← Chapters

တိုက်ခိုက်နေတာကို ရပ်လိုက်

Vol. 27 Ch. 267

တိုက်ခိုက်နေတာကို ရပ်လိုက်

Vol. 27 Ch. 267

ထိုစကားကို ကြားသောအခါ ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်က ရုတ်တရက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ငါသာ သူ့ကို သွားရှာရဲတယ်ဆိုရင် မင်းကို လာရှာဖို့ အချိန်ဖြုန်းနေစရာ လိုပါ့မလား"

သူက မည်သည့် ဝန်ထုတ်ဝန်ပိုးမျှ မရှိဘဲ ပြောလိုက်ခြင်းပင်။

နီကျွင်းကို ကြောက်ရွံ့ခြင်းသည် ရှက်စရာကိစ္စ မဟုတ်ပေ။

"မင်းရဲ့ ကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်ဘူး"

ကျန်းမင်ယန်သည် ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး ပြော‌လိုက်၏။

"တခြား ဆွေးနွေးစရာ မရှိတော့ရင် ငါ အရင်သွားနှင့်တော့မယ်"

"ဟွန်း"

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်က ခေါင်းခါလျက် သက်ပြင်းချလိုက်၏။

"ငါ့ရဲ့ သနားစရာကောင်းလိုက်တဲ့ နွားနတ်ဆိုးညီလေးကို တွေးကြည့်စမ်းပါဦး... ပထမတော့ အမဲလိုက်ခံရလို့ ဟိုပြေးဒီပြေးနဲ့ ပုန်းအောင်းခဲ့ရတယ်၊ ပြီးတော့ သူ့မိန်းမနဲ့ သားကို ဆုံးရှုံးလိုက်ရတယ်၊ အခုဆိုရင် သူ့လက်အောက်ငယ်သားတွေပါ သူများသားကောင် ဖြစ်ကုန်ပြီ။ တကယ်လို့ ငါသာ နတ်ဆိုးတစ်ထောင်ဂူအတွက် မတ်မတ်မရပ်တည်ပေးရင် ပြန်ရောက်တဲ့အခါ ငါ့မှာ ဖြေရှင်းစရာ စကားတစ်ခွန်းမှ ရှိမှာမဟုတ်တော့ဘူး"

စကားပြောနေစဉ်မှာပင် တောဝက်နတ်ဆိုးသည် သူတို့နှစ်ဦး၏ အနောက်သို့ ရောက်ရှိသွားလေပြီ။

၎င်းသည် ရွှမ်ကွမ်းဂူတပည့်ကို ပေါ့ပေါ့ပါးပါးပင် ဖမ်းဆီးလိုက်၏။

ဟွမ်ယွမ်ကနဦးအဆင့် အဆင့်မြင့် အရှင်သခင်တစ်ယောက်သည် ကန့်သတ်ချက်သို့ရောက်ရှိနေသော နတ်ဆိုးဘုရင်တစ်ပါး၏ ဖမ်းဆီးခြင်းကို ဤမျှ လွယ်ကူစွာမခံသင့်ပေ။

သို့သော် တပည့်ဖြစ်သူသည် ပြန်လည်ခုခံရန် မဝံ့ရဲဘဲ သူ့သိုင်းဦးလေးကိုသာ ကြောက်ရွံ့စိုးရိမ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။

ယခုအချိန်တွင် အသက်ရှင်သန်နိုင်ရေးသည် တစ်ဖက်လူ၏ လုပ်ဆောင်မှုအပေါ်တွင်သာ မူတည်နေတော့သည်။

"..."

ကျန်းမင်ယန်သည် အကြည့်လွှဲလိုက်ပြီး သူ၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် သူ့ကို အေးဆေးစွာ စိုက်ကြည့်နေသည်။

အချိန်အတော်ကြာမှ သူက စိတ်ခံစားချက်ပါပါ မှတ်ချက်ပြုလိုက်သည်။

"ရွှမ်ကွမ်းဂူရဲ့မျိုးဆက်ဟောင်းတွေက ဒီလိုမဟုတ်ဘူးလို့ ငါမှတ်မိတယ်။ ဘာလို့ မင်းတို့မျိုးဆက်ကျမှ ငါ လုံးဝ စိတ်ဝင်စားစရာ မကောင်းတော့တာလဲ"

"သူတို့ ဘယ်မှာလဲ... ဝူထုံတောင်ကို ဘယ်လိုအစားထိုး နေရာယူမလဲ ဆိုတာလောက်ပဲ အလုပ်ရှုပ်နေကြတာလား"

ကျန်းမင်ယန်သည် မြေပြင်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်၏။

"တကယ်လို့ သူတို့သာ ဒီနေ့ ဒီမှာ ရှိနေခဲ့မယ်ဆိုရင် မင်း အခုလို သက်တောင့်သက်သာ ရှိနေနိုင်ပါဦးမလား"

"မင်း ငါ့ကို ပြန်ပြောရဲလိမ့်မယ်လို့ ငါမထင်ထားဘူး။ ချီးကျူးစရာကောင်းတဲ့ သတ္တိပဲ..."

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် ဒေါသထွက်ခြင်းမရှိသည့်အပြင် သူ့ကို ချီးကျူးစကားပင် ဆိုလိုက်သေးသည်။

ထိုအချိန်မှာပင် ကြိုးကြာဖြူသည် ခြေလှမ်းဝက်ခန့် ရုတ်တရက် နောက်ဆုတ်လိုက်သည်။

ယခုအချိန်ထိ ငြိမ်သက်စွာ ရပ်နေခဲ့သော ကျန်းမင်ယန်၏မျက်လုံးများတွင် ရုတ်ခြည်း ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာပြီး သူ၏ကျယ်ပြန့်သော အင်္ကျီလက်စများထဲမှ ပြင်းထန်သော ဓားအရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာလေ၏။

ဓားငယ်ကိုးလက်သည် ချက်ချင်း ထွက်ပေါ်လာပြီး ကြိုးကြာဖြူရှိရာသို့ တည့်တည့် ပျံသန်းသွားတော့သည်။

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် ကြိုတင်တုံ့ပြန်နိုင်ခဲ့သော်လည်း သူ၏ လည်ပင်းတွင် ဓားရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

ဓားသွားများနှင့် အမွှေးများ ထိခိုက်မိသွားကြ၏။

ကြီးမားသော တုန်ခါမှုလှိုင်းများသည် ရေကန်ထဲမှ လှိုင်းဂယက်များပမာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားတော့သည်။

လှိုင်းဂယက်များ ထိတွေ့သွားသော တောင်တန်းများနှင့် သစ်ပင်ကြီးများသည် ချက်ချင်းပင် ကြေမွသွားကြသည်။ ဝါးရုံတောသာလျှင် ညင်သာစွာ ယိမ်းနွဲ့လျက် ကျန်ရစ်ခဲ့၏။

"မဆိုးဘူး၊ မဆိုးဘူး"

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် လေထဲသို့ ပျံတက်သွားသည်။ သူ၏ လည်ပင်းရှည်တွင် ပါးလွှာသော ဒဏ်ရာတစ်ခု ပေါ်နေသော်လည်း ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"ဒါမှ ငါသိတဲ့ ရွှမ်ကွမ်းဂူပေါ့... အမြဲတမ်း အရှက်မရှိဘဲ အလစ်တိုက်ခိုက်ဖို့ပဲ ဝါသနာပါတာ"

"ဒီလှည့်ကွက်လေးက ရွှီမိသားစုဆီက သင်ထားတာလား။ အရှိန်အဝါ အတက်အကျ လုံးဝမရှိတာ တော်တော် စိတ်ဝင်စားစရာ ကောင်းသားပဲ"

"..."

ကျန်းမင်ယန် ကြာမြင့်စွာ ပြင်ဆင်ထားခဲ့သော တိုက်ခိုက်မှုသည် မျှော်မှန်းထားသလောက် ထိရောက်မှု မရှိခဲ့ပေ။

သူသည် ကြိုးကြာဖြူ၏ ခန္ဓာကိုယ်မာကျောမှုကို စိတ်ထဲတွင် အံ့သြနေမိသည်။

သို့သော် သူ၏မျက်နှာထားတွင် အံ့အားသင့်သည့် အရိပ်အယောင် အနည်းငယ်မျှ မပြဘဲ လက်ဝါးများဖြင့် လျင်မြန်စွာ မန္တန်ဖွဲ့စည်းလိုက်၏။

ဖျက်စီးခြင်းဓားကိုးသွယ်အစီအရင်သည် လျင်မြန်စွာ ဖြန့်ကျက်သွားလေသည်။

ဓားငယ်တစ်လက်စီသည် လေနှင့်အတူ ကြီးထွားလာပြီး အေးစက်ဆန်းကြယ်သော အလင်းရောင်များ ထုတ်လွှတ်ကာ ကြိုးကြာဖြူဆီသို့ ပျံသန်းသွားကြလေ၏။

ရွှမ်း ရွှမ်း ရွှမ်း

ကြိုးကြာဖြူသည် ဓားအစီအရင်အတွင်း ကခုန်နေသကဲ့သို့ ပျံသန်းနေပြီး ပျံလာသော ဓားများအားလုံးကို လွယ်ကူစွာ ရှောင်တိမ်းနေလေသည်။

"သွားစမ်း"

ကျန်းမင်ယန်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး မန္တန်များကို ပိုမိုလျင်မြန်စွာ ရွတ်ဆိုလိုက်၏။

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် ရှောင်တိမ်းရင်း ရယ်မောကာ ပြောလိုက်သည်။

"ဒီလောက်ကြာအောင် လေ့ကျင့်ထားပြီးမှ ဒီလောက်ထိ အားနည်းချက်တွေ များနေတုန်းပဲလား။ဒါကို ထုတ်သုံးဖို့ မင်းဘယ်လိုလုပ် သတ္တိရှိတာလဲ။ ဒါမှမဟုတ် အစီအရင်က အခြေခံအားဖြင့် ရိုးရှင်းလွန်းပြီး ပြောပလောက်အောင် မကောင်းတာလား။ ရွှမ်ကွမ်းဂူက ကျင့်ကြံသူတွေသိပ်အားနည်းလွန်းလို့သာ ဒီစီအရင်အောက်မှာ အရေးနိမ့်ခဲ့ကြတာလား"

ထိုကဲ့သို့ လှောင်ပြောင်သော စကားများကို နားထောင်ရင်း...

အဝေးမှ အားချင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မဆိုပေ။

ချန်ကျုံးက သူမကို သက်ပြင်းချကာ ကြည့်လိုက်၏။

အစစ်အမှန် ဖျက်စီးခြင်းဓားကိုးသွယ်အစီအရင်သည် ဤမျှ ရိုးရှင်းခြင်း မရှိပေ။

ဤဓားအစီအရင်အောက်တွင် သေဆုံးခဲ့ရသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများသည် သိုင်းဘုံကျောင်း ဘိုးဘေးထက် မည်သည့်နည်းနှင့်မျှ အားမနည်းခဲ့ကြပေ။

မည်သို့ပင်ဆိုစေကာမူ ဤရွှမ်ကွမ်းဂူသည် အမှန်တကယ်ပင် ကောက်ကျစ်စဉ်းလဲလွန်းလှလေ၏။

ချန်ကျုံး အဝေးသို့ လှမ်းကြည့်လိုက်ရာ ကျန်းမင်ယန်၏ မျက်လုံးများတွင် စိတ်အနှောင့်အယှက် ဖြစ်နေပုံရပြီး ပျံသန်းနေသော ဓားများကို ထိန်းချုပ်ရာတွင် ဆင်ခြင်တုံတရား လွတ်နေပုံ ပေါက်နေသည်။

သို့သော် လက်တွေ့တွင်မူ ဆန့်ကျင်ဘက်သာ ဖြစ်သည်။တည်ဆောက်ပြီးသား ဓားအစီအရင်တစ်ခု ဖြစ်သည့်အတွက် ယင်းကို ထိန်းချုပ်ရန် မန္တန်ဖွဲ့စည်းစရာ မလိုတော့ပေ။

တစ်ဖက်လူက သွား၊ သွား၊ သွားဟု အော်ဟစ်ရင်း ရွတ်ဆိုနေသော မန္တန်များသည် ဓားအစီအရင်နှင့် လုံးဝ မသက်ဆိုင်ပေ။

သူက နတ်ဆိုးဧကရာဇ်အနေဖြင့် သူတို့၏ နည်းလမ်းများကို နားမလည်ခြင်းအပေါ် အခွင့်ကောင်းယူနေခြင်းပင်။

ထင်ထားသည့်အတိုင်းပင် ကျန်းမင်ယန်သည် နောက်ဆုံးလက်ချောင်းဖြင့် ညွှန်လိုက်ရာ သဘာဝဝိညာဉ်စွမ်းအင်များ ထပ်မံ၍ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။

မြွေကြီးများနှင့် တူသော နွယ်ပင်များသည် မြေပြင်မှ အမြောက်အမြား ထွက်ပေါ်လာပြီး ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်ကို ချက်ချင်း ရစ်ပတ်ကာ မရပ်မနား ချုပ်နှောင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဓားပျံကိုးလက်သည် အရပ်မျက်နှာအနှံ့မှ ပျံသန်းလာကြလေ၏။

၎င်းတို့သည် နွယ်ပင်များကြားရှိ ဟာကွက်များမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်သွားကြသည်။

"ကျွီ"

မြေပြင်အနှံ့ ဖြန့်ကျက်ထားသော နွယ်ပင်လှောင်အိမ်ထဲမှ ကြိုးကြာငှက်၏ စူးရှသော အော်သံ ထွက်ပေါ်လာသည်။

"မင်း ဘယ်သူ့ကို အရူးလုပ်နေတာလဲ ကောင်လေး"

ကျန်းမင်ယန်သည် အေးစက်စွာ ပြုံးလိုက်ပြီး အော်ပြောလိုက်၏။

"ရွှမ်ကွမ်းဂူက သင်ပေးလိုက်တဲ့ ကျင့်စဉ်က တစ်ယောက်ယောက် မင်းကိုချုပ်ထားတုန်း ငတုံးလို ရပ်ကြည့်နေဖို့အတွက်လား"

ထိုသတိပေးသံကြောင့် ရွှမ်ကွမ်းဂူတပည့်သည် ရုတ်တရက် သတိဝင်လာပြီး သူ၏ တာအိုဝိညာဉ်ကို ဆင့်ခေါ်ကာ တောဝက်နတ်ဆိုး၏ မျက်နှာကို ပြန်လှန်ရိုက်ချလိုက်ပြီး နာကျင်စွာ နောက်ဆုတ်သွားချိန်တွင် လွတ်မြောက်လာခဲ့သည်။

"ဝူး..."

ရှန်းယီသည် အခြေအနေ တစ်ခဏချင်း ပြောင်းလဲသွားပုံနှင့် မြေပြင်ကို ဖုံးလွှမ်းထားသော ထူထဲတောက်ပသည့် နွယ်ပင်များမှ စူးရှသော သတ္တုသံများ ထွက်ပေါ်နေပုံကို ကြည့်နေမိသည်။

နတ်ဆိုးဘုရင်တစ်ပါး၏ ခွန်အားဖြင့်ပင် လွတ်မြောက်နိုင်ခြင်း မရှိပေ။

ဤအရာမှ စစ်မှန်သောကျင့်ကြံသူများ၏ တိုက်ပွဲပင်။

အကယ်၍ သူသာ ကျန်းမင်ယန်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဤရွေ့လျားမှုတစ်ခုတည်းကပင် သူ့အား မည်သည့် အစီအရင်မျှ သုံးမရအောင် လုပ်ဆောင်နိုင်လိမ့်မည်။

ယနေ့ သူကနှစ်ယောက်စလုံးအား ဖမ်းဆီးချင်နေလေသည်။

ထင်ထားသလောက်တော့ လွယ်ကူည် မဟုတ်ပေ။

ထိုအချိန်မှာပင် အဆုံးမရှိသော နွယ်ပင်များထဲမှ အလင်းရောင်ဖြူ တစ်ခု ပေါက်ကွဲထွက်လာပြီး နွယ်ပင်များ ကြေမွသွားကာ လူရိပ်တစ်ခု ခုန်ထွက်လာခဲ့၏။

သူ့ခန္ဓာကိုယ်တွင် အပေါက်ပေါင်း တစ်ဒါဇင်ကျော် ဖြစ်ပေါ်နေသည်။

သွေးများက စမ်းချောင်းပမာ စီးကျနေပြီး သူ့ပုံစံမှာ အလွန် သနားစရာကောင်းနေ၏။

ကြိုးကြာဖြူပုံစံကို မတွေ့ရတော့ဘဲ အမွှေးအတောင်များဖြင့် ပြုလုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်အသွင် ဖြစ်နေသည်။

သူ၏လက်ထဲတွင် ရှည်လျားသော အမွှေးများဖြင့် ပြုလုပ်ထားသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားလေ၏။

သူ့မျက်နှာသည် မရေရာသော အမူအရာများဖြင့် အောက်သို့ ငုံ့ကြည့်နေသည်။

ဓားရှည်ကိုးလက် ထပ်မံတိုက်ခိုက်လာရာ သူသည် ဒေါသတကြီး အံကြိတ်လျက် သူ၏ အမွှေးဓားဖြင့် ပြင်းထန်စွာ ပြန်လည်ခုခံလိုက်သည်။

ဓားကို ဝှေ့ယမ်းလိုက်ချိန်တွင် သူသည် သွေးပုပ်တစ်လုပ်ကို ထွေးထုတ်လိုက်ရပြီး အစွမ်းကုန် အားထုတ်ထားကြောင်း ထင်ရှားနေသည်။

မပီသသော အသံတစ်ခု ထွက်ပေါ်လာလေ၏။

ဓားပျံသုံးလက်သည် ထက်ပိုင်းကျိုးသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကျန်ရှိနေသော ဓားအလင်းရောင်များသည် အောက်ဘက်ရှိ ကျန်းမင်ယန်ဆီသို့ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။

မရေမတွက်နိုင်သော နွယ်ပင်များသည် လျင်မြန်စွာ ထိုးထွက်လာပြီး ကာကွယ်ရန် ကြိုးစားသော်လည်း ၁၀ ပေကျော်မြင့်သော နွယ်ပင်နံရံသည် ဓားအလင်းရောင်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

ရိုက်ချက်တစ်ချက်တည်းဖြင့် ကျန်းမင်ယန်သည် လွင့်ထွက်သွားတော့သည်။

သူ၏ ဝမ်းဗိုက်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး သွေးမထွက်သော်လည်း နာကျင်မှုကြောင့် သူ၏ မျက်နှာသွင်ပြင်များ တွန့်လိမ်ရှုံ့တွသွားသည်။

"မင်းမှာ တခြား လှည့်ကွက်တွေ ရှိသေးလား"

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် လေထဲတွင် ရပ်တန့်နေပြီး သူ၏အမွှေးအတောင်ဓားဖြင့် ရှေ့သို့ ဖြည်းညှင်းစွာ ချိန်ရွယ်လျက် အေးစက်စွာ ပြောလိုက်လေ၏။

"ငါ တော်တော် ပျင်းနေပြီ"

ပြင်းထန်သော နာကျင်မှုကြောင့် ကျန်းမင်ယန်သည် တဆတ်ဆတ် တုန်ရီနေပြီး ခေါင်းကို ပြင်းထန်စွာ မော့ကြည့်လိုက်သည်။

သူတို့နှစ်ဦးကြား ခွန်အားကွာခြားမှု ဤမျှ ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အားသာချက်များ သူ့ဘက်တွင် ရှိနေသည့်တိုင် သူသည် အများကြီး ရှုံးနိမ့်ခဲ့ရသည်။

သူ အသက်ပြင်းပြင်း ရှူလိုက်၏။

"စကားပြောတာ တော်ပါတော့... ငါ့အသက်အတွက် မင်းဘာလိုချင်လဲ တဲ့တိုးသာ ပြောလိုက်၊ ငါ ဘာမဆို လုပ်ပေးမယ်"

"..."

ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် ပြိုင်ဘက်၏ ရဲတင်းမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။

သူက ခြုံခိုတိုက်ခိုက်သင့်ချိန်တွင် တိုက်ခိုက်ခဲ့ပြီး ယှဉ်မရတော့သည့်အခါတွင်လည်း တုံ့ဆိုင်းခြင်း မရှိဘဲ တဲ့တိုးပင် အညံ့ခံလိုက်လေ၏။

"သွားရမယ့် အချိန်ရောက်ပြီ..."

အဝေးမှ အားချင်းသည် ရှန်းယီ၏ အင်္ကျီလက်စကို ဂရုတစိုက် ဆွဲလိုက်လေ၏။

တိုက်ပွဲပြီးဆုံးသွားပြီ ဖြစ်သဖြင့် ယခုမသွားလျှင် နောက်မှ သွား၍ရတော့မည် မဟုတ်ပေ။

ချန်ကျုံးသည် စကားမပြောသော်လည်း သဘောတူကြောင်း ခေါင်းကို ပြင်းထန်စွာ ညိတ်ပြလိုက်သည်။

သို့သော် ရုတ်တရက်ဆိုသလို သူတို့နှစ်ဦးသည် ရှန်းယီ ဖြည်းညှင်းစွာ ရှေ့သို့ တိုးသွားသည်ကို မြင်လိုက်ရလေ၏။

အားချင်းသည် ထိတ်လန့်သွားပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ရှန်းယီ ဘာလုပ်မည်ကို သူမ ဘယ်သောအခါမျှ ခန့်မှန်း၍ မရနိုင်သော်လည်း ဤတစ်ခါတော့ မှားလိမ့်မည်ဟု ထို့သို့မဟုတ်တော့ဟန်တူလေ၏။

ထိုအချိန်မှာပင်...

ရုတ်တရက် ကောင်းကင်မှ ကြီးမားသော အရာဝတ္ထုတစ်ခု ပြုတ်ကျလာလေသည်။

တောက်ပသော ရွှေရောင်အလင်းတန်းများသည် မိုးကုတ်စက်ဝိုင်းကို လင်းထိန်သွားစေသည်။

ကြယ်ကြွေသကဲ့သို့ ကြီးမားသော အရှိန်အဟုန်ဖြင့် ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်ဆီသို့ ဝင်ဆောင့်တော့သည်။

"ခွေးကောင်... မင်းမှာ လှည့်ကွက် ကျန်နေသေးတာပဲ"

အမွှေးအတောင် ဝတ်စုံနှင့်လူ၏ မျက်နှာသည် ရုတ်ခြည်း ပြောင်းလဲသွား၏။ ရွှမ်ကွမ်းဂူမှ လူများသည် ကောက်ကျစ်စဉ်းလဲကြောင်း သူသိသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အညံ့ခံဖို့ တောင်းပန်ရင်း ခြုံခိုတိုက်ခိုက်ခြင်းလော။

သတိလွတ်နေခိုက် သူလှည့်ကြည့်လိုက်ရာ ကြီးမားသော ရွှေရောင်လက်သီးကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

ဘုန်း

ဒဏ်ရာပြင်းထန်စွာ ရထားပြီးဖြစ်သော ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် အောက်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရလေ၏။

မြေကြီး တုန်ခါသွားပြီး ဖုန်မှုန့်များ ထောင်းခနဲ ထသွားသည်။

လူတိုင်း၏မြင်ကွင်းထဲသို့ ၁၀ ပေကျော်မြင့်မားပြီး ကြွက်သားများဖြင့် ပြည့်နှက်နေကာ ရွှေရောင်တောက်ပနေသည့် ခန္ဓာကိုယ်ပိုင်ရှင်၊ ကျောရိုးတစ်လျှောက်တွင် ကြမ်းကြုတ်သော အနီရောင် အမှတ်အသားများ ရှိနေသော ပုံသဏ္ဍာန်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။

All Chapters