အခန်း (၁၁၁)
Vol. 12 Ch. 111
(111)
ကျင်းယန်တို့အသင်းကို လာတွေ့သောအဖွဲ့၏ ခေါင်းဆောင်မှာ မြို့တော် River Glory အခြေစိုက်စခန်းမှ ကြီးကြပ်ကွပ်ကဲသူများ ဖြစ်ကြ၏။
သူ၏မျိုးရိုးက ‘ကျို’ ၊ နာမည်က ‘ထိုက်’ဖြစ်သည်။ သူက ကမ္ဘာပျက်ကပ်မတိုင်မီ စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြစ်ပြီး မြို့တော်Aတွင် တာဝန်ကျသည့် အုပ်ချုပ်သူအရာရှိဖြစ်ပေသည်။
သူ၏လက်အောက်ငယ်သားဖြစ်ပုံရသော တခြားစစ်သားသည်ကား မီးခိုးရောင်နားသယ်မွှေးများ ရှိပြီး ပို၍အသက်ကြီးပုံရ၏။
ထိုသူ၏နာမည်ကတော့ ကွေ့ပင်းပိုင်ဖြစ်သည်။ သူတို့နှင့်အတူပါလာသော တခြားသူနှစ်ယောက်ကမူ ဆင့်ကဲပြောင်းလဲသူများဖြစ်ကြ၏။
ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် ဗဟိုအစိုးရ၏အကူအညီဖြင့် ကျိုထိုက်က မြို့တော်Aတွင် အလယ်အလတ်အရွယ်အစားရှိသော River Glory အခြေစိုက်စခန်းအား တည်ထောင်ရန်အတွက် အင်အားစုထဲမှ သူ့လူများကို ဦးဆောင်ခဲ့လေသည်။
အစပိုင်း၌ River Glory အခြေစိုက်စခန်းက အနီးနားဧရိယာမှ ဆင့်ကဲပြောင်းလဲသူများနှင့် သာမာန်လူများကို ဆွဲဆောင်ခဲ့၏။
သာမာန် တိုက်ခိုက်သည့် အခြေအနေများအောက်၌ အခြေစိုက်စခန်း၏ တည်ငြိမ်မှုကို ထိန်းထားရန်မှာ ပြဿနာတစ်ရပ်မဟုတ်ခဲ့ချေ။
သို့သော် လွန်ခဲ့သည့်နှစ်လအတွင်း အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူများက အမဲလိုက်ရန်အတွက် အပြင်ထွက်ချိန်တွင် သန္ဓေပြောင်းနွားတစ်ကောင်နှင့် ကြုံခဲ့လေသည်။
ထိုမှစ၍ အခြေအနေက စတင်ပြောင်းလဲလာခဲ့၏။
ထိုသန္ဓေပြောင်းနွားက တမူထူးခြားသောမျိုးစိတ်တစ်ခု မဟုတ်ပါချေ။ ထိုနွားသည်က ကမ္ဘာပျက်ကပ်မတိုင်ခင်က တောရွာရှိ လယ်သမားများက မွေးမြူထားသော သာမာန်နွားတစ်ကောင်သာဖြစ်ခဲ့လေသည်။
သန္ဓေပြောင်းပြီးနောက် နွားက အလွန်ကြီးထွားလာခဲ့ပြီး တိုက်ခိုက်သည့်စွမ်းအားကလည်း များစွာ တိုးလာခဲ့၏။
အများသိကြသော အဆင့်သတ်မှတ်သည့် နည်းလမ်းအရ ဤသန္ဓေပြောင်းနွားက အဆင့်သုံးသန္ဓေပြောင်း တိရစ္ဆာန်များလောက်ရှိပြီး အမဲလိုက်ရန် လွယ်ကူသင့်ပေသည်။
သို့သော်ငြား River Glory အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူများက နွားနှင့် အကြိမ်ရေအချို့ ပက်ပင်းတိုးဖူးကြပြီး အချိန်တိုင်းတွင် သူတို့ရှုံးနိမ့်ခဲ့ကြသည်။
ဤသန္ဓေပြောင်းနွားက အခြေစိုက်စခန်းထဲမှ ဆင့်ကဲပြောင်းလဲသူများအပေါ်တွင် လှည့်ကွက်များသုံးနေခဲ့ခြင်းပင်။
ထို့ကြောင့် ထိုနွားက ဉာဏ်ကောင်းပုံပေါ်သည်။
ထိုအချိန်တွင် ဤသန္ဓေပြောင်းတိရစ္ဆာန်က ဗဟိုအစိုးရမှ ဖော်ပြခဲ့သည့် ဉာဏ်ကောင်းသော တိရစ္ဆာန်တစ်ကောင်ဟုလည်း သိကြသည့် အဆင့်ငါးသန္ဓေပြောင်း တိရစ္ဆာန်ဖြစ်ကြောင်းကို သူတို့သတိမထားမိကြချေ။
တဖြည်းဖြည်းဖြင့် တခြားသန္ဓေပြောင်းတိရစ္ဆာန်များက ဤသန္ဓေပြောင်းနွား၏ဘေးတွင် စတင်စုဝေးလာကြသည်။
အစပိုင်း၌ အရေအတွက် များစွာမရှိဘဲ အားလုံးက အဆင့်တစ်နှင့် အဆင့်နှစ် သန္ဓေပြောင်းတိရစ္ဆာန်များသာ ဖြစ်ကြသည်။
River Gloryအခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူများမှာ လတ်တလောတွင် အမဲလိုက်ရခြင်းက ပို၍ခက်ခဲလာသည်ဟုသာ ရိုးရိုးရှင်းရှင်း တွေးခဲ့ကြ၏။
ထို့နောက် တဖြည်းဖြည်းအချိန်ကြာလာချိန်တွင် အရပ်မျက်နှာအနှံ့မှ သန္ဓေပြောင်းတိရစ္ဆာန် မျိုးစိတ်အမျိုးမျိုးမှာ ပို၍စုဝေးလာကြောင်း ရှာတွေ့ခဲ့ရပြီး အမွှေးရှည်သန္ဓေပြောင်း တိရစ္ဆာန်များပင် ပါဝင်လေသည်။
ထိုအခါမှသာ တစ်စုံတစ်ရာမှားယွင်းနေကြောင်းကို သူတို့သဘောပေါက်သွားပြီး သန္ဓေပြောင်းနွား၏ ပုံမှန်မဟုတ်ခြင်းကို သတိထားမိခဲ့ကြ၏။
ထို့ကြောင့် River Glory အခြေစိုက်စခန်းက သန္ဓေပြောင်းနွားအား တိုက်ခိုက်ရန် လူအင်အားအများအပြားဖြင့် သေချာစီစဥ်ခဲ့သော်ငြား အချိန်တိုင်း ရှုံးနိမ့်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။
ဤအဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်က အလွန်အမင်းဉာဏ်ကောင်းသဖြင့် အနိုင်ယူရန် ပို၍ပင် ခက်ခဲသွားစေ၏။ အခြေစိုက်စခန်းမှ ဦးဆောင်သော စစ်ဆင်ရေးအချို့ကျရှုံးပြီးနောက် မြို့အပြင်ဘက်မှ သန္ဓေပြောင်းတိရစ္ဆာန်များက ပထမဆုံး စတင်တိုက်ခိုက်လာကြသည်။
ဤတိုက်ခိုက်မှုက ကြိုတင်ပြင်ဆင်ချိန်မရလိုက်သော River Gloryအခြေစိုက်စခန်းကို အပြင်းအထန် ပျက်စီးစေခဲ့သည့် သားရဲလှိုင်းလည်းဖြစ်၏။
ဆင့်ကဲပြောင်းလဲသူ အများအပြားက အခြေစိုက်စခန်းမှ ထွက်ပြေးပြီး ခိုလှုံရာရှာဖွေရန် တခြားမြို့များရှိ အခြေစိုက်စခန်းများဆီ ထွက်သွားခဲ့ကြသည်။
သူတို့က သန္ဓေပြောင်းတိရစ္ဆာန်များ၏ ပါးစပ်ထဲတွင် သေလိမ့်မည်ဟု ကျိုထိုက် ထင်ခဲ့သော်ငြား မမျှော်လင့်ထားစွာပင် သိပ်မပြင်းထန်သော သားရဲလှိုင်းတစ်ခု၊ နှစ်ခုပြီးနောက် မြို့အပြင်ဘက်မှ သားရဲများက တိုက်ခိုက်ခြင်းရပ်တန့်သွားခဲ့ကြ၏။
တိရိစ္ဆာန်များက လှည့်ပတ်၍သာသွားနေကြပြီး မြို့ထဲမှလူများဘက်မှ သူတို့ကို အရင်မတိုက်ခိုက်သရွေ့ ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်ချင်သည့်ပုံပင်။
သို့သော် နောက်ဆက်တွဲအနေဖြင့် အခြေစိုက်စခန်းက အစားအစာပြတ်လပ်မှုကြောင့် တဖြည်းဖြည်း ပြိုလဲလာလေသည်။
အစပိုင်း၌ အခြေစိုက်စခန်းတွင် ကျန်ရှိနေခဲ့သည့် ဆင့်ကဲပြောင်းလဲသူများက သူတို့၏မကျေနပ်မှုများကို ထုတ်ဖော်ပြခဲ့ကြသည်။
ဆင့်ကဲပြောင်းလဲစွမ်းရည်များ မရှိသည့် သာမာန်လူများကလည်း ငတ်မွတ်ခေါင်းပါးမှူကြောင့် စောဒကတက်လာကြလေသည်။အခြေစိုက်စခန်းက ဖရိုဖရဲဖြစ်စွာ ပြိုလဲသွားခဲ့ပြီး ကျိုထိုက်ကဲ့သို့သော စစ်တပ်ခေါင်းဆောင်များ၏
ဂုဏ်သိက္ခာကြီးမားစွာ ထိခိုက်သွားခဲ့ရ၏။
ယင်ရိလျိုက မြို့တော်Aအထက်မှ ရဟတ်ယာဥ်ပျံသန်းသွားချိန်တွင် သူမငုံ့ကြည့်လိုက်ချိန်က မြင်တွေ့ခဲ့ရသည့် ထိတ်လန့်စရာ မြင်ကွင်းကြောင့် မိန်းမောနေဆဲဖြစ်လေသည်။
အခြေစိုက်စခန်း၏ အပြင်ဘက် မိုင်တစ်ရာအတွင်းတွင် လျှောက်ပတ်သွားလာနေသော သန္ဓေပြောင်းတိရစ္ဆာန်ကြီးများ များစွာရှိနေ၏။
ထိုမျှ များပြားသော သန္ဓေပြောင်းတိရစ္ဆာန်များကို တစ်ပြိုက်နက်ထဲ မြင်ဖူးသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပေသည်။
ရဟတ်ယာဥ်သံကို ကြားသည့်အခိုက်
အကြားအာရုံကောင်းသော
သန္ဓေပြောင်းတိရစ္ဆာန်များက မော့ကြည့်လာကြခဲ့လေသည်။
တိရစ္ဆာန်များကြားတွင် အရှည်ဆုံးမှာ သန္ဓေပြောင်းလူဝံတစ်ကောင်ဖြစ်ပြီး သူ့ရင်ဘတ်ကိုသူ ရိုက်ပုတ်လိုက်ကာ ရဟတ်ယာဥ်ကို ဟိန်းဟောက်နေခဲ့၏။
လူဝံ၏ဟိန်းဟောက်သံကို အဝေးမှပင် သူတို့ကြားနိုင်လေသည်။
ထိုအချိန်မှသာ သားရဲလှိုင်းက ကြောက်စရာကောင်းသည်ဟု အဘယ်ကြောင့် ပြောကြောင်းကို သူမ နားလည်သွားခဲ့၏။
ဤမျှအရေအတွက်များပြားသော သန္ဓေပြောင်းတိရစ္ဆာန်များသာအခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ရန် တဟုန်ထိုး
ချီတက်လာကြပါက အသန်မာဆုံးသော မြို့၏ နံရံများပင် တစ်ရက်တည်းတွက် ပျက်စီးသွားနိုင်လိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် ခုခံနိုင်စွမ်းမဲ့သော သာမာန်လူများမှာ သားရဲများအတွက် အစားအစာဖြစ်သွားကြပြီး ဆင့်ကဲပြောင်းလဲသူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
သူတို့ကဲ့သို့ ဆင့်ကဲပြောင်းလဲသူများသာ ကမ္ဘာပေါ်တွင် ကျန်နေခဲ့ပါက လူသားမျိုးနွယ်၏ အနာဂတ်က မည်သို့ဖြစ်လာလိမ့်မည်နည်း?
ကျိုထိုက်က သူ၏နောက်လိုက်များကို ကျင်းယန်တို့၏ ခရီးဆောင်အိတ်များအား ယူရန်အချက်ပြလိုက်သည်။
ယင်ရိလျို သက်ပြင်းချမိလေသည်။ ကျင်းယန်၏ဘေးမှလူက ခရီးဆောင်အိတ်အား သယ်ပေးရန် လက်လှမ်းလာသည့်အတွက် ကျင်းယန် လက်ရမ်းပြီး ယဥ်ကျေးစွာ ငြင်းပယ်လိုက်သည်။
“ကျွန်တော့်ဘာသာ သယ်လိုက်ပါ့မယ်”
နံရံကိုမှီ၍ ကြမ်းပြင်တွင် အိပ်နေသောလူများမှလွဲ၍ အခြေစိုက်စခန်းက အလွန်တိတ်ဆိတ်နေ၏။
ကျပန်းစျေးသည်များပင် သူတို့၏ကုန်ပစ္စည်းများကို စိတ်မပါလက်မပါ ရောင်းနေပြီး အများစုက အဝတ်အစားအဟောင်းနှင့် စောင်အဟောင်းများကိုသာ ရောင်းနေကြသည်။
လမ်း၏ဘေးနှစ်ဖက်စလုံးမှာ မည်သူမှသန့်ရှင်းရေး မလုပ်သောကြောင့် ညစ်ပတ်နေကြ၏။ မစင်ခြောက်များကလည်း ထောင့်များတွင် စုပုံနေကြပြီး သန္ဓေပြောင်းခြင်နှင့်ယင်ကောင်များက မှောင်မိုက်သောနေရာများတွင် မျိုးပွား၍ပျံသန်းနေခဲ့ကြသည်။
ယင်ရိလျို နှာခေါင်းကို လက်ဖြင့်အုပ်လိုက်မိသည်။ နောက်ဆုံး၌ မြို့တော်Z အခြေစိုက်စခန်းက မည်မျှကောင်းကြောင်း သိသွားပြီဖြစ်၏။
“မင်းယုံချင်မှယုံလိမ့်မယ်၊ ငါတို့ရဲ့သီးသန့်ကောက်ပဲသီးနှံတွေက တစ်ကြိမ် လုယက်ခံရဖူးတယ်”
ကျင်းယန်နှင့်တခြားလူများကို အခြေစိုက်စခန်းဆီ ဦးဆောင်ခေါ်သွားနေရင်း ကျိုထိုက် သက်ပြင်းချလိုက်သည်။
“ငါ့ရဲ့နောက်လိုက်တစ်ယောက်က လုယက်ဖို့ဦးဆောင်နေတဲ့ လူငယ်ထဲက နှစ်ယောက်ကို သတ်လိုက်မှ အခြေအနေကို ပြန်ထိန်းချုပ်နိုင်ခဲ့တာ”
“သာမာန်လူတွေကို ဘယ်သူကမှ မရိုက်ချင်ပါဘူး”
တခဏမျှ တိတ်ဆိတ်နေခဲ့သော ကွေ့ပင်းပိုင်က တင်းမာစွာပြောလိုက်ပြီး လေထုက အနည်းငယ် စိတ်ဓာတ်ကျစရာဖြစ်လာခဲ့၏။
တောင့်မခံနိုင်လောက်အောင် ဆာလောင်မနေခဲ့လျှင် ဤသာမာန်လူများက စစ်တပ်ကုန်လှောင်ရုံကို လုယက်ရဲမည်မဟုတ်ချေ။
သူတို့က သေလုမြောပါး ဆာလောင်နေသောကြောင့်သာ ဖြစ်ပေ၏။
အခြေအနေများက ဒီထက်ပို၍ ဆိုးရွားလာစရာ မရှိတော့၍သာ သူတို့ ဆက်လက်ရှင်သန်နိုင်ရန်အတွက် တိုက်ခိုက်ခဲ့ကြရသည်။
သေသည်အထိ အရိုက်ခံရလျှင်ပင် ဤလူများက စွန့်စားလိုခဲ့ကြပေသည်။
ကျိုထိုက်က အခြေစိုက်စခန်း၏ အခြေအနေအလုံးစုံကို ထည့်သွင်းစဥ်းစားခဲ့၏။
သူတို့တွင် ကျန်ရှိနေသည့် အစားအစာအနည်းငယ်ကို သူ မဖြုန်းတီးနိုင်ချေ။ ခေါင်းဆောင်ငှက်ကို သတ်ပစ်ခြင်းက အဟန့်အတားဖြစ်သွားစေသော်ငြား သူတို့တွင်လည်း တခြားရွေးချယ်စရာမရှိခဲ့ချေ။
“မင်းတို့အသင်းနဲ့ မြို့တော်Aအသင်းက ငါတို့အခြေစိုက်စခန်းဆီ အလှည့်အပြောင်းတွေ ယူဆောင်လာနိုင်ဖို့ မျှော်လင့်ပါတယ်”
ကျိုထိုက်က လေးနက်သောအမူအရာနှင့် မြေပြင်ကို ဖိနပ်နှင့် ကန်လိုက်သည်။
“ငါတို့အကောင်းဆုံးကြိုးစားပါ့မယ်.. ငါတို့နဲ့ပူးပေါင်းမယ့် မြို့တော်Bက အသင်းရောမရှိဘူးလား?”
ကျိုထိုက်နှင့် သူ့ဘေးမှလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့၏မျက်နှာထားက သဘောမကျဖြစ်သွားပုံပေါ်သည်။
“ဟုတ်တယ် ၊ နောက်ထပ်တစ်သင်းရှိတယ်.. ဒီကိုမနေ့က ရောက်လာသင့်တာ ဒါပေမဲ့ ခုထိမရောက်ကြသေးဘူး.. လမ်းမှာ ကြန့်ကြာနေတာဖြစ်နိုင်တယ်”
ကျိုထိုက်က အလျှင်အမြန် စကားလမ်းကြောင်း လွှဲလိုက်ကာ ကျင်းယန်နှင့် သူ၏အသင်းဖော်များကို ကြိုတင်စီစဥ်ထားသော အိမ်ထံသို့ ဦးဆောင်ခေါ်သွားပြီး သော့များပေးခဲ့၏။
သူ၏အကြည့်များက ကျင်းယန်၏လက်မောင်းထဲမှ ဖက်ထုပ်ဖြူလေးဆီ ရောက်သွားခဲ့သည်။
“ဒါက မင်းရဲ့သမီးလား? သူ့အတွက် အိပ်ယာသေးသေးလေးတစ်ခု ပြင်ထားပေးတယ်.. ကလေးမလေးကြိုက်ဖို့ ငါမျှော်လင့်ပါတယ်”ယင်ရိလျို စိတ်ထဲမှ သက်ပြင်းချလိုက်၏။
ငါတို့က အဖေနဲ့သမီးမဟုတ်ဘူးလို့!
ကျင်းယန်နှင့် တခြားသူများ မရောက်ခင်ကတည်းက သူတို့၏အချက်အလက်များကို ကျိုထိုက် ရရှိခဲ့ပြီးဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီ၏ ဆင့်ကဲပြောင်းလဲမှုအမျိုးအစားနှင့် သူတို့ပိုင်ဆိုင်သည့် စွမ်းရည်ကို ယေဘုယျအားဖြင့် သူသိပေ၏။
အသင်းထဲမှ အသက်ငယ်ဆုံးဆင့်ကဲပြောင်းလဲသူက ယုန်မျိုးစပ်တစ်ကောင်ဖြစ်ကြောင်း သူသိထား၏။
ထို့ကြောင့် ရှူးယန်အသင်း
သူတို့အခြေစိုက်စခန်းတွင် နေရထိုင်ရအဆင်ပြေစေရန်အတွက် သူ၏ လက်အောက်ငယ်သားများကို ကလေးမလေးအတွက် မိန်းကလေးဆန်သော ပစ္စည်းအချို့ရှာဖွေပြီး အိမ်ထဲတွင် နေရာချထားရန် အမိန့်ပေးခဲ့လေသည်။
ယင်ရိလျို သူမ၏ယုန်နားရွက်လေးကို မြှောက်လိုက်မိ၏။ သူမအတွက် အထူးတလညာ ပြင်ဆင်ပေးထားလိမ့်မည်ဟု မမျှော်လင့်ထားချေ။
သူမကို ပွေ့ကိုင်ထားသော ကျင်းယန်က ကျိုထိုက်ကို အသာအယာခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
“ကျေးဇူးပါ”
ရှူးယန်အသင်း River Gloryအခြေစိုက်စခန်းဆီ ရောက်လာချိန်မှစ၍ ဤအချိန်ထိ ထိုအမျိုးသား၏ မျက်နှာအမူအရာပြောင်းလဲခြင်းကို မြင်ရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်ပေ၏။
ကျိုထိုက်နားလည်သွားသည်။
အချက်အလက်တွင် ဖော်ပြထားသော ရှူးယန်အသင်းခေါင်းဆောင်က သူ၏သမီးကို အလိုလိုက်သည်ဆိုသော အချက်မှာ မှားယွင်းပုံမရချေ။
သူ့အနေဖြင့် အနာဂတ်၌ ကလေးမလေးအတွက် ပစ္စည်းများ ထပ်မံပို့ပေးရန် ဆုံးဖြတ်လိုက်၏။
*