အခန်း (၁၁၈)
Vol. 12 Ch. 118
*(118)
အနောက်ဘက်နံရံ၏ အပြင်ဘက်တွင် စွန့်ပစ်ထားသော သံမဏိစက်ရုံတစ်ခုရှိသည်။
ထိုနေရာက သန္ဓေပြောင်းအပင်များ ဖုံးလွှမ်းမထားသည့် ရှားပါးနေရာတစ်ခုဖြစ်ပေ၏။ အစပိုင်း၌ ပြောင်းရှင်းနေသော ကွန်ကရစ်ကြမ်းပြင်ကိုသာ မြင်နိုင်သော်ငြား သူတို့ ပို၍ဝေးဝေးသို့သွားလျှင် ပို၍စိမ်းစိုသော သဘာဝပေါက်ပင်များကို မြင်နိုင်လေသည်။
ကျိုထိုက်က သူ၏လက်ထဲမှ သားရဲတွန်းလှန်သည့် ဆေးဘက်ဝင်အပင်ထုပ် အနည်းငယ်ကို ယူပြီး အသင်းနှစ်သင်း၏ ခေါင်းဆောင်အသီးသီအတွက် နှစ်ခုပေးလိုက်၏။
ယနေ့ ယင်ရိလျိုက ယုန်တစ်ကောင်အဖြစ် အသွင်ပြန်ပြောင်းပြီး ကျင်းယန်၏ပုခုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ချိုက်ယွီရှု၏စေ့စေ့စပ်စပ်ကြည့်ရှုသော မျက်လုံးများက သူမကိုခဏခဏ လှမ်းကြည့်နေလျှင်ပင် သတိမထားမိယောင်ဆောင်လိုက်သည်။
ရုန်ကျင်းဖင်းက ဆေးဖက်ဝင်အပင်ထုပ်ကို လက်မခံခဲ့ချေ။
“ငါတို့ ဒီကို ဘာလို့ စေလွှတ်ခံရလဲဆိုတာ မင်းသိရဲ့လား?”
ရုန်ကျင်းဖင်းက သူ့နောက်မှလိုက်လာသည့် ချိုက်ယွီရှုကို တစ်ချက်ကြည့်လိုက်လျှင် ချိုက်ယွီရှုက ဖြည်းညှင်းစွာ မျက်စိမှိတ်လိုက်၏။
အပေါ်ယံအားဖြင့် ချိုက်ယွီရှု၏အသွင်အပြင်တွင် မည်သည့်ပြောင်းလဲမှုကိုမှ မမြင်သော်ငြား စက္ကန့်အနည်းငယ်ကြာပြီးနောက် ယင်ရိလျိုတစ်ယောက် လေထဲတွင် စိမ့်ဝင်ပျံ့နှံ့နေသည့် ထူးဆန်းသောအနံ့ဖျော့ဖျော့ကို ရလိုက်သည်။
ထိုအနံ့ကို သူမ မဖော်ပြနိုင်ချေ။
အတိအကျပြောရလျှင် ထိုအနံ့က နံစော်သောအနံ့ သို့မဟုတ် ချဥ်စုတ်စုတ်အနံ့ ဟုတ်သော်ငြား အနံ့က သူမကိုပျို့အန်ချင်အောင် ပြုလုပ်နေသည်ဟု ခံစားရ၏။
ထို့နောက် ပို၍ထူးဆန်းသောအနံ့တစ်ခုက ချိုက်ယွီရှု၏ ခန္ဓာကိုယ်ပေါ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
တစ်စုံတစ်ခုက သူမ၏အာရုံခံနာမ့်ကြောများကို တိုက်ခိုက်လိုက်သည့်နှယ် ယင်ရိလျို၏ အမြင်အာရုံ မှောင်မဲသွားလေ၏။
သူတို့နောက်မှ အနက်ရောင်ဝံပုလွေကမူ ထိုအနံ့ကိုပို၍ပင် တောင့်မခံနိုင်ချေ။ ဝံပုလွေက အစာအိမ်ကိုအထက်အောက် ပြောင်းပြန်လှန်ခံရသည့်နှယ် အော့အန်ချင်နေလေသည်။
ဝံပုလွေက မတောင့်ခံနိုင်သော နာကျင်မှုကြောင့် မြေပြင်ကို ချွန်ထက်သော လက်သည်းများဖြင့်ကုတ်ပြီး အစိမ်းရင့်ရောင် မျက်လုံးများက အနီရောင်အရိပ်သမ်းလာကာ ဆွဲဆွဲငင်ငင် အူလိုက်လေ၏။
“လုံလောက်ပြီ”
ရုန်ကျင်းဖင်း၏စကားများ ထွက်လာလျှင် ချိုက်ယွီရှု ချက်ချင်းပင် သူ၏စွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်သည်။
လက်ရှိနေရာတွင် ရှိနေသော သူများက တစ်နည်းအားဖြင့် စူးရှပြီး မသာယာသော အနံ့တစ်ခုကို ရသည်မှလွဲ၍ တခြားမည်သည်ကိုမှ မခံစားရချေ။
ယင်ရိလျို၏အခြေအနေကို သတိထားမိပြီးနောက် ကျင်းယန်က သူ၏အပေါ်ဝတ်အင်္ကျီကို ချက်ချင်းဇစ်ဖြုတ်ပြီး လေထဲမှ ထူးဆန်းသောအနံ့မှ ယုန်လေးကို ကာဆီးပေးရန် သူ၏အင်္ကျီထဲသို့ ထည့်လိုက်သည်။
ရုန်ကျင်းဖင်းပြောလိုက်၏။
“ဒါက ငါတို့အသင်းထဲက သန္ဓေပြောင်းတိရစ္ဆာန်တွေကို နှင်ထုတ်ရာမှ အထူးပြုတဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲ.. သူ့ရဲ့စွမ်းရည်က ခန္ဓာကိုယ်တစ်ခုလုံးက ဂလင်းရဲ့ဆင့်ကဲပြောင်းလဲခြင်းပဲ..
သာမာန်လူတွေက ဒီအနံ့ကိုမရနိုင်ပေမဲ့ တိရစ္ဆာန်ရဲ့အနံ့ခံအာရုံက ပိုပြီးထက်မြက်လေလေ အနံ့ကို ပိုပြီးရှင်းရှင်းလင်းလင်း ခံစားနိုင်လေပဲ”
ချိုက်ယွီရှုက မျက်နှာပေါ်တွင် ညစ်ပြုံးတစ်ခုနှင့် ဆက်ပြောလိုက်၏။
“ဘယ်လိုတိရစ္ဆာန်ပဲဖြစ်ဖြစ် ကျွန်တော့်ဂလင်းတွေရဲ့ရနံ့ကို အနံ့ခံသရွေ့ ကွေ့ကွင်းပြီးသွားကြလိမ့်မယ်..
မဟုတ်ခဲ့ရင် ကျွန်တော်တို့ရဲ့ မူရင်းအစီအစဥ်က စွမ်းအင်အရင်းအမြစ်အသစ်ကို ရှာဖွေဖို့ ရှေးဖြစ်ဟောသူနောက်ကို လိုက်ဖို့ပါပဲ”
ဤကဲ့သို့ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ရှိကြောင်း သိပြီးနောက် ကျိုထိုက်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အကြည့်တစ်ခုပြသလာခဲ့သည်။
သူတို့၏အခြေစိုက်စခန်းတွင်လည်း ဂလင်းဆင့်ကဲပြောင်းလဲမှုနှင့် ဤအမျိုးအစား ဆင့်ကဲပြောင်းလဲသူ ရှိလျှင် ဤအခြေအနေတွင် အဆုံးသတ်သွားမည်မဟုတ်ချေ။
ယခုချိန်တွင်တော့ ဤစူးစမ်းရှာဖွေခြင်းနှင့် တိုက်ထုတ်ခြင်း စစ်ဆင်ရေးအပေါ် ယုံကြည်ချက်များစွာ ပိုရှိလာပြီဖြစ်၏။
အနက်ရောင်ဝံပုလွေသည် တဖြည်းဖြည်း ပြန်လည်သက်သာလာပြီဖြစ်သည်။ နောက်ဆုံးတွင် ယင်ရိလျိုသည်က အစစ်အမှန်သားရဲတစ်ကောင် မဟုတ်ချေ။
အရင်ဆုံး မသက်မသာဖြစ်မှုကို ခံစားရသော်လည်း ကျင်းယန်က အလျှင်အမြန် ကာကွယ်ပေးခဲ့သည့် အချက်ကြောင့် သူမကအလျှင်အမြန်သက်သာ လာခဲ့၏။
ယင်ရိလျိုနှင့်မတူစွာ အနက်ရောင်ဝံပုလွေက အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ယင်ရိလျိုတစ်ယောက် ရှောင်ဟေး၏အခြေအနေနှင့် ပက်သက်၍ အနည်းငယ်စိုးရိမ်သွားပြီး အကုန်အဆင်ပြေရဲ့လားဟု ထပ်ခါထပ်ခါ မေးမြန်းခဲ့၏။
အနက်ရောင်ဝံပုလွေက ပြန်ပို့လွှတ်ခဲ့သည့် အသံလှိုင်းများအရ ဤထူးခြားသည့်အနံ့သည်က ၎င်းကို အမှန်တကယ် ထိခိုက်မှုမဖြစ်ပွားစေနိုင်ချေ။
သို့သော် အနံ့ကရုပ်ပိုင်းဆိုင်ရာအရ အော်ကလီဆန်စေကာ တစ်စုံတစ်ခုက ကိုယ်တွင်းအင်္ဂါများကို မွှေနှောက်နေသည့်နှယ် ခံစားရစေပြီး အနည်းငယ် ရှူရှိုက်မိရုံမျှနှင့် ရွံ့ရာစရာကောင်းသည့် ခံစားချက်ပြင်းပြင်းကို ပေးလိမ့်မည်ဖြစ်သည်။
လောကကြီးက အမြဲပြောင်းလဲနေသောကြောင့် ယင်ရိလျို မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။အပြင်လောကတွင် အမျိုးအစားစုံလင်သော ဆင့်ကဲပြောင်းလဲသူများ ရှိလေ၏။
သူမကို ပို၍စိုးရိမ်အောင် ပြုလုပ်သည့်အရာမှ ချိုက်ယွီရှု မရည်ရွယ်ဘဲ ထုတ်ပြောခဲ့သည့် ‘ရှေးဖြစ်ဟောသူ’ ဟူသော အချက်အလက်သာဖြစ်လေသည်။
အဓိကဇာတ်လိုက်နှင့် သူတို့၏အသင်းက မြို့တော်Bကို ရောက်နေသင့်ပြီး ယခုအချိန်တွင်တော့ ခိုင်မာသည့်ခြေကုပ်တစ်ခုကို တည်တောင်ပြီးပြီဖြစ်မည်ဟု ယင်ရိလျို ခန့်မှန်းခဲ့၏။
ဝတ္ထုထဲတွင်ရေးထားသော ဇာတ်ကြောင်းအရ လျို့ကျန်းက ပြန်လည်မွေးဖွားလာပြီးနောက် မြို့တော်Bတွင် ကျော်ကြားသော ‘ရှေးဖြစ်ဟောသူ’ ဖြစ်လာခဲ့သည်။
သူတို့ပြောနေကြသော ဤစွမ်းအင်အသစ်ကို သူမ မသိသော်ငြား ကိစ္စများက အလွန်ရိုးရှင်းလိမ့်မည် မဟုတ်ဟု သူမ ခံစားရ၏။
အမှန်စင်စစ် ကမ္ဘာ၏အဆုံးသတ်ကို တွေ့ကြုံခဲ့ဖူးသည့် လျို့ကျန်းကို ဝတ္ထုသာဖတ်ဖူးပြီး ဇာတ်ကြောင်းနှင့်ပက်သက်၍ အနည်းငယ်ကိုသာ သိသည့် သူမကဲ့သို့တစ်စုံတစ်ယောက်နှင့် ယှဥ်၍မရချေ။ ယင်ရိလျိုမသိသည့် အရာအများအပြားကို လျို့ကျန်းက သိကိုသိရမည်ဖြစ်သည်။
=========
သူတို့သံမဏိစက်ရုံအဝေးသို့ လျှောက်လာခဲ့ပြီး ပတ်ဝန်းကျင်မှ သစ်ပင်များနှင့် သဘာဝပေါက်ပင်များက သူတို့အပေါ်တွင် အုပ်မိုးသည်အထိ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။
သူတို့၏ခြေထောက်အောက်မှ ပေါင်းပင်များကလည်း လူတစ်ယောက်၏ ဒူးခေါင်းအမြင့်အထိ မြင့်မားကြ၏။ သာမာန်လူများအတွက် ဤကဲ့သို့မြက်ပေါ်တွင် လမ်းလျှောက်ရန် ခက်ခဲမည်ဖြစ်သည်။
သို့သော် ဆင့်ကဲပြောင်းလဲသူများအတွက်မှာမူ ဤသည်က မခက်ခဲပေ။
ကျိုထိုက်က ဤစစ်ဆင်ရေးကို ‘နွားအားအကျဥ်းချခြင်းအစီအစဥ်’ ဟုအမည်ပေးထားပြီး အပိုင်းသုံးပိုင်းအဖြစ် ခွဲထားခဲ့၏။
ရုန်ကျင်းဖင်းအသင်း၏ ဆင့်ကဲပြောင်းလဲသူများနှင့် ချွမ်းရုန် အသင်းမှ အဖွဲ့ဝင်အများစုက ပတ်ဝန်းကျင်မှ သန္ဓေပြောင်းတိရစ္ဆာန်ငယ်များကို ဆွဲဆောင်ရမည့် ပထမအပိုင်းတွင် တာဝန်ကျလေသည်။
သူတို့၏အဓိကတာဝန်မှာ အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ ပတ်ဝန်းကျင်မှ တိရစ္ဆာန်များကို အဝေးသို့မြှားခေါ်သွားရန်ဖြစ်၏။
ထိုသို့မြှားခေါ်နေစဉ်အတွင်း ဤဒေါသထွက်နေသော သန္ဓေပြောင်းတိရစ္ဆာန်များကို ဦးဆောင်၍ အဝိုင်းပုံစံပြေးရန် အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။
“ကိုယ့်ကိုကိုယ် ထိန်းထားပြီး သူတို့နဲ့တိုက်ရိုက်ကြီး ထိပ်တိုက်မတိုက်ခိုက်ဖို့ အမှတ်ရကြ.. မင်းတို့ရဲ့မစ်ရှင်က သန္ဓေပြောင်းတိရစ္ဆာန်တွေကို အမဲလိုက်ဖို့မဟုတ်ဘူး..
မင်းတို့ လုံလုံလောက်လောက် မြန်အောင် ပြေးသရွေ့ သူတို့စုဝေးနိုင်မှာမဟုတ်ဘူး”
ကျိုထိုက် သူတို့ကိုရှေ့သို့ ဦးဆောင်သွားလျက် ထပ်ခါထပ်ခါ သတိပေးလိုက်၏။
ဘိုးဘေးစရိုက်သို့ ဆင့်ကဲပြောင်းလဲခြင်းနှင့် ဆင့်ကဲပြောင်းလဲသူနှစ်ယောက် ရှိကြသည်။ တစ်ယောက်တွင် ကျီးကန်းနှင့်တူသော တောင်ပံများရှိပြီး ရေပြင်ညီအနိမ့်တွင် ပျံသန်းနိုင်သောကြောင့် ကင်းထောက်တစ်ယောက်အဖြစ် ဆောင်ရွက်နိုင်စေ၏။
တခြားတစ်ယောက်၏စွမ်းရည်ကမူ တစ်နည်းအားဖြင့် အသုံးမကျသည့်အရာဖြစ်သည်။ သူက အမှန်တကယ်မပျံသန်းနိုင်ပေ။ တောင်ပံဖြန့်လိုက်လျှင် သူ့တောင်ပံ၏အရောင်အသွေးမှာ အလွန်တောက်ပသော်ငြား ရှေ့သို့ ကြက်တစ်ကောင်ကဲ့သို့ တစ်ဖျတ်ဖျတ်သာ ခတ်နိုင်လေသည်။
ကျီးကန်နှင့်တူသော ဆင့်ကဲပြောင်းလဲသူက ရှေ့ဘက်ရှိ ဧရာမကျောက်တုံးကြီး တစ်ခုဆီပျံသွားပြီး အနီးအနားတောအုပ်ထဲတွင် ပုန်းနေသော သန္ဓေပြောင်းတိရစ္ဆာန်များကို အဝေးမှ လေ့လာလိုက်၏။
ထို့နောက် သူ၏တောင်ပံကို ဖြန့်ပျံပြီး သူ၏လေ့လာတွေ့ရှိမှုကို တခြားသူများဆီ သတင်းပို့ရန် ပျံလိုက်လေသည်။
“အနောက်ဘက် မိုင်တစ်ရာ အတွင်းမှာ ဆယ်ကောင်လောက်ရှိတယ်.. အရှေ့ဘက်မှာပိုများပေမဲ့ အများစုက မွေးမြူရေးအမျိုးအစား သန္ဓေပြောင်းတိရစ္ဆာန်လေးတွေပဲ..
တောက်ဘက်ကကျ မြို့ပြင်လောက်ထိ ရောက်နေပြီး သစ်ပင်ကြီးတွေက အရမ်းမြင့်ပြီး ထူထပ်လွန်းလို့ ကျွန်တော် ဘာကိုမှမမြင်ရဘူး”
ကျိုထိုက်ခေါင်းငြိမ့်လိုက်၏။
“အသေးစိတ်ကျတဲ့ စီစဥ်မှုကို ကွေ့ပင်းပိုင် ဆုံးဖြတ်ပါစေ”
သူ့နောက်တွင် ဆင့်ကဲပြောင်းလဲသူ တစ်ရာနီးပါးရှိကာ သူတို့အများစုမှာ ချွမ်းရုန် အခြေစိုက်စခန်းတွင် တကွဲတပြားဖြစ်နေဆဲဖြစ်သော ရင်းနှီးသောမျက်နှာများ ဖြစ်ကြသည်။ သူတို့ကိုကြည့်ပြီး နှလုံးသားထဲတွင် သက်ပြင်းချလိုက်၏။
“အောင်မြင်မလား ရှုံးနိမ့်မလား ဆိုတာ ဒီနေ့ဖြစ်ပျက်သွားတာအပေါ်မှ မူတည်တယ်.. လာကြ ကိုယ့်လူတို့၊ ဒီနေ့ကို ကျော်ဖြတ်နိုင်ခဲ့ရင် ငါတို့ရဲ့ဘဝတွေက ပိုကောင်းလာမှာပဲ”
ဤဆင့်ကဲပြောင်းလဲသူများလည်း အနည်းငယ် စိတ်ထဲထိရှသွား၏။
သူ၏စကားများကို တုံ့ပြန်ပြီးနောက် သံမဏိစက်ရုံမှ အနီးနားတောအုပ်ထဲ အလျှင်အမြန်လူစုခွဲလိုက်သည်။ အနက်ရောင်ဝံပုလွေသည်လည်း အနက်ရောင်လေပွေတစ်ခုနှယ် လူအုပ်ထဲ ရောနှောနေလိုက်၏။
ဝံပုလွေကိုယ်တိုင်ကလည်း အဆင့်ငါး သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင် ဖြစ်ပေသည်။ ချိုက်ယွီရှု၏ ဂလင်းအနံ့အသက်က ဝံပုလွေအပေါ်တွင် ကြီးမားစွာလွှမ်းမိုးမှုရှိသောကြောင့် ဤစစ်ဆင်ရေးတွင် ပါဝင်ရန် အမှန်တကယ် မသင့်တော်ချေ။
သို့သော်ငြား ဝံပုလွေ၏အရွယ်အစားကြောင့် ပတ်ဝန်းကျင်မှ သန္ဓေပြောင်းတိရစ္ဆာန်များကို နှင်ထုတ်ရန်အတွက် လွယ်ကူလေ၏။မကြာမီပင် အခြေစိုက်စခန်း၏အစွန်းအဖျားတွင် ဟန်ဆောင်ရန်စပွဲကို စတင်ခဲ့သည်။
ယင်ရိလျိုက သားရဲဟိန်းသံများကို ကြားနိုင်ပြီး အဝေးမှသေနတ်ပစ်သံများ ထွက်လာခဲ့၏။ထိုစဥ် အဝေးရှိကျုံးဘေးတွင် နှေးကွေးစွာ ရေသောက်နေသော သန္ဓေပြောင်းနွားကလည်း အခြေစိုက်စခန်းနားမှ ဖရိုဖရဲဖြစ်မှုကို ကြားခဲ့လေသည်။
သန္ဓေပြောင်းနွားက ခေါင်းကိုဖြည်းညှင်းစွာ မော့ပြီး အခြေစိုက်စခန်းရှိရာ အရပ်ကို အာရုံစိုက်သော မျက်လုံးအစုံဖြင့် ကြည့်လိုက်၏။
ဒုတိယအပိုင်းကလည်း ရန်စခြင်းအပေါ်တွင် အာရုံစိုက်ထားသော်လည်း ဤအပိုင်းနောက်မှ အဓိကအင်အားသည်က ချိုက်ယွီရှနှင့် ကျောင်းစီဟွေ့ဖြစ်သည်။
အံ့သြစရာကောင်းသည့်အရာမှာ ချိုက်ယွီရှု၏ စွမ်းရည်အကြောင်းကို ကျောင်းစီဟွေ့ သိသွားပြီးနောက်တွင် သူမက ဆံပင်သန္ဓေပြောင်း ဖြစ်သော်ငြား ပထမအကြိမ် ဆင့်ကဲပြောင်းလဲမှုအတွင်း သူမ၏ဂလင်းများလည်း ဆင့်ကဲပြောင်းလဲခဲ့ကြောင်း ရုတ်တရက် အမှတ်ရသွားခဲ့လေ၏။
ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲမှုပြီးနောက် သူမ၏ဂလင်းများကို ထိန်းချုပ်နိုင်စွမ်းရရှိခဲ့သော်ငြား ဤစွမ်းရည်ကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ချေ။
အချိန်ကြာပြီးနောက် သူမတွင် ဤစွမ်းရည်ရှိကြောင်းကို မေ့လုနီးပါးဖြစ်နေခဲ့သည်။
*