အခန်း (၉၂၇-၉၂၈)
Vol. 56 Ch. 927-928
အပိုင်း (၉၂၇)
ရှမ့်လန် မြို့ကို တိုက်ခိုက်လာစေရန် မြှူဆွယ်သည့်အနေဖြင့် ရန်နန်းဖေး၏ တပ်တော်က စိန်ခေါ်မှုများကို စတင် ပြုလုပ်လာ၏။ သူတို့က ဆိပ်ကမ်းတွင် နေရာယူပြီး ပင်လယ်ဘက်သို့ လှမ်းကာ ဆဲဆိုကြ၏။
“ရှမ့်လန်... ဒါကို ဧကရာဇ်တစ်ပါး ပြန်လာတာလို့ ခေါ်တာလား။ ဒါ မင်းမိန်းမရဲ့ နုရှောင့်မြို့လေ။ မင်းရဲ့ ရဲတိုက် ကို ငါတို့ သိမ်းပိုက်ထားပြီးပြီ။ ဒါပေမဲ့ မင်းက မတိုက်ရဲဘူး။ ဘယ်လိုလုပ် ပြန်လာခြင်း ဖြစ်မှာလဲ။ လိပ်တစ်ကောင် ပြန်လာခြင်းပဲ။”
“ရှမ့်လန်... မင်း စိုက်ပျိုးထားတဲ့ လယ်မြေဧက သန်းပေါင်းများစွာကို ငါတို့ သိမ်းပိုက်ထားပြီးပြီ။ မင်းရဲ့ မှန်လုပ်ငန်းကိုလည်း ငါတို့ သိမ်းပိုက်ထားပြီးပြီ။ မင်းရဲ့ ပြည်သူ ၁ သိန်းကလည်း ငါတို့ရဲ့ ကျွန်တွေ ဖြစ်ကုန်ပြီ။ ကျေးဇူးပဲ။”
“ရှမ့်လန်... မင်းမိန်းမ ကျင်းမူလန် ဘယ်မှာလဲ။ ဒီရေတပ်ကြီးကို ဘယ်ကနေ ရလာတာလဲ။ ဒီရေတပ်ကြီးနဲ့ လဲလှယ်ဖို့ မင်းမိန်းမကို အနောက်လောကက ဧကရာဇ်ဆီကို ဆက်သလိုက်ရတာလား။”
“ရှမ့်လန်... ခင်ဗျား အနောက်လောကမှာ ရှီလွန်ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်လေး ဖြစ်ခဲ့တယ်ဆို။ ဒီရေတပ်ကြီးကို ရဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားခဲ့တယ်လို့ ကြားတယ်။ ဒီလောက်ကြီးမားတဲ့ ပေးဆပ်မှုကြီးကို ပေးဆပ်ထားပြီးမှ ဘာလို့ နုရှောင့်မြို့ကို လာမတိုက်သေးတာလဲ။ ဒါ ခင်ဗျားရဲ့ အိမ်ပဲ။ ကျုပ်တို့က ခင်ဗျားရဲ့ အိမ်ထဲမှာနေပြီး ခင်ဗျားရဲ့ အစားအစာကို စား၊ ခင်ဗျားရဲ့ ရွှေငွေတွေကို ကိုင်ပြီး ခင်ဗျားရဲ့ ပြည်သူတွေနဲ့ အိပ်စက်နေတာ။”
ရန်နန်းဖေးက ရှမ့်လန်အား အစွမ်းကုန်အရှက်ခွဲရန် သူ၏ တပ်တော်ကို အမိန့်ပေးထား၏။ ကမ်းပေါ်သို့ တက်လာပြီး လက်ထဲတွင် ရှိသည့် လက်နက်များဖြင့် တစ်ခါတည်း တိုက်ခိုက်လာစေရန် ရည်စူးထားသည်။ သို့သော်ငြား အစမှအဆုံးထိ ရှမ့်လန်၏ တပ်တော်က အခွံထဲတွင် ပုန်းအောင်းနေသည့် လိပ်တစ်ကောင်ကဲ့သို့ လုံးဝ မလှုပ်ရှားကြချေ။
“ဒါက ဧကရာဇ်တစ်ပါး ပြန်လာခြင်းတဲ့လား။ ရှမ့်လန်... ဒီရေတပ်ကြီးကိုရဖို့ အနောက်လောကမှာ ကိုယ့်ကိုယ်ကိုယ် ရောင်းစားခဲ့တာပဲ။ ရှီလွန်ဧကရာဇ်ရဲ့ ရုပ်သေးရုပ် ဖြစ်ခဲ့ရတယ်။ ဒါကို ဘာလို့ မြို့ကို မတိုက်ခိုက် သေးတာလဲ။”
ရန်နန်းဖေးက ဤမျှလောက် ပေါ့ဆသူ မဟုတ်ပေ။ ယုတ္တိဗေဒအရ စဉ်းစားကြည့်မည်ဆိုလျှင် ရှမ့်လန်က မြို့ကို တိုက်ရဲမည် မဟုတ်ချေ။ အချိန်ကြာကြာလေ ရှမ့်လန်က ပို၍ အားနည်းလာလေပင်။ လက်ရှိ ရွှဲ့ပြည်နယ်က တပ်များကို စုစည်းနေပြီ။ အရှေ့ဘက်တွင် ခံစစ်စည်း တည်ဆောက်နေ၏။
ကျူးဟုန်ရွှဲ့၏ သွေးတပ်မတော်က မကြာခင် ပြန်ရောက်လာနိုင်၏။ သို့သော်ငြား ရန်နန်းဖေး၏ စိတ်ထဲတွင်တော့ ပို၍ လေးလံသည့် စိုးရိမ်စိတ်များ ရှိလာ၏။ အဘယ်ကြောင့်ဆိုသော် သူ သိသည့် ရှမ့်လန်က အံ့ဖွယ်ရာများနှင့် ပြည့်နှက်နေသူပင်။ သူက အခွံထဲတွင် ပုန်းအောင်းနေတတ်သည့် သူရဲဘောကြောင်သည့် လိပ်တစ်ကောင်မျိုး မဟုတ်ချေ။
ထိုအချိန်မှာတော့ တပ်မှူးတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။ “အဲ... အဲဒါ ဘာကြီးတွေလဲ။”
ရန်နန်းဖေးက မော့ကြည့်၏။ ရုတ်တရက် အရှေ့ဘက် ပင်လယ်ပြင်မှ ဧရာမ ဘောလုံးကြီး ၁၀၀ ကျော်တို့ ပျံတက်လာသည်ကို မြင်ရ၏။ ထိုအရာများက ပျံနိုင်သည်လား။ မည်သည့်အရာ ဖြစ်သနည်း။ ပြီးနောက် ဧရာမ ဘောလုံးကြီး ၁၀၀ က နုရှောင့်မြို့ဆီသို့ တဖြည်းဖြည်းချင်း ပျံသန်းလာသည်ကို သူတို့ မြင်ရ၏။ မကြာခင်မှာပဲ သူတို့က နုရှောင့်မြို့၏ အထက်သို့ ရောက်ရှိလာ၏။
“ပစ်ချကြ။ အဲဒီအရာတွေကို ပစ်ချကြ။” ရန်နန်းဖေးက အမိန့်ပေးသည်။
ပြီးနောက် ယင်ယွမ်အဖွဲ့အစည်းမှ သံမဏိသွေးစစ်သည်များက လေးဖြင့် အစွမ်းအကုန် ပစ်ခတ်ကြ၏။
သို့သော်လည်း ဤမီးပုံးပျံများက အမြင့်ပေ ၁၅၀၀ တွင် ရှိနေ၏။ မည်သည့်မြားကမှ ထိုအရာများကို မထိမှန်နိုင်ပေ။
နောက်တစ်စက္ကန့်မှာပဲ “ရွှမ်... ရွှမ်...”
ကောင်းကင်ယံမှ မရေတွက်နိုင်သည့် အမဲစက်များ ကျလာ၏။ ရေနံစိမ်းစည်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ကောင်းကင်ပေါ်မှ ပြုတ်ကျ၏။ သူတို့၏မြင်ကွင်းထဲတွင် ပြည့်သိပ်နေသည့် အမဲစက်များက မိုးစက်များ သဖွယ်ပင်။
“အဲဒါ ဘာတွေလဲ။”
စက္ကန့်အနည်းငယ် ကျဆင်းလာခဲ့ပြီးနောက် တစ်ခါတည်း ပွင့်ထွက်ကုန်၏။ ရေနံဆီများက မြေပြင်၊ ခေါင်မိုး၊ နံရံများဆီသို့ ကျရောက် ပေါက်ကွဲ၏။
“ဘုန်း... ဘုန်း...”
ရေနံဆီတိုင်းတွင် မာကျူရီအက်ဆစ်များပါရှိပြီး တစ်ခုမကလည်း ပါ၏။ မည်သည့်ထောင့်ကို ကျသည်ဖြစ်စေ ပေါက်ကွဲမှာ ဖြစ်သည်။
ချက်ချင်းဆိုသလိုပဲ ရေနံဆီ ထောင်ပေါင်းများစွာတို့က တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်ကြ၏။ တောက်လောင်လျက် ရှိသည့် မီးတောက်များ ဖြစ်ပေါ်လာ၏။ နုရှောင့်မြို့တစ်ခုလုံးက မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွား၏။ မြို့လုံးကျွတ် သတ်ဖြတ်မည့် ရှမ့်လန်၏ စီမံကိန်းကြီးက စတင်ခဲ့ပြီ ဖြစ်၏။
ကောင်းကင်မှ မိုးကြည့်မည် ဆိုပါက နုရှောင့်မြို့တစ်ခုလုံးက မရေတွက်နိုင်သည့် မီးပန်းများနှင့် ဝေဆာနေသည့် အလားပင်။
“ဘုန်း... ဘုန်း..”
မျက်စိတစ်မှိတ်အတွင်း မီးခိုးလုံးကြီးများက လိမ့်တက်လာ၏။ မီးတောက်များက ကောင်းကင်သို့ ထိုးတက် သွား၏။
“အား... အား...” သရဲတစ္ဆေများ ညည်းညူနေသကဲ့သို့၊ ဝံပုလွေများ အူနေသကဲ့သို့ပင်။ မရေတွက်နိုင်သည့် လူများ၏ အော်ဟစ်သံများက ထွက်ပေါ်နေ၏။ သူတို့က မိမိတို့၏နေအိမ်များမှ အပြင်ဘက် လမ်းများပေါ်သို့ အလုအယက် ထွက်ပြေးကြ၏။ သူတို့က ကောင်းကင်ကို မော့ကြည့်ကာ ကျိန်ဆဲကြသည်။
“သောက်ကျိုးနည်း ရှမ့်လန်... မင်း ကောင်းကင်ဘုံက ဒုက္ခပေးမှာ မကြောက်ဘူးလား။”
သူတို့အားလုံးက သာမန်အရပ်သားများ ဖြစ်၏။ သူတို့က ကုန်သည်များ ဖြစ်၏။ ကျင်းမိသားစုကို သစ္စာဖောက်ခဲ့သည်ဆိုလျှင်တောင်၊ ကျင်းမိသားစု၏ အကျိုးအမြတ်များကို မောင်ပိုင်စီးခဲ့သည် ဆိုလျှင်တောင်၊ ကျင်းမိသားစု၏ လယ်မြေဧကသန်းချီကို သိမ်းပိုက်ခဲ့သည် ဆိုလျှင်တောင် သူတို့က သာမန်အရပ်သားတွေ ဖြစ်၏။
“မင်း သတ်ချင်ရင် ရန်နန်းဖေးကို သတ်လေ။ ဘာလို့ မြို့တော်ကို မီးရှို့ရတာလဲ။ ငါတို့လို ကုန်သည်တွေကို သတ်တော့ ဘာအဓိပ္ပာယ် ရှိမှာမလို့လဲ။”
…………
တစ်ချိန်တည်းမှာပဲ ရန်နန်းဖေးက ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း တစ်ကိုယ်လုံး အေးစက် တောင့်တင်းနေ၏။
“ပစ်ချကြ။ အဲဒါတွေ အားလုံးကို ပစ်ချကြစမ်း။” သူက ရူးသွပ်မတတ်ပင် အော်ဟစ်နေသည်။
သူ၏တပ်ဖွဲ့များက ကောင်းကင်ယံပေါ်သို့ တွင်တွင်ကျယ်ကျယ် ပစ်ခတ်နေကြ၏။ ကြီးမားလွန်းသည့် ဒူးလေးကြီးများက ကောင်းကင်ပေါ်သို့ ပစ်ခတ်၏။ သို့သော်လည်း အရာအားလုံးက အချည်းနှီးပင်။
“ငါသိတယ်။ ရှမ့်လန်မှာ လှည့်ကွက်ရှိတယ်ဆိုတာ ငါ အစောကြီးတည်းက သိတယ်။”
ရန်နန်းဖေး၏ ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူက အလွန်အမင်း နေရခက်နေ၏။ “သောက်ကျိုးနည်း ရှမ့်လန်... မင်းငါ့ကို မျက်နှာချင်းဆိုင် တရားမျှတစွာနဲ့ တစ်ခါလောက် မတိုက်ခိုက်ရဲဘူးလား။ ငါတို့ပင်လယ်ထဲမှာ ရှိတုန်းကလည်း မင်း အမြှောက်တွေနဲ့ နှစ်မိုင်အကွာကနေ ပစ်တယ်။ ငါ ရန်နန်းဖေးက ခံရတဲ့ဘက်မှာပဲ ရှိခဲ့တယ်။ အခု ငါ့မှာ ကြီးမားတဲ့ အင်အားစုကြီးကို ပိုင်ဆိုင်ထားပြန်တော့လည်း မင်း စစ်သင်္ဘောတွေက ကမ်းပေါ် တက်မလာဘူး။ ကောင်းကင်ကနေ တိုက်ခိုက်နေပြန်တယ်။”
ဤအခြေအနေက မျှော်လင့်ချက် ပိုမဲ့စေခဲ့၏။ ယခင် ပင်လယ်ပြင်တိုက်ပွဲတုန်းက ရန်နန်းဖေးက ရှေ့တန်းသို့ တက်ပြီး အနည်းငယ် တိုက်ခိုက်နိုင်သေး၏။ ယခု ရှမ့်လန်၏ တပ်ဖွဲ့များက ကောင်းကင်ယံ ပေ ၁၅၀၀ အမြင့်တွင် ပျံသန်းနေကြ၏။ သူ လုံးဝ လက်လှမ်းမီနိုင်သည့် အရာမျိုး မဟုတ်ချေ။
“ရှမ့်လန်... မင်းက တကယ့်ကို အံ့ဩဖို့ကောင်းတယ်။ မင်းမှာ လှည့်ကွက်တွေ အများကြီး ရှိတယ်။ မင်းရဲ့ လူတွေကို ကောင်းကင်ပေါ်ထိတောင်မှ ခေါ်ဆောင်သွားခဲ့တာလား။”
“တပ်မှူး... ဒါ သိပ်ပြီး ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ အကုန်လုံးက မီးပုံးပျံ အကြီးစားကြီးတွေပဲ။ အံ့ဖွယ်အမှုတစ်ခု မဟုတ်ပါဘူး။” ဘေးတစ်ဖက်တွင် ရှိနေသည့် စာပေပညာရှင် အကြံပေးက လှောင်ပြောင်သလို ပြော၏။
ရန်နန်းဖေးက သည်းမခံနိုင်တော့ချေ။ သူက ဓားကို ဆွဲထုတ်ပြီး ထိုလူကို သတ်ပစ်လိုက်သည်။
“လူယုတ်မာ.. မင်းတို့ စာပေပညာရှင်တွေက ပေါက်ပန်းလေးဆယ် ပြောဖို့ပဲ တတ်တယ်။ လွယ်တယ်ဆိုရင် မင်းကိုယ်တိုင် လုပ်လေ။”
ပြီးနောက် ရန်နန်းဖေးက ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည့် တိုက်ခိုက်မှုများ ရပ်တန့်သွားစေရန်သာ ဆုတောင်းနေမိ၏။ ပြောရမည် ဆိုလျှင် စောဏက ပစ်ချခဲ့သည်က ဆီတစ်မျိုးမျိုး ဖြစ်ပုံပေါ်၏။ ငါးကြီးဆီဖြစ်စေ၊ တစ်ခြားဆီ ဖြစ်စေ အကန့်အသတ် ရှိ၏။
ရန်နန်းဖေးသည် နုရှောင့်မြို့ကို တာဝန်ယူခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ငါးကြီးဆီ ကီလိုဂရမ် သိန်းဂဏန်း လောက်သာ စုဆောင်းနိုင်ခဲ့၏။ ရှမ့်လန်က အနောက်လောကတွင် မိုင်ပေါင်းသောင်းချီ ခရီးနှင်ခဲ့ရသောကြောင့် ဆီအမြောက်အမြားကို သယ်ဆောင်လာနိုင်စရာ အကြောင်းမရှိချေ။
ပထမအကျော့ တိုက်ခိုက်မှုမြင်ကွင်းက ထိတ်လန့်ဖွယ်ရာကောင်းသော်လည်း ထိခိုက်သေဆုံးမှုများက သိပ်မများလှပေ။ နုရှောင့်မြို့တစ်ခုလုံး မီးများဖုံးလွှမ်းနေသော်လည်း အနည်းဆုံး ရဲတိုက်ကြီးက ကောင်းမွန် နေဆဲပင်။
..............
ရေနံဆီ စည်ပေါင်းများစွာကို ပစ်ချပြီးနောက် မီးပုံးပျံက နုရှောင့်မြို့ကို ဖြတ်ကျော်ကာ အနောက်ဘက် ပင်လယ်ပြင်ထက်သို့ ရောက်ရှိသွား၏။
“ဆင်းသက်ကြ။ ဆင်းသက်ကြ။”
အမိန့်ပေးစရာ မလိုဘဲ မီးပုံးပျံကို ထိန်းချုပ်ထားသည့် အမေဇုန် အမျိုးသမီး စစ်သည်များက မီးအရှိန်ကို စတင် လျှော့ချ၏။ မီးပုံးပျံက ဖြည်းညင်းစွာ နိမ့်ဆင်းပြီး အနောက်ဘက်သို့ ဆက်လက် လွင့်မျောသွားသည်။
ရှမ့်လန်၏ ရေတပ်၌ သင်္ဘော ၁၀၀၀ ကျော် ရှိ၏။ နုရှောင့်မြို့၏ အရှေ့ဘက် ပင်လယ်ပြင်တွင် သင်္ဘောရာဂဏန်း၊ တောင်ဘက်တွင် ရာဂဏန်း၊ အနောက်ဘက်တွင် ရာဂဏန်း အနည်းငယ် ရှိ၏။ ဤမီးပုံးပျံများ ဆင်းသက်လာသည်နှင့် သင်္ဘောများက ချက်ချင်းပင် သွားရောက်ကာ ခေါ်ယူကြ၏။
သူတို့က မီးပုံးပျံများကို လုံးဝ လေမလျှော့ပစ်ကြသလို ပင်လယ်ပြင်တွင် မျှောမထားနိုင်ပေ။ ထိုသို့မဟုတ်ပါက ထိုအရာများကို ပြန်လည် သိမ်းယူရန် ခက်ခဲပေလိမ့်မည်။ အကောင်းဆုံးကတော့ ပင်လယ်ရေမျက်နှာပြင်ထက် ၁၀ မီတာအထက်တွင် ရပ်တန့်စေခြင်း ဖြစ်၏။ ပြီးနောက် သင်္ဘောများက ကြိုးများကို အသုံးပြုကာ ဖမ်းယူပြီး ကုန်းပတ်ပေါ်သို့ ဖြည်းညင်းစွာ ဆွဲချကြသည်။
“ဆက်ပြီး တင်ကြ။”
ရေနံစိမ်း စည်ပေါင်းများစွာကို ခြင်းတောင်းထဲသို့ ထည့်ကြပြန်၏။ နာရီဝက်ခန့် ကြာမြင့်ပြီးနောက် မီးပုံးပျံ အားလုံးက ဝန်တင်ပြီးသွားပြီ ဖြစ်၏။ ဤအချိန်မှာတော့ လေတိုက်ခတ်ရာ လမ်းကြောင်း ပြောင်းသွားပါက သူတို့က ချက်ချင်း ကုန်းပေါ်သို့ ပြန်တက်ကြမည်။ အကယ်၍ လေလမ်းကြောင်း မပြောင်းပါက သင်္ဘောများက ဤမီးပုံးပျံများ ကို အရှေ့ဘက် ပင်လယ်ပြင်သို့ ပြန်ဆွဲခေါ်ပြီး လေအကူအညီဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်မည်။
“မီငြှိမ်းကြ။ မီးငြှိမ်းကြ။”
ရန်နန်းဖေး၏ အမိန့်အောက်တွင်တော့ မြို့ထဲရှိ လူပေါင်း ၁ သိန်းကျော်တို့က မီးငြှိမ်းသတ်ရန် အပြေးအလွှား သွားရောက်၏။ နောက်ဆုံးမှာတော့ အလွန်ခက်ခဲစွာဖြင့် မီးများကို ငြှိမ်းသတ်နိုင်ခဲ့၏။ ထိခိုက်သေဆုံးမှုနှင့် အိမ်ပျက်စီးမှုကို တွက်ချက်ရန် အချိန်ဟူ၍ပင် မရှိချေ။
“သေဆုံး ဒဏ်ရာရသူ ၁၀၀၀ လောက် ရှိမယ်။ အိမ်ခြေ ၁၀၀၀ ကျော်လောက်ကတော့ လုံးဝ ပြာဖြစ်နေပါပြီ။” အကြံပေးပုဂ္ဂိုလ်က တုန်ယင်နေသည့်အသံဖြင့် တင်ပြ၏။
ရန်နန်းဖေးက စိတ်သက်သာရာရသွားဖြင့် သက်ပြင်းချလိုက်မိ၏။ ဤပမာဏက ထိတ်လန့်ဖွယ်ရာ ကောင်းသော်လည်း လက်ခံနိုင်ဖွယ်ရာ ရှိသေး၏။ အထူးသဖြင့် သူ၏ နုရှောင့်မြို့ အုပ်ချုပ်သူ အိမ်တော်တွင် ထိခိုက်သေဆုံးသူ များများ မရှိချေ။
သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ ကြောက်လန့်တုန်လှုပ်နေသည့် အသံတစ်ခုကို ကြားရသည်။ “တပ်မှူး... တပ်မှူး... ဟို မီးပုံးပျံတွေ ပြန်လာနေပြီ။”
ရန်နန်းဖေးက ပြတင်းပေါက်ဆီသို့ ပြေးပြီး အပြင်ဘက်ကို ကြည့်၏။ ချက်ချင်းပဲ သူ့ကို မျှော်လင့်ချက်မဲ့စေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ မီးငြိမ်းပြီးနောက် ၂ နာရီကျော်ကျော် အကြာမှာပဲ ထိုဧရာမ မီးပုံးကြီးက ကောင်းကင်ပေါ်သို့ ပျံတက်ပြီး နုရှောင့်မြို့၏ ကောင်းကင်ယံ၌ ဆက်လက် လွင့်မျောလာကြ၏။
“ဘာကြီးလဲကွာ။” ရန်နန်းဖေးက ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူသာ အတောင်ပံပေါက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်ကာဖြင့် ဤမီးပုံးပျံအားလုံးကို ဆွဲဆုတ်ပစ်ချင်၏။ သို့သော်ငြား ဤသည်က နေ့လယ်ခင်း အိပ်မက် မက်ခြင်း သာလျှင်။ မီးပုံးပျံ ၁၀၀ ကျော် နုရှောင့်မြို့အထက်သို့ ပြန်ရောက်သည်ကို သူ လက်ပိုက် ကြည့်နေရုံသာ တတ်နိုင်သည်။
“ဘွမ်း.. ဘွမ်း.. ဘွမ်း...” ပြီးနောက် မရေတွက်နိုင်သည့် အမဲစက်များက ပြုတ်ကျလာ၏။
“ဘုန်း.... ဘုန်း.... ဘုန်း...”
နောက်ထပ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ အံ့မခန်း ကြီးမားလွန်းသည့် မီးလုံးကြီးများက တစ်လုံးပြီး တစ်လုံး ထပ်မံ ပေါက်ကွဲပြန်၏။ နုရှောင့်မြို့ တစ်ခုလုံးက မီးပင်လယ်ထဲသို့ တစ်ဖန် ကျရောက်ပြန်၏။ ကောင်းကင်ဘုံက သူတို့ကို မသနားပေဘူးလား။ မီးကို ငြှိမ်းသတ်ထားနိုင်သည်က တစ်နာရီပင် မပြည့်သေးချေ။
“သောက်ကျိုးနည်း ရှမ့်လန်...”
နုရှောင့်မြို့ တစ်ခုလုံးက သရဲတစ္ဆေ ညည်းသံများ၊ ဝံပုလွေ အူသံများဖြင့် တစ်ဖန် ပြည့်နှက်သွားပြန်သည်။
............
နောက်ရက်ပိုင်းမှာတော့ ရန်နန်းဖေးနှင့် နုရှောင့်မြို့တစ်ခုလုံးက ငရဲခန်းတမျှ အိပ်မက်ဆိုးများကို ကြုံဆုံနေ ရ၏။ ရှမ့်လန်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးတိုက်ခိုက်မှုများက အဆုံးအစမရှိချေ။
၃ နာရီလျှင် တစ်ကြိမ် ရောက်ရှိလာ၏။ တစ်ခါတစ်ရံ ကံမကောင်း၍ လေလမ်းကြောင်း ပြောင်းသည့် အချိန်မျိုးတွင် ၂ နာရီ မပြည့်ခင်မှာပင် ပေါက်ကွဲမှုများ ဖြစ်ပေါ်တတ်၏။
ပထမနေ့တွင်တော့ ရှမ့်လန်က နုရှောင့်မြို့ပေါ် လေကြောင်းနှင့် မီးတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့ပြီး ရေနံဆီ တန်ချိန် တစ်သန်းကျော် ပစ်ချသည်။
အစပိုင်းတွင် ရန်နန်းဖေး၏ တပ်ဖွဲ့များနှင့် မရေတွက်နိုင်သည့် လူများက မီးငြှိမ်းသတ်ရန် သွားရောက်ကြသေး၏။ သို့ပေမည့် နောက်ပိုင်းမှာတော့ အားလုံးက လက်လျှော့လိုက်ကြ၏။ ကယ်တင်စရာ ဘာကျန်သေးသနည်း။ မီးငြှိမ်းသတ်ပြီး တစ်နာရီမပြည့်ခင် နောက်ထပ် မီးလှိုင်းတစ်ခု ရောက်ရှိလာပြန်၏။ သူတို့ လက်ညောင်းရုံသာလျှင် အဖတ်တင်၏။
စတုရန်းကီလိုမီတာ ၃၀ ရှိသည့် ဤမြို့ကြီးက မီးလျှံများ၏ ရူးသွပ်ဖွယ်ရာ ဆေးကြောခြင်းကို ခံစားနေရသည်။
ရန်နန်းဖေး၏ ရဲတိုက်က အလွန်ခိုင်ခံ့၏။ မြို့ရိုးများက မြင့်မားပြီး ထူထပ်သော်လည်း ကောင်းကင်မှ ကျဆင်းလာသည့် တိုက်ခိုက်မှုကိုတော့ မတားဆီးနိုင်ပေ။ ယနေ့ ပစ်ချလိုက်သည့် ရေနံစည်ပေါင်း ရာဂဏန်းတို့က ရဲတိုက်ထက်တွင် လောင်ကျွမ်းနေ၏။
အစပိုင်းတွင် ရန်နန်းဖေးက ထိခိုက်သေဆုံးမှုနှင့် ဆုံးရှုံးမှုများကို တွက်ချက်ရန် နည်းလမ်းရှာသေး၏။ နောက်ပိုင်း သူက ဆက်လက်မတွက်ချက်တော့ရန်သာ ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိခိုက်သေဆုံးမှုများက ထိတ်လန့်ဖွယ်ရာ အရေအတွက် ဖြစ်လာသောကြောင့်ပင်။
...............
အပိုင်း (၉၂၈)
နုရှောင့်မြို့သားများက အနားယူရန် လိုအပ်၏။ သို့သော်ငြား ရှမ့်လန်၏ လေကြောင်းတိုက်ခိုက်မှုက လုံးဝ ရပ်တန့် မသွားချေ။ နေ့ရောညပါ အဆုံးအစမရှိ ဖြစ်နေ၏။
“ဘုန်း.... ဘုန်း...”
၂ နာရီကြာတိုင်း ငရဲမီးများ ရူးသွပ်စွာ လောင်ကျွမ်း၏။ မြို့ထဲရှိ ကုန်သည်များက ခုခံမှုကို လုံးဝ စွန့်လွှတ်လိုက်ပြီး မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေကြ၏။ ထိုသို့ဆိုလျှင် မီးလောင်မှုကို ခံရတော့မည် မဟုတ်ချေ။
မြေပြင်ပေါ်ရှိ မြို့တစ်ခုလုံး ပြာကျသွားမည်ဆိုလျှင်တောင် မြေအောက်ခန်းထဲ၌ ရေနှင့် အစားအစာ လုံလောက်စွာ ရှိသေးသောကြောင့် သူတို့က အသက်ရှင်နိုင်ပေဦးမည်။
သို့သော်ငြား ဤသည်က စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်ရန်သာ ကံပါလာ၏။ ရေနံဆီများ လောင်ကျွမ်းသည့်အချိန်တွင် အဆိပ်ငွေ့ ဒါဇင်ပေါင်းများစွာ ထွက်ပေါ်၏။ နောက်ဆုံးမှာတော့ ထိုအရာများက နုရှောင့်မြို့ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး အပေါက်များမှတစ်ဆင့် မြေအောက်ခန်းထဲသို့ တိုးဝင်၏။ ဆာလဖာဒိုင်အောက်ဆိုက် အနံ့က လူများကို မျှော်လင့်ချက်မဲ့စေ၏။ လူတို့၏ မျက်လုံးများကို ကျွမ်းလောင်လုမတတ် ဖြစ်စေပြီး နှာခေါင်းနှင့် လည်ချောင်းများကို မီးလောင်သကဲ့သို့ ခံစားရ၏။
ကာဗွန်မိုနိုအောက်ဆိုက်က ပို၍ပင် အိပ်မက်ဆိုးဆန်၏။ လူများကို တိတ်ဆိတ် သေဆုံးစေ၏။ အကယ်၍ ဤအချိန်တွင် မြေအောက်ခန်းမှာ မနေဘဲ အပြင်ဘက်သို့ ပြေးထွက်ပါက အပြင်ဘက်နေရာတိုင်းတွင် မီးများ ရှိနေ၏။ သေလမ်းရှာသလို ဖြစ်ပေမည်။ အခြားတစ်ဖက် မြေအောက်ခန်းထဲတွင် ဆက်လက်ပုန်းအောင်းနေသည် ဆိုပါက အဆိပ်ငွေ့များကို ရှူရပေမည်။ သေမည့်အချိန်ကို ထိုင်စောင့်သလို ဖြစ်နေမည်။
“ဘုန်း.... ဘုန်း...”
ရှမ့်လန်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးတိုက်ခိုက်မှုများက မောပန်းခြင်းမရှိသကဲ့သို့ပင် ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်နေ၏။ နုရှောင့်မြို့ တစ်ခုလုံးကို ရှင်းလင်းစွာ မမြင်ရတော့ချေ။ နေရာတိုင်းတွင် မီးတောက်များက ကောင်းကင်ပေါ်သို့ ထိုးတက်နေ၏။ အိမ်ခြေအားလုံးက မီးလောင်နေပြီး လမ်းမများနှင့် မြေပြင်များပင် မီးစွဲနေ၏။ မီးခိုးလုံးကြီးများက ကောင်းကင်မှ ကျဆင်းလာပြီး မြို့တစ်ခုလုံးကို ဖုံးလွှမ်းနေ၏။
ရှမ့်လန်က သင်္ဘောဦးပိုင်းတွင် ရပ်ပြီး ငရဲခန်းတမျှ ဖြစ်တည်နေသည့် မြင်ကွင်းကို ကြည့်၏။ ညအချိန်သို့ ရောက်နေပြီ ဖြစ်သော်လည်း နုရှောင့်မြို့သည် မီးတောက်များကြောင့် နေ့ခင်းကြောင်တောင်အလား လင်းထိန်နေ၏။ ကောင်းကင်ယံ တစ်ခုလုံးကလည်း အနီရောင်သမ်းနေသည်။
ကျန်းချွင်းဟွာက မေးလိုက်၏။ “ရှမ့်လန်... ရှင် တခြားမြို့တွေကိုရော ဒီလိုမျိုး မီးတိုက်ခိုက်မှု လုပ်အုံးမှာလား။”
ရှမ့်လန်က ခေါင်းခါယမ်းကာ ပြောသည်။ “မလုပ်ပါဘူး။”
ကျန်းချွင်းဟွာက တိတ်ဆိတ်ငြိမ်သက်သွားမိသည်။
ရှမ့်လန်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးတိုက်ခိုက်မှုများက သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ခဲ့၏။ ရေနံစိမ်း တန်ချိန် ခုနစ်ထောင်အနက် ထက်ဝက်မရှိတရှိကို အသုံးပြုပြီးချိန်မှာတော့ ရှမ့်လန်က လေကြောင်း တိုက်ခိုက်မှု နှင့် မီးတိုက်ခိုက်မှုများကို ရပ်ဆိုင်းလိုက်၏။
ရှမ့်လန်က သဘောထားကြီး၍ မဟုတ်ပေ။ နုရှောင့်မြို့တစ်မြို့လုံး မီးလောင်ပြာကျသွားပြီး လောင်ကျွမ်းစရာ ဘာမှမကျန်ခဲ့သောကြောင့်ပင်။ စတုရန်းကီလိုမီတာ ၃၀ ကျယ်ဝန်းသည့် တည်နေရာတစ်ခုလုံးက မြေကွက်လပ်ကြီး တစ်ခု နီးပါးဖြစ်သွားသည်အထိ မီးလောင်ကျွမ်းသွားခဲ့၏။ နေရာတိုင်းတွင် အပျက်အစီးများ၊ ပြိုကျနေသည့် နံရံများသာ ရှိသည်။
အပျက်အစီးပုံများ ကြားထဲတွင် ရဲတိုက်ကြီး ၃ ခုသာလျှင် တြိဂံပုံစံဖြင့် ထီးထီးကြီး ကျန်ခဲ့၏။ ဤရဲတိုက် သုံးခုက မူလက ချောင်ထျန်းဝေ၊ ချောင်ရှောင်းနှင့် ချောင်ယောင်းအာတို့ ပိုင်ဆိုင်ခဲ့၏။ အမှန်တကယ်လည်း ခိုင်မာလှပေ၏။ ဤမျှကြီးမားသည့် မီးလောင်မှုကြီးအောက်တွင်ပင် မားမားမတ်မတ် ရပ်တည်နေနိုင်သေး၏။ အထူးသဖြင့် အလယ်ရှိ ရဲတိုက်ကြီးက လိပ်ခွံတစ်ခုကဲ့သို့ ဘာမှမဖြစ်ချေ။
ရန်နန်းဖေးက ထိတ်လန့်ခြင်းမှ မျှော်လင့်ချက်မဲ့ခြင်း အဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိ၏။ နောက်ဆုံးမှာတော့ ပြတ်သားခြင်း အခြေအနေဆီသို့ပင် ရောက်ရှိ၏။ သုံးရက်အတွင်း သူက သေလုမတတ် ထိုးနှက်ခြင်းကို ခံခဲ့ရ၏။
နုရှောင့်မြို့တစ်မြို့လုံး အပျက်အစီးပုံအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်၏။ သူ၏ လက်ထောက်များက တပ်တော်ကို ဦးဆောင်ပြီး နုရှောင့်မြို့မှ ထွက်ခွာကာဖြင့် လေ့ကျိုးကျွန်းရှိ ကျေးရွာများဆီသို့ ဆုတ်ခွာရန် မရေမတွက်နိုင်အောင် အကြံပေးခဲ့သေးသည်။
ရှမ့်လန်က လေ့ကျိုးကျွန်းတစ်ကျွန်းလုံးကို မီးမရှို့နိုင်ချေ။ ထိုသူတို့က ကျင်းမိသားစု၏ ပြည်သူများဖြစ်၏။ ရန်နန်းဖေးက ဤအကြံပြုချက်ကို စိတ်ဝင်စားသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် တပ်တော်က နုရှောင့်မြို့မှ ထွက်ခွာသွားသည်နှင့် ရှမ့်လန်က ဤရဲတိုက်ကြီးကို ချက်ချင်း တပ်စွဲလိုက်မည်ကို သူသိရှိသောကြောင့်ပင်။ ထိုအချိန်ကို ရောက်ပါက သူ ပြန်လာနိုင်တော့မည် မဟုတ်ချေ။
ကောင်းကင်ပြည့် ဖုံးလွှမ်းနေသည့် မီးတောက်များက ကျွမ်းလောင်ဖွယ်ရာ ကုန်ဆုံးသွားသော်လည်း လိပ်ခွံကဲ့သို့ ခိုင်မာသည့် နုရှောင့်မြို့၏ ရဲတိုက်ကြီးကိုတော့ မကျွမ်းလောင်နိုင်ပေ။ ထို့ကြောင့် သူက အံကိုကြိတ်ပြီး တောင့်ခံထားခြင်းပင်။
မီးက ဤရဲတိုက်ကြီးကို မကျွမ်းလောင်နိုင်သော်လည်း အဆိပ်ငွေ့က လူကို သေစေနိုင်၏။ ရန်နန်းဖေးက အချိန်တိုင်းလိုလို ထိတ်လန့်ဖွယ်ရာ သေဆုံးမှု စာရင်းများကို လက်ခံရရှိနေ၏။ နောက်ဆုံး ဤအိပ်မက်ဆိုးတမျှ ကြီးမားသည့် မီးတိုက်ခိုက်မှုကြီးက ပြီးဆုံးသွား၏။ ကောင်းကင်ဘုံက ရန်နန်းဖေးကို ကာကွယ်ပေးချင်သည့် အလားပင် မိုးများက သည်းထန်စွာ ရွာသွန်းလာခဲ့၏။
မိုးကြီးတစ်မိုး ရွာပြီးနောက် ရဲတိုက်ကြီးရှိ မရေမတွက်နိုင်သည့် စစ်သည်များက လှိုဏ်ခေါင်းများနှင့် အိမ်များထဲမှ ထွက်လာခဲ့ပြီး ကောင်းကင်ကြီးကို မော့ကာ အော်ဟစ်နေ၏။ ဤငရဲခန်းတမျှ နှိပ်စက်မှုကြီးက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
“အား... အား...”
ရန်နန်းဖေးက ကောင်းကင်ကို မော့ကြည့်၍ အော်ဟစ်၏။ ကောင်းကင်ဘုံကတောင် သူ့ကို ကူညီနေ၏။ “ရှမ့်လန်... ဒီမီးလောင်မှုလောက်နဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်သာ မက်နေလိုက်။”
..........
ရှမ့်လန်က သင်္ဘောဦးပိုင်းတွင် ရပ်ပြီး ဤအံ့မခန်း မိုးသက်မုန်တိုင်းကြီးကို ကြည့်ရှုနေ၏။ နုရှောင့်မြို့၏ လက်ကျန် မီးအားလုံးက ငြိမ်းသတ်သွားခဲ့၏။ မီးခိုးလုံးကြီးများက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျောက်ကွယ် သွား၏။ နုရှောင့်မြို့တစ်မြို့လုံးကို ဆေးကြောလိုက်သကဲ့သို့ပင်။
ရှမ့်လန်က လျှာထုတ်ပြီး မိုးရေစက်များကို ခံစားကြည့်၏။ အမှန်တကယ်ပင် ချဉ်နေ၏။ ပုံမှန် အက်ဆစ်မိုးပင် ဖြစ်သည်။ ကြီးမားသည့် မီးလောင်မှုကြီး ဖြစ်ပွားပြီးနောက် ပုံမှန်အားဖြင့် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိ၏။ ဤမိုးရွာသွန်းမှုက ကောင်း၏။ မဟုတ်ပါက သူ၏တပ်တော်က နုရှောင့်မြို့ဆီသို့ ကမ်းတက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုနေရာ၌ အဆိပ်ငွေ့များ ဖုံးလွှမ်းနေမှာ ဖြစ်သောကြောင့်ပင်။
မီးပုံးပျံအားလုံးကို သိမ်းဆည်းလိုက်၏။ ဤအရာများက အထူးပြုလုပ်ထားသောအရာများဖြစ်ပြီး မီးနှင့် ရေကို မကြောက်သော်လည်း သူက သေသေချာချာ သိမ်းဆည်းထားလိုက်၏။
“ဒီမိုးရွာတာက ငါတို့အတွက် ကောင်းကင်ဘုံက ပေးအပ်တဲ့ အနားယူချိန်ပဲ။ မိုးတိတ်ရင် မြို့ကို တိုက်ကြမယ်။”
ရှမ့်လန်က အမိန့်ပေးသည်။ “အမေဇုန်တပ်တော်... နိဗ္ဗာနတပ်တော်.. မြို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။”
မိုးသည်းထန်စွာ ရွာသွန်းမှုက ညနေစောင်းမှ မိုးလင်းသည်အထိ ၁၂ နာရီတိတိ ကြာမြင့်၏။ နောက်တစ်နေ့ နေမင်းက ပုံမှန်အတိုင်း ထွက်ပေါ်လာ၏။ ကောင်းကင်ကြီးက တိမ်ကင်းစင်နေပြန်၏။ နုရှောင့်မြို့ကို ကြည့်လိုက်လျှင် မီးခိုးများ မရှိတော့ချေ။ ရေဆေးကြောထားသကဲ့သို့ပင်။
ဤအချိန်မှာတော့ ရှမ့်လန်နှင့် ရန်နန်းဖေးတို့က ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ နုရှောင့်မြို့ မရှိတော့ပေ။ အိမ်ခြေအားလုံးက မီးလောင်သွားခဲ့၏။
“တပ်မှူး... နုရှောင့်မြို့ထဲက ကုန်သည်တွေနဲ့ သူတို့ရဲ့ အစောင့်တွေအားလုံး ထွက်ပြေးသွားခဲ့ပြီ။ လူနည်းစုက လွဲရင် ကျန်တဲ့လူတွေ အကုန်လုံးက သေကုန်ပါပြီ။” အကြံပေးတစ်ယောက်က တင်ပြသည်။
ရန်နန်းဖေးက မကြားချင်ယောင်ဆောင်ကာဖြင့် ခပ်တည်တည်ရှိနေသည်။ ဤကုန်သည်များ၏ အသက်က အရေးမကြီးပေ။
“ကျုပ်တို့ တပ်ဖွဲ့ထဲမှာ လူဘယ်နှစ်ယောက် ကျန်သေးလဲ။” ရန်နန်းဖေးက မေးလိုက်၏။
“ခြောက်သောင်းပါ။” ထိုအကြံပေးက တင်ပြသည်။
“ဘယ်လောက်...” ရန်နန်းဖေးက ထိတ်လန့်သွား၏။
“ခြောက်သောင်း ကျန်ပါသေးတယ်။” အကြံပေးက ပြောသည်။
ရန်နန်းဖေးက ဝမ်းမသာဘဲ မနေနိုင်ချေ။ လူအများကြီး ကျန်နေသေးသည်လား။ မူလက သူ့တွင် စစ်သည် တစ်သိန်းရှိ၏။ ကုန်သည်များ ထည့်ဝင်သည့် လူအင်အားပါပေါင်းလျှင် စုစုပေါင်း တစ်သိန်း သုံးသောင်း ဖြစ်သည်။ သုံးရက်နှင့် သုံးညတိုင်တိုင် မီးလောင်ကျွမ်းပြီးနောက် ၆ သောင်းခန့် ကျန်ရှိနေသေးသည်လား။ တကယ်ကို ဝမ်းသာစရာပင်။
အကြံပေးက ပြော၏။ “ရဲတိုက် ၃ ခုက ကြီးမားပြီး လုံလောက်အောင် ခိုင်ခံ့တယ်။ ပြီးတော့ အားလုံးက ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတော့ မီးမကူးနိုင်ဘူး။ သေဆုံးသွားတဲ့လူတွေက မီးခိုးမွန်ပြီး သေကုန်ကြတာပါ။”
ရန်နန်းဖေးက မေးသည်။ “ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိသွေးစစ်တပ် တစ်သောင်းက ဘယ်လိုလဲ။”
အကြံပေးက ပြော၏။ “သူတို့အားလုံး အထိအခိုက်မရှိ ကျန်နေပါသေးတယ်။”
ရန်နန်းဖေးက ပြောသည်။ “ဒါဆိုရင် ဒီတိုက်ပွဲ မပြီးသေးဘူး။ ရှမ့်လန်... မင်းရဲ့ မီးတိုက်ခိုက်မှုက ထိတ်လန့်စရာ ကောင်းတယ် ဆိုပေမဲ့ ဘာဖြစ်လဲ။ ငါ့ရဲ့တပ်တော်နဲ့ ငါ့ရဲ့ ရဲတိုက်ကို မလောင်ကျွမ်းနိုင်ဘူး။ မင်းအနေနဲ့ ဒီမြို့သိမ်းတိုက်ပွဲကို ဘယ်လိုမှ ရှောင်လွှဲလို့ မရဘူး။ စစ်မှန်တဲ့ တိုက်ပွဲကို မင်း ရှောင်လွှဲလို့ မရဘူး။
ဒီတိုက်ပွဲမှာ ငါတို့ မျှော်လင့်ချက်တွေ ရှိနေသေးတယ်။ ငါတို့ အားလုံး အနိုင်ရဖို့ မျှော်လင့်ချက် ရှိသေးတယ်။ ငါတို့ရဲ့ ဝှက်ဖဲ တပ်တော် ရှိနေသေးတယ်။ ငါတို့ရဲ့ ကူပိုးကောင်မြားတွေ ရှိနေသေးတယ်။ အမိန့်ပေးလိုက်။ ကျန်တဲ့ ရဲတိုက်နှစ်ခုကို စွန့်လွှတ်ပြီး တပ်ဖွဲ့တွေအားလုံး ရဲတိုက်ကြီးထဲမှာပဲ လာပြီးစုစည်းနေကြ။” ရန်နန်းဖေးက အမိန့်ပေးလိုက်၏။
“ကောင်းပါပြီ။”
နာရီ အနည်းငယ် ကြာပြီးနောက် ရန်နန်းဖေး၏ အသက်ရှင် ကျန်ရစ်နေသည့် တပ်ဖွဲ့ဝင် ခြောက်သောင်းက လိပ်ခွံကဲ့သို့ ခိုင်မာသည့် ကြီးမားလွန်းလှသည့် ဧရာမ ရဲတိုက်ကြီးထဲသို့ အလုအယက်နှင့် ဝင်ရောက်လာသည်။
ရဲတိုက်က ဧက တစ်ထောင်ကျော် ကျယ်ဝန်းသော်လည်း လူခြောက်သောင်း တိုးဝှေ့ ဝင်ရောက်ပြီးနောက် ပြည့်ကျပ်နေသည်။ နံရံတစ်ပေတိုင်းတွင် လူအနည်းငယ်က စောင့်ကြပ်နေ၏။ ရှမ့်လန်၏ မီးတိုက်ခိုက်မှုက လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့၏။ သို့သော်ငြား ရန်နန်းဖေး ပြောသည်က မှန်၏။ သူတို့က ဤမြို့သိမ်းတိုက်ပွဲ ကို ရှောင်လွှဲ၍ မရပေ။
“ဝူ... ဝူ...”
ရှမ့်လန်၏ ရေတပ်မှ ဥဩသံများ ထွက်ပေါ်လာ၏။ သူ၏ တပ်တော်က တရားဝင် ကမ်းတက်လာခဲ့၏။ အမေဇုန်စစ်သည် ရှစ်ထောင်နီးပါးနှင့် နိဗ္ဗာနတပ်သား သုံးထောင်။
“ဘုန်း... ဘုန်း...”
တပ်တော် ၂ ခုက နုရှောင့်မြို့၏ မြေပြင်ပေါ်သို့ စည်းစနစ် ကျနစွာ တက်လှမ်းလာ၏။ သူတို့က မီးလောင်ကျွမ်း သွားသည့်လမ်းမများအတိုင်း ရဲတိုက်ကြီးဆီသို့ ညီညာစွာဖြင့် ချီတက်၏။
တစ်နာရီ ကြာပြီးနောက် စစ်သည် အားလုံးက မြို့သို့ ရောက်ရှိလာ၏။ လူတစ်သောင်းမျှသာ ရှိခြင်းက ဝန်းရံထားခြင်း ဟူ၍ မယူဆနိုင်ပေ။
ရဲတိုက်ကြီးက မူလကတည်းက မဲနက်နေခြင်းပင်။ သုံးရက်နှင့် သုံးညတိုင်တိုင် မီးလောင်ကျွမ်းပြီးနောက် ကတ္တရာစေး ကဲ့သို့ မဲနက်နေ၏။ ရှမ့်လန်က ကြီးမားလွန်းသည့် အမေဇုန်မြင်းကြီးကို စီးနင်းလျက် မြို့ရိုးပေါ်ရှိ ရန်နန်းဖေးကို ကြည့်ရှုသည်။
“သခင်ကြီး ရန်နန်းဖေး... နေကောင်းကျန်းမာရဲ့လား။” ရှမ့်လန်က ပြုံးကာ ဆို၏။
ရန်နန်းဖေးက ဖျော့တော့စွာ ပြုံးပြီး ပြောသည်။ “အရှင်ရှမ့်လန်.... နေကောင်းရဲ့လား။ အပိုစကားတွေ ပြောမနေနဲ့တော့။ စစ်ပွဲစပြီ ဆိုမှတော့ မြို့ကို တိုက်ချင်လည်း တိုက်တော့။”
ထိုအချိန်မှာတော့ ရှမ့်လန်၏တပ်တော်က ရဲတိုက်ကြီးနှင့် မီတာ လေးငါးရာ အကွာတွင် ရပ်တန့်နေ၏။ ရန်နန်းဖေးက လက်ကို ဝှေ့ယမ်း၏။ ယင်ယွမ်အဖွဲ့အစည်းမှ သံမဏိသွေးစစ်သည် တစ်သောင်းတို့က လေးများကို တပ်ဆင်ပြီး ရှမ့်လန်၏ တပ်တော်ကို ချိန်ရွယ်ထား၏။
ဤသည်ကား နှစ်ပိသာခွဲ လေးများပင်။ မီတာ ၃၀၀ အကွာထိ ပစ်ခတ်နိုင်၏။ ထို့အပြင် သူတို့က စေတီတောင်၏ အဆင့်သုံး အလောင်းပုပ်သိုးစေသည့် ကူပိုးကောင်များကို တပ်ဆင်ထား၏။ မြားတစ်စင်း ပေါက်ကွဲပါက ၁၀ စတုရန်းမီတာ ကျော် အကျယ်အဝန်းကို ဖုံးလွှမ်းသွားပေလိမ့်မည်။ ရှမ့်လန်တွင် ဖြေဆေး သို့မဟုတ် ကာကွယ်ဆေးဟူ၍ မရှိချေ။
ရန်နန်းဖေးက ရှမ့်လန်၏တပ်တော်ကို ကြည့်၏။ သနားစရာ ကောင်းလောက်အောင် သေးငယ်ပြီး လူတစ်သောင်းခန့်သာ ရှိ၏။ ရှမ့်လန်၏ လူတစ်သောင်းလုံးကို မြားတစ်မျိုးတည်းနှင့် သတ်ဖြတ်နိုင်မည်ဟု သူက ယုံကြည်မှု ရှိ၏။ အဘယ်ကြောင့်ဆိုသော် စေတီတောင်၏ ကူပိုးကောင်မြားများက ခံစစ်နှင့် သံချပ်ကာ အားလုံးကို လျစ်လျူရှုနိုင်စွမ်း ရှိသောကြောင့်ပင်။
ရန်နန်းဖေးက ဖြည်းညင်းစွာ ပြော၏။ “အရှင်ရှမ့်လန်... နုရှောင့်မြို့က ခင်ဗျားရဲ့သွေးနဲ့ချွေးလို့ သတ်မှတ်နိုင်တယ်။ ခင်ဗျားရဲ့ ပထမဆုံး စစ်မှန်တဲ့ စစ်နိုင်တဲ့ ပစ္စည်းလို့လည်း သတ်မှတ်နိုင်တယ်။ အခုတော့ ကျုပ် လက်ထဲကို ရောက်နေပြီ။ ပြီးတော့ အဓိပ္ပာယ်ဖော်ရမယ်ဆိုရင် ဇီးကွက်က စာကလေးသိုက်ကို ဝင်လုသွားတာပဲ။ ခင်ဗျားပြန်ယူဖို့ အိပ်မက် မက်နေတယ် မဟုတ်လား။”
ရှမ့်လန်က ပြောသည်။ “သိပ်မှန်တာပေါ့။”
ရန်နန်းဖေးက ပြော၏။ “ခင်ဗျားရဲ့ သတ္တုအမြှောက်တွေ ဘယ်ရောက်သွားလဲ။ မြို့ကိုတိုက်ဖို့ ဘာလို့ အဲဒါတွေ မသုံးတာလဲ။”
ရှမ့်လန် က ပြောလိုက်သည်။ “ကျုပ် အဲဒါတွေကို ဖြုတ်ချလို့ မရလို့ပါ။”
ရန်နန်းဖေးက ပြော၏။ “အရှင်ရှမ့်လန်... ကျုပ် စစ်ရေးကတိ ပြုခဲ့ပြီးသား။ နုရှောင့်မြို့သာ ကျရှုံးရင် ကျုပ်ကိုယ်ကျုပ် သတ်သေရမယ်။ ခင်ဗျားလည်း အတူတူပဲလို့ ကျုပ်ယုံကြည်တယ်။ ခင်ဗျား နုရှောင့်မြို့ကို ပြန်မယူနိုင်ရင် ခင်ဗျား သေချာပေါက် သေရလိမ့်မယ်။ အချိန်ဖြုန်းမနေနဲ့။ အဆုံးသတ်လိုက်ကြရအောင်။”
ရှမ့်လန် က ပြောသည်။ “ကောင်းပြီလေ။”
ရန်နန်းဖေးက လက်ကို ဆန့်ထုတ်ကာ ပြော၏။ “ကဲ.. ဖိတ်ခေါ်ပါတယ်။”
သူက ရှမ့်လန်အား မြို့ကို ထပ်မံတိုက်ခိုက်ရန် ဖိတ်ခေါ်လိုက်၏။ အပေါ်ယံအရ ယဉ်ကျေးနေသော်လည်း အမှန်တကယ်မှာတော့ သူက စိုးရိမ်ပူပန်မှုများကြောင့် ရင်ထဲတွင် ပူလောင်နေ၏။ သူက ထကာ ဆဲဆိုချင်စိတ် ကိုပင် မနည်းထိန်းထားရသည်။
‘ရှမ့်လန်... မြန်မြန်လုပ်စမ်း။ မင်းရဲ့စစ်တပ်နဲ့ မြို့ကို တိုက်စမ်း။ မင်းငါ့ရဲ့ မြို့ရိုးရဲ့ မီတာ ၃၀၀ အကွာဝေးထဲကို ဝင်လာတာနဲ့ မင်းတပ်ဖွဲ့ တစ်ခုလုံး သုသာန်တစပြင် ဖြစ်သွားရမယ်လို့ ငါအာမခံတယ်။’
ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည် တစ်သောင်းတို့၏ မျက်လုံးများက ပိုမို၍ သွေးဆာလာ၏။ လေးတင်ထားသည့် သူတို့၏ လက်များက လုံးဝမတုန်ယင်ကြချေ။ သူတို့၏ နှလုံးသားထဲ၌ သတ်ဖြတ် လိုစိတ်များ နှင့် ပြည့်နှက်နေ၏။
ရှမ့်လန်က ညာလက်ကို မြှောက်ကာ ပြောသည်။ “အသင့်ပြင်ကြ။”
ရန်နန်းဖေးက ဝမ်းမြောက်သွား၏။ ရှမ့်လန် မြို့ကို တိုက်ဖို့ နောက်ဆုံး၌ ဆုံးဖြတ်လိုက်ပြီလား။
‘လာစမ်း။ လာစမ်း။ ငါ့ရဲ့ ကူပိုးကောင်မြားတွေက အစွမ်းပြရတော့မယ်။’