အခန်း (၁၂၀)
Vol. 12 Ch. 120
(120)
အနက်ရောင်ဝံပုလွေက ဆွဲဆွဲငင်ငင်အူလိုက်ပြီး သူ့ရှေ့မှ သန္ဓေပြောင်းလူဝံပေါ်သို့ ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်၏။
လူဝံက သူ၏နှစ်ဆနီးပါးရှိသော်ငြား လုံးဝမကြောက်ရွံ့ချေ။ သေခြင်းတရားကို မကြောက်ရွံ့သည့်နှယ် ဝံပုလွေက ဂရုဏာကင်းမဲ့စွာ တိုက်ခိုက်နေပြီး မြင်ကွင်းက လုံးဝပင် ဗရမ်းဗတာဖြစ်နေခဲ့သည်။
လူသားများက တိရစ္ဆာန်များကို အမဲလိုက်နေကြပြီး တိရစ္ဆာန်များက လူသားများကို ကိုက်ဖြတ်နေကြ၏။
သားရဲလှိုင်းကြားတွင် ရှေးအကျဆုံး ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လူသားများနှင့် တိရစ္ဆာန်များတွင် မည်သူက ပထမဆုံး နောက်ဆုတ်မလဲ ဆိုသည်မှာ ဤတိုက်ပွဲအပေါ်တွင် မူတည်နေခဲ့သည်။
ဤအချိန်တွင် ယင်ရိလျိုက သူမရှေ့မှ သွေးများနှင့်ဖုံးလွှမ်းနေသော သန္ဓေပြောင်းလူဝံကြောင့် အကြွင်းမဲ့ရွံ့ရှာနေခဲ့သော်ငြား ဤသန္ဓေပြောင်းတိရစ္ဆာန်များ၏ ကြမ်းရမ်းသောလှုပ်ရှားမှုကြောင့် အံ့သြနေဆဲပင်။
ဤကဲ့သို့ အခြေအနေအထိရောက်အောင် များပြားသော လက်ပစ်ဗုံးများဖြင့် ပေါက်ခွဲခံထားလျှင်ပင် သန္ဓေပြောင်းတိရစ္ဆာန်များက အသက်ရှင်သန်ပြီး နှိုင်းယှဥ်မရအောင် ကောင်းမွန်ဆဲဖြစ်သည်။
သို့သော်ငြား သိသာစွာပင် ဤသန္ဓေပြောင်းလူဝံက ဒေါသအထွတ်အထိပ် ရောက်နေပြီဖြစ်၏။ သူတို့က ဤသားရဲကြီးကို လုံးလုံးလျားလျား ဒေါသထွက်စေခဲ့ပေပြီ။
သူတို့၏စစ်ဆင်ရေးကျရှုံးခဲ့လျှင် လူတိုင်းက ဤနေရာတွင် သေဆုံးသွားရလိမ့်မည်။
ကျိုထိုက်၏ဘေးမှ အမျိုးသားက သူ့တို့၏မျက်စိရှေ့မှောက်တွင် သေဆုံးသွားသော ရဲဘော်ရဲဘက်တချို့ကို ကြည့်ပြီးနောက် ဆက်တိုက်ဟိန်းနေသော ဧရာမတိရစ္ဆာန်ကြီးကို ပြန်ကြည့်လိုက်၏။
သူ၏ခြေထောက်များက ပျော့ခွေလာပြီး တုန်ရီစွာဖြင့်မေးလိုက်သည်။
“ကျွန်.. ကျွန်တော်တို့ အခုဘာလုပ်သင့်လဲ?”
“တခြားနည်းလမ်း မရှိဘူး!”
ရုန်ကျင်းဖင်း တံတွေးမြိုချလိုက်သည်။ သူ၏ မျက်လုံးများက သူ၏ရှေ့မှ သန္ဓေပြောင်းလူဝံပေါ်တွင် မြဲမြံနေပြီး အော်လိုက်၏။
“အနံ့တွေထုတ်တာကို မရပ်လိုက်နဲ့.. ဒီသားရဲက ဗုံးခွဲခံရတာကြောင့်နဲ့ ဒေါသထွက်လာတာမဟုတ်ဘူး.. ဂလင်းကအနံ့တွေက သော့ချက်ပဲ”
ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်များက အဆုံးမရှိခြင်းမဟုတ်ချေ။
သူတို့ကလည်း ပင်ပန်းမှုကို ခံစားရပြီး စွမ်းအင်သည်လည်း ကုန်ဆုံးမည်ဖြစ်သည်။
ကျောင်းစီဟွေ့၏စွမ်းရည်က ကန့်သတ်ချက်သို့ ရောက်နေခဲ့ပေပြီ။
သူမက ဂလင်းဆင့်ကဲပြောင်းလဲမှုကို အထူးပြုခြင်းမဟုတ်သောကြောင့် ဂလင်းအနံ့အသက် ပမာဏအများအပြားကို ထုတ်လွှတ်ရခြင်းက သူမအတွက် အလွန်အားထုတ်ရလေသည်။
သူမ၏အင်္ကျီလက်အောက်မှ သွေးစီးကြောင်းတစ်ခု ဖြည်းညှင်းစွာ စီးထွက်လာပြီး သူမ၏မျက်နျာပေါ်တွင် လည်း နာကျင်မှုအရိပ်အယောင်တစ်ခု ရှိနေ၏။
သို့သော်ငြား သူမ’မရပ်တန့်ဝံ့ပါပေ။ ဖျံနီညိုမျိုးစပ် အမျိုးသမီးကသေသွားခဲ့ပြီး ယခုအချိန်တွင် ချိုက်ယွီရှုနှင့်သူမတွင်သာ သန္ဓေပြောင်းတိရစ္ဆာန်များကို ချုပ်ထိန်းပြီးဒေါသထွက်စေသည့် စွမ်းရည်တော့ရှိသည်။
သူမ မဆုတ်မနစ်ကြိုးစားမှ ရမယ်!
ကျင်းယန် ယင်ရိလျိုကို တီးတိုးပြောလိုက်၏။
“တင်းတင်းကိုင်ထား”
ထို့နောက် သူက သြရှသည့်အသံဖြင့် အမိန့်ပေးလိုက်သည်။
“အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်ကို အစွမ်းထက်စေတာက သူရဲ့တိုက်ခိုက်နိုင်စွမ်းမဟုတ်ဘဲ သူရဲ့ဉာဏ်ရည်ပဲ..
သူရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားက အဆင့်သုံးသန္ဓေပြောင်း တိရစ္ဆာန်တွေနဲ့ အခြေခံအားဖြင့် ဆင်တူတယ်.. မိုက်မိုက်ကန်းကန်း ရှေ့မတိုးကြနဲ့..
ဒီအဆင့်လေးသန္ဓေပြောင်းလူဝံကို အရင်ဆုံး အတူရင်ဆိုင်ရင် အဆင့်ငါးနဲ့ ရင်ဆိုင်ဖို့ လွယ်ကူသွားလိမ့်မယ်”
ကျင်းယန် ပြောသည့်အရာက အကျိုးအကြောင်းသင့်သည်ဟု လူတိုင်းတွေးမိကြ၏။
သူတို့၏ ယခင်စစ်ဆင်ရေးများတွင် ဤဧရာမသန္ဓေပြောင်းလူဝံကြီးကသာ သူတို့ကို အမှန်တကယ် အကြီးအကျယ် ဒဏ်ရာရစေသူဖြစ်သည်။
သူတို့၏စုပေါင်းအင်အားနှင့်အတူ ဤလူဝံကြီးကို သတ်ပစ်ပြီးလျှင် သန္ဓေပြောင်းနွားကိုသတ်ပစ်နိုင်ရန် အချိန်တစ်ခုသာ ကြာမည်ဖြစ်၏။
ထို့အပြင် ဤအဆင့်လေးသန္ဓေပြောင်းတိရစ္ဆာန်က သူတို့၏ရှေ့တွင် ရပ်နေလေသည်။ သူတို့က သန္ဓေပြောင်းနွားကို သတ်ချင်လျှင်ပင် လူဝံကြီး၏ခံစစ်ကို ချိုးဖြတ်ရမည်ပင်။
လက်ပစ်ဗုံး၏စွမ်းအားက ဤသားရဲ၏အရေပြားထူထူကိုသာ ဖောက်ခွဲနိုင်ခဲ့ပြီး သေစေလောက်သော ထိခိုက်မှုကို မဖြစ်စေခဲ့ချေ။ သူတို့ အများအပြားကိုရင်ဆိုင်ရဦးမည်။
ရုန်ကျင်းဖင်း ခေါင်းငြိမ့်ပြီး သဘောတူခဲ့၏။
“သူပြောတာမှန်တယ်.. အရင်ဆုံး သန္ဓေပြောင်းလူဝံအပေါ်ကို အာရုံစိုက်ရအောင်.. အတူတူတိုက်ကြမယ်”
ကျင်းယန်၏လက်မောင်းမှ ရွှေရောင်အကြေးခွံလွှာတစ်လွှာ ထွက်ပေါ်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤစွမ်းရည်က အစပိုင်းကရွှေရောင်မှိန်မှိန်မှ ယခုအချိန်တွင်တော့ အလင်းရောင်အောက်တွင် တောက်ပနေသော မျက်စိကျိန်းဖွယ်ရွှေစင်ရွှေခဲအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုအချိန်တွင် ရုန်ကျင်းဖင်းကလည်း နောက်ဆုံး၌ သူ၏စွမ်းရည်ကို အပြည့်အဝအသုံးပြုခဲ့ပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်က ရုတ်တရက်ပင် ရှည်လျား သွယ်လျလာပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အရွယ်အစားမှာလည်း အနက်ရောင်ဝံပုလွေ၏ အရွယ်အစားအောက် မနိမ့်ကျရုံသာမက ပို၍ပင်ကြီးမားနိုင်လေ၏။တင့်တယ်သောအချိုးအစားနှင့် သားရဲက ရွှေအိုရောင်အစင်းများ၊ အစက်အပြောက်များနှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ သူ၏ခြေလက်များက အင်အားပြင်း၍ လှပကာ ခေါင်းကအနည်းငယ် ဝိုင်းပြီး မျက်လုံးများက အလွန်အမင်း အကြည့်စူးရှပြီး အမြီးကမူ ရှည်သွယ်လေ၏။
သူက ကျားသစ်တစ်ကောင် ဖြစ်ပေသည်။
ရုန်ကျင်းဖင်း၏စွမ်းရည်က အာဖရိကန်ကျားသစ် မျိုးစပ်ဖြစ်၏။
သူ၏ပြီးပြည့်စုံသော တိရစ္ဆာန်အသွင်က အလွန်ခမ်းနားပြီး ထည်ဝါသည်။ သူ၏တိုက်ခိုက်နိုင်စွမ်းသည်လည်း အလွန်အထင်ကြီးစရာကောင်းလောက်ပါ၏။
ကျောင်းချီယန် သူ၏ရှေ့မှ လေးမီတာမြင့်သော သတ္တဝါကြီးကို ကြည့်လိုက်သည်။ သူ အနည်းငယ်လောက် ကြောက်သွားသော်ငြား သူ့အတွက်နောက်ဆုတ်ရန် အချိန်ကောင်းမဟုတ်ကြောင်း သိလေ၏။
ထို့ကြောင့် အံကြိတ်လိုက်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဖောင်းတက်လာပြီး ပြားသွားလေသည်။
သူ၏ဝတ်ထားသော အပေါ်အင်္ကျီက ပါးလှသည်အထိ ဆွဲဆန့်ခံလိုက်ရသည်။ သူက မြေပြင်ပေါ်တွင် လဲလျောင်းနေသော အနက်ရောင်၊ ချောကျိကျိအိမ်မြှောင်တစ်ကောင်အဖြစ် ပြောင်းသွားပြီး သူ၏ခရမ်းရောင်လျှာကို ထုတ်လိုက်သွင်းလိုက် လုပ်နေခဲ့၏။
ရုန်ကျင်းဖင်းက အရှေ့သို့ချီတက်ရန် ဦးဆောင်ခဲ့သည်။ အာဖရိကန်ကျားသစ်က သားရဲဆန်သောဟိန်းဟောက်သံဖြင့် ဟိန်းလိုက်ပြီးနောက် တစ်ချိန်တည်းတွင်း တစ်ဖက်မှဟိန်းဟောက်နေခဲ့သော သန္ဓေပြောင်းလူဝံနှင့် တိုက်ခိုက်ခဲ့၏။
ကျောင်းချီယန်က သန္ဓေပြောင်းလူဝံ၏နောက်ခြေကို အနောက်ဘက်မှ လှမ်းကိုက်ရန် အခွင့်အရေးယူခဲ့လေသည်။
ကျင်းယန်က ယင်ရိလျိုကို သူ့ဘေးမှသစ်ပင်ပေါ်သို့ ခုန်တက်ရန် လက်ဟန်ပြလိုက်၏။ ထို့နောက် မျက်တောင်တစ်ချက်မခတ်ဘဲ သန္ဓေပြောင်းလူဝံကို အကြင်နာကင်းမဲ့စွာ လက်သီးဖြင့် ထိုးလိုက်သည်။
ယင်ရိလျိုက အမြင့်ကိုတက်သွားခဲ့သောကြောင့် သူမ၏ အမြင်အာရုံမြင်ကွင်းက ပို၍ကျယ်ပြန့်လာခဲ့၏။ သူမ၏မျက်လုံးများက သိပ်မဝေးသည့်နေရာမှ အဆင့်ငါးသန္ဓေပြောင်းနွားပေါ်တွင် မြဲမြံစွာရှိနေခဲ့သည်။
သန္ဓေပြောင်းနွားက ချိုက်ယွီရှုနှင့် ကျောင်းစီဟွေ့၏ ခန္ဓာကိုယ်ပေါ်မှ ဂလင်းများ၏အနံ့ကြောင့် လှုံ့ဆောင်ခံထားရပြီး ခန္ဓာကိုယ်ကလည်း ကျိုထိုက်ပစ်သော လက်ပစ်ဗုံးများကြောင့် ဒဏ်ရာရထားပုံရ၏။
ထိုသားရဲက ဤအခိုက်အတန့်တွင် နောက်ခြေပေါ်တွင်ထိုင်၍ ခန္ဓာကိုယ်ကို တုန်ရီနေသော ရှေ့ခြေထောက်များဖြင့် ထောက်ထားကာ မတ်မတ်ထိုင်ရန်ပင် ခက်ခဲနေသည့်အခြေအနေအထိ ပင်ပန်းနေပုံရသည်။
သူမ၏မျက်လုံးကိုမှိတ်ပြီး သန္ဓေပြောင်းနွား၏ ဦးနှောက်လှိုင်းများကို ဖမ်းမိရန် ကြိုးစားလိုက်၏။
ဖျော့တော့သောလှိုင်းများကို ထောက်လှမ်းရာတွင် တခဏမျှ အားစိုက်လိုက်ပြီးနောက် တစ်စုံတစ်ခုက မှားနေကြောင်း ရုတ်တရတ်သတိထားမိပြီး မျက်လုံးကို ပြန်ဖွင့်လိုက်သည်။
ထို့နောက်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သောကျိုထိုက်က လေးလံစွာအသက်ရှူနေသော အဆင့်ငါးသန္ဓေပြောင်းနွားဆီ ဦးတည်၍ ရုတ်တရက် တဟုန်းထိုးရှေ့တက်သွားသည်ကို သူမ မြင်လိုက်ရသည်။
သူ၏လက်ထဲတွင် ထက်ရှသောဆင့်ကဲပြောင်းလဲဓားမြှောင်တစ်ချောင်းကို ကိုင်ထားခဲ့ကာ သူ၏လက်မောင်းပေါ်တွင် ဆင့်ကဲပြောင်းလဲစွမ်းရည်ကို အသုံးပြုပြီး နွားကို တစ်ချက်တည်းဖြင့် အပြီး’သတ်ပစ်ရန် စီစဥ်နေခဲ့သည်။
ကျိုထိုက်က အချိန်ကြာမြင့်စွာ စူးစမ်းနေခဲ့ခြင်းဖြစ်ပေ၏။ သန္ဓေပြေားနွားမှာ ဗုံးများဆက်တိုက် အကြဲခံရပြီးနောက် မောပန်းနေပြီဖြစ်ကြောင်းကို သူတွေ့လိုက်ရ၏။
နောက်ဆုံးတွင် လူသားများ၏သက်တမ်းအရ ထိုနွားက အလွန်အသက်ကြီးနေပေပြီ။
ကျင်းယန်နှင့်တခြားသူများက သန္ဓေပြောင်းလူဝံကို တိုက်ခိုက်နေစဥ် သူက သန္ဓေပြောင်းလူဝံ၏ ခံစစ်လိုင်းကို ရုတ်တရက်ဖောက်ဝင်ကာ သူ၏ခါးမှဓားမြှောင်ကို ကိုင်ပြီးအပြေးအလွှားလှုပ်ရှားခဲ့၏။
ယင်ရိလျို၏နှလုံးသားက အရိုင်းဆန်စွာ တုန်ရီသွားလေသည်။
ဤအခြေအနေက သိပ်မမှန်ချေ။ တစ်စုံတစ်ခုက မူမမှန်ပေ။
ထိုအခိုက်တွင် သူမ၏နှလုံးသားမှ ခတ္တခဏ အတက်အကျဖြစ်မှုကြောင်းလား သို့မဟုတ် ကျိုထိုက်က ခံစစ်လိုင်းကို လွယ်ကူစွာ ဖောက်ဝင်သွားသည်ကြောင့်လား သူမ မသိသော်ငြား ဤအချိန်တွင် တခြားအရာများကိုပင် သူမ ဂရုမစိုက်နိုင်တော့ချေ။
သူမက ချက်ချင်းပင် သစ်ပင်ထိပ်ဖျားကြားတွင် လူသားအသွင်ပြောင်းလိုက်ပြီး ကျိုထိုက်ဆီသို့ အားကုန်အော်ဟစ်လိုက်သည်။
“ပြန်လာခဲ့! အဲဒီနေရာကို မသွားနဲ့!!”
နောက်တစ်စက္ကန့်တွင်တော့ သူမ၏မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး သူမ၏ရှေ့မှောက်မှ မြင်ကွင်းကိုသာ ကြက်သေသေစွာ စိုက်ကြည့်နေမိ၏။
ကျိုထိုက်က သူ၏လက်ထဲမှ ဓားမြှောင်ကိုကြမ်းတမ်းစွာ မြှောက်ပြီး သန္ဓေပြောင်းနွား၏ နောက်ကျောကို အားဖြင့်ထိုးသွင်းတော့မည်ကို သူမ မြင်လိုက်ရသည်။
ထိုအချိန် မြေပြင်ပေါ်တွင် တစ်ဝက်လဲနေသော သန္ဓေပြောင်းနွားက ချက်ချင်းပင် မောပန်းသည့်လက္ခဏာ တစ်ခုမှမရှိတော့ဘဲ ထလာခဲ့၏။
သန္ဓေပြောင်းနွားက နောက်ခွာကို တစ်ချက်ကန်၍ ချွန်မြသောဓားမြှောင်ကို ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းပင် ခေါင်းပေါ်မှ ချိုနှင့် ကျိုထိုက်၏ဝမ်းဗိုက်ကို ထိုးစိုက်(ထိုးခွေ့)လိုက်လေသည်။
ခပ်အုပ်အုပ် အသားကိုထိုးဖောက်သံနှင့်အတူ ယင်ရိလျို မြင်သည့်အရာအားလုံးမှာ အနီရောင်သာဖြစ်လာခဲ့၏။ကျိုထိုက်မှာ သူ၏ခန္ဓာကိုယ်ကို ဂျိုဖြင့်ထိုးဖောက်ခံရသော်လည်း အော်ပင်မအော်နိုင်ခဲ့ချေ။
သူက အလွန် နာကျင်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်က လေထဲတွင် တွဲလောင်းကျနေကြောင်း မြင်သည့်အခိုက် သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှု တစ်စွန်းတစ်စ ပေါ်လာခဲ့သည်။
သူ့လက်ထဲမှ ဓားမြှောင်သည်လည်း မြေပြင်ပေါ်ပြုတ်ကျသွားပြီး သူ၏လက်မောင်းက ဘေးဘက်တွင် ချည့်နဲ့စွာတွဲလောင်းကျနေခဲ့၏။
သန္ဓေပြောင်းနွားက ဆန့်ငင်ဆန့်ငင်ဖြစ်နေသော အမျိုးသားကို ကောက်ယူရန် ဂျိုကိုအသုံးပြုလျက် ထရပ်လိုက်သည်။
သန္ဓေပြောင်းနွား၏မျက်လုံးထဲတွင် အေးစက်ပြီး ကောက်ကျစ်သော အမူအရာတစ်ခု ဖြတ်ခနဲပြေးသွားပြီး ကောင်းကင်ကိုမော့ကြည့်လျက် ထုံထိုင်းသော အော်ဟစ်သံတစ်ခု အော်လိုက်လေ၏။
အမျိုးသား၏ဝမ်းဗိုက်မှ တစိမ့်စိမ့်ထွက်လာသော သွေးများက သန္ဓေပြောင်းနွား၏ မျက်နှာနှင့်လည်ပင်းကို ရဲရဲနီအောင် ပေကျံသွားစေခဲ့ပြီး သွေးများက စီးကျနေဆဲဖြစ်ကာ မြေပြင်ပေါ်မှ မြေသားကို စိုရွှဲသွားစေသည်။
သန္ဓေပြောင်းနွား၏နောက်တွင်တော့ သန္ဓေပြောင်းလူဝံက လူသားတစ်ယောက်၏ အသက်ကုန်ဆုံးသွားသည့်အတွက် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုနေသည့်နှယ် ရင်ဘက်ကို ထုရိုက်နေခဲ့၏။
မည်သူမှ စကားမပြောခဲ့ချေ။
ကျိုထိုက်ကို အရေးမလုပ်သည့် ရုန်ကျင်းဖင်းပင် တုန်လှုပ်ဆွံ့အသွားခဲ့သည်။
သူက အနည်းငယ် တုန်ရီခဲ့ပြီးနောက် ရပ်တန့်သွားသော ၊ လေအလယ်တွင် တွဲလောင်းကျနေသည့် အမျိုးသားကို ဗလာဖြစ်စွာ စိုက်ကြည့်နေမိ၏။
“ဗိုလ်ကြီး!!”
ဟိန်းဟောက်သံတစ်ခုက ကောင်းကင်ဆီသို့ ပဲ့တင်ထပ်သွားခဲ့သည်။ နောက်ဘက်ရှိ လက်အောက်ငယ်သားက အော်ဟစ်လိုက်ကြပြီး သူတိို့၏ရှေ့မှမြင်ကွင်းကို ကြည့်နေလျက် မျက်လုံးများက နီရဲလာခဲ့လေ၏။
===============