အခန်း (၉၃၉-၉၄၀)
Vol. 56 Ch. 939-940
အပိုင်း (၉၃၉)
ဟီလာက ဆို၏။ “ဒီလျှို့ဝှက်စခန်းရဲ့ အရေးပါမှုက မြင့်တက်လာခဲ့ပြီ။ လျှို့ဝှက်သိုင်းပညာရှင်တွေကို မွေးထုတ်ပေးဖို့ မဟုတ်တော့ဘူး။ အဲဒီအစား ရှေးဟောင်းပစ္စည်းတွေကို ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပြီ။ ကျူးကလန်ရဲ့ ရည်မှန်းချက်က သိပ်ပြီးကြီးမားတယ်။ သူတို့က မြို့ပြအရာရှိ မိသားစုတစ်ခုအဖြစ် ကျေနပ် မနေနိုင်တော့ဘူး။”
ထိုအချိန်မှာတော့ အောက်ဘက်ရှိ လျှို့ဝှက်စခန်းဆီမှ လူများက ပိုမိုများပြားစွာ ထွက်ပေါ်လာပြီး နောက်ဆုံး မှာတော့ လူတစ်ထောင်ကျော်လာ၏။ ကောင်းကင်ပေါ် မီတာတစ်ထောင်ကျော်ဆီ ပစ်ခတ်နိုင်သည့် ဧရာမ ဒူးလေးကြီးများက စုစုပေါင်း ၁၀ ခုထိ တွန်းထုတ်လာခဲ့ပြီ ဖြစ်သည်။
“ရွှမ်း... ရွှမ်း...” လူပေါင်းများစွာတို့က တောက်ပသည့် မြားများကို တစ်ချိန်တည်း ပစ်ခတ်လိုက်ကြပြီး ကြီးမားလွန်းသည့် ဒူးလေးကြီးများမှ ပစ်ခတ်လိုက်သည့် ဧရာမမြားကြီးများက ကောင်းကင်ပေါ်၌ ဆက်တိုက် ပေါက်ကွဲနေ၏။
မင်းသမီးဒိုဟာက ပြောသည်။ “သူတို့ရဲ့ စစ်ရေးအင်အားက သိပ်ပြီး တောင့်တင်းတယ်။ ကျွန်မတို့ရဲ့ လက်ရှိ အင်အားနဲ့ အဲဒီလျှို့ဝှက်စခန်းကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့သင်္ဘောတွေတောင် အန္တရာယ် ရှိနိုင်တယ်။”
ဟီလာက ယုံပင် မယုံရဲ ဖြစ်နေ၏။ မူလက သိုင်းပညာရှင်များ မွေးထုတ်ပေးသည့် လျှို့ဝှက်စစ်စခန်း တစ်ခု။ လျှို့ဝှက်စခန်း တစ်ခုခုကို လာရောက်စုံစမ်းခဲ့ခြင်း ဖြစ်၏။ သူမ မထင်မှတ်ထားခဲ့သည်က ဤနေရာက တကယ့်ကို ရှေးဟောင်းအမွေအနှစ် အပျက်အစီးတစ်ခု ဖြစ်နေပြီး စွမ်းအားပြင်းထန်သည့် လျှို့ဝှက် လက်နက်များ ရှိနေခြင်းပင်။ ဤအရာက ကျူးကလန်၏ သေကွင်းသေကွက်ကို ထိုးနှက်လိုက်သလို ဖြစ်မည့် တည်နေရာမျိုးပင်။
“ဘာဆက်လုပ်ကြမလဲ။” မင်းသမီးဒိုဟာက မေး၏။
ဟီလာက ခဏမျှ တွေးတောပြီး ပြောလိုက်သည်။ “သေချာကြည့်။ သူတို့ ပစ်ခတ်လိုက်တဲ့ ဧရာမ ဒူးလေးကြီးတွေ မှာ ထူးခြားတဲ့ လက္ခဏာတွေ ဘာရှိလဲ။”
မင်းသမီးဒိုဟာက မှန်ပြောင်းကို ယူ၏။ ပြီးနောက် သေသေချာချာ ကြည့်ရှုလိုက်၏။ ကျူးကလန်၏ လျှို့ဝှက်စခန်းရှိ ဧရာမ ဒူးလေးကြီးအားလုံးက သတ်မှတ်ထားသည့် နေရာတစ်ခုတွင် တပ်ဆင်ထားခြင်း ဖြစ်ပြီး ရွှေ့ပြောင်း၍ မရကြောင်း တွေ့ရ၏။
ဟီလာက ဆိုသည်။ “ဒီလျှို့ဝှက်စခန်းကို ချက်ချင်း သိမ်းပိုက်မယ်။ ပြီးတော့ အဲဒီ ရှေးဟောင်းအပျက်အစီး တည်နေရာကို သိမ်းပိုက်မယ်။ ဒါက တစ်ဝက်တစ်ပျက် ဖော်ထုတ်ထားတဲ့ အခြေအနေမှာ ရှိတဲ့ ရှေးဟောင်း အပျက်အစီး တစ်ခု ဖြစ်မယ်။ ကျွန်မတို့ရဲ့ မဟာဗျူဟာကို အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။”
မင်းသမီးဒိုဟာက ပြော၏။ “သူတို့ရဲ့ စစ်ရေးအင်အားက သိပ်ပြီး တောင့်တင်းတယ်။ သိမ်းပိုက်ဖို့ လွယ်မှာ မဟုတ်ဘူး။”
ဟီလာက ပြောလိုက်သည်။ “ဒါဆိုရင် ဘယ်နည်းနဲ့မဆို သူတို့အားလုံးကို သတ်ပစ်လိုက်မယ်။ အနက်ရောင် သေမင်းဗုံးတွေ ထုတ်လိုက်တော့။”
ထိုစကားကြောင့် ဘေးနားရှိ လူများ၏ မျက်နှာထားက ပြောင်းလဲသွား၏။ အနက်ရောင် သေမင်းဗုံး ဆိုသည်က မည်သည့်အရာ ဖြစ်သနည်း။ ဗုံးထဲတွင် အနက်ရောင်သေမင်း ပလိပ်ရောဂါပိုးများ ပါဝင်ပြီး ပစ်လိုက်သည်နှင့် တစ်ခါတည်း သတ်ဖြတ်ပွဲကြီး ဖြစ်ပေါ်ပေလိမ့်မည်။
ဟီလာက ပြော၏။ “ကျွန်မတို့ ထွက်လာခဲ့တုန်းက မောင်လေးက သေချာ ပြောထားခဲ့တယ်။ ကုန်းမြေမကြီးဆီ မပျံ့နှံ့သရွေ့ အနက်ရောင်သေမင်းဗုံးကို သုံးလို့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ သုံးယောက် သဘောတူဖို့ လိုတယ်။ မင်းသမီးဒိုဟာ၊ ဆရာ လီချင်းချိုး... ရှင်တို့နှစ်ယောက် သဘောတူရဲ့လား။”
လီချင်းချိုးက ကဗျာကယာ လက်ကာပြလိုက်သည်။ “မလုပ်ပါနဲ့ မလုပ်ပါနဲ့။ ကျုပ်ကို ဆရာလို့တော့ မခေါ်ပါနဲ့။ ကျုပ်က ဆရာ မဟုတ်ပါဘူး။”
ဤကဲ့သို့သော သတ်ဖြတ်မှုမျိုးလျှင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသောကြောင့် မင်းသမီးဒိုဟာ အနေနှင့် လုပ်ဆောင်ရန် ဝန်လေးမိ၏။
လီချင်းချိုးက ပြောသည်။ “အရှင်ရှမ့်လန် ဒီလျှို့ဝှက်စခန်းကို ရှာခိုင်းတဲ့ အကြောင်းရင်းက နင်ယွမ်ရှန်းနဲ့ မင်းကြီးနင်ကျန်းတို့ကို ကာကွယ်ဖို့။ ပြီးတော့ ကျူးဟုန်ကျူးကို ခြိမ်းခြောက်ဖို့ ဝှက်ဖဲတစ်ခုကို သုံးဖို့ပါပဲ။”
ဟီလာက ပြော၏။ “ဒါပေမဲ့ လက်အောက်ငယ်သားတွေအနေနဲ့ ကျွန်မတို့အရှင်ရဲ့ အကြီးမားဆုံး အကျိုးစီးပွားကို နားလည်ထားသင့်တယ်။ ဒီလျှို့ဝှက်စခန်းရဲ့ အကျိုးကျေးဇူးက မူလမဟာဗျူဟာထက် အများကြီး ကျော်လွန် သွားခဲ့ပြီ။ ဒီလျှို့ဝှက်ရှေးဟောင်းအပျက်အစီးကို သိမ်းပိုက်နိုင်တာနဲ့ ကိစ္စရပ်များစွာက တရှိန်ထိုး တိုးတက်သွား နိုင်တယ်။ ရှေးဟောင်းယဉ်ကျေးမှုရဲ့ စွမ်းအင်တွေကို ကျွန်မတို့က တကယ်ပဲ ပိုင်ဆိုင်နိုင်လိမ့်မယ်။
ဒါက အရှင်ရှမ့်လန်အတွက် အရမ်းကို အရေးကြီးတယ်။ ရန်သူက ကျွန်မတို့ကို အချိန်ပေးမှာ မဟုတ်ဘူး။ အရှင့်ကို မိစ္ဆာတြိဂံဒေသထဲမှာ နောက်တစ်ကြိမ် အသက်စွန့်ခိုင်းချင်နေကြတာလား။”
လီချင်းချိုးနှင့် မင်းသမီးဒိုဟာတို့က ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေသည်။
ဟီလာက ပြော၏။ “ရန်သူကို သနားတာက ကိုယ့်ကိုယ်ကိုယ် ရက်စက်ရာ ရောက်တယ်။ ကျွန်မတို့ ဒီရှေးဟောင်း အပျက်အစီးကို သိမ်းပိုက်ရမယ်။ ကျွန်မတို့ရဲ့ ရေတပ်က ဒီဧရိယာကို ပိတ်ဆို့ထားပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ ဘယ်သင်္ဘောကိုမဆို နစ်မြှုပ်ပစ်မယ်။
ဒီနည်းနဲ့ အနက်ရောင် သေမင်းပိုးက ကုန်းမြေမကြီးဆီ မပျံ့လွင့်အောင် တားဆီးထားလို့ရတယ်။ ပြီးတော့ ဒီပိုးက အကြိမ်ကြိမ် ပြုပြင်ပြီးသား ဖြစ်တာကြောင့် ရောဂါပျံ့ပွားနှုန်းက အများကြီး တိုတောင်း သွားခဲ့ပြီ။ သင်္ဘောနဲ့ ထွက်ပြေးရင်တောင် ကုန်းမြေမကြီးဆီ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး။”
လီချင်းချိုးနှင့် မင်းသမီးဒိုဟာတို့က တွေးတောနေဆဲပင်။
“ကျွန်မ သဘောတူတယ်။ မဲပေးမယ်။” လီချင်းချိုး၏ မိန်းမ ကတော်ချိုးက ချက်ချင်းပဲ ဝင်ပြောသည်။
တပ်မှူးကွေ့နင်ကလည်း ပြော၏။ “ကျွန်မ သဘောတူတယ်။ မဲပေးမယ်။”
လီချင်းချိုးက ဆုံးဖြတ်ချက် မချနိုင်သေးချေ။ ဤသည်က သူ၏ စရိုက်သဘာဝဖြစ်ပြီး သူက သဘာဝအရ ဆုံးဖြတ်ချက်ချရ ခက်ခဲသူပင်။ ကတော်ချိုးက လီချင်းချိုး၏ လက်ကိုဆွဲယူပြီး အသာမြှောက်ကာ ပြောသည်။ “အရူးလီချင်းချိုး... ရှင်ဘယ်လောက် အသုံးမကျလဲဆိုတာ ကြည့်စမ်း။ ဘာတစ်ခုမှ မပြောင်းလဲပါလား။”
…
“ရောဂါပိုးသာ ကုန်းမြေမကြီးဆီကို ကူးစက်သွားပြီဆိုတာနဲ့ ကျွန်မတို့အားလုံး တာဝန်ယူရလိမ့်မယ်။” မင်းသမီး ဒိုဟာက ပြော၏။
ဟီလာက ပြောလိုက်သည်။ “သုံးယောက်လုံး ဒီဗုံးကိုသုံးဖို့ သဘောတူညီလိုက်ပြီ။”
ပြီးနောက် သူမက သေတ္တာတစ်လုံးကို ဖွင့်ပြီး တစ်ဦးချင်းစီက နံပါတ်တစ်ခုစီကို နှိပ်၏။ စုစုပေါင်းနံပါတ် ၆ ခုရှိပြီး သေတ္တာပွင့်ပြီးနောက် အနက်ရောင် သေမင်းဗုံးက ထွက်ပေါ်လာ၏။
“ပစ်လိုက်တော့”
ဟီလာက တည်ငြိမ်သည့်အသံဖြင့် ပြောလိုက်၏။ သူမက ဤမျိုးသုဉ်းသတ်ဖြတ်ရေးဗုံးကို ကျူးကလန်ရဲ့ လျှို့ဝှက်စခန်းဆီ သို့ ပစ်လွှတ်ချသည်။
...........
ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်က အစီအရင်ခံစာ ရရှိ၏။ သူက လုံးဝကို ကြောင်အသွား၏။ သူက ဤလျှို့ဝှက်စခန်းရှိ လူများကိုအသုံးပြု၍ ကျူးဟုန်ကျူးအား ခြိမ်းခြောက်ကာဖြင့် နင်ယွမ်ရှန်း၊ နင်ကျန်းနှင့် တခြားသောသူများကို အန္တရာယ်မပြုစေရန် တမင်ရည်ရွယ်ထားခဲ့ခြင်းပင်။ ဤသည်က အခြေခံအားဖြင့် အပြန်အလှန် ဓားစာခံလုပ်ခြင်း ဖြစ်၏။
သို့သော်ငြား ဤလျှို့ဝှက်စခန်းက တစ်ဝက်တစ်ပျက် ဖော်ထုတ်ထားသည့် ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်ပြီး အဆင့်မြင့်တင်ထားသောကြောင့် ထိုအရာ၏ မဟာဗျူဟာအဆင့်တန်းက ရုတ်တရက် မြင့်တက်သွားကြောင်း သိရှိခဲ့ရ၏။ ထို့အပြင် အစ်မကြီးဟီလာက ဤလျှို့ဝှက်စခန်းအား မျိုးသုဉ်းသတ်ဖြတ်နိုင်သည့် တိုက်ခိုက်မှုမျိုးကို ပြုလုပ်ရန် ချက်ချင်းဆုံးဖြတ်ချက် ချခဲ့သည်။
“ရေတပ်က အဲဒီတည်နေရာတစ်ခုလုံးကို အပြည့်အဝ ပိတ်ဆို့ထားပြီး သင်္ဘောတွေ ပေါ်လာတာနဲ့ ချက်ချင်း နစ်မြှုပ်ပစ်မယ်။”
ဟီလာက ပြော၏။ “အခုချိန်ထိ သူတို့ရဲ့ သင်္ဘော ၈ စီးကို နစ်မြှုပ်ပစ်ပြီးပြီ။ နောက်ထပ် လဝက်ကြာရင် ကျွန်းပေါ်က ပိုးက အာနိသင် ပြယ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် လူတွေက အဲဒီပေါ်ကိုတက်နိုင်ပြီး ရှေးဟောင်းပစ္စည်းတွေကို စပြီး ဖော်ထုတ်နိုင်လိမ့်မယ်။”
ရှမ့်လန်က ဘာမှမပြောချေ။
ဟီလာက ပြောသည်။ “ငါတို့ ကျူးကလန်ရဲ့လျှို့ဝှက်စခန်းကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒါပေမဲ့ အခုချိန်ထိ ဒါက ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်နေတုန်းပဲ ဘယ်သူမှ မသိသေးဘူး။ ဒီကိစ္စကို အပြင်ကို မပေါက်ကြားစေဖို့ ပြင်းပြင်းထန်ထန်နဲ့ အကြံပြုလိုတယ်။ ပိုပြီးအရေးကြီးတာက ဒီကိစ္စကိုသုံးပြီး ကျူးဟုန်ကျူးကို မခြိမ်းခြောက်နဲ့။ တစ်ဝက်တစ်ပျက် ဖော်ထုတ်ထားတဲ့ ရှေးဟောင်းအပျက်အစီးကို သိမ်းပိုက်ပြီးတာနဲ့ နောက်ပွဲမှာ သူတို့ကို အံ့အားသင့်အောင် လုပ်နိုင်လိမ့်မယ်။”
သို့သော်ငြား ထိုသို့သာ ဖြစ်ခဲ့လျှင် နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့ အန္တရာယ်တစ်စုံတစ်ခု မဖြစ်အောင်၊ ထို့အပြင် ရှမ့်လန်ကြောင့် ဖမ်းဆီးထားခံရသည့် သိန်းနှင့်ချီသည့်လူများ၊ ထို့အပြင် ကျန်းချုံး၊ ပျံ့ရှောင်းနှင့် တခြားသောသူများကို မည်သို့ကာကွယ်ပေးရမည်နည်း။
ဟီလာက ဒူးတစ်ဖက်ထောက်ကာ ပြော၏။ “မောင်လေးက အစ်မရဲ့မောင်လေးဖြစ်ရုံတင် မကဘူး၊ အစ်မရဲ့ သခင်လည်း ဖြစ်လာခဲ့ပြီ။ အစ်မသာ မှားခဲ့ရင် ဘယ်လိုပြစ်ဒဏ်မျိုးကိုမဆို ခံယူဖို့ အသင့်ရှိပါတယ်။”
မင်းသမီး ဒိုဟာက ဆိုသည်။ “ဒီကိစ္စက ဟီလာတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒါက ကျွန်မ၊ ဟီလာနဲ့ ဆရာလီချင်းချိုးတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။”
ရှမ့်လန်က ကွပ်မျက်သူ ကျူးယောင်ကို လှမ်းကြည့်၏။ ကျူးယောင်က ချက်ချင်း ဒူးထောက်ချကာ ပြောလိုက်၏။ “အရှင်... ကျုပ် ကျိန်ဆိုရဲပါတယ်။ ကျုပ်က အဲဒီတုန်းက ဘယ်ရှေးဟောင်းအမွေအနှစ် အပျက်အစီးကိုမှ မတွေ့ခဲ့ရဖူးပါဘူး။ ဒါ သာမန် လျှို့ဝှက်စခန်းတစ်ခုပါပဲ။”
ရှမ့်လန်က မေးမြန်းသည်။ “ကျူးယောင်... အခု ခင်ဗျားရဲ့ သိုင်းပညာက ဘယ်လိုနေသေးလဲ။”
ကျူးယောင်က ခါးသက်စွာ ပြော၏။ “အက်ဆစ်ဓာတ်က ခန္ဓာကိုယ်ကို စားသွားရုံသာမက သွေးကြောတွေကိုပါ စားသွားခဲ့တယ်။ အခုဆိုရင် လက်ကိုဆန့်ဖို့တောင် သိပ်ခက်ခဲနေပါပြီ။ ကျုပ်မှာ သိုင်းပညာ သိပ် မကျန်တော့ပါဘူး။”
ရှမ့်လန်က မေးသည်။ “ခင်ဗျား မဟာပညာရှင်ဖြစ်လာတုန်းက အသက်ဘယ်လောက်လဲ။”
ကျူးယောင်က ပြန်ဖြေ၏။ “၃၄ လောက် ဖြစ်ပါလိမ့်မယ်။”
ပါရမီရှင်။ တကယ့်ကို ပါရမီရှင်ပင်။ သို့သော်ငြား တစ်ဖက်လူသည် ဤတစ်သက်တွင် ပါရမီကို ထုတ်ဖော်မပြနိုင်ခဲ့သည်က သနားစရာကောင်း၏။ ထိုသို့ဆိုလျှင် နင်ကျန်းကို သူ မည်သို့ကာကွယ်ရမည်နည်း။ ကျန်းချုံးနှင့် တခြားသောသူများ အန္တရာယ်မဖြစ်အောင် သူ မည်သို့ကာကွယ်ရမည်နည်း။
ရှမ့်လန်က မျက်လုံးကို မှိတ်၏။ ပြီးနောက် ဦးနှောက်ခြောက်မတတ်ပင် စဉ်းစားနေမိ၏။ အစီအစဉ် တစ်ခုပြီး တစ်ခုက သူ၏ စိတ်ထဲ၌ ပေါ်လာသော်လည်း အားလုံးကို လျင်မြန်စွာ စွန့်လွှတ်ရ၏။ ထိုအရာက အချိန် မလောက်ခြင်းကြောင့် မဟုတ်ဘဲ သေစေနိုင်လောက်သည့် အားအင်မလုံလောက်ခြင်းကြောင့်ပင်။
ရုတ်တရက် ရှမ့်လန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ တကယ့်ကို ရဲတင်းလွန်းသည့် မှန်းဆချက် တစ်ခုပင်။ တကယ့်ကို ရဲတင်းလွန်းသည့် မှန်းဆချက်။ သို့သော်ငြား ထိုအရာက သေချာပေါက် အတည်ပြုချက် လိုပေ၏။
..........
ရွှဲ့ပြည်နယ်၏ နန်းတော်အတွင်း၌ စုဖေးက နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးနေဆဲဖြစ်ပြီး အဝတ်အစားများကို ဝတ်ဆင်ပေးရန် ဂရုတစိုက် ကူညီနေ၏။ “အရှင်မင်းကြီး.... အရှင်မင်းကြီး...”
အကြိမ်အနည်းငယ်လောက် ခေါ်ပြီးနောက် နင်ယွမ်ရှန်းက တုံ့ပြန်မှု မပေးချေ။ စုဖေးက ငိုချင်လာမိနေ၏။ နင်ယွမ်ရှန်းက မိဖုရားကြီးပျံ့ကို အချစ်ဆုံးဖြစ်သော်လည်း နင်ရှောင်က သူ့ကို မိဖုရားကြီးပျံ့နှင့် အဘယ်သို့ အတူနေခွင့်ပေးမည်နည်း။ မိဖုရားကြီးပျံ့က ထောင်ထဲတွင် ရောက်ရှိနေသည်။
မိဖုရားကြီးပျံ့မှလွဲ၍ နင်ယွမ်ရှန်းက မိဖုရားကြီးကျုံးကို အချစ်ဆုံးဖြစ်၏။ သို့သော်ငြား မိဖုရားကြီးကျုံးက ကြမ်းတမ်းသော စရိုက်ရှိပြီး သူ့ကို အကြိမ်ကြိမ် ဆဲဆိုဖူး၏။ ယခုလည်း အကျဉ်းချထားခံရ၏။
အတိုင်းအတာ တစ်ခုထိ စုဖေးက နင်ယွမ်ရှန်းနှင့် အဆင်မပြေ ဖြစ်ခဲ့ဖူး၏။ စုနန် ပုန်ကန်စဉ်က စုဖေးက တကယ့်ကို ကြောက်လန့်ပြီး မိမိကိုယ်ကို သတ်သေလုနီးပါး ဖြစ်ခဲ့၏။ သို့သော်ငြား လွန်ခဲ့သည့် ၂ နှစ်အတွင်း နင်ယွမ်ရှန်းကို ပြုစုပေးခဲ့သည့်လူက ဤအမျိုးသမီးပင် ဖြစ်ခဲ့သည်။
ဤသည်က နင်ယွမ်ရှန်း ယခင်က စိုက်ပျိုးခဲ့သည့် ကောင်းမှုကံကြောင့် အကျိုးပြုခြင်းပင်။ စုနန်၏ ပုန်ကန်မှု ပျက်စီးပြီးနောက် လူအများက စုဖေးကို သေဒဏ်ချမှတ်ခံရမည် သို့မဟုတ် အနည်းဆုံး ရာထူးမှ ဖယ်ရှားခံရမည် ဟု ထင်ခဲ့၏။ သို့သော်ငြား မခံရချေ။ သူမကို အအေးနန်းဆောင်ဆီသို့ပင် နယ်နှင်ဒဏ် မပေးခဲ့ချေ။ နင်ယွမ်ရှန်းက သူမ၏နန်းဆောင်ဆီသို့ မကြာခဏ မလာသော်လည်း သူမ ရသင့်ရထိုက်သည့် ဆက်ဆံမှုများကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက သူ၏ အမျိုးသမီးများနှင့် ပတ်သက်၍ အလုံးစုံသိက္ခာကို စောင့်စည်း၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လူ့လောကကြီး၏ အေးစက်မှုကို ကြုံတွေ့ရပြီးနောက် စုဖေး၏ စိတ်နေစိတ်ထားက အကြီးအကျယ် ပြောင်းလဲသွား၏။ ယခု သူမနှင့် နင်ယွမ်ရှန်းတို့က အသက်ရှင် ရပ်တည်ရေး အတွက် တစ်ဦးကိုတစ်ဦး မှီခိုနေကြရသည်။
“ဘုန်း...”
နန်းတော်တံခါးက ရုတ်တရက် ကန်ဖွင့်ခံရပြီး လက်တစ်ဖက်ပြတ် နင်ယီ ဝင်လာ၏။
စုဖေးက ကြောက်ရွံ့စွာဖြင့် ဘေးသို့ဆုတ်သွားမိ၏။ သူမက နင်ယွမ်ရှန်းကို စေ့စပ်သေချာစွာ ပြုစု စောင့်ရှောက်သော်လည်း နင်ယွမ်ရှန်းကို ကာကွယ်ရန် နင်ယီကိုတော့ တိုက်ခိုက်နိုင်စွမ်း မရှိချေ။ သူမက သေရမှာကို ကြောက်ပြီး မိဖုရားကြီးပျံ့နှင့် မိဖုရားကြီးကျုံးတို့လောက် သတ္တိမရှိသောကြောင့်ပင်။
“ဂုဏ်ယူပါတယ် အဖေ။ ဂုဏ်ယူပါတယ်။ သိပြီးပြီလား။ ရှမ့်လန် ပြန်ရောက်လာပြီ။ သူ တကယ်ပဲ လမ်းတစ်လျှောက်မှာ သတ်ဖြတ်ပြီး ပြန်ရောက်လာခဲ့တာ။ သူက နုရှောင့်မြို့နဲ့ ရွှမ်ဝူနယ်စားအိမ်တော်ကို ပြန်ပြီး သိမ်းပိုက်လိုက်ပြီ။ အခုဆိုရင် ထျန်းနန်စီရင်စုတစ်ခုလုံးနဲ့ ထျန်းနန်စီရင်စုရဲ့ အရာရှိတပ်ဖွဲ့ဝင် ထက်ဝက်လောက်က အကုန်လုံး ထွက်ပြေးလာရပြီ။ အဖေ... ဒီလောက် လောကပျက်မတတ် ဖြစ်နေတာကို ကြည့်ရတာ မပျော်ဘူးလား။”
နင်ယီက စကားပြောရင်း နင်ယွမ်ရှန်းကို ကြည့်ကာ ပြုံး၏။ “အဖေ... ဒီအချိန်မှာ ရူးချင်ယောင် ဆောင်မနေပါနဲ့တော့။ ရှမ့်လန် ပြန်လာပြီ။ အဖေ ဂရုစိုက်ဆုံးဖြစ်တဲ့ ရှမ့်လန် ပြန်လာပြီ။ အဖေ လုပ်ခဲ့သမျှ အရာအားလုံး၊ အဖေ ခံစားခဲ့ရတဲ့ နှိပ်စက်မှုအားလုံး၊ ဒါတွေအကုန်လုံးက သူ့ကြောင့် မဟုတ်လား။
အခု သူပြန်လာပြီ။ အဖေ့ကိုကယ်ဖို့ မြို့တော်ကို မကြာခင် တိုက်ခိုက်မယ်လို့ ပြောနေတယ်။ မတုန်လှုပ်မိဘူးလား။ အဖေ.... အဖေ ရူးချင်ယောင်ဆောင်နေတာကို ကျုပ်သိတယ်။ ဟန်ဆောင်မနေနဲ့တော့။ ရှမ့်လန် ပြန်ရောက်ပြီ။”
သို့သော်ငြား ထိုစကားများကို ကြားရသော်လည်း နင်ယွမ်ရှန်းက တွေဝေငေးငိုင်စွာဖြင့် ရှိနေ၏။ သူက ပြောလိုက်၏။ “ရှမ့်... ရှမ့်လန် ပြန်ရောက်ပြီ။ ရှမ့်လန် ပြန်ရောက်ပြီ။ ကောင်း... ကောင်းတယ်။ ကောင်းတယ်။ ရှမ့်လန်က ဘယ်သူလဲ။ သူကဘယ်သူလဲ။”
သူ၏ မျက်လုံးများက အာရုံစူးစိုက်မှု ပျောက်ကွယ်နေပြီး မည်သူမှ နားမလည်သည့် စကားလုံးများကို ထပ်မံကာတတွတ်တွတ် ရွတ်ဆိုနေ၏။ သူက လုံးဝ ရူးသွပ်နေပုံရပြီး ပါးစပ်ထောင့်မှ သွားရည်များကလည်း ဆက်တိုက် စီးကျနေသည်။
“အဘိုးကြီး... ခင်ဗျား ဟန်ဆောင်နေမှန်း ကျုပ်တကယ်သိတယ်။”
နင်ယီက ရက်စက်ကြမ်းကြုတ်စွာ ပြော၏။ “ဟန်ဆောင်မနေနဲ့တော့။ ခင်ဗျားရဲ့ မူရင်းအစစ်အမှန်ကို ပြစမ်း။ ဒါမှမဟုတ်ရင် ကျုပ် စုဖေးကို မုဒိမ်းကျင့်ပြီး ခင်ဗျားရှေ့မှာ ခင်ဗျားမိန်းမကို ဒုက္ခပေးပြလိုက်မယ်။”
xxx
အပိုင်း (၉၄၀)
ထိုသို့ပြောပြီးနောက် နင်ယီက စုဖေးဆီသို့ တရှိန်ထိုး ပြေးဝင်လာ၏။ သူမ၏ အဝတ်အစားများကို ဆောင့်ဆွဲကာဖြင့် မြေပြင်ပေါ်တွင် တိုက်ရိုက် ဖိချ၏။
“အဘိုးကြီး... ခင်ဗျား ရူးချင်ယောင်ဆောင်နေတာပါလို့ ပြောစမ်း။ မဟုတ်ရင် ကျုပ် စုဖေးကို သေလုမျောပါး ဖြစ်အောင် လုပ်ပစ်မယ်။”
သို့သော်ငြား နင်ယွမ်ရှန်းက ဂရုမစိုက်ဖြစ်နေဆဲပင်။ မည်သူမှ နားမလည်နိုင်သည့် စကားလုံးများကိုသာ တတွတ်တွတ် ပြောနေသည်။
“အရှင်.. အရှင် ကယ်ပါအုံး။ အရှင် ကယ်ပါအုံး။” စုဖေးက အော်ဟစ်၏။ နင်ယွမ်ရှန်းက သူမကို အလိုအလျောက် လှမ်းကြည့်၏။ ပြီးနောက် တစ်ယောက်တည်း စကားတွေ ပြောနေ၏။
နင်ယီက စုဖေးကို လွှတ်ပေး၏။ နင်ယွမ်ရှန်း၏ လည်ပင်းနားသို့ ရောက်လာကာဖြင့် မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။ “အဘိုးကြီး... ခင်ဗျား ရက်စက်တယ်။ ခင်ဗျား သိပ်ရက်စက်တယ်။ ကျုပ်လက်ခံတယ်။ ကျုပ် လက်ခံလိုက်ပြီ။ ခင်ဗျား ဆက်ပြီး ဟန်ဆောင်နေနိုင်တယ်။ ခင်ဗျားကို နောက်ထပ်တစ်ခု ပြောပြအုံးမယ်။
ရှမ့်လန်က နင်ရှောင်ကို လုံးဝ ဒေါသထွက်အောင် လုပ်လိုက်ပြီ။ နင်ရှောင်က သတ်ဖြတ်ပွဲကို စပြီး ပြင်ဆင်နေပြီ။ ကျုပ်က နင်ကျန်းရဲ့ လက်မောင်းတစ်ဖက်ကို အရင်ဖြတ်မယ်။ ပြီးရင် လူတစ်သောင်းလုံးကို ခေါင်းဖြတ်မယ်။ ပြီးတော့ နင်ကျန်းရဲ့ ပြတ်သွားတဲ့ လက်မောင်းနဲ့ လူတစ်သောင်းရဲ့ ခေါင်းတွေကို ရှမ့်လန်ဆီ ပို့မယ်။ ကျုပ်တို့ကို ဒေါသထွက်အောင် လုပ်မိရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ အားလုံး သိစေရမယ်။
ဆက်ပြီးသာ ဟန်ဆောင်နေ။ ဆက်ပြီးသာ ဟန်ဆောင်နေလိုက်။ အဲဒီလူတစ်သောင်းကို အခု ကွပ်မျက်တဲ့ ကွင်းဆီကို ခေါ်သွားခဲ့ပြီ။ မကြာခင် ခေါင်းဖြတ်ခံရတော့မယ်။ မကြုံစဖူး ကြီးမားတဲ့ ခေါင်းဖြတ်ပွဲကြီးပေါ့။ တစ်ခါတည်းနဲ့ လူတစ်သောင်းလောက်ကို သတ်မှာ။ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား။ ဟား ဟား ဟား။
ဒီလူတွေက ရှမ့်လန်ကြောင့် သေရတာ။ ရှမ့်လန်က အရာအားလုံးကို တတ်စွမ်းတဲ့လူ မဟုတ်လား။ အခု သူ ဒီတစ်သောင်းကို လာကယ်နိုင်မယ် ထင်လား။ ဟား ဟား။ နင်ကျန်းကို လာကယ်နိုင်မယ် ထင်လား။ ဟား ဟား ဟား။”
ပြီးနောက် နင်ယီက တဟားဟားရယ်ကာဖြင့် လှည့်ထွက်သွားခဲ့၏။
..............
နင်ယီ ပြောသည်က မှန်၏။ ဤလူတစ်သောင်းကို ကွပ်မျက်ကွင်းဆီသို့ ခေါ်ဆောင်သွားပြီးဖြစ်ကာ ခေါင်းဖြတ် သတ်ခံရပေတော့မည်။ မည်သူမှ ဤမြင်ကွင်းကို မကြည့်ချင်ကြသလို မည်သူမှလည်း မကြည့်ရဲကြချေ။ သို့သော်ငြား ဘုရင်နင်ရှောင်က ထျန်းရွှဲ့မြို့ရှိ သိန်းနှင့်ချီသည့် လူထုကို ကွပ်မျက်ပွဲ အခမ်းအနားအား အတင်းအကျပ် ကြည့်စေခဲ့သည်။
ပြီးနောက် ကွပ်မျက်သူ ခေါင်းဆောင်နှစ်ဦး ရှိနေသေး၏။ တစ်ဦးက နင်ချီဖြစ်ပြီး သူက အတင်းအကျပ် ခိုင်းစေခံရခြင်းဖြစ်၏။ နောက်တစ်ဦးကတော့ မင်းသမီးနင်လော့ ဖြစ်၏။ သူမက နင်ချီကို စောင့်ကြည့်ကာဖြင့် ကွပ်မျက်မှုကို မပျက်မကွက် ဆောင်ရွက်စေရန်ပင်။
မင်းသားကျင်း၏ ဇန်းသည်ကြောင့် ရုပ်ရည်ပျက်စီးသွားပြီးထဲက သူမ၏ စိတ်နှလုံးများက ညိုးလျော်ကျခဲ့၏။ သူမက မင်းသားကျင်းကို မုန်းတီး၏။ ထို့အပြင် ရှမ့်လန်က သူမ၏ အသက်ကို ကယ်တင်ပေးခဲ့သော်လည်း ရှမ့်လန်ကို မုန်းတီး၏။
သဲနာရီက တဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။ လူတိုင်းက တိတ်ဆိတ်နေပြီး မွန်းတည့်သည့်အချိန်ကို စောင့်ဆိုင်းလျက် ရှိနေကြ၏။ အချိန်ကြာလာသည်နှင့်အမျှ ကွပ်မျက်မှုက စတင်တော့မှာဖြစ်ပြီး လူတစ်သောင်းလောက် က ခေါင်းဖြတ်သတ်ခံရပေမည်။
သတ်ဖြတ်မှု မစတင်သေးသော်လည်း ရင်ပြင်တစ်ခုလုံးတွင် ငရဲဆန်သည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ နင်ရှောင် အာဏာသိမ်းပြီးတည်းက အရာအားလုံးက ပြောင်းလဲသွား၏။ စည်းစနစ်ဟူသည်က မရှိတော့ဘဲ ရွှဲ့ပြည်နယ်တစ်ခုလုံးက အမှောင်ကျကာ အေးစက်၏။ သွေးစွန်းကာ ရက်စက် ကြမ်းကြုတ်၏။
...............
ဤအချိန်မှာတော့ ကျူးဟုန်ကျူး၏ရှေ့တွင် လူတစ်ယောက် ပေါ်လာသည်။ “ကျုပ်က အရှင်ရှမ့်လန်ရဲ့လူ မှန်နက်ဌာနက သူလျှိုပါ။”
ကျူးဟုန်ကျူးက ပုဝါတစ်ခု၏ ကန့်လန့်ကာနောက်ကွယ်မှ လှမ်းကာပြော၏။ “မင်းကိုယ့်ကိုယ်ကိုယ် ဖော်ထုတ် လိုက်တာပဲ။ ဒါက ကိုယ့်သေတွင်းကို ကိုယ်တူးတာပဲ။”
“ဟုတ်ပါတယ်။ ကျုပ်ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ဖို့ ရွေးချယ်လိုက်တဲ့အချိန်မှာ အသက်ရှင်ဖို့ မတွေးထားပါဘူး။”
ထိုမှန်နက်ဌာန၏ သူလျှိုက ပြောသည်။ “ကျုပ်က အရှင်ရှမ့်လန်ရဲ့ သတင်းစကားတစ်ခုကို လာပို့တာပါ။ ဝန်ကြီးချုပ် အတွက် လျှို့ဝှက်စကားပါ ပါတယ်။”
ကျူးဟုန်ကျူးက မေး၏။ “ဘာသတင်းစကားလဲ။”
မှန်နက်ဌာန၏ သူလျှိုက ပြောသည်။ “အရှင်နင်ကျန်းရဲ့ ဆံချည်တစ်မျှင်ကိုမှ မထိခိုက်ပါနဲ့။ ပြီးတော့ သူနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူတွေကို တစ်ယောက်မှ မသတ်ပါနဲ့။ ကွပ်မျက်ပွဲအခမ်းအနားကို ချက်ချင်း ရပ်တန့်ပါ။”
ကျူးဟုန်ကျူးက ပြော၏။ “ရပ်တန့်ဖို့ မဖြစ်နိုင်ဘူး။ လေးကြိုးက မြားတောင် ပစ်လွှတ်လိုက်ပြီဆိုရင် ပြန်လှည့်လို့ မရတော့ဘူး။ ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်ပဲ။ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။”
မှန်နက်ဌာနမှ သူလျှိုက ပြောသည်။ “ဒါပေမဲ့ ဝန်ကြီးချုပ်က အရာအားလုံးကို ရပ်တန့်နိုင်ပါတယ်။”
ကျူးဟုန်ကျူးက ဆို၏။ “ငါလုပ်နိုင်တယ်။ ဒါပေမဲ့ မလုပ်ဘူး။”
ကျူးကျွင်းက ဝင်ပြောသည်။ “နင်ကျန်းရဲ့ လက်မောင်းက ဖြတ်ခံရလိမ့်မယ်။ ပြီးတော့ လူတစ်သောင်းလုံး ကွပ်မျက် ခံရလိမ့်မယ်။”
မှန်နက်ဌာန သူလျှိုက ပြော၏။ “ဝန်ကြီးချုပ် ကျူးဟုန်ကျူး... ခင်ဗျား ဒါကို တားဆီးရလိမ့်မယ်။ ဒါက အရှင်ရှမ့်လန် ... ခင်ဗျားကို ပေးလိုက်တဲ့ လျှို့ဝှက်စာပဲ။ ဘယ်သူ့ကိုမှ ပေးမကြည့်ရဘူး။ ခင်ဗျား တစ်ယောက်တည်းပဲ ဖတ်ရမယ်။ ဒါမှမဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်ကို ခင်ဗျား ခံယူရလိမ့်မယ်။”
ကျူးဟုန်ကျူးက လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ လူပေါင်းတစ်ဒါဇင်ကျော်က ရှေ့ထွက်လာပြီး လျှို့ဝှက်ပေးစာ၏ ထောင့်တိုင်းကို သေချာစစ်ဆေးကြသည်။
ပြီးနောက် ဝန်ကြီးချုပ် ကျူးဟုန်ကျူးက လက်အိတ်ကို စွပ်ပြီး ကိုယ့်ကိုယ်ကိုယ် လုံခြုံစွာ ဖုံးအုပ်လျက် ရှမ့်လန်ဆီမှ လျှို့ဝှက်ပေးစာကို လက်ခံရယူ၏။
ရှမ့်လန်၏ လျှို့ဝှက်ပေးစာက တကယ်ကို တိုတောင်း၏။ ကျူးဟုန်ကျူးက တစ်ချက်ကြည့်ရှုပြီးနောက် မျက်နှာတစ်ခုလုံး ပြောင်းလဲသွားခဲ့၏။ သူက စာကို မီးရှို့ဖျက်ဆီး၏။ မျက်လုံးများကို ပိတ်ထား၏။ နက်နက်နဲနဲ တွေးတောနေသကဲ့သို့ပင်။
အချိန်များက စက္ကန့်နှင့်အမျှ၊ မိနစ်နှင့်အမျှ ကုန်ဆုံးနေပြီး မွန်းတည့်ချိန်သို့ ရောက်ရှိရန် ပို၍ နီးကပ်လာသည်။
မှန်နက်ဌာနမှ သူလျှိုက ပြော၏။ “ဝန်ကြီးချုပ် ကျူးဟုန်ကျူး... အချိန်နီးကပ်နေပါပြီ။ ခင်ဗျား ဆုံးဖြတ်ချက် ချရပါမယ်။ ဒါမှမဟုတ်ရင် အကျိုးဆက်ကို ခင်ဗျား ခံယူရပါလိမ့်မယ်။”
ကျူးဟုန်ကျူးက မျက်လုံးကို ဖွင့်၏။ ပြီးနောက် အမိန့်ပေးလိုက်သည်။ “ကဲ... ကွပ်မျက်ပွဲအခမ်းအနားကို ချက်ချင်း ရပ်တန့်လိုက်ကြ။”
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ မျက်နှာထားများက ပြောင်းလဲသွား၏။ အဘယ်ကြောင့်နည်း။ ရှမ့်လန်က မိုင်ထောင်ချီ ဝေးကွာသည့်နေရာတွင် ရှိနေဆဲပင်။ သူက ကျူးဟုန်ကျူးကို အဘယ်သို့ တားဆီး နိုင်ခဲ့သနည်း။ ဤလောကကြီးထဲတွင် လူအများအပြားက ရှမ့်လန်နှင့် ညှိနှိုင်း အလျှော့ပေးနိုင်ကြသော်လည်း ကျူးကလန်ကတော့ မဖြစ်နိုင်ပေ။
အရေးကြီးဆုံးက လူတစ်သောင်းကျော်ကို ခေါင်းဖြတ်သတ်ခြင်းနှင့် နင်ကျန်း၏ လက်မောင်းကို ဖြတ်ခြင်းက နင်ရှောင်း၏ ပြင်းထန်သည့် ရပ်တည်ချက် ဖြစ်သောကြောင့်ပင်။ ရှမ့်လန်ကို ပြသရန် သက်သက်မဟုတ်ဘဲ ပို၍ အရေးကြီးမားသည်က တော်ဝင်ရန် အင်ပါယာကို ပြသခြင်းပင်။ ယခု ကျူးဟုန်ကျူး တားဆီးလိုက်သည့် အချိန်မှာတော့ နင်ရှောင် မည်သို့ တွေးထင်သွားမည်နည်း။
ကျူးဟုန်ကျူးက မှန်နက်ဌာနမှ သူလျှိုကို ပြောလိုက်၏။ “သူရဲကောင်း... လောလောဆယ် ကျုပ်ရဲ့ အိမ်တော်မှာ နေထိုင်ပေးပါ။”
သူလျှိုက ပြောလိုက်သည်။ “ကောင်းပါပြီ။”
ကျူးဟုန်ကျူးက လှည့်ထွက်သွား၏။ ပြီးနောက် အပြင်ဘက်သို့ လျှောက်၏။
“ကျုပ် အရှင်မင်းကြီးဆီကို သွားပြီး ဂါရဝပြုလိုက်အုံးမယ်။” သူက ဦးထုပ်ကို ဆောင်းကာ အပြင်သို့ ထွက်သွားသည်။
ကျူးကျွင်းက အလျင်အမြန်လိုက်ကာဖြင့် မေးမြန်း၏။ “အဖေ... ရှမ့်လန်ရဲ့ ပေးစာထဲမှာ ဘာတွေ ရေးထားတာလဲ။ အဲလောက်တောင် အရေးကြီးလို့လား။”
ကျူးဟုန်ကျူးက ခေါင်းခါယမ်းကာ မေးသည်။ “မင်း ကျူးယောင်ကို မှတ်မိသေးလား။”
ကျူးကျွင်းက တုန်လှုပ်စွာ မေး၏။ “သူ... သူ ဘာဖြစ်လို့လဲ။”
ကျူးယောင်ဆိုသည့် လူကို ကျူးကျွင်းသိသည်က သေချာ၏။ ကျန်းလီအာဏာ ထက်မြက်စဉ် အချိန်က ကျူးယောင် က ကျူးမိသားစုမှ တဖက်လူဆီသို့ စေလွှတ်ထားခဲ့သည့် လူတစ်ယောက်ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် ကျန်းလီ အနိုင်ရခဲ့ပြီး လောကကြီးကို ပိုင်ဆိုင်ခဲ့ပါက ကျူးယောင်က ကျူးမိသားစု၏ အသက်သွေးကြော ဖြစ်လာပေမည်။
သို့သော်ငြား တော်ဝင်ရန်အင်ပါယာအတွက် ဤအရာက သစ္စာဖောက်မှု တစ်ခုပင်။ ထို့ကြောင့် ကျန်းလီ သေဆုံးပြီးနောက် ကျူးမိသားစုက ကျန်းလီ၏ လျှို့ဝှက်ပါရမီရှင် အားလုံးကို သတ်ဖြတ်ပစ်ရန် ကျူးယောင်ကို အမိန့်ပေးခဲ့ခြင်းပင်။ တစ်ဖက်လူက ဘာမှမလုပ်ခဲ့သောကြောင့် ကျူးမိသားစုသည် နှုတ်ပိတ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးယောင်ကို သတ်ပစ်ရန် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့ဖူးသေး၏။ သို့သော်ငြား ကျူးယောင်က ပျောက်ဆုံး သွားခဲ့၏။
ထိုနေ့က ရင်ကွမ်းက သူ၏ တပ်တော်ကို ဦးဆောင်ပြီး လျှို့ဝှက်သိုင်းသင်တန်းကျောင်း ရှိရာသို့ ရောက်ရှိလာကာ အတွင်းရှိ လူတိုင်းကို မီးရှို့သတ်ဖြတ်၏။ မူလက ကျန်းလီ မွေးထုတ်ပေးခဲ့သည့် ပါရမီရှင် ထောင်ကျော် ရှိသော်လည်း အနည်းငယ်မျှသာ လွတ်မြောက်၏။ ဤလူများက တောင်ကြားထဲတွင် အရှင်လတ်လတ် မီးရှို့ခံရ၏။ ထို့အပြင် သိုင်းဆရာအားလုံးတို့ကလည်း မီးလောင်သေဆုံး၏။ ထို့ကြောင့် ရင်ကွမ်းနှင့် သူ၏သားတို့က ကျန်းလီအပေါ် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့ကြခြင်းပင်။
ကျူးမိသားစုက အချိန်အကြာကြီး ရှာဖွေခဲ့သော်လည်း ကျူးယောင်ကို ရှာမတွေ့ခဲ့ချေ။ သေဆုံးသွားသည်ဟု ထင်မှတ်ကာဖြင့် စိတ်သက်သာရာ ရမိနေခဲ့သည်။
ကျူးကျွင်းက တိုးတိုးပြော၏။ “အဖေ... ရှမ့်လန်က ကျူးယောင်ကို ရှာတွေ့ခဲ့တယ်ဆိုရင်တောင် သူ ဘာလုပ်နိုင်မှာမို့လို့လဲ။ ကျူးကလန်က ဘာပေးစာမှ မချန်ခဲ့သလို ကျုပ်တို့ ကျူးကလန်က လှေနံနှစ်ဖက် နင်းချင်ခဲ့တယ် ဆိုတာကို သက်သေပြစရာ မရှိဘူး။ ပြီးတော့ တော်ဝင်မိသားစုကလည်း ရွှယ်ရင်ကို ကျန်းလီရဲ့ အနားကို စေလွှတ်ခဲ့တာပဲ မဟုတ်လား။”
ကျူးဟုန်ကျူးက ပြော၏။ “ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ။ အဲဒါက တော်ဝင်မိသားစု။ အဲဒါက အင်ပါယာ၊ ငါတို့က လက်အောက်ငယ်သားတွေပဲ။ မင်းကို ငါ မေးအုံးမယ်။ ငါတို့ ကျူးကလန်က ကျန်းလီရဲ့အနားကို လူလွှတ်ထားဖို့ ဘယ်လိုအခွင့်အာဏာများ ရှိနေလို့လဲ။ ဒီကိစ္စကို အင်ပါယာဆီ ငါတို့တင်ပြခဲ့လား။ ငါတို့က မြို့ပြအရာရှိတွေပဲ။ တော်ဝင်ရန်အင်ပါယာထဲမှာ ငါတို့က ထောက်လှမ်းရေးကွန်ရက်တစ်ခုကို ပိုင်ဆိုင် ထားလို့လား။”
ဤအချက်က အဓိက သော့ချက်ပင်။ ကျူးကလန်က သူလျှိုစေလွှတ်ရန် အရည်အသွေး မပြည့်မီပေ။ တရားမဝင် သားတစ်ယောက်ကို ကျန်းလီအနားသို့ ပို့ဆောင်ခဲ့၏ ဆိုလိုသည်က သူတို့က လှေနံနှစ်ဖက်နင်းချင်ခြင်းပင်။ ဤအရာက အခွင့်အရေးသမားဆန်သော လုပ်ရပ်ပင်ဖြစ်သည်။
ကျူးကျွင်းက ခဏမျှ စဉ်းစား၏။ “ကွပ်မျက်ပွဲကို မတားဆီးရင် ကျူးယောင်ရဲ့ ဝိသေသကို ဖော်ထုတ်မယ်လို့ ရှမ့်လန်က ကျုပ်တို့ကို ခြိမ်းခြောက်တာလား။”
အကယ်၍ ရှမ့်လန်ကသာ ကျူးယောင်၏ ဝိသေသကို ဤအချိန်တွင် လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါက ကျူးကလန်ကို မျက်နှာပြင်တွင် ထိခိုက်စေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား အင်ပါယာက အငြိုးအတေး ထားရှိသွားပေလိမ့်မည်။ အထူးသဖြင့် ယခု ကဲ့သို့သော အခြေအနေမျိုးတွင်ပင်။ ကျူးကလန်က ဝန်ကြီးချုပ် ရာထူးကို တိုက်ခိုက်ရယူရန် အရေးကြီးသော အချိန်ကာလဖြစ်သည်။
လွန်ခဲ့သည့် ၂ နှစ်က တော်ဝင်ရန်အင်ပါယာ၏ မူဝါဒသစ်က အောင်မြင်ခဲ့၏။ နန်းတော်၏ ဝန်ကြီးဌာနကို အစိုးရအဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်း၏။ ရှေးရိုးစွဲဆန်စေရန် သူတို့က ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် ဝါရင့် အရာရှိဟောင်းကြီးတစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သော်လည်း ကျူးကလန်၏ ခေါင်းဆောင်က ၂ နှစ်၊ ၃ နှစ်အတွင်း ဝန်ကြီးချုပ် ဖြစ်လာပေလိမ့်မည်။
ကျူးဟုန်ကျူးက ဆိုသည်။ “ဒီလအနည်းငယ်က ဆုံးဖြတ်ပေးမယ့် အချိန်ပဲ။ ဝန်ကြီးချုပ်ရာထူးက သေချာ သလောက် ရှိနေပေမဲ့ အဲဒီအချိန်က အရှုပ်တော်ပုံ တစ်ခုခုများ ပေါက်ကြားသွားခဲ့ရင် ချက်ချင်း ပုံကြီးချဲ့ခံရမှာ။ တော်ဝင်ရန်မြို့တော်က ငါတို့ရဲ့ပြိုင်ဘက်တွေက ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ဝန်ကြီးချုပ်ရာထူးက ပြောဖို့ခက်သွားလိမ့်မယ်။ အဲဒါတွေနဲ့ ယှဉ်လိုက်ရင် နင်ကျန်းရဲ့ လက်မောင်းနဲ့ လူတစ်သောင်းရဲ့ အသက်က ဘာများ ပြောစရာရှိလို့လဲ။”
ကျူးကျွင်းက မျက်မှောင်ကြုတ်လိုက်မိ၏။ ဤကိစ္စ၏ ပြင်းထန်မှုကို သူက ကောင်းစွာသိ၏။ သို့သော်ငြား ဤကိစ္စ အသေးအဖွဲလေးက ကျူးကလန်ကို အလျှော့ပေးစေရန် လုံလောက်သည်လား။ နည်းနည်းတော့ သူရဲဘောကြောင်ရာ ကျမနေဘူးလား။
ကျူးဟုန်ကျူးက ဆက်ပြော၏။ “ဂုဏ်သိက္ခာကိုပဲ တွေးမနေနဲ့။ ငါတို့ ကျူးကလန်က လုံလောက်အောင် ဂုဏ်သိက္ခာ ကြီးမားပြီးသား။ ပြီးတော့ ဂုဏ်သိက္ခာက အတုအယောင်ပဲ။ လက်ထဲမှာ ရှိနေတဲ့ အာဏာကမှ အစစ်အမှန်။ ပြီးတော့ ရှမ့်လန်က ကျူးယောင်ကိစ္စနဲ့ပဲ ငါတို့ကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ ပိုပြီးတော့ သေစေနိုင်လောက်တဲ့ အရာတစ်ခု ရှိသေးတယ်။”
ကျူးကျွင်းက မေးလိုက်သည်။ “ဘာများလဲ။”
ကျူးဟုန်ကျူးက ဖြေ၏။ “ဟုန်ရွှဲ့ရဲ့ ဝိသေသပဲ။”
ထိုစကားကို ကြားချိန်မှာတော့ ကျူးကျွင်း၏ မျက်နှာထားက လုံးဝပြောင်းလဲသွား၏။ သူက နေရာမှာတင် ကြက်သေ သေသွားမိ၏။ ကျူးကလန်အတွင်း၌ ကျူးဟုန်ရွှဲ့၏ အဆင့်အတန်းက ပြိုင်ဘက်ကင်းပင်။ သူ၏ သိုင်းပညာ ပါရမီက မြင့်မား၏။ အနာဂတ်တွင် သူက ကောင်းကင်ပင်လယ်နန်းဆောင်၏ ဒုတိယ ကွပ်ကဲရေးမှူး ဖြစ်လာပေမည်။
ဤရာထူးက ရွှဲ့ပြည်နယ်၏ ဝန်ကြီးချုပ်ထက်ပင် ပိုမို၍ အဆင့်မြင့်မား၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်ကို ဖယ်ရှားပြီးသည်နှင့် တော်ဝင်ရန်အင်ပါယာနှင့် သဘာဝလွန်ဂိုဏ်းကြီး ခြောက်ဂိုဏ်းတို့က အရှေ့တိုင်း လောကကြီး တစ်ခုလုံးကို နောက်တစ်ကြိမ် ပိတ်ဆို့ထားမည် ဖြစ်သောကြောင့်ပင်။
ကောင်းကင်ပင်လယ်နန်းဆောင်နှင့် တခြား သဘာဝလွန် အင်အားစုများက သူတို့၏ အဆင့်အတန်းကို နောက်တစ်ဖန် မြှင့်တင်ကြပေလိမ့်မည်။ ထို့ကြောင့် ကျူးဟုန်ရွှဲ့က မည်သည့်အရာမှ ဖြစ်၍မရပေ။ အကယ်၍ ကျူးဟုန်ရွှဲ့၏ ဝိသေသသာ ပေါက်ကြားသွားခဲ့သည်ဆိုပါက အနာဂတ်တွင် ကောင်းကင်ပင်လယ် နန်းဆောင်၏ ဒုတိယကွပ်ကဲရေးမှူး ရာထူးကို ဆက်ခံနိုင်မည်လား ဆိုသည်က မသေချာတော့ပေ။
အချိန်တော်ကြာပြီးနောက် ကျူးကျွင်းက အံကိုကြိတ်ကာ ပြော၏။ “ကျူးဟုန်ရွှဲ့က ကျုပ်ရဲ့သားပဲ။ ဒီကိစ္စကို ပြောင်းလဲချင်တဲ့ ဘယ်သူမဆို သေရလိမ့်မယ်။”
ကျူးဟုန်ကျူးက ပြောသည်။ “အခု အကြောင်းရင်းကို သိပြီလား။ ရှမ့်လန်က ငါတို့နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်။ သူက ထျန်းရွှဲ့မြို့ရဲ့ အဆုံးဖြတ်တိုက်ပွဲ မတိုင်ခင် နင်ယွမ်ရှန်း၊ နင်ကျန်း၊ ပျံ့ရှောင်း၊ ကျန်းချုံးနဲ့ ဖမ်းခံထားရတဲ့ လူပေါင်းများစွာတို့ကို အန္တရာယ် မပြုရဘူးတဲ့။”
..........................