← Chapters

အခန်း (၁၁၃)

Vol. 12 Ch. 113

အခန်း (၁၁၃)

Vol. 12 Ch. 113

(113)

River Glory အခြေစိုက်စခန်းက အမှန်တကယ် ဆင်းရဲလေ၏။ ကျိုထိုက်က အခြေစိုက်စခန်းထဲမှ အရင်းအမြစ်များ လျော့နည်းနေသည့်အချက်ကို လျှို့ဝှက်မထားခဲ့ချေ။ သူတို့ကို အစားအစာများ ပြတ်လပ်တော့မည်ဟုပင် ပြောခဲ့လေသည်။

ဤအဖြစ်အပျက် ဖြစ်လာသည့်အတွက် ယင်ရိလျို ပေါ်လာရန် အချိန်ကျပြီဖြစ်၏။

သူမ၏နေရာလွတ်ထဲမှ အလုံပိတ်ထားသော ဝက်အူချောင်းထုပ်နှင့် စူပါမားကတ်မှ မွှေနှောက်ရှာယူလာသော နွားနို့ကို ထုတ်ယူလိုက်သည်။

ကျောင်းစီဟွေ့က ပေါင်မုန့်ကို လှီးပြီး ဆန်းဒဝှစ်ချ် ပြုလုပ်လိုက်၏။

အနက်ရောင်ဝံပုလွေမှလွဲ၍ လူတိုင်း မျှတကောင်းမွန်သော နံနက်စာကို ရခဲ့ကြသည်။

ဤနေရာတွင် မြို့‌တော်Z အခြေစိုက်စခန်းကဲ့သို့ လတ်ဆတ်သော အစားအစာများ မရှိပေ။ ဆန်နှင့် ခေါက်ဆွဲခြောက်ပင် အများအပြားမရှိ‌ပါချေ။

ယင်ရိလျို ဝက်အူချောင်း အထုပ်သစ်ကိုဖောက်ပြီး ပေါင်မုန့်နှင့်အတူ ဝံပုလွေအတွက် နံနက်စာအနေဖြင့် တည်ခင်းပေးလိုက်သည်။

ဝံပုလွေက အစာကိုနှစ်ကိုက် သုံးကိုက်နှင့် မြိုချလိုက်လေ၏။ သူ အရသာမခံနိုင်ခင်ပင် အစာကကုန်သွားပြီဖြစ်သောကြောင့် တခြားသူများ မြိန်ရေယှက်ရေစားနေသည်ကိုသာ သနားစရာကောင်းစွာ ကြည့်နေရလေ၏။

သူတို့ မနက်စာကို စားပြီးလုနီးပါးအချိန်တွင် ကျင်းယန်၏လက်မောင်းမှ ဆက်သွယ်ရေးစက် တုန်ခါလာခဲ့သည်။ ကျင်းယန် ပါးစပ်ထောင့်ကိုသုတ်ပြီး တစ်ချက်ကြည့်ကာ အသင်းဖော်များကို ပြောလိုက်လေ၏။

“အပြင်ထွက်ဖို့ အသင့်ပြင်ကြ”

ယင်ရိလျိုက နွားနို့ကို သောက်‌နေခဲ့ ပြီး ကျင်းယန်၏စကားကို ကြားသည့်အခိုက် ခွက်ကိုချလိုက်သည်။

သူမ၏ပန်းရောင်နှုတ်ခမ်းတွင် နွားနို့အကွင်းလေး ပေကျံနေသဖြင့် ကျင်းယန်ကလက်မဖြင့် သုတ်ပေးလိုက်၏။

“အခု ကျွန်မတို့မှာ မစ်ရှင်ရှိပြီလား?”

သူမ နူးညံ့စွာမေးလိုက်သည်။

“မစ်ရှင်မဟုတ်ပါဘူး”

ကျင်းယန် ခေါင်းယမ်းလိုက်၏။

“မြို့တော်Bက လူတွေ ရောက်လာကြပြီ”

ကမ္ဘာပျက်ကပ် မဖြစ်ခင်ကဖြစ်စေ ဖြစ်ပြီးချိန်တွင်ဖြစ်စေ မြို့တော်Bက နိုင်ငံတစ်ခုလုံး၏ စစ်တပ်နှင့်နိုင်ငံရေးအတွက် အချက်အချာမြို့ဖြစ်လေသည်။

ထိုမြို့ကအဆင့်မြင့်ဆုံး သိပ္ပံဆိုင်ရာသုတေသနနည်းပညာနှင့် လက်နက်ခဲယမ်းပစ္စည်း အများဆုံးကို ပိုင်ဆိုင်ထားကြ၏။ ထိုနေရာတွင် အာဏာရရန် မလွယ်ကူပါချေ။

သူတို့ထုပ်ပိုးပြီး လူစုမည့်နေရာကို သွားလိုက်ကြလေသည်။

ယင်ရိလျိုက ယုန်တစ်ကောင်အဖြစ် မပြောင်းခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လူသားအသွင်ဖြစ်နေချိန်တွင်ပင် သူမ၏ခြေတံများက တိုသည့်တိုင် လမ်းလျှောက်နှုန်းက လုံးဝ မနှေးပါချေ။

မျိုးစပ်ဆင့်ကဲပြောင်းလဲသူ အများအပြားက သူတို့၏စွမ်းရည်များကို အသုံးပြုနေသည့်အချိန်တွင် မြန်ဆန်ပြီးအင်အားပြင်းကြသော်လည်း သူတို့၏မူလအသွင်သို့ ပြန်ပြောင်းလိုက်လျှင်တော့ သာမာန်လူများထက် အနည်းငယ်သာ ပို၍သန်မာကြသည်။

ယင်ရိလျိုသာလျှင် ချွင်းချက်ဖြစ်၏။

သူမ၏အစွမ်းက လူသားအသွင်နှင့်ပင် ထူးခြားပြောင်မြောက်လှသည်။

သူမက အလွန်အမင်းချွန်ထက်ပြီး ထုတ်နိုင်သွင်းနိုင်သော လက်သည်းများကို ဖြူဖွေး၍ဖောင်းကစ်သော လက်ချောင်းထဲတွင် ဖွက်ထားပြီး သူမ၏တိုက်ခိုက်နိုင်စွမ်းက ထိုအဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများထက် အားနည်းမနေပေ။

မြို့တော်Bမှ ရဟတ်ယာဥ် ဆင်းသက်လုနီးပါးအချိန်တွင် ကျင်းယန်နှင့်တခြားသူများက ရောက်လာခဲ့ကြ၏။ ယင်ရိလျိုက အောက်ဘက်မှ မော့ကြည့်လိုက်မိသည်။

ရဟတ်ယာဥ်မှ ပဲ့ထိန်းပန်ကာ လည်နေသောအသံကိုသာ သူမ ကြားနိုင်လေသည်။

မြို့တော်Zမှ ရဟတ်ယာဥ်ငယ်လေးနှင့် ယှဥ်လိုက်လျှင် ဤတစ်စင်းက အရွယ်အစားနှင့် ဒီဇိုင်းပိုင်းတွင် ပို၍ဟိတ်ဟန်ကြီးလေ၏။

လေက ကျောင်းချီယန်၏ဆံပင်ကို လှည့်ပတ်တိုက်‌နေခဲ့သည်။ သူ စုပ်သပ်ပြီး ဆံပင်ကိုပြန်သပ်လိုက်မိသည်။

ရဟတ်ယာဥ် ဆင်းသက်တော့မည့်အချိန်တွင် ဘေးဘက်မှ တံခါးပွင့်လာခဲ့ကာ အပေါ်ဘက်မှ ကြိုးကြီးတစ်ချောင်းကို ပစ်ချလိုက်ပြီး မြေပြင်ကိုထိသွားလေ၏။

ထိုကြိုးက ယင်ရိလျိုနှင့် ဝေးကွာသော်ငြား ကျင်းယန်တစ်ယောက် မသိစိတ်အရ ကလေးမလေးကို ကာကွယ်ပေးလိုက်သည်။

“ဒါက ဘာကိုဆိုလိုတာလဲ?”

နောက်တစ်စက္ကန့်၌ လူတစ်ယောက်က ရဟတ်ယာဥ်ထဲမှ ခန္ဓာကိုယ်တစ်ဝက်ထုတ်၍ ကြိုးကိုကိုင်ကာ ခုန်ချပြီး လျှောဆင်းလာခဲ့၏။

“ဖာ့ခ် ကြမ်းလိုက်တာ! မိုက်ချက်ပဲ!”

ကျောင်းချီယန် အံ့အားတကြီးပြောလိုက်လျှင် သူ၏အစ်မဖြစ်သူက မျက်လုံးလှိမ့်ပြလိုက်သည်။

ပထမလူ ဆင်းသက်ပြီးနောက် အမျိုးသားငယ်နှစ်ယောက်က နောက်မှ နီးကပ်စွာ ဆင်းလာကြကာ ကြိုးမှလျှောဆင်းလာကြ၏။

ကျန်သည့်သူများကမူ ရဟတ်ယာဥ် မြေပြင်သို့ဆင်းသက်သည်အထိ စောင့်ပြီးမှ တည်ငြိမ်စွာ ဆင်းလာကြလေသည်။

ကျိုထိုက်က သူ၏ပရော်ဖက်ရှင်နယ်ဆန်သော ကိုယ်ကျင့်တရားကောင်းမွန်သည့် အပြုံးကိုတစ်ဖန်ဆင်မြန်းပြီး ထိုသူတို့ကို နှုတ်ဆက်ရန်သွားလိုက်၏။

သူက ကြိုးမှလျှောဆင်းလာသော ပထမဆုံးအမျိုးသားကို လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းလိုက်သော်လည်း ထိုအမျိုးသားက သူ့ကိုရှောင်လိုက်ကာ မျက်လုံးတစ်ချက် စောင်းကြည့်လိုက်ပြီးနောက် ရှေ့သို့ဆက်သွားလိုက်လေသည်။

မြင်ကွင်းက ရုတ်တရက် အနည်းငယ် ကိုးယိုးကားယားဖြစ်သွား၏။ ကျိုထိုက်၏မျက်နှာပေါ်မှ အပြုံးက တောင့်ခဲသွားပြီး ဘေးတွင်ချထားသော လက်ကို လက်သီးဆုပ်လိုက်မိသည်။တစ်ဖက်မှအမျိုးသားက ပါးစပ်ထဲတွင် ပီကေဝါးလျက် River Glory အခြေစိုက်စခန်းတစ်ခုလုံးကို စက်ဆုပ်ရွံရှာမှု၊ စိတ်မရှည်မှုများနှင့်ကြည့်‌နေလေ၏။

ထို့နောက် အထင်အမြင်သေးစွာ တစ်ချက်လှောင်ရယ်လိုက်ပြီး ပါးစပ်ထဲတွင် ဝါးနေသောပီကေကို မြေပြင်ပေါ် ထွေးထုတ်လိုက်သည်။

သူက လက်နက်ကောင်းများကို ကိုင်ဆောင်ထားပြီး ကာကီရောင်တောင်တက်အင်္ကျီအပေါ်တွင် ကျည်ကာဝတ်စုံ ဝတ်ဆက်ထားပြီး လမ်းလျှောက်လျှင် အသံကျယ်ကျယ်ထွက်သည့် တောက်ပြောင်နေသော သားရေဘွတ်ဖိနပ်ကို စီးထားလေ၏။

သူ၏ရှေ့မှ ရှုးယန်အသင်းကိုလည်း သူ သတိထားမိသည်။ သူ၏မျက်လုံးများက အနက်ရောင်ဝံပုလွေအပေါ်တွင် နှစ်စက္ကန့်မျှ ရပ်တန့်သွားပြီးနောက် ကျင်းယန်၏ဘေးမှ ယင်ရိလျိုကို တွေ့လိုက်သည်။

ထိုအမျိုးသား၏မျက်နှာတွင် နောက်ပြောင်‌လိုသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ယင်ရိလျိုကို လေချွန်၍ မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ဒါကဘာလဲ ဝတ်စုံနဲ့ဖမ်းစားတာလား?”

ကျင်းယန်၏ အမူအရာကင်းမဲ့သည့်မျက်နှာက ရုတ်တရက် အနည်းငယ်အေးစက်လာခဲ့ပြီး သူ၏အကြည့်က ပြုံးနေသော အမျိုးသားဆီ ဖြည်းညင်းစွာ‌ရွေ့သွားသည်။

ယင်ရိလျိုက ထိုသူ့အား လုံးလုံးလျားလျား လစ်လျူရှုထားသည်။ သူမ၏ မျက်နှာပေါ်မှအပြုံးကပင် ပျောက်ပျက်မသွားဘဲ ဘေးနားမှ အမျိုးသား၏လက်ချောင်းများနှင့် ဆော့ကစားနေခဲ့သည်။

ထိုအမျိုးသား၏အပြုံးက အနည်းငယ် မှိန်ဖျော့သွားပြီး နှာခေါင်းရှုံ့လိုက်၏။

“ရိုင်းလိုက်တာ၊ တောသားတွေများ အခြေခံယဥ်ကျေးမှုလေးတောင် မရှိဘူး”

ဤအချိန်တွင် ကျင်းယန်၏မျက်လုံးထဲ၌ ရွှေရောင်တစ်စွန်းတစ်စ ပေါ်လာခဲ့သည်။ ထိုသူက ဒေါသများ ပေါက်ကွဲလုနီးပါးဖြစ်လာကြောင်းကို သူနှင့်ရင်းနှီးသူများသာဆို သိကြပေသည်။

ယင်ရိလျိုကလည်း သူမ၏လက်ဆီမှ တင်းကြပ်လာသော ဆုပ်ကိုင်မှုက်ု ခံစားနိုင်၏။

သူမ၏အပြုံးက မှိန်ဖျော့သွားပြီး သူမ၏ရှေ့မှ လူကို အပြစ်ကင်းစင်စွာစိုက်ကြည့်လိုက်သည်။

“ကျွန်မမှာ အခြေခံယဥ်ကျေးမှုမရှိဘူးလို့ပြောနေတာလား?”

ကျင်းယန် တိတ်ဆိတ်သွားခဲ့သည်။ ကျောင်းမောင်နှမလည်း ထပ်တူပင်။

ဤသူငယ်ချင်းလေးက အပြင်တွင်ရှိနေချိန်ဆို စကားမပြောတတ်ဘဲ ကျင်းယန်၏ဘေးတွင်သာ တစ်ချိန်လုံးတိတ်ဆိတ်စွာ နေလေ့ရှိ၏။

တခြားလူများ၏ရှေ့တွင် စကားပြောသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်ပေသည်။

ထိုအမျိုးသားကလည်း အံ့သြသွားခဲ့၏။ သူ မည်သည့်စကားကိုမှမပြောနိုင်ခင် ပြုံးနေသော ယုန်နားရွက်နှင့် ကလေးမလေးက ထပ်၍စကားပြောလာလေ၏။

သူမ၏အသံက ချိုသာနူးညံ့ပြီး သူမ၏စကားကိုနားထောင်ရသည်က ချစ်စရာကောင်းပုံပေါ်လေသည်။

သို့သော်ငြား ဤကဲ့သို့ ကြက်ဥနို့ပေါင်းအဆာသွပ်ထားသော ပေါက်စီလေးဆီမှ ထွက်လာသော စကားလုံးများက မနူးညံ့ပါချေ။

“ကျွန်မရဲ့ အခြေခံယဥ်ကျေးမှုက လူတွေအတွက်ပဲလေ.. ဆက်တိုက်ဟောင်နေတဲ့ အရာတွေအတွက်မှ မဟုတ်တာ”

သူမက အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်လေးကလည်း တည့်မတ်‌နေပြီး မောက်မာမှုအပြည့်ပါရှိလေသည်။

သူမ၏ဘေးမှ ကျင်းယန်က အသံတိုးတိုးနှင့် ခပ်ဟဟရယ်လိုက်သောကြောင့် ယင်ရိလျို၏ မောက်မာမှုက ချက်ချင်းကျိုးပျက်သွားလေသည်။

သူမ၏ ၁.၈ မီတာ‌လောက်ရှိသော အရှိန်အဝါက ချက်ချင်းပင် တစ်မီတာအောက်သို့ ကျုံ့ဝင်သွားလေ၏။

သူမ နှာခေါင်းကိုရှုံ့ကာ ကျင်းယန်၏လက်ကို ညှစ်ပြီး ခပ်စူးစူးစိုက်ကြည့်လိုက်သည်။

သူမရဲ့အသင်းဖော်က သူမရဲ့ခြေထောက်အောက်က ကောဇောကို ဆွဲထုတ်လိုက်ပြီ!

(T/N- ကောဇောကိုဆွဲထုတ်:အောက်ဖဲလှန်တဲ့သဘောပါ)

သို့သော် သူမက ချိုသာစွာဆက်ပြုံးလိုက်ပြီး ပြန်လည်မတုံ့ပြန်နိုင်သေးသော အမျိုးသားကို ယဥ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်သော်လည်း သူမ၏အကြည့်က အနည်းငယ်စူးရဲနေခဲ့၏။

သူမက ရွှေပေါင်လုံးကြီးပေါ်တွင် ချိတ်ဆွဲထားသည့် အလှဆင်ပစ္စည်းတစ်ခုသာ ဖြစ်ရခြင်းကို ပျော်ရွှင်သော်ငြား သူမတွင် ဒေါသမရှိဟု မဆိုလိုချေ။

အပြင်လောကတွင် သူမ၏ကိုယ်ရေးအချက်အလက်မှာ ကျင်းယန်၏ ‘သမီး’ဖြစ်ပြီး သူမတွင် အပြုအမူကောင်းမရှိဟု ပြောလိုက်ခြင်းက ကျင်းယန်ကိုကဲ့ရဲ့ခြင်းနှင့် ညီမျှသည်။

တခြားလူများက သူမကိုအနိုင်ကျင့်ခဲ့လျှင် နှိပ်စက်ခံရသည်ဟု ခံစားရပြီး သူမကိုယ်သူမ ရွှေပေါင်လုံးကြီး၏ လက်မောင်းထဲ ပစ်ဝင်ကာ နူးညံ့စွာတီးတိုးပြောမည်ဖြစ်၏။

သို့သော် တစ်ယောက်ယောက်က သူမ၏ရွှေပေါင်လုံးကြီးအကြောင်းကို မကောင်းပြောလျှင်တော့ ထိုသူ၏ခန္ဓာကိုယ်မှ အသွေးအသားများကိုပင် ကိုက်ဖြတ်ပစ်လိုက်မည်ပင်!

အခြေစိုက်စခန်းBမှ သူများကလည်း အရူးများမဟုတ်ကြပေ။

အစပိုင်း၌ ကလေးမလေးက အပြုံးတစ်ပွင့်နှင့် ကလေးသံလေးဖြင့် ပြောနေ‌သောကြောင့် သူတို့၏ဦးနှောက်ထဲတွင် သူမပြောသည့်အရာကို နားမလည်သေးချေ။

သို့သော် ယင်ရိလျိုက သူ့ကို ဟောင်နေသောခွေးတစ်ကောင်ဟု ပြောနေကြောင်းကို သဘောပေါက်သည့်အခိုက် သူ့အနီးအနားမှ လူများ၏အမူအရာများ ပြောင်းလဲသွားကာ သူ၏မျက်နှာကလည်း အရှက်ရမှုကြောင့် ပြာနှမ်းသွားသည်။

သူ့နောက်မှ ချဥ်းကပ်လာသော အသင်းဖော်တစ်ယောက်၏ ပါးစပ်မှ ရယ်သံထွက်လာ၏။

ထို့ကြောင့် တစ်ဖက်လူက ပို၍ ဒေါသထွက်လာပုံရပြီး ရှေ့သို့လှမ်းလာကာ ယင်ရိလျိုကို လက်သီးဖြင့် အမှန်တကယ် ထိုးလိုက်လေသည်။

“မင်းသေချင်လို့လား?”

သူ၏လက်သီးက ကလေးမလေးအပေါ်သို့ကျရောက်မသွားဘဲ ကျင်းယန်၏လက်ဖဝါးဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရ၏။သူ၏လက်ချောင်းရိုးများ ထုံကျင်သွားပြီး မထိန်းနိုင်ဘဲ နောက်တစ်လှမ်းဆုတ်မိသွားရသည်။

သူ ခေါင်းကိုမော့လိုက်လျှင် ရွှေရောင်ဝင်းပြီး ပါးလျပ်သောလင်းယုန်မျက်လုံး တစ်စုံနှင့်ဆုံသွားခဲ့၏။

သူ့နောက်မှအသင်းဖော်က သူ၏နောက်သို့ ရွေ့လာသော ခန္ဓာကိုယ်ကို ထိန်းပေးပြီး ပျက်ရယ်ပြုစွာ ပုခုံးကိုပုတ်လိုက်သည်။

“မဟုတ်သေးပါဘူး မင်းဘာဖြစ်နေတာလဲ?”

ဤအဖြစ်အပျက်ကို မြင်လိုက်ရသည့် သူတို့ဘေးရှိကျောင်းမောင်နှမနှင့် အနက်ရောင်ဝံပုလွေ အားလုံးက ရှေ့တက်လာကြကာ ရှေ့မှအဖွဲ့ကို သတိထား၍ စိုက်ကြည့်နေခဲ့၏။

သူတို့ဘက်မှသာ တစ်ချက်လှုပ်လိုက်လျှင် အနက်ရောင်ဝံပုလွေက တဟုန်ထိုးသွားပြီး သူတို့၏လည်ပင်းများကို ကိုက်ဖြတ်ပစ်ပေလိမ့်မည်။

*

All Chapters