ရွှေခန္ဓာကိုယ်ဖြင့် နတ်ဆိုးဧကရာဇ်အား တိုက်ခိုက်ခြင်း
Vol. 27 Ch. 268
ရုတ်တရက် ပေါ်ပေါက်လာသော ရွှေခန္ဓာဓမ္မကိုယ်ထည်ကြောင့် လူတိုင်း မှင်သက်သွားကြသည်။
အားချင်သည် ရှန်းယီ၏ ဝတ်ရုံလက်ကို မသိလိုက်ဘဲ လွှတ်လိုက်မိပြီး သူမ၏ မျက်ဝန်းများ ပြူးကျယ်လာကာ အသက်ရှူသံများလည်း မြန်ဆန်လာ၏။
သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူနှင့် ယှဉ်လျှင်... ယင်ဝိညာဉ်က ထိန်းချုပ်ထားသည့် တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ဤဧရာမဓမ္မကိုယ်ထည်ကြီးက ပို၍ပင် တုန်လှုပ်စရာ ကောင်းလှသည်။
၎င်းသည် အမွှေးတိုင်ယုံကြည်မှုစွမ်းအားမှ စုစည်းထားသည့် သက်ရှိတစ်ခု ဖြစ်ပြီး နတ်ဘုရား သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ တစ်လောကလုံးနှင့် မသက်ဆိုင်သကဲ့သို့ တည်ရှိနေသည်။
လက်သီးကို တင်းတင်းဆုပ်ထားပြီး ကျယ်ပြန့်သောပခုံးရှိကာ ညာဘက်လက်မောင်းတွင် ကြမ်းတမ်းသော ရွှေနဂါး တစ်ကောင် ရစ်ပတ်ထားလေ၏။
ရွှေနဂါးသည် လက်မောင်းပေါ်တွင် ဖြည်းညှင်းစွာ လှုပ်ရှားနေပြီး ၎င်း၏မျက်ဝန်းများက လူနှစ်ဦးအား ရန်လိုစွာ စိုက်ကြည့်နေ၏။
"ရှဲ..."
"ဖူး..."
နောက်ဆုံး လက်သီးချက်အောက်တွင် နတ်ဆိုးဧကရာဇ်၏ အဖြူရောင် အတောင်ပံဝတ်ရုံမှာ စုတ်ပြတ်သတ်သွား၏။ ၎င်းသည် လက်ဝါးကို ဒူးပေါ်ထောက်ကာ မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း နောက်တစ်ကြိမ် ဟန်ချက်ပျက်သွားပြန်သည်။
၎င်းသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး ရွှေခန္ဓာကိုယ်ကို အငြိုးဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် ဘေးတွင် ရှိနေသော ကျန်းမင်ယန် ထံသို့ မုန်းတီးသော အကြည့်ကို လွှဲလိုက်ပြန်သည်။ အချိန်တိုယအတွင်း ကြိုးကြာဖြူနတ်ဆိုးဧကရာဇ်သည် တကယ်ပင် တွန့်ဆုတ်သွားမိသည်။
ကျန်းမင်ယန်ကို ထိန်းချုပ်ရန် လှည့်ကွက်တစ်ခုခု သုံးရမည်လော... ပြီးမှ သူ့အား သုံးပြီး ဝူထုံတောင်မှ အစစ်အမှန်အင်အားကြီး ပုဂ္ဂိုလ်များကို ချောင်းမြောင်း တိုက်ခိုက်ရမည်လောဟု စဉ်းစားနေမိသည်။
ဤအပယ်ခံကောင်မှာ နောက်ထပ် ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ရွှေခန္ဓာဓမ္မကိုယ်ထည်...
အမွှေးတိုင်ယုံကြည်မှုစွမ်းအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်ရှိနိုင်သူမှာ လက်ချောင်းဖြင့် ရေတွက်၍ရလောက်အောင် နည်းပါးလှပြီး နိုင်ငံအနည်းငယ်တွင်သာ ရှိသည်။ အများစုမှာ နာမည်ကျော်ကြားပြီးသား ကျင့်ကြံသူများသာ ဖြစ်ကြ၏။
သူတို့ထဲတွင် ဤကဲ့သို့ ကြမ်းတမ်းသော ပုံပန်းသဏ္ဌာန်ရှိသည့် ရွှေခန္ဓာကိုယ်မျိုး လုံးဝ မရှိပေ။
နတ်ဘုရားအသွင်ပြောင်း ရွှေခန္ဓာကိုယ်များစွာကို မွေးမြူထားနိုင်ရန်... မဟာချန် ဝူသိုင်းဘုံကျောင်း လော။ သို့မဟုတ် လုံလောက်သော အခြေခံအုတ်မြစ်ကို စုဆောင်းထားသည့် နိုင်ငံငယ်လေးတစ်ခုခုလော။ မည်သို့ပင်ဆိုစေကာမူ သူ ဒီနေ့ ထောင်ချောက်ထဲ ရောက်နေပြီဖြစ်၏။
"ငါ..."
နတ်ဆိုးဧကရာဇ်၏ စိုက်ကြည့်ခြင်းကို ခံနေရသော ကျန်းမင်ယန်သည် စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်ရှုပ်ထွေးနေမိသည်။ ဤကိစ္စသည် သူနှင့် တကယ်ပင် မသက်ဆိုင်ပေ။
၎င်းမှာ လုံးဝ မျှော်လင့်မထားသော ကံကောင်းမှုတစ်ခုသာ ဖြစ်သည်။
"ဒီဧကရာဇ်က မင်းကို အရင်ဆုံး သတ်ပစ်မယ်"
ကျန်းမင်ယန်၏ လှည့်စားမှုကို အကြိမ်ကြိမ် ခံခဲ့ရသဖြင့် နတ်ဆိုးဧကရာဇ်သည် မိမိကိုယ့်ကိုယ် ငတုံးငအူကောင်ကဲ့သို့ အကစားခံနေရသည်ဟု ခံစားလိုက်ရ၏။ သူသည် ဒေါသတကြီးဖြင့် စူးရှစွာ အော်ဟစ်လိုက်ပြီး အမွေးဓားရှည်ကို ကိုင်စွဲကာ သူ့ကို သတ်ရန် ရူးသွပ်စွာ ပြေးဝင်လာတော့သည်။
"ငါက ရွှမ်ကွမ်းဂူ မသေမျိုးဂိုဏ်းရဲ့တပည့်ပါ၊ မိတ်ဆွေ... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ ဒီကျေးဇူးကို နောက်ကြရင်သေချာပေါက် ပြန်ဆပ်ပါ့မယ်"
ကျန်းမင်ယန်သည် မိမိကိုယ်ကိုယ် အလွယ်ဆုံး သားကောင်အဖြစ် အကြည့်ခံနေရကြောင်း ကောင်းကောင်း သိလေ၏။ နတ်ဆိုးဧကရာဇ်သည် သူ့ကို ဖြတ်ကျော်ပြီးမှ ဖောက်ထွက်ချင်နေခြင်း ဖြစ်သည်။
ဒဏ်ရာအပြင်းအထန် ရနေသော အခြေအနေတွင် သူသည် မိုးမြေ၏အသက်ရှူသံကို ထပ်မံ၍ အလျင်အမြန် ဆင့်ခေါ်လိုက်ရသည်။
သူ၏ ခြေဖဝါးအောက်မှ ထူထဲသော နွယ်ပင်များ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ရစ်ပတ်ကာ ရုပ်ဆိုးသော သားရဲကြီးအသွင် ပြောင်းလဲသွားပြီး သူ့ကို သယ်ဆောင်၍ ရှောင်တိမ်းစေသည်။
"မင်းက လိမ်နေတုန်းပဲ မင်းက လိမ်နေတုန်းပဲ ဒီဧကရာဇ်ကို ဝက်တုံးတစ်ကောင်လို့ ထင်နေတာလား"
ကျန်းမင်ယန်က ရွှေခန္ဓာကိုယ်ကို မသိချင်ယောင် ဆောင်နေသေးသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်သည် ဒေါသအဟုန်ဖြင့် ဓားအလင်းတန်းတစ်ခုကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်သည်။
၎င်းသည် အင်အားကြီးသော်လည်း ယခင်က ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ထားရသဖြင့် လက်ရှိအခြေအနေတွင် နှစ်ယောက်ကို တစ်ယောက် ပြန်တိုက်ရန်မှာ အလွန် ခက်ခဲလှသည်။
လွတ်မြောက်ရန် အခွင့်အရေး ရရှိဖို့အတွက် တစ်ယောက်ကို အသေအလဲ တိုက်ခိုက်ပြီး အင်အားချည့်နဲ့သွားအောင် လုပ်ရုံမှတစ်ပါး အခြားမရှိပေ။
သို့မဟုတ်ပါက ကျန်းမင်ယန် အသက်ရှူချောင်သွားပြီး ရွှေခန္ဓာကိုယ်နှင့် ပူးပေါင်းလိုက်လျှင် နတ်ဆိုး တစ်ထောင်ဂူ သို့ ပြန်ရန် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။
၂ ကျန်း ခန့် မြင့်သော ရွှေခန္ဓာကိုယ်သည် အနောက်မှ လျင်မြန်စွာ လိုက်ပါလာ၏။ နတ်ဆိုးဧကရာဇ်နှင့် ကျန်းမင်ယန်တို့၏နည်းစနစ်ဆိုင်ရာ ပြကွက်များနှင့် ယှဉ်လျှင် ၎င်း၏ တိုက်ခိုက်မှုများမှာ ပို၍ ကြမ်းတမ်းလှသည်။
၎င်း၏ ပုံရိပ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး လက်သီးနှင့် ခြေထောက်များမှာ နတ်ဆိုးဧကရာဇ်အပေါ်သို့ မုန်တိုင်းအလား ကျရောက်လာတော့သည်။
ကြိုးကြာဖြူသည် ကျန်းမင်ယန်ကို ဓားဖြင့် ခုတ်နေရင်း ရွှေခန္ဓာကိုယ်၏ တိုက်ခိုက်မှုများကိုလည်း ရှောင်တိမ်းနေရသည်။ သတိလက်လွတ်ဖြစ်သွားသည့် ခဏတွင် ကျောပြင်ကို လက်သီးတစ်ချက် ထိမှန်သွားရာ အတောင်ပံများ ကောင်းကင်သို့ ပြန့်ကျဲသွားပြီး အလွန် သနားစရာကောင်းသော မြင်ကွင်း ဖြစ်သွား၏။
တစ်ချိန်က သေးငယ်သောဓားများကို ခုခံနိုင်ခဲ့သော အတောင်ပံများသည် တောက်ပသော ရွှေရောင်လက်သီးချက်များ ရှေ့တွင်မူ အလွန်ပင် နုနယ်လှပြီး တစ်ချက်ချင်းစီမှာ အသက်အန္တရာယ် ပေးနိုင်လောက်သည်။
လေများ တိုက်ခတ်လာပြီး တိမ်များလိပ်တက်လာကာ လောကကြီး၏ အရောင်အဆင်းများ ပြောင်းလဲကုန်၏။
နွယ်ပင်များမှ ဖြစ်ပေါ်လာသော သစ်သားနဂါး၊ အဖြူရောင် အမွေးဓားရှည်နှင့် ရွှေခန္ဓာဓမ္မကိုယ်ထည်...
၎င်းတို့၏ တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများမှာပင် တစ်ချိန်က ငြိမ်သက်ခဲ့သော ဂူဗိမာန်ကို မြက်ခြောက်များကဲ့သို့ လွယ်လွယ်ကူကူ ပျက်စီးစေရန် လုံလောက်နေပြီ ဖြစ်သည်။
ဤအရာက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏အစစ်အမှန် တိုက်ပွဲပင်။
ဤမျှပြင်းထန်သော တိုက်ပွဲကို ကျန်ရှိနေသော လူအနည်းငယ်က တွေ့မြင်လိုက်ရသောအခါ အားချင်းမှာ လုံးဝ မှင်သက်သွားတော့သည်။
"ဒီရွှေခန္ဓာကိုယ်က မြင်ဖူးသလိုပဲ၊မဟာချန်မှာလည်း အလားတူ အာဟတ်ရွှေခန္ဓာကိုယ်တွေ ရှိတယ်၊ဒီစီနီယာက မဟာချန် ဝူသိုင်းဘုံကျောင်းနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်" ချန်ကျုံးသည် သူ၏ငန်းဥကျောက်ခဲကို သုံးရန်ပင် မေ့သွားပြီး ရှန်းယီကို စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။
"အင်း"
ရှန်းယီသည် အကြည့်မလွှဲဘဲ အေးဆေးစွာပင် တုံ့ပြန်လိုက်သည်။
သူသည် ချက်ချင်း တိုက်ခိုက်ရန် မရည်ရွယ်ခဲ့ပေ။
အကြောင်းမှာ နှစ်ဖက်စလုံးက အားအင်ကုန်ခမ်းမည့် အခြေအနေသို့ မရောက်သေးသောကြောင့် ဖြစ်သည်။ သို့သော် ကြိုးကြာဖြူ နတ်ဆိုးဧကရာဇ်က ကျန်းမင်ယန်ကို ချန်ထားပေးရန် စဉ်းစားနေသည့် ခဏတာ တွန့်ဆုတ်မှုကို သူ သတိပြုမိလိုက်သည်။
အကယ်၍ သူတို့နှစ်ဦး ညှိနှိုင်းပြီးသွားသည်အထိ စောင့်နေပါက သူသည် နှစ်ဦးစလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် ကျန်းမင်ယန် ဆင့်ခေါ်ထားသည့် စစ်ကူအဖြစ် ဟန်ဆောင်လိုက်ခြင်းက ပို၍ ကောင်းသည်။
ထိုလူကို မိမိဘက်သို့ အတင်းအကျပ် ဆွဲသွင်းလိုက်ခြင်း ဖြစ်သည်။ သူ တိတ်ဆိတ်နေသရွေ့ နတ်ဆိုးဧကရာဇ်ကိုသာ ဖြည်းဖြည်းချင်း ခန့်မှန်းခိုင်းထားလိုက်မည်။
သို့သော်... ရှန်းယီသည် သက်ပြင်းချရင်း ခေါင်းခါလိုက်မိ၏။
အဆင့်နိမ့်သည့် အချိန်တွင် ဟွမ်ယွမ်အဆင့်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားကိုးပြီး သိုင်းဝိဇ္ဇာကနည်းစနစ်ကို သုံးသည်။ သို့သော် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်သောအခါတွင်မူ ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ထူးကဲသောဝိညာဉ်ကျင့်ကြံသူများသည် နည်းစနစ်မျိုးစုံကို သုံးကြသော်လည်း ရွှေခန္ဓာဓမ္မကိုယ်ထည်များမှာမူ လက်သီးထိုးရန်သာ သိသည့် ကြမ်းတမ်းသော သားရဲများကဲ့သို့ ဖြစ်နေတော့သည်။
ထိုအချိန်တွင် ရွှေခန္ဓာကိုယ်က နောက်ထပ် လက်သီးတစ်ချက် ထပ်မံ ထိုးလိုက်ပြန်သည်။
ကြိုးကြာဖြူ နတ်ဆိုးဧကရာဇ်၏ ညာဘက်ပခုံး တစ်ခုလုံး ကြေမွသွားပြီး ဓားကိုင်ထားသော လက်မှာ ပျော့ခွေကျသွားသည်။
သို့သော် လွှဲလိုက်သော ဓားအလင်းတန်းမှာမူ အရှိန်မပျက်ဘဲ သစ်သားနဂါးကို လွယ်လွယ်ကူကူ ဖြတ်တောက်သွားပြီး ကျန်းမင်ယန်၏ ခန္ဓာကိုယ်ပေါ်သို့ ရက်စက်စွာ ကျရောက်သွားရာ ပေါင်မှ ရင်ဘတ်အထိ ရှည်လျားသော ဒဏ်ရာကြီးတစ်ခု ဖြစ်သွားစေသည်။
ဓားချက်တစ်ချက်တည်းနှင့်ပင် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွား၏။ ဒဏ်ရာတွင် သွေးထွက်ခြင်း မရှိဘဲ စိမ်းပြာရောင် အလင်းတန်းများသာ စီးထွက်လာပြီး မိုးနှင့်မြေထဲသို့ ပျောက်ကွယ်သွားသည်။
"အား"
ကြိုးကြာဖြူ နတ်ဆိုးဧကရာဇ် မအော်ဟစ်နိုင်ခင်မှာပင် ကျန်းမင်ယန်က အရင်ဆုံး နာကျင်စွာ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။ ၎င်း၏ မျက်ဝန်းအစုံမှာ ရက်စက်မှုများဖြင့် တောက်လောင်နေ၏။
နီးနေပြီ၊ထွက်သွားရမဲ့ အချိန်ရောက်ပြီ။
တစ်ခဏချင်းတွင် ၎င်း၏ စုတ်ပြတ်နေသော အတောင်ပံဝတ်ရုံသည် မရေမတွက်နိုင်သော အမွေးဖြူများအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ၁၀ ကျန်း ကျော် ကျယ်ပြန့်သော နတ်ဆိုးခန္ဓာကိုယ်ကြီးအဖြစ် စုစည်းသွားသည်။
ဧရာမကြိုးကြာဖြူကြီးသည် အတောင်ပံတစ်ဖက်ကို လွှဲလိုက်ရာ ထက်ရှသော အတောင်ပံထိပ်များက ဓားသွားများကဲ့သို့ ခုတ်ပိုင်းသွားလေသည်။ ရွှေခန္ဓာဓမ္မကိုယ်ထည်သည် အချိန်မီ မရှောင်နိုင်ဘဲ လက်မောင်းနှစ်ဖက်ကို ကာ၍ ခုခံလိုက်ရလေ၏။
ဂျောက် ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
၎င်း၏သန်မာသော လက်ဖျံပေါ်တွင် အက်ကွဲကြောင်းငယ်လေးများ ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကာ ပျက်စီးနေသော မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကျင်းကြီးတစ်ခု ထပ်မံ ဖြစ်ပေါ်သွားစေသည်။
ဤအရာဟာ ဒဏ်ရာအပြင်းအထန် ရနေလျှင်ပင် အတိုင်းအဆမရှိသောအရှိန်အဝါရှိနေသည့် နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးဧကရာဇ်၏အစွမ်းပင်။
၎င်းသည် နက်ရှိုင်းသော ကျင်းကြီးကို အေးစက်စွာ တစ်ချက် ကြည့်လိုက်၏။ အားစိုက်ထုတ်ပြီး ညာဘက်အတောင်ပံကို ခတ်လိုက်ရာ ဒဏ်ရာကို ထိခိုက်သွားသဖြင့် မျက်ဝန်းထဲတွင် နာကျင်မှုအရိပ်အယောင်များ ပေါ်လာသည်။ တွန့်ဆုတ်မနေတော့ဘဲ ၎င်းသည် ဂူဗိမာန်၏ အပြင်ဘက်သို့ တိုက်ရိုက် ထွက်ပြေးတော့သည်။
ထိုခဏမှာပင် ကျင်းကြီးထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ပြေးထွက်လာသည်။
၎င်းသည် နတ်ဆိုးဧကရာဇ်၏ ကျောပေါ်သို့ ရက်စက်စွာ နင်းလိုက်ပြီး ၎င်း၏ အတောင်ပံများကို အားကုန်ဆွဲကာ ဖြဲပစ်လိုက်တော့သည်။
ဖျတ် ခနဲ ဆုတ်ဖြဲသံကြီး ထွက်ပေါ်လာ၏။
ဧရာမ ကြိုးကြာဖြူကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ၎င်း၏ ညာဘက်အတောင်ပံ တစ်ခုလုံးမှာ ဆွဲဖြဲခံလိုက်ရပြီး အတောင်ပံဖြူများမှာ နှင်းပွင့်များကဲ့သို့ လွင့်စင်ကျလာကာ နံစော်ပြီး ပူလောင်သောသွေးစက်များလည်း ပန်းထွက်လာတော့သည်။
၎င်းဟာ ရွှေခန္ဓာဓမ္မကိုယ်ထည်၏ ကြောက်စရာကောင်းသည့် အချက်ပင်။
၎င်းတို့၏ အနှစ်သာရမှာ အတွင်း၌ ရှိနေသော ယင်ဝိညာဉ်ဖြစ်ပြီး တောက်ပသော ရွှေခန္ဓာကိုယ်မှာ အခွံတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် နာကျင်မှုကို မကြောက်သလို ဒဏ်ရာရခြင်းကိုလည်း ဂရုမစိုက်ပေ။ လုံလောက်သော အမွှေးတိုင်ယုံကြည်မှုစွမ်းအား ရှိသရွေ့ ရွှေကိုယ်ခန္ဓာ ပျက်စီးသွားလျှင်ပင် အသစ်ပြန်လည် ပုံဖော်နိုင်သည်။
ယခင်က နတ်ဆိုးတစ်ထောင်ဂူသည် ယင်ဝိညာဉ်ကို တန်ပြန်နိုင်မည့် အရာတစ်ခုကို ရှာဖွေရန် အလွန် အားထုတ်ခဲ့ရပြီးမှ မဟာချန်မှ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအားလုံးကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ငါ့ပေါ်က ဆင်းစမ်း၊ အရိုင်းအစိုင်းကောင်"
၎င်းသည် အသည်းအသန် ရုန်းကန်သော်လည်း တွယ်ကပ်ထားသော ရွှေခန္ဓာကိုယ်အား မည်သို့မျှ ခါထုတ်၍ မရနိုင်ပေ။ ၎င်းသည် အရိုးထိအောင် လှိုက်စားသည့်အနာကဲ့သို့ နတ်ဆိုးဧကရာဇ်၏ အသက်စွမ်းအားကို ဖြည်းဖြည်းချင်း ဝါးမြိုနေတော့သည်။