← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

(117)

အခြေစိုက်စခန်းထဲတွင် ပုန်းကွယ်နေသော အန္တရာယ်များနှင့် လောလောလတ်လတ် ရှာဖွေတွေ့ရှိထားသော သန္ဓေပြောင်းသက်ရှိများက အပြင်ဘက်ရှိ သားရဲလှိုင်းထက် ပို၍ပင်ကြောက်စရာကောင်းနေခဲ့လေသည်။

ယင်ရိလျိုက သူ၏ဘေးတွင် တစ်ချိန်လုံးရှိမှသာလျှင် စိတ်ပူပန်မှုများ လျော့ပါးစေလိမ့်ည်ဟု ကျင်းယန် အစစ်အမှန် ခံစားရသည်။

လက်ရှိတွင် သူမ၏သ‌ဘောတူညီမှုကိုရပြီးနောက် ကျင်းယန်က ကလေးမလေး၏ စောင်နှင့်ခေါင်းအုံးကို သူ၏ အိပ်ယာဆီသို့ ယူသွားလိုက်သည်။

ပြီးနောက် ထိုစောင်နှင့်ခေါင်းအုံးလေးကို အိပ်ယာအတွင်းဘက်တွင် ဖြန့်ခင်းလိုက်လေ၏။

သူမက စောင်ထဲကိုဖြည်းညင်းစွာ ဝင်သွားခဲ့ပြီး မျက်လုံးဝိုင်းဝိုင်းကြီးတစ်စုံကိုသာ ဖော်ပြလျက် နူးညံ့သော မျက်နှာလေးကို စောင်ဖြင့်ခြုံနေသည်ကို သူ စောင့်ကြည့်နေခဲ့သည်။

သူက ကလေးမလေး၏နားရွက်နားမှ ရှုပ်ပွနေသော ဆံပင်ကိုသပ်ပေပြီး ညင်သာစွာပြောလိုက်၏။

“မကြောက်နဲ့.. အိပ်တော့”

ယင်ရိလျို ခေါင်းငြိမ့်လိုက်လေသည်။ ကျင်းယန်က သူမကို ကာကွယ်ပေးနိုင်ရန်အတွက် သူမအား အိပ်ယာအတွင်းဘက်ပိုင်းမှာ အိပ်ခိုင်းခဲ့၏။

သူမ၏နှာခေါင်းထိပ်က ထင်ရှူသားရနံ့ဖျော့ဖျော့ဖြင့် ပြည့်နှက်နေပြီး ခေါငားမော့ကြည့်လိုက်လျှင် အမျိုးသား၏ လှပသောမျက်ခုံးများကို မြင်နိုင်လေသည်။

ထိုအချိန်တွင် ကျင်းယန်မှာ အဖေအိုကြီးတစ်ယောက်၏ စိတ်သဘောထားဖြင့် ရိုးဖြောင့်ပြီး ကျိုးကြောင်းဆီလျော်နေဆဲပင်ဖြစ်ပေ၏။

*

ကျင်းယန်က ဖယောင်းတိုင်များကို မှုတ်ပြီးနောက် အိပ်ခန်းက တိတ်ဆိတ်ပြီးမှောင်မဲသွားခဲ့သည်။

ယင်ရိလျိုအဖြင့် ရွှေပေါင်လုံးကြီးနှင့် အိပ်ယာတစ်ခုတည်းတွင် မအိပ်ဖူးခြင်းမဟုတ်သော်လည်း ထိုအချိန်က သူမအနေဖြင့် ယုန်အသွင်ဖြင့်သာ ဖြစ်လေ၏။

ရှက်နေရန် မဆိုထားနှင့်။ အိပ်သည့်ကိုယ်နေဟန်ထားကိုပင် တစ်ညတည်းနှင့် ရှစ်ကြိမ်လောက် ပြောင်းအိပ်တတ်သေးသည်။

အရှေ့အနောက် လှိမ့်ခြင်းရုံသာမက အရပ်မျက်နှာပေါင်းစုံသည်အထိ ခြေကားရားလက်ကားရား အိပ်ခဲ့ကာ သူမ၏ပုံရိပ်ကို လုံးဝပင်ဂရုမစိုက်ခဲ့ချေ။

ယခုအချိန်တွင်တော့ သူမ၏နားရွက်အနားမှ ညက်ညောသော အသက်ရှူသံကိုနားထောင်ရင်း စောင်လေးထဲတွင် လူးလွန့်၍ တစ်ဘက်မှတစ်ဘက်သို့ လှည့်နေခဲ့ရကာ သူမလုံးဝမှ အိပ်မပျော်နိုင်ဟု ခံစားနေရသည်။

အချိန်အတော်ကြာအောင် ဂနာမငြိမ်ဖြစ်ပြီးနောက် သူမက တဖြည်းဖြည်း ငိုက်မြည်းလာခဲ့လေ၏။

သူမ အမှောင်ထဲမှ ကျင်းယန်၏ ချောမောသောမျက်နှာကို စိုက်ကြည့်ပြီးနောက် တစ်နည်းနည်းဖြင့် အိပ်မက်နယ်မြေထဲသို့ ကျရောက်သွားခဲ့သည်။

သူ၏ဘေးမှ နူးညံ့သော နို့ပေါင်မုန့်လုံးလေးက အသက်ကိုပုံမှန် ရှူလာသည့်အတွက် ကျင်းယန် သူ၏မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

သူ၏ဘေးမှ ဤကလေးမလေးက အိပ်မပျော်သေးကြောင်းကို ခံစားမိသောကြောင့် သူသည်လည်းမအိပ်ခဲ့ဘဲ ရိုးရှင်စွာပင် မျက်လုံးများကိုမှိတ်ထားလျက်သာ အနားယူနေခဲ့သည်။

ယင်ရိလျို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် ကျင်းယန် မျက်လုံးကိုဖွင့်၍ ကလေးမလေးကို တခဏလောက်စိုက်ကြည့်လိုက်၏။

သူက သူ့ကိုယ်သူ တိတ်တဆိတ် ကတိပေးလိုက်ပြီး သူမ ယခုလေးတင် ကန်ထုတ်ခဲ့သည့် စောင်လေးကို ပြန်ခြုံပေးလိုက်သည်။

သူမက အအေးမမိနိုင်ကြောင်း သေချာအောင်ပြုလုပ်ပြီးမှသာ ပြန်လည်လှဲလျောင်းကာ မျက်လုံးကို မှိတ်လိုက်‌၏။

သူတို့နှစ်ယောက် ကောင်းမွန်သော ညချမ်းကို ပိုင်ဆိုင်ခဲ့ကြသည်။

ထိုညကတည်းက အခြေစိုက်စခန်းထဲတွင် မတော်တဆမှုများ ထပ်မရှိတော့ပေ။

အရာအားလုံးက ပြဇာတ်တစ်ခုနှယ်ဖြစ်ကာ ခိုလှုံရာတဲများထဲမှ သာမာန်လူများသည်လည်း ထိုညက ဖြစ်ပျက်ခဲ့သည်များကို တဖြည်းဖြည်း မေ့လျော့သွားကြ၏။

ယင်ရိလျိုက ကျင်းယန်နှင့်အတူ အိပ်ရခြင်းကို တဖြည်းဖြည်း ကျင့်သားရလာခဲ့ပြီး သူမ၏နေ့စဥ် သင်ယူချိန်ကလည်း အိပ်ရာဝင်စာဖတ်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။

ကျင်းယန်က သူမအား လေးနက်စွာဖြင့် “ပင်လယ်၏သမီးပျို”နှင့် “စနှိုးဝှိုက်” ကဲ့သို့သော နတ်သမီးပုံပြင်များနှင့် ဒဏ္ဍာရီပုံပြင်များကို ပြောပြမည်ဖြစ်သော်ငြား ကလေးကတည်းက လက်ရွေးစင်ပညာရေးကို သင်ယူခဲ့သည့် ကျင်းယန်အနေဖြင့် ယင်ရိလျိုကို နတ်သမီးပုံပြင်ထဲမှ မင်းသမီးများထံမှ အတုယူ ခွင့်ပြုမည်မဟုတ်ချေ။

ကျင်းယန်က အေးစက်သောမျက်နှာနှင့် မျက်မှောင်ကြုတ်ပြီး အချိန်အတန်ကြာအောင် ချင့်ချိန်ကာ ပညာရေးနှင့်ပက်သက်သည့် ရည်ရွယ်ချက်ကိုလည်း ထိန်းသိမ်းနိုင်ပြီး ကလေးမလေး၏ မင်းသမီးလေးအိပ်မက်များကိုလည်း မပျက်စီးစေရန် မည်သို့လုပ်သင့်ကြောင်း စဥ်းစားနေခဲ့သည်။

“ရေသူမလေးကို ကြည့်လိုက်.. သူမက မင်းသားလေးကို ကယ်ပေးခဲ့ပေမဲ့ အဆုံးသတ်ကျ သူမက ရေမြှုပ်လေးအဖြစ် ပြောင်းသွားခဲ့ရတယ်.. ဒါကမမှန်ကန်ဘူး”

ကျင်းယန်က ပုံပြင်တစ်ပုဒ်လုံးကို ဖတ်ပြပြီးနောက် သူ၏ကိုယ်ပိုင်သိ မြင်နားလည်မှုကိုပင် သံသယဝင်သွားခဲ့ရသည်။ သို့သော်ငြား ယင်ရိလျိုမှ ရေသူမလေးကို အတုယူပြီး အနာဂတ်တွင် ကောင်စုတ်လေးတစ်ကောင်အတွက် ရူးမိုက်သည့်အရာတစ်ခုခု ပြုလုပ်မည်ကို ပို၍စိုးရိမ်နေခဲ်လေသည်။

ထိုအကြောင်းကြောင့် သူက လေးနက်သော အမူအရာဖြင့် ထပ်ပေါင်းပြောလိုက်သည်။

“ဒီမင်းသားလေးကို သူမ မကယ်ခဲ့သင့်ဘူး ၊ ပြီးတော့ ခြေထောက်တစ်စုံနဲ့ သူမရဲ့အသံကို မလဲလှယ်ခဲ့သင့်ဘူး.. မင်းသားလေးက သူရဲ့ကယ်တင်ရှင်ကိုတောင် မမှတ်မိဘူးလေ .. သူ့ကို ကယ်ရတာက လုံးဝ မထိုက်တန်ဘူး‌ ဟုတ်ပြီလား”

ကျင်းယန်တစ်ယောက် သူသတိပြန်ရသည့်နေ့တွင် သူ၏ရင်ဘက်ပေါ်တွင် အမွှေးပွပွဖြင့် ဝကစ်ကစ် ယုန်လေးတစ်ကောင်က ဆောင့်ကြောင့်ထိုင်လျက် သူ၏ခြောက်သွေ့ပြီး အက်ကွဲသောနှုတ်ခမ်းကို သူမ၏လက်ဝါးများဖြင့် စိုစွတ်စေခဲ့သည့်အချိန်တို့ကို ပြန်တွေးလိုက်မိ၏။

သူ၏အသက်ကို ကယ်တင်ခဲ့သူက ယုန်လေးဖြစ်စေ၊ ယင်ရိလျိုဖြစ်စေ သူ သူမကို အမြဲတစေ မှတ်မိနေလိမ့်မည်။

ကလေးမလေး၏ ပြူးကျယ်နေသော မျက်လုံးများကို ကြည့်၍ ကျင်းယန် ချောင်းဟန့်လိုက်မိလလေ၏။

သူမ၏ကျိုးပဲ့လွယ်သော နှလုံးသားကို ကာကွယ်ရန်အလို့ငှာ နောက်ဆုံးတွင် ခြောက်သွေ့စွာပြောလိုက်မိသည်။

“ဒါပေမဲ့ ဒီမင်းသားလေးကတော့ အရမ်းကြင်နာတတ်တယ်”

ယင်ရိလျို အရှက်မရစွာဖြင့် မျက်နှာကိုလက်ဖဝါးနှင့် အုပ်လိုက်မိ၏။

သူမအနေဖြင့် လှပသော စိတ်ကူးများကို လုံးဝ လက်ကိုင်မထားသင့်ချေ။ ကံကောင်းစွာဖြင့် သူမက အမှန်တကယ် ကလေးတစ်ယောက် မဟုတ်‌နေခဲ့။

ထိုကြောင့် သူမ ချင့်ချိန်ကြည့်လိုက်မိလျှင် ကျင်းယန်ပြောခဲ့သည်က အဓိပ္ပာယ်ရှိနေ၏။

ဒဏ္ဍာရီဆန်ပြီး စိတ်ထိရှစေသော နတ်သမီးပုံပြင်ကို နားထောင်ပြီးနောက် ယင်ရိလျို စောင်ကိုခြုံ၍ အိပ်ရန်ပြင်ဆင်ပြီး စွမ်းအားကိုပြန်ဖြည့်လိုက်သည်။

မနက်ဖြန်ပိုင်းတွင် ခက်ခက်ခဲခဲ တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ခုရှိနေပေ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်က ရှူးယန်အသင်းနှင့် ကျင်းဖင်းအသင်းမှ ဆင့်ကဲပြောင်းလဲသူများကို ကျိုထိုက်က ပြန်လည်ဖွဲ့စည်း‌ပေးခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က လေ့လာစူးစမ်းရန် အခြေစိုက်စခန်း အပြင်ဘက်သို့ လူတိုင်း သွားခဲ့ကြ၏။

ကျင်းယန်နှင့် ယင်ရိလျိုသည်လည်း သွားခဲ့ကြသော်ငြား မည်သည့်အန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရချေ။

ကျောင်းစီဟွေ့နှင့် သူမ၏ပြည်လည်ဖွဲ့စည်းထားသော အုပ်စုကသာ အလွန်အမင်းတက်ကြွသော သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်နှင့် ပက်ပင်းတိုးခဲ့ကြသည်။

ထိုအချိန်က ဆင့်ကဲပြောင်းသူနှစ်ယောက်သာ ဒဏ်ရာရခဲ့ပြီး ကျန်သည့်အဖွဲ့ဝင်များက အတိုက်ခိုက်မခံခဲ့ရပါချေ။

သူတို့က အခြေစိုက်စခန်း အပြင်ဘက်တွင် အကြမ်းဖျဥ်းမြေပုံကို ဆွဲခဲ့ကြပြီး တစ်ချိန်တည်း၌ ကျင်းယန်နှင့်ရုန်ကျင်းဖင်း ပါဝင်သည့် သန်မာသော ဆင့်ကဲပြောင်းလဲသူအချို့၏ ဦးဆောင်မှုအောက်တွင် ဒဏ္ဍာရီလာ အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်ကိုပင် မြင်ခဲ့ရသည်။

သန္ဓေပြောင်းနွားကို ယင်ရိလျိုမြင်သည့်အခိုက်တွင် နွားဖြစ်နေကြောင်းကို မမှတ်မိလုနီးပါးဖြစ်နေခဲ့ရသည်။

နွားက အသက်ဆယ်နှစ်နီးပါးရှိသည်ဟု ပြောခဲ့ကြသည်။ နွားများ၏သက်တမ်းအရ ထိုနွားကို အိုသည်ဟု သေချာပေါက်ယူဆ၍ရပေ၏။

သို့သော် ထိုနေ့က သူမ ကျင်းယန်၏ပုခုံးပေါ်တွင် ထိုင်ပြီး ဧရာမသစ်ပင်ကြီး၏နောက်မှ ကြည့်လိုက်ချိန်တွင် မြို့အစွန်းရှိကျုံးတစ်ဝိုက်တွင် လျှောက်ပတ်သွားနေကြသော သန္ဓေပြောင်းတိရစ္ဆာန် အနည်းငယ်ကို တွေ့ခဲ့ရသည်။

သန္ဓေပြောင်းအပင်များက ဆင့်ကဲပြောင်းလဲခဲ့ပြီး တိရစ္ဆာန်များကလည်း ခြွင်းချက်မရှိခဲ့ပေ။

အဆင့်ငါးသန္ဓေပြောင်းနွားက ကျုံးဘေးတွင် ပျင်းရိစွာလဲလျောင်းနေခဲ့၏။ ထိုနွားက လဲလျောင်းနေချိန်တွင်ပင် နှစ်မီတာထက်ပိုမြင့်ပေ၏။

အမြင်နှင့်ပင် တောင့်တင်းသောကြွက်သားများကိုမြင်နိုင်ပြီး သကြားညိုရောင်သားမွှေးများကလည်း အလွန်တောက်ပနေခဲ့သည်။

အထူးခြားဆုံးအရာမှာ ဤသန္ဓေပြောင်းနွား၏ ခေါင်းပေါ်တွင် အနက်ရောင်ချိုတစ်စုံရှိနေသောကြောင့် မွေးမြူရေးနွားနှင့်မတူဘဲ ဥရောပနွားရိုင်းကြီးတစ်ကောင်နှင့် ပို၍တူနေခဲ့သည်။

ကျင်းယန်နှင့် တခြားသူများ၏တည်ရှိမှုက ဤအဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်ကို မနိုးကြားသွားစေချေ။

သူတို့က လူသားမျိုးနွယ်ကြားတွင် ထိပ်တန်း ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။ သူတို့က နွံထူသောနေရာထဲ လမ်းလျှောက်လျှင်ပင် မြေပြန့်တွင် လမ်းလျှောက်နေသကဲ့သို့ တည်ငြိမ်လေ၏။

သူတို့အားလုံးက အသံတစ်စက်မှ မထွက်ဘဲ လမ်းလျှောက်ခဲ့ကြသည်။

ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးနောက် နောက်နေ့တွင် စစ်ဆင်ရေးကို စတင်ရန်စီစဥ်ခဲ့ကြ၏။ အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်ကို တစ်ချက်တည်းဖြင့် သတ်နိုင်မည်ဖြစ်ကြောင်း သေချာစေရန်အတွက် သူတို့က အစီအစဥ်အများအပြား ပြုလုပ်ခဲ့ကြသည်။

ဤသန္ဓေပြောင်းနွားသာ သေဆုံးသွားလျှင် တခြားဝန်းရံနေသော တိရစ္ဆာန်များကလည်း လျော့ရဲသွားသော လက်တစ်ဆုပ်စာ သဲများနှယ် ပြန့်ကျဲသွားပေလိမ့်မည်။

အဆင့်ငါးသန္ဓေပြောင်း တိရစ္ဆာန်များက သဘာဝဘုရင်များကဲ့သို့ ရှိနေပြီး အဆင့်နိမ့်သန္ဓေပြောင်းတိရစ္ဆာန်များကို ဆွဲဆောင်နိုင်သည်။

ထိုသည်ကပင် သားရဲလှိုင်းများ၏ ဇစ်မြစ်များ ဖြစ်ကြောင်းကို တချို့လေ့လာတွေ့ရှိချက်များက ပြသနေခဲ့၏။

နောက်နေ့ မနက်စောစောတွင်တော့ ကျင်းယန်နှင့်တခြားသူများက မနက်စာ စားသောက်ပြီးသောက် ပစ္စည်းကိရိယာများနှင့်အတူ အခြေစိုက်စခန်း၏အနောက်ဘက် နံရံဆီသို့သွားခဲ့ကြသည်။ထိုနေရာကို ပုံမှန်အားဖြင့် သော့ခတ်ထားသော တံခါးအသေးလေးတစ်ခုရှိပေသည်။ ဤသည်မှာ အပြင်သို့ ထွက်၍ လေ့လာစူးစမ်းပြီး အမဲလိုက်ချင်သည့် အခြေစိုက်စခန်းထဲမှ ဆင့်ကဲပြောင်းလဲသူများအတွက် အထူးလမ်းကြောင်းတစ်ခုဖြစ်၏။

ဤနေ့ရက်များတွင် သူတို့အားလုံးက ဤလမ်းကြောင်းမှ ဖြတ်သန်းပြီး အပြင်သို့ထွက်ခဲ့ကြသည်။

အနက်ရောင်ဝံပုလွေကလည်း အပြင်သို့ထွက်ချိန်ကို အခွင့်အရေးယူကာ အပြင်ဘက်မှ တချို့သောသန္ဓေပြောင်း တိရစ္ဆာန်လေးများကို အမဲလိုက်ခဲ့လေသည်။

ဝံပုလွေက တစ်ခါတစ်ရံ ယင်ရိလျိုနှင့် တခြားသူများအတွက် လတ်လတ်ဆတ်ဆတ် အသားစိမ်းများကိုပင် ပြန်ယူလာခဲ့သေးပေ၏။

All Chapters