အခန်း (၁၁၉)
Vol. 12 Ch. 119
(119)
ကျောင်းစီဟွေ့က သနားစရာ အနက်ရောင်ဝံပုလွေအပေါ်တွင် စမ်းသပ်ပြီးနောက် သူမ၏ဂလင်းမှအနံ့အသက်က မူးဝေစေသော သက်ရောက်မှုရှိပြီး အနံ့ဆိုးပေါက်ကွဲမှုများဖြင့် ပေါင်းစပ်နေကြောင်း ဆုံးဖြတ်ခဲ့ကြ၏။
ချိုက်ယွီရှုနှင့်မတူသည်မှာ ဤရနံ့က လူသားများပေါ်တွင်လည်း သက်ရောက်မှုရှိလေသည်။
ထပ်ဆောင်းအနေဖြင့် ချွမ်းရုန်( river glory) အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူကြားတွင် ဖျံနီညိုနှင့်မျိုးစပ်ခဲ့သော အမျိုးသမီးတစ်ယောက်ရှိ၏။
သူမကမူ ကသိကအောက်ဖြစ်စေသော အနံ့ဆိုးကို ထုတ်လွင့်နိုင်လေသည်။ ထိုအနံ့က စွမ်းအားမပြင်းသော်ငြား မရှိသည်ထက် ပိုကောင်းလေသည်။
ဤလူသုံးယောက်ဦးဆောင်၍ ရေတကောင်းအပင်မျိုးစပ်၊ ကျောင်းချီယန်နှင့် တခြားသူများက အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်အပြင် ပတ်ဝန်းကျင်မှ အဆင့်သုံးနှင့် အဆင့်လေးသန္ဓေပြောင်းတိရစ္ဆာန်များကို ရန်စရန်အတွက် တာဝန်ယူမည်ဖြစ်သည်။
တတိယအပိုင်းနှင့် နောက်ဆုံးအပိုင်းက သတ်ဖြတ်ခြင်းဖြစ်ကာ ကျင်းယန်နှင့် ရုန်ကျင်းဖင်း ဦးဆောင်လျက် အနက်ရောင်ဝံပုလွေနှင့် တခြားသူများက ထောက်ပံ့မည်ဖြစ်၏။
သူတို့၏ရည်ရွယ်ချက်မှာ ဖြစ်ပွားစေသည့်အရင်းအမြစ်ကို ဖယ်ရှားရန်နှင့် ဤအဆင့်ငါးသန္ဓေပြောင်းနွားကို အမြစ်ပြတ်သုတ်သင်ရန်ဖြစ်သည်။
ပထမအပိုင်းအတွက် လုပ်ဆောင်ခဲ့သော အားထုတ်မှုက အလွန်အောင်မြင်ခဲ့၏။ သူတို့၏မူလ အစီအစဥ်အရ လမ်းတစ်လျှောက် သန္ဓေပြောင်းတိရစ္ဆာန်အားလုံးကို မြို့၏ဘေးဘက် နှစ်ဖက်စလုံးဆီ ဦးဆောင်ခဲ့ကြ၏။
ကျင်းယန်နှင့်တခြားသူများက သူတို့၏ပန်းတိုင်ဖြစ်သော ကျုံးဆီသို့ တရှိန်ထိုးဦးတည်ခဲ့ကြသည်။
သူတို့မလာခင်က သူတို့၏စစ်ဆင်ရေးအတွက် အထောက်အပံ့ပစ္စည်းအဖြစ် မြို့တော်Zမှ ပေးခဲ့သော ဆေးဝါးအချို့နှင့် သန္ဓေပြောင်းအပင်များကို ရေဓာတ်ခမ်းခြောက်ပြီး တမြည့်မြည့်ယိုယွင်းပျက်စီးစေနိုင်သော မြို့တော်Zမှ တီထွင်ထားသည် အပင်အက်စစ်များကို ယူလာခဲ့ကြသည်။
အက်စစ်က အလွန်သေလောက်စေ၏။ ရေဘူး အဖုံးတစ်ခုစာ ပမာဏနှင့်ပင် ပတ်ဝန်းကျင်မှ ပေါက်ပင်များနှင့်သစ်ပင်များ၏ တစ်ဝက်လောက်ကို သတ်ပစ်နိုင်သည်။
သို့သော်ငြား ထိုအရာတွင်လည်း သေစေနိုင်သော ဆိုးကျိုးတစ်ခုရှိပြီး ထိုဆိုးကျိုးမှာ ကုန်းမြေကို ထိခိုက်စေနိုင်ခြင်းဖြစ်သည်။
လူတိုင်းသိကြသည့်အတိုင်း ကုန်းမြေသည်က လူသားမျိုးနွယ်၏ အုတ်မြစ်ဖြစ်၏။
ကမ္ဘာပျက်ကပ်မတိုင်ခင်က လူများက ကုန်းမြေ၏ကာကွယ်မှုကို အပြင်းအထန် ထောက်ခံခဲ့ပြီး ဘက်ထရီခဲများကိုပင် ပစ်စလတ်ခက် လွှင့်မပစ်ဝံ့ကြချေ။
သို့သော်ငြား ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် အက်စစ်များကြောင့် မြို့တော်Zရှေ့ရှိ ကုန်းမြေတစ်ခုလုံးက ဖုန်မှုန့်နှင့်သဲများအဖြစ် တိုက်ရိုက်လောင်ကျွမ်းခြင်း ခံခဲ့ရသောကြောင့်သာ အပင်များ၏ ကျူးကျော်ဝင်ရောက်ခြင်းကို ဟန့်တားနိုင်လေသည်။
ဤအချိန်၌ ကျင်းယန်တွင် ထိုကဲ့သို့ အက်စစ်ပုလင်းတစ်ခု ရှိလေ၏။ သူပုလင်းကိုဖွင့်လိုက်လျှင် မျက်လုံး ကသိကအောက်ဖြစ်ဖွယ်၊ စူးရှပြီး ချဥ်စုတ်စုတ်အနံ့က သူ၏နှာခေါင်းလမ်းကြောင်းထဲ ဝင်ရောက်လာလေသည်။
သူမျက်မှောင်ကြုတ်လိုက်သည်။
အဆုံးသတ်တွင် ဤအရာကို မြေကြီးပေါ်သို့ လောင်းမကျခဲ့ချေ။
ချွမ်းရုန် အခြေစိုက်စခန်းအပြင်ဘက်မှ အပင်များက အလွန်မသိပ်သည်းပေ။ လမ်းများကို မြင်နိုင်ဆဲဖြစ်ကာ ခေါင်းပေါ်မှ တောက်လောင်နေသော နေရောင်ကနေ အရိပ်ပေးနေသည့် အစိမ်းရောင်အလွှာများနှင့်အတူ သစ်တောက အေးစိမ့်နေလေသည်။
ကျုံးက မြို့တော်A၏ အစွန်း
အဖျားတွင်ရှိလေသည်။ လေ့လာစူးစမ်းမှု အနည်းငယ် ပြုလုပ်ပြီးနောက် ဤသန္ဓေပြောင်းနွားက ထိုနေရာကို နှစ်သက်ကြောင်းရှာတွေ့ခဲ့ကြ၏။
သန္ဓေပြောင်းနွားက ထိုနေရာတစ်ဝိုက်တွင် အကြိမ်ရေအချို့ အမဲလိုက်ခဲ့သည်။
ဤသည်မှလွဲ၍ သူတို့က သားရဲကို မဖမ်းနိုင်သေးချေ။
သူတို့ ကျုံးအနားသို့ ပိုနီးလာလေလေ ပိုစိတ်လှုပ်ရှားလာလေလေ ဖြစ်နေကြ၏။
ယင်ရိလျိုမှာ သစ်ပင်ထဲမှအင်းစက်များ၏ ကျယ်လောင်သော တကျီကျီအော်သံ၊ လူတိုင်းအကောင်းဆုံးကြိုးစား၍ အတိုးညှင်းဆုံးဖြစ်အောင် ထိန်းထားသော ခြေသံများနှင့် သစ်ကိုင်ခြောက်များအပေါ် တက်နင်းမိသဖြင့် ထွက်လာသော တဂျွတ်ဂျွတ် အသံများကို ကြားနိုင်လေသည်။
ဤတင်းမာနေသော လေထုက သူမကိုလည်း စိတ်လှုပ်ရှားအောင် ပြုလုပ်နေခဲ့၏။
ကျိုထိုက်က ရှေ့ဆုံးမှသွားနေခဲ့သည်။ သူသည်က ထင်ရှူးပင်ကြီးတစ်ပင်နောက်တွင် ပုန်းလျက် ခေါင်းတစ်ဝက်ထုတ်ကာ အကွာအဝေးတစ်ခုဆီ လှမ်းကြည့်ပြီးနောက် ကျင်းယန်နှင့် ရုန်ကျင်းဖင်းကို မျက်လုံးနှင့်အချက်ပြပြီး တိတ်တဆိတ်ပြောခဲ့၏။
“သန္ဓေပြောင်းတိရစ္ဆာန်တွေ အများကြီးမရှိတော့ပေမဲ့ သန္ဓေပြောင်းနွားနားမှ ကပ်နေတဲ့ အဆင့်လေးတစ်ကောင်တော့ရှိတယ်”
ယင်ရိလျိုနှင့်တခြားသူများက သူတို့မြို့တော်Aကို လာခဲ့ချိန်က ဤအဆင့်လေးသန္ဓေပြောင်းတိရစ္ဆာန်ကို မြင်ခဲ့ရသည်။
သူတို့ကောင်းကင်မှ ငုံ့ကြည့်လိုက်စဥ်က ဧရာမလူဝံကြီးကို သတိထားမိခဲ့ကြ၏။
ရဟတ်ယာဥ်၏အသံကို ကြားပြီးနောက် အဆင့်လေးလူဝံကြီးက မတ်မတ်ရပ်ကာ ရင်ဘက်ကိုလက်ကြီးများဖြင့် တီးရိုက်ပြီး သူတို့ကို လှမ်းဟိန်းဟောက်ခဲ့လေသည်။
အသံသည် အလွန်ကျယ်လောင်သဖြင့် ဝေးကွာသည့်ကောင်းကင်ကပင် တုန်ခါမှုကို ခံစားနိုင်ခဲ့၏။လူဝံကြီးက ရပ်နေလျှင် လေးမီတာနီးပါးမြင့်ကာ သေချာပေါက် စွမ်းအားကြီးမားမည်ပင်။
ကျိုထိုက်နှင့်တခြားသူများကလည်း ဤအကောင်ကြီး၏ လက်ထဲတွင် ခံစားခဲ့ရပြီး ဆင့်ကဲပြောင်းလဲသူ အရေအတွက်များစွားကို ဆုံးရှုံးခဲ့ရသည်။
ကျိုထိုက်က ဤအကောင်ကြီးကို ကြောက်နေဆဲဖြစ်ကာ စိတ်အားလျော့သွားပြီး မေးလိုက်သည်။
“ငါတို့ဘာလုပ်သင့်လဲ?”
“တခြားနည်းမရှိဘူး”
ရုန်ကျင်းဖင်း ပုခုံးတွန့်ပြလိုက်၏။
“ငါတို့ အတူတူလုပ်မှ သတ်လို့ရမယ်”
လူတိုင်းက သူတို့ကြိုတင်ပြင်ဆင်ထားသော အဝတ်များကို မျက်နှာတစ်ဝက်တွင် ပတ်လိုက်ကြသည်။
ယင်ရိလျိုပင်လျှင် လေးထောင့်ပန်းရောင်လက်ကိုင်ပုဝါလေးကို ယူလာခဲ့ပြီး ကျင်းယန်က သူမ၏ခေါင်းနောက်တွင် ဂရုတစိုက် ချည်ပေးလိုက်၏။
ယုန်လေးက မထိန်းနိုင်ဘဲ နားရွက်များကိုလှုပ်မိနေသဖြင့် အလွန်ချစ်စရာကောင်းပေသည်။
ယင်ရိလျိုတွင် ပါးနပ်သော လှည့်ကွက်သေးသေးလေးတစ်ခု ရှိလေ၏။ သူမ၏အသင်းဖော်များ၏ ယာယီအစားထိုး mask(နှာခေါင်းစည်း)များတွင် အဝတ်စတစ်လွှာထပ်ထည့်ထားပြီး အနံ့ပြင်းပြင်းကြောင့် မတော်တဆထိခိုက်မိခြင်းမှ ကာကွယ်ရန် သူမ၏ပန်းရောင်လက်ကိုင်ပုဝါထဲတွင်လည်း mask သေးသေးလေးတစ်ခုကိုလည်း ထည့်ချုပ်ထားခဲ့သေးသည်။
လူတိုင်းက ပြင်ဆင်မှုများကို လုပ်ပြီးနောက် ချိုက်ယွီရှုက သူ၏စွမ်းရည်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး ထူးဆန်းသော အနံ့က တောအုပ်ထဲ ဖြည်းညှင်းစွာ ပြည့်နှက်သွားခဲ့၏။
ကျောင်းစီဟွေ့အလှည့်တွင်မူ သူမ၏ခန္ဓာကိုယ်မှ အမွှေးများက အရေပြားအောက်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့ပြီး နူးညံ့စွာ ထိုးထောင်နေသော်ငြား တစ်ချိန်တည်းတွင် အမွှေးများဆီမှ ပို၍စူးရှသောအနံ့များ ပန်းထွက်လာခဲ့သည်။
ဖျံနီညိုမျိုးစပ် အမျိုးသမီးကလည်း သူမကို ခေါ်ထားသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ပုံမရချေ။ သူမက စူးရှသောအနံ့တစ်မျိုးကို အလျှင်အမြန်ထုတ်လွှတ်လိုက်သောကြောင့် ဤအနံ့သုံးမျိုး၏ကျေးဇူးဖြင့် တောအုပ်တစ်ခုလုံးသည်က ချက်ချင်းပင် ဂလင်းမှအနံ့များ၏ ပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့၏။
တောအုပ်ထဲမှ သန္ဓေပြောင်းလူဝံက မူးဝေစေသည့် သက်ရောက်မှုဖြင့် ရောနှောနေသော ကသိကအောက်ဖြစ်ဖွယ် အနံ့ကိုရလိုက်သည့်အတွက် မတ်တတ်ရပ်ကာ ဟိန်းဟောက်ပြီး လူနှစ်ယောက်ဖက်စာ ရှိသည့်သစ်ပင်တစ်ပင်ကို တစ်ဝက်ပိုင်းဖြစ်သည်အထိ ပိတ်ရိုက်လိုက်လေသည်။
ပင်စည်က အရွှက်ကြွေများ၏အပေါ်သို့ လဲကျသွားပြီး ဖုန်မှုန့်များက လေထုထဲ ဝှေ့တက်လာ၏။
ဒေါသဖြစ်စေသောအနံ့ဆိုးက အလွန်သက်ရောက်မှုကောင်းသည်။ လူဝံက တစ်ခဏမျှ ပေါက်ကွဲပြီးနောက် ရင်ဘက်ထဲနှင့် မျက်လုံးများသည် အလွန်အမင်း သက်တောင့်သက်သာမရှိဟု ခံစားရကာ ခန္ဓာကိုယ်ကြီးက မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ ပြင်းပြင်းလဲကျသွားခဲ့လေ၏။
ထိုအချိန်တွင် အနီးနားမှ သန္ဓေပြောင်းနွားက ထရပ်လိုက်သည်။
သန္ဓေပြောင်းနွားက ကျင်းယန်နှင့်တခြားသူများ ရှိရာအရပ်ဆီ စူးစူးစိုက်စိုက်ကြည့်နေခဲ့၏။
ဂလင်းမှအနံ့များကြောင့် သန္ဓေပြောင်းတိရစ္ဆာန်နှစ်ကောင် မိန်းမောနေသည့်အခိုက်ကို အခွင့်ကောင်းယူ၍ ကျိုထိုက်နှင့်သူဘေးမှ သူ၏တွဲဖက်က လက်ထဲမှ လက်ပစ်ဗုံး၏ကွင်းကို ဆွဲဖြုတ်ပြီး ကျုံးအစွန်အဖျားဆီ လှမ်းပစ်လိုက်သည်။
ချက်ချင်းပင် တောအုပ်ထဲတွင် ပေါက်ကွဲသံက ပဲ့တင်ထပ်လာပြီး နားအူမတတ်ဆူညံသော သားရဲများ၏ဟိန်းဟောက်သံများ ဆက်ထွက်လာကာ တောအုပ်တစ်ခုလုံးက အမြစ်ပါမကျန် သုတ်သင်ခံရ လုနီးပါးပင်။
ကျင်းယန်က ယုန်လေး၏နားရွက်ကို သူ၏လက်များဖြင့် အလျှင်အမြန်ဖုံးအုပ်ပြီး သူမကို ကျယ်ပြန့်သော ရင်အုပ်ထဲတွင် ကာကွယ်ထားလေသည်။
သူက ထိုသို့လုပ်ဆောင်ပေးသော်ငြား ယင်ရိလျိုမှာ ကျယ်လောင်သောအသံများကြောင့် အနည်းငယ် ထိတ်လန့်သွားဆဲဖြစ်၏။
အသံက သူမ၏နားထဲတွင် ဆက်တိုက်ပဲ့တင်ထပ်နေသည်။ သူမ ၏ရှေ့မှ မည်သည့်အရာကိုမှ မမြင်နိုင်ချေ။ သူမ ကြားနိုင်သမျှမှာ သားရဲများ၏ဟိန်းဟောက်သံများသာ။
ကျိုထိုက်နှင့်ရုန်ကျင်းဖင်းက မျက်လုံးထဲမှ ဝမ်းမြောက်မှုများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ဤအစီအစဥ်က အလုပ်ဖြစ်ခဲ့သည်။ ဂလင်းများ၏အနံ့က သန္ဓေပြောင်းတိရစ္ဆာန်များကို အောင်မြင်စွာ ဒေါသထွက်စေပြီး မူးဝေသောသက်ရောက်မှုက အချိန်မှီ ပြန်လည်တိုက်ခိုက်နိုင်ခြင်းမှ တားဆီးပေးခဲ့သဖြင့် ကျိုထိုက်နှင့်တခြားသူများ တိုက်ခိုက်ရန် အခွင့်အရေးရခဲ့၏။
မီးခိုးဖြူများ မပျောက်ကွယ်သွားခင် ကျိုထိုက်က လက်ပစ်ဗုံးအနည်းငယ်ကို ထပ်၍ပစ်လိုက်ပြီး ဆက်တိုက် ဗုံးပစ်လိုက်သောကြောင့် ပို၍ကြီးမားသော မီးခိုးတိမ်တိုက်ကြီးအဖြစ် ပေါက်ကွဲသွားခဲ့သည်။
ဖုန်မှုန့်နှင့် ပြာမှုန့်များက ပျံထွက်လာပြီး လေထုမှာ ယမ်းနံ့များ ဂလင်းမှရနံ့များဖြင့် ပြည့်နှက်နေခဲ့၏။
ကျိုထိုက် သူ၏နားစည်များ ထုံထိုင်းသွားခြင်းကို ခံစားနိုင်သော်ငြား အံကြိတ်ပြီးတောင့်ခံလိုက်ဆဲဖြစ်သည်။
ဤသားရဲများက လက်နက်ခဲယမ်းများကို ရင်ဆိုင်ရာတွင် အခွင့်အရေးတစ်ခုပင် ရမည်မဟုတ်ဟု သူယုံကြည်သည်!
ကျိုထိုက်က လက်ပစ်ဗုံးနောက်တစ်ခု၏ ကွင်းကိုဆွဲဖြုတ်တော့မည် အချိန်တွင် ကျင်းယန်၏ မျက်နှာပေါ်တွင် တင်းမာသောအကြည့် ရုတ်တရက်ပေါ်လာပြီး ကျိုထိုက်၏ပုခုံးကို အလွန်ပြင်းထန်စွာ တွန်းလိုက်သဖြင့် သူက ဘေးဘက်လွင့်သွားခဲ့၏။
“သတိထား!!”သူ အော်လိုက်ပြီး နောက်စက္ကန့်၌ လူတိုင်းပုန်းနေသော ထင်းရှုပင်ကြီးကို ပြင်းထန်သောအားတစ်ခုက ရိုက်ခတ်သွားခဲ့လေသည်။
ကံကောင်းစွာဖြင့် ကျင်းယန်က အချိန်မှီသတိပေးခဲ့သောကြောင့် အများစုက တုံ့ပြန်ခဲ့ပြီး နောက်သို့ဆုတ်ခဲ့ကြ၏။
အချိန်မှီမတုံ့ပြန်ခဲ့သော ဆင့်ကဲပြောင်းလဲသူတချို့သာ ရိုက်ခတ်ခံလိုက်ရသည်။
လူနှစ်ယောက်မှာ ထင်ရှုးပင်ကြီးအောက်တွင် ပိကြေသွားပြီး သွေးများအန်နေခဲ့ကြကာ ဖျံနီညိုမျိုးစပ်အမျိုးသမီးမှာ ခါးတွင် အရိုက်ခံလိုက်ရပြီး ခန္ဓာကိုယ်က တစ်ဝက်ပိုင်းခံလိုက်ရလေ၏။
သူမ၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများပန်းထွက်လာခဲ့သည်။
သူတို့၏ရှေ့မှ သန္ဓေပြောင်းလူဝံက လူဝံနှင့် မတူတော့ပါချေ။
လူဝံ၏ခန္ဓာကိုယ်မှ သားမွှေးများက လုံးလုံးလျားလျား လောင်ကျွမ်းသွားပြီး သွေးသံရဲရဲသတ္တဝါကြီးအဖြစ် ပြောင်းလဲသွားကာ လူတိုင်းကိုစိုက်ကြည့်လျက် အသက်ပြင်းပြင်းရှူနေခဲ့၏။
လူဝံ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမရှိသည့်နေရာ တစ်နေရာမှပင် မရှိသော်ငြား အလွန်အမင်း ဒေါသထွက်နေသဖြင့် သွေးများရွှဲရွှဲစိုနေသော ရင်ဘက်ကို လက်များဖြင့် တီးရိုက်နေဆဲဖြစ်သည်။
သွေးများကလွင့်စင်သွားပြီး တစ်ချိန်တည်း၌ အကျယ်လောင်ဆုံးသော ဟိန်းဟောက်သံကို ထုတ်လွှတ်နေသကာ လူဝံ၏ပါးစပ်မှ အနံ့အသက်ဆိုးများ လျှံထွက်လာခဲ့၏။
ဆင့်ကဲပြောင်းလဲသူများက အဝေးသို့မြှားခေါ်သွားခဲ့သည့် သန္ဓေပြောင်းတိရစ္ဆာန်များအားလုံးသည်လည်း ထိုအရပ်မျက်နှာဆီသို့ ပြန်လည်လှည့်ကြည့်ကြလေသည်။
ဤကမ္ဘာကွဲလောက်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်သည့်အခိုက်တွင် ထိုဆင့်ကဲပြောင်းလဲသူများက တုန်ရီသွားကြပြီး ကျိုထိုက်နှင့်တခြားသူများ၏ လုံခြုံရေးကို စိတ်ပူသွားကြ၏။
သို့သော်ငြား ဤသားရဲလှိုင်းထဲမှ ဆင့်ကဲပြောင်းလဲတိရစ္ဆာန်ငယ်များကို ကျုံးရှိရာသို့ ပြန်သွားခွင့်ပြု၍ မဖြစ်နိုင်ကြောင်း သူတို့သိကြသည်။ မဟုတ်လျှင် သူတို့အတွက် အဆုံးသတ်သွားမည် ဖြစ်၏။
သူတို့က ကျည်ဆံကို ကိုက်ပြီးသာ ဤသန္ဓေပြောင်းတိရစ္ဆာန်များကို ထိတ်ထိတ်ပျာပျာဖြင့် ရန်စနိုင်လေသည်။