← Chapters

အခန်း (၉၂၃-၉၂၄)

Vol. 56 Ch. 923-924

အခန်း (၉၂၃-၉၂၄)

Vol. 56 Ch. 923-924

အပိုင်း (၉၂၃)

ရန်နန်းဖေးက လှောင်ပြောင်သရော်လိုက်မိ၏။ “ဒီလိုအချိန်မျိုးမှာ ဘာလို့များ လျှို့ဝှက်ချက်တွေကို ပြောနေရသေးတာလဲ။ ကောင်းကင်ပင်လယ်နန်းဆောင်ကို ကြည့်လိုက်၊ သွေးဝိညာဉ်တပ်တော်ဆိုတာ ထွက်ပေါ် လာခဲ့ပြီ။ အင်အားတစ်သောင်းနဲ့ သူတို့က ပျံ့ရှောင်း၊ ကျန်းချုံးနဲ့ အနောက်ပိုင်းဒေသက နိုင်ငံပေါင်း ဆယ်နိုင်ငံကျော်ကို ဖျက်ဆီးပစ်ခဲ့ပြီ။”

ထို့အပြင် စေတီတောင်၏ ငရဲတပ်တော်ကလည်း ချောင်ပြည်နယ်နှင့် ဆက်နွယ်မှု ရှိကောင်းရှိနိုင်၏။ စေတီတောင်နှင့် ပတ်သက်လျှင် ရန်နန်းဖေး၏ ခံစားချက်များက တကယ်ကို ရှုပ်ထွေးသည်။

တစ်ဖက်တွင် စေတီတောင်၏ ပံ့ပိုးမှုကို သူက မစွန့်လွှတ်နိုင်ပေ။ တခြားတစ်ဖက်မှာတော့ တောင်ဘက်ပိုင်းရှိ ကျွန်းဆွယ်ကြီးနှင့် တောင်ပင်လယ်ဓားဂိုဏ်းတို့ကို စေတီတောင်က သိမ်းပိုက် ရယူသွားခဲ့၏။ ထိုအရာကို သူက မုန်းတီး၏။ တောင်ပင်လယ်ကို လွှမ်းမိုး ထိန်းချုပ်နိုင်ရန် သူတို့က ကြီးမားသည့်ငလျင်နှင့် ဆူနာမီများကို ဖန်တီးရန်ပင် ဝန်မလေးခဲ့ချေ။

ဤသည်က မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ သူတို့က တောင်ပင်လယ်တစ်ခုလုံးကို တားမြစ်နယ်မြေအဖြစ် ပြောင်းလဲလိုသည်က ထင်ရှား၏။ မည်သည့်သင်္ဘောမှ ဝင်ရောက်ခွင့် မရှိပေ။ ထို့ကြောင့် တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ရွှယ်ကလန်ကို ဖျက်ဆီးခဲ့သည်က ရှမ့်လန် မဟုတ်ပေ။ စေတီတောင်သာလျှင် ဖြစ်၏။

ကျိုးကျောင်းရန်၏ စကားများက ဟန်ဆောင်လွန်းသည်ဟု ထင်ရသော်လည်း တကယ့်ကို မှန်ကန်၏။ ကျောက်မဲကျွန်းတွင် စေတီတောင် တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်က ကြီးမားလွန်း၏။ မှန်းဆ၍ မရနိုင်အောင်ပင် ကြီးမား၏။ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးများက မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းပြီး ယခုတိုင် ရှာဖွေစူးစမ်းနေရဆဲပင်။

ဤအရာက လူများကို မည်သည့်အရာများ အမှတ်ရစေသနည်း။ မိစ္ဆာတြိဂံနယ်မြေ မဟုတ်ပါလား။ ရှေးဟောင်း ယဉ်ကျေးမှု ပျက်သုဉ်းပြီးနောက် မရေတွက်နိုင်သည့်နိုင်ငံများနှင့် မြို့ပြများက ပင်လယ်ကြမ်းပြင် တွင်းနက်ကြီးထဲသို့ ရောက်သွားခဲ့၏။

ရှေးဟောင်းအပျက်အစီးဆိုသည်က အဆောက်အအုံတစ်ခု ဖြစ်နိုင်သလို မြို့တော်တစ်ခု သို့မဟုတ် ရှေးဟောင်း အင်ပါယာကြီးတစ်ခုလည်း ဖြစ်နိုင်၏။ သို့သော်ငြား ရှေးဟောင်းအမွေအနှစ်က ကြီးမားလေ အကျိုးအမြတ် များပြားလေပင်။

ယခုတစ်ကြိမ် တောင်ပင်လယ်နှင့် ကျွန်းစုများကို လွှမ်းမိုးနိုင်ရန် စေတီတောင်က ရွှယ်ကလန်ကို သုတ်သင် ရှင်းလင်းရမည့် တန်ဖိုးကို ပေးဆပ်ရန်ပင် ဝန်လေးခြင်း မရှိခဲ့ချေ။ ရှေးဟောင်းအမွေအနှစ် မည်မျှကြီးမားကြောင်း ထင်ရှားလှ၏။

ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့က သဘာဝလွန် အင်အားစုများ ဖြစ်ကြ၏။ ယခု စေတီတောင်က ထိုမျှကြီးမားသည့် အကျိုးအမြတ်များကို ရရှိနေသည့်အချိန်တွင် ကောင်းကင်ပင်လယ် နန်းဆောင်က မည်သို့လက်ပိုက်ကြည့်နေမည်နည်း။

စေတီတောင်၏ ရှေးဟောင်းအမွေအနှစ်များကို လုယူမည်လား။ ထိုကိစ္စက မဖြစ်နိုင်ပေ။ ယခု ကောင်းကင် ပင်လယ်နန်းဆောင်က သွေးဝိညာဉ်တပ်တော်ကို စေလွှတ်ပြီး အနောက်ပိုင်းဒေသကို သိမ်းပိုက်ချင်နေခြင်းက မိုင်တစ်သောင်း သဲကန္တာရထဲတွင် ရှေးဟောင်းအမွေအနှစ် ခြေရာလက်ရာတချို့ကို တွေ့ရှိထား၍ ဖြစ်နိုင်ချေ များသည်။ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့၏အမြင်တွင် သူတို့အချင်းချင်းကသည်သာ အကြီးမားဆုံး ပြိုင်ဘက်များ ဖြစ်၏။ ရှမ့်လန် ပြန်လာခြင်းက လောလောဆယ်တွင် ကြီးမားသည့်ကိစ္စ မဟုတ်သေးချေ။

ရန်နန်းဖေးက တုန်ယင်သွား၏။ “ရှမ့်လန် အင်အားကြီးမားလာမှာကို မကြောက်ဘူးလား။ သူ အားနည်းနေတုန်း အကြွင်းမဲ့အင်အားကို သုံးပြီး ဖျက်ဆီးပစ်ဖို့ အချိန်မနှောင်းလောက်ဘူး။ ဖျက်ဆီးပစ်သင့်တယ်။”

ဝူကျူးက ခဏမျှ တိတ်ဆိတ်သွားသည်။ “အင်ပါယာက အမိန့်မပေးသေးရွေ့ စေတီတောင်က နယ်မြေ ဖြတ်ကျော်မှာ မဟုတ်ဘူး။ ကျုပ်တို့ လွှမ်းမိုးရာနယ်မြေက တော်ဝင်ချန်နိုင်ငံနဲ့ လျန်နိုင်ငံတို့ပဲ။ ရွှဲ့ပြည်နယ်က ကောင်းကင်ပင်လယ်နန်းဆောင်နဲ့ သက်ဆိုင်နေတယ်။”

ကျိုးကျောင်းရန်က ပြော၏။ “ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ နန်းဆောင်သခင်က ဒီမှာ မရှိဘူး။ မင်းသမီးနင်ဟန်လည်း မရှိဘူး။ သခင်လေး ကျူးဟုန်ရွဲ့လည်း မရှိဘူး။”

ထျန်းနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောသည်။ “ကျုပ် တပ်သား ၇ သောင်းကို ခေါ်လာပြီး နုရှောင့်မြို့တော်မှာ တပ်စွဲထားခဲ့ပြီးပြီ။ ခင်ဗျားမှာ လူဘယ်နှစ်ယောက် ကျန်သေးလဲ။”

ရန်နန်းဖေးက ပြော၏။ “၂ သောင်းပါ။”

လူတစ်သိန်းခွဲအနက် ၂ သောင်းသာ ကျန်တော့၏။ အလုံးစုံ ချေမှုန်းခံရခြင်းဟု သတ်မှတ်နိုင်ပေသည်။

ရှုတင်းယုက ပြောသည်။ “ကျုပ်... ယင်ယွမ်အဖွဲ့အစည်းရဲ့ တပ်တော်အသစ်ဖြစ်တဲ့ လူတစ်သောင်းကို ခေါ်လာတယ်။ သူတို့က စေတီတောင်နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ လျှို့ဝှက်တပ်တော်တွေနဲ့ နှိုင်းယှဉ်လို့ မရဘူး ဆိုပေမဲ့ ရှမ့်လန်ရဲ့ ပထမနဲ့ ဒုတိယ နိဗ္ဗာနတပ်သားတွေထက်တော့ တိုက်ခိုက်ရေးစွမ်းရည်မှာ မနိမ့်ကျဘူး။”

“ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော်တွေထက်တောင် ပိုပြီး သန်မာကောင်း သန်မာနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကလည်း ဗလာသွေးမျိုးဆက်ပိုင်ရှင်တွေကို ပြုပြင်ပြောင်းလဲထားသူတွေ မို့လို့ပဲ။ ပြီးတော့ ကျုပ်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆေးဝါးတွေက ရှမ့်လန်ရဲ့ ဆေးထက် ပိုပြီးတော့ အားကောင်းတယ်။”

ယင်ယွမ်အဖွဲ့အစည်း၏ တပ်တော်သစ်ကို အတွင်းလူများက “ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်တော်” ဟု ခေါ်ဆိုကြ၏။ ဤတပ်တော် တည်ထောင်ခြင်းက သွေး၊ မျက်ရည်များနှင့် ပြည့်နှက်နေ၏။ အင်ပါယာ၏ အမိန့်တော်အရ ယင်ယွမ်အဖွဲ့အစည်းက ကြီးမားသည့် ကိုယ်ပိုင်တပ်တော်မျိုး တည်ထောင်ရှိခွင့် မရှိချေ။

သို့သော်ငြား ရှမ့်လန်က ယင်ယွမ်အဖွဲ့အစည်းမှ လူပေါင်းသောင်းနှင့်ချီကို သတ်ဖြတ်ရန် ပုလိပ်ရောဂါကို အသုံးပြုခဲ့၏။ ယင်ယွမ်အဖွဲ့အစည်းမှ အကြီးအကဲများက ထိုအကြောင်းပြချက်ဖြင့် အင်ပါယာထံ အသနားခံ ခဲ့ရ၏။ ထို့နောက်မှသာလျှင် ယင်ယွမ်အဖွဲ့အစည်းက တပ်တော်သစ်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်းပင်။

အင်ပါယာက ယင်ယွမ်အဖွဲ့အစည်း၏ သွေးမျိုးဆက်ပြောင်းလဲရေးမူဝါဒ ဆေးဝါးဖော်မြူလာများကို ယူကာ ကြည့်သေး၏။ ပြီးနောက် ထိုအရာများကို ပြည့်စုံစေရန် ကူညီပေးဖို့ စေတီတောင်နှင့် ကောင်းကင်ပင်လယ် နန်းဆောင်တို့ကို အမိန့်ပေးခဲ့၏။ ထိုအဖွဲ့အစည်းနှစ်ခု၏ အနည်းငယ်လေးသော ကူညီမှုဖြင့် အမှန်တကယ် ကွဲပြားခြားနားသည့် တန်ပြန်မှုတစ်ခုကို ရရှိခဲ့၏။

ရှမ့်လန်၏ သွေးမျိုးဆက်ပြုပြင်ပြောင်းလဲရေး ဆေးဝါးသည် ရွှေရောင်သွေးမျိုးဆက်နှင့် စေတီတောင်၏ ကူပိုးကောင်များ မှ ထုတ်လုပ်ထားခြင်းဖြစ်၏။ ထိုအရာက ဗလာသွေးမျိုးဆက် ရှိသူများ၏ စွမ်းအားကို လှုံ့ဆော်ပေးပြီး ပိုမိုသန်မာလာစေရုံသာလျှင်။ သို့သော်ငြား သူတို့၏ စိတ်နေသဘောထားက ပြောင်းလဲမှု မရှိချေ။ ထို့ကြောင့် နိဗ္ဗာနတပ်သားများက အာရုံစူးစိုက်မှု ကောင်းမွန်ပြီး အကင်းပါးသူများ ဖြစ်နေကြခြင်းပင်။

သို့သော်ငြား စေတီတောင်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့က ပြုပြင်မွမ်းမံပြီးနောက် နိဗ္ဗာနဆေးဝါးများက ပိုမိုကြမ်းကြုတ်ပြီး လွှမ်းမိုးစိတ်ပြင်းထန်၏။ ဆေးထိုးသွင်းပြီးနောက် ဗလာသွေးမျိုးဆက်များ၏ ခွန်အားနှင့် လျင်မြန်ဖြတ်လတ်မှုက အံ့မခန်း တိုးတက်လာခဲ့၏။ ရှမ့်လန်၏ နိဗ္ဗာနတပ်တော် တိုးတက်မှုထက် အမှန်တကယ် သာလွန်ပေ၏။ သို့သော်ငြား ပေးဆပ်ရသည့် တန်ဖိုးက ပြုပြင်ပြောင်းလဲခံရပြီးနောက် ဗလာသွေးမျိုးဆက် ပိုင်ရှင်များက အသက် ၄၀ ကျော်သည်အထိ အသက်ရှင်နိုင်ခြင်း မရှိတော့ချေ။

ရှမ့်လန်၏ ကွပ်ကဲမှုအောက်တွင် ဗလာသွေးမျိုးဆက်ရှိသည့် နိဗ္ဗာနတပ်သားများက လုံးဝပုံမှန်စစ်သည်များသာ ဖြစ်၏။ သို့သော်ငြား ယင်ယွမ်အဖွဲ့အစည်းအတွက် ဤသံမဏိသွေးတပ်တော်က တကယ့်ကို ရက်စက်လွန်းသော သတ်ဖြတ်ရေးစက်ရုပ်များ ဖြစ်လာခဲ့သည်။

ရှုတင်းယုက လက်ကို ဝှေ့ယမ်းလိုက်၏။ ယင်ယွမ်အဖွဲ့အစည်း၏ စစ်သည်သစ် ၁ သောင်းတို့က လမ်းမပေါ်တွင် သပ်ရပ်စွာ ပေါ်ထွက်လာခဲ့ကြ၏။ ခဏအတွင်းမှာပင် သွေးဆာလောင်နေသည့် လူသတ်ချင်လိုခြင်း အငွေ့အသက်များက မိုင်အနည်းငယ်အတွင်းရှိ တည်နေရာအနှံ့ကို လွှမ်းခြုံသွား၏။ သူတို့ဖြတ်သန်းသွားရာ နေရာတိုင်းရှိ လူတိုင်းက ကြက်သီးမွေးညင်းများပင်ထပြီး နေရထိုင်ရ ခက်ခဲစေ၏။

လူတစ်သောင်းက တပြိုင်နက်တည်း လှုပ်ရှားကြ၏။ ရှမ့်လန်၏ နိဗ္ဗာနတပ်တော်နှင့် တစ်ပုံစံတည်းပင်။ သို့သော်ငြား ထိုသူတို့ ထုတ်လွှတ်နေသည့် အရှိန်အဝါမှာတော့ တောရိုင်းတိရစ္ဆာန်များနှင့် တူညီနေပြီး လူများကို တုန်လှုပ် ချောက်ချားစေသည်။

“ဒါက ယင်ယွမ်အဖွဲ့အစည်းရဲ့ တပ်တော်သစ်၊ ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော်ရဲ့ အဆင့်မြင့်အရာပဲ။”

ရှုတင်းယုက အမိန့်ပေးလိုက်၏။ “သံမဏိသွေး ပထမတပ်တော် လှုပ်ရှားကြ...”

ရုတ်တရက် သံမဏိသွေးတပ်သား ၅၀၀ က ၅၀ ကီလိုဂရမ်လေးလံသည့် သူတို့၏ အထူးဓားကြီးများကို ဆွဲထုတ်ပြီး ခုတ်ပိုင်းကြ၏။ တစ်ချက်ခုတ်လျှင် တစ်ချက်ပြတ်ပင်။ လူ ၅ ထောင်တို့က သံမဏိ ရေစီးချောင်းကြီးတစ်ခုသဖွယ် လမ်းတလျှောက်ရှိ အရာအားလုံးကို ချေမှုန်းသွားကြ၏။ လမ်းတွင် မည်သည့်အရာနှင့် တွေ့သည်ဖြစ်စေ၊ အားလုံး အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။ အိမ်ဖြစ်စေ၊ နံရံဖြစ်စေ အရာအားလုံးတို့က ၂၀၀ ကီလိုဂရမ်လေးသည့် ဓားချက်အောက်တွင် ပြိုလဲပျက်စီးသွားကြ၏။

“ဒုတိယ သံမဏိသွေးတပ်တော်... လှုပ်ရှား။”

တခြားသော လူ ၅၀၀ တို့က ရုတ်တရက် လေးများကို ဆွဲ၍ မြားများကို တပ်ဆင်၏။ သူတို့၏ လေးတိုင်းက ရှမ့်လန်၏ ဒုတိယနိဗ္ဗာနတပ်တော်နှင့် အတူတူပင်။ အားလုံးက ၂ ပိသာလေးများ ဖြစ်ပြီး ပိုမိုသန်မာကြောင်းကို ပြသရန်အတွက် တစ်ချို့က ၂ ပိသာခွဲအား ရှိသည့် လေးများကိုပင် အသုံးပြုထားကြသည်။

“ပစ်...” ရှုတင်းယုက အမိန့်ပေး၏။

ဒုတိယ သံမဏိသွေးတပ်တော်၏ မြား ၅၀၀ တို့က ရူးသွပ်စွာဖြင့် ပျံထွက်သွား၏။ ထိုအရာက တုန်လှုပ်ဖွယ်ရာ ကောင်းသည့် မြားမိုးကြီးတစ်ခုဖြစ်ပြီး မြားတစ်စင်းစီက ရှစ်ကျပ်သားခန့် လေးလံ၏။ ရုတ်တရက် ပျံထွက်သွားသော မြားများက မုန်တိုင်းတစ်ခုကဲ့သို့ပင် အရာခပ်သိမ်းကို ဖျက်ဆီးသည်။

သူတို့၏ပစ်မှတ်က ခိုင်ခံ့သည့် အိမ်တစ်လုံး ဖြစ်၏။ သစ်သားနှင့် ပြုလုပ်ထားသော်လည်း လူတစ်ယောက်၏ ပေါင်လုံးခန့်ထူသည့် တိုင်ကြီးများနှင့် တည်ဆောက်ထား၏။ နောက်ဆုံး ဒုတိယသံမဏိသွေးတပ်တော်ကြောင့် အိမ်က အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားခဲ့၏။ အပေါက်ဗရပွနှင့် တိုက်ရိုက်ပင် အိမ်က ပြိုကျသွားခဲ့၏။

“အဝေးကို ပစ်...” ရှုတင်းယုက နောက်ထပ် အမိန့်တစ်ခုကို ပေးသည်။

ယင်ယွမ်အဖွဲ့အစည်း၏ ဒုတိယ သံမဏိသွေးတပ်တော်က မီတာ ၃၀၀ အကွာရှိ အရုပ်များကို ချိန်ရွယ်ပြီး ပစ်ခတ်၏။

“ရွှီ... ရွှီ...”

နောက်တစ်ကြိမ် မုန်တိုင်းတစ်ခုကဲ့သို့ပင် မီတာ ၃၀၀ အကွာရှိ အရုပ်ထောင်ပေါင်းများစွာတို့က အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။ ဤအရုပ်များကို သစ်သားဖြင့် ထွင်းထုထားပြီး တကယ်လည်း ခိုင်မာ၏။ သို့သော်ငြား မီတာ ၃၀၀ အကွာရှိ မြားမိုးရွာသွန်းမှုကြောင့် စုတ်ပြတ်သပ်သွားရ၏။ သေစေနိုင်သည့် စွမ်းအားက တကယ်ကို တုန်လှုပ်ဖွယ်ရာ ကောင်းသည်။

ရှုတင်းယုက ပြော၏။ “ကျုပ်ရဲ့ သံမဏိသွေးတပ်တော် ၁ သောင်းကို ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော် ပုံစံအတိုင်း စိတ်ကူးယဉ် တည်ဆောက်ထားခဲ့တာပဲ။ အင်ပါယာရဲ့ ကျေးဇူးတော်၊ ကောင်းကင်ပင်လယ် နန်းဆောင်နဲ့ စေတီတောင်တို့ရဲ့ အကူအညီတွေကြောင့် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက သဘာဝလွန် အင်အားစုတွေရဲ့ လျှို့ဝှက်တပ်တော် ၂ ခုလောက် အားမကောင်းဘူး ဆိုရင်တောင်မှ ရှမ့်လန်ရဲ့ နိဗ္ဗာန တပ်တော်ထက်တော့ အများကြီး ပိုသာတယ်။

အရှင်ရန်နန်းဖေး... ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိသွေးတပ်သား ၁ သောင်းနဲ့ဆိုရင် နုရှောင့်မြို့တော်ကို ကာကွယ်ဖို့ ယုံကြည်ချက် ရှိပြီလား။”

ရန်နန်ဖေးက မျက်လုံးကို မှိတ်ပြီး ရှမ့်လန်၏ ဦးခေါင်းခွံတပ်တော် တိုက်ခိုက်ရေးစွမ်းရည်ကို စိတ်ကူးယဉ် ကြည့်၏။ ထိုသူတို့က တကယ့်ကို သန်မာ၏။ အထူးသဖြင့် ပင်လယ်ပြင်၌ တိုက်ခိုက်သည့် အချိန်တွင် ယှဉ်နိုင်သူ မရှိသလောက်အောင်ပင်။ သို့သော်ငြား ရေတပ်အား မြို့ကို တိုက်ခိုက်ရန် အသုံးပြုနိုင်ပါ့မလား။ မဖြစ်နိုင်ချေ။

ဤပင်လယ်ဓားပြများက ပင်လယ်ပြင်တွင် တိုက်ခိုက်ရန်သာ သင့်တော်၏။ ကုန်းမြေပေါ်တွင် မဟုတ်ချေ။ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်အရ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်တော်က ပိုမိုသန်မာ၏။ ထို့အပြင် သူတို့၏ လက်ထဲတွင် အလွန်ခိုင်ခံ့သည့် ရဲတိုက်တစ်ခုလည်း ရှိနေသေး၏။ ထိုရဲတိုက်က တစ်ခါမှ ကျရှုံးခဲ့ဖူးခြင်း မရှိချေ။

ကျူးကျွင်း၏ တပ်သား ၇ သောင်း၊ ရန်နန်းဖေး၏ တပ်သား ၂ သောင်းနှင့် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်သား ၁ သောင်း။ နုရှောင့်မြို့တော်ကို ကာကွယ်မည့် တပ်သား ၁ သိန်းအပြင် လက်ထဲတွင် ခိုင်မာသည့် ရဲတိုက်တစ်ခု ရှိနေပါလျက်နှင့် အဘယ်သို့ မကာကွယ်နိုင်ဘဲ နေမည်နည်း။ ရန်နန်းဖေးက မကာကွယ်နိုင်ဘူးဟု လုံးဝ မယုံကြည်နိုင်ပေ။

ထိုအချိန်တွင် စေတီတောင်မှ ဝူကျူးက ပေါ်လာ၏။ သူက ထူးခြားသည့် မြားတစ်စင်းကို ထုတ်ယူလာ၏။ “သူတို့ကို ခေါ်ခဲ့တော့။”

အမိန့်ပေးသံ အဆုံးမှာပဲ သုံ့ပန်း ၁၀ ဦးကျော်က မီတာ ၃၀၀ အကွာ၌ ပေါ်လာ၏။ ဝူကျူးက မြားကို တပ်ဆင်ပြီး ပစ်လွှတ်သည်။

“ရွှီ...”

ထိုမြားက မီးခိုးတစ်ခုကဲ့သို့ ပြေးထွက်သွားပြီး မီတာ ၃၀၀ အကွာရှိ လေထုထဲတွင် ပေါက်ကွဲသွား၏။

ထူထဲသည့် အစိမ်းရောင်မြူခိုးတစ်ခုက ရုတ်တရက် ဖြာထွက်လာပြီး ၁၀ စတုရန်းမီတာကျော် ကျယ်ဝန်းသည့် ဧရိယာကို လွှမ်းခြုံသွား၏။ ကူပိုးကောင် သန်းပေါင်းများစွာတို့က ကြမ်းကြုတ်စွာ ပြေးထွက်သွားခဲ့ကြပြီး ထိုသုံ့ပန်း ၁၀ ဦးကျော်တို့ကို ခုန်အုပ်သည်။

“အား... အား....”

စူးရှသည့် အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး သုံ့ပန်းများက ပြည်နှင့် သွေးများအဖြစ်သို့ ပြောင်းလဲသွားပြီး အလောင်းကောင် ပီပီသသပင် မကျန်ဘဲ သေဆုံးသွားခဲ့၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အသားနှင့် သွေးအားလုံးက ကုန်ဆုံးသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အဖြစ် ပြောင်းလဲသွားသည့် အရိုးခြောက်ကြီးသာ ကျန်ရစ်ခဲ့တော့၏။ စွမ်းအင်က တကယ့်ကို တုန်လှုပ်ဖွယ်ရာပင်။ စက္ကန့်အနည်းငယ်အတွင်း သုံ့ပန်းများက တစ်စစီ ဖြစ်ကုန်ကြ၏။

ဝူကျူးက ပြောသည်။ “အရင်တုန်းက ကျုပ်တို့ ရွှယ်ကလန်ကို အဆင့် ၂ အလောင်းပုပ်သိုး ကူပိုးကောင်တွေ ပေးခဲ့တယ်။ ဒါပေမဲ့ ဝူတူကျိရဲ့ သစ္စာဖောက်မှုကြောင့် ရှမ့်လန်က ကာကွယ်ရေး နည်းပညာကို သိရှိသွားပြီး ကာကွယ်ဆေးတွေကို ဖန်တီးနိုင်ခဲ့တယ်။ ဒါကြောင့် ရွှယ်ကလန်နဲ့ တိုက်ပွဲမှာ သူတို့က အဆင့် ၂ အလောင်းပုပ်သိုးကူပိုးကောင်တွေကို ရရှိခဲ့တယ်ဆိုပေမဲ့ အသုံးမဝင်ခဲ့ဘူး။ ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်တော်ကို မသတ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ အခု ကျုပ်တို့ရဲ့ မြားထဲမှာတော့ အဆင့် ၃ အလောင်းပုပ်သိုးစေတဲ့ အဆိပ်ပိုးကောင်တွေ ပါတယ်။ ဝူတူကျိဆီမှာ ဒီအရာကို ကာကွယ်နိုင်တဲ့ နည်းပညာ မရှိဘူးဆိုတော့ သဘာဝကျကျပဲ ရှမ့်လန်ဆီမှာလည်း ရှိမှာမဟုတ်ဘူး။ ယင်ယွမ်အဖွဲ့အစည်းရဲ့ ဒုတိယ သံမဏိသွေးတပ်တော်မှာ အံ့မခန်း မြားပစ်စွမ်းရည် ရှိတယ်။ သူတို့က မီတာ ၃၀၀ အကွာက ပစ်မှတ်ကို ထိအောင် ပစ်နိုင်တယ်။

တစ်ချိန်တည်းမှာပဲ အဲဒီ အဆင့် ၃ ကူပိုးကောင်တွေက ဘယ်ကာကွယ်ရေး၊ ဘယ်သံချပ်ကာကိုမဆို လုံးဝ လျစ်လျူရှုနိုင်တယ်။ မြားတစ်စင်း ပေါက်ကွဲပြီးရင် အဆိပ်ပိုးကောင်တွေက ၁၀ စတုရန်းမီတာကျော် ဧရိယာကို လွှမ်းခြုံသွားလိမ့်မယ်။ ရှမ့်လန်ရဲ့ တပ်တော်အပါအဝင် ဘယ်လောက်စွမ်းအားကြီးတဲ့ တပ်တော်ကိုမဆို သတ်ဖြတ်ပစ်နိုင်တယ်။”

ရန်နန်းဖေးက ဝမ်းသာအားရ ဖြစ်သွားသည်။ “အရှင်ဝူကျူး... ဒီအဆိပ်ပိုးကောင်မြားကို ဘယ်နှစ်စင်းလောက် ပေးနိုင်မလဲ။”

“၃ သောင်းလောက်ဆို လုံလောက်လား။” ဝူကျူးက မေး၏။

“လုံလောက်ပါတယ်။ လုံလောက်ပါတယ်။ လုံးဝကို လုံလောက်တာပေါ့။” ရန်နန်းဖေးက အလျှင်အမြန် ပြန်ဖြေသည်။

မြားတစ်စင်း ပေါက်ကွဲလျှင် ၁၀ စတုရန်းမီတာကျော်အတွင်း သတ်ဖြတ်နိုင်၏။ ယင်ယွမ်အဖွဲ့အစည်း၏ ဒုတိယ သံမဏိသွေးတပ်တော်၏ အံ့မခန်း မြားပစ်စွမ်းရည်အရဆိုလျှင် မြား ၃ သောင်းက လူ ၂ သိန်းကို သတ်ဖြတ်ရန် လုံလောက်ပေ၏။

နုရှောင့်မြို့ကို တိုက်ခိုက်ရန် ရှမ့်လန်က တပ်သားဘယ်နှစ်ယောက်ကို စေလွှတ်မည်နည်း။ အနည်းဆုံး လူ ၂ သောင်းမှ ၃ သောင်းထက် ပိုလိမ့်မည် မဟုတ်ချေ။

သူ ရန်နန်းဖေးတွင် စစ်သည်ပေါင်း တစ်သိန်း၊ ကူပိုးကောင် မြားပေါင်း ၃ သောင်း၊ အင်အားကြီး သံမဏိသွေးတပ်သား ၁ သောင်းနှင့် ခိုင်ခံ့သည့် ရဲတိုက်ကြီးတစ်ခု ရှိ၏။ ထိုအရာကိမှ ရှမ့်လန်ကို မနိုင်သေးလျှင် ဤလောကကြီးတွင် ဆက်လက် အသက်ရှင်ဖို့ဆိုသည်က တကယ့်ကို အရှက်စရာ ကောင်းပေလိမ့်မည်။

xxx

အပိုင်း (၉၂၄)

ကျူးကျွင်းက မေး၏။ “ရန်နန်းဖေး... အခု နိုင်နိုင်ပြီလား။”

“နိုင်နိုင်ပါပြီ။”

ရန်နန်းဖေးက ပြောသည်။ “ကျုပ် စစ်ရေးကတိပြုလိုတယ်။ နုရှောင့်မြို့ တိုက်ပွဲမှာ ရှမ့်လန်ကို မနိုင်ရင်၊ ရှမ့်လန်ရဲ့ တပ်တော်ကိုသာ မဖျက်ဆီးနိုင်ရင် ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်။”

လက်တွေ့တွင် စစ်ရေးကတိပြုရန် မလိုအပ်ပေ။ ရန်နန်းဖေး နုရှောင့်မြို့တော်ကို လက်လွှတ်ဆုံးရှုံးပါက အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ကျူးကျွင်းက ပြော၏။ “ကောင်းပြီ။ အရှင် ရန်နန်းဖေးက ဒီလိုဆန္ဒရှိတာ ကောင်းတယ်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထား။ ရှမ့်လန် ပြန်လာတယ် ဆိုတာမျိုး မရှိဘူး။ ခင်ဗျား ဖျက်ဆီးလိုက်တာက ရှမ့်လန် နာမည်သုံးထားတဲ့ အနောက်တိုင်း ပင်လယ်ဓားပြတစ်ယောက်ရဲ့ တပ်ပဲ။ ရှမ့်လန်က သေသွားခဲ့ပြီ။ နားလည်လား။”

ချက်ချင်းပဲ ရန်နန်းဖေးက နားလည်သွား၏။ ရှမ့်လန် ပြန်လာကြောင်း သူ သတင်းပို့စဉ်က အထက်လူကြီးများ ဆီမှ မည်သည့် တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။ တော်ဝင်ရန်မြို့တော် အကြောင်းကိုထားဦး။ ဘုရင်နင်ရှောင်ကပင် မည်သည့်အမိန့်မှ မပေးခဲ့ချေ။ ထိုအကြောင်းကြောင့် ဖြစ်ပုံပေါ်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ပြန်လာခြင်း က မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သည့် နှစ်နှစ်က ရှမ့်လန်ကို ဝိုင်းဝန်းဖျက်ဆီးရန် အင်ပါယာက လောက၏ တပ်တော်တစ်ဝက်ကို အမိန့်ပေးခဲ့ရ၏။ ကျန်းလီ၏ လက်ကျန်အင်အားစု အားလုံးကို ဖျက်ဆီးပစ်တော့မည်ဟု ပြောဆိုခဲ့ရ၏။

ယခု ရှမ့်လန် ပြန်ရောက်လာပြီဆိုတော့ လောကကြီးက မည်သို့ ထင်မည်နည်း။ ဘာတွေဖြစ်နေသနည်း။ ဤမျှ ကြီးမားသည့် အင်အားကြီးနှင့်တောင် ရှမ့်လန်ကို မဖျက်ဆီးနိုင်ပေဘူးလားဟု အဓိပ္ပာယ် သက်ရောက်ပေမည်။

ထို့ကြောင့် ရှမ့်လန် ပြန်လာသော်လည်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေကြခြင်းပင်။ ရှမ့်လန် မဟုတ်ကြောင်း၊ သတ္တိကောင်းသည့် လူတစ်ယောက်က ရှမ့်လန် အယောင်ဆောင်ထားခြင်းဖြစ်ကြောင်း လူသိရှင်ကြား ကြေညာ ရမည်။ သူတို့က ရန်နန်းဖေးကို ရှမ့်လန်အား တိတ်တဆိတ် ဖျက်ဆီးစေလိုပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင် စေလိုကြသည်။

ရန်နန်းဖေးက ချက်ချင်း နားလည်လိုက်၏။ နောက်ထပ်အမိန့်များ ရှိတော့မည် မဟုတ်ချေ။ ယင်ယွမ် အဖွဲ့အစည်း မှ ဖြစ်စေ၊ ရွှဲ့ဘုရင်ထံမှ ဖြစ်စေ၊ မည်သည့်အမိန့်မှ လာတော့မည် မဟုတ်ပေ။

ကျူးကျွင်းက ပြော၏။ “အရှင်ရန်နန်းဖေး... ဒီတစ်ခေါက် ကောင်းကင်ပင်လယ်နန်းဆောင်က စစ်တပ်ကို မလွှတ်ပေးပေမဲ့ ခင်ဗျားကို ပံ့ပိုးပေးဖို့ အားလုံး ကြိုးစားထားတယ်။ ခင်ဗျားအခု ပိုင်ဆိုင်ထားတဲ့ အင်အားက ရှမ့်လန်ထက် အဆပေါင်း သောင်းနဲ့ချီသာတဲ့ မကြုံစဖူး အင်အားပဲ။ ရှမ့်လန်ရဲ့ ရေတပ် ဘယ်လောက်ပဲ သန်မာနေပါစေ ကုန်းပေါ်ကို မတက်နိုင်ဘူး။ သူ့ရဲ့ ပင်လယ်ဓားပြတွေက ဘယ်လောက်ပဲ အားကောင်းပါစေ ရဲတိုက်ကို မသိမ်းနိုင်ဘူး။ ဒါကြောင့် နုရှောင့်မြို့က ရှမ့်လန်လက်ထဲကို လုံးဝ ကျရောက်သွားလို့ မဖြစ်ဘူး။ နားလည်လား။”

“နားလည်ပါတယ်။” ရန်နန်းဖေးက ပြန်ပြောသည်။

ကျူးကျွင်းက ပြော၏။ “ဒါပေမဲ့ ရှမ့်လန်ကို လုံးဝ ဖျက်ဆီးပစ်ဖို့အတွက် ဘယ်လောက်ကြီးမားတဲ့ တန်ဖိုးကိုပဲ ပေးဆပ်ရပါစေ တန်တယ်။ နားလည်လား။”

“နားလည်ပါတယ်။”

ကျူးကျွင်းက လက်ခုပ်တီးလိုက်၏။ လူ ၃၀ တို့က ရန်နန်းဖေး၏ ရှေ့တွင် ပေါ်လာသည်။

“ဒါတွေအားလုံးက ထိပ်တန်းသိုင်းပညာရှင်တွေချည်းပဲ။ ဘယ်သူမှ မဟာပညာရှင်ရဲ့ အောက်ကို မနိမ့်ဘူး။”

ကျူးကျွင်းက ပြော၏။ “ဒီထိပ်တန်းသိုင်းပညာရှင် ၃၀ ကို ကွပ်ကဲဖို့ ခင်ဗျားကို ပေးမယ်။ ရည်မှန်းချက်က တစ်ခုတည်းပဲ။ ရှမ့်လန်ရဲ့တပ်တော်ကို ဖျက်ဆီးပြီး ရှမ့်လန်ကို သတ်ပစ်ဖို့။ ရှမ့်လန်ကို အောင်မြင်အောင် သတ်ဖြတ်နိုင်တယ်ဆိုရင် ခင်ဗျား နယ်စားကြီးဘွဲ့ ရမယ်။ ဒါပေမဲ့ ကျရှုံးခဲ့ရင်တော့...”

ကျူးကျွင်းက စကားကို ဆုံးအောင် မပြောတော့သလို ဆုံးအောင် ပြောနေစရာလည်း လိုတော့မည် မထင်ပေ။

ရန်နန်းဖေးက ပြောသည်။ “ကျုပ် စစ်ရေးကတိပြုပြီးပါပြီ။”

ကျူးကျွင်းက ပြော၏။ “ကျုပ် ထျန်းနန်မြို့မှာ ရှိနေတုန်းပဲ။ ထန်ယွင်က နုကျန့်မြို့မှာ ရှိနေတယ်။ ကျူးဝမ်ဟွာက ရွှမ်ဝူမြို့မှာ ရှိနေတယ်။ ကျုပ်တို့က လှုပ်ရှားမှာ မဟုတ်ဘူး။ မြို့စားနင်ယီကလည်း ထျန်းရွှဲ့မြို့မှာ ရှိနေတုန်းပဲ။ ရွှဲ့ဘုရင်က နန်းတော်ထဲမှာ ရှိနေတယ်။ ကျုပ်တို့ ဘာမှမသိဘူး။ ရှမ့်လန် ပြန်လာတာမျိုးလည်း မရှိဘူး။ အရာအားလုံးက နုရှောင့်မြို့တော် ဒီနေရာမှာပဲ ပြီးဆုံးသွားရမယ်။ နားလည်တယ်မလား။”

“နားလည်ပါတယ်။”

ကျူးကျွင်းက ပြောသည်။ “နုရှောင့်မြို့ ကျရှုံးသွားတာနဲ့ ရှမ့်လန်ရဲ့ နောက်တစ်ဆင့်က ရွှမ်ဝူနယ်စားအိမ်တော်ကို တိုက်ခိုက်မယ်ဆိုတာ မင်း သိသင့်တယ်။ အဲအချိန်ရောက်ရင် သခင်မလေး ကျိုးကျောင်းရန်ကလည်း အခု ရထားတဲ့ ရဲတိုက်ကို စွန့်ခွာရလိမ့်မယ်။ အရေးကြီးဆုံးက ရှမ့်လန် ပြန်လာတဲ့ သတင်းကို ဖုံးဖိထားလို့ရမှာ မဟုတ်တော့ဘူး။ လောကကြီးထဲမှာ ကျန်းလီကို တမ်းတနေတဲ့ အောက်ခြေလူတန်းစားတွေက ဘယ်လောက် များလဲ သိသင့်တယ်။ ဒါက ဘယ်လောက်ထိ ဝရုန်းသုန်းကား ဖြစ်စေမလဲ။ သက်ရောက်မှုက ဘယ်လောက်တောင် ကြီးမားလိမ့်မလဲ။”

ရန်နန်းဖေးက ပြော၏။ “သခင်ကြီးကျူးကျွင်း... ကျုပ် တကယ် နားလည်ပါပြီ။”

ကျူးကျွင်းက ပြောသည်။ “ဒါကြောင့် ရှမ့်လန်ကို ကုန်းပေါ်ကို ခြေချခွင့် မပေးနဲ့။ သူ ပြန်လာတဲ့ အကြောင်း အရှေ့တိုင်းလောကကြီး တစ်ခုလုံးကို မသိစေနဲ့။ နားလည်ပြီလား။ ကောင်းကင်ပင်လယ်နန်းဆောင်နဲ့ စေတီတောင်ကို လှုပ်ရှားဖို့ ဖိအားမပေးနဲ့။ ပြီးတော့ တော်ဝင်ရန်မြို့တော်ကို တိုက်ခိုက်ခွင့်ဆို ပိုလို့တောင် မပေးနဲ့။

ကျန်းလီတုန်းက တော်ဝင်ရန်မြို့တော်ကို လှုပ်ရှားစေခဲ့တာကြောင့် တရှိန်ထိုး ချေမှုန်းခံရပြီးပြီ။ ရှမ့်လန်လိုကောင် ကြောင့် တော်ဝင်ရန်မြို့တော်က နှစ်ခါပြန် လှုပ်ရှားရမယ်ဆိုရင် ကျန်တဲ့လောကကြီးက တော်ဝင်ရန်မြို့တော် ကို ဘယ်လိုမြင်မလဲ။

ဒါက အင်ပါယာအတွက် လောကကြီးတစ်ခုလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေဖို့ အရေးကြီးနေတဲ့ အချိန်ကာလ ပဲ။ အုပ်ချုပ်ရေးမှာ ဘာအမှားအယွင်းမှ မရှိစေရဘူး။ ရှမ့်လန်သာ ကုန်းပေါ်ကို ခြေချပြီး ဘုရင်တစ်ပါး ပြန်လာသလိုမျိုး ဟန်ရေးပြခွင့်ရသွားရင် ခင်ဗျား သဘာဝကျကျ ဆိုးဆိုးဝါးဝါး သေရလိမ့်မယ်။ ကျုပ်တို့လည်း ဒုက္ခရောက်လိမ့်မယ်။”

ပြီးနောက် ကျူးကျွင်းက လက်သီးကို ဆုပ်ကာ ပြော၏။ “ဒါကြောင့် ဒီက အခြေအနေကို မြို့စားရန် လက်ထဲကို အပ်ခဲ့လိုက်မယ်။ ခင်ဗျားက အရည်အချင်းမြင့်မားပြီး ကြမ်းကြုတ်တဲ့ စစ်သူကြီးတစ်ယောက်ပါပဲ။ ခင်ဗျားရဲ့ လက်ထဲမှာ ကျုပ်တို့ စိတ်ချလက်ချ နေနိုင်ပါပြီ။”

“မင်းတို့ အယောက် ၃၀... သခင်ကြီးရန်နန်းဖေးရဲ့ အမိန့်ကို နာခံရမယ်။ နားလည်လား။”

“ကောင်းပါပြီ။” မဟာပညာရှင် ၃၀ က ပြိုင်တူဖြေကြား၏။ ချက်ချင်းပဲ တုန်လှုပ်ဖွယ်ရာကောင်းသည့် ဓားအရှိန်အဝါ ၃၀ က ကောင်းကင်ပေါ် ထိုးတက်လာသည်။

“ဒါဆိုလည်း ပြန်တော့မယ်။ ရှမ့်လန်ကို လုံးဝ ချေမှုန်းလိုက်ပြီဆိုတဲ့ သတင်းကောင်းကို စောင့်နေမယ်။”

ကျူးကျွင်းက ပြော၏။ “နှုတ်ဆက်ပါတယ်။”

ဝူကျူးက ပြောသည်။ “တောင်ဘက်မှာ ကိစ္စတွေက အရမ်းများတယ်။ ကျုပ် ဒီမှာ ကြာကြာနေလို့ မဖြစ်ရဘူး။ ထွက်သွားတော့မယ်။”

ကျိုးကျောင်းရန်က ပြော၏။ “သခင်ရန်... ကျင်းချန်ကျွန်းပေါ်မှာ ကြီးမားတဲ့ သတ္တုတွင်းကြီးရှိတယ်။ ရှင်ရယ်၊ ကျွန်မရယ်၊ သခင်ကြီးထန်ရယ် အညီအမျှ ခွဲယူကြတာပေါ့။ ရွှမ်ဝူနယ်စားအိမ်တော်ကို လောလောဆယ် ကျွန်မတို့ မိသားစု သိမ်းပိုက်ထားတယ်။ နုရှောင့်မြို့ကို ဆုံးရှုံးသွားရင် ကျင်းချန်ကျွန်းကိုလည် ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ မြို့စားအိမ်တော်လည်း ဆုံးရှုံးလိမ့်မယ်။ ရွှမ်ဝူမြို့နဲ့ နုကျန့်စီရင်စုအားလုံး ဆုံးရှုံးလိမ့်မယ်။ ကျွန်မတို့အားလုံး စိတ်ချလက်ချ အနားယူနိုင်မလားဆိုတာ သခင်ရန် အပေါ်မှာပဲ အလုံးစုံ မူတည်နေတယ်။”

ရန်နန်းဖေးက အေးစက်စက်နှင့် ရယ်မောလိုက်သည်။ “မပူနဲ့။ ဒီကိစ္စအတွက် ကျုပ် အသက်နဲ့ရင်းပြီးတော့ လောင်းကြေး ထပ်ထားပါတယ်။”

“နှုတ်ဆက်ပါတယ်။”

ကျိုးကျောင်းရန်က ပြော၏။ “ဒါဆိုရင် ကျွန်မ ဝူအန်းမြို့စားအိမ်တော်ကို ပြန်ပြီး ရှင့်ရဲ့ အောင်ပွဲသတင်းကို စောင့်နေပါမယ်။ ရှမ့်လန် ခေါင်းဖြတ်ခံရရင် ကျွန်မကို ပြပါ။ သူ့ရဲ့မျက်နှာကို တံတွေးနဲ့ ထွေးချင်လို့။”

ရန်နန်းဖေးက ပြောသည်။ “သခင်မကျိုး... ခင်ဗျားလည်း ဒီလောက် အလုပ်များနေတာလား။ နုရှောင့်မြို့တော်ရဲ့ တိုက်ပွဲမှာ ဘာလို့ ဝင်မပါတာလဲ။”

ကျိုးကျောင်းရန်က ပြုံးလိုက်၏။ “ကျွန်မက အားနွဲ့တဲ့ မိန်းကလေးပါ။ အရှင်ရန်ကို ဒုက္ခမပေးချင်ပါဘူး။ ဒီတိုက်ပွဲမှာ ကျွန်မတို့ရဲ့အသက်တွေအားလုံး ပုံအောပေးထားတာ။ အရှင်ရန်... ကျေးဇူးပြုပြီးတော့ အကောင်းဆုံး လုပ်ဆောင်ပေးပါ။ ရှင်က ရှမ့်လန်ထက် အဆပေါင်းများစွာ ပိုပြီး သန်မာတဲ့အတွက် သူ့ကို သတ်နိုင်မှာပါ။”

နောက်ဆုံး နှုတ်ဆက်မည့်လူက နုကျန့်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ထန်ယွင်ပင်။

“သခင် ရန်နန်းဖေး... ဒါက ခင်ဗျားအတွက် ကံကြမ္မာအဆုံးအဖြတ် တိုက်ပွဲတင် မဟုတ်ဘူး။ ကျုပ်ရဲ့ ကံကြမ္မာနဲ့လည်း သက်ဆိုင်နေတယ်။ နုရှောင့်မြို့မှာ ရှမ့်လန်ကို သုတ်သင်နိုင်ရင် သက်ရောက်မှု အားလုံးကို တိတ်တဆိတ် ရှင်းပစ်နိုင်လိမ့်မယ်။”

ထန်ယွင်က ပြောသည်။ “ရှမ့်လန်ကိုသာ ရွှမ်ဝူမြို့ကို တိုက်ခိုက်ခွင့် ပေးလိုက်မယ်ဆိုရင် စက္ကူကို မီးနဲ့ ထုပ်မနိုင် တော့ဘူး။ အဲဒီအချိန်ကျရင် လောကကြီးရဲ့ လူပေါင်းများစွာတို့ကို ဧကရာဇ်ရှမ့်လန် ပြန်လာပြီဆိုပြီး ကျယ်လောင်စွာ အော်ဟစ်လိမ့်မယ်။ အဲအချိန်ကျရင် ဖြစ်လာမဲ့ ဆိုးကျိုးသက်ရောက်မှုက ခင်ဗျားကော၊ ကျုပ်ပါ ခံနိုင်ရည်ရှိမယ့် အရာမျိုး မဟုတ်ဘူး။ ဒီကံကြမ္မာတိုက်ပွဲကို ခင်ဗျားရဲ့ လက်ထဲမှာ အပ်ထားလိုက်မယ်။ နုကျန့်ပြည်နယ်ကနေ ခင်ဗျားရဲ့ သတင်းကောင်းကို ကျုပ် စောင့်နေမယ်။”

ထန်ယွင်က ပြော၏။ “ကျုပ်က အရပ်ဖက်အရာရှိတစ်ယောက်ဆိုတော့ ဒီမှာနေပြီး ခင်ဗျားကို ဒုက္ခ မပေးတော့ပါဘူး။ နှုတ်ဆက်ပါတယ်။”

“နှုတ်ဆက်ပါတယ်။”

သူတို့ ၅ ဦးက နှုတ်ဆက်ထွက်ခွာသွား၏။ ရန်နန်းဖေးအတွက် တပ်သား ၁ သိန်း၊ မဟာပညာရှင် ၃၀ နှင့် ကူပိုးကောင်မြား ၃ သောင်းကျော်ကို ထားရစ်ခဲ့၏။ ရန်နန်းဖေး၏ တိုက်ခိုက်လိုစိတ်များက တရှိန်ထိုး မြင့်တက်လာခဲ့၏။

“ရှမ့်လန် လာခဲ့စမ်း။ နုရှောင့်မြို့ကို လာတိုက်စမ်း။ ဒါ ကျင်းမိသားစုရဲ့ အခြေခံအုတ်မြစ်ပဲ။ လာပြီး ပြန်ယူစမ်း။ မင်းရဲ့ ရေတပ် ကုန်းပေါ်ကို တက်နိုင်တယ်ဆိုတာ ငါ မယုံဘူး။ သင်္ဘောပေါ်က အမြှောက်တွေကို ဖြုတ်ပြီး ကုန်းပေါ် တွန်းတင်နိုင်တယ် ဆိုတာလည်း ငါ မယုံဘူး။ ငါတို့ကြားမှာ အင်အားကွာခြားချက်က ပိုပြီး ကြီးမားလာတယ်။ မင်းလာရင် နုရှောင့်မြို့တော်မှာပဲ အနားယူလိုက်တော့။ ဒီမှာပဲ မင်း ဇာတ်သိမ်းပြီ။ ဘုရင်တစ်ပါး အဖြစ် မင်းပြန်လာခြင်းက ဒီလိုပဲ နိဂုံးချုပ်ရမယ် ကိစ္စဖြစ်ပြီ။”

အချိန်များက ရေကဲ့သို့ စီးဆင်းသွား၏။ သုံးရက် ကုန်ဆုံးသွားခဲ့ပြီ။ ရှမ့်လန်၏ စစ်သင်္ဘောတစ်ရာက နုရှောင့်မြို့တော် ပတ်ဝန်းကျင် ရေပေါ်တွင် ပေါ်လာသည်။

ရဲတိုက်ထဲမှနေ၍ ရှမ့်လန်၏ ရေတပ်ကို မြင်ရချိန်မှာတော့ ရန်နန်းဖေးက ယုံကြည်နိုင်ခြင်းပင် မရှိသေးချေ။

“ဒီအရူးကောင် ရှမ့်လန်က နုရှောင့်မြို့တော်ကို တိုက်ဖို့ စစ်သည်နှစ်သောင်းနဲ့ တကယ်ပေါ်လာတာလား။”

ရှမ့်လန် က သင်္ဘောဦးတွင် ရပ်ပြီး ရင်းနှီးကျွမ်းဝင်နေသည့် မြို့တော်ကြီးကို ကြည့်ရှုနေ၏။ နုရှောင့်မြို့တော်က ကျင်းမိသားစု၏ အခြေခံအုတ်မြစ် ဖြစ်ရုံသာမက ရှမ့်လန်၏ ကြိုးပမ်းအားထုတ်မှုများလည်း ဖြစ်၏။ အရှေ့တိုင်းမင်းဆက် တစ်ခုလုံး၌ သူ အောင်နိုင်ရန် အစပြုရာ နေရာလည်း ဖြစ်၏။ သူ၏ အခြေခံအုတ်မြစ်ပင်။

နုရှောင့်မြို့တော်ကို သူပြန်မယူနိုင်ပါက သူ၏ ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ အကြောင်းကို ပြောဆိုနေဖို့ အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။ နုရှောင့်မြို့တော်ကို တိုက်ခိုက်ရန် ရှမ့်လန်က စစ်သည် ဘယ်နှစ်ယောက်ကို စေလွှတ်ခဲ့သနည်း။ တစ်သောင်း။ အများဆုံး တစ်သောင်းသာ။

သို့သော်ငြား ရန်နန်းဖေးတွင်တော့ စစ်သည်တစ်သိန်း၊ မဟာပညာရှင် သုံးဆယ်၊ သံမဏိသွေးတပ်သား တစ်သောင်းနှင့် စေတီတောင်မှ ကူပိုးကောင်များ သုံးသောင်းရှိနေ၏။

သို့သော်ငြား သူက နုရှောင့်မြို့တော်ကို ပြန်လည်ရယူလိုသည်သာမက ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်အောင်လည်း လုပ်ဆောင်လို၏။ ရှမ့်လန်က ကြီးမားခိုင်ခန့်သည့် ရဲတိုက်ကြီးကို ကြည့်ပြီး သက်ပြင်းချမိ၏။

“နုရှောင့်မြို့တော်... ကျုပ် ပြန်လာပြီ။”

“မောင်လေး.. ဒီမြို့က လွယ်မှာမဟုတ်ဘူးနော်။” ဟီလာက ပြောလိုက်သည်။

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ နုရှောင့်မြို့က မလွယ်ကူမှန်း သေချာ၏။ သူ ပြန်ရောက်လာခဲ့သည်က ကြာခဲ့ပြီ။ တော်ဝင်ရန်အင်ပါယာက မတုံ့ပြန်ခဲ့သော်လည်း ရွှဲ့ပြည်နယ်၏ စစ်သည်များက အချိန်မီ ရောက်ရှိလာမှာ ဖြစ်၏။ နုရှောင့်မြို့တော်ကို ကြိုတင်ဝင်ရောက်နိုင်သည့် တပ်ဖွဲ့နှစ်ဖွဲ့ရှိနေ၏။

တစ်ဖွဲ့က ထျန်းနန်ပြည်နယ်၏ အစောင့်တပ်ဖြစ်ပြီး အခြားတစ်ဖွဲ့ကတော့ ယင်ယွမ်အဖွဲ့အစည်း၏ တပ်တော်ပင် ဖြစ်သည်။ ယင်ယွမ်အဖွဲ့အစည်း၌ သံမဏိသွေးတပ်တော် ရှိကြောင်း ရှမ့်လန်က အတိအကျ မသိရှိသော်လည်း သူ ဆက်စပ် တွေးတောထားနိုင်သည်။

ရွှဲ့ပြည်နယ်ရှိ ယင်ယွမ်အဖွဲ့အစည်း ရုံးချုပ်ကို သူဖျက်ဆီးခဲ့စဉ်က ဗလာသွေးမျိုးဆက် ထောင်နှင့်ချီကို ဖမ်းဆီးရန် ယင်ယွမ်အဖွဲ့အစည်း လှုပ်ရှားခဲ့ပြီး ဖြစ်၏။ ထိုအရာက ရှမ့်လန်၏ အစီအစဉ်အတိုင်းသာဖြစ်၍ ထိုသူတို့ ဖမ်းဆီးသွားတဲ့သူများက ဉာဏ်ရည်မမှီသူများသာပင်။

သို့သော်ငြား ထိုအဖြစ်အပျက်မှတဆင့် အထူးတပ်တော်တစ်ခုကို တည်ထောင်လိုသည့် ယင်ယွမ်အဖွဲ့အစည်း၏ ဆန္ဒကို အတိအကျ ထင်ရှားစွာ မြင်တွေ့နိုင်၏။ ထို့ကြောင့် ရှမ့်လန်က ယင်ယွမ်အဖွဲ့အစည်း၏ မြို့တစ်မြို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်ရန် ပုလိပ်နက်ရောဂါကို အသုံးပြုခဲ့၏။

ထို့ကြောင့် နှစ်သိမ့်မှုအနေဖြင့် တော်ဝင်ရန်အင်ပါယာ၏ ဧကရာဇ်က ယင်ယွမ်အဖွဲ့အစည်း၏ တောင်းဆိုမှု တစ်ခုကို သဘောတူညီလိုက်ပေလိမ့်မည်။ ရှမ့်လန်က အထူးတပ်တော်တစ်ခုကို တည်ထောင်ရန် အကြံဉာဏ်ကို ရှင်းလင်းစွာ ပေးခဲ့ပြီး ဖြစ်၏။ ထိုအရာက ဗလာသွေးမျိုးဆက်များကို ပြုပြင်ပြောင်းလဲခြင်းပင်။

ရှမ့်လန် ပေးခဲ့သည့် နည်းပညာက အတုဖြစ်သည်က ထင်ရှား၏။ သို့သော်ငြား စေတီတောင်နှင့် ကောင်းကင်ပင်လယ် နန်းဆောင်တို့၏ ဗလာသွေးမျိုးဆက် သုတေသနပြုလုပ်မှုက ရှမ့်လန်ထက် နှစ်ပေါင်းရာချီ စောခဲ့သည်။

ထို့အပြင် ကျန်းလီပျက်စီးခဲ့ချိန်တွင် စေတီတောင်က သုတေသနရလဒ် အများဆုံးကို ရရှိခဲ့၏။ ယင်ယွမ် အဖွဲ့အစည်းကို အနည်းငယ် မျှဝေပေးရုံနှင့် လုံလောက်ပေသည်။ ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်းတွင် အထူးတပ်တော်တစ်ခု ရှိနေနိုင်ကြောင်း ရှမ့်လန်က ကောက်ချက်ချပြီးသား ဖြစ်၏။

ယင်ယွမ်အဖွဲ့အစည်းသာမက စေတီတောင်ကလည်း လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။ ရန်နန်းဖေး၏ တောင်ပင်လယ်ဓားဂိုဏ်းသည် ယခင်က စေတီတောင်၏ ခြေပုန်းခုတ်ရာ တည်နေရာတစ်ခု ဖြစ်ခဲ့ဖူး၏။ ရေအောက် ရှေးဟောင်းအပျက်အစီးများကို အပြည့်အဝ သိမ်းပိုက်နိုင်ရန် စေတီတောင်က ထိုခြေပုန်းခုတ်ရာ နေရာများကို ဖျက်သိမ်းခဲ့သည်။

သို့သော်ငြား ရန်နန်းဖေးက သူတို့လူဖြစ်နေဆဲ ဖြစ်သောကြောင့် သူတို့၏ ကူပိုးကောင်လက်နက်များကို ပံ့ပိုးနိုင်ချေများသည်။ ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်း၏ တပ်တော်နှင့် စေတီတောင်၏ ကူပိုးကောင် လက်နက်များ ကို ရင်ဆိုင်ရမည်ဟု ရှမ့်လန် က တွက်ဆထား၏။

ရန်သူက မိမိအကြောင်းကို အသိဆုံး ဖြစ်ပေမည်။ ရှမ့်လန်က ဘာမှမသိလျှင်ပင် အများဆုံးကို ခန့်မှန်းထားနိုင်၏။ ရှမ့်လန်က နုရှောင့်မြို့တော်ကို တိုက်ခိုက်ရန် အမေဇုန်တပ်တော်နှင့် နိဗ္ဗာနတပ်တော်ကိုသာ အသုံးပြုမှာ ဖြစ်၏။ စုစုပေါင်း အင်အားတစ်သောင်းခန့် ရှိ၏။ ဦးခေါင်းခွံတပ်တော်က ရေတပ်ဖြစ်သောကြောင့် မြို့သိမ်းတိုက်ပွဲများ တွင် အသုံးမပြုသည်က အကောင်းဆုံးပင်။ ထို့ကြောင့် တိုက်ပွဲက သဘာဝကျကျနှင့် တိုက်ခိုက်ရန် ခက်ခဲ ပေလိမ့်မည်။

ရုတ်တရက် ဟီလာက ပြောသည်။ “မောင်လေး.. မောင်လေးဆီမှာ ပုလိပ်နက်ရောဂါပိုးတွေ ရှိတယ် မဟုတ်လား။ မြို့သိမ်းတိုက်ပွဲတွေမှာ ဒါကို သုံးလို့ မရဘူးလား။”

ရှမ့်လန်က ခေတ္တမျှ စဉ်းစားပြီး ခေါင်းခါ၏။ “မရဘူး။”

All Chapters