နတ်ဘုရားအသွင်ပြောင်းအဆင့် ၏ပျက်စီးခြင်း
Vol. 27 Ch. 270
မဟာချန်နိုင်ငံမှာသာ ဒီလို ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ပါရမီရှင်တစ်ယောက် ရှိနေခဲ့ရင်...ဘယ်လိုလုပ်ပြီး မကြီးမြတ်ဘဲ နေနိုင်ပါ့မလဲ။
ချန်ကျုံးသည် သစ်တောအုပ်ထဲသို့ ဖြည်းညှင်းစွာ ဆုတ်ခွာသွား၏။
အရှင်သခင်ရှန်း ထွက်မသွားချင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
သူက ဟို တောဝက်နတ်ဆိုးကြီးကို မျက်စိကျနေတာကိုး။
နတ်ဆိုးတစ်ထောင်ဂူ၏နတ်ဆိုးဘုရင်ကို သတ်ဖြတ်နိုင်ရုံသာမက အပြစ်အားလုံးကိုလည်း သန့်သန့်ရှင်းရှင်း လွှဲချနိုင်ခဲ့သည်။
ရလဒ်ကြီးမားသော်လည်း ဤအရာသည် သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သော ကိစ္စမဟုတ်ပေ။
နတ်ဘုရားအသွင်ပြောင်းအဆင့် သုံးယောက်၏ ရှေ့မှောက်တွင် အထွတ်အထိပ် နတ်ဆိုးဘုရင် တစ်ကောင်ကို ရဲရဲတင်းတင်း သတ်ဖြတ်နိုင်စွမ်းနှင့် သတ္တိမျိုး ရှိခြင်းသည် သာမန်လူများကို ရှက်ရွံ့သွားစေရန် လုံလောက်ပါသည်။
"နောက်ဆုံးတော့ ငါ ထွက်သွားလို့ ရပြီ..."
ချန်ကျုံးသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ရိုးရိုးသားသား ပြောရလျှင် သူသာ ဤထက်ပိုပြီး ဆက်ကြည့်နေရလျှင် သူ့နှလုံးက ခံနိုင်ရည် ရှိတော့မည်မဟုတ်ပေ။
ထိုစဉ်မှာပင် သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။
ရှန်းယီသည် တောဝက်နတ်ဆိုးကြီး၏အလောင်းကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်ပြီးနောက် သူ့ခြေထောက်အောက်တွင် အနီရောင် တိမ်တိုက်များ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရ၏။
တစ်ခဏချင်းမှာပင် သူသည် ကောင်းကင်ပေါ်ရှိ ကျန်းမင်ယန် ဆီသို့ ပြေးတက်သွားတော့သည်။
"ဟာ"
ချန်ကျုံး ရုတ်တရက် ရင်ဘတ်ကို ဖိထားလိုက်မိ၏။
အားချင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမ လက်ထဲမှ ကျောက်စိမ်းဖြူတုံးများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။
အရှင်သခင်ရှန်း ပစ်မှတ်ထားနေတာက တောဝက်နတ်ဆိုးကြီးတင် မဟုတ်ဘဲ... စစ်မှန်တဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်အပါအဝင်ရောလား။
ထိုအဆင့်နှစ်ခုကြား ခြားနားချက်သည် မိုးနှင့်မြေ ကွာခြားသကဲ့သို့ပင်။
အကယ်၍ အထွတ်အထိပ် နတ်ဆိုးဘုရင် တစ်ကောင်ကိုသာ ရင်ဆိုင်ရမည်ဆိုလျှင် အားချင်းအနေဖြင့် အကူအညီအနည်းငယ် ပေးနိုင်ရန် ကြီးမားသော အစီအရင်တစ်ခု ခင်းကျင်းပေးဖို့ စဉ်းစားနိုင်ပါသေးသည်။
သို့သော် စစ်မှန်သော နတ်ဘုရားအသွင်ပြောင်းအဆင့်ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူမ ဘာလုပ်ပေးနိုင်မလဲ ဆိုသည်ကို ခေါင်းပေါက်မတတ် စဉ်းစား၍ပင် မရနိုင်ပေ။
စဉ်းစားလို့ အဖြေမထွက်လျှင် ဆက်မစဉ်းစားသင့်တော့ပေ။
သူမသည် သစ်တောထဲတွင် ရိုးသားစွာ ရပ်နေပြီး ကောင်းကင်ကို မော့ကြည့်နေမိသည်။
ရွှေရောင်နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် သက်ရှိကဲ့သို့ ပီပြင်နေပြီး နှုတ်ခမ်းမွေးများ လှုပ်ခတ်နေသည်မှာ... မျက်လုံးအပါအဝင် အရာအားလုံး ရွှေရောင် ဖြစ်နေသည်မှလွဲ၍ သက်ရှိသတ္တဝါနှင့် ခွဲခြား၍ မရနိုင်လောက်အောင်ပင်။
၎င်းကို ရင်ဆိုင်နေရသော ကျန်းမင်ယန်သည် ဤအချက်ကို ပို၍ နက်ရှိုင်းစွာ ခံစားနေရ၏။
ပြိုင်ဘက်၏ခန္ဓာကိုယ်သည် စစ်မှန်သော နတ်ဆိုးဧကရာဇ်တစ်ပါးထက် မည်သို့မျှ မနိမ့်ကျပေ။
ယခုအချိန်တွင်တော့ ၎င်းသည် သူ့ကို တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားပြီး နွယ်ပင်များက မည်သို့ပင် ဆွဲဖယ်ရန် ကြိုးစားစေကာမူ အနည်းငယ်မျှ လှုပ်ခါသွားအောင် မလုပ်နိုင်ပေ။
သဘာဝ၏ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အဆိပ်သစ်သား ရတနာသုံးခွလှံ သည် ရွှေရောင်နဂါးကြီး၏ခန္ဓာကိုယ်ကို ရူးသွပ်စွာ ထိုးနှက်နေသည်။
သို့သော် နတ်ဆိုးဧကရာဇ်ပင် ကြောက်ရွံ့ရသည့် အဆိပ်သည် ရွှေရောင်နဂါးကြီးအပေါ် အာနိသင် မသက်ရောက်နိုင်သလို၊ ထက်ရှသော လှံသွားသည်လည်း ၎င်း၏ခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်ခြင်း မရှိပေ။
"ဂရား"
နဂါးဟိန်းသံနှင့်အတူ နဂါးပါးစပ်ဖြင့် ကိုက်ထားသော ကျန်းမင်ယန်၏ ပခုံးတစ်ဖက်သည် တိုက်ရိုက် ကြေမွသွားလေ၏။
သူ၏တည်ရှိမှု တစ်ခုလုံးသည် အစွန်းဆုံးအထိ အားနည်းသွားပြီး...သူ၏ ဝိညာဉ်ပင် လွင့်မျောစ ပြုလာသည်။
ငါ အသက်ရှင်မှ ဖြစ်မယ်... ငါ အသက်ရှင်ရမယ်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူ၏အသက်ရှင်လိုစိတ်သည် အလွန် ပြင်းပြလှ၏။ သို့မဟုတ်ပါက သူသည် ထိပ်တန်း အင်အားကြီးသူများ စာရင်းဝင် ဖြစ်လာနိုင်မည် မဟုတ်ပေ။
သူသည် သူ၏စွမ်းအင်ကို အတင်းအဓမ္မ လှည့်ပတ်လိုက်၏။
ဆူးလက်ကောက် တစ်ခုသည် သူ၏ခါးမှ ပျံထွက်လာပြီး ရုတ်တရက် အဆများစွာ ကြီးမားလာကာ တခဏချင်းတွင် ရွှေရောင်နဂါးကြီး၏ လည်ပင်းကို ရစ်ပတ်လိုက်သည်။
ဆူးချွန်များသည် ရွှေရောင်ကိုယ်ခန္ဓာထဲသို့ စိုက်ဝင်သွားပြီး အားဖြင့် ဆွဲခွာပစ်လိုက်၏။
ဤခဏတာ အခွင့်အရေးကို အရယူကာ ကျန်းမင်ယန်သည် သူ့လက်မောင်းတစ်ဖက် နဂါးပါးစပ်ထဲ ကျန်နေခဲ့သည်ကို ဂရုမစိုက်နိုင်တော့ဘဲ အားကုန်ရုန်းထွက်လိုက်လေသည်။
စုတ်ပြဲသံ တစ်ခု ထွက်ပေါ်လာ၏။
သူ၏လက်မောင်းတစ်ဖက်လုံးနှင့် အဖြူအမည်း ဝတ်ရုံတို့သည် အတူတကွ ပြတ်ထွက်သွားလေသည်။
သူသည် လေကို အားကုန်ရှူရှိုက်ရင်း ဖရိုဖရဲ အခြေအနေဖြင့် အောက်ဘက်သို့ ထွက်ပြေးလေတော့သည်။
အချိန်ကိုက်ပင် အဖြူရောင် တိမ်တိုက်တစ်ခု သူ၏ ခြေထောက်အောက်တွင် ဖြစ်ပေါ်လာပြီး အဝေးသို့ လျင်မြန်စွာ သယ်ဆောင်သွား၏။
"ငါ အသက်ရှင်ပြီ"
ကျန်းမင်ယန်၏ မျက်ဝန်းထဲတွင် ဝမ်းသာမှုများ နောက်ဆုံး၌ ဝင်ရောက်လာ၏။
ထိုခဏမှာပင် ပြင်းထန်သောကန်ချက်တစ်ချက်သည် သူ့ရှေ့တည့်တည့်သို့ဝင်ရောက်လာပြီး မျက်နှာကိုပြင်းထန် ဝင်ဆောင့်သွားလေသည်။
အဖြူရောင်တိမ်တိုက် ပျောက်ကွယ်သွားပြီး ထိုကြီးမားသော အရှိန်အဟုန်အောက်တွင် ကျန်းမင်ယန်၏ခန္ဓာကိုယ်တစ်ခုလုံး နောက်ပြန် လွင့်စင်သွားရသည်။
ခမ်းနားထည်ဝါပြီး စွမ်းအားကြီးမားသော နတ်ဘုရားအသွင်ပြောင်းအဆင့် အစစ်အမှန်ပုဂ္ဂိုလ်ကြီး သည် ယခုအခါ သာမန်လူတစ်ယောက်ကဲ့သို့ လက်များကိုယမ်းခါနေပြီး ဟန်ချက်ညီအောင် ခက်ခက်ခဲခဲ ကြိုးစားနေရ၏။
သူ အာရုံစိုက် ကြည့်လိုက်သောအခါ နတ်ဆိုးမီးတောက် တစ်ခုသည် သူ၏နှလုံးသားအောက်ခြေမှ တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ရှေ့တွင်... သူ၏ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့ထားသည်ကား တိမ်တိုက်ပေါ်တွင် ပျံဝဲနေသော အနက်ရောင်ဝတ်ရုံနှင့် အရပ်ရှည်ရှည် လူငယ်တစ်ယောက်ပင်။
ယခင် ကန်ချက်သည် ထိုလူငယ်ဆီမှ တိကျစွာ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုပုံရိပ်မှ ပြင်းထန်သော အနီရောင်အလင်းတန်းများထွက်ပေါ်နေရာ ဟွမ်ယွမ်အဆင့် ဖြစ်ကြောင်း ထင်ရှားနေ၏။
ဤအခြေအနေမျိုးတွင် ဟွမ်ယွမ်အဆင့်တစ်ယောက်က အဘယ်ကြောင့် အနီးအနားတွင် ပုန်းအောင်းရဲသနည်း ဟူသည့် မေးခွန်းကို တွေးတောရန် ကျန်းမင်ယန်တွင် အချိန်မရှိတော့ပေ။
ဤလောကတွင် မဆင်မခြင် ရဲတင်းသူများနှင့် ကိုယ့်ကိုယ်ကိုယ် ကံကြမ္မာကရွေးချယ်ထားသူဟု ယုံကြည်နေသူများ ဘယ်သောအခါမျှ မရှားပါးခဲ့ပေ။
သူ့ကို တကယ် ဒေါသထွက်စေသည့်အချက်မှာ ဟွမ်ယွမ်အဆင့်တစ်ယောက်က နတ်ဘုရားအသွင်ပြောင်းအဆင့်ဖြစ်သော သူ့ကို တိုက်ခိုက်ရဲပြီး ထိုမဆင်မခြင်ရဲတင်းသော အကြံအစည်ကို လက်တွေ့ အကောင်အထည် ဖော်ရဲခြင်းပင်။
ကျန်ရှိနေသော ဘယ်ဘက်လက် တစ်ဖက်တည်းဖြင့် ကျန်းမင်ယန်သည် ဂါထာမန္တန်ကို ရွတ်ဆိုကာ သူ့ကိုယ်သူ ကာကွယ်ရန် မိုးမြေ၏စည်းချက်ကို ဦးစွာ ဆင့်ခေါ်လိုက်၏။
ထို့နောက် ရွှေရောင်နဂါးကြီးကို ပြန်လှည့်ကြည့်လိုက်၏။ ထောက်ပံ့ပေးနိုင်သည့် လုံလောက်သော စွမ်းအင်မရှိလျှင် စစ်မှန်သော မှော်ရတနာပင်လျှင် တစ်ဖက်လူကို ကြာရှည်စွာ ဖမ်းချုပ်ထားနိုင်မည် မဟုတ်ပေ။
ရွှေရောင်နဂါးကြီး ရုန်းထွက်တော့မည်ကို မြင်လိုက်ရသည့်အခါ...
သူ၏ဘေးဘက် မြင်ကွင်းတွင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် တစ်ဖက်သို့လှည့်သွားပြီး အမွှေးဖြူနတ်ဆိုးဧကရာဇ်ကို အောက်တွင် ဖိထားကာ ၎င်း၏ဦးခေါင်းအ လက်သီးဖြင့် တရစပ်ထိုးနှက်နေသည်ကို တွေ့လိုက်ရသည်။
ဘယ်လောက်တောင် ကြမ်းကြုတ်လိုက်တဲ့ တိုက်ပွဲလဲ။
ကျန်းမင်ယန်၏မျက်ခွံများ အနည်းငယ်လှုပ်သွား၏။ အစောက သူ ထွက်ပြေးခဲ့ခြင်းသည် ရွှေရောင်ခန္ဓာကိုယ်ပိုင်ရှင်ကို သိသိသာသာ စော်ကားလိုက်ခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။
၎င်း လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက်... ယနေ့သည် သူ ဤနေရာ၌ကျဆုံးဖို့ ကံပါလာသော နေ့ ဖြစ်ပေလိမ့်မည်။
ဘုန်း
အသံတိုးတိုးပေါက်ကွဲသံတစ်ခုက ကျန်းမင်ယန်ကို သတိပြန်ဝင်လာစေ၏။ သူ ပြန်ကြည့်လိုက်သောအခါ အစောပိုင်းက အဝေးကြီးတွင် ရှိနေသော လူငယ်လေးသည် မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ လက်ဖဝါးများကြားတွင် အေးစက်သော လေထု စီးဆင်းနေသည်။
ပစ်မှတ်က သူ့ဦးခေါင်း ဖြစ်ကြောင်း ထင်ရှားလှ၏။
ကံကောင်းထောက်မစွာဖြင့် သူ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထူထဲသော သစ်တုံးတစ်တုံးသည် ဘာမှမရှိရာမှပေါ်လာပြီး လူငယ်လေး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
သို့သော် ဝါးပင်ကို ခွဲစိတ်လိုက်သကဲ့သို့ တားဆီး၍မရနိုင်သော လူငယ်လေး၏လက်သီးချက်ကြောင့် ထိုသစ်တုံးသည် တစစီ ကြေမွသွားလေသည်။
"ရှီး"
ပုံမှန် အခြေအနေမျိုးတွင်ဆိုလျှင် ဤကဲ့သို့သော အင်အားမျိုးကို ကျန်းမင်ယန် မျက်တောင်တစ်ချက်ခတ်ရုံလောက်ပင် စိတ်ဝင်စားမည် မဟုတ်ပေ။
သို့သော် ယခုအချိန်က မတူတော့ပေ။
သူ့ဆီသို့ တိုးဝင်လာသော အေးခဲခြင်းစွမ်းအင်ကို ခံစားလိုက်ရသည့်အခါ ကျန်းမင်ယန်၏မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဘေးသို့ အလျင်အမြန် ရှောင်တိမ်းလိုက်ရ၏။
သူ လက်ချောင်းများကို ဖြန့်ကားလိုက်ရာ သစ်သားဆူးချွန်အများအပြား ဒလဟော ထွက်ပေါ်လာ၏။
သာမန်ဟု ထင်ရသော ထိုသစ်သားဆူးချွန်များသည် ရှန်းယီ၏အရေပြားနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် သူ၏အသားကို လွယ်ကူစွာ ဖောက်ထွင်းဝင်ရောက်သွားပြီး အတွင်းရှိ ကြက်သွေးရောင် တာအိုဝိညာဉ်ထံရောက်သွားသည်။
"..."
ရှန်းယီ၏မျက်ခုံးများ အနည်းငယ် တွန့်သွားသော်လည်း သူ ရှောင်တိမ်းခြင်း မပြုပေ။
ဟွမ်ယွမ်အဆင့်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့် တိုက်ခိုက်ခြင်း ဖြစ်သည်။
သူ့ထံတွင် ရွေးချယ်စရာ များများစားစား မရှိပေ။
တိုက်ခိုက်မှုကို တည့်တည့်ရင်ဆိုင်လိုက်ရင်း သူသည်လည်း ကျန်းမင်ယန်၏ရှေ့တည့်တည့်သို့ ရောက်သွားပြီး သူ၏လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။
ရေခဲကျောက်စိမ်းရွှမ်ပိုးမျှင်လက်ကို အစွမ်းကုန် ထုတ်သုံးလိုက်လေ၏။
မဟာချန်မင်းဆက် တစ်ခုလုံး၏အစွမ်းအထက်ဆုံး မှော်ရတနာသည် ယခုအခါ ၎င်း၏ စစ်မှန်သော စွမ်းအားကို ပြသနေပြီ ဖြစ်သည်။
နှင်းခဲများသည် ကျန်းမင်ယန်၏လည်ပင်းမှ ပေါက်ကွဲထွက်လာပြီး မကြာမီ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ ရေခဲကျောက်သလင်း သံချပ်ကာ ဝတ်ဆင်ပေးလိုက်သကဲ့သို့ ကျုံ့ဝင်သွား၏။
ဤကဲ့သို့သော အချိန်မျိုးတွင်ပင် ကျန်းမင်ယန်၏ စူးရှသော အာရုံခံစားမှုသည် ရှန်းယီ၏မျက်ဝန်းများအတွင်း ထူးဆန်းသော ပြောင်းလဲမှုများကို ဖမ်းမိလိုက်သေးသည်။
အကျိုးသက်ရောက်မှုကို မသိသော်လည်း သူသည် သူ၏ဝိညာဉ်ကို ချက်ချင်း တည်ငြိမ်အောင် လုပ်ပြီး အလိုအလျောက် မျက်လုံးများကို မှိတ်လိုက်၏။
ဤသည်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်း အတွေ့အကြုံမှ ပေါက်ဖွားလာသော ဗီဇပင် ဖြစ်သည်။
အေးခဲခြင်းစွမ်းအင် ဝင်ရောက်စီးနင်းထားသော လက်ဖဝါးတုန်ရင်နေစဉ် သူသည် ဂါမန္တန်ကို အသုံးပြုလိုက်ပြီး "မိုက်မဲတဲ့ ကောင်... မင်းအရှင်သခင်အတွက် သေပေးလိုက်စမ်း" ဟု အော်ဟစ်လိုက်၏။
ပေါက်ကွဲထွက်နေသော အဆိပ်ဆူးများသည် ရုတ်တရက် စုစည်းသွားပြီး ထူထဲသော လှံတံတစ်ချောင်းအဖြစ် ပြောင်းလဲကာ ရှန်းယီ၏ ကျောဘက်မှ ဖောက်ထွင်းသွားလေ၏။
ဖောက်
တောက်ပသော သွေးနီရောင်များသည် သူ၏ အနက်ရောင်ဝတ်ရုံကို ချက်ချင်း စိုရွှဲသွားစေသည်။
ရှန်းယီသည် အနည်းငယ် ငုံ့ကြည့်လိုက်ရာ သူ၏ ရင်ဘတ်မှ ထိုးထွက်နေသော လှံသွားကို တွေ့လိုက်ရလေ၏။
သူ သတိထားသော်လည်း ထိပ်တိုက်ရင်ဆိုင်မှုနှင့် ရုန်းကန်ရမှုများကို ဘယ်သောအခါမျှ မကြောက်ခဲ့ပေ။
သူ့ပြိုင်ဘက်သည် သာမန်လူသား ဖြစ်စေ၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်စေ... ယခင်ကရော ယခုပါသူ့အတွက် အရေးမကြီးပေ။
အလွန်တောက်ပသောလဒေါင်းနီရောင်အလင်းတန်း သည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။
သတ်ဖြတ်လိုသော အရှိန်အဝါသည် သူ၏ ချောမောသောမျက်နှာပေါ်တွင် ပေါ်လာသည်။
ရှန်းယီသည် ကျန်းမင်ယန်၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး သူ၏ညာလက်သီးတွင် အေးခဲခြင်းစွမ်းအင်၊ အဆိပ်နှင့် စူးရှသော အစိမ်းရောင် အလင်းတန်းများ စုစည်းနေသည်။
တစ်ခဏချင်းမှာပင် အားပါသော လက်သီးချက်သည် ထိုပုဂ္ဂိုလ်ကြီး၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားတော့သည်။
ဘုန်း
ကျန်းမင်ယန်၏မျက်နှာ တစ်ဝက်သည် တိုက်ရိုက် ကြေမွသွားလေ၏။
သူ ပြန်လည် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ဝမ်းဗိုက်သို့ ပြင်းထန်သော ကန်ချက်တစ်ချက် ထပ်မံ ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ကို နောက်သို့ လွင့်စင်သွားစေသည်။
ကျန်ရှိနေသော မျက်နှာတစ်ဝက်ပေါ်မှ မျက်လုံးသည် အလွန်ပြူးကျယ်နေလေ၏။
သူ၏မြင်ကွင်းထဲတွင် ကြမ်းကြုတ်သော ရွှေရောင်နဂါးခေါင်းကြီးက သူ့ကို တည့်တည့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နဂါးဟိန်းသံနှင့်အတူ ပါးစပ်ကြီးကို ဖြဲ၍ သူ့ထံ တည့်တည့် ကိုက်ချလိုက်သည်ကို သူ မြင်လိုက်ရ၏။
တစ်ချိန်တည်းမှာပင်...
အနက်ရောင်ဝတ်ရုံသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ သွေးများသည် ရှန်းယီ၏ နှုတ်ခမ်းများပေါ်တွင် စွန်းထင်းနေသော်လည်း သူ၏လက်များသည် ဓားရိုးကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
သူသည် ဖြောင့်စင်းသော ဓားကို ကျန်းမင်ယန်၏ နှလုံးတည့်တည့်သို့ ထိုးစိုက်လိုက်၏။
ဖောက်
သူသည် လေကို ရှူရှိုက်လိုက်ပြီး ဓားရိုးမှ လက်လွှတ်လိုက်သည်။
ကျန်းမင်ယန်၏ခန္ဓာကိုယ်ကို ဒေါသတကြီး သောင်းကျန်းနေသော ရွှေရောင်နဂါးကြီးက လုံးဝ ဝါးမြိုဖျက်ဆီးလိုက်သည်ကို သူ တည်ငြိမ်စွာပင် ကြည့်နေလိုက်တော့သည်။