← Chapters

အခန်း (၉၄၁-၉၄၂)

Vol. 56 Ch. 941-942

အခန်း (၉၄၁-၉၄၂)

Vol. 56 Ch. 941-942

အပိုင်း (၉၄၁)

နန်းတော်အတွင်း၌ ဖြစ်၏။ ကျူးဟုန်ကျူးက တိုက်ရိုက် လျှောက်တင်၏။ “အရှင်မင်းကြီးကို လျှောက်တင်ပါ့မယ်။ ဒီအဘိုးကြီးက ကွပ်မျက်ပွဲအခမ်းအနားကို ရပ်တန့်ချင်တယ်။ ဖြစ်နိုင်ရင် နင်ကျန်းရဲ့ လက်မောင်းကို မဖြတ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် သူက အရှင်မင်းကြီးရဲ့ ညီတော်ပဲ ဖြစ်ပါတယ်။ အရှင်မင်းကြီးရဲ့ မေတ္တာတရားကို ပြသရာလည်း ရောက်ပါလိမ့်မယ်။”

ရွှဲ့ဘုရင် နင်ရှောင်က ကြောင်အသွား၏။ သူက ကျူးဟုန်ကျူးကို မယုံကြည်နိုင်စွာဖြင့် ကြည့်၏။ ဤအရာက မည်သည့်သဘောဖြစ်သနည်း။ ယခင်တုန်းက ဝန်ကြီးချုပ်ကလည်း ထိုကိစ္စကို သဘောတူခဲ့သည် မဟုတ်ပါလား။ ထို့အပြင် ဝန်ကြီးချုပ်က ထိုအချက်ကိုပင်လျှင် အလွန်သဘောကျခဲ့ပြီး ရှမ့်လန်အပေါ် လုံလောက်အောင် တင်းမာပြသရမည်ဟုပင် ပြောခဲ့သေး၏။ အဘယ်ကြောင့် ယခု စိတ်ပြောင်းသွားရသနည်း။

ရွှဲ့ဘုရင်နင်ရှောင်က မေးသည်။ “ဝန်ကြီးချုပ် ဘာကြောင့်လဲ။”

ကျူးဟုန်ကျူးက ဦးညွှတ်ကာ ဖြေ၏။ “ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ဉာဏ်ပညာ အမြော်အမြင်ကြောင့်ပါပဲ။ နင်ကျန်းသာ အပြစ်ရှိတယ်ဆိုရင်တော့ ရှမ့်လန်ကို ရှင်းပြီးမှ သူ့ကို အပြစ်ပေးရပါမယ်။ အခု သူ့ရဲ့လက်မောင်းကို ဖြတ်စရာမလိုပါဘူး။ ပြီးတော့ ရှမ့်လန်ကို ရှင်းပစ်ပြီးမှ ဒီလူတစ်သောင်းကို သတ်တာက ပိုပြီး တရားမျှတမှုရှိတယ်လို့ ကျုပ်ခံစားရတယ်။”

ရွှဲ့ဘုရင်နင်ရှောင်က ကျူးဟုန်ကျူးကို အချိန်အကြာကြီး စိုက်ကြည့်မိ၏။ ဤမျှ အရေးကြီးသည့် အခိုက်အတန့်မျိုးတွင် ကျူးဟုန်ကျူးက စိတ်ပြောင်းသွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

“ဝန်ကြီးချုပ်... ရှမ့်လန်က ခင်ဗျားကို တစ်ခုခုနဲ့ ခြိမ်းခြောက်လိုက်တာလား။”

ကျူးဟုန်ကျူးက ခေါင်းခါယမ်းကာ ဖြေ၏။ “ဒီလိုကိစ္စမျိုး မရှိပါဘူး။”

ပြီးနောက် သူက ဒူးနှစ်ဖက်လုံး ထောက်ကာဖြင့် ဦးတိုက်သည်။ “အရှင်မင်းကြီး ကျေးဇူးပြုပြီး သနားတော်မူပါ။”

နင်ရှောင်က မြေပြင်ပေါ်တွင် တုန်ယင်စွာ ဒူးထောက်လျက် ရှိနေသည့် ကျူးဟုန်ကျူးကို ကြည့်၏။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ နှုတ်ခမ်းထောင့်တွင်တော့ အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။ ပြီးနောက် ရှေ့ကိုတိုးပြီး ကျူးဟုန်ကျူးကို ထူမပေး၏။

“အိမ်မှာ သက်ကြီးဝါကြီး တစ်ယောက်ရှိတာက ရတနာတစ်ပါးရှိတာနဲ့ တူတူပဲ။ ဝန်ကြီးချုပ်ရဲ့ စကားကို ကျုပ် နားထောင်ရမှာပေါ့။”

ရွှဲ့ဘုရင်နင်ရှောင်က အမိန့်ပြန်တမ်းကို ထုတ်ပြန်သည်။ “လာကြစမ်း။ ကွပ်မျက်ကွင်းဆီကို အမိန့်စာပို့။ ကွပ်မျက်ပွဲ အခမ်းအနား ပြီးသွားပြီ။ နောက်ထပ် ကွပ်မျက်မှုတွေ မရှိစေရဘူး။

...................

ကွင်းပြင်ကြီး၌ ဖြစ်၏။ ကျူးကျွင်းက မင်းသမီးနင်လော့နှင့် ထိပ်တိုက်တွေ့ဆုံနေရ၏။ သူက ကွပ်မျက်မှုကို တားဆီးရန် ရောက်လာခြင်း ဖြစ်သော်လည်း အရှင်မင်းကြီး၏ အမိန့်ပြန်တမ်းမရှိဘဲ ရပ်တန့်မည် မဟုတ်ကြောင်း နင်လော့က အခိုင်အမာ ပြောဆိုနေ၏။

“သခင်ကြီးကျူးကျွင်း.. ကျွန်မ မှတ်မိသလောက်ဆိုရင် ရွှဲ့ပြည်နယ်ရဲ့ မျိုးရိုးနာမည်က နင်ဖြစ်နေတုန်းပါပဲ။ ကျူး မဟုတ်ပါဘူး။”

ကျူးကျွင်းက ဦးညွှတ်ကာ ပြောသည်။ “မှန်ပါတယ် မင်းသမီး။ ကျုပ်က ကွပ်မျက်မှုကို တားဆီးဖို့ လာတာ မဟုတ်ပါဘူး။ နန်းတော်က အမိန့်ပြန်တမ်းကို စောင့်ဆိုင်းပေးဖို့ မင်းသမီးတို့ မောင်နှမကို လာပြောတာပါ။”

“ဒါဆိုလည်း စောင့်ကြတာပေါ့။” မင်းသမီးနင်လော့က မထီမဲ့မြင် ပြော၏။ မျက်နှာပျက်စီးသွားပြီးနောက် သူမက ငွေရောင်မျက်နှာဖုံးကို အချိန်တိုင်းနီးပါး ဝတ်ဆင်ထားရ၏။ သူမ၏ မျက်လုံးများကသာ ဖော်ထားပြီး ထိုမျက်လုံးများကလည်း အထူးတလည် အေးစက်နေပုံပေါ်၏။

ယခင်က တတိယမင်းသားနင်ချီ၊ လက်ရှိ မြို့စားကြီးနင်ချီက စကားတစ်ခွန်းမှ မပြောဘဲ ရှိ၏။ သူက တစ်ချိန်က တောက်ပခဲ့ဖူး၏။ ထို့အပြင် ချောင်နှင့် ရွှဲ့ပြည်နယ်တို့တွင် သူပြသခဲ့သည့် အံ့မခန်းပါရမီက လူတိုင်း၏ လေးစားမှုကို အပြည့်အဝ ရရှိစေ၏။ သူ့ကို နှစ်ပေါင်းရာနှင့်ချီအတွင်း နင်ကလန် တော်ဝင်မိသားစု၏ အထူးချွန်ဆုံးသော အဖွဲ့ဝင်အဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။

သို့သော်ငြား ရွှယ်ကလန် ပျက်စီးသွားခဲ့ပြီးနောက် သူက လူအုပ်ကြားထဲတွင် လုံးဝ မှေးမှိန်ပျောက်ကွယ်ခဲ့၏။ ဘုရင်အသစ် နင်ရှောင်နန်းတက်ပြီးနောက် သူက သစ္စာစောင့်သိမှုကို ပြသခဲ့ပြီး တောင်ပိုင်းနိုင်ငံကို ဖျက်ဆီးရန် တပ်တော်ကိုပင် ဦးဆောင်ခဲ့၏။ အဆုံးမှာတော့ လအနည်းငယ်ကြာ တိုက်ခိုက်ခဲ့ပြီး ထင်ရှားသည့်ရလဒ်ကို မယူနိုင်ခဲ့ပေ။

ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်တော် တစ်သောင်းရောက်ရှိလာပြီးနောက် သဲကန္တာရ လူရိုင်းမျိုးနွယ်များကို အလွယ်တကူ ဖျက်ဆီး၏။ မင်းသားကျင်းကို အနိုင်ရသွားကြ၏။ သဲကန္တာရ အရပ်သားများအပါအဝင် သူတို့က လူတစ်သန်းနီးပါး ကို သတ်ဖြတ်ခဲ့ကြပြီး မိုင်ထောင်ချီ ကျယ်ဝန်းသည့် သစ်တောများစွာကိုလည်း မီးရှို့ခဲ့ကြ၏။

နန်းတော်သို့ ပြန်ရောက်ပြီးနောက် မြို့စားကြီးနင်ချီက ထူးခြားသည့် စွမ်းဆောင်ရည်မျိုးလည်း မရှိခဲ့သလို အသံ တစ်ချက်ကလေးမှလည်း မထွက်ခဲ့ချေ။ အကျဉ်းသား တစ်သောင်းကျော်တို့က မြေပြင်ပေါ်တွင် စနစ်တကျ ဒူးထောက်နေ၏။ သူတို့က အသံမထွက်ကြဘဲ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ကင်းမဲ့နေကြသည်။

ဤလူများစုက တစ်ချိန်က နင်ကျန်း၏ နောက်လိုက်များ ဖြစ်ခဲ့ပြီး ရှမ့်လန်၏ သွယ်ဝိုက်သော နောက်လိုက် များပင်။ အထူးသဖြင့် ထျန်းရွှဲ့ ကာကွယ်ရေးမှူးရုံးရှိ နင်ကျန်း၏ တိုက်ရိုက်လက်အောက်ငယ်သားများ ဖြစ်၏။ ယခင်တုန်းက ထိုသူတို့က မတရားခံရပါသည်ဟု အော်ဟစ်ကြပေလိမ့်မည်။ သို့သော်ငြား နှစ်နှစ်ကြာ ဖမ်းဆီး နှိပ်စက်မှုကိုခံရပြီးနောက် အားလုံးက ထုံထိုင်းဆွံ့အနေကြပြီ ဖြစ်၏။

မြို့တော်ဝန် လျှိုဝူယမ်တို့၏ မိသားစုတစ်ခုလုံးကလည်း ထိုသူများကြားထဲတွင် ဒူးထောက်နေ၏။ သူက ပထမဦးဆုံး ခေါင်းဖြတ်သတ်ရမည့် စာရင်းတွင် ပါဝင်၏။ အချိန်အတော်ကြာသည်အထိ သူက ရှမ့်လန်၏ ရန်သူ ဖြစ်ခဲ့၏။ သူ့တွင် ပြစ်မှုနှစ်ခုသာ ရှိခဲ့သည်။

ပထမတစ်ခုက ရွှမ်ဝူမြို့၌ ရှမ့်လန်ကို တွေ့ချိန်တွင် လမ်းဘေးသို့ ဖယ်ပေးပြီး ဦးညွှတ်ခဲ့ခြင်းပင်။ ဒုတိယ အချက်ကတော့ ရှမ့်လန် ပင်လယ်ရပ်ခြားသို့ ထွက်ပြေးပြီးနောက် လျှိုဝူယမ်က ရာထူးမှ နှုတ်ထွက်ခဲ့၏။ သူက ကျန်းလီကို စာနာလွမ်းဆွတ်နေသည်ဟု အထက်ပိုင်းမှ ယူဆခဲ့ကြ၏။

သဲနာရီထဲမှ သဲများက တဖြည်းဖြည်း လျှော့ကျနေ၏။ မွန်းတည့်ချိန် ရောက်ရန် ၁၅ မိနစ်ခန့် လိုတော့၏။ ဤအချိန်မှာတော့ အမိန့်ပြန်တမ်းတစ်ခုကို ပို့ဆောင်ရန် ရွှဲ့ဘုရင် နင်ရှောင် စေလွှတ်လိုက်သည့် မိန်းမစိုးက ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေ၏။ ထိုသူက အလျင်စလို ပြုလုပ်မည့် ဟန်ပန်မျိုး မရှိချေ။

သဲနာရီထဲမှ နောက်ဆုံးသဲတစ်စက်က ကျဆင်းသွားပြီး အချိန်ကို ကြည့်လိုက်ချိန်မှာတော့ မွန်းတည့်ချိန်သို့ ရောက်ရှိနေသည်။

“အချိန်စေ့ပြီ။”

မင်းသမီးနင်လော့က ပြော၏။ “မြို့စားကြီးနင်ချီ.. ကွပ်မျက်မှုကို စတင်လိုက်တော့။”

နင်ချီက တုန်ယင်စွာ ပြောသည်။ “သခင်ကြီးကျူးက အမိန့်ပြန်တမ်း အသစ်လာမယ်လို့ ပြောထားမှာတော့ နည်းနည်းလောက် စောင့်လိုက်ပါအုံးလား။”

မင်းသမီးနင်လော့က အေးစက်စက် ဆို၏။ “နင်ချီ... မင်းလည်း ပုန်ကန်ချင်နေတာလား။ မင်းလည်း ရှမ့်လန်ရဲ့ အကြွင်းအကျန်တွေကို စာနာနေတာလား။”

ကျူးကျွင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “မင်းသမီး... နည်းနည်းလောက် စောင့်ပါအုံး။ နည်းနည်းလေးပဲ စောင့်ပါ။ နန်းတော်က မိန်းမစိုး ရောက်နေပါပြီ။ သူ ရောက်နေပါပြီ။”

နင်လော့က တင်းမာစွာ ပြော၏။ “ဒါဆိုရင် ရောက်မှ ရောက်ကြောင်းပြောကြတာပေါ့။”

ပြီးနောက် သူမက လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ နင်ချီ၏ရှေ့မှ အမိန့်ပြားကို ဆွဲယူ၏။ သူမက ကြမ်းပြင်ပေါ်သို့ ပစ်ချပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “ကွပ်မျက်မှုကို စတင်ကြ။”

“ရွှပ်... ရွှပ်... ရွှပ်...”

ပထမသုတ် ကွပ်မျက်သူများက ဓားများကို မြှောက်၏။ သွေးများက လေထုထဲသို့ ပန်းထွက်သွားပြီး ခေါင်းသုံးရာ က နေရာအနှံ့သို့ လွင့်ထွက်သွား၏။

ကြည့်ရှုနေသူများက သူတို့၏ မျက်လုံးများကို အုပ်ထား၏။ ရင်ပြင်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေသည်။

နင်ချီ၏ မျက်နှာက ရှုံ့မဲ့သွား၏။ ရင်ပြင်ပေါ်ရှိ သွေးများကို ကြောင်ပြီး ကြည့်နေမိ၏။ ဤအချိန်မှာတော့ မင်းသမီးနင်လော့ ၏ အကြည့်က တစ်ကယ်ကို ရူးသွပ်သွားပုံ ပေါ်၏။ ဤကဲ့သို့သော သတ်ဖြတ်မှုများက သူမကို ပြင်းထန်သည့် လှုံ့ဆော်မှုမျိုး ဖြစ်စေသလိုပင်။

ဤကဲ့သို့သော သတ်ဖြတ်မှုမျိုးက သူမ၏ နှလုံးသားထဲတွင် ရှိနေသည့် အမုန်းတရားနှင့် ဒေါသများကို ငြိမ်းချမ်း စေနိုင်၏။ တောင်ပိုင်းနိုင်ငံ ရှုံးနိမ့်ပြီးနောက် သူမက မင်းသားကျင်း၏ သုံ့ပန်းဖြစ်ခဲ့၏။ ထိုအချိန်တုန်းက သူမက တစ်ဖက်လူကို တကယ် မမုန်းခဲ့သေးချေ။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲသွားခဲ့သည့် မင်းသားကျင်း၌ တကယ်ကို ပြင်းထန်ပြီး ထူးခြားသည့် ဆွဲဆောင်မှုမျိုး ရှိနေသောကြောင့်ပင်။ သူမက နှုတ်မှ ထုတ်မပြောခဲ့သော် လည်း စိတ်ထဲတွင် စိတ်ကူးယဉ်ဆန်မှု တချို့ရှိ၏။

ထို့အပြင် မင်းသားကျင်း ရွှဲ့ပြည်နယ်တို့၏ ဆက်ဆံရေးကလည်း အလွန် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး သူတို့က ရန်သူဘဝမှ မဟာမိတ်များ ဖြစ်လာ၏။ ထို့ကြောင့် လင်နှင့်မယား ပြန်လည်ပေါင်းစည်းလျှင် မဖြစ်နိုင်သည်က မဟုတ်ပေ။

သို့သော်ငြား မင်းသားကျင်း၏ မိန်းမက မင်းသားကျင်းကို တစ်ဦးတည်း ပိုင်ဆိုင်လိုသောကြောင့် သူမကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ပြုလုပ်ခဲ့၏။ ထို့အပြင် သူမက မင်းသားကျင်းထံမှ မည်သည့် ပြစ်ဒဏ်ကိုမှ မရခဲ့ချေ။

နောက်ပိုင်း နင်လော့က ရုပ်ဆိုးသည့် လူတစ်ဦးအဖြစ်နှင့် တောင်ပိုင်းနိုင်ငံတွင် နေထိုင်ခဲ့ရ၏။ မည်သူမှ သူမ အတွက် တရားမျှတမှုကို မရှာဖွေပေးကြချေ။ မင်းသားကျင်းကလည်း မလုပ်ခဲ့သလို ရှမ့်လန်ကလည်း မလုပ်ခဲ့ပ။

သူမ၏ ခမည်းတော် နင်ယွမ်ရှန်းကပင် မလုပ်ခဲ့ချေ။ သူမက လူတိုင်းကို မုန်းတီးလာ၏။ မင်းသားကျင်းကို မုန်း၏။ ရှမ့်လန်ကို မုန်း၏။ နင်ယွမ်ရှန်းကို မုန်း၏။ ယခု သူမ၏ နှလုံးသားက မဲမှောင်ပြီး အေးစက်နေ၏။ သတ်ဖြတ်ခြင်း၏ သွေးစက်များက သူမ၏ စိတ်လှုပ်ရှားမှုကို အနည်းငယ် နိုးထစေနိုင်၏။

“ဆက်ပြီး သတ်ကြ။” မင်းသမီးနင်လော့က ကျယ်လောင်စွာ အော်ဟစ်သည်။

ပြီးနောက် ဒုတိယသုတ် ကွပ်မျက်သူများက ဓားကို ဝှေ့ယှမ်း၏။ ထိုအချိန်မှာတော့ ရွှဲ့ဘုရင်၏ မိန်းမစိုးက အမိန့်ပြန်တမ်းသစ်ကို ကိုင်ဆောင်ပြီး ရောက်ရှိလာ၏။ ကွပ်မျက်ပွဲ အခမ်းအနားကို ရပ်တန့်ရန် အမိန့်ထုတ်ပြန်၏။

ကျူးကျွင်းက မိန်းမစိုးကို စိုက်ကြည့်ပြီး လေသံဖြင့် ပြောသည်။ “မိန်းမစိုးနန်...”

မိန်းမစိုးက ကွပ်မျက်ကွင်းသို့ ရောက်ရှိလာပြီး ဒုတိယသုတ် ကွပ်မျက်သူများက အမိန့်ပြန်တမ်းသစ် ရောက်ရှိလာမည်ကို စောင့်ဆိုင်း၏။ လေထဲတွင် ဓားများကို ရပ်တန့်ထား၏။ သူတို့ မသတ်ချင်ပေ။ ဤလူများက အပြစ်ကင်းစင်သူများ ဖြစ်၏။

ကွပ်မျက်သူများအနေဖြင့် လူဆိုးများကို သတ်လျှင် အပြစ်မရှိချေ။ သို့သော်ငြား အပြစ်ကင်းသူများကို သတ်လျှင်တော့ မကောင်းမှု အကုသိုလ်ပင်။ သို့သော်ငြား နင်ရှောင်၏ မိန်းမစိုးက ချောင်းဟန့်ပြီး စကားမပြောချေ။ လည်ချောင်းမသပ်မသာ ဖြစ်နေသည့်အလားပင်။

နင်လော့က အေးစက်စက် ပြောသည်။ “ဘာစောင့်နေတာလဲ။ သတ်ကြလေ။”

ကွပ်မျက်သူများက တီးတိုးရေရွတ်၏။ “တောင်းပန်ပါတယ်။”

ပြီးနောက် သူတို့က ဓားများကို ဝှေ့ယမ်းလိုက်၏။ နောက်ထပ် ခေါင်းနှစ်ရာက မြေပြင်ပေါ်သို့ ပြုတ်ကျသည်။

ထိုအချိန်မှာတော့ မိန်းမစိုးနန်က လည်ချောင်းကို ရှင်းရင်း ပြော၏။ “အရှင်မင်းကြီးက ကွပ်မျက်ပွဲ အခမ်းအနားကို ရပ်တန့်ဖို့ အမိန့်တော် ချမှတ်လိုက်တယ်။”

ကွပ်မျက်သူ အားလုံးက သက်ပြင်းချလိုက်၏။ နင်လော့၏ အေးစက်သည့် အကြည့်များက လှုပ်ရှားသွားပြီး လူ တစ်သောင်းကို မသတ်နိုင်လျှင် သူမ ကျေနပ်မည် မဟုတ်ချေ။ သို့သော်ငြား အနည်းဆုံးတော့ သူမက လူ ၅၀၀ ကို သတ်နိုင်သေး၏။ ထိုအရာက သူမ၏ အေးစက် မဲမှောင်နေသည့် နှလုံးသားကို အနည်းငယ်တော့ ကျေနပ် နှစ်သိမ့်မှုကို ရစေသည်။

ကျူးကျွင်းက သွေးများ ဖုံးလွှမ်းနေသည့် မြေပြင်နှင့် ရာပေါင်းများစွာသော ခေါင်းများကို ကြည့်၏။ ပြီးနောက် မင်းသမီးကြီး နင်လော့နှင့် မိန်းမစိုးနန်တို့ကို ကြည့်၏။ ရွှဲ့ဘုရင်နင်ရှောင်က အခွင့်အရေးယူပြီး သူ၏ အာဏာကို ထုတ်ဖော်ပြသခြင်းပင်။

ဤမိန်းမစိုးက မွန်းတည့်ချိန် မတိုင်မီ ကွပ်မျက်ကွင်းသို့ ရောက်လာနိုင်ပြီး လူ ၅၀၀ စလုံး အသတ်မခံရအောင် လုပ်နိုင်၏။ သို့သော်လည်း တဖက်လူက ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့ပြီး လူ ၅၀၀ အသတ်ခံရပြီးမှ အမိန့်ပြန်တမ်းကို ကြေညာ၏။ နင်ယီမှလွဲ၍ နင်တော်ဝင်မိသားစုထဲတွင် မည်သူမှ ကိုင်တွယ်ရ လွယ်ကူသူများ မဟုတ်ချေ။

“မိန်းမစိုးနန်.. ဂရုစိုက်ပါ။” ကျူးကျွင်းက မင်းသမီးနင်လော့ဘက်သို့ လက်သီးဆုပ်ပြီး အရိုအသေပေးကာ ထွက်ခွာသွားခဲ့၏။

နင်ချီက မြေပြင်ပေါ်ရှိ ခေါင်းများကို ကြည့်မိ၏။ ရွှဲ့ဘုရင်နင်ရှောင်က နောက်ဆုံးတော့ သူ၏ အစွယ်ကို ထုတ်ဖော်ပြသလိုက်၏။ သို့သော်ငြား ဤလူ ၅၀၀ က မည်မျှ အပြစ်ကင်းစင်သနည်း။ ထိုသူတို့က ရှမ့်လန်နှင့် မည်သည့်အရာများ ပတ်သက်နေသနည်း။ ထိုသူတို့နှင့် ပတ်သက်ဆက်နွယ်သူများက ရွှေတောင်နန်းဆောင်တွင် အလုပ် လုပ်ခဲ့သူများ၊ ထျန်းရွှဲ့မြို့မှ ဧကရာဇ်ကျန်းလီကို အားပေးခဲ့သူများသာ ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ သူတို့က ရှမ့်လန်အတွက် သေဆုံးပေးခဲ့ရသည်။

နင်ချီက ရှမ့်လန်၏ အကြောင်းကို ကောင်းကောင်း နားလည်ထား၏။ ဤလူက အသေးအဖွဲ နစ်နာမှုလေး တစ်ခုအတွက်ဖြင့်ပင် လက်စားချေတတ်သည့် လူမျိုးဖြသ်သည်။ တစ်ချိန်က သူ့ကို လက်ညှိုးထိုးခဲ့သည့် လူကိုပင် လက်စားချေဖူး၏။

ယခု နင်ရှောင်က လူ ၅၀၀ ကို သတ်လိုက်၏။ ထိုသူတို့က ရှမ့်လန်နှင့် မပတ်သက်ဘူး ဆိုရင်တောင်မှ ထိုအရာက ရှမ့်လန်ကို ဒေါသထွက်စေပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်က သေချာပေါက် လက်စားချေပေလိမ့်မည်။

...........

ကျူးဟုန်ကျူး၏ ဝန်ကြီးချုပ်အိမ်တော်အတွင်းမှာတော့ ...

ကျူးကျွင်းက ဒေါသထွက်နေ၏။

“နင်ရှောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက ရှမ့်လန်ကို ကြွားပြရုံ မဟုတ်ဘူး၊ ကျုပ်တို့ကိုပါ ကြွားပြနေတာ။”

ကျူးကျွင်းက အေးစက်စွာ ပြောသည်။ “နန်းတော် တစ်ကိုယ်လုံးက ကျူးကလန်ပိုင်တာ။ ကျုပ်တို့က တော်ဝင်ရန် အင်ပါယာရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်။ သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

ကျူးဟုန်ကျူးက မေး၏။ “မင်းက သူ့ကို တားခဲ့သေးလား။ သူက နင်ကျန်းရဲ့ လက်မောင်းကို ဖြတ်ခဲ့သေးလား။”

ကျူးကျွင်းက ဖြေသည်။ “ဖြတ်မယ် လုပ်ခဲ့ပါတယ်။ သူ သိပ်မကျေနပ်ပေမဲ့ တားဆီးခံလိုက်ရတယ်။”

ကျူးဟုန်ကျူးက ပြော၏။ “ဒါကောင်းတယ်။ နင်ကျန်းနဲ့ ကျန်းချုံးတို့ အဆင်ပြေနေသရွေ့ ရှမ့်လန်က ကျူးကလန်ကို လက်စားချေမှာ မဟုတ်ဘူး။ ကျူးကလန်က အစွမ်းကုန် ကြိုးစားခဲ့တယ်။ သတ်ဖြတ်မှုကို နင်ရှောင်က ဖြစ်စေခဲ့တာ။ နောက်တစ်ဆင့် နင်ရှောင်ကို ရှမ့်လန်ရဲ့ လက်စားချေမှုကို ခံစားစေလိုက်မယ်။ အဲဒါမှ သူ့ရဲ့ နှလုံးသားထဲမှာ စွဲထင်သွားလိမ့်မယ်။”

ကျူးကျွင်းက ပြောသည်။ “အဖေ... ဒီနေ့ကိစ္စမှာ နင်ရှောင်က ကျုပ်တို့ကို ဆန့်ကျင်ခဲ့တယ်။ သူ့မှာ အဲလိုလုပ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ။”

ကျူးဟုန်ကျူးက ပြော၏။ “တုံ့ကျန်းဘုရားကျောင်း...”

xxx

အပိုင်း (၉၄၂)

ကျူးကျွင်းက ပြောသည်။ “နင်ရှောင်က တုံ့ကျန်းဘုရားကျောင်းမှာ ဘုန်းကြီးဝတ်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ တုံ့ကျန်းဘုရားကျောင်းက အရင်တုန်းက ကျန်းလီနဲ့ ရင်းနှီးခဲ့တယ်။ ရွှဲ့ပြည်နယ်ကို ကျူးကျော်ဖို့ သူတို့မှာ ဘာအခွင့်အရေး ရှိလို့လဲ။ ရွှဲ့ပြည်နယ်က ကျူးကလန်နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်တို့ ပိုင်တဲ့နေရာလေ။”

တုံ့ကျန်းဘုရားကျောင်းက အင်ပါယာကျန်းလီအပေါ် ကျေးဇူးကြွေး ရှိခဲ့၏။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက အရှေ့ဘက်တွင် အင်အားကြီးမားခဲ့၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ဖျက်ဆီးရန် ကြီးမားသည့် တပ်ကြီးကို ဦးဆောင်ခဲ့သူက အင်ပါယာကျန်းလီပင်။

တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ တိုက်ပွဲတွင် အင်ပါယာကျန်းလီက တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ထိပ်တန်းကျွမ်းကျင်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ရှေးဟောင်းစာအုပ်များ ဖြစ်စေ၊ တခြား အရေးကြီးသည့် ပိုင်ဆိုင်မှုများ ဖြစ်စေ၊ အရှေ့ဘက်ရှိ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ပိုင်ဆိုင်မှု အားလုံးတို့အား တုံ့ကျန်းဘုရားကျောင်းနှင့် ရှန့်ကုန်းဘုရားကျောင်းတို့ လက်ထဲသို့ ပေးအပ်ခဲ့၏။

ဤအကြောင်းကြောင့် နင်ယွမ်ရှန်းက နင်ရှောင်ကို တုံ့ကျန်းဘုရားကျောင်းသို့ ပို့ပြီး ဘုန်းကြီးဝတ်စေခဲ့ခြင်းပင်။ သူက အင်ပါယာကျန်းလီနှင့် ရင်းနှီးသည့် သဘာဝလွန် အင်အားကြီးစု တစ်ခု ဖြစ်သောကြောင့်ပင်။ သို့သော်ငြား အင်ပါယာကျန်းလီ ရုတ်တရက် သေဆုံးပြီးနောက် တုံ့ကျန်းဘုရားကျောင်းက ချက်ချင်း ရပ်တည်ချက် ပြောင်းလဲခဲ့၏။ တော်ဝင်ရန်အင်ပါယာကို ကူညီရန် သူတို့က ဘုန်းကြီးစစ်သည်များကို စေလွှတ်ခဲ့သည်။

ပြောရမည်ဆိုရင် တုံ့ကျန်းဘုရားကျောင်းက ကျန်းလီကို သစ္စာဖောက်ခဲ့ခြင်းပင်။ ရှန့်ကုန်း ဘုရားကျောင်းကတော့ ပုံမှန်အတိုင်းနေ၏။ တော်ဝင်ရန်အင်ပါယာက တော်ဝင်ချန်အင်ပါယာကို ဖျက်ဆီးချိန်တုန်းကပင် သူတို့က တပ်ဖွဲ့များကို မစေလွှတ်ခဲ့ချေ။

လွန်ခဲ့သည့် ၂ နှစ် တော်ဝင်ရန်အင်ပါယာက ရှမ့်လန်ကို ဖျက်ဆီးချင်သည့်အချိန်မျိုးတွင် တုံ့ကျန်း ဘုရားကျောင်း က မရေတွက်နိုင်သည့် ကျွမ်းကျင်သူများနှင့် ရေတပ်တစ်ခုလုံးကို စေလွှတ်ခဲ့၏။ သို့သော်ငြား ရှန့်ကုန်း ဘုရားကျောင်းက လှေငယ်လေး တစ်စင်းသာ စေလွှတ်ခဲ့ပြီး ဘုန်းကြီးတစ်ပါးမှ မပါခဲ့ပေ။

ကျူးဟုန်ကျူးက ရှင်းရှင်းလင်းလင်း ပြော၏။ “အင်ပါယာရဲ့ မယ်တော်ကြီးက ၂ နှစ်အတွင်း တုံ့ကျန်း ဘုရားကျောင်းကို ၃ ကြိမ်သွားခဲ့တယ်။ အင်ပါယာကလည်း တုံ့ကျန်းဘုရားကျောင်းက ဘုန်းကြီးတွေကို တရားဟောဖို့ နန်းတော်ထဲကို ဆင့်ခေါ်ခဲ့တယ်။”

ကျူးကျွင်းက နားလည်သွား၏။ အင်ပါယာက ရွှဲ့ပြည်နယ်တွင် ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုတည်းကို အာဏာရှိစေလိုခြင်း မရှိချေ။ သူက အခြေအနေကို ညီမျှစေရန် တုံ့ကျန်းဘုရားကျောင်းကို အသုံးပြုလိုခြင်း ဖြစ်ပြီး ရွှဲ့ဘုရင်နင်ရှောင်က ဤအချက်ကို မြင်၏။ ထို့ကြောင့်ပင်လျှင် အရေးကြီးသော အခိုက်အတန့်တွင် ကျူးဟုန်ကျူးနှင့် တိုက်ခိုက်ခဲ့ခြင်းပင်။ ကျန်းလီ၏ အကြွင်းအကျန် ဖော်ထုတ်သူများကို သတ်ဖြတ်ပြီး လူငါးရာကို ခေါင်းဖြတ်စေလိုက်ခြင်းပင်။

................

ကျူးဟုန်ကျူးက မှန်နက်ဌာနမှ သူလျှိုကို တိတ်တဆိတ်ဖြင့် ထပ်မံကာ ဆင့်ခေါ်စေသည်။

“သူရဲကောင်း.... ကျုပ် အရမ်းကို စိတ်မကောင်းဘူး။ ကျုပ် တားဆီးဖို့ ကြိုးစားခဲ့တယ် ဆိုပေမဲ့ လူ ၅၀၀ အသတ်ခံလိုက်ရတယ်။”

ကျူးဟုန်ကျူးက ပြော၏။ “ကျေးဇူးပြုပြီး ဧကရာဇ်ရှမ့်လန်ကို ရှင်းရှင်းလင်းလင်း ပြောပြပေးပါ။ ကျုပ်ရဲ့သား ကျူးကျွင်းက ကွပ်မျက်ကွင်းကို ကြိုသွားခဲ့ပေမဲ့ မင်းသမီးနင်လော့ကို တားဆီးဖို့ မဖြစ်နိုင်ခဲ့ဘူး။ အရှင်မင်းကြီး စေလွှတ်လိုက်တဲ့ မိန်းမစိုးက ၁၅ မိနစ် နောက်ကျနေခဲ့ပါတယ်။ ဒါကြောင့် လူ ၅၀၀ က ခေါင်းဖြတ်ခံ လိုက်ရတယ်။”

မှန်နက်ဌာနမှ သူလျှိုက ပြောသည်။ “နင်ရှောင်ရဲ့ မိန်းမစိုးက ကွပ်မျက်ကွင်းကို ၁၅ မိနစ် နောက်ကျပြီးမှ ရောက်လာတယ် ဆိုတာ သေချာပါသလာ။”

ကျူးကျွင်းက ဖြေ၏။ “ဟုတ်ပါတယ်။ သူက အေးအေးလူလူ ဇိမ်ကျကျနဲ့ လမ်းလျှောက်နေခဲ့တာပဲ။”

မှန်နက်ဌာန သူလျှိ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ “ကျုပ် နားလည်ပါပြီ။ ဒါ အရှင်ရှမ့်လန်ကို ရန်စလိုက်တာပါပဲ။”

ကျူးဟုန်ကျူးက ဆို၏။ “ကျုပ်တို့က ဒီအရောင်းအဝယ်မှာ ကျုပ်တို့ရဲ့ ရိုးသားမှုကို အပြည့်အဝ ပြသပြီးပါပြီ။ ဒီရိုးသားမှုနဲ့ ကျုပ်တို့က ဆက်သွားပါမယ်။ ကျေးဇူးပြုပြီး ဒီသတင်းစကားကို အရှင်ရှမ့်လန်ဆီကို ပေးပို့ပေးပါ။”

မှန်နက်ဌာန သူလျှိုက ဖြည်းညင်းစွာ ပြောသည်။ “ဝန်ကြီးချုပ် ကျူးဟုန်ကျူး.... ကျုပ်ကို ပေးချင်တာ ဘာမှ မရှိတော့ဘူးလား။”

ကျူးဟုန်ကျူးနှင့် ကျူးကျွင်းတို့၏ မျက်လုံးများက တောက်ပ၏။ ပြီးနောက် မှင်သက်သွားခဲ့၏။ ဤအရာက ထျန်းရွှဲ့မြို့တွင် ရှမ့်လန် ထားခဲ့သည့် သူလျှိုတစ်ယောက် မဟုတ်ပါလား။ အဘယ်ကြောင့် ဤမျှ အမျှော်အမြင်နှင့် ပါရမီ ရှိနေရသနည်း။ ကျူးဟုန်ကျူးက တိတ်ဆိတ်ငြိမ်သက်သွားပြီး ပြီးနောက် တုန့်ဆိုင်းနေမိ၏။

မှန်နက်ဌာန၏ သူလျှိုက ပြောသည်။ “ကျုပ် ဧကရာဇ်ရဲ့ နောက်ကို လိုက်ခဲ့တာ နှစ်အနည်းငယ် ရှိပါပြီ။ သူ့ရဲ့ စရိုက်ကို ကျုပ်ကောင်းကောင်း သိတယ်။ လူ ၅၀၀ က အရှင်ရှမ့်လန်နဲ့ ဘာမှ မပတ်သက်ဘူး ဆိုရင်တောင် ဒါက နင်ရှောင်ရဲ့ ရန်စမှုပါပဲ။ ဧကရာဇ်က သေချာပေါက် လက်စားချေပါလိမ့်မယ်။ ဆယ်ဆ .. အဆတစ်ရာ။ ဝန်ကြီးချုပ်ကျူးဟုန်ကျူး အနေနဲ့ ဧကရာဇ်ကို ကိစ္စတွေ ပိုပြီးလွယ်ကူအောင် လုပ်ပေးနိုင်မယ်လို့ ကျုပ်ထင်တယ်။ ဒါမှမဟုတ်ရင် ဧကရာဇ်က ကျူးမိသားစုအပေါ် သူ့ရဲ့ ဒေါသတွေ ပုံချပါလိမ့်မယ်။”

ကျူးဟုန်ကျူးက ခေတ္တမျှ စဉ်းစား၏။ ပြီးနောက် မြေပုံတစ်ချပ်နှင့် စုတ်တံတစ်ချောင်းကို ယူလိုက်ပြီး မြေပုံပေါ်ရှိ နေရာတွင် သူက စက်ဝိုင်း ဝိုင်း၏။ ပြီးနောက် ချက်ချင်း ထိုမြေပုံကို မီးရှို့လိုက်၏။ မှန်နက်ဌာနမှ သူလျှိုက ကျူးဟုန်ကျူး၏ မြေပုံပေါ်တွင် ဝိုင်းပြသည့် နေရာကို ကြည့်ရင်း ချက်ချင်း မှတ်သား၏။ ပြီးနောက် သူက ဦးညွှတ်လိုက်၏။

“ကျုပ် မှတ်ထားပါ့မယ်။ အခုပဲ ဧကရာဇ်ဆီကို သတင်းပေးပို့လိုက်ပါမယ်။ ဧကရာဇ်က မကြာခင် ထျန်းရွှဲ့မြို့ကို တိုက်ခိုက်ပါတော့မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ရွှဲ့ပြည်နယ်ရဲ့ အရင်ဘုရင်ဟောင်း နင်ယွမ်ရှန်း၊ ပြီးတော့ ဘုရင်နင်ကျန်း၊ ဝန်ကြီးချုပ်ကျန်းချုံး၊ မင်းကြီးပျံ့ရှောင်း၊ လီစွန်း၊ လီမူ၊ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှ အန္တရာယ် မပြုရဘူး။ သူတို့ ထိခိုက်သွားရင် အဲဒီအပြစ်တွေ အကုန်လုံးကို ကျူးကလန်ပေါ် ပုံချပါမယ်။”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ဧကရာဇ်ရှမ့်လန်နဲ့ သဘောတူညီချက်ကို ပြီးမြောက်အောင် ကျုပ်တို့ အစွမ်းကုန် လုပ်ပါမယ်။ နောက်ဆုံး တိုက်ပွဲအထိပေါ့။”

မှန်နက်ဌာနမှ သူလျှိုက ဆို၏။ “ဒါဆိုရင် ကျုပ်တို့ ခွင့်ပြုပါအုံး။”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “မင်း ရွှဲ့ပြည်နယ်ကနေ ထွက်ခွာသွားနိုင်ဖို့ လူတွေ လွှတ်ပြီး လိုက်ပို့ပေးမယ်။ ရွှမ်ဝူမြို့ကို သွားလိုက်။”

..............

၃ ရက်ကြာပြီးနောက်။ မှန်နက်ဌာနမှ သူလျှိုက ရှမ့်လန်၏ ရှေ့မှောက်တွင် ဒူးထောက်နေ၏။ ထျန်းရွှဲ့မြို့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တင်ပြ၏။

ရှမ့်လန်က ဒေါသအကြီးအကျယ် ထွက်သွားပြီး လက်ထဲရှိ စာရွက်ကိုပင် အပိုင်းပိုင်း အစစဖြစ်အောင် ဖျက်ဆီးခဲ့မိသည်။

ကျူးမိသားစုက အလျော့ပေးခဲ့သည်။ သို့သော်ငြား ဘုရင်နင်ရှောင်က ပြဿနာရှာသည့်လူ ဖြစ်လာခဲ့၏။ ထိုအရာက ရန်စမှုပင်။ ထိုအရာက သူ ... ရှမ့်လန်၏ မျက်နှာကို ရိုက်လိုက်ခြင်းပင်။ ကျူးမိသားစု၏ မျက်နှာကို ရိုက်လိုက်ခြင်းလည်း ဟုတ်၏။

ကျူးဟုန်ကျူးက ကွပ်မျက်မှုကို တားဆီးဖို့ ပေါ်လာခဲ့ပေး၏။ သို့ပေမည့် နင်ရှောင်က လူ ၅၀၀ ကို တမင်တကာ သတ်ခဲ့၏။ ဤလူများက ရှမ့်လန်နှင့် ဘာမှ မပတ်သက်ဘူး ဆိုလျှင်တောင် အနည်းဆုံးတော့ ထိုလူတို့က အင်ပါယာကျန်းလီ၏ အကြွင်းအကျန်များဟု သတ်မှတ်ခံရပေလိမ့်မည်။ အစဉ်တစိုက် အားပေးကြသူများပင်။

ထို့ကြောင့် အတိုင်းအတာတစ်ခုထိ သူတို့က ရှမ့်လန်၏ လူများဖြစ်၏။ ထိုသူတို့က ရှမ့်လန်အတွက် သေဆုံးသွားခဲ့၏။ နင်ရှောင် ဤလူ ၅၀၀ ကို ကွပ်မျက်လိုက်ခြင်းက ရှမ့်လန်ကို အင်အား ပြလိုက်ခြင်းနှင့် ဆင်တူသည်။

ရှမ့်လန်၏ မှန်နက်ဌာန သူလျှိုက မြေပုံတစ်ခုကို ထုတ်ယူပြီး နေရာတစ်ခုကို စက်ဝိုင်း ဝိုင်းပြ၏။

“ဒါ ဘယ်နေရာလဲ။” ရှမ့်လန်က မေးသည်။

“ဒါ တော်ဝင်ရန်ပြည်နယ်ရဲ့ အနောက်ဘက်ပါ။ ချောင်နယ်စပ်က နှင်းဖုံးတောင်တန်း တစ်ခုပါပဲ။”

မှန်နက်ဌာနက သူလျှိုက ပြော၏။ “အဲနေရာကို ငှက်ပျောက်တောင်လို့ ခေါ်ပါတယ်။ အဲမှာ ငှက်ပျောက်မြို့ ရှိတယ်။”

တောင်ပေါ်တွင် ငှက်တွေ မရှိပေ။ ဆိုလိုသည်က ဤနေရာတွင် လူများနေထိုင်သည့် လက္ခဏာ မရှိဟု ဆိုလိုခြင်းပင်။

ရွှယ်ရင်က ဝင်ပြောသည်။ “အဲနေရာကို သိတယ်။ ငှက်ပျောက်မြို့က အရင်တုန်းက တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရဲ့ ခြေကုပ်စခန်း တစ်ခုပဲ။ အင်ပါယာကျန်းလီက သိမ်းပိုက်ပြီးတဲ့နောက်မှာ စွန့်ပစ်ထားခဲ့တယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းနဲ့ မယှဉ်သာပေမဲ့ တောင်ပေါ်က ရဲတိုက်ကြီးကတော့ ခန့်ခန့်ညားညား ရှိနေတုန်းပဲ။”

ရှမ့်လန်က ပြော၏။ “ကျူးဟုန်ကျူးက အဲနေရာကို ဝိုင်းပြလိုက်တယ်။ ဆိုလိုတာက အဲနေရာမှာ တုံ့ကျန်း ဘုရားကျောင်း ရှိနေတယ်။ နင်ရှောင်နဲ့ ဆက်စပ်နေတယ်လို့ ပြောချင်နေတာပဲ။ အဓိကအားဖြင့် စုံစမ်းလိုက်။ နင်ရှောင် ဘုန်းကြီးဝတ်ခဲ့တုန်းက မိန်းမရှိလား။ သူ့မှာ သားရှိလား သေချာစုံစမ်း။ ဒါက တုံ့ကျန်းဘုရားကျောင်းရဲ့ လျှို့ဝှက်စခန်း ဖြစ်ပြီးတော့ နင်ရှောင်နဲ့ ပတ်သက်နေတယ်ဆိုတာ အတည်ပြုနိုင်ရင် အဲမြို့ကို ချေမှုန်းပစ်ရမယ်။ နင်ရှောင်က ကျုပ်ရဲ့ လူငါးရာကို သတ်တယ်။ ဒါဆိုရင် ကျုပ်က ဆယ်ဆ၊ အဆ တစ်ရာကျော်အောင် ပြန်ပြီး သတ်ဖြတ်ပစ်မယ်။ ကျုပ် ရှမ့်လန်ကို ရန်စလို့ မရဘူးဆိုတာ အားလုံး သိစေရမယ်။”

.............

ယောင်ယောင်က မည်သည့်နေရာတွင်ရှိရှိ ပျော်ရွှင်မှု အပြည့်ရှိသည့် ကလေးမလေး တစ်ယောက်ပင်။ အနောက်လောကမှ အရှေ့လောကဆီသို့ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ရောက်ရှိလာစဉ်ကလည်း အလွန် ပျော်ရွှင်ခဲ့၏။ မိစ္ဆာတြိဂံနယ်မြေထဲတွင်ပင် သူမက ပျော်ရွှင်ခဲ့၏။ ယခု ရွှမ်ဝူနယ်စား အိမ်တော်သို့ ပြန်ရောက်နေပြီ ဖြစ်သောကြောင့် အလွန် ပျော်ရွှင်မှုကို ပြသနေသည်။

ဤအချိန်မှာတော့ ကလေး ၃ ယောက်တို့က ခုံတန်းရှည်လေးပေါ်တွင် သေသေချာချာ ထိုင်ကာဖြင့် စာရေးနေ၏။ ကလေးလေး ရှမ့်လီက အသက် သုံးနှစ်အောက်သာ ရှိသေးသော်လည်း ခန္ဓာကိုယ် မတ်မတ်ထိုင်ကာ အလွန် အလေးအနက်ထားသည့် ဟန်ပန်မျိုး ရှိ၏။ တူများက ဦးလေးနှင့် တူသည်ဟု ဆိုကြ၏။ ရှမ့်လီ၏ စရိုက်က နင်ကျန်းနှင့် တကယ်ကို တူ၏။ သူ၏ ပါရမီက မမြင့်မားသော်လည်း ဘာလုပ်လုပ် အကောင်းဆုံး လုပ်လေ့ရှိ၏။

ရှမ့်လန်က သူ့နောက်သို့ လျှောက်သွားပြီး စာရေးသားမှုကို ကြည့်၏။ သေသပ် လှပ၏။ ငယ်ရွယ်သည့် အရွယ်တွင် ဤသို့ ရေးနိုင်သည်က တကယ်ကို အံ့မခန်းပင်။ ဆရာကြီးလင်းက ရှမ့်လီကို ချီးကျူးမဆုံး ဖြစ်နေပြီး အရွယ်ရောက်ပါက လူကောင်းတစ်ယောက် ဖြစ်လာမည်ဟု အစဉ်အမြဲပြောတတ်သည်။

နယ်စားကြီး ကျင်းကျိုးကတောင် ရှမ့်လီကို ချီးကျူးခဲ့၏။ တည်ငြိမ်သည့် စရိုက်နှင့် ဇွဲသတ္တိ ရှိသည်ဟု ပြောခဲ့ဖူး၏။ ကလေးလေး ရှမ့်ယီက နယ်စားကြီး ကျင်းကျိုး၏ မြေးဖြစ်သော်လည်း ကျင်းကျိုးက ရှမ့်ယီကို တစ်ခါမှ ဤကဲ့သို့ မချီးကျူးခဲ့ဖူးချေ။ သူ့ကဲ့သို့သော လူမျိုး၏ မျက်လုံးထဲတွင် ဉာဏ်ရည်က အရေးကြီးဆုံး မဟုတ်ဘဲ စရိုက်ကသာ အရေးကြီးဆုံး ဖြစ်၏။ ထို့အပြင် ရှမ့်ယီလေးက ဉာဏ်ကောင်းသည် ဆိုလျှင်တောင်မှ တကယ်ကို ဆိုးသွမ်းလွန်း၏။

ရှမ့်ချမ်းက ဆရာကြီးလင်း၏ မြေးဖြစ်သော်လည်း ဤကလေးလေးက ငယ်စဉ်တည်းက စောင့်ကြည့်ခံ ထားရ၏။ မဟုတ်ပါက အသက်ကြီးလာလေ လမ်းမှားရောက်ဖို့ လွယ်ကူသည်ဟု အမြဲပြောသည်။

သူ၏အဖေ သူ့နောက်တွင် ရှိနေသည်ဟု ခံစားမိသောကြောင့် ကလေးလေး ရှမ့်လီက ချက်ချင်း မတ်မတ်ထိုင်ပြီး ပိုမို အလေးအနက်ထားဟန် ပြု၏။ ဤကလေးလေး၏ မျက်နှာက တင်းမာနေပြီး သူ၏ ပြည့်စုံသော အခြေအနေကို ထုတ်ဖော် ပြသချင်သည့် အလားပင်။

ဤကာလများအတွင်း အတူတူ နေထိုင်ပြီးနောက် ရှမ့်လန်က ဤသားလေးကို ပို၍ နားလည်လာ၏။ သို့သော်လည်း သူ ပိုမိုကာ စိတ်မကောင်းဖြစ်မိ၏။ ဤကလေးက တကယ်တော့ သိပ်ကို ခံစားလွယ်သည့် ကလေးတစ်ယောက်ပင်။ လူကြီးများ၏ အာရုံစိုက်မှုကိုရဖို့ ဘယ်တော့မှ သူက ပြဿနာ မရှာတတ်ချေ။

အနည်းငယ်မျှနှင့် မြေပြင်ပေါ်လှဲချပြီး လူးလိမ့်နေတတ်သော သို့မဟုတ် သနားစရာ ကောင်းလောက်အောင် ပေါင်ကို ဖက်တွယ် ထားတက်သော ရှမ့်ယီကဲ့သို့ ကလေးမျိုး မဟုတ်ချေ။ ရှမ့်လီက အလေးအနက်ထား ပြုမူဆောင်ရွက်တတ်သည့် လူစားမျိုး ဖြစ်ပြီး ချီးကျူးမှုနှင့် ဂရုစိုက်မှုကို လိုချင်သော်လည်း ဘယ်သောအခါမှ စတင် တောင်းဆိုမည့် လူမျိုး မဟုတ်ပေ။

“တော်တယ်။” ရှမ့်လန်က ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။

ချက်ချင်းပဲ ရှမ့်လီက အံ့ကို ကြိတ်၏။ သူ၏ အရည်အချင်း ၁၂၀ ရာခိုင်နှုန်းကို ပြသချင်နေမိသည်။

ကလေးလေး ရှမ့်မီကတော့ မွေးရာပါ မင်းသမီးလေးပင်။ သူမက ပြီးပြည့်စုံမှုကို ကြိုးစား အားထုတ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးစိတ် လွန်ကဲတတ်သည်။ စာရေးကောင်းသည်ထက်စာလျှင် သူမ၏ စာရေးသားနေသည့် ကိုယ်နေဟန်ထား ပြီးပြည့်စုံရဲ့လား ဆိုသည်ကို ပို၍ ဂရုစိုက်၏။

ရှမ့်လန်က ခေါင်းငုံ့ပြီး ရှမ့်မီ၏ ခေါင်းထိပ်ကို နမ်း၏။ ကလေးမလေး၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော်လည်း မပြုံးမိအောင် အတင်းထိန်းထားပုံပင်။ အတိုချုပ် ပြောရမည်ဆိုလျှင် သူမက သွားမလဲမချင်း လုံးဝ ပြုံးလိမ့်မည် မဟုတ်ချေ။

ယောင်ယောင်ကတော့ လုံးဝကို ပြီးပြည့်စုံ၏။ နတ်သမီးလေး အလားပင်။

..................

“မင်းဘာလုပ်နေတာလဲ။” ရှမ့်လန်က မေးလိုက်၏။

“ရှင် အဲဒါကို နောက်တစ်ခါ ပေါက်ကရတွေပြောရင် ရှင့်ကို သေအောင် ဖိထိုင်ပစ်မယ်။” နင်ယန်က ကြမ်းတမ်းစွာ ခြိမ်းခြောက်၏။ သူမက ကိုယ်အလေးချိန် ချိန်နေခြင်းပင်။ ရှမ့်လန် ပြန်ရောက်လာတည်းက သူမက လျင်မြန်စွာ ဝဖြိုးလာ၏။ ရှမ့်လန် မရှိတုန်းက သူမက အချိန်တိုင်းနီးပါး စိတ်ဓာတ်ကျခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးက ပိန်ချုံး၏။ အဆုံးမှာတော့ သူမက ရေပဲသောက်သည်တောင် ကိုယ်အလေးချိန် တက်လာခဲ့၏။ တကယ့်ကို စိတ်ညစ်မိသည်။

“အသားတွေ အများကြီးပဲ။”

ရှမ့်လန်က ရှေ့ကို တိုးပြီး သူမ၏ ပါးကို ဖိညှစ်၏။ “မင်း အရင်ကထက် အများကြီး လှလာတာပဲ။ ကိုယ်ဝန် ရှိနေတာလား။”

“မရှိပါဘူး။” နင်ယန်က ခေါင်းခါယမ်းသည်။

ရှမ့်လန်က မေး၏။ “ဘယ်လိုလုပ် သိတာလဲ။”

နင်ယန်က ပြောသည်။ “သူလာတော့မယ်လေ။”

ရှမ့်လန်က ပြော၏။ “လာတော့မယ် ဟုတ်လား။ ဆိုလိုတာ မလာသေးဘူးပေါ့။ လာလာ။ မြန်မြန်လာ။”

ပြီးနောက် ရှမ့်လန်က လိုင်ချီးသီးကို အခွံခွာသကဲ့သို့ပင် နင်ယန်ကို အခွံခွာလေတော့သည်။

“ဟင် .... အခုမှ နေ့ခင်းကြောင်တောင်ကြီး။ ရှင် လုပ်စရာ ဘာမှ မရှိဘူးလား။” နင်ယန်က လန့်သွား၏။

“ဘယ်သူက ငါ့ကို လုပ်စရာ မရှိဘူးလို့ ပြောလို့လဲ။ ဒါ ငါ့အလုပ် မဟုတ်ဘူးလား။” ရှမ့်လန်က ပြန်ပြောသည်။

...............

နာရီဝက် ကြာပြီးနောက် ....

“ယန်အာ.. နင်ရှောင်အကြောင်းကို မင်းဘယ်လောက်သိလဲ။”

ရှမ့်လန်က မေး၏။ “အဲဒီတုန်းက ဘာလို့ သူ့ကို ဘုန်းကြီးဝတ်ဖို့ စေလွှတ်လိုက်တာလဲ။”

နင်ယန်က ရှမ့်လန်ကို ကျောပေးပြီး လှဲလျောင်းနေ၏။ “တိကျတဲ့ အကြောင်းရင်းကို မသိဘူး။ ဒါပေမဲ့ သူ့အမေက နန်းတွင်းအပျိုတော် တစ်ယောက်ပဲ။ နင်ရှောင် ငါးနှစ်သားအရွယ်မှာ ရုတ်တရက် သေဆုံး သွားတယ်။ ပြီးနောက် နင်ရှောင်ကို တုံ့ကျန်းဘုရားကျောင်းဆီ ဘုန်းကြီးဝတ်ဖို့ ပို့လိုက်တာပဲ။”

နင်ရှောင်၏ အမေက နန်းတွင်းအပျိုတော် တစ်ယောက်ဖြစ်ပြီး စောစောစီးစီး သေဆုံးသွား၏။ ဤကိစ္စကို ရှမ့်လန်က သိသည်။

သို့ဆိုစေကာမူ ထိုအရာက နင်ရှောင် ဘုန်းကြီးဝတ်ခြင်းနှင့် ဘာဆိုင်နေသနည်း။ အမှန်တကယ်မှာတော့ နောက်ပိုင်းနှစ်များအတွင်း နင်ယွမ်ရှန်းက ရှမ့်လန်အပေါ် လျှို့ဝှက်ချက် မရှိသလောက် ပြောပြဖြစ်ခဲ့၏။

ရှမ့်လန် ဘာကိုပဲ သိချင် သိချင်၊ နင်ယွမ်ရှန်းက ပွင့်ပွင့်လင်းလင်း ပြောပြတတ်၏။ သို့သော်ငြား နင်ရှောင်နှင့် သူ့မိခင်အကြောင်း ကိုတော့ ရှမ့်လန်က တကယ်ပဲ မမေးဖြစ်ခဲ့ချေ။

All Chapters