← Chapters

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်

Vol. 27 Ch. 266

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်

Vol. 27 Ch. 266

လေပြင်းများ တဝေါဝေါတိုက်ခတ်နေပြီး ဝါးရုံတောသည် စိမ်းလန်းသောပင်လယ်ပြင်ကြီးပမာ ယိမ်းနွဲ့နေလေ၏။

သို့သော် ထိုသာယာဖွယ် မြင်ကွင်းရှေ့တွင်မူ...

ချွန်ထက်သော ဝါးလုံးများ ထိုးစိုက်ခံထားရသည့် စုတ်ပြတ်နေသော အလောင်းသုံးလောင်း ရှိနေလေသည်။

ထိုခန္ဓာကိုယ်များမှာ အတွင်း၌ဟာလာဟင်းလင်း ဖြစ်နေပြီး တာအိုဝိညာဉ်များကို တစ်စုံတစ်ယောက်က ထုတ်ယူသွားပုံရသည်။

ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင်အဆင့်ရှိသူများက ရိုးရှင်းပုံရသောဝါးစိမ်းများအောက်တွင် သေဆုံးနေရသည်မှာ ရယ်စရာကောင်းလွန်းနေ၏။

ကျန်းမင်ယန်သည် လက်ကိုနောက်ပစ်လျက် ရပ်နေပြီး သူ၏အဖြူအမည်းစပ် ဝတ်ရုံရှည်မှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေလေသည်။

သို့သော် အပြင်ဘက်တွင် ရှိနေစဉ်က သူ၏မျက်နှာပေါ်၌တွေ့ရသော အပြုံးများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ မှောင်မိုက်အေးစက်နေပြီး အနီးနားရှိ လူများကို ကျောချမ်းသွားစေသည်။

သူ့ဘေးတွင် ရပ်နေသော ရွှမ်ကွမ်းဂူတပည့်က သိုင်းဦးလေးဖြစ်သူ၏ မျက်နှာထားကို မြင်သောအခါ ထိတ်လန့်သွားပြီး အခြားသူများအပေါ်သာ ဒေါသပုံချလိုက်တော့သည်။

"အသုံးမကျတဲ့ကောင်တွေ လမ်းပြမြေပုံ ပေးထားတာတောင် အခုထိ ဘာမှမထူးဘူး၊ မင်းတို့က ဘာသုံးစားရမှာလဲ"

ဝါးရုံတောရှေ့တွင် ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင်နှစ်ဦးသည် ကျောက်စိမ်းပြားကို ကိုင်ထားရင်း မျက်လုံးများ နီရဲနေကြ၏။

လမ်းပြမြေပုံတဲ့လား ခန့်မှန်းမှုသက်သက်ကို အခြေခံထားတဲ့ ပုံစံမတူကွဲပြားမှုပေါင်း ၇၀ ကျော်နဲ့ ဒီသောက်ကျိုးနည်းမြေပုံက ဘာအသုံးဝင်မှာလဲ။

အစောပိုင်း လူသုံးယောက်သည် မမှန်ကန်သော လမ်းကြောင်းပေါင်း ၂၀ ကျော်ကို စမ်းသပ်ခဲ့ကြရသည်။

ကျန်ရှိနေသော ဤနှစ်ယောက် အသက်ရှင်ရန်အတွက် ကျန်နေသေးသော လမ်းကြောင်းများထဲမှ မသေချာသော လမ်းကြောင်းတစ်ခုကို ရှာဖွေရပေဦးမည်။

သို့သော် သူတို့ ရှေ့ဆက်တိုးရုံသာ ရှိလေ၏။ နောက်ဆုတ်၍ မရပေ။

အဘယ်ကြောင့်ဆိုသော် ရှေ့မှ ဝါးရုံတောထဲတွင် အသက်ရှင်နိုင်သော လမ်းကြောင်း ရှိကောင်း ရှိနိုင်သော်လည်း နောက်ဆုတ်လိုက်လျှင်မူ သေလမ်းသာ ရှိသောကြောင့်ပင်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ် ကောင်းပုံမှာ ဝါးရုံတောထက် ပို၍ဆိုးရွားလှ၏။

"ချန်ကျုံးကော... ဘာလို့ ဒီကို မလာသေးတာလဲ"

ကျန်းမင်ယန် နောက်ဆုံးတွင် စကားပြောလာ၏။ သူ၏အသံမှာ ရေခဲတမျှ အေးစက်နေ၏။

ကျင့်ကြံခြင်း နိမ့်ပါးရုံသာမက အစီအရင်များကို ဖြိုခွင်းရာတွင် အတွေ့အကြုံမရှိသော ဤအသုံးမကျသည့် လူများကို သူ သည်းမခံနိုင်တော့ပေ။

သူ့အချိန်အားဖြုန်းနေရုံ သက်သက်သာ။

ကောင်းစွာ လေ့ကျင့်ထားသော မဟယချန်မင်းဆက်မှ အရှင်သခင်များနှင့် ယှဉ်လျှင် သူတို့က အလွန် စိတ်ပျက်စရာ ကောင်းလှသည်။

"သိုင်းဦးလေး... သူ တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်လောက်တယ်"

ရွှမ်ကွမ်းဂူ တပည့်က တီးတိုးပြောလိုက်၏။

"တိုက်ပွဲမစခင် ထွက်ပြေးတယ်ပေါ့လေ၊ ငါတို့ အပြင်ရောက်တာနဲ့ သူ သင်ခန်းစာကောင်းကောင်း ရစေရမယ်"

"ဒါ ငါ့ကိုပြောစရာလိုလို့လား"

ကျန်းမင်ယန်က သူ့ကို စောင်းကြည့်လိုက်ရာ တပည့်ဖြစ်သူ အလျင်အမြန် ခေါင်းငုံ့လိုက်ရ၏။

"တပည့် မပြောရဲပါဘူး"

ဂိုဏ်းတူဖြစ်သော်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးနှင့် ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင်တို့ကြားတွင် ဆွေမျိုးသားချင်း သံယောဇဉ်ဟူ၍ မရှိပေ။ တစ်ဖက်လူသည် သာမန်လူသားတို့၏ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို လုံးဝ ကျော်လွန်သွားပြီ ဖြစ်သည်။

သူ့မျက်လုံးထဲတွင် တပည့်ဖြစ်သူနှင့် အခြား ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင်များသည် ခြားနားမှု ရှိမည်မဟုတ်ပေ။

"အောက်တန်းစားတွေ"

ကျန်းမင်ယန်သည် နောက်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။

ထိုအချိန်တွင်...

ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင် နှစ်ဦးသည် သူ၏ အာရုံလွင့်ပါးသွားမှုကို သတိထားမိလိုက်ပြီး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများတွင် ဆုံးဖြတ်ချက် ခိုင်မာနေကြသည်။

အသက်စတေးခံရမည့်အစား ယခု ထွက်ပြေးရန် ကြိုးစားခြင်းက ပိုကောင်းပေမည်။ ကံကြမ္မာကို ကောင်းကင်ဘုံသို့ ပုံအပ်ကာ ဆန့်ကျင်ဘက် အရပ်မျက်နှာများဆီသို့ အသီးသီး ထွက်ပြေးကြတော့မည်။

စကားပြောနေစရာပင် မလိုတော့။ ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်များမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး မြောက်ဘက်နှင့် တောင်ဘက်သို့ အသီးသီး ပြေးထွက်သွားကြလေသည်။

သူတို့၏ကျင့်ကြံခြင်း နိမ့်ကျသည်ဆိုခြင်းမှာ ရွှမ်ကွမ်းဂူမှ လူများနှင့် နှိုင်းယှဉ်မှသာ ဖြစ်သည်။

ပြင်ပလောကတွင်မူ ဟွမ်ယွမ်ကနဦးအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဒေသတစ်ခုကို ကြီးစိုးရန် လုံလောက်သော အင်အားရှိသည်။

ယခု အစွမ်းကုန် ထွက်ပြေးနေကြသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေရာလက်ရာ ပျောက်ကွယ်သွားကြလေ၏။

"ဟမ်"

ရွှမ်ကွမ်းဂူ တပည့်သည် အနည်းငယ် အံ့အားသင့်စွာ ကြည့်နေပြီးနောက် မထီမဲ့မြင်အကြည့်များ ဝင်ရောက်လာသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ရှေ့မှ ထွက်ပြေးသည်လော။

သူတို့ ကြောက်လန့်ကာရူးသွပ်သွားကြခြင်း ဖြစ်မည်။

ထင်ထားသည့်အတိုင်းပင် ကျန်းမင်ယန်သည် မျက်ခွံပင် ပင့်မကြည့်ဘဲ သူ၏ အင်္ကျီလက်စကိုသာ အနည်းငယ် ဝှေ့ယမ်းလိုက်ရာ ကမ္ဘာမြေ၏ စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာလေ၏။

နောက်တစ်ခဏတွင် လူရိပ်နှစ်ခုသည် တစ်ပြိုင်နက်တည်း ပြန်လွင့်ထွက်လာကြသည်။

သူတို့၏ခန္ဓာကိုယ်များတွင် ဒဏ်ရာအမျိုးမျိုး ရရှိထားပြီး အတွင်းမှ တာအိုဝိညာဉ်များမှာမူ အက်ကွဲရာများဖြင့် ပြည့်နှက်နေလေ၏။

သူတို့၏ မျက်ဝန်းမှ အလင်းရောင်များ လျင်မြန်စွာ မှေးမှိန်သွားပြီး သေမင်းတံခါးဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။

"ဒါက..."

တပည့်ဖြစ်သူက သိုင်းဦးလေးဖြစ်သူ မည်သည့်အတွက်ကြောင့် ရုတ်တရက် သေစေလောက်သော ထိုးနှက်ချက်ကို အသုံးပြုလိုက်သည်ကို နားမလည်သော်လည်း လေးစားသမှုဖြင့် မြှောက်ပင့်ပြောဆိုလိုက်၏။

"သိုင်းဦးလေးကျန်းက တကယ်ပဲ အစွမ်းထက်တာပဲ၊ သိုင်းဦးလေးရဲ့ ကျင့်ကြံခြင်းက အများကြီး တိုးတက်လာပြီပဲ..."

ကျန်းမင်ယန်၏ မျက်နှာသည် အေးစက်နေဆဲပင်။ သူ လက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီး တပည့်ဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သူ၏ လက်ချက်မဟုတ်သောကြောင့်ပင်။

"..."

သူ၏ စကားကို သက်သေပြလိုက်သကဲ့သို့ ချက်ချင်းပင် အရိပ်မည်းနှစ်ခုသည် အရှေ့နှင့် အနောက်မှ ဖြည်းညှင်းစွာ ပေါ်ထွက်လာကြ၏။

ထိုသူများ၏ ပုံသဏ္ဍာန်ကို မြင်လိုက်ရသောအခါ တပည့်ဖြစ်သူသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားတော့သည်။

အဝေးမှ သစ်တောအုပ်ထဲတွင်...

အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် လက်နှစ်ဖက်ကို ဘေးတွင်ချလျက် ရပ်နေ၏။ သူ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူ့နောက်တွင် အစီအရင်ပြားကို ကိုင်ထားသော အားချင်း၏ လက်များ တုန်ရီနေသည်။

"ဒါက..."

သူ စကားမဆုံးမီမှာပင် သူ့ဘေးမှ ချန်ကျုံးက လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြလိုက်၏။

စကားမပြောရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။

လူအိုကြီးသည် ရင်ထဲမှ တုန်လှုပ်မှုကို ထိန်းချုပ်ပြီး တည်ငြိမ်ဟန်ဆောင်နေရသည်။

သူသည် မဟာချန် စစ်ဆေးရေးမှူးတစ်ဦးဖြစ်ပြီး ရွှမ်ကွမ်းဂူနှင့်အတူ နတ်ဆိုးများစွာကို တိုက်ခိုက်ခဲ့ဖူးသော်လည်း ရှေ့မှ နှင်းကဲ့သို့ ဖြူဖွေးသော ပုံသဏ္ဍာန်က သူ၏နှလုံးခုန်သံကို ထိန်းချုပ်မရအောင် မြန်ဆန်စေခဲ့သည်။

နှင်းကဲ့သို့ ဖြူဖွေးသော အမွှေးအတောင်များမှလွဲ၍ ၎င်းသည် သာမန်ကြိုးကြာငှက်တစ်ကောင်နှင့် တူနေသည်။

လူတစ်ရပ်ပင် မရှိပေ။ ၎င်းသည် သွယ်လျရှည်လျားသော ခြေတံများဖြင့် သူတို့ရှိရာသို့ တင့်တယ်စွာ လျှောက်လှမ်းလာရာ ကျန်းမင်ယန်သည် မသိစိတ်ဖြင့် ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်မိသည်။

ဆန့်ကျင်ဘက်အားဖြင့် တစ်ဖက်ရှိ တောင့်တင်းခိုင်မာသော တောဝက်နတ်ဆိုးကြီးမှာမူ သိပ်မထင်ရှားလှပေ။

"အမှတ် ၄၂ ဂူပိုင်ရှင်၊ ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်"

ချန်ကျုံးက အသံလွှဲပြောင်းခြင်း လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ ပြောကြားလိုက်ပြီး ရှန်းယီကို ကြည့်လိုက်၏။

ဤဒေသ၏ငြင်းမရနိုင်သော အရှင်သခင်ဖြစ်သည့် နတ်ဆိုးတစ်ထောင်ဂူ သည် ဝူထုံတောင်၊ရွှမ်ကွမ်းဂူနှင့် မဟာချန် သိုင်းဘုံကျောင်းတို့ ပေါင်းစည်းထားသော အင်အားကို ခုခံကာကွယ်နေခြင်း ဖြစ်သည်။

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် သူတို့အကြား အဆင့် ၄၂ နေရာတွင် ရှိလေ၏။

ယင်းက သူ့အား အထွတ်အထိပ်သို့ ရောက်ရှိနေသော အထက်တန်းလွှာ အင်အားကြီးပုဂ္ဂိုလ်များ စာရင်းတွင် ပါဝင်စေသည်။

အားချင်းသည် သူ၏သိုလှောင်ရတနာထဲတွင် အလျင်အမြန် ရှာဖွေလိုက်ပြီးနောက် ငန်းဥအရွယ်အစားရှိသော ပစ္စည်းသုံးခုကို ထုတ်ယူလိုက်သည်။ တစ်ခုချင်းစီတွင် ဆန်းကြယ်သော အစီအရင်များ ရေးထိုးထားသည်။

သူက ထိုပစ္စည်းများကို သူတို့၏ လက်ထဲသို့ ထည့်ပေးလိုက်လေ၏။

"ရွှမ်ကွမ်းဂူက လူတွေ ဒီနတ်ဆိုးဧကရာဇ်ကို ခုခံနိုင်ပါ့မလား"

ထိုငန်းဥကျောက်တုံးများသည် ငွေရောင်ခေါင်းလောင်းလေးများနှင့် တူသော်လည်း မည်သည့် အရှိန်အဝါ အတက်အကျမျှ မရှိပေ။

"ခုခံနိုင်ပါ့မလား ဟုတ်လား... ရယ်စရာကောင်းလိုက်တာ..."

ချန်ကျုံးက အားချင်းကို လက်လျော့လိုက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

ရွှီမိသားစုက ဘယ်တုန်းကများ ဒီလောက် အန္တရာယ်မသိတတ်တဲ့ ဂျူနီယာမျိုးမွေးထုတ်လိုက်တာလဲ။

သူထုတ်ယူလိုက်သည့် ပစ္စည်းတိုင်းက အနည်းငယ် အမြင်ရှိသူတိုင်းကို သူ့နောက်ခံကို ချက်ချင်း သိစေနိုင်စေ၏။

ချန်ကျုံးကိုယ်တိုင် မဟာချန်မှ ဖြစ်ကြောင်း သိသွားလျှင် ဖြေရှင်း၍ ရနိုင်သေးသည်။

သို့သော် ရှေ့မှမာနကြီးသော စီနီယာကော... သူ့၏ စွမ်းရည်အမှန်နှင့် ရည်ရွယ်ချက်အား မည်သူသိနိုင်မည်နည်း။အနည်းငယ် တွက်ချက်မှားရုံဖြင့် ရွှီမိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားနိုင်သည်။

သူ သက်ပြင်းချလိုက်၏။

"ကျန်းမင်ယန်က အစွမ်းထက်တယ် ဆိုပေမဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်မှာ အကောင်းဆုံး မဟုတ်သေးဘူး။ ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်ထက် အနည်းဆုံး အဆင့်တစ်ဝက်လောက် နိမ့်နေတယ်။သူ အသက်ရှင်လျက် ထွက်ပြေးနိုင်ရင်ပဲ ကံကောင်းတယ် ပြောရမယ်"

သူ ထင်ထားသည့်အတိုင်းပင်။

နတ်ဆိုးတစ်ထောင်ဂူသည် ဤတစ်ခါ ရွှမ်ကွမ်းဂူကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

"စီနီယာ... အရင် ထွက်သွားကြရအောင်"

သူသည် ရှန်းယီကို ပြစ်မှားရန် မဝံ့ရဲသော်လည်း အခြေအနေအရ ပြောမှ ဖြစ်တော့မည်။

"ခဏလောက် ဆက်ကြည့်ရအောင်"

ရှန်းယီသည် ရှေ့ကိုသာ တိတ်ဆိတ်စွာ ကြည့်နေ၏။

ထိုစကားကို ကြားသောအခါ နှစ်ယောက်သား အံ့အားသင့်သွားကြသည်။

ဒါက တကယ်ပဲပွဲကြည့်ပရိသတ် လုပ်ရမဲ့ အခြေအနေမျိုး ဟုတ်လို့လား။

သူတို့ စကားပြောနေစဉ်မှာပင် ကြိုးကြာဖြူကြီးသည် ကျန်းမင်ယန်၏ ရှေ့သို့ ရောက်ရှိလာလေပြီ။

အစမှအဆုံး ၎င်းသည် အေးဆေးတည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားသည်။

သို့သော် ကျန်းမင်ယန်သည် လှည့်ပြေးရန် အစီအစဉ် မရှိပေ။ သူ၏ မျက်နှာထားသည် စောစောက ဟွမ်ယွမ်ကနဦးအဆင့် အရှင်သခင်သခင် နှစ်ယောက်နှင့် တူညီနေသည်။

လှည့်ထွက်လိုက်သည်နှင့် ဦးစီးဦးဆောင် ပြုနိုင်စွမ်းဆုံးရှုံးသွားမည် ဖြစ်သည်။

ဦးဆောင်နိုင်စွမ်း ဆုံးရှုံးသွားခြင်းက ကံကြမ္မာတစ်ခုတည်းကိုသာ ဦးတည်စေသည် ဤနေရာတွင်ပင် ကျဆုံးသွားခြင်း ဖြစ်သည်။

"ငါ့ကို တွေ့ရလို့ အံ့သြသွားလား"

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ် နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး ရယ်မောသံစွက်နေသော အသံဖြင့် မေးလိုက်၏။

"အရသာရှိရဲ့လား"

"ဘာလဲ..."

ကျန်းမင်ယန် အေးစက်စွာ ပြန်ကြည့်လိုက်၏။

"ငါ့အစ်ကိုကြီး လက်အောက်က နတ်ဆိုးဘုရင်တွေရဲ့ အသားက စားလို့ကောင်းလား မေးနေတာ"

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်က အတောင်ပံများကို အနည်းငယ် ခတ်လိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး"

ကျန်းမင်ယန် အနည်းငယ် ငုံ့ကြည့်လိုက်၏။

"ငါ ရှစ်မျက်နှာစားသောက်ခန်းမ ထဲ ဝင်သွားပေမဲ့ ဘာမှမစားခဲ့ဘူး... တကယ်လို့ မင်းက နီကျွင်းကို ပြောချင်တာဆိုရင်တော့... ငါက တတိယထပ်မှာ၊ သူက ကိုးထပ်မြောက်မှာ၊ ငါတို့ တစ်ခါမှ မတွေ့ဖူးဘူး။ မင်းအစ်ကိုအတွက် လက်စားချေချင်ရင် သူ့ကိုပဲ သွားရှာလိုက်"

All Chapters