ရှင် ဒီသရဲမကိုရော ဘဝကူးမပေးချင်ဘူးလား
Vol. 1-5 Ch. 54
အခန်း (၅၄) : ရှင် ဒီသရဲမကိုရော ဘဝကူးမပေးချင်ဘူးလား
ရှန်ထျန်း ရှေ့တွင် ရပ်နေသော သူကား မိန်းကလေးတစ်ယောက် ဖြစ်၏။
သူမ၏ ငွေရောင်သံချပ်ကာဝတ်စုံနှင့် ပခုံးအထက် ခြုံလွှမ်းထားသော ကျားဖြူဝတ်ရုံရှည်တို့ကြောင့် စိတ်ဓာတ်ပြင်းပြမှုကို ပေါ်လွင်နေစေသည်။ တစ်ချိန်တည်းမှာပဲ သူမ မျက်နှာအထက်ရှိ အနီရောင် ဇာမဏီငှက်မွှေးတောင် မျက်နှာဖုံးမှ ဆန်းကြယ်သော ဓမ္မစွမ်းအားများကို ထုတ်လွှင့်နေသည်။
သူမ၏ မျက်နှာကို မမြင်နိုင်သော်လည်း ချပ်ဝတ် ဝတ်ဆင်ထားသော ခန္ဓာကိုယ်က ပြီးပြည့်စုံလှသည်။ မြင်နေရသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများအနက် သူမ၏ လက်နှင့် လည်ပင်းက နတ်သမီးအသားအရည်ဟု တင်စားရလောက်အောင်အထိ နူးညံ့နေပုံပေါ်သည်။
သူမ လမ်းလျှောက်လာပုံကို ကြည့်ပြီး ဝိညာဉ်နတ်မိမယ်လေးအောက် မနိမ့်ကျသော အလှတရားရှိသည့် မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ရှန်ထျန်းက ခန့်မှန်းလိုက်မိသည်။
သို့သော် ရှန်ထျန်းကို အမှန်တကယ် ထိတ်လန့်သွားစေသည့်အရာက သူမ၏ ခေါင်းပေါ်ရှိ ရောင်ဝါစက်ဝန်းပင် ဖြစ်သည်။
ရွှေရောင် အရောင်အဝါတွေ ထွက်နေပုံက ကြည့်နေသူကို မိန်းမောသွားစေ၏။
အနီရောင် အကွက်လေး အနည်းငယ် ရှိနေရုံကလွဲပြီး ကျန်ရှိနေသော ရောင်ဝါစက်ဝန်းတစ်ခုလုံးက ရွှေရောင်အတိ ဖြစ်နေသည်။
နတ်ရေစင် ဝိညာဉ်အသျှင်၏ စွမ်းအင်တွေကို လက်ခံရရှိခဲ့သော ဝိညာဉ်နတ်မိမယ်လေးပင် သူမ၏ အနီရောင်စက်ဝန်းကနေ အနီရောင်ကို ရွှေအနားကွပ်ထားသော ရောင်ဝါစက်ဝန်းအထိသာ အဆင့်မြင့်တင်ထားနိုင်သေးသည်။
ဤကောင်မလေး၏ အရောင်အဝါက ရွှေရောင်အတိ ဖြစ်နေခြင်းက မှန်းကြည့်လို့ မရသော ကံကောင်းမှုကို ပြသနေလေသည်။
ထိုမိန်းကလေးက ရှန်ထျန်းနှင့်ကျိုးအာကို ခင်မင်သည့်ပုံ မပေါ်ပေ။ သူမ ရောက်လာသည်နှင့် အခန်း၏ လေထုဖိအား မြင့်တက်သွားသည်ကို သူတို့နှစ်ယောက်လုံး ခံစားမိကြသည်။
ထိုမိန်းကလေး အခန်းထဲ ဝင်လာသည်နှင့် ရှန်ထျန်း လက်ထဲရှိ ပုတီးကုံးဆီ အကြည့်ရောက်လာသည်။
မိစ္ဆာဝိညာဉ်ရဲ့ နောက်လိုက်တွေ လုပ်လေ့ရှိတဲ့ မိစ္ဆာလက်နက်တစ်မျိုးပဲ… တကယ်ကို ငါ ထင်ထားတဲ့အတိုင်း ဖြစ်နေတာကိုး…
ဒီလူကလည်း မိစ္ဆာလမ်းစဉ် ကျင့်ကြံသူပဲ ဖြစ်ရမယ်…
သူမက ထိုကဲ့သို့ တွေးရင်း ရှန်ထျန်း၏ မျက်နှာကို စိုက်ကြည့်နေလိုက်သည်။
သူ့ကို စိုက်ကြည့်တာ ကြာလာလေလေ ပိုပြီးတော့ စိတ်ရှုပ်ထွေးလာလေလေ ဖြစ်သည်။
ဒါက… သူက ဘယ်လိုလုပ်ပြီးတော့ ဒီလို စိတ်နေစိတ်ထားမျိုးကို ပိုင်ဆိုင်ရတာလဲ…
မိစ္ဆာဝိညာဉ်နောက်လိုက်တွေက သွေးအဆီအနှစ်၊ အမုန်းတရားနှင့် မိစ္ဆာဝိညာဉ်တွေကို စားသုံးရင်း သူတို့၏ ကျင့်ကြံရေးကို အဆင့်မြှင့်သည်ဆိုတာကို အားလုံး သိထားကြသည်။ ထို့ကြောင့် သူတို့၏ စိတ်နေစိတ်ထားကလည်း မကောင်းသည့်ဘက်သို့ ရောက်ပြီး ကြောက်မက်ဖွယ် ကောင်းစေသလို သူတို့နှင့်ပတ်သက်မည့် သူကိုလည်း အလွန်အမင်း စိတ်မသက်မသာဖြစ်အောင် လုပ်တတ်သေးသည်။
ဒီကောင်လေးဆီကနေ သည်လိုမျိုး ပြင်းထန်တဲ့ခုခံမှုမျိုး မခံစားရပါလား…
ပြီးတော့ သူ့ကြည့်ရတာ အရမ်းကောင်းမွန်တဲ့ပုံပေါ်ပြီး မကောင်းတဲ့ အငွေ့အသက်ကို မခံစားရစေဘူး…
မိစ္ဆာဝိညာဉ်သာဆိုရင် သူတို့ရဲ့ မိစ္ဆာလက်နက်ကို အင်အားဖြည့်ဖို့ ဝိညာဉ်ကျောက်တုံးတွေကို သုံးမှာ မဟုတ်လောက်ဘူးမလား…
ဒီမှာ အထင်လွဲမှု တစ်ခုခုတော့ ရှိရမယ်…
ထိုသို့ တွေးမိရင်း မိန်းကလေးက အခန်းထဲမှာ ဖြန့်ကျက်ထားသော ရွှေအမြုတေ ကန့်သတ်ဂါထာကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် မသက်မသာဖြစ်နေသော လေထုက ပိုပြီးတော့ စိတ်ပေါ့ပါးသွားစေကာ အသက်ရှူချောင်သွားသည်။
ထိုမိန်းကလေးက ရှန်ထျန်းကို နှုတ်ဆက်လိုက်သည်
“မင်္ဂလာရှိသော နေ့လေးပါ… တာအိုရောင်းရင်း…
ကျွန်မက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မ ကျန်းယွင်ရှီးပါ။ မိစ္ဆာဝိညာဉ်ရဲ့ နောက်လိုက်တွေ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲမှာ ရောက်နေတယ်ဆိုပြီး သတင်းရထားလို့ ဒီနေရာကို စုံစမ်းဖို့ လာခဲ့တာ။ ဟာရီတီပုတီးကုံးက မိစ္ဆာဝိညာဉ်တွေ သဘောကျတဲ့ အဆင့်မြင့် လက်နက်တစ်ခုပဲ။ အဲဒါက ဘာလို့ ရှင့်ဆီမှာ ရောက်နေရလဲဆိုတာ ကျွန်မကို ရှင်းပြနိုင်မလား”
ထိုမိန်းကလေးကို ကြည့်ရတာ အေးတိအေးစက် ဖြစ်နေသော်လည်း သူမ၏ အကျင့်စရိုက်ကြောင့် ရှန်ထျန်း မသိမသာလေး စိတ်သက်သာရာရမိသည်။
အဘယ်ကြောင့်ဆိုသော် သူမက သူ၏ ချောမောမှုကို လျစ်လျူရှုကာ လိုအပ်သောစကားကိုသာ ပြောသော ပထမဆုံးမိန်းကလေး ဖြစ်နေသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာ သူ အပြောမတတ်လျှင် အခြေအနေ ဘယ်လောက်အထိ ဆိုးရွားသွားနိုင်ကြောင်း သိထားသည်။ ပုံမှန်ဝတ္ထုထဲမှာဆိုလျှင် ရှန်ထျန်းက ဒီဟာရီတီပုတီး ပိုင်ဆိုင်ထားသည်ကို သမာသမတ် သူတော်ကောင်းဂိုဏ်းများ၏ နောက်လိုက်တွေကသာ တွေ့ရှိသွားပါက သူ ရှင်းပြခွင့်ပင် မရှိဘဲ တိုက်ခိုက်ခံရနိုင်သည်။
ထိုမိန်းကလေးက အကြောင်းအရာအစုံကို မပြောသေးပဲ အာဏာသုံးကာ သူ့ကို ခြောက်လှန့်နေသည်။
ရှန်ထျန်းက တည်ငြိမ်သော အကျင့်ရှိသည့်သူတွေကို အမြဲတမ်း လေးစား၏။
သူမ၏ နာမည်ကတော့ သူ့ကို ရယ်ချင်အောင် လုပ်နေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ကျန်းယွင်ရှီးတဲ့လား… သူမမှာ ကျန်းယွင်လိန်လို့ ခေါ်တဲ့ အစ်ကိုများ မရှိဘူးလား မသိဘူး…
ရှန်ထျန်းက ထိုင်ချကာ ပုတီးကုံးကို ကျန်းယွင်ရှီးဆီ ကမ်းပေးရင်း လွန်ခဲ့သော ရက်ပိုင်းက ချောက်ကမ်းပါးမှာ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ပြောပြလိုက်သည်။
“သွေးနက်က ကျွန်တော့်ကို တိုက်ခိုက်ခဲ့တယ် ဆိုတာက တကယ်ပါ။ မယုံရင် စည်းကမ်းကိုင်အဖွဲ့က ခေါင်းဆောင်သုံးယောက်ကို မေးကြည့်လို့ ရပါတယ်။ သူတို့ သက်သေ လိုက်ပေးနိုင်ပါတယ်။
ပြီးတော့ ဟာရီတီပုတီးကုံးပေါ်မှာလည်း အက်ကွဲရာလေးတွေ ရှိနေတယ်လေ။ ကျွန်တော့်ကို မယုံဘူးဆိုရင် ကိုယ်တိုင် စစ်ကြည့်လို့ ရပါတယ်။ ကျွန်တော် ပြောတာတွေ အားလုံးက အမှန်ပါပဲဗျာ။ လိုအပ်ရင် စုံစမ်းစစ်ဆေးမှုကိုလည်း လက်ခံပါ့မယ်”
ရှန်ထျန်း၏ ပူးပေါင်းပါဝင်မှုက ကျန်းယွင်ရှီး၏ သံသယတွေကို လျော့ကျသွားစေသည်။
သို့သော် သူ ပြောသောစကားတွေက အမှန်လားဆိုတာကို သိရဖို့အတွက်တော့ ခေါင်းဆောင်သုံးယောက်ကို မေးမြန်းရဦးမည်။
ကျန်းယွင်ရှီးက ချောမောမှုကြောင့် စိတ်ယိုင်သွားတတ်သည့် အထဲမှာ သူမ မပါကြောင်း ကိုယ့်ကိုယ်ကို ယုံကြည်ထားသည်။
သူမရှေ့က ကောင်လေးက အရမ်းချောမောလွန်းသော်လည်း သူသာ မိစ္ဆာဝိညာဉ်နှင့် ပတ်သက်နေသည်ကို သူမ စုံစမ်းသိရှိရပါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီသို့ ခေါ်သွားကာ စစ်ဆေးမေးမြန်းမှု ပြုလုပ်မည် ဖြစ်သည်။
အဟင်း… ဒီလူသာ ရုပ်ဆိုးခဲ့ရင်တော့လည်း ဒီနေရာမှာပဲ တန်းပြီး အပြစ်ပေးချင်လည်း ပေးမိမှာပေါ့လေ…
ယခုလို သူတော်စင်မ တစ်ယောက်နှင့် တွေ့ဖို့ဆိုတာ ရှားပါးသော အခွင့်အရေးဖြစ်တာကြောင့် လက်လွတ်မခံသင့်ဘူးဟု ရှန်ထျန်း တွေးမိသည်။
သူက ကျန်းယွင်ရှီးကို ကြည့်ကာ ပြောလိုက်သည် “နတ်မိမယ်ကျန်းကို အကူအညီ တောင်းစရာ တစ်ခုရှိနေပါတယ်”
ကျန်းယွင်ရှီး ကိုယ့်နဖူးကိုသာ ရိုက်မိသွားတော့သည်။ သူမက တခြားသူတွေ တောင်းဆိုတာကို ဖြည့်စည်းပေးရတာမျိုးကို မကြိုက်ပေ။ သို့သော် ရှန်ထျန်း၏ မျက်နှာပေါ်က စိတ်အားထက်သန်မှုကို တွေ့လိုက်ရသည့်အခါ ဘာမှမတတ်နိုင်ပဲ ခေါင်းညိတ်ကာ ပြောလိုက်ရသည် “ဒါဆိုရင်လည်း ပြောလေ။ တတ်နိုင်တယ်ဆိုရင် ကူညီပါ့မယ်”
ရှန်ထျန်းက အားရဝမ်းသာစွာဖြင့် ပြောလိုက်သည် “ဒီကလေးသရဲလေးတွေကို ဘဝကူးပြောင်းပေးဖို့ နတ်မိမယ်ကျန်းက ကျွန်တော့်ကို ကူညီပေးနိုင်မလားဟင်”
ဟာရီတီပုတီးထဲမှာ သရဲအမေ ဖြစ်သော ကျိုးအာအပြင် ကလေးသရဲတွေလည်း ရာကျော်အောင် ရှိနေသည်။ သူတို့က မကောင်းသည့် အရာများကို စားသုံးပြီး အာဟာရဖြည့်ရ၍ သူတို့ကို ထူးချွန်ပြောင်မြောက်သည့် ဘုန်းတော်ကြီးသာ မချွတ်ပေးလျှင် လူပြန်ဝင်စားနိုင်မှာ မဟုတ်ပေ။
ရှန်ထျန်းက ဘဝကူးပြောင်းခြင်းနှင့် ပတ်သက်ပြီး သိထားတာ မရှိသည့်အတွက် ကျန်းယွင်ရှီးကိုသာ အကူအညီ တောင်းနိုင်တော့သည်။
ကျန်းယွင်ရှီးက သူအကူအညီတောင်းတာကို ကြားပြီး မလှုပ်မယှက် နေနေသည်။
အစတုန်းက သူမက ရှန်ထျန်း သူကို အကူအညီ တောင်းမည့်အရာက ဘာလဲဆိုတာကို စိတ်ဝင်စားနေခဲ့သော်လည်း သရဲလေးများ၏ ကိုယ်စား အကူအညီတောင်းမည်ဟု မထင်မှတ်ထားခဲ့ပေ။
ကျင့်ကြံရေးလောက၌ ‘ကြံ့ခိုင်စွာ ရှင်သန်ခြင်း’ ဆိုတာက အခြေခံ စည်းမျဉ်းတစ်ခုဖြစ်တာကြောင့် ဘယ်သူကမှ တခြားတစ်ယောက်ကို ကိုယ်ချင်းစာစိတ် မရှိကြပေ။
သမာသမတ်ဂိုဏ်းကနေ မိစ္ဆာတွေကို ရှင်းထုတ်ပစ်ချင်နေသော အကြောင်းအရင်းကလည်း ထိုကျင့်ကြံသူတွေက ဆေးဖော်ဖို့အတွက် မိစ္ဆာအဆီအနှစ် ဆေးလုံးတွေကို လိုချင်နေသောကြောင့်ပင် ဖြစ်သည်။
မိစ္ဆာတွေကို ရှင်းထုတ်ပစ်ခြင်းက ကျင့်ကြံရေးလောကတွင် သူတို့၏ အဖွဲ့အစည်းကို ပိုမိုအားကောင်းလာအောင် လုပ်ချင်လို့ဆိုသည်က ဆင်ခြေတစ်ခုသာဖြစ်ပြီး အမှန်က သူတို့ကို ဆန့်ကျင်သောကြောင့် ရှင်းထုတ်ပစ်ခြင်း ဖြစ်သည်။
မိစ္ဆာဝိညာဉ်၏ နောက်လိုက်တွေကို သတ်ပြီးတာနှင့် ကျင့်ကြံသူအများစုက မိစ္ဆာလက်နက်တွေကို ဖျက်ဆီးပစ်တတ်ကြသည်။ အချို့ကတော့ မှောင်ခိုဈေးမှာ ကျင့်ကြံရေး စွမ်းအားအရင်းအမြစ်တွေ ပိုမိုရယူရန် သွားရောက်လဲလှယ်လေ့ရှိကြသည်။
ထိပ်သီးဂိုဏ်းများဖြစ်သော လိန်ရင်အထွတ်အမြတ်မြေနှင့် အံ့ဖွယ်မိုးကောင်ကင် အထွတ်အမြတ်မြေမှ လူတွေသာ သူတို့၏ တပည့်များအား ဝိညာဉ်များကို ပြန်လည်ဝင်စားစေခြင်းနှင့် သေဆုံးသူ၏ အပြစ်ကို ကျေလည်အောင် ပြုလုပ်ပေးသည့် ဓမ္မဂါထာများ သင်ပေးထားသည်။
ထိုကဲ့သို့ သင်ပေးထားလျက်နှင့်ပင် တပည့်အများစုက ဤသို့ လုပ်ဖို့ မရွေးချယ်ကြပေ။
အပြစ်ဆေးကြောသန့်စင်သည့် ဂါထာကို သုံးနိုင်ဖို့အတွက် စွမ်းအင်တွေအများကြီး လိုအပ်သလို ကျင့်ကြံရေး စွမ်းအားအရင်းအမြစ်လည်း မလုံလောက်မှာ စိတ်ပူရတာကြောင့် သူတို့အတွက် အကျိုးလည်း မရှိတဲ့ အရာအပေါ် ဘာလိုလုပ်ပြီးတော့ အင်အားတွေ ဖြုန်းတီးပစ်ပါ့မလဲ…
ရှန်ထျန်းက ဟာရီတီပုတီးကို ဝိညာဉ်ကျောက်တုံးဖြင့် စွမ်းအားဖြည့်ထားသည်ကို ကြည့်ပြီး ကျန်းယွင်ရှီး အံ့ဩနေမိခဲ့သည်။
ယခု ရှန်ထျန်းက ဤဝိညာဉ်တွေအကုန်လုံးကို ဘဝကူးပြောင်းပေးဖို့ တကယ်တောင်းဆိုလာသည့်အခါ သူမ ပိုပြီးတော့ အံ့အားသင့်သွားရသည်။
“ရှင်က ဘဝကူး ဓမ္မဂါထာတွေကို မသိဘူးလား။ ဒါဆိုရင် ဘာလို့ ဒီပုတီးကို ယူထားရတာလဲ”
ဘဝကူးဓမ္မဂါထာတွေကို မသိပဲ မိစ္ဆာလက်နက်တွေကို ယူထားတဲ့သူက ဒီသုံးနည်းထဲက တစ်နည်းမဟုတ် တစ်နည်းနှင့် အဆုံးသတ်ရမည်ပင်။
ပထမဆုံးနည်းက ကျိုးအာကို မိစ္ဆာဝိညာဉ်တွေနှင့် သွေးအဆီအနှစ်တွေ ဆက်လက် ကျွေးမွေးထားရမည်။ ထိုသို့ဆိုလျှင် ကျိုးအာက သာမန်မျိုးနွယ်တွေကို သတ်ပြီးတော့ သူမသခင်ဖြစ်သူ၏ ကျင့်ကြံရေး ပန်းတိုင်ကို ဖြည့်စည်းပေးလိမ့်မည်။
ဒုတိယနည်းက ရှန်ထျန်း ယခုလုပ်နေသလိုမျိုး ဝိညာဉ်ကျောက်တုံးတွေ အများကြီး စုဆောင်းထားပြီး အားဖြည့်ပေးခြင်းမျိုး ဖြစ်၏။
တကယ်လို့ အပေါ်နည်းလမ်း (၂) ခုက မဖြစ်နိုင်တော့ဘူးဆိုလျှင် နောက်ဆုံးနည်းနှင့် အဆုံးသတ်ရတော့မည် ဖြစ်၏။ သရဲအမေနှင့် ကလေးသရဲတွေက အရမ်းဗိုက်ဆာလာပြီးတော့ သည်းခံနိုင်စွမ်း ပျောက်ဆုံးသွားသည့်အခါ သူတို့၏ သခင်ကို ပြန်လည် တိုက်ခိုက်ကြလိမ့်မည်။
အမှန်အတိုင်းပြောရလျှင် နည်းလမ်း သုံးခုလုံးက အကျိုးမရှိသည့် နည်းလမ်းများပင် ဖြစ်သည်။
သို့သော် ကျန်းယွင်ရှီး စဉ်းစားကြည့်လိုက်တော့ ရှန်ထျန်းက ကိုယ့်ကို နစ်နာစေမည့် အရာကို လုပ်မည့် အရူးတော့ မဟုတ်နိုင်ပေ။
ရှန်ထျန်းက ကျန်းယွင်ရှီး၏ မေးခွန်းကြောင့် ခေါင်းရှုပ်သွားသည်။
“ကျွန်တော် စဉ်းစားထားတာက ကျိုးအာနဲ့ သူမရဲ့ကလေးတွေသာ ဒီပုတီးထဲမှာ ဆက်ပြီး ပိတ်မိနေမယ်ဆိုရင် သူတို့ ပြန်ဝင်စားလို့ ရမှာ မဟုတ်ဘူးလေ။
အဲဒါကြောင့်… လောလောဆယ်တော့ သူတို့ ဒုက္ခမရောက်အောင် ဝိညာဉ်ကျောက်တုံးတွေ ကျွေးထားတာ။ သူတို့ လွတ်လပ်သွားမယ့် နည်းလမ်းကို ရှာမတွေ့ခင်အထိ ကျွန်တော် အဲဒီလိုမျိုး ဆက်ပြီး လုပ်နေမှာ။ ဒီလိုမျိုးလုပ်တာ မှားယွင်းနေတယ်လို့ နတ်မိမယ်ကျန်းက ထင်လို့လား”
သူများ အကူအညီ လိုအပ်လျှင် ကူညီပေးရမည်ဟု သင်ယူထားသော (၂၁)ရာစုခေတ် လူငယ်တစ်ယောက်ဖြစ်သော ရှန်ထျန်းသည် သူ လုပ်နေတာတွေနှင့် ပတ်သက်ပြီး မှားယွင်းနေသည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။
သို့သော် သူတော်စင်မက သူ့ကို အရူးတစ်ယောက်လို သဘောထားကာ ကြည့်နေသည့်အတွက် မေးလိုက်ရခြင်း ဖြစ်သည်။
ကျန်းယွင်ရှီးက ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။ သူမက ကြားလိုက်ရသော စကားကို အထင်ကြီးနေမိသည်။
“ရှင် လုပ်နေတာတွေက ဘာတစ်ခုမှ မမှားပါဘူး။ ရှင်က အရမ်းရိုးသားပြီးတော့ ကြင်နာတတ်နေတာလေး တစ်ခုပါပဲ။ ရှင့်ရဲ့ လုပ်ရပ်တွေကို ကျွန်မ လေးစားပါတယ်။
ဝိညာဉ်တွေကို ဘဝကူးပေးတဲ့ ဂါထာက ဒီကလေးသရဲတွေကို ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို မေးစရာလေး တစ်ခုတော့ ရှိတယ်”
ကျန်းယွင်ရှီးက သူ့ကို ကူညီမည်ဆိုသည့်အတွက် ရှန်ထျန်းက ပျော်ရွှင်စွာဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည် “ရပါတယ်… နတ်မိမယ်ကျန်းက ကျွန်တော်ကို ကူညီမယ်လို့ ပြောထားပြီးပြီဆိုတော့ ကျွန်တော် ဘယ်လိုမေးခွန်းမျိုးကိုမဆို ဖြေပေးနိုင်ပါတယ်”
ကျန်းယွင်ရှီးက ရှန်ထျန်းကို ကြည့်ကာ မေးလိုက်သည် “ရှင်က ဘာလို့ ကလေးသရဲတွေကိုပဲ ဘဝကူးပေးဖို့ တောင်းဆိုရတာလဲဟင်။ ဒီသရဲမကို ကြည့်ရတာ အငြိုးကြီးသလိုပဲ။ ဒီသရဲမကိုပါ ဘဝကူး မပေးချင်ဘူးလား”