အခန်း (၉၂၅-၉၂၆)
Vol. 56 Ch. 925-926
အပိုင်း (၉၂၅)
ပုလိပ်ရောဂါပိုးကို အသုံးပြုခြင်းက ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်၏။ နုရှောင့်မြို့တော်တစ်ခုလုံးကို အလွယ်တကူ လှုပ်ရှားမရအောင် ဖြစ်စေနိုင်ပြီး ပင်လယ်ပြင်တစ်ခုလုံးကို ပိတ်ဆို့ထားနိုင်သ၍ ပိုးက ကုန်းမြေပေါ်သို့ ပျံ့နှံ့သွားမည်ကို စိုးရိမ်စရာ မလိုပေ။
သို့သော်ငြား နုရှောင့်မြို့တော်က နုရှောင့်မြို့တော် သက်သက်မဟုတ်ပေ။ လေ့ကျိုးကျွန်းစုလည်း ရှိနေသေး၏။ လေ့ကျိုးကျွန်းစု တစ်ခုလုံးက စတုရန်းမိုင် ငါးထောင်ကျော် ကျယ်ဝန်း၏။ ကျင်းမိသားစုနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းတို့က ရွှေဒင်္ဂါးသန်းပေါင်းများစွာကို ရင်းနှီးမြှုပ်နှံထားပြီး ပြည်သူတစ်သိန်းခန့်ကို ဤကျွန်းပေါ်သို့ ပြောင်းရွှေ့ပေးကာ မြေသြဇာကောင်းမွန်သည့် လယ်ယာမြေနှင့် စားကျက်မြေ ဧကသန်းပေါင်း များစွာတို့ကို ဖော်ထုတ်ပေးထား၏။
ဤအရာအားလုံးက ကျင်းမိသားစု၏ အခြေခံအုတ်မြစ် ဖြစ်သလို ရှမ့်လန်၏ အခြေခံအုတ်မြစ်လည်း ဖြစ်၏။ ပုလိပ်နက် ရောဂါပိုးကို အသုံးပြုလိုက်သည်နှင့် နုရှောင့်မြို့တော်တစ်ခုလုံး သုသာန်တစပြင် ဖြစ်ရပေလိမ့်မည်။ လေ့ကျိုးကျွန်းရှိ လူဦးရေအားလုံးလည်း သေကြေပျက်စီးမည်။
ဤလူတစ်သိန်းက ကျင်းမိသားစု၏ နိုင်ငံသားများ ဖြစ်ကြပြီး အနာဂတ်တွင် နုရှောင့်မြို့တော် အခြေစိုက်စခန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားအစာနှင့် အသားအများအပြားကို လိုအပ်နေဦးမည် ဖြစ်သောကြောင့် ရှမ့်လန်က ဤလူတစ်သိန်းတို့၏ ထုတ်လုပ်မှုပေါ်တွင် မှီခိုအားထားရပေလိမ့်မည်။ ထို့ကြောင့် ပုလိပ်ရောဂါပိုးကို ထည့်သွင်းစဉ်းစား၍ မရနိုင်ပေ။
ဟီလာက ပြောသည်။ “တိုက်ဖို့ မဖြစ်နိုင်ဘူး။ အမေဇုန်တပ်တော်က သန်မာပေမယ့် လူရှစ်ထောင်ပဲ ရှိတယ်။ လူအများကြီး ဆုံးရှုံးလို့ မဖြစ်ဘူး။”
ရှမ့်လန်က ခေါင်းညိတ်၏။ သူ့အတွက် အမေဇုန်တပ်တော်မှ အမျိုးသမီးတိုင်းက တန်ဖိုးရှိပြီး အဆုံးရှုံးခံနိုင်သည့် လူမျိုးမဟုတ်ပေ။ ထို့အပြင် ရှမ့်လန်က စွမ်းအားကြီးမားသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးရန် နိဗ္ဗာန တပ်တော်နှင့် အမေဇုန်တပ်တော်တို့ကို လက်ထပ်ပေးရန် စီစဉ်ထား၏။
ဟီလာက မေးမြန်းလိုက်သည်။ “ဒီနုရှောင့်မြို့တော်မှာ အပြစ်မဲ့တဲ့ လူတွေ ရှိလား။”
ရှမ့်လန်က ခေတ္တမျှ စဉ်းစားပြီး ခေါင်းခါလိုက်၏။ နုရှောင့်မြို့တော်တွင် အပြစ်မဲ့သူ မရှိကြောင်း သေချာ၏။ နုရှောင့်မြို့တော်တွင် ကောင်းကင်တာအိုအဖွဲ့အစည်း၏ ဩဇာအာဏာက အမြစ်ဖြတ် ချေမှုန်းခြင်းကို ခံလိုက်ရပြီ ဖြစ်ပြီး ယခုအခါမှာတော့ ဤမြို့က ရန်နန်းဖေးနှင့် ယင်ယွမ်အဖွဲ့အစည်းတို့ အပြည့်အဝ ပိုင်ဆိုင်သည့်နေရာ ဖြစ်သွားခဲ့၏။
ဤမြို့ရှိ ကုန်သည်များအတွက် ကျင်းမိသားစုနှင့် ရှမ့်လန်အပေါ် အနည်းငယ် သစ္စာရှိခဲ့သည့် ကုန်သည်များက ကံဆိုးမိုးမှောင် ကျခဲ့၏။ ကျန်ရစ်သူများက ယင်ယွမ်အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိသည့် ကုန်သည်များသာ ဖြစ်၏။ ကုန်သည်များတွင် မိခင်နိုင်ငံဟူ၍ မရှိကြချေ။ ဤစကားက မုသား မဟုတ်ချေ။
အစကနဦးတွင် နုရှောင့်မြို့၏ ပိုင်ရှင်က ချောင်ထျန်းဝေဖြစ်ပြီး ထို့နောက် ကျင်းမိသားစု၊ နောက်ဆုံး ယင်ယွမ် အဖွဲ့အစည်းနှင့် ရန်နန်းဖေးတို့ ဖြစ်လာခဲ့၏။ ပိုင်ရှင်ပြောင်းလဲသွားခဲ့သည့် အကြိမ်တိုင်း နုရှောင့်မြို့၏ ကုန်သည်များ က ကခုန်သောက်စား ပျော်ပါးနေကြစမြဲပင်။
ကျင်းမိသားစု နုရှောင့်မြို့ကို အုပ်ချုပ်စဉ် ဤကုန်သည်များက သစ္စာမရှိကြဘဲ အခွန်အခ ပေးရုံသာ တတ်နိုင်ခဲ့ကြ၏။ ထို့ကြောင့် အတိတ်ကာလက နုရှောင့်မြို့သည် လုံးဝလွတ်လပ်သော မြို့တစ်မြို့၊ ကုန်သွယ်ရေးမြို့တော်တစ်ခု ဖြစ်ခဲ့ခြင်းပင်။
ဤမြို့၏ ကုန်သွယ်ရေးကို မည်သည့်အုပ်စိုးသူကမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဘဲ အုပ်ချုပ်မှုအာဏာကို ကုန်သည်များနှင့် အပြည့်အဝ ခွဲဝေကျင့်သုံးကြ၏။ ထို့ကြောင့် နုရှောင့်မြို့မှ ကုန်သည်များက သစ္စာတရားဟူ၍ မရှိကြချေ။ မြို့၏ မူလပိုင်ရှင် သေခါနီးအချိန်တွင် သူတို့က စွန့်ခွာရန်နှင့် သစ္စာဖောက်ရန် ဝန်မလေးကြပေ။
ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် နုရှောင့်မြို့ကို သိမ်းဆည်းပြီးနောက်က စေ့စပ်သေချာသည့် သန့်စင်မှုကြီး တစ်ခုကို လုပ်ဆောင်ပေတော့မည်။ ထိုအချိန်မှစ၍ နုရှောင့်မြို့က အလုပ်သမားများနှင့် လယ်သမားများကိုသာ လိုအပ်မည်ဖြစ်ပြီး ကုန်သည်များကို မလိုအပ်တော့ပေ။
သူက နုရှောင့်မြို့ကို ပင်လယ်ခံတပ်နှင့် စက်မှုအခြေစိုက် စခန်းတစ်ခုအဖြစ် တည်ဆောက်ချင်၏။ ကုန်ကြမ်း ပစ္စည်းအားလုံးကို အရှေ့လောကနှင့် ကုန်သွယ်မှု မပြုလုပ်ဘဲ ရှီလွန်မင်းဆက်နှင့်သာ ကုန်သွယ်မှု ပြုလုပ်မည်။ သူ၏အစ်မ ဟယ်လင်နှင့် သူ၏မိန်းမ ဒီဘိုရာတို့က ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့မှုပေးရန် အစွမ်းကုန် ကြိုးစားကြမှာ သေချာ၏။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “နုရှောင့်မြို့ကို သွားတဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်။ ဝိုင်းထားရုံပဲ ဝိုင်းထား။ မတိုက်ခိုက်နဲ့။”
သူ၏ အင်အားကြီးမားသည့် ရေတပ်ကြီးက ချက်ချင်း ဖြန့်ကျက်၏။ နုရှောင့်မြို့တစ်မြို့လုံးကို ပိတ်ဆို့ထား၏။ သို့သော်ငြား သူတို့က ကမ်းပေါ် လုံးဝမတက်ခဲ့သလို တိုက်ပွဲကိုလည်း မဆင်နွှဲခဲ့ချေ။
ဤသည်ကို မြင်ချိန်မှာတော့ ရန်နန်းဖေးက စိတ်သက်သာရာ ရသလို သက်ပြင်းချမိ၏။ အရာအားလုံးက သူ ထင်မှတ်ထားသည့်အတိုင်းပင်။ ရှမ့်လန်၏ ရေတပ်က ပြိုင်ဘက်ကင်းသော်လည်း မြို့များကို တိုက်ခိုက်နိုင်စွမ်း မရှိသလို အမြှောက်များကလည်း ကုန်းပေါ်သို့ တင်ဆောင်နိုင်ခြင်း မရှိချေ။ ပိတ်ဆို့ထားရုံနှင့် နုရှောင့်မြို့ကို အလျှော့ပေးလာအောင် ဖိအားပေးချင်သည်လား။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းပင်။
နုရှောင့်မြို့က တစ်ကောင်ကြွက်မြို့တစ်မြို့ မဟုတ်ချေ။ သူ၏နောက်ကွယ်တွင် လေ့ကျိုးကျွန်းစု တစ်ခုလုံးရှိ၏။ ကျင်းမိသားစုနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းတို့က နှစ်အနည်းငယ်အတွင်း လူပေါင်းတစ်သိန်းကို ပြောင်းရွှေ့နေရာချထားပြီး မြေဧက သန်းနှင့်ချီသော စိုက်ပျိုးလယ်မြေများကို ဖော်ထုတ် ပေးထားခဲ့သောကြောင့် နုရှောင့်မြို့တွင် စားနပ်ရိက္ခာ အကန့်အသတ်မရှိ ရရှိနေ၏။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို လုံးဝ အားကိုးစရာ မလိုအပ်တော့ပေ။ သုံးနှစ် သုံးမိုး၊ ငါးနှစ်လောက် ပိတ်ဆို့ထားလျှင်ပင် နုရှောင့်မြို့က ရိက္ခာ ပြတ်လပ်မည် မဟုတ်ချေ။
ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီး ရှမ့်လန်၏ ရေတပ်က ပိတ်ဆို့ထားဆဲပင်။ သူတို့က ကမ်းပေါ်သို့ တက်ရန် ရည်ရွယ်ချက် လုံးဝမရှိကြချေ။ ရန်နန်းဖေး၏ ကြီးမားသည့် ရဲတိုက်ကြီးမှာတော့ နုရှောင့်မြို့မှ ကုန်သည်များကို ဧည့်ခံနေ၏။
ရန်နန်းဖေးက ပြုံးကာ ပြောလိုက်သည်။ “လူကြီးမင်းတို့... ရှင်းရှင်းလင်းလင်း မြင်ကြပြီလား။ ရှမ့်လန်က နုရှောင့်မြို့ကို ဘာမှမလုပ်နိုင်ဘူး။ ကျုပ်မှာ မြို့ကို စောင့်ကြပ်နေတဲ့ စစ်သည်တစ်သိန်း ရှိတယ်။ ရှမ့်လန်က မြို့ကို တိုက်ခိုက်ဖို့ လူဘယ်လောက်များများ ရှိမှာလည်း။ တစ်သောင်းလား၊ နှစ်သောင်းလား။”
“ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိသွေးတပ်တော်က ဘယ်လောက် အစွမ်းထက်လဲ။ စေတီတောင်ရဲ့ လျှို့ဝှက်လက်နက်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ လူတိုင်း ကိုယ်တွေ့မြင်ဖူးကြတာပဲ။ ဒါကြောင့် ဟိုသူရဲဘောကြောင်တဲ့ ကုန်သည်တွေ ထွက်ပြေးကြတာ အခု ဘယ်လောက်တောင် ရယ်စရာကောင်းလဲ။ နုရှောင့်မြို့မှာပဲနေပြီး ရှမ့်လန်ရဲ့ ရေတပ်ကြီး သုတ်သင်ခံရတဲ့ အချိန်ကို စောင့်နေလိုက်ကြ။ ပြီးရင် စီးပွားရေးတွေ ပုံမှန်အတိုင်း ပြန်လုပ်လို့ရလိမ့်မယ်။
ဒီနေရာမှာ ကျုပ် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ အရင်က နုရှောင့်မြို့ကနေ ထွက်ခွာသွားတဲ့ ကုန်သည်တွေက ပြန်လာစရာ မလိုတော့ဘူး။ နောက်နောင်မှာ နုရှောင့်မြို့မှာရှိတဲ့ လုပ်ငန်းတွေနဲ့ အရှေ့ပိုင်းပင်လယ်ပြင်မှာရှိတဲ့ ကျန်ရစ်တဲ့ လုပ်ငန်းအားလုံးကို ခင်ဗျားတို့ပဲ ဦးစီးပြီး လုပ်ရလိမ့်မယ်။”
သူ ထိုစကားကို ပြောလိုက်ချိန်မှာတော့ ကုန်သည်ရာပေါင်းများစွာတို့က ဖန်ခွက်များကို မြှောက်ကာ အော်ဟစ် လိုက်၏။ “သခင်ကြီးရန်.. ဘုန်းတန်ခိုးကြီးပါစေ။”
“ရှမ့်လန်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ အနောက်လောကကို ထွက်ပြေးသွားပြီးတော့မှ အဲဒီမှာ ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ မနေထိုင်ဘဲ လူတိုင်းရဲ့ စီးပွားဥစ္စာ ထိခိုက်အောင် ပြန်လာရတယ်လို့။ လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းကို ဖျက်ဆီးတာက သူ့ရဲ့မိဘတွေကို သတ်တာနဲ့ တူတူပဲ။ ကျုပ်တော့ သူ့ကို အရှင်လတ်လတ်နဲ့ အရေခွံ ခွာပစ်ချင်တယ်။ သူက ဧကရာဇ်တစ်ပါး ပြန်လာသလို လုပ်ပြချင်တာပဲ။”
ကုန်သည်တစ်ဦးက ဗိုက်ကိုနှိပ်ကာ ဟားတိုက်ရယ်မောသည်။ “ဧကရာဇ်တစ်ပါး ပြန်လာတာ ဟုတ်လား။ လူနှစ်သောင်းလောက်နဲ့ ဧကရာဇ်တစ်ပါး ပြန်လာတာမျိုး ခင်ဗျားတို့ မြင်ဖူးလား။ နုရှောင့်မြို့လေး တစ်မြို့ကိုတောင် မတိုက်ရဲတဲ့ ဧကရာဇ်ပြန်လာတာမျိုးကို မြင်ဖူးလား။ နုရှောင့်မြို့ အသေးလေးကိုတောင် မတိုက်ခိုက်နိုင်ဘဲနဲ့ ရွှဲ့ပြည်နယ်ရဲ့ မြို့တော်ကို တိုက်ခိုက်ချင်နေတာလား။ အရှေ့တိုင်းလောကတစ်ခုလုံးကို တိုက်ခိုက်ချင်တာလား။ ဒါက လောကမှာ အကြီးမားဆုံးသော ဟာသပဲ။”
ရန်နန်းဖေး၏ရေတပ် ရှုံးနိမ့်သွားခဲ့ပြီးနောက် နုရှောင့်မြို့၏ ကုန်သည်ထက်ဝက်ခန့် ထွက်ပြေးသွားခဲ့ကြ၏။ ကျန်ရစ်သည့် ကုန်သည်ထက်ဝက်က သူရဲဘောကြောင်သူများ ဖြစ်ပြီး မည်သည့်သဘောထားကိုမှ ထုတ်ဖော် မပြောရဲကြချေ။ သူတို့က ဘက်ပြောင်းရန် ပြင်ဆင်နေခဲ့ကြ၏။
ယခု ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက် ရှမ့်လန်က နုရှောင့်မြို့ကို မည်သို့မှ မတိုက်နိုင်ကြောင်း မြင်ရချိန်မှာ သူတို့၏ ယုံကြည်ချက်များက ချက်ချင်းပဲ မြင့်တက်လာခဲ့သည်။
ပြောရမည်ဆိုလျှင် အတိုင်းအတာ တစ်ခုထိ သူတို့က ကျင်းမိသားစု၏ သစ္စာဖောက်များဖြစ်၏။ ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်သွားခဲ့ပြီးနောက် ဤကုန်သည်အုပ်စုက ချက်ချင်း ယင်ယွမ်အဖွဲ့အစည်း နှင့် ပူးပေါင်းပြီး ကောင်းကင်တာအိုအဖွဲ့အစည်းနှင့် ကျင်းမိသားစု၏ အခြေခံအုတ်မြစ်များကို ကျူးကျော် သိမ်းပိုက်ခဲ့၏။ မိသားစုတိုင်း အသားတစ်တုံးနှင့် အကျိုးအမြတ်ကိုယ်စီကို ရရှိခဲ့၏
နုရှောင့်မြို့၏ မြေဩဇာကောင်းသည့် လယ်ဧကသန်းပေါင်းများစွာ အကြောင်းကို ပြောရမည်ဆိုလျှင် ကျင်းမိသားစုက လူပေါင်းတစ်သိန်းကို နေရာရွှေ့ပြောင်းပေးပြီး မြေဧကဖော်ထုတ်ရန် ကောင်းကင်တာအို အဖွဲ့အစည်းဆီမှ ရွှေပမာဏ အများအပြားကို ချေးယူခဲ့ရသည်။
မြေဩဇာကောင်းသည့် လယ်ယာမြေများက ကျင်းမိသားစုပိုင် ဖြစ်သော်လည်း ရွှေပြောင်းလာသူ တစ်သိန်းအား အခမဲ့ ခွဲဝေပေး၏။ နှစ်စဉ်နှစ်တိုင်း ထိုသူတို့က ရိတ်သိမ်းရရှိမှု၏ ၂၀ ရာခိုင်နှုန်းကိုသာ ပေးအပ်ရပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို သူတို့ဘာသာ ပိုင်ဆိုင်ကြ၏။ ထို့အပြင် ကျင်းမိသားစုက လူတစ်သိန်းအား အိမ်ရာနှင့် စီးပွားရေးလုပ်ငန်းများ တည်ဆောက်နိုင်ရန် အတိုးမဲ့ ရွှေများကိုလည်း ထုတ်ချေးပေးသေး၏။
နောက်ဆုံး သန်းနှင့်ချီသည့် လယ်မြေများနှင့် လူတစ်သိန်းလုံးက အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ခံရ၏။ ရန်နန်းဖေးက အကြီးဆုံးဝေစုကို ရရှိခဲ့ပြီး ကျိုးကျောင်းရန်၊ ထန်ယွင်နှင့် တခြားသောသူများက ဝေစု အနည်းငယ်စီ ရရှိ၏။ ယခုရောက်ရှိလာခဲ့သည့် ရာပေါင်းများစွာသော ကုန်သည်များကလည်း ဝေစုရရှိ၏။ သူတို့က ကုန်သည်များသာမက လေ့ကျိုးကျွန်း၏ ပိုင်ရှင်များလည်း ဖြစ်လာကြသည်။
မူလက ကျင်းမိသားစု၏ အုပ်ချုပ်မှုအောက်တွင် ဤလူတစ်သိန်းက သီးနှံရိတ်သိမ်းမှု၏ ၂၀ ရာခိုင်နှုန်းကိုသာ ပေးရသော်လည်း ယခု ၇၀ ရာခိုင်နှုန်းထိ ပေးသွင်းရ၏။ သူတို့က ပြည်သူလူထု၏ အဆီကိုစား၊ အသားကို မျိုလျက်ရှိပြီး ထိုမှရရှိသည့် ငွေကြေးများဖြင့် ပျော်ရွှင်စွာ သုံးဖြုန်းနေကြ၏။
ထို့ကြောင့် ရှမ့်လန် ပြန်လာခြင်းကို နှစ်သက်ပြီး ကျင်းမိသားစု နုရှောင့်မြို့ကို ပြန်လည်အုပ်ချုပ်ရန် မျှော်လင့်နေသူက မည်သူဖြစ်မည်နည်း။ သေချာပေါက် ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းပင် ဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူတို့က ဆင်းရဲဒုက္ခများကို ခံစားခဲ့ရပြီး ကျင်းမိသားစုကို အလွန်ပင် လွမ်းဆွတ်တမ်းတ နေခဲ့ကြသည်။
ရှမ့်လန် ပြန်လာသည့်သတင်း ပျံ့နှံ့သွားချိန်မှာတော့ ဤလူတစ်သိန်းတို့က အလွန်ပင် စိတ်လှုပ်ရှား၏။ နေ့စဉ်နေ့တိုင်း သူတို့က ရှမ့်လန်၏တပ်တော် ချက်ချင်း ကမ်းပေါ်တက်ကာ နုရှောင့်မြို့ကို ပြန်လည် သိမ်းပိုက်ကာဖြင့် သူတို့အား ဒုက္ခတွင်းဆင်းရဲထဲမှ ပြန်လည်ကယ်တင်ပေးနိုင်ရန် ဆုတောင်းနေကြ၏။
သို့သော်ငြား ဆယ်ရက်ကြာသည်ထိ ရှမ့်လန်၏ ရေတပ်က နုရှောင့်မြို့ကို ပိတ်ဆို့ထားရုံသာ ရှိသေး၏။ ကမ်းပေါ်တက်ပြီး စစ်ပွဲစတင်ရန် ရည်ရွယ်ချက်ဟူ၍ လုံးဝမရှိပေ။
“အခု ရှမ့်လန်ရဲ့ အကြောင်းအရာတွေ အကုန်လုံးကို ကျုပ်တို့ သိရပြီ။ သူ့မှာ လူအင်အား သောင်းဂဏန်းပဲ ရှိတယ်။ စစ်သင်္ဘောတွေက ကမ်းပေါ်မတက်နိုင်ဘူး။ ဒါကြောင့် နုရှောင့်မြို့ကို သိမ်းပိုက်စို့ ဆိုတာ မဖြစ်နိုင်ဘူး။ ပင်လယ်ပြင်မှာ စားစရာ မရှိဘူး။ ရှမ့်လန်က ခြေကုပ်စခန်းလည်း မရှိဘူး။ သူ ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာလဲ။ သူ့ရဲ့သင်္ဘောပေါ်မှာရှိတဲ့ ရိက္ခာက ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကျုပ် သိချင်တယ်။”
ကုန်သည်များ၏ စကားကို ကြားချိန်မှာတော့ ရန်နန်းဖေးက ကျေနပ်အားရနေ၏။ သူက ဟန်ပါပါနှင့် ပြုံးကာ ပြောသည်။ “ရှမ့်လန် မြို့ကို ချက်ချင်း တိုက်ခိုက်ဖို့ ကျုပ်မျှော်လင့်နေတာ။ ကျုပ်ရဲ့ လက်အောက်က စစ်သည်တစ်သိန်းက ဓားတွေသွေးပြီး တိုက်ခိုက်ဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေပြီ။”
“စိတ်မပူပါနဲ့ သခင်ကြီး ရန်နန်းဖေး... ရှမ့်လန်ရဲ့ ရေတပ်က သိပ်ပြီး ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ရိက္ခာသာ မရှိဘူးဆိုရင် သူ့ရဲ့ ရေတပ်က တိုက်စရာမလိုဘဲ အလိုလို သေဆုံးသွားလိမ့်မယ်။”
..............
ဟီလာက ပြော၏။ “မောင်လေး... ငါတို့ ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီ။ အစားအသောက်က အဆင်ပြေသေးတယ်။ ပင်လယ်ထဲက ရှာဖွေနိုင်သေးတာကိုး။ ဒါပေမဲ့ အဓိက အစားအစာတွေ ကုန်ခါနီးပြီ။ အထူးသဖြင့် ပဲပင်ပေါက်တွေ။ ပင်လယ်ထဲမှာ ဟင်းသီးဟင်းရွက် မစားဘဲ နေလို့မရဘူး။”
ရှမ့်လန်က ခေါင်းညိတ်သည်။ ထို့ကြောင့် သူက နုရှောင့်မြို့ကို အမြန်ဆုံး သိမ်းပိုက်ရန် လိုအပ်၏။ သူက ချောင်ယောင်းအာဘက်မှ သတင်းကို စောင့်မျှော်နေခြင်းပင်။ ချောင်ယောင်းအာက ပင်လယ်ဓားပြများကို ဦးဆောင်၍ အနောက်ဘက်ဆီသို့ သွားပြီး လမ်းတစ်လျှောက် ကျွန်းပေါင်းများစွာကို တွေ့ရှိခဲ့၏။
ထိုနေရာတွင် မီးများအဆက်မပြတ် မှုတ်ထုတ်နေသည့် ထူးဆန်းသည့် ကျွန်းတစ်ကျွန်းကို သူတို့မြင်တွေ့ခဲ့ရ၏။ မီးတောင်ပေါက်ကွဲ၍ မီးမှုတ်ထုတ်နေခြင်း မဟုတ်ဘဲ မြေပြင်ပေါ်သို့ အက်ကွဲကြောင်းတစ်ခု ပေါ်လာခြင်းပင်။ မဲနက်သည့် ဆီများက ကောင်းကင်ယံပေါ်သို့ မီတာဆယ်နှင့်ချီ ပန်းထွက်နေပြီး အကြောင်းတစ်ခုခုကြောင့် မီးလောင်ကျွမ်းတတ်သေးသည်။
ထိုအကြောင်းကို သိချိန်မှာတော့ ရှမ့်လန်က အလွန်အမင်း ဝမ်းသာသွား၏။ ဤသည်က ရေနံတွင်းဖြစ်၏။ တူးဖော်ရန် မလိုအပ်သည့် အလိုအလျောက် ပန်းထွက်လာသည့် ရေနံတွင်းပင်။ ထိုအရာကို တူးဖော်ရရှိခြင်းက တကယ့်ကို ဂုဏ်ယူစရာကောင်း၏။ စည်ပေါင်းများစွာကို ပြင်ဆင်ထားရန်သာ လိုအပ်၏။
ထို့ကြောင့် မိစ္ဆာတြိဂံနယ်မြေမှ ထွက်ခွာပြီးနောက် ရှမ့်လန်၏ ရေတပ်က နှစ်ဖွဲ့ကွဲသွားခဲ့၏။ ပင်မရေတပ်၏ သင်္ဘောတစ်ရာက ပင်လယ်ပြင်တွင် ရန်နန်းဖေးကို တိုက်ခိုက်ရန် ရောက်ရှိလာခဲ့ပြီး ကျန်သင်္ဘော တစ်ထောင်ခန့်ကမူ ရေနံစိမ်း အများအပြားကို တူးဖော်ရန် အရှေ့မြောက်ဘက်ရှိ ကျွန်းဆီသို့ ဦးတည်သွားသည်။
ရေနံက စက်မှုလုပ်ငန်း၏ မိခင်ပင်။ ရှမ့်လန်အတွက် ရေနံက လောင်စာဆီ သက်သက်မဟုတ်ဘဲ ရေနံစိမ်းမှ ဓာတုပစ္စည်းပေါင်း များစွာကို ထုတ်ယူနိုင်၏။ လက်ရှိအခြေအနေအရ ရှမ့်လန်၏ စက်မှုစွမ်းအားဖြင့် ရေနံစိမ်းကို သန့်စင်ထုတ်လုပ်ရန် အလှမ်းဝေးနေသေးသော်လည်း ရေနံစိမ်းကပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းသော လောင်စာ ဖြစ်၏။
ယခင်က အကြီးစား မီးတိုက်ခိုက်မှုကို ပြုလုပ်လိုလျှင် ဆီများကို အသုံးပြုခဲ့ရ၏။ ငါးကိုဖမ်း၍ ငါးကြီးဆီများကို အသုံးပြုရ၏။ ငါးကိုဖမ်းပြီး ဆီချက်ရခြင်းပင်။ ဤသည်က မည်မျှ တန်ဖိုးကြီးသနည်း။ မည်မျှ အင်အား ကြီးမားသည့် အဖွဲ့အစည်းဖြစ်စေ၊ တစ်ကြိမ်တည်းနှင့် ငါးကြီးဆီ ပိသာချိန် သိန်းဂဏန်းလောက်ကို ပြင်ဆင်နိုင်ဖို့ ဆိုသည်က မလွယ်ကူချေ။
ကြီးမားသည့် စစ်ပွဲတစ်ခုအတွက် ငါးကြီးဆီ ပိသာချိန် သိန်းဂဏန်းက တကယ့်ကို ဘာမှ မဟုတ်ပေ။ အသုံးအခံပေ။ ရေနံ ရရှိပြီဆိုလျှင် သူတို့က ကုန်ခမ်းသွားခြင်းမရှိသည့် လောင်စာဆီ ထောက်ပံ့မှုကို ရရှိပေမည်။ အကယ်၍ မီးတိုက်ခိုက်မှုတွင် အသုံးပြုမည်ဆိုပါက တစ်ကြိမ်တည်းနှင့် ပိသာချိန် သန်းပေါင်းများစွာကို အသုံးပြုနိုင်မည်။ ရှမ့်လန်၏ လက်ရှိစွမ်းရည်ဖြင့် မီးလောင်ဗုံးများကို ပြုလုပ်နိုင်ခြင်း၊ ဓာတ်ဆီနှင့် ရေနံဆီ ထုတ်လုပ်နိုင်ခြင်း မရှိသေးချေ။ သို့သော်ငြား ရေနံစိမ်းကို မီးတိုက်ခိုက်မှုအတွက် အသုံးပြုနိုင်၏။
ထိုအရာက မီးလောင်ကျွမ်းသည့်အချိန်တွင် အဆိပ်ငွေ့များစွာ ထွက်ပေါ်သောကြောင့် ပို၍ပင် ရက်စက် ကြမ်းကြုတ်၏။ ကာဗွန်မိုနိုအောက်ဆိုက်၊ ဆာလဖာအောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက် စသည်တို့ ပါဝင်သည်။
ထို့ကြောင့် ရှမ့်လန်က နုရှောင့်မြို့ကို သာမန်နည်းလမ်းဖြင့် တိုက်ခိုက်ရန် မည်သည့်အခါကမှ စိတ်မကူးခဲ့ပေ။ သူက နုရှောင့်မြို့တစ်ခုလုံးကို မီးရှို့ရန်နှင့် မြို့ထဲရှိလူတိုင်းကို သတ်ဖြတ်ပစ်ရန် ရေနံစိမ်း ပိသာချိန် သန်းပေါင်းများစွာ ကို အသုံးပြုရပေမည်။
ကြီးမားသည့် သန့်စင်မှုကြီး ပြီးနောက် သူတို့က ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကြီးများကို လုပ်ဆောင်ရ မည်။ ဤထက်ပို၍ စေ့စပ်သေချာသည့် သန့်စင်မှုဟူ၍ မရှိတော့ချေ။
ယင်ယွမ်အဖွဲ့အစည်း၏ စစ်သည်တစ်သောင်း ဆိုသည်ကလည်း မည်သည့်အရာ ဖြစ်မည်နည်း။
စေတီတောင်က ကူပိုးကောင်များ ဆိုသည်ကလည်း မည်သည့်အရာ ဖြစ်မည်နည်း။
ကြီးမားသည့် ရဲတိုက်ကြီးကရော မည်သည့်အရာ ဖြစ်မည်နည်း။
ရှမ့်လန်က မည်သည့်အရာကိုမှ ဂရုမစိုက်ချေ။ စစ်မှန်သည့် မီးတိုက်ခိုက်မှု ဆိုသည်က မည်သည့်အရာ ဖြစ်သနည်း ဆိုသည်ကို ရန်နန်းဖေးအား သိစေချင်၏။
.........
အပိုင်း (၉၂၆)
နောက်ထပ် ငါးရက် ကုန်လွန်သွားခဲ့၏။
“ရောက်လာခဲ့ပြီ။ ရောက်လာပြီပဲ။” ဟီလာက ရုတ်တရက် အော်လိုက်သည်။
ရှမ့်လန်က ကုန်းပတ်ပေါ်သို့ အလျင်အမြန် ပြေးထွက်ကြည့်၏။ ပင်လယ်၏အစပ် မိုးကုပ်စက်ဝိုင်းပေါ်တွင် မရေမတွက်နိုင်သည့် အမဲစက်များ ပေါ်လာသည်ကို မြင်၏။ သူ၏ တခြားသော ရေတပ်ဖွဲ့က နောက်ဆုံးတော့ ရောက်ရှိလာခဲ့၏။ သင်္ဘောပေါင်း ထောင်နှင့်ချီ၏။
ရှမ့်လန်က မေးမြန်းနေစရာ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်္ဘောအားလုံးနီးပါးတွင် သစ်သား စည်ပိုင်းများ ပြည့်သိပ်နေသည်ကို မြင်ရသောကြောင့်ပင်။ စည်ပိုင်းတစ်ခုစီတွင် ရေနံစိမ်း ၅၀ ကီလိုဂရမ် ပါ၏။ သင်္ဘောထောင်ပေါင်းများစွာတို့က ရေနံစိမ်း စည်ပေါင်း တစ်သိန်းကျော်ကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းချွင်းဟွာနှင့် တခြားသောသူများအတွက် ရေနံစိမ်းထုတ်လုပ်ခြင်းက အလွယ်ကူဆုံး ဖြစ်၏။ အက်ကွဲနေသည့် ရေနံတွင်းများထဲတွင် ရေနံစိမ်း အများအပြားရှိ၏။ ထုတ်ယူပြီး မကြာမီ ရေနံတွင်းများက ပြန်ပြည့်လာ၏။ အလိုအလျောက် ပန်းထွက်သည့် တွင်းဆယ်တွင်းကို ရှာဖွေတွေ့ရုံမျှနှင့် ရှမ့်လန်အတွက် တစ်နှစ်စာ၊ နှစ်နှစ်စာ ထုတ်ယူရန် လုံလောက်၏။
ပြောရမည်ဆိုလျှင် ဤရေနံစိမ်း ပန်းထွက်သည့် တွင်းများက အမြဲတမ်း ရှိနေသည် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က မှ ပေါ်လာခဲ့ခြင်းပင်။ တိတိကျကျ ပြောရမည်ဆိုလျှင် လွန်ခဲ့သည့် ၇ နှစ်၊ ၈ နှစ်ခန့်ကမှ ပေါ်လာခြင်းဖြစ်၏။ ကြီးမားသည့် ငလျင်ကြီးတစ်ခုကြောင့် မြေပြင်ကြီး အက်ကွဲသွားခဲ့ပြီး မြေပြင်အောက်တွင် ဖိနှိပ်ခံလိုက်ရသည့် ရေနံစိမ်းပမာဏ အများအပြားတို့က အက်ကွဲကြောင်းကြီး ပွင့်ချိန်တွင် ပန်းထွက်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းချွင်းဟွာက လူနှစ်သောင်းတို့ကို ဦးဆောင်ပြီး ရေနံစိမ်းများယူခြင်းမှလွဲ၍ တစ်လနီးပါးခန့် တခြားဘာမှ မလုပ်ခဲ့ရပေ။ သူတို့က ကျွန်းပေါ်ရှိ သစ်ပင်များကို တိုက်ရိုက်ခုတ်လှဲ၏။ ဦးခေါင်းခွံစစ်သည်များကပင်လျှင် လက်သမားများ ဖြစ်လာခဲ့၏။ သစ်သားဆက်နည်းများကိုပင် တက်မြောက်သွားခဲ့ကြသေး၏။
လူနှစ်သောင်းတို့က တစ်လလုံးလုံး ကြိုးစားလုပ်ကိုင်ပြီးနောက် ရေနံစည်ပေါင်း တစ်သိန်းကျော်ကို ပြုလုပ်ရ၏။ ရေနံစိမ်း စည်ပေါင်း တစ်သိန်းကို ထုတ်ယူနိုင်ခဲ့ပြီး ထိုအရာက ကီလိုဂရမ် ၁၅ သန်း သို့မဟုတ် တန်ချိန် ခုနစ်ထောင်ကျော် ပမာဏပင်။ ဤပမာဏက ခေတ်သစ်လောကကြီးတွင် ပြောပလောက်သည့် အရာတစ်ခု မဟုတ်သော်လည်း ဤလောကအတွက်တော့ တကယ့်ကို များပြားလွန်းသည့် ကိန်းဂဏန်းတစ်ခု ဖြစ်နေသည်။
အမေရိကန်စစ်တပ်က တိုကျိုကို ဗုံးကျဲချိန်တွင် ဗုံးကျဲလေယာဉ် ၃၀၀ ကျော်ကို အသုံးပြုခဲ့ပြီး မီးလောင်ဗုံး တန်ချိန် ၂၀၀၀ ကို ကျဲချ၏။ သို့သော်ငြား သူတို့၏ ရှေ့မှောက်ရှိ နုရှောင့်မြို့သည် ယနေ့ ဒုတိယကမ္ဘာစစ်အတွင်းက တိုကျိုမြို့ အရွယ်အစား၏ ၁၀ ပုံ ၁ ပုံခန့်ပင် မရှိချေ။
နုရှောင့်မြို့တွင် အရပ်သားဟူ၍ မရှိပေ။ အားလုံးက ကုန်သည်များဖြစ်ကြပြီး သူရဲဘောကြောင်သည့် ကုန်သည်များ က ထွက်ပြေးသွားကြပြီ ဖြစ်၏။ ကျန်ရစ်သူများသည် ယင်ယွမ်အဖွဲ့အစည်းနောက်သို့ အဆုံးထိ လိုက်ပါမည့် ကုန်သည်များသာပင်။
နုရှောင့်မြို့က စတုရန်းမိုင် ၃၀ ကီလိုခန့်သာ ကျယ်ဝန်း၏။ စစ်သည်တစ်သိန်းအပြင် ကုန်သည်ရာဂဏန်း အနည်းငယ်လည်း ရှိသေး၏။ ပျမ်းမျှအားဖြင့် ကုန်သည်တစ်ဦးလျှင် လက်အောက်ငယ်သား ၁၀၀ ခန့် ရှိသောကြောင့် နုရှောင့်မြို့တစ်မြို့လုံးတွင် လူဦးရေ တစ်သိန်းရှစ်သောင်းထက် မကျော်လွန်ပေ။
……………
ကျန်းချွင်းဟွာက ရှမ့်လန်၏ ရှေ့သို့ တိုက်ရိုက် ပြေးဝင်လာပြီး အင်္ကျီလက်မောင်းကို ပင့်တင်၏။ ရှမ့်လန်က မရှောင်ဘဲ မနေနိုင်ချေ။ ကျန်းချွင်းဟွာ သူ့ကို ရိုက်နှက်တော့မည်ဟု ထင်လိုက်ရ၏။
“ဒီမှာကြည့်စမ်း။ ဒီမှာကြည့်စမ်း။”
ကျန်းချွင်းဟွာက ဒေါသတကြီး ပြောသည်။ “ကျွန်မရဲ့ အသားအရေက အရမ်း နူးညံ့ခဲ့တာ။ ဘုရင်မ မီဒူဆာနဲ့အတူ ပင်လယ်ထဲ လှည့်လည်သွားတုန်းကတောင် အသားမမဲခဲ့ဘူး။ အခုကြည့်စမ်း ဘယ်လောက်တောင် ညိုမဲ သွားခဲ့ပြီလဲလို့။ ရှမ့်လန်... ကျွန်မက ရှင်ရဲ့ ကိုယ်လုပ်တော်လုပ်ဖို့ လာခဲ့တာ။ ကျွန်လုပ်ဖို့ မဟုတ်ဘူး။ ကျွန်မက မိန်းမသား တစ်ယောက်။ ရှင်က ကျွန်မကို တိရစ္ဆာန်တစ်ကောင်လို ခိုင်းစေနေတာပဲ။”
ရှမ့်လန်က သူမ၏လက်ကို ကိုင်ပြီး လျှာနှင့်ယက်လိုက်၏။ “မင်းရဲ့အသားအရေက ဂျုံရောင်လို ညိုနေတာပဲ။ သိပ်လှပြီး ဆွဲဆောင်မှု ရှိတယ်။”
ပြီးနောက် ရှမ့်လန် က သူမ၏ ခါးသေးသေးလေးကို ဆွဲညှစ်ကာ မကြည့်သည်။ “အင်း... ကိုယ်လုံးကိုယ်ပေါက် ကလည်း ကျန်းမာပြီး လှပလာတယ်။ ပိုပြီး ဆွဲဆောင်မှု ရှိလာသလိုပဲ။”
“ကျွန်မ ရှင့်ကို မယုံဘူး။”
ကျန်းချွင်းဟွာက သူ၏မျက်နှာကို ခပ်ဖွဖွ ရိုက်ပြီး ပြော၏။ “ရှင်ပြောတော့ မူလန်မြို့မှာ ကျွန်မကို လက်ထပ်မယ်ဆို။ ပြီးတော့ ပီကျင်းမြို့ထိပ်က ရဲတိုက်ကြီးမှာ လက်ထပ်မယ်လို့ ပြောပြန်တယ်။ အခု လအတော် ကြာသွားခဲ့ပြီ။”
ရှမ့်လန်က ပြောလိုက်သည်။ “မင်းလည်း အရှေ့လောကကို ရောက်လာပြီဆိုတော့ မင်းကို နစ်နာအောင် ငါ မလုပ်ဘူး။ မင်းရဲ့အဖေနဲ့ မင်းရဲ့အစ်ကိုကို အရင်ကယ်တင်ရမယ်။ ပြီးရင် သူတို့ရဲ့ ကောင်းချီးပေးမှုနဲ့အတူ မင်းကို လက်ထပ်မယ်။”
ကျန်းချွင်းဟွာက ရှမ့်လန်ကို ခေတ္တမျှ စိုက်ကြည့်နေ၏။ “ကျွန်မတို့က သိပ်ပြီးရင်းနှီးလွန်းလို့ ရှင် ကျွန်မကို စိတ်မဝင်စားတော့တာလား။”
“စိတ်ဝင်စားတာပေါ့။” ရှမ့်လန်က ပြောသည်။
ကျန်းချွင်းဟွာက သူ၏လက်ကို ညင်သာစွာ ဆွဲပြီး စိတ်သက်သာရာရသလို သက်ပြင်းချ၏။ သူမက ရှမ့်လန်ကို မျက်စောင်းထိုးကာ ပြော၏။ “အနည်းဆုံး ယောက်ျားကောင်းတစ်ယောက်တော့ ဖြစ်နေသေးတာပဲ။”
ပြီးနောက် သူမက အဝတ်အစားများကို ဆွဲဖယ်ပြီး ရှမ့်လန်၏ ရှေ့သို့ တိုးလာ၏။ “နမ်းကြည့်စမ်း။ ကျွန်မကိုယ်ပေါ်မှာ ရေနံဆီနံ့ ရသေးလားလို့။ ကျွန်မ သုံးကြိမ်တောင် ရေချိုးခဲ့ပြီးပြီ။”
ရှမ့်လန်က နှလုံးခုန်နှုန်းများ မြန်လာ၏။ ဤမြေခွေးမလေးက ရေနံဆီနံ့ ရ ၊ မရ နမ်းခိုင်းနေသည်လား။ ထိုသို့ဆိုလျှင် ဘာကြောင့် အင်္ကျီကို ဤမျှထိ ဆွဲဟထားရသနည်း။
“မရဘူး။ သဘာဝရနံ့ပဲ ရတယ်။ သွားရေတောင်ကျချင်လာပြီ။” ရှမ့်လန်က ပြောလိုက်သည်။
“ဟွန့်..” ကျန်းချွင်းဟွာက ရှမ့်လန်၏မျက်နှာကို ခပ်ဖွဖွ ထပ်ရိုက်လိုက်၏။
ရှမ့်လန်က မေးလိုက်သည်။ “ရေနံစိမ်း ဘယ်လောက်တောင် ထုတ်ယူခဲ့တာလဲ။”
ကျန်းချွင်းဟွာက ပြော၏။ “မရေတွက်နိုင်အောင်ပဲ။ သင်္ဘောတွေအားလုံးပေါ် အပြည့်တင်ထားတယ်။ နောက်ထပ် ဆန့်တောင်မဆန့်တော့ဘူး။ ပိသာချိန် ၁၅ သန်းတောင် ကျော်တယ်။ ကိုယ့်မျက်လုံးနဲ့ကိုယ် မမြင်ရရင် ယုံမှာတောင် မဟုတ်ဘူး။ တွင်းထဲက ရေနံဆီတွေ ထုတ်လိုက်တယ်ဆိုပေမဲ့ တစ်ညမကြာခင်မှာပဲ တွင်းတစ်ခုလုံး ပြန်ပြည့်လာတယ်။ ဒါ ကောင်းကင်ဘုံက ပေးလိုက်တဲ့ လက်ဆောင်ပဲ။ ကျွန်မသာ ကုန်သည်ဆိုရင် ဒီပစ္စည်းတွေ ရောင်းတာနဲ့ သူဌေးဖြစ်နေလောက်ပြီ။ ဟုတ်တယ်မလား။”
သူဌေးဖြစ်ရုံသာမက နိုင်ငံပေါင် ဒါဇင်နှင့်ချီပြီး ထောက်ပံ့နိုင်သလို အင်အားကြီး အင်ပါယာတစ်ခုကိုတောင် ထောက်ပံ့ နိုင်ပေလိမ့်မည်။
ရှမ့်လန်က နုရှောင့်မြို့၏ မြေပုံရှေ့သို့ သွား၏။ နုရှောင့်မြို့က စတုရန်းကီလိုမီတာ ၃၀ ကျော် ကျယ်ဝန်းပြီး သူ့၌ ရေနံဆီ ၁၅ သန်း ကီလိုဂရမ် ရှိသည် ဆိုသောကြောင့် ပျမ်းမျှအားဖြင့် တစ်စတုရန်းကီလိုမီတာလျှင် ရေနံဆီ ၅ သိန်း ကီလိုဂရမ် ပစ်ချရပေမည်။ ဤကဲ့သို့သော မီးတိုက်ခိုက်မှုက ကြီးမားလွန်းသည့် ကိန်းဂဏန်းတစ်ခုဖြစ်ပြီး ရူးသွပ်ဖွယ်ရာလည်း ကောင်း၏။
ကျန်းချွင်းဟွာက မေးသည်။ “နောက်တစ်ဆင့်အနေနဲ့ ဒီရေနံဆီတွေအကုန်လုံးကို နုရှောင့်မြို့ထဲကို ပစ်ချဖို့ စီစဉ်နေတာလား။”
ရှမ့်လန်က ခေါင်းညိတ်ကာ ပြော၏။ “ဟုတ်တယ်။ ဒါက ကောင်းကင်ဘုံရဲ့အလိုဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ပြောချင်လို့လား။”
ကျန်းချွင်းဟွာက ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး။ စိတ်လှုပ်ရှားလွန်းလို့ သေးတောင်ထွက်ချင်နေပြီ။”
ရှမ့်လန်က သူမကို တစ်ချက်ကြည့်၏။ ခေါင်းအစ ခြေအဆုံး မြေခွေးမလေးပင်။ ကျန်းချုံးနှင့် သူ၏သားကို ကယ်တင်ပြီးမှ လက်ထပ်မည်ဟု ပြောထားသည်ကိုတောင် သူ့ကို အချိန်တိုင်း မြှူဆွယ်ဖို့ ကြိုးစားနေ၏။
............
မဟာဗျူဟာကို ဆုံးဖြတ်ပြီးပြီဖြစ်၍ ရူးသွပ်ဖွယ်ရာကောင်းသည့် မီးတိုက်ခိုက်မှုကြီးအဖြစ် ရေနံဆီ တန်ချိန် ၇၀၀၀ ကျော်ကို နုရှောင့်မြို့အတွင်းသို့ လောင်းချမည့် အကြံအစည်ကို စတင်ရပေတော့မည်။
သို့သော်ငြား အဓိကပြဿနာမှာ ရေနံဆီ တန်ချိန် ၇၀၀၀ ကျော်ကို နုရှောင့်မြို့ထဲသို့ မည်သို့ ပစ်ချမည်နည်း။ မီးပုံးပျံများနှင့် ဖြစ်၏။
အလွန်အမင်း ရိုးရှင်းအောင် ပြုလုပ်ပြီးနောက် ရှမ့်လန် ပြုလုပ်ထားသည့် မီးပုံးပျံက တစ်ကြိမ်လျှင် ၈၀၀ ကီလိုဂရမ် သယ်ဆောင်နိုင်၏။ လူတစ်ယောက်၏ အလေးချိန်ကို နှုတ်လိုက်လျှင် ၇၃၀ ကီလိုဂရမ် ကျန်ရှိပေမည်။ ထိုအရာက ရေနံဆီ ၁၄ စည်နှင့် ညီမျှသည်။
ရှမ့်လန်က မီးပုံးပျံ ၁၀၀ ကျော်ကို ပြုလုပ်ရန် အရင်းအမြစ်ပေါင်းများစွာကို အသုံးပြုခဲ့၏။ သီအိုရီအရ တစ်ကြိမ်လျှင် ရေနံဆီ ကီလိုဂရမ် ၁ သိန်းခွဲထိ ပစ်ချနိုင်၏။
ယခုအချိန်တွင် ရေနံဆီ စည် ၁၀၀ ခန့်ကို ပစ်ချရန် လိုအပ်မှာ ဖြစ်၏။ ဤသည်က ရှမ့်လန်၏ ရူးသွပ်ဖွယ်ရာ ကောင်းသည့် လေကြောင်းတိုက်ခိုက်မှု စီမံကိန်းပင်။ ရေနွေးငွေ့စက်မရှိ၊ ဟိုက်ဒရိုဂျင် မရှိ၊ ဟီလီယမ် မရှိသောကြောင့် လေသင်္ဘောများကို မဖန်တီးနိုင်ပေ။ မီးပုံးပျံအားလုံးက လေတိုက်ရာသို့ ပျံသန်းနိုင်ပြီး ကိုယ်တိုင် မပျံသန်းနိုင်ကြပေ။ သို့သော်ငြား အကွာအဝေး နီးကပ်နေသည့် လေကြောင်းတိုက်ခိုက်မှုအတွက်တော့ လုံလောက်သည်။
ပင်လယ်ပြင်တွင် လေအမြဲတိုက်ခတ်လေ့ရှိ၏။ အရှေ့လေ၊ အနောက်လေ သို့မဟုတ် မြောက်လေ၊ မည်သည့်လေ ဖြစ်စေ လေကြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုနိုင်၏။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်မည့် လူများက အမေဇုန် အမျိုးသမီးစစ်သည်များပင်။ ရူးသွပ်နေသည့် မင်းသမီးဒိုဟာက လေကြောင်းတိုက်ခိုက်မှုကို ဦးဆောင်ပေဦးမည်။
နေသာသည့် နောက်တစ်နေ့... ပင်လယ်လေပြည်က အရှေ့မှ အနောက်သို့ တိုက်ခတ်နေ၏။ လေကြောင်း တိုက်ခိုက်မှု အတွက် ပြီးပြည့်စုံသည့် အချိန်ခါပင်။ မင်းသမီး ဒိုဟာက အမေဇုန် အမျိုးသမီးစစ်သည် ၁၀၀ ကျော်နှင့်အတူ အသင့်ဖြစ်နေ၏။
ရှမ့်လန်က ရှေ့သို့တိုးပြီး မင်းသမီးဒိုဟာကို ပွေ့ဖက်သည်။ “ဂရုစိုက်ပါ။ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။”
“စိတ်ချပါ အရှင်။”
မင်းသမီးဒိုဟာက ပြောသည်။ “ဒါပေမဲ့ အရှင်... အနောက်လောကရဲ့ ပွေ့ဖက်တဲ့ ဓလေ့ထုံးစံမှာ ဒီလောက်ကြီး တင်းတင်းကြပ်ကြပ် ဖက်ထားဖို့ မလိုပါဘူး။ အထူးသဖြင့် ခါးအောက်ပိုင်းကိုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ဖိကပ်ထားစရာ မလိုဘူး။ ဒါကြောင့် အရှင် ကျွန်မကို အခွင့်အရေးယူနေတယ်လို့ သံသယ ဖြစ်မိပါတယ်။”
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ရှမ့်လန်က အမြန်ပင် လွှတ်လိုက်၏။
ပြီးနောက် သူက တပ်မှူးကွေ့နင် ရှေ့ဆီသို့ လျှောက်သွားကာ ပွေ့ဖက်သည်။ “အောင်မြင်ပါစေ တပ်မှူးကွေ့နင်။”
“ကျေးဇူးတင်ပါတယ် အရှင်။” ကွေ့နင်က ရှက်ရွံ့စွာ ပြော၏။ ရှမ့်လန်ကို ပြန်လည်ကာ တင်းကျပ်စွာ ဖက်၏။ ခေါင်းအစ ခြေအဆုံး ကပ်နေအောင်ပင် ဖက်ထား၏။ သူမ၏ ရှက်ရွံ့နေမှုက လူများကို နှစ်ပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်ရသည့် သူမ၏ အကျင့်ကိုပင် မေ့လျော့သွားစေနိုင်လောက်၏။
နင်ယန်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။ “ဟွန်း... ငါတို့အိမ်မှာ မိန်းကလေးတွေ လိုနေသေးလို့လား။”
ကျန်းချွင်းဟွာက ပေါ့ပေါ့ပါးပါး ပြော၏။ “စိတ်မပူနဲ့။ ရှင့်ယောက်ျားက သိပ်ပြီး ပေါပေါလောလော နိုင်တယ်။ လူလစ်ရင် အခွင့်အရေးယူရတာ ကြိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း သူ့အနားကပ်ရင်တော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေပြန်ရော။ အတူတူ အိပ်ချင်တာမဟုတ်ဘူး။ အခွင့်အရေးယူတာ၊ တာဝန်ယူမှု မရှိတာက ရှင့် ယောက်ျားရဲ့ ပုံစံပဲ။”
မင်းသမီး နင်ယန်က ကြောင်အသွားသည်။ “ဒါနဲ့ ရှင်က ဘယ်လိုလုပ် သိတာလဲ။”
ကျန်းချွင်းဟွာက တိုးတိုးလေး ပြော၏။ “ဒီမေးခွန်းကို မမေးနဲ့လေ။”
ဤအချိန်မှာတော့ သင်္ဘော ၁၀၀ ကျော်ကို ရှင်းလင်းထားပြီးဖြစ်ပြီး တစ်စီးစီတွင် ကြီးမားသည့် မီးပုံးပျံကြီး တစ်ခုစီ ပါရှိသည်။
“မီးရှို့.. အပူပေးကြ။”
နာရီဝက်ခန့် ကြာပြီးနောက် ကြီးမားသည့် မီးပုံးပျံကြီးက ပူနွေးလာပြီး လေထဲ ပြန်ဝဲနေပြီဖြစ်ပြီး အချိန်မရွေး ပျံသန်းရန် အဆင်သင့်ပင်။
“တင်ကြတော့။”
အမိန့်တစ်ခုနှင့်အတူ ရေနံစိမ်းစည်များကို မီးပုံးပျံ၏ ခြင်းတောင်းထဲသို့ တင်လိုက်ကြ၏။ ဤမီးပုံးပျံ၏ အမြင့်ဆုံး သယ်ဆောင်နိုင်သည့် ဝန်က ၈၀၀ ကီလိုဂရမ်ကျော် ဖြစ်သည်။ စိတ်ချရစေရန် မီးပုံးပျံ တစ်ခုစီတွင် ရေနံစိမ်း ၁၃ စည်သာ တင်ဆောင်ထား၏။
“အပေါ်ကို တက်ကြတော့။”
မင်းသမီးဒိုဟာက အမေဇုန် အမျိုးသမီးစစ်သည် ၁၀၀ ကျော်တို့ကို ဦးဆောင်ပြီး မီးပုံးပျံ၏ ခြင်းတောင်းထဲသို့ ဝင်သည်။
“အပေါ်ကို ပျံတက်ကြမယ်။” အောက်ဘက်ရှိ ကြိုးများကို ဖြေပေးလိုက်၏။
မီးပုံးပျံ ၁၀၀ ကျော်တို့က လေထဲတွင် ဖြည်းညင်းစွာ စတင် မြင့်တက်လာပြီး ရေနံစိမ်း စည်ပေါင်း ၁၀၀၀ ကျော်ကို သယ်ဆောင်ကာ နုရှောင့်မြို့ရှိရာ လမ်းကြောင်းသို့ ဖြည်းညင်းစွာ ပျံသန်းသွားသည်။
...............
ရှမ့်လန်၏ ရေတပ်က နုရှောင့်မြို့ကို ပိတ်ဆို့ထားခဲ့သည်မှာ တစ်လကျော် နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်က ကမ်းသို့တက်ပြီး စစ်ပွဲမစသေးသောကြောင့် နုရှောင့်မြို့ရှိလူများက သူ့အပေါ် လေးစားမှု ပျောက်ဆုံးသွားခဲ့၏။
ရန်နန်းဖေး၏ အရိပ်အမိုးပြမှုအောက်တွင် မြို့ထဲရှိ ကုန်သည် အားလုံးတို့က သူတို့၏ လစာများကို လှူဒါန်း ခဲ့ကြပြီး သူတို့၏ အစောင့်များကိုပင် ပေးအပ်ခဲ့ကြသေး၏။ ယခုအချိန်တွင် ရန်နန်းဖေး၏ လက်အောက်တွင် စစ်သည်ပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိနေပြီ ဖြစ်၏။
ယခုအချိန်တွင် ကုန်သည်များနှင့် ရန်နန်းဖေး၏ အကျိုးစီးပွားက ထပ်တူကျနေ၏။ နှစ်ဦးစလုံးက ကျင်းမိသားစု နှင့် ရှမ့်လန်တို့၏ အကျိုးစီးပွားများကို မောင်ပိုင်စီးထားသူများဖြစ်၏။ ထိုကဲ့သို့ သိရှိခံစားရမှုကြောင့် ရန်နန်းဖေး က ရှမ့်လန်အား နုရှောင့်မြို့ကို တိုက်ခိုက်လာစေရန် ပို၍ ဆန္ဒပြင်းပြနေသည်။
ထိုမှသာ သူ၏လက်ထဲရှိ စစ်သည် ၁ သိန်းတို့၏ စွမ်းဆောင်ရည်များကို ထုတ်ဖော် အသုံးပြုခွင့် ရရှိပေလိမ့်မည်။ သို့မှသာ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည် တစ်သောင်းနှင့် စေတီတောင်တို့၏ ကူပိုးကောင် မြားများက အစွမ်းပြနိုင်ပေလိမ့်မည်။ မဟုတ်ပါက အသုံးမဝင် ဖြစ်သွားပေမည်။