← Chapters

လီဟော်ဖန်ရှင်းလက်ဝါးသိုင်း

Vol. 27 Ch. 265

လီဟော်ဖန်ရှင်းလက်ဝါးသိုင်း

Vol. 27 Ch. 265

ရှန်းယီသည် ကျောက်စိမ်းပြားကို သူ၏စိတ်အာရုံဖြင့် ထိတွေ့လိုက်၏။

သိပ်သည်းလှသော စာလုံးအသေးစားလေးများက သူ၏စိတ်အာရုံထဲသို့ ချက်ချင်းပင် ဝင်ရောက်လာလေ၏။

ထိုအချက်အလက်များကို ချေဖျက်မှတ်သားပြီးနောက် သူ၏ စနစ်ဘောင်ကွက်ပေါ်တွင် စာကြောင်းတစ်ကြောင်း တိတ်ဆိတ်စွာ ပေါ်လာသည်။

【နတ်ဘုရားအသွင်ပြောင်း (ရှားပါး)။ လီဟော်ဖန်ရှင်းလက်ဝါး၊ အပေါ်ပိုင်းကျမ်းစာ - မစတင်ရသေး】

“...”

ရှန်းယီသည် စောစောပိုင်းက လေထဲတွင် ခေတ္တမျှ နေခဲ့စဉ် လူအချို့၏ စကားများကို ကြားခဲ့ရသဖြင့် ထိုလူများ ရရှိခဲ့သော ပစ္စည်းများမှာ ရိုးရှင်းမည်မဟုတ်ကြောင်း သူ ခန့်မှန်းမိပြီးသားဖြစ်သည်။

အကြောင်းရင်းမှာ ရွှမ်ကွမ်းဂူ သည် ဂူဗိမာန်၏ အပြင်ဘက်တွင် တပည့်များကို အစောင့်ချထားခဲ့ခြင်းကြောင့်ပင်။

ကျန်းဇီရှန့် တစ်ယောက်တည်း အသက်စွန့်ပြီး လုယူခဲ့ခြင်းဖြစ်သည်။

ယင်းက သူသည် ဤရတနာရှိကြောင်းကို သူ၏ ဂိုဏ်းတူများကိုပင် အသိပေးလိုခြင်းမရှိဘဲ တစ်ဦးတည်းပိုင်ဆိုင်ရန် ကြံရွယ်ခဲ့ကြောင်း ဖော်ပြနေ၏။

လက်တွေ့တွင်မူ ၎င်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့်အတွက်ပင် အလွန်တန်ဖိုးကြီးမားသော ကျင့်စဉ်၏တစ်ဝက် ဖြစ်နေလေသည်။

“ကျမ်းစာအကြွင်းအကျန် တစ်ခုပါလား”

ရှန်းယီသည် ထူထဲသော စာအုပ်ဆီသို့ အကြည့်ပို့လိုက်ပြီးနောက် ဖွင့်လိုက်၏။

အတွင်းမှ စာလုံးများသည် သပ်ရပ်နေပြီး အထူးမှတ်ချက်များလည်း ပါဝင်နေသည်။

နိဒါန်းကို ဖတ်ပြီးနောက် ရှန်ရီ အကြမ်းဖျင်း နားလည်လိုက်သည်။

ဂူဗိမာန်ပိုင်ရှင်သည် ဤကျင့်စဉ်၏ လီဟော်အခန်းကဏ္ဍကို မတော်တဆ ရရှိခဲ့သော်လည်း ဖန်ရှင်း အခန်းကဏ္ဍကို ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် သိချင်စိတ်ပြင်းပြကာ မိမိဘာသာ တွက်ချက်ဖြည့်စွက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ဤကျင့်စဉ်စာအုပ်ကို အနားယူရန် အသုံးပြုသည့် ခန်းမတွင် ထားရှိခဲ့ခြင်းဖြစ်လေ၏။

သူတို့ကဲ့သို့ ပြင်ပလူများကို အချောင်ရစေခဲ့ခြင်းပင်။

ရှန်းယီသည် စိတ်ကို ငြိမ်သက်အောင်ထားပြီး ဆက်ဖတ်လိုက်ရာ မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ယှက်သန်းလာသည်။

သူသည် အပြည့်အဝ နားမလည်နိုင်သော်လည်း ဂူဗိမာန်ပိုင်ရှင် ထားရစ်ခဲ့သော မှတ်စုများအရ ဤကျင့်စဉ်၏ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ကြိုတင်တွက်ချက် ပြီးစီးထားကြောင်း ထင်ရှား၏။

နောက်ဆုံး လက်စသတ်ရန် အပိုင်းသာ ကျန်ရှိတော့သည်။

ဤအရာက သူ့အတွက် အကောင်းဆုံးရလဒ်ပင်။

သက်တမ်းကို ချွေတာနိုင်ရုံသာမက ရှေ့လူ၏ လမ်းညွှန်မှုပါရှိသဖြင့် ၎င်းသည် နတ်ဆိုးသိုင်းပညာအဖြစ်တွေ့ကရာ ပြောင်းလဲသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သို့သော် ရှောင်လွှဲ၍မရသော ပြဿနာတစ်ခု ရှိနေသေးသည်။

ဟွမ်ယွမ်ကနဦးသိုင်းပညာဖြစ်စေ၊ နတ်ဘုရားအသွင်ပြောင်းကျင့်စဉ်ဖြစ်စေ စတင်လေ့ကျင့်ရန် ဝိညာဉ်အမြစ် လိုအပ်သည်။

ထိုအချက်ကို တွေးမိရင်း ရှန်းယီသည် ဘေးနားတွင် သိုလှောင်အိတ်ကို ဝီရိယရှိရှိ စီစဉ်နေသော အားချင်းကို လှမ်းကြည့်လိုက်၏။

(အစပိုင်းတွေမှာ ရွှီချင်းအာကို ယောက်ကျားလေးပုံဖော်ထားတာပါ အခုမှမိန်းကလေးဖြစ်သွားပါတယ် ဒါမှမဟုတ် ယောက်ကျားလေးဟန်ဆောင်ထားတာလည်းဖြစ်နိုင်ပါတယ်ဗျ )

သူမမှားဘူးဆိုလျှင် သူမ၏ နာမည်ရင်းမှာ ရွှီချင်းအာ့ ဖြစ်မည်။

ရွှမ်ကွမ်းဂူနှင့် ပြဿနာဖြစ်ပြီးနောက် မျိုးနွယ်စုတစ်ခုလုံး တိမ်းရှောင်ပုန်းအောင်းသွားခဲ့ရသော ကြီးမားသည့် အစီအရင်မိသားစုကြီးပင်။

စောစောက သူမ၏မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းက နတ်ဆိုးစွမ်းအင် ထိပ်တန်းအဆင့်ဝိညာဉ်အမြစ် နှင့် ပတ်သက်၍ သူမ တစ်ခုခုသိနေကြောင်း အဓိပ္ပာယ်သက်ရောက်နိုင်သည်။

ထိုသတင်းအချက်အလက်ကို ရယူရန် နည်းလမ်းရှာရပေမည်။

သို့သော် ပြင်ပလူများ၏ လက်ချက်ဖြင့် အထိနာထားဖူးသော အင်အားစုတစ်ခုအနေဖြင့် မြွေတစ်ခါကိုက်ဖူးလျှင် ကြိုးမြင်သည်နှင့် ကြောက်သည် ဟူသော စကားအတိုင်း သူတို့၏ ယုံကြည်မှုကို ရရန်မှာ လွယ်ကူမည် မဟုတ်ပေ။

ရှန်းယီသည် မည်သည့် ယုတ်မာသော နည်းလမ်းကိုမျှ အသုံးပြုရန် စဉ်းစားခြင်းမရှိပေ။

ယခင်က ဘိုင်ယွင်ခရိုင်တွင် သူ၏အသက် အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်ကပင် လင်းပိုင်ဝေ့ကို ကျင့်စဉ်အပ်နှင်းရန် သူ၏ ဓားရှည်ဖြင့် ချိန်ရွယ်ခြင်း မပြုခဲ့ပေ။

ယခု ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်ရာ ပို၍ပင် မလုပ်ဆောင်သင့်ပေ။

သူ့ကိုယ်သူ ရွံရှာစေမည့် အလုပ်မျိုးကို သူဘာကြောင့် လုပ်ရမည်နည်း။

ထို့အပြင် ထိုစဉ်က ရွှမ်ကွမ်းဂူသည် ရွှီမိသားစုဝင် ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သော်လည်း ယနေ့အချိန်အထိ ရွှီမိသားစုအပေါ် လက်စားချေနိုင်ခြင်း မရှိသေးပေ။

ထိုမျှ သတိကြီးသော အင်အားစုတစ်ခုက မိန်းကလေးငယ်တစ်ယောက်ကို ဖမ်းဆီးရုံဖြင့် အညံ့ခံပါမည်လော။ မလိုအပ်ဘဲ ရန်ငြိုးဖွဲ့သလိုသာ ဖြစ်သွားပေလိမ့်မည်။

ဖြည်းဖြည်းချင်းစတင်ရမည်။

"အရှင်သခင်ရှန်း၊ ဒါကို ကြည့်ပါဦး"

အားချင်းက စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်ပြီး ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် မီးဖိုငယ်လေးတစ်ခုကို လက်ဝါးပေါ်တင်ကာ ပြလိုက်၏။

"ဒါ ဝူထုံတောင်ရဲ့ ဝိညာဉ်စုစည်းမီးဖိုပဲ မှော်လက်နက်တစ်ခုနီးနီး တန်ဖိုးရှိတယ်"

"ဝိညာဉ်စုစည်းမီးဖိုက ဘာလုပ်တာလဲ" ရှန်းယီက စိတ်ဝင်တစား ကြည့်ရင်း မေးလိုက်၏။

"ဒါက ဝူထုံတောင်ရဲ့ လျှို့ဝှက်ချက်ပါ၊ အပြင်လူကို လက်ဆင့်မကမ်းဘူး။ ကျင့်ကြံအားထုတ်ရာမှာ အထောက်အကူဖြစ်အောင် မိုးမြေရဲ့စွမ်းအင်တွေကို စုစည်းပေးနိုင်တယ်။ အစစ်အမှန်ပုဂ္ဂိုလ် အဆင့်တွေပဲ သုံးခွင့်ရှိတာ၊ တစ်ခါတလေ အချစ်တော်အမည်ခံတပည့်တွေကို ချီးမြှင့်တာမျိုးတော့ ရှိတယ်... အဟမ်း၊ ရွှမ်ကွမ်းဂူ တပည့်တစ်ယောက်ရဲ့သိုလှောင်အိတ်ထဲကို ဒါက ဘယ်လိုလုပ် ရောက်နေရတာလဲ"

အားချင်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ မျက်တောင်ခတ်လိုက်ပြီး ပစ္စည်းကို သူမ၏သိုလှောင်ရတနာထဲသို့ အမြန်ပြန်ထည့်လိုက်သည်။

ဤပစ္စည်းက ကိုင်ထားရင် လက်ပူမည့် ပစ္စည်းမျိုးပင်။

ရှန်းယီလည်း မျက်ခုံးပင့်လိုက်၏။ သူ မှတ်မိတာ မမှားဘူးဆိုလျှင် ပြီးခဲ့သောတစ်ခေါက်က ဝူထုံတောင် အမည်ခံတပည့်တစ်ဦး အသတ်ခံလိုက်ရသည့် သတင်းကြားဖူးသည်။

ထိုသူကိုသတ်ခဲ့သော သွေးအသွင်ပြောင်းခြင်း နတ်ဆိုးဧကရာဇ် သည် အတော်လေးဆိုးဆိုးရွားရွား အမဲလိုက်ခံခဲ့ရပုံ ပေါ်သည်။

"မင်း တခြားဟာ အရင်ကြည့်လိုက်ဦး"

သူက လက်လှမ်းကာ သိုလှောင်အိတ်ကို ယူလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

"မင်းသာ အစစ်အမှန်ပုဂ္ဂိုလ်ကျန်း ဆိုရင် ဂူဗိမာန်ထဲ ဝင်ပြီးတာနဲ့ ဘယ်သွားမလဲ"

"အင်း... ဒီလိုဆိုရင်တော့"

အားချင်းသည် ပေါ့ပေါ့ဆဆ မလုပ်ရဲဘဲ အလေးအနက် စဉ်းစားလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အရှင်သခင်က ထိုအစစ်အမှန်ပုဂ္ဂိုလ်ကို ရှောင်ချင်နေသည်မှာ သေချာသည်။

အကယ်၍ သူမ လမ်းညွှန်မှားလိုက်လျှင် သူ့အတွက် ကြီးမားသော ဒုက္ခရောက်စေပေလိမ့်မည်။

"ဂူဗိမာန်တစ်ခုမှာ အရေးအကြီးဆုံးကတော့ ကျမ်းစာခန်းမထက် ဘာမှမပိုပါဘူး၊ ဒါပေမဲ့ရွှမ်ကွမ်းဂူက တစ်ခေါက် လာစူးစမ်းဖူးပြီးပြီဆိုတော့ ဒီဂူပိုင်ရှင်က လက်နက်လုပ်တဲ့သူဆိုတာ သိထားပြီးသား၊ ဒါကြောင့် သူ အဲဒီနေရာကို သွားကြည့်ဖို့ များတယ်"

အားချင်းက တစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။

"ဂူပိုင်ရှင်က မှော်လက်နက်တွေ သွန်းလုပ်နေတဲ့ အချိန်ဆိုရင် ဒီခန်းမမှာ လာအနားယူတတ်တယ်။ ပြီးတော့ အဲဒီဘက်ခြမ်းက အစီအရင်တစ်ခုလုံးမှာ မီးစွမ်းအင် အကြွယ်ဝဆုံးနေရာပဲ။ ဒီကနေ ဝင်သွားရင် ဂူပိုင်ရှင်ရဲ့ လက်နက်သွန်းလုပ်တဲ့ အလုပ်ရုံဆီ ရောက်သွားသင့်တယ်"

သူမ ဆက်ပြောလိုက်၏။

"တကယ်လို့ ရှင်က ရွှမ်ကွမ်းဂူကို ရှောင်ချင်တယ်ဆိုရင် အခု ထွက်သွားလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ လက်နက်သွန်းလုပ်တဲ့ အလုပ်ရုံရော ကျမ်းစာခန်းမရောက ရက်အနည်းငယ်အတွင်းမှာ ဖောက်ထွက်လို့ရမယ့် နေရာတွေ မဟုတ်လို့ပါ"

ရှန်းယီသည် အားချင်း ညွှန်ပြရာဘက်သို့ ကြည့်လိုက်သော်လည်း တောင်တန်းများ၊ ရေပြင်နှင့် တိမ်ဖြူများမှလွဲ၍ ဘာမှမမြင်ရပေ။

လူတိုင်းတွင် ကိုယ်ပိုင် ကျွမ်းကျင်မှုတစ်ခုစီ ရှိကြသည်။

သူ့အနေဖြင့် ကျင့်ကြံခြင်းအဆင့် မြှင့်တင်ခြင်းအပြင် အခြားတစ်ခုခုကိုပါ လေ့လာသင့်ပြီဖြစ်သည်။ သို့မဟုတ်လျှင် နောင်တစ်ချိန်၌ ခွန်အားကြီးသော်လည်း ဦးနှောက်မရှိသော လူမိုက်ဟု အလွယ်တကူ လှောင်ပြောင်ခံရပေလိမ့်မည်။

သူ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တဆက်တည်းမှာပင် အဝေးမှ ချန်ကျုံးကို တစ်ချက်လှမ်းကြည့်ကာ အားချင်းကို ခေါ်လျက် ထိုအရပ်မျက်နှာဆီသို့ ပျံသန်းသွားလေ၏။

"စီနီယာ..."

ချန်ကျုံးက တကယ်တမ်းတွင် အတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း မသွားချင်ပေ။သူ့တွင် မကောင်းသော နိမိတ်တစ်ခု ခံစားနေရသည်။

နတ်ဆိုးတစ်ထောင်ဂူ သည် အသေအချာ ပြင်ဆင်ပြီး လာခဲ့ခြင်းဖြစ်ကာ သူတို့၏ပစ်မှတ်မှာ ကျန်းမင်ယန်ဆိုတာ ဖြစ်နိုင်ခြေ အများဆုံးပင်။

စောစောက နတ်ဆိုးဘုရင်များသည် အစောင့်အရှောက် သက်သက်သာ ဖြစ်နိုင်၏။

နတ်ဘုရားအသွင်ပြောင်းအဆင့် အစစ်အမှန်ပုဂ္ဂိုလ်တစ်ပါးကို သတ်ဖြတ်ရန်အတွက် နတ်ဆိုးဧကရာဇ်တစ်ပါး ပါဝင်ရမည်ဖြစ်ပြီး ကျန်းမင်ယန်ကို ချေမှုန်းနိုင်လောက်အောင် ယုံကြည်မှုရှိသည့်သူ ဖြစ်ရပေမည်။

နတ်ဆိုးတစ်ထောင်ဂူ မရှိလျှင်ပင်

ကျန်းမင်ယန်က သူ့ကို မြင်သည်နှင့် ထုံးစံအတိုင်း ချန်ကျုံးသည် ရှေ့ကသွားပြီး ကင်းထောက်ပေးရမည့်သူ ဖြစ်လာလိမ့်မည်။

အရှင်သခင် အများအပြား ဤနည်းဖြင့် သေဆုံးခဲ့ကြရသည်။

ချန်ကျုံး၏ ကျင့်ကြံခြင်းက အနည်းငယ် ပိုနက်ရှိုင်းပြီး အတွေ့အကြုံ ရင့်ကျက်သောကြောင့်သာ ယနေ့အထိ အသက်ရှင်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ထားလိုက်ပါတော့လေ"

အိမ်နှင့်ဝေးနေချိန်တွင် ကိုယ့်ကံကြမ္မာ ကိုယ်မဖန်တီးနိုင်ပေ။ လူအိုကြီးသည် ခေါင်းခါလိုက်ပြီး သူ၏တာအိုဝိညာဉ်ကို အပြည့်အဝ အသက်သွင်းကာ နောက်မှ လိုက်ပါသွားလေသည်။

"..."

ဒါဆို သူက ရှောင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးပေါ့။

အားချင်းသည် ကော်လာအနောက်မှ အဆွဲခံထားရပြီး လေပြင်းများကြောင့် တစ်ကိုယ်လုံး ယိမ်းထိုးနေရ၏။

တကယ်တမ်းတွင် သူမ ပြောချင်သည်မှာ သူမတွင်လည်း တိမ်စီးရတနာ တစ်ခုရှိသည် ဟူ၍ပင်။

သို့သော် သူမသည် ရှန်းယီ၏ တည်ငြိမ်သော ဘေးတိုက်မျက်နှာကို တိတ်တဆိတ် မော့ကြည့်လိုက်ပြီး ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။

အရှင်သခင်ရှန်းသည် စကားနည်းသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် လုံးဝ အားနာတတ်သူ မဟုတ်သဖြင့် သူမ ငြိမ်ငြိမ်နေလိုက်ခြင်းက ပိုကောင်းပေမည်။

လှုပ်ရှားမှုကို အသားကျသွားသောအခါ...

သူမ စပ်စုစွာ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"အရှင်သခင်ရှန်း၊ ရောက်ခါနီးပြီ"

ရှန်းယီ အနည်းငယ် ခေါင်းညိတ်ပြပြီး တိမ်နီကို အမြန်သိမ်းကာ အောက်သို့ ဆင်းသက်လိုက်၏။

လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် မင်ရည်ကဲ့သို့ နက်မှောင်သောဝတ်ရုံရှည်တစ်ခု သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံသွားသည်။

ဝိညာဉ်အမြစ်နှင့် ကျင့်စဉ်စာအုပ် ရရှိခဲ့ခြင်းက သူ့ကို အတော်လေး ကျေနပ်စေခဲ့သည်။ အတွင်းပိုင်းသို့ ဆက်သွားရခြင်း အကြောင်းရင်းမှာ တစ်ခုခု အချောင်ရနိုင်မလားဟု ကြည့်ချင်သောကြောင့်သာ ဖြစ်သည်။

အကယ်၍ ဒဏ်ရာအပြင်းအထန် ရထားသော နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် တွေ့ခဲ့လျှင်... ရရှိမည့် ဆုလာဘ်သည် မည်သည့် မှော်လက်နက်ထက်မဆို ပိုမိုတန်ဖိုးရှိပေလိမ့်မည်။

"မင်းမှာ အရှိန်အဝါကို ဖုံးကွယ်နိုင်တဲ့ ပစ္စည်းတစ်ခုခု ရှိသင့်တယ် မဟုတ်လား"

ရှန်းယီ ဘေးသို့ စောင်းကြည့်လိုက်၏။

"ရှိပါတယ်"

အားချင်းသည် သူမ၏ သိုလှောင်အိတ်ကို ထပ်မံ မွှေနှောက်လိုက်ပြန်သည်။

မကြာမီ လက်ဝါးအရွယ်အစားရှိသော အစီအရင်

ပြားသုံးခုကို ထုတ်ယူကာ ရှန်းယီနှင့် အနောက်မှ ချန်ကျုံးကို ပေးလိုက်ပြီး မည်သို့အသုံးပြုရမည်ကို သင်ပေးလိုက်၏။

ရှန်းယီတွင် ချင်းဟွာ၏ ဝတ်ရုံရှိသော်လည်း အရှိန်အဝါဖုံးကွယ်သည့် နည်းလမ်းများက များလေ ကောင်းလေပင်။

မိမိကိုယ်ကို လုံးဝ ဖုံးကွယ်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

"ဒါက... ကျေးဇူးပါပဲ"

ချန်ကျုံးက အစီအရင်ပြားကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်၏။

သူ့မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

သူ တစ်စုံတစ်ခုကို မှတ်မိလိုက်ပုံရပြီး အားချင်းကို ခိုးကြည့်လိုက်၏။

ရှန်းယီ ရှိနေခြင်းကြောင့် သူသည် ထိုထင်မြင်ယူဆချက်ကို ရင်ထဲ၌သာ ပြတ်ပြတ်သားသား ဖုံးကွယ်ထားလိုက်တော့သည်။

All Chapters