နတ်ဆိုးသုံးကောင်နှင့် တစ်ကိုယ်တော်တိုက်ပွဲ ၂
Vol. 27 Ch. 263
"ညီအစ်ကိုရေ၊တကယ့်ကို အရမ်းမိုက်တဲ့ ကျွမ်းကျင်မှုပါပဲ"
ကျန်းဇီရှန့်က ရှေ့သို့တိုးလာပြီး အဝေးသို့လှမ်းကာ ယဉ်ကျေးစွာ လက်သီးဆုပ်လိုက်၏။
"ကျုပ်က ရွှမ်ကွမ်းဂူက ကျန်းဇီရှန့်ပါ။ ညီအစ်ကိုရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီဂူဗိမာန်ထဲက ထွက်သွားပြီးရင် ကျုပ်ရဲ့ရွှမ်ကွမ်းဂူကို မဖြစ်မနေ လာရောက်လည်ပတ်ပေးပါ..."
ယနေ့ သူ တကယ်ကိုကံကောင်းနေပုံရ၏။
ပထမဦးစွာ သူသည် အဆင့်မြင့်ကျင့်စဉ်တစ်ခုကို ရရှိခဲ့သည်၊ ထို့နောက် ချန်ကျုန်း၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
နတ်ဆိုးများ၏ပစ်မှတ်ထားခြင်း ခံရချိန်တွင်ပင် သူစိမ်းကျင့်ကြံသူတစ်ဦးက သူ့အား လာရောက် ကူညီပေးခဲ့သည်။
ဤဝတ်ရုံနက်နှင့် လူငယ်သည် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိပုံရလေ၏။ သူ မည်သည့်နေရာကလာကြောင်းသာ မသိရသေးခြင်းဖြစ်သည်။
မသေမျိုးဂိုဏ်းများကြားတွင် အများအပြားသော တိတ်ဆိတ်စွာနေထိုင်ကြသည့် ဂိုဏ်းများ ရှိနေတတ်သည်။ ရွှမ်ကွမ်းဂူနှင့် မယှဉ်နိုင်လျှင်ပင် အဆက်အသွယ် လုပ်ထားခြင်းက တန်ဖိုးရှိနေဆဲပင်။
သူ၏မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ရှိနေသော်လည်း သူ၏စကားများသည် ရုတ်တရက် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွား၏။
အဘယ်ကြောင့်ဆိုသော် ဝတ်ရုံနက်နှင့် လူငယ်သည် သူ့အားလျစ်လျူရှုသော အကြည့်ဖြင့် တစ်ချက်သာ လှမ်းကြည့်ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ နတ်ဆိုးဘုရင်နှစ်ပါးထံသို့ ပြန်လည် အာရုံစိုက်သွားသောကြောင့်ပင်။
ဘယ်လောက်တောင် မာနကြီးလိုက်တဲ့ အမူအကျင့်လဲ။
ကျန်းဇီရှန့်၏ လက်သီးဆုပ်ထားသော လက်များ အနည်းငယ်တောင့်တင်းသွားပြီး သူ၏ မျက်နှာအမူအရာမှာ ကြည်လင်လိုက် အုံ့မှိုင်းလိုက် ဖြစ်သွားကာ နောက်ဆုံးတွင် အဆင်မပြေသော အပြုံးတစ်ခုကို အတင်းအဓမ္မ ပြုံးလိုက်ရသည်။
ယခုအချိန်တွင် သူ၏အသက်မှာ တစ်ပါးသူ၏ လက်ထဲတွင် ရှိနေသေးသဖြင့် ဒေါသထွက်ရန် အချိန်ကောင်း မဟုတ်သေးပေ။
သူသည် လက်ကိုချလိုက်ပြီး တစ်ဖက်လူများကို ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းတို့က ဘာလို့ ဒီမှာ ငတုံးတွေလို ရပ်နေကြတာလဲ၊ နတ်ဆိုးတစ်ထောင်ကို ခုခံကြလေ၊ နတ်ဆိုးက ငါတို့ ရှေ့တည့်တည့် ရောက်နေပြီ၊သွားပြီး ဒီညီအစ်ကိုကို ကူညီပေးလိုက်ကြစမ်း"
"..."
ချန်ကျုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။
ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် တစ်ဦး၏ ဂုဏ်သိက္ခာမှာ ဤနှစ်ရာပေါင်းများစွာအတွင်း တဖြည်းဖြည်းနှင့် ပွန်းပဲ့ပျောက်ကွယ်ခဲ့ရလေပြီ။
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ မသိမသာထွက်လုနီးပါးဖြစ်နေသော ဒေါသအရိပ်အယောင်များသည် တည်ငြိမ်မှုအဖြစ်ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။
သူသည် ဝတ်ရုံနက်နှင့် လူငယ်ထံသို့ လျှောက်သွားပြီး ရိုသေစွာ ပြောလိုက်သည်။
"စီနီယာ၊ ကျုပ် ကူညီပါရစေ"
"ဟူး..."
အခြားသော အရှင်သခင်သိုင်းပညာရှင်များ သက်ပြင်းချလိုက်ကြ၏။ သူတို့သည် မဟာချန် နှင့် ရွှမ်ကွမ်းဂူ ကြားက ကိစ္စများတွင် မပါဝင်လိုကြသော်လည်း ဟွမ်ယွမ်အဆင့် ကျင့်ကြံသူချင်း ဖြစ်သည့်အတွက် အဖိုးအိုကို ဤကဲ့သို့ ဆက်ဆံခံရသည်ကို မြင်ရသောအခါ စိတ်မကောင်း ဖြစ်မိကြသည်။
သို့သော် ကြီးမားသောရန်သူ သူတို့ရှေ့တွင် ရှိနေသဖြင့် နတ်ဆိုးများကို ဦးစားပေးရမည်သာ။
သူတို့အားလုံး ခုန်တက်လိုက်ကြ၏။
"စီနီယာ၊ ကျုပ်တို့လည်း အကူအညီ ပေးပါမယ်"
"..."
ဤစကားကို ကြားသောအခါ ကျန်ရှိနေသော နတ်ဆိုးဘုရင်နှစ်ပါးမှာ ဖြည်းဖြည်းချင်း နီးကပ်သွားကြ၏။
သူတို့ အစောပိုင်းက ရရှိခဲ့သော အမိန့်အရ သူတို့သည် အဖြူရောင်ငှက်မွေးနတ်ဆိုးဧကရာဇ် ထံသို့ အမြန်ဆုံး ရောက်ရှိရန် လိုအပ်၏။ သူတို့သည် ဤနေရာကို ဖြတ်သွားရင်း တစ်ကောင်ကြွက်ဖြစ်နေသော ရွှမ်ကွမ်းဂူ တပည့်တစ်ဦးကို တွေ့ရှိခဲ့သဖြင့် လမ်းကြုံ ရှင်းလင်းသွားရန် စဉ်းစားခဲ့ခြင်းသာ ဖြစ်သည်။
မမျှော်လင့်ဘဲ ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တည်းနှင့် ရွှေရောင်ဆေဘာနတ်ဆိုးဘုရင်ကို ဆုံးရှုံးလိုက်ရသည်။
နတ်ဆိုးတစ်ထောင်၏ အင်အားနှင့်ဆိုလျှင် ဤမျှ အစွမ်းထက်သော လူငယ် ပါရမီရှင်တစ်ဦးကို သူတို့ လုံးဝ သတိမပြုမိဘဲ မည်သို့ နေနိုင်ပါမည်နည်း။
ဤတစ်ခါတော့ သူတို့တကယ်ကို သံပြားအားကန်မိလေပြီ။
ယခု သူတို့၏တစ်ခုတည်းသော ရွေးချယ်စရာမှာ နတ်ဆိုးဧကရာဇ်ထံ ရောက်အောင်သွားရန်...ဆုတ်ခွာခြင်းက အဓိကပင်။
"မလိုဘူး။ ဒီလူကို စောင့်ကြည့်ပေးဖို့ပဲ ကူညီပေးပါ"
ရှန်းယီက အဖိုးအိုဘက်သို့ ခေါင်းညိတ်ပြပြီး ယဉ်ကျေးစွာ ပြောလိုက်၏။
"အာ..."
ချန်ကျုန်းသည် ဝတ်ရုံနက်နှင့် လူငယ်က သူ့ကို တုံ့ပြန်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ရွှမ်ကွမ်းဂူ၏ခိုင်းဖတ်တစ်ဦးအဖြစ်သာ သတ်မှတ်ခံရသော သူ့ကိုအသာထား ကျန်းဇီရှန်းကိုပင် အထင်မကြီးခဲ့သောကြောင့်ပင်။
ခဏတာမျှ သူသည် အနည်းငယ် မြှောက်ပင့်ခံရသကဲ့သို့ ခံစားလိုက်ရ၏။
သူ အလျင်အမြန် ဦးညွှတ်လိုက်ပြီး "ကျုပ် ချက်ချင်း သွားလိုက်ပါမယ်"
ဤစကားကို ကြားသောအခါ အားချင်း၏ ရင်ထဲတွင် နွေးထွေးသွား၏။ အရှင်သခင်သိုင်းပညာရှင် ရှန်းက သူ့အားမှတ်မိနေသေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် ရှန်းယီသည် သူထင်ထားသည်ထက်ပင် ပိုမို အစွမ်းထက်နေ၏။
သူ၏မိသားစုမှ အကြီးအကဲများနှင့် နှိုင်းယှဉ်လျှင်ပင် သူက လုံးဝ မနိမ့်ကျပေ။
"..."
မတူညီသော ဆက်ဆံပုံများကို မြင်တွေ့ရသောအခါ ကျန်းဇီရှန့်၏ရင်ထဲတွင် ရှင်းပြ၍ မရသော ဒေါသလှိုင်းတစ်ခု မြင့်တက်လာ၏။ သူ၏ စိတ်ခံစားမှုများ တည်ငြိမ်စပြုလာချိန်တွင် ဖြစ်သည်။
လူငယ် ပါရမီရှင်တစ်ဦး၏ မာနကို သူ နားလည်ပေးနိုင်ပါသည်။
အလွန်ဆုံးအနေဖြင့် တစ်ဖက်လူသည် မသိနားမလည်သူ ဖြစ်ပြီး ရွှမ်ကွမ်းဂူ၏ အင်အားကို မသိ၍ ဖြစ်မည်ဟု သူ တွေးနိုင်သည်။
သို့သော် ချန်ကျုန်းက သူ့အားကျော်လွန်သွားခြင်းကိုတော့ သူ လုံးဝ လက်မခံနိုင်ပေ။
လူကို လျစ်လျူရှုပြီး ခွေးကို နှုတ်ဆက်သည်လော။ ဤအရာမှာ မည်သည့်အရာမျိုးနည်း။
"အင်း..."
ကင်းမြီးကောက်အဆိပ်များ ဖားပြုတ်အရှင်၏ စားသုံးခြင်းကို ခံလိုက်ရပြီးနောက် ရှန်းယီ၏မျက်လုံးများထဲရှိ ပြင်းထန်သော အပူချိန်မှာ ပိုမို စူးရှလာ၏။
သူ၏ ပုံရိပ်သည် မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူသည် ကြွက်နတ်ဆိုးဆီသို့ ပြေးဝင်သွားခဲ့၏။
လွှမ်းမိုးနေသော နတ်ဆိုးအရှိန်အဝါ တစ်ခုသည် ကြွက်နတ်ဆိုးကို လွှမ်းခြုံသွားသည်။
သူသည် ဟွမ်ယွမ်ကနဦးပိုင်းအဆင့် ကျင့်ကြံခြင်းသာ ရှိသော်လည်း လူတိုင်းကို သူ့အားတည့်တည့် မကြည့်ရဲလောက်အောင် ပြင်းထန်သော ခံစားမှုတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။
အခြေအနေမှာ သူက အဆင့်မြင့် နတ်ဆိုးဘုရင် ဖြစ်ပြီး ကြွက်နတ်ဆိုးက အဖိနှိပ်ခံရသူ ဖြစ်နေသကဲ့သို့ပင်။
"သွားစို့"
ကြွက်နတ်ဆိုးသည် အလွန် ပြတ်သား၏။ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံချင်တော့ပေ။
သူ၏ တစ်ကိုယ်လုံးသည် အနက်ရောင် မြူခိုးအဖြစ် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ရှန်းယီ၏မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်။ သူသည် လေပေါ်မှနေ၍ ကြွက်နတ်ဆိုး ပျောက်ကွယ်သွားသော နေရာကို ပြင်းထန်စွာ ခြေစောင့်နင်းချလိုက်၏။
သူ၏သွယ်လျသော ခန္ဓာကိုယ်အောက်တွင် မြေပြင်တစ်ခုလုံး ဟိန်းဟောက်သံနှင့်အတူ အက်ကွဲသွားကာ ကြီးမားသော မြေနဂါးတစ်ကောင် လူးလိမ့်နေသကဲ့သို့ ဖြစ်သွားလေ၏။
ဝုန်း
သာယာလှပသော ချိုင့်ဝှမ်းတစ်ခုသည် ချက်ချင်းပင် နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ပုံရိပ်တစ်ခုသည် ထိုနေရာမှ ဖရိုဖရဲ အခြေအနေဖြင့် တွားသွား ထွက်လာ၏။
၎င်း မတုံ့ပြန်နိုင်မီမှာပင် အနောက်မှ ကပ်လိုက်လာသော ရှန်းယီ၏လက်သီးချက်သည် ကျောရိုးမကြီးပေါ်သို့ ကျရောက်သွားသည်။
၎င်းသည် ကြွက်အမျိုးအစား နတ်ဆိုး ဖြစ်သော်လည်း...
နတ်ဆိုးဘုရင် တစ်ပါးဖြစ်သည့်တိုင်အောင် ၎င်း၏ စွမ်းအားကြီးမားသော နတ်ဆိုးခန္ဓာကိုယ်သည် လက်သီးချက်ကြောင့် တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရ၏။
အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။ခေါင်းကို လှည့်ကာ မီးခိုးရောင် မြူခိုးများကို မှုတ်ထုတ်လိုက်၏။
ရှန်းယီသည် ကြိုတင်ပြင်ဆင်ထားပုံရလေ၏။ သူသည် ကြွက်နတ်ဆိုး၏မေးရိုးအောက်ကို ရိုက်ချလိုက်ရာ မေးရိုးများကျိုးကြေသွားပြီး ခေါင်းမှာ အလိုအလျောက် မော့တက်သွားသဖြင့် မီးခိုးရောင် မြူခိုးများသည် ကောင်းကင်ယံသို့ ပန်းထွက်သွားသည်။
နောက်တစ်ခဏတွင်...
ရှည်လျားသွယ်လျသော လက်ချောင်းများက ၎င်း၏ပြူးထွက်နေသော နှာခေါင်းကို ဆုပ်ကိုင်လိုက်သည်။
ကွပ်
အသံအုပ်အုပ်ဖြင့် အရိုးကျိုးသံများကြားတွင် ရှန်းယီသည် ၎င်း၏ခေါင်းကို တိုက်ရိုက် ချေမွပစ်လိုက်သည်။
【ဟွမ်ယွမ်အဆင့် လေနက်ကြွက်နတ်ဆိုးကို သတ်ဖြတ်ပြီး။ စုစုပေါင်း သက်တမ်း - ၁၅၉၀၀ နှစ်။ လက်ကျန် သက်တမ်း - ၃၈၀၀ နှစ်။ စုပ်ယူခြင်းပြီးဆုံး】
ရှန်းယီသည် ထွက်ပြေးနေသော ကင်းမြီးကောက်နတ်ဆိုးကို လှည့်ကြည့်လိုက်ရာ ဟွမ်ယွမ် အရှင်သခင်သိုင်းပညာရှင် အချို့ဝိုင်းထားသည်ကို တွေ့လိုက်ရ၏။
သီအိုရီအရဆိုလျှင် အဆင့်မြင့် နတ်ဆိုးဘုရင် တစ်ပါးသည် ဤသာမန် ဟွမ်ယွမ်အဆင့် ကျင့်ကြံသူများအပေါ် အပြတ်အသတ် အသာစီးရသင့်သည်။
သို့သော် ယခုအချိန်တွင် ၎င်းသည် အသည်းအသန် ထွက်ပြေးနေပြီး ဖောက်ထွက်ရန်ကိုသာ အာရုံစိုက်နေလေ၏။ ကျင့်ကြံသူ အနည်းငယ်က ၎င်း၏ ကင်းမြီးကောက် အဆိပ်ဆူးကို ဂရုတစိုက် ရှောင်ရှားနေပြီး အနားသို့ မကပ်ကြပေ။
သူတို့သည် ကင်းမြီးကောက်နတ်ဆိုးကို ထိခိုက်အောင်မလုပ်နိုင်သော်လည်း ၎င်းမှာ ဒေါသထွက်လွန်းသဖြင့် ရိုင်းစိုင်းစွာ ဆဲဆိုနေတော့သည်။
"လူများတာနဲ့ပဲ ဘာတွေများ အထင်ကြီးစရာ ကောင်းနေလို့လဲ၊ ဒီဘုရင်ကို တစ်ယောက်ချင်း တိုက်ရဲလား"
ကင်းမြီးကောက်နတ်ဆိုးက ဟိန်းဟောက်လိုက်ပြီး အမြီးမှ အဆိပ်ဆူးကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် သူ့ရှေ့မှ လူလေးယောက်လုံး သူတို့၏ တာအိုဝိညာဉ်များကို ပြန်လည် သိမ်းဆည်းလိုက်သည်ကို သတိထားမိလိုက်၏။
သူ အလိုအလျောက် အနောက်သို့ လှည့်ကြည့်လိုက်မိ၏။
ကြွက်နတ်ဆိုး၏အလောင်းကို ကိုင်ဆောင်လျက် အေးဆေးစွာ လျှောက်လှမ်းလာသော ဝတ်ရုံနက်နှင့် လူငယ်ကိုသာ တွေ့လိုက်ရသည်။
သူ့ကို ဆုတ်ခွာရန် အော်ပြောခဲ့သော သူ့အဖော်မှာ မျက်စိတစ်မှိတ်အတွင်း အသက်ရော... ခေါင်းပါ ပျောက်ဆုံးသွားခဲ့ပြီ။
ကင်းမြီးကောက်နတ်ဆိုး တုန်လှုပ်သွား၏။ မျှော်လင့်ချက်မဲ့မှုများ မျက်လုံးထဲတွင် ပြည့်နှက်လာပြီး မြေပြင်ပေါ်သို့ ပုံခနဲ လဲကျသွားသည်။
ရှန်းယီသည် ကြွက်နတ်ဆိုး၏ အလောင်းကို သိမ်းဆည်းလိုက်ပြီးနောက် သူ၏လက်ဝါးကို မြှောက်လိုက်သည်။
ဘုန်း
အရှင်သခင်သိုင်းပညာရှင်များသည် လွင့်ပျံနေသော ဝတ်ရုံနက်ကို ကြည့်ရင်း ရုတ်တရက် စကားမပြောနိုင် ဖြစ်သွားကြ၏။
နတ်ဆိုးဘုရင်တစ်ပါး ဤမျှ သနားစရာကောင်းစွာ သေဆုံးသွားသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
မြေပြင်ပေါ်တွင် ဖိချခံထားရပြီး လက်သီးချက်များဖြင့်အထိုးခံရကာ သေဆုံးသွားခြင်း ဖြစ်သည်။
လမ်းဘေးရန်ပွဲ တစ်ခုထက်ပင် ပိုပြီး ရိုးရှင်းကာ ကြမ်းတမ်းနေသေး၏။
နောက်ဆုံးတွင် ကင်းမြီးကောက်နတ်ဆိုးလည်း ခေါင်းပြတ်သွားပြီး ဝတ်ရုံနက်နှင့် လူငယ်၏ သိုလှောင်ရတနာအိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်သွင်းခြင်း ခံလိုက်ရသည်။
【ဟွမ်ယွမ်အဆင့် အလင်းဖျှော့ကင်းမြီးကောက်နတ်ဆိုးကို သတ်ဖြတ်ခြင်း။ စုစုပေါင်း သက်တမ်း - ၁၆၁၀၀ နှစ်။ လက်ကျန် သက်တမ်း - ၄၄၀၀ နှစ်။ စုပ်ယူခြင်းပြီးဆုံး】
"ဟူးး..."
ကျန်းဇီရှန့်သည် ကြောင်တောင်တောင် စိုက်ကြည့်နေပြီး ရုတ်တရက် အသက်ရှူဖို့ မေ့နေသည်ကို သတိထားမိလိုက်၏။
ရွှမ်ကွမ်းဂူတွင် တပည့်အများအပြား ရှိသော်လည်း ၎င်းတို့အနက် အဆင့်မြင့် နတ်ဆိုးဘုရင် သုံးပါးကို သန့်ရှင်းသပ်ရပ်စွာ ဖယ်ရှားနိုင်သူများမှာ "နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများကို ဖယ်ထုတ်လိုက်လျှင် သုံးယောက်ထက် မပိုနိုင်ပေ။
သူ အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး မျက်လုံးထဲမှ ဒေါသများကို ဖုံးကွယ်လိုက်သည်။
အသိညာဏ်ရှိသောသူသည် မည်သည့်အချိန်တွင် ဆုတ်ခွာရမည်ကို သိရလေ၏။
မည်သို့ပင်ဖြစ်စေ သူသည် သိုင်းဦးလေးကျန်းထံသို့ အရင်ရောက်အောင် သွားရမည်။
ထို့အပြင် ဤလူသည် ကျင့်ကြံခြင်းနိမ့်ပါးနေသည်မှာ ထင်ရှားသော်လည်း နတ်ဆိုးဘုရင် တစ်ပါးကို နိုင်အောင်တိုက်နိုင်သည်မှာ လျှို့ဝှက်နည်းလမ်း တစ်ခုခု ရှိနေ၍ ဖြစ်ရမည်... ကျန်းဇီရှန့်သည် သူ၏စိတ်ခံစားမှုများကို အလျင်အမြန် ပြုပြင်လိုက်ပြီး မော့ကြည့်လိုက်ရာ အဝေးမှ ဝတ်ရုံနက်နှင့် လူငယ်သည် သူ့ကို စိတ်ဝင်စားစွာကြည့်နေသည်ကို တွေ့လိုက်ရလေ၏။
သူ အလျင်အမြန်ပင် အပြုံးတစ်ခုကို အတင်းအဓမ္မ ဖန်တီးလိုက်သည်။
"ညီအစ်ကို၊တကယ့်ကို ထူးချွန်တဲ့ ကျင့်ကြံခြင်းပါပဲ ကျုပ်တကယ်ကို သဘောကျမိတယ်။ တိုက်ဆိုင်စွာပဲ ကျုပ်ရဲ့သိုင်းဦးလေးကလည်း ဂူဗိမာန်ထဲမှာ ရှိနေတော့ သူ့ကို နောက်ကျရင် ညီအစ်ကိုနဲ့ မိတ်ဆက်ပေးပါရစေ..."