကာဆီးခြင်း ခံရတော့မည် မဟုတ်ပေ။

ချီရွှမ်းစုက အနားကို ချဉ်းကပ်လာစဉ် တောင်ကမ်းပါးမှာ တစ်လွှာပြီးတစ်လွှာ အထပ်ထပ်ဆင့်ထားသည့် မရေမတွက်နိုင်သော နန်းဆောင်များကို သူ မြင်တွေ့လာရသည်။

မြို့တော်အတွင်း အနက်ပိုင်းထဲမှာ တာအိုအဖွဲ့အစည်းက ကောင်းကင်ဘုံ ၃၃လွှာဟု ခေါ်ဆိုသော တိမ်စိုင်များကို ထိုးဖောက်ထားသည့် နန်းမြင့်မျှော်စင်တစ်ခု ရှိသည်။ တိမ်စိုင်များ ဖုံးအုပ်ထားသည့် အပိုင်းသည် ယခင် မဟာအကြီးအကဲ အင်မော်တယ်ဘုံသို့ တက်လှမ်းသွားသည့် ဒဏ္ဍာရီလာ တက်လှမ်းခြင်းစင်မြင့် ဖြစ်သည်ဟု ဆိုကြသည်။

ဤကဲ့သို့ ခမ်းနားထည်ဝါသော မြို့တော်တစ်ခုကို ခွန်လွင်တောင်တန်းများမှာ မပြောနှင့်၊ မြေပြန့်လွင်ပြင်မှာ တည်ဆောက်ဖို့ပင် အင်မတန် ခက်ခဲပေလိမ့်မည်။ တာအိုရေးရာ မှတ်တမ်းများအရ ဤမြို့ကို အမှန်တကယ်ပင် လူသားများ တည်ဆောက်ထားခြင်း မဟုတ်ပေ။ ရွှမ်အရှင်မြတ် ဦးဆောင်သည့် တာအိုဂိုဏ်းတော်သည် ကွန်ဖြူးရှပ်ကျောင်းတော်ကို အနိုင်ယူပြီး လောကမှာ တရားဝင် အုပ်ချုပ်သူအဖွဲ့အစည်း ဖြစ်လာပြီးနောက် ထိုကမ္ဘာဦးခေတ် တာအိုဘိုးဘေးက ဤမြို့ကို ချန်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ တစ်နည်းအားဖြင့် ဤမြို့က ရုတ်တရက် ပေါ်ထွက်လာခြင်းပင်။

ချီရွှမ်းစုက ထိုမှတ်တမ်းကို သိပ်မယုံချင်ပေ။ ထိုသည်မှာ ရွှမ်အရှင်မြတ်၏ ဂုဏ်ကျက်သရေကို ဖော်ကျူးဖို့အတွက် နောက်ပိုင်းမျိုးဆက်များ လုပ်ကြံဖန်တီးထားသည့် ယုံတမ်းဒဏ္ဍာရီတစ်ခု ဖြစ်မည်ဟုသာ သူက မှတ်ယူထားသည်။

သို့သော်လည်း ဤအတွေးများကို ထုတ်ဖော်ပြောဆိုရဲခြင်းမရှိဘဲ သူ၏ ရင်ထဲမှာသာ သိမ်းထားရသည်။

သိပ်မကြာခင် ချီရွှမ်းစုသည် ကျောက်စိမ်းနေပြည်တော်၏ ရှေ့မှာရှိသော ကျုံးနားကို ရောက်ရှိလာသည်။

ဤကျုံးကို ထိုက်ရှုမြစ်ဟု ခေါ်ဆိုကြသည်။ တာအိုတပည့်ဂိုဏ်းသားများသည် တောင်ပေါ်မှာ ဤကျုံးကို ဘယ်လိုတောင် တူးဖော်ခဲ့ရသလဲ စဉ်းစားကြည့်ဖို့ ခက်ခဲသည်။ ကျုံး၏ အစိတ်အပိုင်းတချို့သည် တောင်တန်းများနှင့် လွတ်နေပြီး လေထဲမှာ ချိတ်ဆွဲခံထားရသလို ဖြစ်နေသည်။ ၎င်းသည် အဆက်မပြတ် စီးဆင်းနေသော ငွေရောင်မြစ်တစ်စင်းနှင့် တူသည်။ ဤမြင်ကွင်းသက်သက်နှင့်ပင် ကျောက်စိမ်းနေပြည်တော်သို့ အသစ်ရောက်ရှိလာသူများသည် သူတို့က ဒဏ္ဍာရီလာ နတ်ဘုံတစ်ခုသို့ ဝင်ရောက်လာသည်ဟု အထင်ရောက်သွားစေဖို့ လုံလောက်သည်။

မြင်းရှစ်ကောင် ဘေးချင်းယှဉ်သွားနိုင်သော ထိုက်ရှုတံတားကို ဖြတ်ကျော်ပြီးနောက် သူသည် ကျောက်စိမ်းနေပြည်တော်၏ ဂိတ်တံခါးဝကို ရောက်ရှိလာသည်။ ထိုနေရာမှာ အလည်ရောက်လာသူများ၏ ပုဂ္ဂိုလ်ရေး အထောက်အထားများကို စစ်ဆေးရသည့် ချပ်ဝတ်တန်ဆာဝတ် စိတ်ဝိညာဉ်အစောင့်တပ်ဖွဲ့က တာဝန်ကျနေသည်။

တာအိုတပည့်ဂိုဏ်းသားတစ်ဦးအဖြစ် ချီရွှမ်းစု၏ သရုပ်သကန်က အစစ်အမှန်ဖြစ်သောကြောင့် သူ့အတွက် အခက်အခဲမရှိပေ။ သူ၏ ချင်းဖျင်အသင်းတော်သား သရုပ်သကန်ကို ဖုံးကွယ်ထားနိုင်သရွေ့ အဆင်ပြေပေလိမ့်မည်။

ချီရွှမ်းစု၏ ပုဂ္ဂိုလ်ရေးအထောက်အထားကို စစ်ဆေးပြီးနောက် စိတ်ဝိညာဉ်တပ်ဖွဲ့က သူ့ကို ဖြတ်သန်းခွင့်ပေးလိုက်သည်။

ကျောက်စိမ်းနေပြည်တော်ကို ဝင်္ကပါတစ်ခုက ဝိုင်းပတ်ထားပြီး ၎င်းကို တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့ သာယာစေသည်။ မြို့တော်ထဲသို့ ဝင်ရောက်လာပြီးနောက် ချီရွှမ်းစုသည် အရိုးခိုက်အအေးဓာတ်ကို ဆက်လက်၍ မခံစားရတော့ဘဲ သက်သောင့်သက်သာ ရှိသွားသည်။

ချီရွှမ်းစုသည် အရင်က ကျောက်စိမ်းနေပြည်တော်ကို ရောက်ခဲ့ဖူးသော်လည်း ကြာခဲ့ပြီဖြစ်သည်။ ထိုအချိန်တုန်းက သူသည် ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်ခွာလာခါစဖြစ်ပြီး အစမ်းခန့်ကာလ သုံးနှစ်အတွင်း သူ့ဆရာ၏ သတိထားမိခြင်း ခံခဲ့ရသည်။

ချီရွှမ်းစုနှင့် သူ့ဆရာသည် ကျောက်စိမ်းနေပြည်တော်မှာ ခဏတာ နေထိုင်ပြီးနောက် သူ့ဆရာက အသတ်ခံခဲ့ရသည်။ ထိုဖြစ်ရပ်အပြီးမှာ ချီရွှမ်းစုသည် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာလာခဲ့ပြီး သူက ဤမြို့တော်နှင့် အကျွမ်းဝင်မှု သိပ်မရှိခဲ့ပေ။

ကျောက်စိမ်းနေပြည်တော်နှင့် ရွှမ်မြို့တော်၏ ဖွဲ့စည်းပုံသည် အင်္ဂလိပ်အက္ခရာ (T) ကို ပက်လက်လှန်ထားသည်နှင့်တူသည်။

အမြင့်မားဆုံး မြေပြင်အနေအထားနှင့် ရွှမ်မြို့တော် တည်ရှိရာနေရာက အပေါ်ပိုင်းဖြစ်သည်။ ပိုနိမ့်သော မြေပြင်အနေအထားနှင့် ကျောက်စိမ်းနေပြည်တော်က အောက်ပိုင်းဖြစ်သည်။

ရွှမ်မြို့တော်သည် ကြီးမားသည့် စတုရန်းကွက်ထဲမှာ ပိုသေးသော စတုရန်းကွက်ကို ထည့်ထားသည့် ပုံသဏ္ဌာန်ဖြစ်သည်။ အတွင်းပိုင်းမှာရှိသော စတုရန်းကွက်ငယ်က ခရမ်းရောင်စံအိမ်တော် ဖြစ်သည်။

ချီရွှမ်းစုသည် ရွှမ်မြို့တော် သို့မဟုတ် ခရမ်းရောင်စံအိမ်တော်ကို တစ်ခါမှ မရောက်ဖူးခဲ့ပေ။ ထိုသို့ဖြင့် သူက ထိုနေရာများအကြောင်း များစွာသိရှိမထားပေ။ သို့သော်လည်း သူသည် ကျောက်စိမ်းနေပြည်တော်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသည်။ ရွှမ်မြို့တော်နှင့် ခရမ်းရောင်စံအိမ်တော်၏ ရှုပ်ထွေးသော လမ်းများနှင့်မတူဘဲ ကျောက်စိမ်းနေပြည်တော်၏ ဖွဲ့စည်းပုံက အတော်လေး ရိုးရှင်းပြီး စစ်တုရင်ကွက်များနှင့်တူသည်။

ကျောက်စိမ်းနေပြည်တော်မှာ မြို့ကွက် စုစုပေါင်း ၂၄ ကွက်ရှိပြီး မြို့ကွက်တစ်ကွက်ချင်းစီကို အကြီးအကဲချုံးယန်၊ အကြီးအကဲချွန်းယန်၊ အကြီးအကဲချုံးရှု စသည်ဖြင့် မဟာတာအိုဘိုးဘေးများ၏ အမည်ကို အစွဲပြု၍ ပေးထားသည်ကို သူမှတ်မိသေးသည်။ ယခင်က ချီရွှမ်းစုနှင့် သူ့ဆရာသည် မြို့ကွက် ၂၄ ကွက်ထဲမှာ အဆင့်သတ်မှတ်ချက်အရ အတော်အတန် နိမ့်ကျသော ဟိုင်ချန်အကွက်မှာ နေခဲ့ကြသည်။ ၎င်းသည် အောက်ပိုင်း မြို့ကွက်ရှစ်ကွက်ထဲမှာ ပါဝင်သည်ဟု ဆိုနိုင်သည်။

ချီရွှမ်းစုသည် တာအိုအကြီးအကဲ နန်ဟွား၏ အမည်ကို အစွဲပြုခေါ်သည့် နန်ဟွားအကွက်သို့ သွားရမည်ဖြစ်သည်။ ၎င်းသည် မြို့ကွက် ၂၄ကွက်ထဲတွင် ထိပ်ဆုံးမှာ ရပ်တည်နေသော ထိုက်ရှန်အကွက်ပြီးလျှင် ဒုတိယနေရာမှာ ရှိပြီး ဟောက်ထျန်အကွက်နှင့် ယှဉ်နိုင်သည်။

ဤမြို့ကွက်သုံးကွက်နှင့်အတူ ရွှမ်ယွမ်အကွက်၊ ကွမ်းချန်အကွက်၊ ချုံးရှုအကွက်၊ ထုံရွှမ်အကွက်နှင့် တုန်လင်းအကွက်တို့ကို အထက်ပိုင်း မြို့ကွက်ရှစ်ကွက်ဟု ခေါ်ဆိုကြပြီး သူတော်စင်များသည် တစ်ခါတစ်ရံမှာ လာရောက်တည်းခိုနေထိုင်ဖို့အတွက် ထိုအကွက်များမှာ အိမ်ခြံမြေများကို ဝယ်ယူထားလေ့ရှိသည်။

ချီရွှမ်းစုသည် ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို တောင်နှင့်မြောက် ဖြတ်ဖောက်ထားသည့် လမ်းမအတိုင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။

ဤတောင်မြောက်လမ်းမကြီးကို ရှန်ချင်းလမ်းဟု ခေါ်ဆိုပြီး အရှေ့ကနေ အနောက် ဖောက်လုပ်ထားသည့် ယုချင်းလမ်းမလည်း ရှိသည်။ ထိုလမ်းမနှစ်ခုက အပေါင်းလက္ခဏာပုံစံ ဖြတ်သွားပြီး ကျောက်စိမ်းနေပြည်တော်ကို အစိတ်အပိုင်းလေးခု ခွဲထုတ်လိုက်သည်။ တစ်ပိုင်းချင်းစီမှာ မြို့ကွက်ခြောက်ကွက် ပါဝင်သည်။ ထိုလမ်းမနှစ်ခု ဆုံရာနေရာမှာ ထိုက်ချင်းဈေး သို့မဟုတ် ထိုက်ချင်းရင်ပြင်ဟု ခေါ်ဆိုသော ကြီးမားသည့် ဈေးတစ်ခု ရှိနေသည်။

ချီရွှမ်းစု သွားရောက်မည့် နန်ဟွားအကွက်သည် ထိုက်ချင်းရင်ပြင်၏ အနောက်မြောက်ဘက်မှာ တည်ရှိသည်။

ဤအခိုက်အတန့်မှာ ချီရွှမ်းစုသည် ရှန်ချင်းလမ်း၏ တောင်ဘက်အစပ်မှာ ရှိနေသည်။ ထိုနေရာကနေ နန်ဟွားအကွက်သို့ တစ်ဆယ်ကီလိုမီတာလောက် သွားရပေဦးမည်။

ထိုစဉ်မှာပင် ကြွပ်ဆတ်ဆတ် ကြေးခေါင်းလောင်းသံက ထွက်ပေါ်လာသည်။ ဆိတ်လှည်းတစ်စင်းက ချီရွှမ်းစု၏ ဘေးကနေ ဖြတ်သွားပြီး အရှိန်ကို ဖြည်းဖြည်းချင်း လျှော့ချကာ သူနှင့် ဘေးချင်းယှဉ်သွားနေသည်။

ကျောက်စိမ်းမြို့တော်မှာ မြင်းဆွဲရထားလုံးများ မရှိဘဲ ကျင့်ကြံမှု သုံးဆင့်အလိုက် ဆိတ်လှည်း၊ သမင်လှည်းနှင့် နွားလှည်းတို့သာ ရှိသည်။ ထိုအထဲမှာ ဆိတ်လှည်းများက အဆင့်အနိမ့်ဆုံးဖြစ်ပြီး တာအိုယုံကြည်သူများ၊ ကလေးများနှင့် သာမန်တာအိုတပည့်ဂိုဏ်းသားများက အသုံးပြုကြသည်။ ဒါ့အပြင် လှည်းကို ဆွဲဖို့အတွက် သုံးသော ဆိတ်များက အတော်လေး ထူးခြားကြီးမားပြီး သန်မာကြသည်။ ဆိတ်နှစ်ကောင်ပေါင်းခွန်အားသည် သာမန်မြင်းတစ်ကောင်၏ ခွန်အားနှင့် တူညီသည်။

လှည်းသမားက သာမန်တာအိုယုံကြည်သူတစ်ဦးဖြစ်ပြီး မြေပြင်နှင့် တစ်ပေသာသာ ကွာသော လှည်းသန်ပေါ်မှာ ထိုင်နေသည်။ သူက မေးလိုက်၏။

“လူကြီးမင်း... ခင်ဗျား လှည်းစီးဖို့ လိုသေးလား... မီတာ ၅၀၀ ကို ရူယီဒင်္ဂါးတစ်ဆယ်ပဲ ကျပါမယ်။”

(လှည်းသန် - လှည်းကိုယ်ထည်နှင့် ဆိတ် သို့မဟုတ် နွားကို ချိတ်ဆက်ထားသည့် သစ်သားတန်း။)

“ငါ့ကို နန်ဟွားအကွက်ဆီ ပို့ပေး”

ချီရွှမ်းစုက လှည်းကိုတားပြီး သူ့အိတ်ထဲကနေ ငွေဒင်္ဂါးအသေးနှစ်ပြားကို ထုတ်ပေးလိုက်သည်။

အသုံးတွင်ကျယ်သော ငွေကြေး ထိုက်ဖျင်ဒင်္ဂါးများမှာ အရွယ်အစား သုံးမျိုးရှိသည်။ ပုံမှန်ပြောဆိုကြသည့် ထိုက်ဖျင်ဒင်္ဂါးဆိုသည်မှာ တစ်ယွမ်တန်သည့် ကြီးမားသော ငွေဒင်္ဂါးဖြစ်သည်။ ထို့အပြင် ဒင်္ဂါးအလတ်နှင့် အသေး ရှိသေးသည်။ သုံးမျိုးစလုံးမှာ တူညီသော ထိုင်ဖျင်ဟူသည့် စာလုံးကို ရေးထိုးထားသော်လည်း အလတ်ဒင်္ဂါးနှင့် အသေးဒင်္ဂါးတို့က ပိုပါးပိုသေးကြသည်။

တန်ဖိုးအရ ထိုက်ဖျင်ဒင်္ဂါးအလတ်က ယွမ်ဝက်တန်ပြီး ထိုက်ဖျင်ဒင်္ဂါးအသေးက တစ်ယွမ်၏ ဆယ်ပုံတစ်ပုံ တန်သည်။

ရူယီဒင်္ဂါးများကို ကြေးနီ ၉၅ ရာခိုင်နှုန်း၊ ခဲ ၄ ရာခိုင်နှုန်း၊ သံဖြူ ၁ ရာခိုင်နှုန်းဖြင့် ပြုလုပ်ထားသည်။ ငွေလဲနှုန်းမှာ ရူယီဒင်္ဂါး ၁၀၀၀ လျှင် ထိုက်ဖျင်ဒင်္ဂါးအကြီးတစ်ပြား၊ ရူယီဒင်္ဂါး ၅၀၀ လျှင် ထိုက်ဖျင်ဒင်္ဂါး အလတ်တစ်ပြားနှင့် ရူယီဒင်္ဂါး ၁၀၀ လျှင် ထိုက်ဖျင်ဒင်္ဂါး အသေးတစ်ပြားဖြစ်သည်။

မီတာ ၅၀၀ ကို ရူယီဒင်္ဂါးတစ်ဆယ် ကျသင့်သည့်အတွက် ကီလိုမီတာ ၁၀ ကို ရူယီဒင်္ဂါး ၂၀၀ ကျသင့်မည်ဖြစ်ပြီး ထိုပမာဏသည် ထိုက်ဖျင်ဒင်္ဂါး အသေးနှစ်ပြားနှင့် တူညီသည်။

လှည်းသမားက လှည်းကိုရပ်၍ ငွေကိုလက်ခံပြီး သူ့ကို ဖိတ်ခေါ်လိုက်သည်။

“လူကြီးမင်း... ကျေးဇူးပြုပြီး လှည်းပေါ်ကို ကြွပါ”

ဤဆိတ်လှည်း၏ တည်ဆောက်ပုံသည် မြင်းဆွဲရထားလုံးများနှင့် များစွာကွာခြားခြင်းမရှိဘဲ ကြီးမားသော ဘီးနှစ်ဘီးနှင့် လေးထောင့်ကျကျ လှည်းအိမ်တစ်ခု ပါရှိသည်။ ပုဂ္ဂိုလ်ရေး လုံခြုံမှုအတွက် ပြတင်းပေါက်များနှင့် လိုက်ကာများကို တပ်ပေးထားသည်။ ကျောက်စိမ်းနေပြည်တော်မှာ လေးဘီးရထားများလည်း ရှိသော်လည်း သူတို့က ပို၍ဈေးကြီးသည်။ ချီရွှမ်းစုလို တစ်ကိုယ်ရေတစ်ကာယသမားအတွက် နှစ်ဘီးလှည်းက ပို၍တွက်ခြေကိုက်သည်။

ချီရွှမ်းစုသည် ဆိတ်လှည်းပေါ်ကို တက်ပြီး လိုက်ကာကို ဆွဲချလိုက်သည်။

ကျောက်စိမ်းနေပြည်တော်က ကောင်းမွန်သည့် မြို့တော်တစ်ခု ဖြစ်သော်လည်း သာမန်မြို့တစ်မြို့၏ စည်ကားသက်ဝင်မှုနှင့် နွေးထွေးမှု လျော့ကျနေသည်။ ၎င်းက အေးစက်၍ ဖော်ရွေမှု သိပ်မရှိဟု ခံစားရစေသည်။

ချီရွှမ်းစုသည် အစ်မချီ၏ သရုပ်သကန်နှင့် ပတ်သက်ပြီး ပို၍ပင် သိချင်လာမိသည်။ အရင်တုန်းက သူသည် အစ်မချီ၏ အတိတ်အကြောင်း မေးမြန်းခဲ့သော်လည်း သူမက ထိုစကားကို အမြဲတမ်း ရှောင်ခဲ့သည်။ ထို့နောက် ချီရွှမ်းစုက ဆက်လက်၍ မမေးမြန်းတော့ပေ။ သို့သော်လည်း အစ်မချီသည် ကျောက်စိမ်းနေပြည်တော်နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း ပြောပြခဲ့ဖူးသည်။ သူမသည် ကျောက်စိမ်းနေပြည်တော်မှာ အချိန်တစ်ခုကြာအောင် နေခဲ့ရဖူးပေမည်။

အစ်မချီကလည်း တာအိုဂိုဏ်းတော်က အဖွဲ့ဝင်တစ်ဦးပဲလား...။

ဒါဆိုရင် တာအိုဂိုဏ်းတော်မှာ အစ်မချီရဲ့ အဆင့်အတန်းက ဘာဖြစ်မလဲ…။ တစ်ခါတစ်ရံမှာ သူမ ထုတ်ဖော်ပြသခဲ့သည့် ကျင့်ကြံမှုအဆင့်နှင့် တာအိုဂိုဏ်းတော်၏ ခန်းမအမျိုးအမျိုးနှင့် ရင်းနှီးကျွမ်းဝင်နေပုံအရ သူမသည် သူတွေးထင်ထားသည်ထက် ပိုမိုမြင့်မားသော အဆင့်တစ်ခုမှာ သေချာပေါက် ရှိနေမည်ဟု ချီရွှမ်းစုက ခန့်မှန်းမိသည်။

သူမသည် အဆင့် (၅) တာအိုဆရာတစ်ဦးလား သို့မဟုတ် အဆင့် (၄) ကျိကျိုးတာအိုအကြီးအကဲတစ်ဦးပေပဲလား...။

အစ်မချီသည် ယခုအချိန်မှာ တာအိုဆရာတစ်ဦး မဟုတ်တော့လျှင်တောင် အရင်တုန်းက ဟုတ်ခဲ့နိုင်သည်။ သူမအနေဖြင့် ဤကဲ့သို့ ဩဇာအာဏာကြီးမားသည့် ဂိုဏ်းတော်ကနေ ထွက်ခွာလာရအောင် ဘာတွေ ဖြစ်ခဲ့တာလဲ...။

ချီရွှမ်းစုသည် ခပ်မှန်မှန်ရွေ့လျားနေသော ဆိတ်လှည်းပေါ်ကနေ ဤအကြောင်းများကို စဉ်းစားတွေးတောနေမိသည်။ နာရီဝက်မရှိတရှိ ကြာပြီးနောက် သူသည် ခပ်လှမ်းလှမ်းမှာ နန်ဟွားအကွက်ကို တွေ့မြင်လိုက်ရပြီဖြစ်သည်။

All Chapters