← Chapters

အခန်း (၉၂၉-၉၃၀)

Vol. 56 Ch. 929-930

အခန်း (၉၂၉-၉၃၀)

Vol. 56 Ch. 929-930

အပိုင်း (၉၂၉)

“ရှေ့ကို တက်ကြ။” ရှမ့်လန်က အမိန့်ပေး၏။

ချက်ချင်းပဲ သူ၏ လူတစ်သောင်းကျော် ရှိသည့် တပ်တော်က လိပ်တကောင်၏ အမြန်နှုန်းဖြင့် ဖြည်းညင်းစွာ ရှေ့သို့ တိုး၏။ ၁၀ မီတာလောက်သာတိုးပြီးနောက် ရုတ်တရက် သူတို့က လျင်မြန်စွာ နောက်ဆုတ်သည်။

ဤသည်က ရန်နန်းဖေးကို လုံးဝကြောင်အသွားစေ၏။ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ ဤအရာက လှည့်ကွက် တစ်ခုခုပေလား။ ရှမ့်လန်၏ လူတစ်သောင်းကျော် တပ်တော်က လျင်မြန်စွာ ဆုတ်ခွာသွား၏။ မျက်စိတစ်မှိတ် အတွင်း မီတာ ၆၀၀ အကွာဝေးသို့ ရောက်ရှိ၏။ ပြီးနောက် ရန်နန်းဖေးက သူ၏ခေါင်းပေါ်တွင် ဧရာမ မီးပုံးပျံကြီး ၁၀၀ ကျော် ပျံဝဲနေသည်ကို သတိထားလိုက်မိ၏။

“ထပ်လာပြန်ပြီလား။ ဒါကြီးက ဘယ်တော့မှ ပြီးမှာလဲ။”

ဤအချိန်မှာတော့ ရန်နန်းဖေးက ခက်ခဲသည့် ရွေးချယ်မှု တစ်ခုနှင့် ရင်ဆိုင်နေရ၏။ တပ်ဖွဲ့အားလုံးကို လှိုဏ်ခေါင်းနှင့် လျှို့ဝှက်ခန်းများသို့ ဆုတ်ခွာရန် အမိန့်ပေးရမည်လား။ သို့မဟုတ် မြို့ရိုးကို ဆက်လက် ကာကွယ်ရမည်လား။ သံသယ ဖြစ်စရာမလိုချေ။ ဆုတ်ခွာလိုက်သည်နှင့် ရှမ့်လန်၏ တပ်တော်က အချိန်တိုအတွင်း မြို့ရိုးပေါ်သို့ တက်လာပေမည်။

ရန်နန်းဖေးက အံကိုကြိတ်၏။ သူက မဆုတ်ခွာရန် ဆုံးဖြတ်လိုက်၏။ ရေနံစည်များ၏ စွမ်းအားကို သူ မြင်ဖူးသော်လည်း ဤရဲတိုက်က ကျောက်သားဖြင့် ပြုလုပ်ထား၏။ သုံးရက်နှင့် သုံးညတိုင်တိုင် လောင်ကျွမ်းခဲ့သည့် မီးတောက်ကတောင်မှ ထိုအရာကို မလောင်ကျွမ်းနိုင်ခဲ့ချေ။

ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုနှင့် မီးတိုက်ခိုက်မှုက သူတို့ကို ဘာလုပ်နိုင်မည်နည်း။ ထို့အပြင် ရေနံစည် ပြုတ်ကျလာလျှင်ပင် မီးတောက်က အများဆုံး စတုရန်းမီတာ ၂-၃ မီတာလောက်ကိုသာ ပျံ့နှံ့နိုင်၏။

“မျက်နှာတွေကို ကာထားကြ။” ရန်နန်းဖေးက အမိန့်ပေးလိုက်သည်။

ချက်ချင်းပဲ မြို့ရိုးပေါ်ရှိ အစောင့်အားလုံးတို့က နှာခေါင်းနှင့် ပါးစပ်များကို စိုစွတ်သည့် မျက်နှာသုတ်ပဝါများနှင့် အုပ်ထား၏။ ဤသည်က အဆိပ်ငွေ့ကို တားဆီးရန် အတော်အတန်တော့ ထိရောက်၏။

“သံမဏိသွေး စစ်သည်တွေ... အဆင်သင့်ပြင်ထား။”

ချက်ချင်းပဲ ယင်ယွမ်အဖွဲ့အစည်းမှ သံမဏိသွေးစစ်သည် တစ်သောင်းက လေးများကို ပို၍ ကျယ်ပြန့်စွာ ဆွဲပြီး ရှမ့်လန်၏ တပ်မတော်ကို ချိန်ရွယ်ထား၏။ သူတို့ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းသို့ ဝင်လာသည်နှင့် တစ်ခါတည်း ပစ်ခတ်ရပေလိမ့်မည်။ အဆင့် ၃ ပုပ်ပွစေသည့် အလောင်းကူပိုးကောင်များက သက်ရှိအားလုံးကို သေစေနိုင်သည်။

ဤအချိန်မှာတော့ ဧရာမ မီးပုံးပျံကြီး ၁၀၀ က ရဲတိုက်ကြီး အထက်တွင် တဖန်ပျံဝဲလာ၏။ ပျံဝဲရင်း နိမ့်ဆင်း လာ၏။

မီတာ ၁၅၀၀၊ မီတာ ၁၀၀၀၊ မီတာ ၈၀၀၊ မီတာ ၅၀၀...။

ဤအမြင့်က အလွန်အန္တရာယ်များ၏။ သို့သော်ငြား မီးပုံးပျံ ၁၀၀ က ဆက်လက်နိမ့်ဆင်းနေဆဲပင်။ သူတို့က မီတာ ၃၀၀ ထိ ဆင်းသက်လာသည်။

သို့သော်ငြား နောက်ထပ် နည်းနည်း ဆင်းလာသည် ဆိုပါက သံမဏိသွေးစစ်သည်၏ ပစ်ခတ်နိုင်သည့် အကွာအဝေး အတွင်းသို့ ဝင်ရောက်လာပေလိမ့်မည်။ သူတို့၏ မြားများက မြေပြန့်တွင် မီတာ ၃၀၀ ကျော် ပစ်ခတ်နိုင်သော်လည်း မြေဆွဲငင်အားကြောင့် အပေါ်သို့ အများဆုံး မီတာ ၂၀၀ ခန့်သာ ပစ်ခတ်နိုင်၏။

မီးပုံးပျံပေါ်ရှိ အမေဇုန်စစ်သည်များက အသက်ကို ပြင်းပြင်းရှူ၏။ အကွာအဝေးက ရောက်ခါနီးပြီ။

“ပစ်ချကြ။”

မရေတွက်နိုင်သည့် အမဲစက်များက ကောင်းကင်ပေါ်မှ တဖန်ပြုတ်ကျလာ၏။ သို့သော်ငြား ယခုအချိန်မှာတော့ ရေနံစည်များ မဟုတ်ကြချေ။ ထိုအစား အလွန်အမင်း ပေါက်ကွဲအား ပြင်းသည့် ယမ်းထုတ်များ ဖြစ်၏။ ယမ်းထုတ် တစ်ခုစီတိုင်းက ၁၅ ကီလိုဂရမ် လေးပြီး ထက်ဝက်က သတ္တုအပိုင်းအစများပင်။

ရုတ်တရက် မရေတွက်နိုင်သည့် ယမ်းထုပ်များက မိုးစက်များကဲ့သို့ပင် ကျဆင်းလာ၏။ သူတို့က တစ်ကြိမ်တည်း နှင့် ယမ်း ကီလိုဂရမ် သောင်းချီကို ပစ်ချခြင်းပင်။ ရှမ့်လန်၏တပ်တော် အလျင်အမြန် ဆုတ်ခွာသွားသည်က အံ့အားသင့်စရာ မဟုတ်ချေ။ အကယ်၍ ယမ်းထုပ်များသာ သူ၏တပ်တော်ထဲသို့ ကျရောက်လာပါက ထိခိုက်သေဆုံးမှု က ထိတ်လန့်ဖွယ်ရာ ကောင်းပေလိမ့်မည်။

ရန်နန်းဖေး၏ ဦးရေပြားများက ထုံကျင်သွား၏။ “ဒါဘာကြီးလဲကွ။”

နောက်တစ်စက္ကန့်အတွင်းမှာပဲ

“ဘုန်း... ဘုန်း...” လောကပျက်လုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ဒါဇင်နှင့်ချီ၊ ရာနှင့်ချီ၊ ထောင်နှင့်ချီသည့် ယမ်းထုပ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲသည်။

နားကွဲလုမတတ် အသံကြီးက မိုးခြိမ်းသံကဲ့သို့ပင်။ ပေါက်ကွဲမှု၏စွမ်းအားက ဟာရီကိန်းမုန်တိုင်းကဲ့သို့ပင် ရဲတိုက်ကြီး တစ်ခုလုံးကို ဖြတ်ကျော် တိုက်ခတ်သွား၏။ သန်းပေါင်းများစွာသော သတ္တုအပိုင်းအစများက မုန်တိုင်းကဲ့သို့ပင် လွင့်ပျံနေ၏။

“ရွှမ်း... ရွှမ်း...”

ရဲတိုက်အတွင်းရှိ ရန်နန်းဖေး၏ မရေတွက်နိုင်သည့် စစ်သည်များက ကောက်ရိုးရုပ်များကဲ့သို့ လွင့်စင် ထွက်ကုန်၏။ အလောင်းများက နေရာတိုင်းဆီသို့ လွင့်ပျံ၏။ ပေါက်ကွဲမှု၏ မီတာ ဒါဇင်ပေါင်းများစွာ အတွင်းရှိ မည်သည့်အရာကမဆို လွတ်မြောက်နိုင်မည် မဟုတ်ဘဲ ရှင်းထုတ်ခံရပေမည်။

ကံကောင်းသူများက အပိုင်းပိုင်းအစစ ဖြစ်ကုန်ပြီး ကံဆိုးသူများက ပေါက်ကွဲမှုလှိုင်းဒဏ်ကြောင့် လွင့်စင်ကြ၏။ မရေတွက်နိုင်သည့် သတ္တုအပိုင်းအစများက ထိုသူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ သွေးသံရဲရဲ ဖြစ်စေ၏။ သူတို့က သေလို့လည်းမရ၊ ရှင်လို့လည်းမရ အခြေအနေမျိုးသို့ ရောက်ရှိနေသည်။

သို့သော်ငြား ထိုအရာက မြေပြင်ထက် မီတာပေါင်း ရာပေါင်းများစွာ အမြင့်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်၏။ တိကျမှုက အာမခံရန် ခက်ခဲ၏။ ယမ်းထုပ် ထောင်ပေါင်းများစွာ ရှိလျှင်ပင် ၂ မီတာ၊ ၆ မီတာ၊ ၇ မီတာ ကျယ်သည့် မြို့ရိုးပေါ်သို့ ပစ်ချရန် အလွန်ခက်ခဲ၏။ ထိမှန်နိုင်ချေ ၅ ရာခိုင်နှုန်းအောက်သာရှိပြီး ကျန်သည့် ၉၅ ရာခိုင်နှုန်းက ရဲတိုက်အပြင်ဘက် သို့မဟုတ် အတွင်းဘက်သို့ ကျရောက်၏။

ထိုအရာက သက်ဖြတ်ပွဲတစ်ခု ဖြစ်သော်လည်း ပေါက်ကွဲမှုကြောင့် သေဆုံးမှု အရေအတွက်က နှစ်ထောင် သုံးထောင်ခန့် သာ ရှိ၏။ ရန်နန်းဖေး၏ ခံစစ်တပ်ဖွဲ့ဝင် အယောက် ၂၀ လျှင် တစ်ယောက်တောင် မရှိပေ။ သို့သော်လည်း ရှမ့်လန်ဘက်မှ ယမ်းကီလိုဂရမ် သောင်းချီကို တိုက်ရိုက်အသုံးပြုလိုက်ရ၏။ ဤသည်က တွက်ခြေ မကိုက်သည့် လေကြောင်းတိုက်ခိုက်မှု တစ်ခုပင်။

သို့သော်ငြား ရှမ့်လန်၏ ရည်ရွယ်ချက်က ရန်နန်းဖေး၏ တပ်တော်ကို တိုက်ဖျက်ရန် မဟုတ်ဘဲ စေတီတောင်၏ ကူပိုးကောင်မြားများကို ဖောက်ခွဲပစ်ရန်ပင်။ ဤကူပိုးကောင်မြားများက အလွန်အင်မတန် အားနည်း၏။ မီတာ ရာဂဏန်း ပျံသန်းပြီးနောက် ပေါက်ကွဲလေ့ရှိသည်။ မရေတွက်နိုင်သည့် ကူပိုးကောင်များက ရူးသွပ်စွာ ပျံသန်း ကြပေလိမ့်မည်။

ရှမ့်လန်က ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည် တစ်သောင်းလုံးကို ယမ်းထုပ်များနှင့် သတ်ဖြတ်ချင် နေသည်လား။ ထိုအရာက ခက်ခဲပေလိမ့်မည်။ သို့သော်ငြား အားပြင်းသည့် ပေါက်ကွဲမှု လှိုင်းဒဏ်က ကူပိုးကောင်မြား များကို ဖောက်ခွဲရန်တော့ အလွန်လွယ်ကူပေလိမ့်မည်။

“ဘုန်း... ဘုန်း...”

ပေါက်ကွဲမှုက မီတာ ဒါဇင်ပေါင်းများစွာ ဝေးကွာနေသော်လည်း အားပြင်းသည့် လှိုင်းဒဏ်က ဖြတ်ကျော် တိုက်ခတ်လာ၏။ ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ ယင်ယွမ်အဖွဲ့အစည်း ၏ သံမဏိသွေးစစ်သည် တစ်သောင်းကျော်တို့က လေးများကို တပ်ဆင်နေ၏။

မြားထိပ်ရှိ ကျိုးပဲ့လွယ်သည့် သလင်းကျောက်က ရုတ်တရက် ပေါက်ကွဲသွားသည်ကို သူတို့ မြင်နေရ၏။ ပြီးနောက် ထူးဆန်းသည့် အစိမ်းရောင်များက ရုတ်တရက် ပျံ့နှံ့ပြီး ၁၀ စတုရန်းမီတာကျော် အကွာအဝေးကို ချက်ချင်းဖုံးလွှမ်း၏။ ထူးဆန်းသည့် အစိမ်းရောင်များက အဆင့် ၃ ပုပ်ပွစေသည့် အလောင်းကူပိုးကောင်များပင် ဖြစ်သည်။

ထိုအရာများက မည်သည့်ခံစစ်ကိုမဆို လျစ်လျူရှုနိုင်၏။ ရန်သူနှင့် မိတ်ဆွေ ခွဲခြားနိုင်ခြင်းလည်း မရှိချေ။ ရှမ့်လန် ကာကွယ်ဆေး ရသွားခြင်းမှ လုံးဝကာကွယ်ရန်အတွက် ဝူကျူးက ယခုအချိန်တွင် ကာကွယ်ဆေး ဆိုသည်ကို မပြင်ဆင်ထားပေ။ မရေတွက်နိုင်သည့် ကူပိုးကောင်များက ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်တပ်ပေါ်သို့ ခုန်အုပ်လိုက်ကြ၏။ ပြီးနောက် စစ်မှန်သည့် ငရဲခန်းကြီးက ပေါ်ပေါက်လာခဲ့လေတော့၏။

“အား...”

နိဗ္ဗာနတပ်တော်ကို အဆင့်မြှင့်တင်ထားသည့် ဤသံမဏိသွေးစစ်သည်များက အစွမ်းထက်လွန်းကြ၏။ သို့ပေမည့် တစ်ယောက်ပြီး တစ်ယောက်က အရည်ပျော်ကျကုန်၏။ မရေတွက်နိုင်သည့် ထူးဆန်းသော ဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့ပြီး အရာအားလုံးက ပေါက်ကွဲထွက်ကုန်သည်။

“ဖလွပ်... ဖလွပ်... ဖလွပ်...”

ထူးဆန်းသည့် အစိမ်းရောင်မြူများက ခန္ဓာကိုယ်အတွင်းမှ ပန်းထွက်၏။ ခဏတာအတွင်း သူတို့က ပြည်နှင့် သွေးအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့၏။ မြို့ရိုးပေါ်ရှိ ရန်နန်းဖေး၏ အစောင့်များက အလွန် ပြွတ်သိပ်လျက် ရှိ၏။ ကူပိုးကောင်မြား တစ်စင်းပေါက်ကွဲတိုင်း ၁၀ စတုရန်းမီတာ အတွင်းရှိ လူတိုင်း သေဆုံး၏။

ထို့ကြောင့် မြို့ရိုးပေါ်ရှိ အစောင့်များက ထူထပ်သည့် အစိမ်းရောင်မြူခိုးများနှင့် ဖုံးလွှမ်းခြင်းကို ခံရ၏။ ပြီးနောက် အားလုံးက ပျောက်ကွယ်ပြီး ပြည်သွေးများအဖြစ် ပြောင်းလဲကုန်ကြသည်။

ရန်နန်းဖေးက ပေါက်ကွဲမှုကြီး မဖြစ်ခင်မှာပဲ အလျင်အမြန် ဆုတ်ခွာသွားခဲ့သောကြောင့် ထိုသူတို့အားလုံးနှင့် လုံးဝ ဝေးကွာ၏။ ပြီးနောက် ထူးဆန်းသည့် သတ်ဖြတ်မှုကြီး ဖြစ်ပွားနေသည်ကို လက်ပိုက်ကြည့်ရုံသာ တတ်နိုင်၏။

ဤအချိန်မှာလည်း သူက လုံးဝ အင်အားမဲ့လျက် ရှိ၏။ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည် တစ်သောင်း ဤအတိုင်း ပျောက်ကွယ်သွားခဲ့သည်လား။ သူတို့၏ဝှက်ဖဲဖြစ်သည့် ကူပိုးကောင်မြားများက ဤအတိုင်း ပျောက်ကွယ် သွားခဲ့သည်လား။ ရှမ့်လန်ကို သတ်ဖြတ်ရန် သူတို့၏ လျှို့ဝှက်လက်နက် ဖြစ်ရမည့်အရာက သူတို့ကို သတ်မည့်အရာမျိုး ဖြစ်ခဲ့သည်။

ရန်နန်းဖေးက အော်ဟစ်လိုက်၏။ “ရှမ့်လန်... ရှမ့်လန်... မင်း သတ္တိရှိရင် ငါ့ကို ထိပ်တိုက်ရင်ဆိုင်စမ်းပါ။ လှည့်ကွက်တွေ သုံးနေရတာ ဘာအသုံးဝင်မှာလဲ။ ဒါ ဘာအသုံးဝင်လို့လဲ။ သတ္တိရှိရင် မြို့ကို ထိပ်တိုက် တိုက်ခိုက်စမ်းပါ။ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်။ မင်းတို့အားလုံးကို သတ်ပစ်မယ်။”

သူ၏ ခေါင်းပေါ်တွင် မီးပုံးပျံ ပျံဝဲနေသည်ကို မြင်ချိန်မှာတော့ ရန်နန်းဖေးက ကျောက်တုံးတစ်တုံးကို လှမ်းယူပြီး ပစ်ပေါက်လိုက်၏။ ကျယ်လောင်သည့် အသံနှင့်အတူ မီးပုံးပျံ၏ ခြင်းတောင်းတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပြီး ဖောက်ဝင်သွားသည်။

“ရှမ့်လန်... မြို့ကို တိုက်လေ။ ငါ့ကို ထိပ်တိုက်တိုက်ခိုက်လေ။” ရန်နန်းဖေးက ရူးသွပ်မတတ် အော်ဟစ်နေ၏။

ထိုအချိန်မှာပဲ ရှမ့်လန်က တည်ငြိမ်စွာ ပြောသည်။ “ကောင်းပြီလေ။”

ပြီးနောက် သူက လက်ကို ဝှေ့ယမ်းပြ၏။ အမေဇုန်စစ်သည် ၂၀ တို့က ကြီးမားလွန်းသည့် အရာဝတ္ထုကြီးတစ်ခုကို သယ်ဆောင် လာ၏။ သူတို့က အလွန်သန်မာသော်လည်း မောဟိုက်နေကြ၏။

ထိုအရာက ဧရာမ အမြှောက်ကြီးတစ်ခုပင်။ ကီလိုဂရမ် ၅၀၀၀ လေးပြီး အံ့အားသင့်စရာကောင်းသည့် ပြောင်းဝရှိသော အထူးအမြှောက်ကြီးပင်။ ရှမ့်လန်က ထိုအရာကို တစ်လက်တည်းသာ ပြုလုပ်ခဲ့၏။ သင်္ဘောပေါ်မှ နုရှောင့်မြို့သို့ သယ်ဆောင်ရန် အားစိုက်ထုတ်မှုများစွာကို ပြုလုပ်ခဲ့ရ၏။ အထူးအမြှောက်ကြီးကို နုရှောင့်မြို့၏ မြို့တံခါးနှင့် မီတာ ၅၀၀ အကွာတွင် ထားရှိသည်။

ပြီးနောက် တကယ့်ကို ထိပ်တန်းကျသည့် လက်ရွေးစင် အမြှောက်တပ်သားများ ထွက်ပေါ်လာပြီး အထူးအမြှောက်ကြီး ကို စတင် တပ်ဆင်၏။ သူတို့က ထောင့်ကို ချိန်ညှိ၍ မြို့တံခါးကို ချိန်ရွယ်ကြ၏။

“ချိန်ရွယ်မှု ပြီးစီး၊ ပစ်ခတ်ရန် အမိန့်တောင်းခံ။”

“ပစ်...” ရှမ့်လန်က အမိန့်ပေးလိုက်သည်။

“ဘုန်း...”

ကျယ်လောင်သည့် အသံနှင့်အတူ မြေပြင်တစ်ခုလုံးက တုန်ခါသွား၏။ အထူးအမြှောက်ကြီး ပစ်ခတ်လိုက်ပြီ ဖြစ်၏။ နှိုင်းယှဉ်စရာ မရှိအောင် ကြီးမားသည့် အမြှောက်ဆံကြီးက လျှပ်စီးကြောင်းကဲ့သို့ပင် လွှင့်ထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်း မီတာ ၅၀၀ အကွာသို့ ရောက်ရှိ၏။

“ဘုန်း...” ကျယ်လောင်လွန်းသည့် အသံနှင့်အတူပဲ အမြှောက်ဆန်ကြီးက မြို့ရိုးကို ထိမှန်ပြီး ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်စေ၏။ မရေတွက်နိုင်သည့် အပိုင်းအစများက နေရာအနှံ့သို့ လွင့်စင်သည်။

“ပစ်...”

ပြီးနောက် ဒုတိယမြောက် ပစ်ခတ်မှု ဖြစ်၏။ ဤပစ်ခတ်မှုက မြို့ရိုးထောင့် တစ်နေရာကို ဖြတ်တောက် သွားသည်မှာ ပို၍ပင် ထိတ်လန့်ဖွယ်ရာ ကောင်း၏။

သို့သော်ငြား အဓိက ပစ်မှတ်က မြို့တံခါးကြီး ဖြစ်၏။ ပထမ ၂ ချက် လွဲချော်သွားသည်။

“ပစ်...”

“ဘုန်း...” တတိယမြောက် ပစ်ခတ်မှုက ရဲတိုက်ကြီး၏ မြို့တံခါးကို ထိမှန်၏။ ကီလိုဂရမ် ၅၀ ကျော်လေးသည့် ဤအထူးအမြှောက်ဆံကြီးက မြို့တံခါးကို ပြင်းထန်စွာ ဝင်ဆောင့်၏။ ကျယ်လောင်လွန်းသော အသံနှင့်အတူပဲ မြို့တံခါးကြီး တစ်ခုလုံးက ချိုင့်ဝင်ပြီး ပုံပျက်သွား၏။ သို့သော်ငြား မပွင့်သေးချေ။ သံချပ်ကာ ဖောက်နိုင်သည့် အမြှောက်ဆံ မျိုး မဟုတ်သလို မြို့တံခါးကြီးကလည်း တကယ်ကို ခိုင်ခံ့လွန်း၏။

“အမြှောက်ဆံကို လဲလိုက်တော့။ ပစ်...”

စတုတ္ထမြောက် အမြှောက်ဆံက ပြင်းထန်စွာ လွင့်ထွက်သွားခဲ့ပြီး မြို့တံခါးကို တည့်တည့်ထိမှန်၏။ ဤအချိန်မှာတော့ ပြင်းထန်စွာ ပေါက်ကွဲပြီး နှိုင်းယှဉ်၍ မရနိုင်အောင် ထိတ်လန့်စရာကောင်းသည့် အလင်းရောင်များ က ဖြာထွက်၏။ ဤသည်က ပေါက်ကွဲစေတတ်သည့် အမြှောက်ဆံဖြစ်ပြီး ယမ်း၊ သာမိုက်တို့နှင့် ဖန်တီးထား၏။ ချက်ချင်းပဲ မြို့တံခါးကြီး၌ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။

“ပစ်...”

“ဘုန်း...”

ပြီးနောက် ဧရာမ အမြှောက်ကြီးက ရူးသွပ်စွာ အော်ဟစ်လျက် ရှိနေသလိုပင်။ ၁၅ မိနစ် ကြာပြီးနောက် ရဲတိုက်ကြီး၏ နှိုင်းယှဉ်စရာမရှိသော ခိုင်မာသည့် မြို့တံခါးကြီးက ပွင့်ထွက်သွား၏။

“ချီတက်ကြ။” ချောင်ယောင်းအာနှင့် မင်းသမီးဒိုဟာတို့ကဲ့သို့ အလွန်စွမ်းထက်သည့် လူပုဂ္ဂိုလ်နှစ်ဦးက လျှပ်စီးလက်သကဲ့သို့ပင် ပြေးထွက်သွား၏။ မရေတွက်နိုင်သည့် အမေဇုန်နှင့် နိဗ္ဗာနစစ်သည်များက ဒီရေလှိုင်း ကဲ့သို့ပင် ရဲတိုက်ဆီသို့ ချီတက်သွားသည်။

“သတ်။ သတ်...” ချောင်ယောင်းအာက သူမ၏ ပြိုင်ဘက်ကင်း အံ့ဖွယ်စွမ်းရည်ကို နောက်တစ်ကြိမ် ထုတ်ဖော် ပြသပြန်၏။ သူမက ရူးသွပ်စွာ ချေမှုန်းသတ်ဖြတ်နေပြီး အရာအားလုံးကို သုတ်သင်နေ၏။ သူမနှင့် ယှဉ်ပြိုင်နိုင်သည့် လူဟူ၍ တစ်ယောက်မှ မရှိချေ။

သူမတွင် အထူးလျှပ်စစ်ပန်ကာကြီးတစ်ခု ရှိနေသကဲ့သို့ပင်။ ဓားနှစ်လက်ကို ဝှေ့ယမ်းလျက် ရှိနေပြီး ဖြတ်သွားရာ နေရာတိုင်းရှိ အရာအားလုံးတို့က အပိုင်းပိုင်းအစစ ဖြစ်၏။ သူမက ခေါင်းအစ ခြေအဆုံး အားလုံးသော သူတို့ကို သတ်ဖြတ်၏။

အမေဇုန်တပ်တော်နှင့် အမျိုးသမီးစစ်သည်များက ဝင်ရောက်ပြီးနောက် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို သတ်ဖြတ်၏။ ရန်နန်းဖေး၏ အသန်မာဆုံးသော ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည်များက ကူပိုးကောင်မြားများ ပေါက်ကွဲမှုကြောင့် အားလုံးနီးပါး သေဆုံးကြသည်။

ကျန်ရှိသော သောင်းနှင့်ချီသည့် လူများက သာမန်စစ်သည်များသာ ဖြစ်ပြီး အမေဇုန်တပ်တော်၏ ရှေ့မှောက်တွင်တော့ ထိုသူတို့က သိုးများကဲ့သို့ပင်။

သူတို့က ရှေ့သို့ ချီတက်နေရင်းနှင့် တစ်လမ်းလုံး သတ်ဖြတ်၏။ နာရီဝက်အတွင်း ရန်နန်းဖေး၏ သောင်းနှင့် ချီသည့် တပ်ဖွဲ့ဝင်အားလုံးတို့က အသတ်ခံလိုက်ရ၏။ ကြီးမားလွန်းသည့် ဧရာမ ရဲတိုက်ကြီးက ရှမ့်လန်၏ လက်ထဲသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ရှမ့်လန်က ဤတစ်ကြိမ်မှာတော့ နုရှောင့်မြို့ကို နောက်တစ်ကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

xxx

အပိုင်း (၉၃၀)

စစ်ပွဲတစ်ခု၏ ရလဒ်က လူအင်အား အနည်းအများဖြင့် ဆုံးဖြတ်လေ့ မရှိချေ။ ယခုစစ်ပွဲက ထိုအချက်ကို ပိုမိုကာ မှန်ကန်စေပေလိမ့်မည်။ သံမဏိသွေးစစ်တပ်တော်ကြီးက ပျက်စီးသွားခဲ့ပြီး ကူပိုးကောင်အားလုံးကလည်း နားမလည်နိုင်စွာပင် ပေါက်ကွဲသွားခဲ့၏။

အခြေအနေက မျှော်လင့်ချက်မရှိတော့ကြောင်း ရန်နန်းဖေးက ကောင်းကောင်းသိ၏။ နုရှောင့်မြို့သာ ကျဆုံးခဲ့ပါက မိမိကိုယ်ကို အဆုံးစီရင်ပစ်မည်ဟု သူ ယခင်က ပြောဖူး၏။ ထို့အပြင် ရှမ့်လန်က နုရှောင့်မြို့ကို လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်စဉ်က လူအများအပြားသည် သူ့အား လေ့ကျိုးကျွန်းသို့ ထွက်ပြေးရန် အကြံပေးခဲ့ဖူး၏။ သို့သော်ငြား ရန်နန်းဖေးက ပြတ်သားစွာ ငြင်းပယ်ခဲ့ပြီး ရဲတိုက်ကို ကာကွယ်ရန်သာ အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ရဲတိုက်တံခါးကြီး ပွင့်သွားသည့်အချိန်မှာတော့ ရန်နန်းဖေးက မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ ၃၀ နှင့် သူ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်ရှိ ကျွမ်းကျင်သူ ရာဂဏန်း အနည်းငယ်တို့ကို ခေါ်ဆောင်ပြီး နောက်ပေါက် မှတဆင့် ထွက်ပြေး၏။

ကိုယ့်ကိုယ်ကိုယ် သတ်သေရမည် ဟုတ်လား။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ လူတစ်ယောက် သေသွားလျှင် ဘာမှ မရှိတော့ပေ။ အသက်ရှင်မှသာ အကန့်အသတ်မရှိသော ဖြစ်နိုင်ချေများကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ဤမဟာပညာရှင် အဆင့် ကျွမ်းကျင်သူ ၃၀ ကို ကောင်းကောင်း အသုံးချနိုင်ပါက သူ့ကို မည်သည့်အခါမှ စိတ်ပျက်စေနိုင်မည် မဟုတ်သည့် အံ့မခန်း အလှည့်အပြောင်း ဖြစ်လာနိုင်ကြောင်း သူကောင်းစွာသိသည်။

သို့သော်ငြား ထိုသူတို့က ရှမ့်လန်တပ်တော်၏ ဝိုင်းရံပိတ်ဆို့မှုထဲသို့ ရောက်ရှိသွား၍ မဖြစ်ချေ။ မဟုတ်ပါက မောပန်း၍ သေဆုံးသွားနိုင်၏။ နုရှောင့်မြို့မှ လွတ်မြောက်ပြီး လေ့ကျိုးကျွန်း သို့မဟုတ် ကောင်းကင်လေကျွန်းသို့ ဝင်ရောက်နိုင်ပါက သူ့အတွက် အဆင်ပြေပေလိမ့်မည်။

ဟုတ်ပေ၏။ ချောင်းဟောင် သေခဲ့သည့် ပိုးဟပ်တစ်ကောင်သာပင်။ ရှမ့်လန်နှင့် ကျန်းချုံးတို့ တိုက်ခိုက်ပြီး ကျွန်းတစ်ကျွန်းကို သိမ်းပိုက်စဉ်ကလည်း သူ အသက်ရှင်ခဲ့၏။ ယခုအချိန်ထိ သူက ထိုကျွန်းကို သိမ်းပိုက်ထား ဆဲပင်။ သူက တစ်ချိန်လုံးက ရွှဲ့ပြည်နယ်၏ အရာရှိ၊ ပြီးနောက် ဝူပြည်နယ်၏ အရာရှိ ဖြစ်ခဲ့ဖူး၏။ ယခုသူက ရွှဲ့ပြည်နယ် ရေတပ်၏ တပ်မှူးပင် ဖြစ်နေသေး၏။

သူက ရေတပ်သားတစ်သောင်းကို ပေးထားပြီး ရန်နန်းဖေးနှင့် ပူးပေါင်းဆောင်ရွက်၏။ သို့သော်ငြား သူ၏ ရေတပ်သား တစ်သောင်းတွင်တော့ မည်သည့်တိုက်ခိုက်ရေး တာဝန်မှ မရှိချေ။ ကျွန်းပေါ်တွင် သင်္ဘောကျင်း အများအပြား ရှိနေသောကြောင့် သူတို့၏ တစ်ခုတည်းသော အခန်းကဏ္ဍက သူတို့ပိုင်ဆိုင်သည့် ကျွန်းကို ကာကွယ်ထားရန်သာပင်။

ယခင်က ပြောခဲ့ဖူးသည့်အတိုင်းပင် နုရှောင့်မြို့၏ ပထမဦးဆုံးကျွန်းကြီးက လေ့ကျိုးကျွန်းဖြစ်ပြီး ဒုတိယကျွန်းက ယခု ချောင်ဟောင် ပိုင်ဆိုင်သည့် ကောင်းကင်လေကျွန်းဖြစ်၏။ ထိုကျွန်းက တစ်ချိန်က ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေ၏ သင်္ဘောတည်ဆောက်သည့် အခြေစိုက်စခန်းဖြစ်၏။

ကျင်းမိသားစုက နုရှောင့်မြို့ကို အုပ်ချုပ်ပြီးနောက် သူတို့က သင်္ဘောကျင်းတစ်ခုကို တည်ဆောက်ခဲ့ကြ၏။ ထို့အပြင် ကောင်းကင်တာအိုအဖွဲ့အစည်းကလည်း ရှမ့်လန်ကို မကြုံစဖူး ကြီးမားသည့် သင်္ဘောတစ်စင်းအား မြင်တွေ့ခွင့် ပေးခဲ့၏။ သို့သော်ငြား ယခုအခါမှာတော့ ထိုသင်္ဘောကျင်းက မီးလောင်သွားခဲ့၏။ ရှမ့်လန်က မီးရှို့လိုက်သည်ဟု ဆိုနိုင်၏။ မတတ်နိုင်ချေ။

ထိုနေရာက နုရှောင့်မြို့နှင့် ကပ်လျက်ရှိနေပြီး မီးတောက်များ ပျံ့နှံ့သွားချိန်မှာတော့ မထိန်းချုပ်နိုင်သောကြောင့် သင်္ဘောကျင်းလည်း မီးထဲပါသွားရ၏။

ရှမ့်လန် မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီးနောက် အရှေ့ဘက် ပင်လယ်ဒေသတစ်ခုလုံးကို စောင့်ကြည့်ရန်နှင့် ကာကွယ်ရန် ရေတပ်နှင့် သင်္ဘောအများအပြား လိုအပ်ခဲ့၏။ ထို့ကြောင့် ရွှဲ့ဘုရင်က ရှေ့သို့ထွက်လာပြီး ယင်ယွမ်အဖွဲ့အစည်းက ဤကျွန်းနှင့် သင်္ဘောကျင်းကို တိုးချဲ့ရန် ငွေကြေး ထောက်ပံ့၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကထက် သုံးဆခန့် ပိုမိုကြီးမားလာခဲ့သည်။

ပြောစရာမလိုချေ။ ရန်နန်းဖေးက ထိုကျွန်းကို ထွက်ပြေးသွားခဲ့ပြီးနောက် ရှမ့်လန်နှင့် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိချေ။ ထိုအစား သူက ချောင်ဟောင်၏ ရေတပ်ကို အသုံးပြုကာ ထွက်ပြေးမှာဖြစ်၏။

မည်သည့်နေရာကို ထွက်ပြေးမည်နည်း။ အနာဂတ်တွင် ဘာလုပ်မည်နည်း။ လောလောဆယ် သူ့၌ အစီအစဉ် မရှိသေးချေ။ တစ်ဆင့်ချင်းသာ သွားရပေမည်။ သို့သော်ငြား ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့ က ရှမ့်လန်ကို လွှတ်ထားမည် မဟုတ်ပေ။ ရန်နန်းဖေးအနေနှင့် ပြန်လည်၍ ကြီးထွားလာရန် အခွင့်အရေး ရှိနေသေးသည်။

.................

သူက အပေါ့စား ကိုယ်ဖော့ပညာကို အစွမ်းကုန်ထုတ်သုံးပြီး တောက်လျှောက်ပြေး၏။ ခဏအကြာမှာတော့ သူက နုရှောင့်မြို့မှ လွတ်မြောက်လာပြီး လေ့ကျိုးကျွန်း၏ သစ်တောထဲသို့ ဝင်ရောက်ခဲ့၏။ သူက နုရှောင့်မြို့နှင့် လီပေါင်းများစွာ ဝေးကွာနေ၏။ သစ်တောကို ဖြတ်ကျော်ပြီး နောက်ဆုံး လယ်မြေများကို မြင်ရ၏။

နုရှောင့်မြို့တွင် သစ်တောများက နှိုင်းယှဉ်၍မရအောင် ကြီးမားသည့် သယံဇာတမျိုးပင်။ အဘယ်ကြောင့်ဆိုသော် သင်္ဘောတည်ဆောက်ရန် သစ်ပင်ကြီးများ လိုအပ်သောကြောင့်ပင်။ ကြီးမားကျယ်ပြန့်သည့် လယ်မြေများက မျက်စိ တစ်ဆုံး ရှည်လျား၏။ တောင်ကုန်းငယ်များပေါ်တွင် အိမ်များဆောက်လုပ်ထား၏။ ဤအရာ အားလုံးသည် ကျင်းမိသားစုက သူတို့၏ ရင်းနှီးငွေများအားလုံးကို ကုန်ခမ်းအောင် သုံးစွဲထားခြင်းဖြစ်သည်။

ဤလူများက မည်သည့်အရာမှ မပိုင်ဆိုင်သော သီးစားချ လယ်သမားများသာ ဖြစ်၏။ သူတို့က ပိုမို ကောင်းမွန်သည့် ဘဝတစ်ခုအတွက် လေ့ကျိုးကျွန်းဆီသို့ ရောက်ရှိလာခဲ့ခြင်းပင်။ ရွှဲ့ပြည်နယ်တွင် ကိုယ်ပိုင် လယ်သမား အချိုးအစားက မြင့်မားသော်လည်း ထက်ဝက်မကျော်ချေ။ ကျန်တစ်ဝက်က မြေရှင်များအတွက် အလုပ်လုပ်ပေးရသည့် သီးစားချ လယ်သမားများပင်။

မြေယာ သိမ်းပိုက်ခြင်းက လောကတိုင်းတွင် ရှိစမြဲပင်။ ကိုယ်ပိုင်လယ်သမားများပင်လျှင် ကောင်းမွန်သည့်ဘဝကို မရရှိကြချေ။ အပေါ်ယံတွင် အစိုးရသို့ ပေးဆောင်ရသည့် အခွန်က သိပ်မများဟု ယူဆရသော်လည်း ၂၀ ရာခိုင်နှုန်းခန့် ရှိ၏။ သို့သော်ငြား အခြားသော မတန်တဆ အခွန်ခများက ရှိနေသေး၏။ နှစ်စဉ် ရိတ်သိမ်းမှု၏ ထက်ဝက်ကို ချန်ထားနိုင်လျှင်ပင် အထင်ကြီးလောက်စရာ ဖြစ်၏။

လေ့ကျိုးကျွန်းဆီသို့ ပြောင်းလဲပြီးနောက် ကျင်းမိသားစုက လယ်ယာသုံးကိရိယာများ၊ အိမ်များ၊ ကျွဲနွားများနှင့် အခြားအရာများကို လွဲပြောင်းပေးခဲ့၏။ သူတို့က နှစ်စဉ်ရိတ်သိမ်းမှု၏ ၂၀ ရာခိုင်နှုန်းကိုသာ ယူ၏။ အခြားသော ဝန်ထုပ်ဝန်ပိုးများလည်း မထမ်းဆောင်စေပေ။ ဘဝက ယခင်ကထက် များစွာ သာလွန်ခဲ့သည်။

သို့သော်ငြား ကျင်းမိသားစု မောင်းထုတ်ခံရပြီးနောက် သူတို့က အရာအားလုံးကို ဆုံးရှုံးခဲ့ရ၏။ လယ်မြေ အားလုံး လုယက်ခံလိုက်ရ၏။ ထို့အပြင် သူတို့နေထိုင်သည့် အိမ်များက နုရှောင့်မြို့စား၏ ပိုင်ဆိုင်မှု ဖြစ်လာ၏။ ဤရွေ့ပြောင်း နေထိုင်သူအားလုံးတို့က ထိုအရာများကို ပြန်လည်ဝယ်ယူရပေလိမ့်မည်။

ပိုက်ဆံမရှိဘူးလား။ ထိုသို့ဆိုလျှင် အကြွေးရ၏။ နှစ်တိုင်း သူတို့က အကြွေးဆပ်ရန် ကြိုးစားလုပ်ကိုင်ရ၏။ သို့သော်ငြား ဤကဲ့သို့သော အကြွေးမျိုးက များသောအားဖြင့် ကျေသွားလေ့မရှိဘဲ ပိုမိုကာ တိုးပွားလာတတ်၏။ ပြောစရာမလိုဘဲ သူတို့က ခေါင်းပုံဖြတ်ခံရခြင်းပင်။

ခေါင်းပုံဖြတ်သည့်သူက ရန်နန်းဖေး တစ်ဦးတည်း မဟုတ်ပေ။ ကျင်းမိသားစု ထွက်ပြေးပြီးနောက် မရေတွက်နိုင်သည့် တော်ဝင်မျိုးနွယ်များက လေ့ကျိုးကျွန်းပေါ်ရှိ အရာအားလုံးကို သိမ်းပိုက်ရန် ရောက်ရှိလာ၏။ ရန်နန်းဖေး က အရာအားလုံးကို သူတစ်ယောက်တည်း ရယူလိုသော်လည်း မတတ်နိုင်ခဲ့ပေ။

ကြီးမားကျယ်ပြန့်သည့် လယ်ယာမြေများကို ကြည့်ရှုရင်း ရန်နန်းဖေးက အရှိန်ကို လျော့မိ၏။ သူ တကယ် လက်မခံနိုင်သလို ဖြစ်နေ၏။ ဤအဆုံးမဲ့သည့် လယ်ယာများက ရှမ့်လန်၏ ပိုင်ဆိုင်မှု ပြန်ဖြစ်သွားတော့မည်လား။ ဤအချိန်မှာတော့ စပါးများ မမှည့်သေးချေ။ သို့သော်လည်း စပါးနှံများက ထွက်နေပြီဖြစ်ပြီး တစ်ချက် ကြည့်ရှုလိုက်ရုံဖြင့် အဆုံးကို မမြင်နိုင်ပေ။

ရန်နန်းဖေးက လယ်ကွင်းတစ်ခုလုံးကို မီးရှို့ပစ်ပြီး ရှမ့်လန်အတွက် ဆန်တစ်စေ့မှ မချန်ထားလိုသော စိတ်ဆန္ဒမျိုး ပြင်းပြလာ၏။ သူက မော့ကြည့်လိုက်၏။ ရွာထဲရှိလူတိုင်း တောင်ကုန်းပေါ်တွင် ရပ်နေသည်ကို မြင်ရ၏။ သူတို့က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး မျက်လုံးထဲတွင်လည်း အမုန်းတရားများနှင့် ပြည့်နှက်နေ၏။

“ဘာကြည့်နေတာလဲ။ ရှမ့်လန်ပြန်လာရင် ကယ်တင်ခံရမယ်လို့ ထင်နေတာလား။ သူက နုရှောင့်မြို့ကို ဘယ်လောက်ကြာကြာ သိမ်းပိုက်ထားနိုင်မယ်လို့ ထင်လို့လဲ။ ရွှဲ့ပြည်နယ်၊ တော်ဝင်ရန်အင်ပါယာ၊ ကောင်းကင် ပင်လယ်နန်းဆောင်နဲ့ စေတီတောင်တို့က လက်ပိုက်ကြည့်နေမယ် ထင်လို့လား။”

ရန်နန်းဖေးက ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သူက ဤရွာရှိ လူတစ်ယောက်ချင်းစီကို သတ်ပစ်ချင်၏။ ဒေါသဖြေဖျောက်ရန် မဟုတ်ဘဲ ရှမ့်လန်အတွက် လူတစ်ယောက်မှ မချန်ထားလိုသောကြောင့်ပင်။ သို့သော်လည်း ထိုအရာက မဖြစ်နိုင်ကြောင်း သူသိ၏။ အချိန်ဖြုန်းရာသာ ရောက်ပေမည်။ သူက ချက်ချင်း ထွက်ပြေးရပေမည်။

“သွားကြရအောင်။” ရန်နန်းဖေးက အမိန့်ပေး၏။

ပြီးနောက် သူက လူရာဂဏန်းကို ဦးဆောင်ပြီး မြောက်ဘက်ဆီသို့ ဆက်လက်ပြေးလွှား၏။ လေ့ကျိုးကျွန်းမှ ထွက်ပြေးပြီး ပြန်လာတိုက်ခိုက်ရန် နည်းလမ်း ရှာရမည်။ အခွင့်အရေးက ရှိနေသေးသည်။

သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ လမ်းအဆုံး၌ လူတစ်ယောက် ပေါ်လာသည်ကို မြင်ရ၏။ ထိုသူက ဓားဘုရင် လီချင်းချိုးပင်။ ဒုတိယမြောက်လူကတော့ လီချင်းချိုး၏မိန်းမ ကတော်ချိုးပင်။ တတိယလူက အရူးကြီး၊ စတုတ္ထလူက ရွှယ်ရင်၊ ပဉ္စမလူက ပန်ရော့၊ ဆဋ္ဌမလူက တိုက်ပွဲတွင် တစ်ခါမှ အနိုင်မရရှိဖူးသည့် နှင်းတောင်သခင်မ လင်းရှန်၊ သတ္တမလူက မဟာပညာရှင်ကြီး ကျုံးချူးကဲ့ ဖြစ်၏။

ရန်နန်းဖေး၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ရှမ့်လန်က သူ့ကို စောင့်ဆိုင်းရန် လူလွှတ်လိုက်သည်လား။ သို့သော်လည်း တစ်ဖက်လူတွင် မဟာပညာရှင်အဆင့် အများဆုံး ခုနှစ်ယောက်သာ ရှိ၏။ သူ၏ ဘေးတွင် မဟာပညာရှင် အဆင့် ၃၀ နှင့် ထိုသူတို့၏ လက်အောက်တွင် ကျွမ်းကျင်သူ ရာဂဏန်းခန့်လည်း ရှိသေးသည်။

ရန်နန်းဖေးက ဓားကို ဆွဲထုတ်၏။ မဟာပညာရှင် အဆင့် ၃၀ လည်း ထိုသို့ လိုက်လုပ်၏။ ကျွမ်းကျင်သူ ရာဂဏန်းက လည်း ထိုကဲ့သို့ပင်။ ၊

ဤအချိန်မှာတော့ သူတို့၏နောက်တွင် နောက်ထပ် လူရိပ်အနည်းငယ် ပေါ်လာ၏။ ချောင်ယောင်းအာ၊ မင်းသမီး ဒိုဟာ၊ ဟီလာ၊ တပ်မှူးလန်ဖုန်းနှင့် အခြားသောသူများပင်။ အကုန်လုံး ဤနေရာဆီသို့ ရောက်ရှိနေကြသည်လား။ ဤအရာက ရှမ့်လန်၏ လက်အောက်မှ အတော်ဆုံးသော သိုင်းပညာစစ်ကြောင်း ဖြစ်၏။ သို့သော်လည်း မဟာပညာရှင် ဆယ်ဂဏန်းခန့်သာ ရှိ၏။

ရန်နန်းဖေးကို ထိုသူတို့က မည်သို့ ယှဉ်ပြိုင်မည်နည်း။ ဝိုင်းရံမှုကို မခံရသရွေ့ ရန်နန်းဖေးက ကြောက်စရာ မရှိချေ။ သိုင်းပညာက အကြွင်းမဲ့ ဖြစ်၏။ ဒါဇင်အနည်းငယ်လောက်ကို ရာဂဏန်းဖြင့် တိုက်ခိုက်ခြင်းက သေချာပေါက် အနိုင်ရနိုင်မည့် ကိစ္စရပ်မျိုးပင်။

“မထွက်သွားခင် သူတို့ကို သတ်ပစ်လိုက်။” ရန်နန်းဖေးက အမိန့်ပေးသည်။

“ကောင်းပါပြီ။” မဟာပညာရှင် အဆင့် ၃၀ က အော်ဟစ်၏။

“သတ်ကြတော့။” ရန်နန်းဖေးက ဟိန်းဟောက်သည်။

လီချင်းချိုးနှင့် အခြားသောသူများဆီသို့ ပြေးဝင်၏။ တိုက်ပွဲက တစ်မိနစ်အတွင်း ပြီးဆုံးသွားပေလိမ့်မည်။ သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ ရန်နန်းဖေးက ကြီးမားသည့် စိုးရိမ်ပူပန်မှုကြီးကို အလိုအလျောက် ခံစားမိ၏။ ငလျင်ကြီးတစ်ခု ချဉ်းကပ်လာသလို ခံစားရ၏။ သူ၏ ခန္ဓာကိုယ်မှ မွေးညင်းများပင် ထောင်ထလာ၏။

“ဘုန်း... ဘုန်း...”

ရန်နန်းဖေး၏ လက်အောက်ခံ ကျွမ်းကျင်သူ ရာဂဏန်းတို့၏ ခြေအောက်ရှိ မြေကြီးက ရုတ်တရက် ပေါက်ကွဲသွား၏။ လောကကြီးတစ်ခုလုံး တုန်ဟီးပြီး နားကွဲလုမတတ်ပင်။ ယမ်းကီလိုဂရမ် တစ်သောင်းကျော် မြှုပ်နှံထားသောကြောင့် မီတာရာပေါင်းများစွာ အတွင်းရှိ အရာအားလုံးက ပေါက်ကွဲကုန်သည်။

ထိုအရာက တစ်လက်မမှ မလွတ်စေသည့် ဗုံးကြဲတိုက်ခိုက်မှုမျိုးလိုပင်။ မရေတွက်နိုင်သည့် သတ္တု အပိုင်းအစများက မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ပစ်ခတ်၏။ ရန်နန်းဖေးနှင့် မဟာပညာရှင် အဆင့် ၃၀ တို့က အံ့မခန်း စွမ်းဆောင်နိုင်ကြ၏။ သူတို့က အသန်မာဆုံးသောသူတို့၏ အတွင်းအားများကို ချက်ချင်း စုစည်းပြီး အကောင်းဆုံးသော ကိုယ်ဖော့ပညာကို ထုတ်သုံး၏။

ပေါက်ကွဲမှုမှ လွတ်မြောက်ရန် လျှပ်စီးကဲ့သို့ပင် ပြေးထွက်၏။ သို့သော်ငြား မည်မျှ မြန်ဆန်ပါစေ ၁ စက္ကန့်အတွင်း မီတာ ရာဂဏန်း ပြေးနိုင်ဖို့ဆိုသည်က မဖြစ်နိုင်ချေ။ သူတို့ မည်သည့်နေရာကိုပြေးပြေး ပေါက်ကွဲမှု အတိုင်းအတာ တည်နေရာအတွင်း၌သာ ရှိနေမှာပင်။ ပေါက်ကွဲမှု၏ ပြင်းထန်သည့်လှိုင်းဒဏ်က သူတို့ကို ကောက်ရိုးရုပ်များ ကဲ့သို့ လွင့်စင်သွားစေ၏။ ပြီးနောက် သတ္တုအပိုင်းအစများက သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသည်။

“စွပ်... စွပ်... စွပ်...”

ဤမဟာပညာရှင် အဆင့် ၃၀ တို့၏ လက်ထဲရှိ ဓားများက ရူးသွပ်စွာ ကခုန်၏။ မိုးသည်းထန်စွာ ရွာသွန်းနေသည့် အရာများကဲ့သို့သော ကျဆင်းလာသည့် သတ္တုအပိုင်းအစများကို ကာကွယ်၏။ သူတို့က သတ္တုအပိုင်းအစ အားလုံးကို ဖယ်ရှားရန် အတွင်းအားများကို ထုတ်၍ လေတံတိုင်းကဲ့သို့ပင် ဖန်တီး၏။

“ဘုန်း... ဘုန်း...”

သို့သော်ငြား ဤပေါက်ကွဲမှုမျိုးက အဆုံးအစမရှိသကဲ့သို့ပင် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်၏။ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေ၏။ လီချင်းချိုးနှင့် အခြားသောသူများက မီတာ ရာပေါင်းများစွာ ဝေးကွာနေသော်လည်း ပြင်းထန်သည့် ပေါက်ကွဲမှုလှိုင်းဒဏ်နှင့် သတ္တုအပိုင်းအစများကို ကာကွယ်ရန် မြေကြီးပေါ်တွင် ဝပ်နေကြသည်။

မိနစ်ဝက်ခန့်ကြာပြီးနောက် ရူးသွပ်စရာ ပေါက်ကွဲမှုများက ရပ်တန့်သွား၏။ ရန်နန်းဖေးက အံ့မခန်းပင် အသက်ရှင် နေသေး၏။ သူ ခေါ်ဆောင်လာခဲ့သည့် ကျွမ်းကျင်သူ ရာဂဏန်း အားလုံးက သေဆုံး၏။ ထိုသူတို့က လုံးဝ ပေါက်ကွဲလွင့်စင်သွားခြင်း သို့မဟုတ် မရေတွက်နိုင်သည့် သတ္တုအပိုင်းအစများကြောင့် ခန္ဓာကိုယ်များ ဖြတ်တောက်ခြင်း ခံရ၏။

သို့သော်လည်း သူ၏ လက်အောက်ရှိ မဟာပညာရှင် အဆင့် ၃၀ အနက် အနည်းငယ်သာ သေဆုံးပြီး ကျန် ၂၀ ကျော်တို့က အသက်ရှင်နေဆဲပင်။ မဟာပညာရှင်အဆင့် သိုင်းပညာရှင်တစ်ယောက်က တကယ့်ကို အံ့မခန်းပင်။ ဤမျှ ထိတ်လန့်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှုမျိုး၌ အသက်ရှင် ကျန်ရစ်နိုင်သေးသည်။

သို့သော်လည်း လူတိုင်း၏ အခြေအနေက ဆိုးရွားနေ၏။ သူတို့၏ဓားသိုင်း မည်မျှ ကောင်းမွန်နေပါစေ၊ ဓားကို မည်မျှ ပြင်းထန်စွာ ဝှေ့ယမ်းနေပါစေ။ သတ္တုအပိုင်းအစများက မိုးရေစက်များလို သိပ်သည်းပြီး မြန်ဆန် လွန်းလှချေ၏။ အထူးသဖြင့် ပေါက်ကွဲမှု၏ လှိုင်းဒဏ်က သူတို့၏ အတွင်းအားကို ကြီးမားသည့် ဖိနှိပ်မှုများ ဖြစ်စေ၏။

ရန်နန်းဖေး၏ ခန္ဓာကိုယ်က ခဏမျှ ယိမ်းယိုင်သွားပြီး သွေးမဲများ အန်ထွက်လာ၏။ သူ၏ နားထဲတွင် ပေါက်ကွဲသံကြီးများ ဆက်တိုက်ကြားနေ၏။ ဘာကိုမှ မကြားရတော့သကဲ့သို့ပင် အူလို့နေ၏။ နားကို စမ်းကြည့်ရာ သွေးများ ထွက်လို့နေ၏။ နားစည်များက ပေါက်ကွဲသွား၏။ ခေါင်းမူးပြီး အော့အန်ချင်နေ၏။ ဤသည်က ပြင်းထန်သည့် ဦးနှောက်တုန်ခါမှုကြောင့်ပင်။

ကလောက်။ ကလောက်... အလျင်စလို မြင်းပြေးသံများ ထွက်ပေါ်လာသည်။

ရှမ့်လန် ပေါ်လာ၏။ အံ့အားသင့်စရာ ကောင်းလောက်အောင် ကြီးမားသည့် မြင်းကြီးကို စီးနင်းထား၏။ ထို့အပြင် သူက ဤမြင်းကို တစ်ယောက်တည်း မစီးနိုင်သောကြောင့် အခြားအမျိုးသမီးတစ်ဦးနှင့်အတူ စီးနင်းလာခြင်းပင်။

ယခုအချိန်မှာတော့ သူက ထိုအမျိုးသမီး၏ ရင်ခွင်ထဲတွင် ပျင်းရိစွာဖြင့် မှေးမှီလျက် ရှိ၏။ တပ်မှူးကွီနင် ဖြစ်နေခြင်းက ကံကောင်းသည်။ အကယ်၍ မင်းသမီးဒိုဟာ၏ ရင်ခွင်ထဲတွင် ဤသို့သာမှီနေပါက တွန်းထုတ်ခြင်း ခံရလောက်၏။

“ကဲ... သခင်ကြီး ရန်နန်းဖေး... ဘာလို့ ဒီလောက် အလျင်စလိုကြီးနဲ့ ထွက်ပြေးရတာလဲ။” ရှမ့်လန်က ပြုံးကာ မေးလိုက်သည်။

ရန်နန်းဖေးက အမျိုးသမီးတစ်ယောက်၏ ရင်ခွင်ထဲတွင် ရှိနေသည့် ရှမ့်လန်ကို ကြည့်ရင်း အမုန်းတရားအပြည့်နှင့် အံကြိတ်မိ၏။ ကောင်းကင်ဘုံက မျက်စိကန်းလို့နေ၏။ ဤကဲ့သို့ ယောက်ျားလှလှလေးကို လိုချင်တာရအောင် အဘယ့်ကြောင့် ခွင့်ပြုထားရသနည်း။

“ရှမ့်လန်... ခွေးကောင်။ မင်းငါ့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရမှာ ကြောက်လို့လား။ အမြဲတမ်း လှည့်ကွက်တွေပဲ ထုတ်သုံးနေတယ်။” ရန်နန်းဖေးက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ ရှမ့်လန်ကို တကယ်ပဲ အရှင်လတ်လတ် ဝါးစားချင်၏။

တိုက်ပွဲစတည်းက ယခုထိ သူ ရှမ့်လန်နှင့် ထိပ်တိုက် မတွေ့ဖူးသေးချေ။ သူက အမြှောက်များ သို့မဟုတ် မီးပုံးပျံများကိုသာ အသုံးပြု၏။ ယခုလည်း မြေကြီးထဲတွင် ယမ်းများ မြှုပ်နှံထားပြန်သည်။

“သောက်ကျိုးနည်း... သောက်ကျိုးနည်းကောင်.. ငါ့ကို မျက်နှာချင်းဆိုင် တရားမျှတစွာနဲ့ လာတိုက်စမ်းပါ။”

ရှမ့်လန်က လက်ဝှေ့ယမ်းလိုက်၏။ ထောင်ပေါင်းများစွာသော အမေဇုန်အမျိုးသမီးစစ်သည်များက ရှေ့သို့ တိုး၏။ ရန်နန်းဖေး၏ လက်အောက်ခံ လူ ၂၀ ကို ဝိုင်းရံလိုက်ကြ၏။

“ပစ်...”

အမိန့်ပေးလိုက်သည်နှင့် အမေဇုန်အမျိုးသမီး စစ်သည် ထောင်ပေါင်းများစွာတို့က မြားမိုးများ ရွာချ၏။ ယခင်ကဆိုလျှင် ရန်နန်းဖေးနှင့် မဟာပညာရှင် ၂၀ တို့က မြားများကို ကာကွယ်နိုင်မှာ သေချာ၏။ အခုလည်း သူတို့က မြားများကို ကာကွယ်နိုင်သေး၏။ သူတို့က မြားများကို ကာကွယ်ရန် ဓားများကို ဝှေ့ယမ်း၏။ သူတို့၏ အတွင်းအားများက ပေါက်ကွဲလာပြီး မြားများကို လမ်းကြောင်းလွဲစေသည်။

မဟာပညာရှင် အဆင့်များ၏ အားအင်က တကယ့်ကို အံ့မခန်းပင်။ ထိုမျှ ထိတ်လန့်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှုကြီးကို ကြုံတွေ့ခဲ့ရပြီး အသက်ရှင်နေသေး၏။ ယခုလည်း ကောင်းကင်ပြည့် ဖုံးလွှမ်းနေသည့် မြားမိုးများကို ကာကွယ်နိုင်သေးပြန်၏။

သို့သော်ငြား သူတို့အားလုံးက ပြင်းထန်သည့် ဦးနှောက်တုန်ခါမှုကို ခံစားနေရ၏။ သူတို့၏ ခန္ဓာကိုယ် ဟန်ချက်ထိန်းစနစ်က ကမောက်ကမ ဖြစ်နေ၏။ သူတို့က ကောင်းကောင်း မတ်မတ် မရပ်နိုင်တော့ချေ။

All Chapters