အခန်း (၉၃၅-၉၃၆)
Vol. 56 Ch. 935-936
အပိုင်း (၉၃၅)
“အဘွားကြီး ... ကျွန်မနဲ့ လိုက်ခဲ့ပါ။”
ကျိုးကျောင်းရန်က လှောင်ပြောင်လိုက်၏။ “ကောင်းကင်ဘုံက ကျွန်မကို စောင့်ရှောက်နေတုန်းပဲ။ မထွက်ခွာခင်လေးမှာ ရှမ့်လန်ရဲ့ မွေးစားအမေကို ဖမ်းဆီးခွင့် ပေးခဲ့တယ်။ ဒီနေ့ကစပြီး ရှင်က ကျွန်မရဲ့ ဓားစာခံပဲ။ ကျွန်မ ဘယ်လောက်တောင် ကြီးမားတဲ့ အကျိုးပြုမှုကို လုပ်နိုင်ခဲ့လိုက်လဲ။
ရှင့်ရဲ့သားက မိဘကို ရိုသေပါစေလို့တော့ မျှော်လင့်ရမယ်။ မဟုတ်ရင် ရှင်သေပါရစေလို့ တောင်းပန်တဲ့အထိ ကျွန်မက နှိပ်စက်ရမှာပဲ။ ရှမ့်လန် အောင်မြင်တဲ့အကြိမ်တိုင်း ရှင့်ကို ပိုပြီးနှိပ်စက်မယ်။ ရှင့်ရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိပါစေလို့ မျှော်လင့်ရမယ်။
လူတွေအားလုံး... သူ့ကို ကြိုးတုတ်ပြီး ပါးစပ်ပိတ်ထားလိုက်။ ကိုယ့်ကိုကိုယ် သတ်မသေစေနဲ့။ သူက တန်ဖိုးမဖြတ်နိုင်တဲ့ ဓားစာခံပဲ။”
စစ်သည်အများအပြားက ချက်ချင်းပဲ ရှမ့်လန်၏ မွေးစားမိခင်ကို ကြိုးတုတ်ပြီး ထုံဆေးစိမ်ထားသည့် အဝတ်စ တစ်ခုကို ပါးစပ်ထဲ ထိုးထည့်သည်။
“သွားကြစို့။” ကျိုးကျောင်းရန်၏ အမိန့်ဖြင့် ကျိုးမိသားစုက ထျန်းရွှဲ့မြို့သို့ ဆက်လက်ခရီးနှင်နေကြ၏။
………….
အာရုံတက်ချိန်မှာတော့ ကျိုးကျောင်းရန်က သူ၏မိသားစုကို ဦးဆောင်ပြီး ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ဝေးကွာနေပြီ ဖြစ်၏။ နောက်ဆုံးမှာတော့ သူမက မနေနိုင်ဘဲ အမြင့်ဆုံး တောင်ထိပ်ပေါ်သို့ တက်သွား၏။ ထိုနေရာမှနေ၍ ရွှမ်ဝူနယ်စားစံအိမ်ကို မြင်နိုင်၏။ ဤသည်က သူမကိုယ်တိုင် ညွှန်ကြားထားသည့် ပြပွဲတစ်ခုပင်။ အဘယ်သို့ မကြည့်ဘဲ နေနိုင်မည်နည်း။
ရွှမ်ဝူနယ်စားစံအိမ် တစ်ခုလုံး ပျက်စီးပြီး မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။ သူမ၏ ရင်ထဲ အသည်းထဲ ထိ တုန်လှုပ်ရပေလိမ့်မည်။ တောင်ထိပ်တွင် ကျိုးကျောင်းရန်က ရွှမ်ဝူနယ်စားအိမ်တော်ကို လှမ်းကြည့်သည်။
ရှမ့်လန်၏ လှုပ်ရှားမှုများက တကယ့်ကို မြန်ဆန်၏။ ပြွတ်သိပ်လျက် ရှိနေသည့် တပ်တော်ကြီးက ရွှမ်ဝူနယ်စား စံအိမ်ထဲသို့ ဝင်ရောက်သွားသည်ကို သူမ မြင်နေရ၏။ ကျိုးကျောင်းရန်က ကြောက်လန့်တကြား ခံစားမှုများ မဖြစ်ပေါ်ဘဲ မနေနိုင်ချေ။ ကံကောင်းထောက်မစွာဖြင့် သူမ အမြန်ထွက်ပြေးနိုင်ခဲ့၏။ သို့မဟုတ်ပါက အကျဉ်းသား ဖြစ်နေလောက်ပေပြီ။
“သူ့ကို ဒီကို ခေါ်ခဲ့။” ကျိုးကျောင်းရန်က အမိန့်ပေး၏။
ရှမ့်လန်၏ မွေးစားမိခင်က ချက်ချင်း ရောက်ရှိလာ၏။ ကျိုးကျောင်းရန်က သူမ၏ ဆံပင်ကို ဆွဲကိုင်ကာဖြင့် အေးစက်စက် ပြော၏။ “ခွေးမကြီး... ကောင်းကောင်းကြည့်ထား။ အဲဒါ ရှင့်သားရဲ့ တပ်ပဲ။ အဲဒါ ရွှမ်ဝူနယ်စားအိမ်တော်ပဲ။ မကြာခင် ပျက်စီးသွားရတော့မှာ။ မျက်စိကို ပြူးပြီး ကြည့်ထား။ ရွှမ်ဝူနယ်စားစံအိမ်ကြီး မြေပြင်နဲ့ တသားတည်း ဖြစ်သွားမှာကို ကြည့်ထား။ ရှင့်သားရဲ့ တပ်တော်က အပိုင်းပိုင်း အစစ ချေမှုန်းခံရမှာကို ကြည့်ထား။”
“ခွေးမကြီး... တောင်ဝင်ရန်အင်ပါယာနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်က ရှင့်ရဲ့သားကို လွှတ်ထားမှာ မဟုတ်ဘူး။ သူက ဆိုးဆိုးဝါးဝါးနဲ့ သေဆုံးဖို့ ကံပါလာခဲ့ပြီးသား။ ကျွန်မက ကျွန်မ မပိုင်ရတဲ့ ပစ္စည်းကို ဘယ်သူ့မှလည်း မပိုင်စေရဘူးလို့ သဘောထားတယ်။ ဒီတော့ ကျွန်မက ဒါတွေအားလုံးကို ဖျက်ဆီးပစ်မှာပဲ။”
ကျိုးကျောင်းရန်က အသက်ကို အောင့်၍ ပေါက်ကွဲမည့်အချိန်ကို စောင့်မျှော်နေ၏။ မကြာခင် ပေါက်ကွဲရပေမည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ရေတပ်က ရွှမ်ဝူနယ်စားအိမ်တော်ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
“ရွှမ်း....”
ရွှမ်ဝူနယ်စားစံအိမ်နှင့် မလှမ်းမကမ်းတွင် မီးပန်းတစ်ခု ရုတ်တရက် ကောင်းကင်ယံပေါ်သို့ ပျံတက်သွား၏။ ဤသည်က ရွှမ်ဝူနယ်စားစံအိမ်အောက်ရှိ ငါးကြီးဆီ၊ ယမ်းမှုန့်နှင့် တခြားဆီကီလိုဂရမ် သိန်းပေါင်းများစွာကို ဖောက်ခွဲရန် အချက်ပြခြင်းပင်။
“လာပြီ။ လာပြီ။”
ကျိုးကျောင်းရန်က စိတ်လှုပ်ရှားလွန်းသောကြောင့် တုန်ယင်နေ၏။ သူမက သူမ ညွှန်ကြားထားသည့် ပြပွဲကို စတင် ကြည့်ရှုရပေတော့မည်။ ရွှမ်ဝူနယ်စား စံအိမ်တော်ကို ဖျက်ဆီးပစ်ရမည်။ ခွေးတပ်တော်ကို ချေမှုန်းပစ်ရမည်။
“ငိုကြည့်လိုက်စမ်း ရှမ့်လန်... ငါ ကျိုးကျောင်းရန်က နင့်ကို ဘာမှ မပိုင်စေရဘူး။”
“ဘုန်း.. ဘုန်း...”
ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပွား၏။ မိုးနှင့်မြေပြင် တုန်ခါနေ၏။ သို့သော်ငြား ထိုအရာက ရွှမ်ဝူနယ်စားအိမ်တော်၌ မဟုတ်ဘဲ ကျိုးမိသားစုရဲ့ မြင်းတန်းပင်။
နောက်တစ်စက္ကန့်အတွင်း ရှမ့်လန်၏ မိခင်က ရုတ်တရက် လျှို့ဝှက်စွာ ပြုံးလိုက်၏။ သူမက မျက်နှာပေါ်ရှိ အရေပြားကို ဆွဲခွာလိုက်ပြီး လှပသည့် မျက်နှာတစ်ခု ပေါ်လာ၏။ သူမက ရှမ့်လန်၏ မွေးစားမိခင်မဟုတ်ဘဲ နတ်မိမယ် ရွှယ်ရင် ဖြစ်နေ၏။
ပြီးနောက် ပုံရိပ်တစ်ခုက ပျံသန်းလာ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ချောင်ယောင်းအာက ရှမ့်လန်ကို သယ်ဆောင်ကာ ပုံရိပ်နှစ်ခု ရောက်ရှိလာခဲ့ခြင်းပင်။
မကြာခင် ရှမ့်လန်က တောင်ထိပ်သို့ ရောက်လာ၏။ ကျိုးကျောင်းရန် ကို ကြည့်ကာ ပြောလိုက်၏။
“ဟား ဟား ဟား... သခင်မလေး ကျိုးကျောင်းရန်... နေကောင်းကျန်းမာပါရဲ့လား။ လာ... လာ... မျက်လုံးကို ပြူးပြီး ခင်ဗျားရဲ့ ကျိုးမိသားစုကို ကျုပ် ဘယ်လိုသတ်မလဲဆိုတာ ကောင်းကောင်း ကြည့်ထား။ လာလေ... လာ .. လာ ... တုန်မနေနဲ့။ ဘောင်းဘီထဲလည်း သေးပေါက်မချနဲ့။ ဒီအချိန်မှာ ကျိုးမိသားစုက လုံးဝ ပျက်သုဉ်းသွားခဲ့ပြီ။ သေချာ ကြည့်ထား။”
“ရွှပ်... ရွှပ်... ရွှပ်...”
တောင်ခြေရင်းမှာတော့ စစ်သည်တစ်စုက ဓားများကို မြှောက်၍ ကျိုးမိသားစုဝင်များ၏ ဦးခေါင်းများကို ဖြတ်နေသည်။
“ဒါ ခင်ဗျားရဲ့ မောင်လေး အန့်တင်းမြို့စား ကျိုးရီရှင်း ဆိုတာမလား။ အင်း.. ဒီတော့ လွယ်လွယ်ကူကူ ခေါင်းဖြတ်လို့ မဖြစ်သေးပါဘူး။ သူ့ကို ဆွဲဖြဲပစ်လိုက်ကြစမ်း။”
ဤအချိန်မှာတော့ ကျိုးကျောင်းရန်က သတိပြန်ဝင်လာခဲ့၏။ သူမ၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ယင်နေခဲ့ပြီး မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်ပေ။ မြေကြီးပေါ်သို့ လဲကျသွားတော့မည့်ဟုပင် ခံစားနေရ၏။ အရာအားလုံး ဖြစ်ပျက်သွားခဲ့သည်က မြန်ဆန်လွန်းလှ၏။
အဘယ်သို့ ဖြစ်သွားရသနည်း။ ရွှမ်ဝူနယ်စားစံအိမ်၌ ယမ်းမှုန့်၊ ငါးကြီးဆီနှင့် ဆီအများအပြားကို မြှုပ်နှံထား၏။ အဘယ်ကြောင့် ထိုအရာများက ပေါက်ကွဲမှု မဖြစ်ခဲ့ရသနည်း။ အဘယ်ကြောင့် ရှမ့်လန်၏ မွေးစားမိခင်က ရုတ်တရက် ရွှယ်ရင် ဖြစ်သွားရသနည်း။
ခဏအကြာမှာတော့ ရင်းနှီးနေသည့် မျက်နှာတစ်ခုက ကျိုးကျောင်းရန်၏ ရှေ့မှောက်တွင် ပေါ်လာ၏။ သူမ အမြဲတမ်း ယုံကြည်ခဲ့ရသည့် တာအိုပညာရှင်ရွှီပင် ဖြစ်၏။ သူက ရှမ့်လန်ထံသို့ လျှောက်သွားပြီး ဒူးတစ်ဖက်ထောက်ကာဖြင့် မျက်ရည်များကျကာ ပြော၏။ “ဒီ အစေခံဟောင်းကြီး ရွှီဖန်က အရှင့်ကို ဂါရဝပြုပါတယ်။”
ကျိုးကျောင်းရန်က မယုံကြည်နိုင်သလိုပင်။ “ရှင်... ရှင် ဘယ်သူလဲ။ ရှင့်နောက်ကြောင်းကို ကျွန်မ သေချာစစ်ဆေးပြီးသား။ ရှင်က လန်ရှန်တာအိုနန်းတော်က စွန့်ပစ်ခံရတဲ့ တပည့်တစ်ယောက်။ ရှင့်ရဲ့ အထောက်အထား မှာ ဘာပြဿနာမှ မရှိဘူး။ ရှင်က ရှမ့်လန်ရဲ့ မှန်နက်ဌာနက မဟုတ်နိုင်ဘူး။”
ရွှီဖန်က ပြော၏။ “ဟုတ်တယ်။ ကျုပ်က လန်ရှန်တာအိုနန်းတော်က စွန့်ပယ်ခံတဲ့ တပည့်တစ်ယောက်ပဲ။ ဒါပေမဲ့ ကျုပ်က နာကျည်းမှုနဲ့ အရူးလန်တို့လိုပဲ။ အရှင်မင်းကြီး ကျန်းလီရဲ့ လက်အောက်က မိဘမဲ့ တစ်ယောက်လည်း ဖြစ်တယ်။”
ကျိုးကျောင်းရန်က ပြောသည်။ “မဟုတ်ဘူး။ ရှင့်ဆီမှာ ထူးခြားတဲ့ သွေးမျိုးဆက် လက္ခဏာမျိုး ဘာမှမရှိဘူး။”
ရွှီဖန်က ပြော၏။ “အရှင်မင်းကြီးကျန်းလီရဲ့ ပါရမီရှင် တချို့မှာပဲ ဒီလိုထူးခြားတဲ့ သွေးမျိုးဆက်တွေ ရှိတာ။ ကျန်တဲ့လူတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ် အမျိုးမျိုးကို သုတေသနပြုဖို့ စိတ်အားထက်သန် လူတွေဖြစ်တယ်။ ခင်ဗျားတို့လိုလူတွေက ထူးခြားတဲ့ သွေးမျိုးဆက် ရှိတဲ့သူတွေကိုပဲ အာရုံစိုက်ကြတာ။ တကယ်တော့ အရှင်မင်းကြီးရဲ့ ကျောင်းမှာ ကျောင်းသားအများစုက သာမန်သွေးမျိုးဆက်တွေပဲ။
ကျုပ်တို့က တောင်ပေါ်မှာ မိဘတွေနဲ့အတူ နေထိုင်ပြီး ပညာရပ်မျိုးစုံကို လေ့လာခဲ့ရတယ်။ ပျော်ရွှင်လွတ်လပ်တဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့ ကောင်းကင်ကြီးက ပြိုကျပြီး မြေပြင်ကြီး ကွဲအက်သွားခဲ့တဲ့ အချိန်ကို ရောက်တဲ့အထိပေါ့။
အဲဒီအချိန်မှာ ကျုပ်တို့အားလုံးက အရာရာကို ဆုံးရှုံးခဲ့ရတယ်။ စစ်ဘေးဒုက္ခသည်နဲ့ မိဘမဲ့တွေ ဖြစ်ခဲ့ရတယ်။ အရူးလန်က အဲဒီတုန်းက ဆယ်နှစ်သားပဲ ရှိသေးတယ်။ ကျုပ်က နည်းနည်းပိုပြီး အသက်ကြီးတယ်။ ဒါပေမဲ့ ကျုပ်က ငယ်ငယ်တည်းက တစ်ကိုယ်တည်း နေတဲ့သူ တစ်ယောက်ပါပဲ။”
ရွှီဖန်က မျက်ရည်များကို သုတ်ကာဖြင့် တုန်ယင်စွာ ပြောသည်။ “ကျုပ်ရဲ့အဖေ၊ အမေ၊ ညီမလေးတို့ကို ဟိုခွေးကောင် ရင်ကွမ်း ကွပ်မျက်လိုက်တဲ့နေ့ကို ကျုပ်ဘယ်တော့မှ မမေ့ဘူး။ အဲဒီအချိန်ကစပြီး လက်စားချေဖို့ ကျိန်ဆိုခဲ့တယ်။ ကျုပ်က သိုင်းပညာမှာ မတော်ပေမဲ့ အဂ္ဂိရတ်ပညာကိုတော့ နည်းနည်းသိတယ်။
ဒါကြောင့် လန်ရှန်တာအိုနန်းတော်ကို သွားခဲ့တယ်။ အဂ္ဂိရတ်စမ်းသပ်မှု လုပ်ရင် အဆောက်အဦ နှစ်ခုကို ဖောက်ခွဲမိလို့ အထုတ်ခံရတယ်။ အဲဒီနောက်မှာ လောကအနှံ့ကို လှည့်လည်သွားလာပြီး ရင်ကွမ်းနဲ့ သူ့ရဲ့သားကို အဂ္ဂိရတ်ပညာနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့တယ်။
နောက်ဆုံး အရှင်ရှမ့်လန် ပေါ်လာချိန်မှာတော့ ကျုပ်ရဲ့လောကကြီးက လင်းလက်သွားခဲ့ပြီ။ ကျုပ် အရူးလန်၊ နာကျည်းမှုနဲ့ မင်းသားကျင်းတို့ နောက်ကို လိုက်ပြီး သဲကန္တာရလူရိုင်းမျိုးနွယ်ဆီကို သွားလို့ရပေမဲ့ မသွားခဲ့ဘူး။ ကျုပ် ဒီမှာပဲ နေဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ခင်ဗျား ... ခင်ဗျား ကျိုးကျောင်းရန်ကို ကျုပ် ရွေးချယ်ခဲ့တာပဲ။”
လက်တွေ့တွင်တော့ ရွှီဖန် ကဲ့သို့သော လူအများအပြား ရှိ၏။ ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် တချိန်က ကျန်းလီ၏ လက်အောက်မှ စစ်ဘေးဒုက္ခသည် မိဘမဲ့များက တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့၏။ သို့သော်ငြား လူအများ မရောက်လာမီ ရှမ့်လန်က ပင်လယ်ပြင်သို့ ထွက်ခွာသွားခဲ့၏။ ဤလူများထဲမှ တချို့က ဖမ်းဆီးခံခဲ့ရသော်လည်း အများစုက ပုန်းအောင်းရန် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့၏။
ကျိုးကျောင်းရန်က တုန်ယင်စွာ ပြောသည်။ “ဒါပေမဲ့... ဒါပေမဲ့ ရှင်က။”
ရွှီဖန်က ပြော၏။ “ကျုပ် ခင်ဗျားကို စွဲလမ်းသလို ဟန်ဆောင်ခဲ့တယ်။ ပြီးတော့ ခင်ဗျားရဲ့ရောဂါကို သုံးကြိမ်တောင် ကုသပေးခဲ့သေးတယ် ဟုတ်တယ်မလား။”
ကျိုးကျောင်းရန်က သံသယများသော လူတစ်ယောက်ဖြစ်၏။ မည်သူ့ကိုမှ ယုံကြည်ခြင်းမရှိချေ။ ရွှီဖန်က နည်းပညာကို ပေးမည်ဆိုလျှင်တောင် သူမ၏ ယုံကြည်မှုကို ရနိုင်လိမ့်မည် မဟုတ်ချေ။ တကယ်တမ်း ဆိုလျှင် သူမက နှုတ်ပိတ်ရန် သူ့ကို သတ်ချင်သတ်ပစ်နိုင်၏။
ကျိုးကျောင်းရန်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းက ရွှီဖန်က သူမကို ကုသပေးခဲ့ပြီး သူမ၏အသက်ကို ကယ်တင်ပေးခဲ့ခြင်း ကြောင့်ပင်။ သူမ၌ ထုတ်မပြောနိုင်သည့် တခြားရောဂါ တစ်ခုက ရှိနေသေးသည်။
“ရှင် ကျွန်မကို သတ်ဖို့ မခက်ပါဘူး။ ဘာလို့ မသတ်ခဲ့ရတာလဲ။” ကျိုးကျောင်းရန်က အက်ကွဲစွာဖြင့် မေးမြန်း လိုက်၏။
ရွှီဖန်က ဖြေသည်။ “ခင်ဗျား သေသွားရင် ရွှမ်ဝူနယ်စားစံအိမ်က တခြားလူတစ်ယောက် လက်ထဲကို ရောက်သွားမှာပေါ့။ ဒါကြောင့် အရှင်ရှမ့်လန် ပြန်မလာခင်အထိ ခင်ဗျားသေလို့ မဖြစ်သေးဘူး။”
ဤအချိန်မှာတော့ အန့်တင်းမြို့စားကြီး ကျိုးရီရှင်းက ကြိုးတုတ်ခံထားရပြီး ခြေလက်နှင့် လည်ပင်းများကို ကြိုးများဖြင့် ချည်နှောင်ထား၏။
ကျိုးကျောင်းရန်က တစ်ကိုယ်လုံး တုန်ယင်နေ၏။ ဤသည်က သူမ၏မောင်၊ ကျိုးမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူပင်။ စစ်မြင်းငါးကောင်က ဖြည်းညှင်းစွာ လမ်းလျှောက်သွား၏။ ကျိုးရီရှင်း၏ ခန္ဓာကိုယ်က လေထဲတွင် တည့်မတ်စွာ ဆွဲတင်ခံထားရသည်။
“အား... အား.. အစ်မ၊ အစ်မ ကယ်ပါအုံး။ ကယ်ပါအုံး အစ်မ..”
ဤလူငယ် အန့်တင်းမြို့စားက ကြောက်လန့်လွန်းသောကြောင့် ဘောင်းဘီထဲတွင် သေးပေါက်ချ၏။ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေ၏။
ကျိုးကျောင်းရန်က ပြောသည်။ “ရှမ့်လန်... ရှင် ကျိုးမိသားစုကို ဒီလိုဆက်ဆံဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ အစတည်းက ကျွန်မတို့မှာ ရန်ငြိုးမရှိခဲ့ဘူး။ ရှင့်အဖေရဲ့ ယုတ်မာမှုကြောင့်သာ ကျွန်မတို့အိမ်က ဒုက္ခရောက် ခဲ့ရတာပဲ။ ကျွန်မ လုပ်ခဲ့တာ ဘာမှားတာရှိလဲ။ ရှင့်ကို ဖော်ထုတ်ခဲ့တာ မှားလို့လား။”
ရှမ့်လန်က ပခုံးတွန့်လိုက်၏။ “သခင်မလေးကျိုး... ကလေးတွေကပဲ အမှန်အမှား ပြောကြတာပါ။ ခင်ဗျား မှန်ပါတယ်။ ခင်ဗျား မှန်ပါတယ် ဟုတ်ပြီလား။ ကျုပ်အတွက်ကတော့ အမှန်တွေ၊ အမှားတွေ မလိုဘူး။”
ပြီးနောက် သူက လက်ကို ဝှေ့ယမ်းသည်။
စစ်မြင်းငါးကောင်က ဒုန်းစိုင်းပြေးထွက်သွား၏။ အန့်တင်းမြို့စား ကျိုးရီရှင်း၏ ခန္ဓာကိုယ်က ချက်ချင်း ဆွဲဖြဲခံလိုက်ရ၏။
ကျိုးကျောင်းရန်က ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်တွင် ထိုင်ချ၏။ နိဗ္ဗာနတပ်သားများ က မျက်နှာသေဖြင့် ဓားများကို မြှောက်ပြီး ကျိုးမိသားစုဝင်အားလုံးကို အချိန်တိုအတွင်း သတ်ဖြတ်လိုက်ကြသည်။
ရှမ့်လန်က ပြုံးလိုက်၏။ “သခင်မလေးကျိုး.. အခု ခင်ဗျားတစ်ယောက်ပဲ ကျန်တော့တယ်။ မိသားစုတစ်ခုလုံး အတွက် အရေးကြီးဆုံးက အစဉ်လိုက်ဖြစ်ဖို့ပဲ။ ခင်ဗျားကို နောက်ဆုံးခရီး လိုက်ပို့ပေးရအုံးမှာလား။”
ကျိုးကျောင်းရန်၏ မျက်နှာက ရှုံ့မဲ့သွား၏။ မျက်ရည်နှင့် နှပ်ချေးများပင် ကျလာ၏။ သူမက ရှိသမျှ ခွန်အားကို သုံးပြီး ဒူးထောက်သည်။ “ရှမ့်လန်.. အနိုင်ရတဲ့သူက ဘုရင်၊ ရှုံးတဲ့လူက သူခိုးပါပဲ။ ကျွန်မ အသက်ရှင်လို့ ရနိုင်မလား။ ဘယ်လောက်ပဲ အရှက်ခွဲခံရပါစေ အသက်ရှင်လို့ ရနိုင်မလား။”
ကျိုးကျောင်းရန်က ရှိုက်ကြီးတငင် ငိုကျွေးနေ၏။ “လူတစ်ထောင်က ကျွန်မကို လုပ်ချင်တိုင်း လုပ်မယ် ဆိုရင်တောင်၊ ဒါမှမဟုတ် ကျွန်မ ရှင့်ကို နည်းလမ်းပေါင်းစုံနဲ့ ပျော်တော်ဆက်ရမယ် ဆိုရင်တောင်မှ အသက်ရှင်ခွင့်ရရင် ကျေနပ်ပါပြီ။”
ရှမ့်လန်က မျက်လုံးကို မှိတ်၏။ ဤအမျိုးသမီးအကြောင်းကို ပြန်လည်ကာ စဉ်းစားလိုက်၏။ သူမက သဘာဝ အတိုင်း ယုတ်မာသော အမျိုးသမီးဖြစ်ပြီး ကျုံးရှစ်ရှစ်နှင့် ကွဲပြား၏။ ကျုံးရှစ်ရှစ်က မာနကြီးပြီး ဗိုလ်ကျတတ်သော်လည်း သူမကဲ့သို့ အဆိပ်ပြင်းသည့် မြွေတစ်ကောင်မျိုး မဟုတ်ပေ။ သို့သော်ငြား သူ၏ရှေ့မှ ဤကျိုးကျောင်းရန် ကတော့ ခန္ဓာကိုယ်ထဲမှာ အဆိပ်များ စီးဆင်းနေသကဲ့သို့ပင်။
မူလက ရှမ့်ယီကို မွေးဖွားပြီးနောက် အသက်စွမ်းအား တနေ့တခြား ယုတ်လျော့နေသည့် အချိန်မျိုးတွင် ဤကျိုးကျောင်းရန် သူ့ကို ခြိမ်းခြောက်ခဲ့သည့်အရာအား ရှမ့်လန် ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ။ ချောင်ဟောင် က သူ၏ရန်သူစာရင်းထဲတွင် မပါဝင်သော်လည်း ကျိုးကျောင်းရန်ကတော့ ပါသည်။
xxx
အပိုင်း (၉၃၆)
“သူ့ရဲ့ သွေးကြောတွေကို ဖြတ်လိုက်။” ရှမ့်လန်က ပြော၏။
ရွှီဖန်က ချက်ချင်း ကျိုးကျောင်းရန်၏ ခြေလက်ရှိ သွေးကြောများကို ဖြတ်တောက်သည်။
ရှမ့်လန်က ကြိုးတစ်ချောင်း ကို ထုတ်ယူပြီး ကျိုးကျောင်းရန်၏ လည်ပင်းကို ရစ်ပတ်၏။
“ရှမ့်လန်... ရှင် ဘာလုပ်တာလဲ။ ဒါ ရှင် ဘာလုပ်တာလဲ။ ကျွန်မကို မသတ်ပါနဲ့။ ကျွန်မ ကျွန်ခံပါ့မယ်။ အစေခံ လုပ်ပါ့မယ်။ ဝက်လိုနေဆိုလည်း နေပါ့မယ်။” ကျိုးကျောင်းရန်က ကြောက်လန့်တကြားနှင့် အော်ဟစ်လို့ နေသည်။
ရှမ့်လန်က သူ၏ မြင့်မားလွန်းလှသော အမေဇုန်စစ်မြင်းကြီးပေါ်သို့ တက်ပြီး အမိန့်ပေး၏။
“စံအိမ်ကို ပြန်ကြမယ်။” ပြီးနောက် သူက မြင်းကို ဒုန်းစိုင်းစီး၏။ ကျိုးကျောင်းရန်၏ နူးညံ့သည့် ခန္ဓာကိုယ်က အော်ဟစ်ရင်း မြေကြီးပေါ်တွင် တရွတ်တိုက်ပါလာတော့သည်။
.......................
တစ်နာရီ ကြာပြီးနောက် ရှမ့်လန်က ရွှမ်ဝူနယ်စားစံအိမ်သို့ ပြန်ရောက်၏။ ကျိုးကျောင်းရန် မရှိတော့ချေ။ သူမက မည်သည့်နေရာတွင် သေဆုံးခဲ့သည်ကိုပင် မသိချေ။ ကျင်းကျိုး၊ စုဖေ့ဖေ့၊ ကျင်းမူကုန်းနှင့် အခြားသော သူများအားလုံးက စံအိမ်ထဲသို့ ဝင်ရောက်ကြပြီး ခြံဝန်းတိုင်းနှင့် အခန်းတိုင်းကို ပျော်ရွှင်စွာဖြင့် လိုက်လံ စစ်ဆေး၏။
နှစ်နှစ်ကျော် ကြာခဲ့၏။ နောက်ဆုံးမှာတော့ သူက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ။ သူတို့က စံအိမ်ထဲသို့ ပြန်လည် ရောက်ရှိခဲ့၏။ ရှမ့်လန်က သူ၏ ကိုယ်ပိုင်ခြံဝန်းထဲသို့ ဝင်၏။ ပင်းအာက လူဒါဇင်အနည်းငယ်ကို ဦးဆောင်ပြီး ရှင်းလင်းရေး လုပ်နေ၏။ သူမက အတွင်း၌ ကလေးများနှင့် ဆော့ကစားလို့ နေသည်။
ထွက်ခွာခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရှမ့်လန်က ဤနေရာ၌ မူလန်၏ ရနံ့ကို ရနေဆဲပင်။ သူက လက်လှမ်းပြီး စားပွဲ၊ ကုလားထိုင်နှင့် သူ့ရန်သူများ၏ နာမည်ကို ရေးသားထားသည့် နံရံကို ထိတွေ့၏။ သူ့တွင် ရန်သူများလွန်းနေပြီဖြစ်၍ နံရံပေါ်တွင် အကုန်ရေးရန် မဖြစ်နိုင်တော့ချေ။ တချို့သော နာမည်များကို ရေးသင့်၊ မရေးသင့်ပင် သူ မသိတော့ပေ။
သူတွင် ကြီးမားသည့် ရန်သူဟူ၍ မရှိတော့လည်း ရွံရှာဖွယ် ကောင်းလွန်းသည့် ရန်သူများ ရှိနေ၏။ ဥပမာအားဖြင့် အိမ်ရှေ့စံမင်းသားဟောင်း နင်ယီ ကဲ့သို့သူပင်။ ထိုသို့သောသူ၏ နာမည်ကို မည်သည့် နံရံပေါ်တွင် ရေးသင့်သနည်း။ အချိန်အတော်ကြာပြီးနောက် နာမည်သုံးခုကို ရေး၏။ ကျူးမိသားစု၊ နင်ဟန်၊ ကောင်းကင်ပင်လယ် နန်းဆောင်။
ဤသည်က ရွှဲ့ပြည်နယ်တွင် သူ၏ အကြီးမားဆုံးသော ရန်သူသုံးဦးပင်။ ရှမ့်လန် ထိုသူတို့ကို မသတ်ရလျှင်ပင် ထိုသူတို့က ရှမ့်လန်ကို လာသတ်ကြမှာ သေချာ၏။ သေချာပေါက် ဤလူသုံးဦးထက် ပိုမို၍ အန္တရာယ် ကြီးမားသည့် ရန်သူများ ရှိသေး၏။ ရင်ကွမ်းနှင့် သူ၏သား၊ ထို့အပြင် တော်ဝင်ရန်အင်ပါယာ ဧကရာဇ်တို့ပင်။ သို့သော်ငြား သူက လက်စားချေမှုကို တစ်ခုချင်းစီ လုပ်ဆောင်ရပေမည်။
ရွှဲ့ပြည်နယ်ကို ဦးစွာ ဖြေရှင်းရမည်။ ပြီးနောက် ချန်နိုင်ငံအသစ်၊ ပြီးနောက် တော်ဝင်ရန်အင်ပါယာ၊ အထူးသဖြင့် ရင်ကွမ်းနှင့် သူ၏သားပင်။ ရှမ့်လန်အပေါ်ထားသော ထိုသူတို့၏ မုန်းတီးမှုက သမုဒ္ဒရာလောက် နက်ရှိုင်း၏။
ဧကရာဇ်ကျန်းလီ က ထိုသူတို့ကို အထင်ကြီး လေးစားခဲ့၏။ ရင်ကွမ်းက သူ့အဖေ၏ သွေးသောက်ညီအစ်ကိုဖြစ်ပြီး အရင်း မဟုတ်သော်လည်း သူ့အဖေက ထိုသူ့ကို တရင်းတနှီး ဆက်ဆံခဲ့၏။ မင်းကြီးဘွဲ့ကိုပင် ပေးအပ်ခဲ့၏။ ဧကရာဇ်ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးဖြစ်သည်။ ရင်ဝူမင်သည် ကျန်းလီကို အဖေဟု ခေါ်ဝေါ်ခဲ့ပြီး လက်တွေ့အားဖြင့် ကျန်းလီ၏ တစ်ဦးတည်းသော တပည့်ရင်းလည်း ဖြစ်ခဲ့၏။
နောက်ဆုံး ကျန်းလီ သေဆုံးခဲ့ပြီးနောက် သူတို့နှစ်ဦးက ကျန်းမျိုးဆက်ကို တိုက်ရိုက် သစ္စာဖောက်၏။ ကျန်းမင်းဆက် တစ်ခုလုံးကို ပြောင်စင်အောင် သုတ်သင်ခဲ့၏။ ထိုမျှမကသေးချေ၊ ထိုအချိန်က ကျန်းလီ ပြုစု ပျိုးထောင်ပေးခဲ့သည့် မရေတွက်နိုင်သည့် ပါရမီရှင်အားလုံးကလည်း ဤသားအဖနှစ်ယောက်၏ သတ်ဖြတ်မှုအောက်တွင် သေဆုံးခဲ့ရသည်။
..........
ဤအချိန်မှာတော့ အမျိုးသမီးတစ်ဦးက ရှမ့်လန်၏ ရှေ့၌ ရပ်နေ၏။ မျက်နှာထားက အေးစက်နေ၏။ “ဟွန့်..။”
ရှမ့်လန်က ပြောသည်။ “ချင်းချင်း... မင်းပိန်သွားတာပဲ။ ကံကောင်းလို့ မင်းရဲ့ ခန္ဓာကိုယ် အကောက်အကွေးလေး တွေက ရှိနေသေးတယ်။ မင်းရဲ့ မေးစေ့က ပိုချွန်လာတယ်။ ပြီးတော့ လှလာတယ်။ ငါတို့က တစ်ချိန်တုန်းက လင်မယားတွေ ဖြစ်ခဲ့ဖူးတယ်။ ဒီလောက်ထိ အေးစက်နေစရာ မလိုပါဘူး။”
ရှမ့်လန်က သူမ အနားသို့ တိုးကပ်သွားပြီး ကြည့်တော့ မျက်နှာပေါ်တွင် မှေးမှိန်သည့် ဒဏ်ရာတစ်ခုကို မြင်လိုက်ရ၏။ သူက မေး၏။ “ကျူးဝမ်ဟွာ လုပ်တာလား။”
“မဟုတ်ဘူး ကျွန်မဘာသာ လုပ်တာ။” ရှစ်ချင်းချင်းက ဖြေသည်။
“ကိစ္စမရှိဘူး။ ဒဏ်ရာက သိမ်တော့ အမာရွတ်ကျန်မှာ မဟုတ်ပါဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ဒီတော့ ဘာလုပ်ဖို့ စဉ်းစားထားလဲ။”
ရှစ်ချင်းချင်းက ပြောသည်။ “ရှမ့်လန်... ရှင်က ကျွန်မအတွက်တော့ တကယ့်ကို ဂြိုဟ်ဆိုးပဲ။”
ရှမ့်လန်က ပြော၏။ “ဘယ်သူက ငါတို့ကို ရေစက်ပါခိုင်းလို့လဲ။ ကံဆိုးတဲ့ ဆက်ဆံရေးကလည်း ရေစက်ပဲလေ။ မင်းပြန်လာပြီးတော့ ရှစ်မိသားစု ပိုးထည်လုပ်ငန်းကို ပြန်လည် ထူထောင်ချင်သေးတာလား။”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ နှစ်ကြိမ်တောင် လုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာမှမရဘဲ ပြီးဆုံးသွားခဲ့ရတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “မင်းရဲ့ လုပ်ငန်း၊ အလုပ်ရုံနဲ့ ပိုးစာပင်တွေကို ငါပြန်ပြီး ပေးနိုင်တယ်။”
ရှစ်ချင်းချင်းက ပြောသည်။ “တော်ဝင်ရန်အင်ပါယာက ထပ်ပြီး ကျူးကျော်လာရင် ဘယ်လိုလုပ်မလဲ။”
ရှမ့်လန်က ပခုံးတွန့်ကာ ဖြေ၏။ “ဒါဆိုရင်တော့ ငါလည်း မတတ်နိုင်ဘူး။”
ရှစ်ချင်းချင်းက ပြောသည်။ “ကျွန်မ အနည်းဆုံးတော့ နားလည်သွားပြီ။ မငြိမ်မသက်မှုတွေ မပြီးခင်မှာ မိသားစု စီးပွားရေးကို လုပ်တာက ဆုံးရှုံးမှု ကိစ္စရပ်ပဲ။ ကျွန်မမှာ အခြားရွေးချယ်စရာ မရှိဘူး။ လူတိုင်းရဲ့ မျက်လုံးထဲမှာ ကျွန်မက ရှမ့်လန်ရဲ့ နောက်လိုက်ပဲ။ ဒီလိုဆိုမှတော့ ကျွန်မ ဆက်ပြီးတော့ ငြင်းပယ် မနေတော့ဘူး။ အရှင်ရှမ့်လန်... ဒီနေ့က စပြီး ကျွန်မက ရှင်ပိုင်တဲ့လူ ဖြစ်သွားပါပြီ။”
“တကယ်လား။”
ရှမ့်လန်က မေး၏။ “ဒါဆိုရင် မင်းငါနဲ့ အိပ်မှာလား။”
“မဟုတ်ပါဘူး။”
ရှစ်ချင်းချင်းက ပြော၏။ “ကျွန်မ ရှင့်အတွက် အလုပ် လုပ်ပေးမယ်။ ကျွန်မ ရှင်နဲ့ မအိပ်ဘူး။ ကျွန်မ ခန္ဓာကိုယ်ကို မရောင်းဘူး။”
“ကောင်းပြီ ကောင်းပြီ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ငါ အများကြီး ပိုပြီး စိတ်ချရပြီ။ တော်သေးတာပေါ့”
ရှစ်ချင်းချင်းက သည်းမခံနိုင်တော့ပေ။ သူမက ရှမ့်လန်၏ ခြေထောက်ကို တက်နင်း၏။
“မင်းက ပိုးထည်လုပ်ငန်းမှာ အကျွမ်းကျင်ဆုံးပဲ။ နောက်တစ်ဆင့်အနေနဲ့ ပိုးထည်ကုန်သွယ်မှုကို တာဝန်ယူရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာလိမ့်မယ်။”
ရှမ့်လန်က ပြောသည်။ “မင်းက ပိုးချည်တွေ ငင်တာ၊ ရက်လုပ်တာနဲ့ ကုန်သွယ်မှုတွေကို တာဝန်ယူရမယ်။”
“ဘာရာထူးလဲ။” ရှစ်ချင်းချင်းက မေး၏။
ရှမ့်လန်က ဖြေလိုက်သည်။ “ရက်ကန်းဌာနရဲ့ အရာရှိကြီးပေါ့။”
ရှစ်ချင်းချင်းက ပြော၏။ “ဒီလိုအချိန်မျိုးမှာ ရှင်နဲ့ ကုန်သွယ်မယ့်သူ ရှိလို့လား။”
ရှမ့်လန်က ပြောသည်။ “သူတို့ရဲ့ ပိုးထည် အရည်အသွေးက ငါတို့ထက် အများကြီး နိမ့်ကျတယ်။ သူတို့ရဲ့ ထုတ်လုပ်မှု က နည်းတယ်။ ဈေးနှုန်းက ငါတို့ထက် ငါးဆပိုများတယ်။ အမြတ်အစွန်းကလည်း ကြီးမားတယ်။”
............
“နေကောင်းရဲ့လား အစ်ကိုကြီး ကျူးဝမ်ဟွာ။”
ရှမ့်လန်က ပြုံးလိုက်၏။ “ဘာလို့ မပြေးရတာလဲ။ ကျုပ် ပြန်လာမယ်ဆိုတာ သိရက်သားနဲ့ ဘာလို့ မပြေးရတာလဲ။”
ကျူးဝမ်ဟွာက ခါးသီးစွာ ပြုံးသည်။ “ကျုပ် ပြေးချင်တယ်။ ဒါပေမဲ့ ကျိုးကျောင်းရန်က ရန်နန်းဖေး နိုင်နိုင်တယ် ပြောလို့ လောလောဆယ် မပြေးသေးတာ။ နုရှောင့်မြို့ ကျရှုံးသွားပြီဆိုတာ သိလိုက်တဲ့ အချိန်မှာတော့ ပြေးဖို့ နောက်ကျသွားခဲ့ရပြီ။”
ရှမ့်လန်က ပြော၏။ “ဘာလို့ အသနား မခံရတာလဲ။”
ကျူးဝမ်ဟွာက ပြောသည်။ “အသနားခံနေလို့ ဘာထူးမှာလဲ။ ခင်ဗျားက ဘာပဲဖြစ်ဖြစ် ကျုပ်ကို လွှတ်ပေးမှာ မဟုတ်ဘူးလေ။”
ရှမ့်လန်က ပြောလိုက်၏။ “အသနားမခံရင်လည်း ဘာလို့ ကျုပ်ကို မဆဲရတာလဲ။”
ကျူးဝမ်ဟွာက ပြောသည်။ “ကျုပ် မလုပ်ရဲဘူး။ ပြီးတော့ ယုံကြည်မှုလည်း မရှိဘူး။ ကျုပ်က အခု ပုရွက်ဆိတ်လေး တစ်ကောင်ပဲ။ ခင်ဗျားရဲ့ရန်သူဖြစ်ဖို့ မထိုက်တန်ဘူး။ ကျုပ်မှာ ခင်ဗျားကို ဆဲဖို့ အရည်အသွေးတောင် မပြည့်မီပါဘူး။”
ရှမ့်လန်က ပြော၏။ “ကျူးဝမ်ဟွာ... ကျုပ် ခင်ဗျားကို လုံးဝ မမုန်းဘူး။ ခင်ဗျားက ကျုပ်ရဲ့ ရန်သူစာရင်း ထဲမှာတောင် မပါဘူး။ ကျုပ်ကို ဒေါသထွက်စေတဲ့ တစ်ခုတည်းသော အရာကတော့ ရှစ်ချင်းချင်းကို ခင်ဗျားနဲ့ လက်ထပ်ဖို့ အတင်းဖိအားပေးခဲ့တာပဲ။ သူ့ရဲ့ မျက်နှာကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့တဲ့ ကိစ္စပဲ။ သူ့ကို ကျုပ်မိန်းမလို့ သတ်မှတ်လို့ မရပေမဲ့ သူက ကျုပ်ရဲ့လူ ဖြစ်တယ်။”
ကျူးဝမ်ဟွာက လေသံပျော့နှင့် ဆိုသည်။ “ခင်ဗျား ကျုပ်ကို သတ်ချင်ရင် သဘောရှိ သတ်ပါ။ ရှမ့်လန်... ခင်ဗျား ယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ ကျုပ်ဂရုမစိုက်ဘူး။ လွန်ခဲ့တဲ့နှစ်နှစ် ကျုပ် ရွှမ်ဝူမြို့တော်ဝန် ဖြစ်နေတုန်းက တစ်နေ့ ခင်ဗျား ပြန်လာမယ်လို့ ကျုပ်နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း သိနေတယ်။
ခင်ဗျား သေသွားပြီလို့ ကျုပ်ပါးစပ်က အမြဲပြောနေပေမဲ့ ရင်ထဲမှာတော့ ခင်ဗျား ကျုပ်ကို သတ်ဖို့ သေချာပေါက် ပြန်လာလိမ့်မယ်လို့ ခံစားနေရတယ်။ အဲဒီ သောကျိုးနည်း အာရုံခံစားမှု။ ခင်ဗျားကို နားအလည်ဆုံးလူက သေချာပေါက် ခင်ဗျားရဲ့ ရန်သူတွေပဲ ဖြစ်လိမ့်မယ်။ ကျုပ်ကို ခင်ဗျားရဲ့ အဆိုးဆုံး ရန်သူလို့ သတ်မှတ်သင့်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ထျန်းဟန်က ခင်ဗျားထက် စောတယ်။ ဒါပေမဲ့ သူ သေသွားခဲ့ပြီ။ ပြီးတော့ မြို့တော်ဝန် လျှိုဝူယမ်... သူအခု ဘယ်ရောက်နေလဲ။”
ကျူးဝမ်ဟွာက ပြောသည်။ “ကံဆိုးစွာနဲ့ သူ့ရဲ့ မိသားစု တစ်ခုလုံး ထောင်ကျနေတယ်။”
ရှမ့်လန်က မင်သက်သွား၏။ “ဘာလို့လဲ။ သူနဲ့ ကျုပ်က ရန်သူတွေပဲလေ။ သူက ကျုပ်ရဲ့ ရန်သူစာရင်းထဲမှာ ပါလုနီးပါးပဲ။”
ကျူးဝမ်ဟွာက ပြောသည်။ “ခင်ဗျားရဲ့ အထောက်အထားတွေ ပေါ်လာတဲ့ အချိန်မှာ သူက သိပ်ကို အဆိုးမြင်ခဲ့တယ်။ ခင်ဗျား ပင်လယ်ရပ်ခြားကို ထွက်သွားတုန်းက သူက တစ်ခါတည်း ရာထူးကနေ နှုတ်ထွက်ခဲ့တယ်။ သူက သူပုန်ရှမ့်လန်ကို စာနာတယ်လို့ သတ်မှတ်ခံရတာကြောင့် သူ့ရဲ့ မိသားစု တစ်ခုလုံးကို ထောင်ချလိုက်တာပဲ။”
ရှမ့်လန်က ပြော၏။ “အင်း... ဒါက မထင်မှတ်ထားတဲ့ ဘေးဒုက္ခပဲ။”
ကျူးဝမ်ဟွာက ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီလောကကြီးထဲမှာ အကြောင်းပြချက်ဆိုတာ မရှိဘူး။ ကိုယ်ထင်ရာကို လုပ်နေကြတာပဲ။”
ရှမ့်လန်က ပြော၏။ “ကျူးဝမ်ဟွာ... ခင်ဗျား ကျုပ်ကို မုန်းလား။”
ကျူးဝမ်ဟွာက ပြောသည်။ “ကျုပ်.. ကျုပ်မှာ ခင်ဗျားကို မုန်းဖို့ အခွင့်အရေး ရှိသေးလို့လား။ ခင်ဗျားက မာယာမျဉ်းပြိုင်များကို ရေးပြီး ကျုပ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ရှမ့်လန် မဟုတ်တော့ဘူး။ ခင်ဗျားက...။ ထားလိုက်ပါတော့။”
“မဟုတ်ဘူး ကျူးဝမ်ဟွာ... ခင်ဗျား မှားနေပြီ။ ကျုပ်က အခုအရင်က ရှမ့်လန်ပါပဲ။”
ရှမ့်လန်က ပြော၏။ “ဘာကို အရှေ့တိုင်းရဲ့ ဧကရာဇ်လဲ။ ကျုပ် အဲဒါတွေကို ဂရုမစိုက်ဘူး။ ကျုပ်ဘဝရဲ့ ရည်မှန်းချက် က ဘယ်တော့မှ မပြောင်းလဲဘူး။ အဲဒါက လောကကြီးမှာ ရန်ငြိုးမရှိဖို့ပဲ။ ကျုပ်က မာယာမျဉ်းပြိုင်များကို ရေးခဲ့တဲ့လူနဲ့ အခုထိ ဘာမှမခြားနားဘူး။”
ကျူးဝမ်ဟွာက ပြောသည်။ “ဒါဆိုရင် ကျုပ် ခင်ဗျားကို အထင်မကြီးတော့ဘူး။ ခင်ဗျားက အားနည်းလွန်းတယ်။ တော်ဝင်ရန်အင်ပါယာ ရှေ့မှာ ခင်ဗျားက သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ။”
“ကောင်းပြီ။ စကားပြောတာ ရပ်လိုက်ကြရအောင်။”
ရှမ့်လန်က ပြော၏။ “ကျုပ်မှာ နာမည်ပြောင် တစ်ခုရှိတာ ခင်ဗျားသိလား။”
ကျူးဝမ်ဟွာက ခေါင်းခါယမ်းလိုက်၏။ အရှေ့လောကတွင် ရှမ့်လန်၏ နာမည်ပြောင်များက တကယ့်ကို ရှုပ်ထွေး၏။ တချို့သောသူများက မိန်းမထဘီနားခို ကပ်စားသူ၊ နတ်ဆိုးဉာဏ်ရှိသည့် ယောက်ျားဖာသည် စသဖြင့် ခေါ်ဆိုသည်။
“စိတ္တဇ ဂွေးဖြတ်သမား။”
ရှမ့်လန်က ပြောလိုက်၏။ “လူတွေ... သခင်လေး ကျူးဝမ်ဟွာကို ဖိထားပေးအုံး။”
စစ်သည်နှစ်ဦးက ရှေ့သို့ တက်လာပြီး ကျူးဝမ်ဟွာကို လုံးဝမလှုပ်နိုင်အောင် ဖိထားသည်။
“သည်းခံလိုက်အုံး။ ခဏလေးနဲ့ ပြီးသွားလိမ့်မယ်။ ကျုပ်ရဲ့ လက်ရာက အရမ်းကို သေသပ်နေပြီ။” ရှမ့်လန်က ပြောလိုက်၏။ ပြီးနောက် သူက လက်ထဲရှိ ဓားကောက်ကို ဝှေ့ယမ်း၏။
ဤလောကကြီးထဲတွင် မိန်းမဆိုးတစ်ယောက်က တိုးလာခဲ့၏။
“အား....” ကျူးဝမ်ဟွာက နာကျင်စွာ အော်ဟစ်၏။ ပြီးနောက် သူက မြေကြီးပေါ်သို့ လဲကျပြီး ခန္ဓာကိုယ် တစ်ခုလုံးက တဆက်ဆက်နှင့် တုန်ယင်နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကြီးကျူးဝမ်ဟွာ... ခင်ဗျား ကျုပ်လက်ချက်နဲ့ သင်းကွပ်ခံလိုက်ရပြီ။ အခု ကျုပ်ကို ဘာပြောချင်သေးလဲ။”
ကျူးဝမ်ဟွာ၏ မျက်နှာတွင် ချွေးစေးများနှင့် ဖုံးလွှမ်းနေ၏။ မျက်နှာတစ်ခုလုံးကလည်း ဖြူဖျော့နေ၏။ နာကျင်လွန်းသောကြောင့် မျက်နှာတစ်ခုလုံးက ရှုံ့မဲ့နေသည်။
“ခင်ဗျား... ခင်ဗျားရဲ့ မာယာမျဉ်းပြိုင်များ ဒုတိယတွဲက ဘယ်တော့ထွက်မှာလဲ။” ကျူးဝမ်ဟွာက တုန်ယင်နေသည့် အသံဖြင့် မေး၏။
ရှမ့်လန်က ပြောလိုက်သည်။ “... သခင်လေး ကျူးဝမ်ဟွာကို သွေးထွက်တာ ရပ်အောင် လုပ်ပေးလိုက်ကြ။”
သူက ကျူးဝမ်ဟွာကို သွေးတိတ်အောင် ကျွမ်းကျင်စွာ လုပ်ပေးပြီး ဒဏ်ရာကိုပင် ချုပ်ပေး၏။
“ကျူးဝမ်ဟွာ.... ဒီအချိန်ကစပြီး အတိတ်က ရန်ငြိုးတွေနဲ့ ကျေးဇူးတရားတွေ ပြီးဆုံးသွားခဲ့ပြီ။ နောက်တစ်ဆင့် ဘာလုပ်မလဲ ဆိုတာ ခင်ဗျားဘာသာ ဆုံးဖြတ်လို့ ရတယ်။”
ရှမ့်လန်က ပြောသည်။ “အခု ကျုပ် ခင်ဗျားကို ထျန်းရွှဲ့မြို့တော်ကို သွားပြီး စကားပါးစေချင်တယ်။”
ကျူးဝမ်ဟွာက ပြောလိုက်၏။ “ဘယ်သူ့ဆီကိုလဲ။”
ရှမ့်လန်က ပြော၏။ “အစ်ကိုကြီး ကျူးဝမ်ဟွာက တကယ့်ကို ဉာဏ်ကောင်းတယ်။ လူနှစ်ယောက်ဆီကို စကားပါးပေးဖို့ပါပဲ။ တစ်ယောက်ကတော့ အစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ် ကျူးဟုန်ကျူး၊ နောက်တစ်ယောက်က ဘုရင်နင်ရှောင်။”