← Chapters

အခန်း (၉၄၇-၉၄၈)

Vol. 57 Ch. 947-948

အခန်း (၉၄၇-၉၄၈)

Vol. 57 Ch. 947-948

အပိုင်း (၉၄၇)

မင်းသမီးနင်လော့ အတားအဆီးများနှင့် ကြုံနေရသလို နင်ယီကလည်း အလားတူပင်။ သူက စစ်သည် တစ်ရာကျော်ကို ဦးဆောင်ပြီး ရေနက်တပ်ဖွဲ့၏ အကျဉ်းထောင်ဆီသို့ ရောက်ရှိ၏။ သို့ပေမည့် ရေနက်တပ်ဖွဲ့၏ အကြီးအကဲက သူတို့ကို ရဲတိုက်အပြင်ဘက်တွင် တားဆီးထားသည်။

“မြို့စားမင်းယီ.. ခင်ဗျားရဲ့အမိန့်တော်ပြန်တမ်းမှာ အစိုးရအဖွဲ့ရဲ့ တံဆိပ်တုံးမပါဘူး။ မလိုက်နာနိုင်တဲ့အတွက် ခွင့်လွှတ်ပါ။”

နင်ယီက ဒေါသတကြီးဖြင့် ပြော၏။ “ရေနက်တပ်ဖွဲ့ဆိုတာ တော်ဝင်ရန်အင်ပါယာရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ရှိတာ။ ဘယ်အချိန်ကစပြီး အစိုးရအဖွဲ့ရဲ့ အမိန့်ကို နားထောင်နေရတာလဲ။”

ရေနက်တပ်ဖွဲ့၏ အကြီးအကဲက စိတ်ထဲတွင် လှောင်ပြောင်လိုက်မိသည်။ အကြီးအကဲတစ်ယောက်အနေနှင့် သူက တော်ဝင်ရန်အင်ပါယာမှ တိုက်ရိုက် စေလွှတ်လိုက်သူပင်။ တစ်ဖက်လူက တော်ဝင်ရန်အင်ပါယာကို အလုပ်အကျွေး ပြုနေသည်ဟု ပြောနေရသည်လား။

နင်ယီက တင်းမာစွာ ပြောသည်။ “အကြီးအကဲလင်း။ ဒါကိုမှတ်ထားပါ။ ကျုပ်က အရှင်မင်းကြီးဆီ သေချာပေါက် တိုင်မယ်။ ခင်ဗျားက ရှမ့်လန်ရဲ့ လူတွေကို ကိုယ်ချင်းစာ ထောက်ခံပေးနေတယ်ပေါ့။ ဒီကိစ္စက ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး။ သွားကြမယ်။”

ရေနက်တပ်ဖွဲ့၏ အကြီးအကဲက သူ့သဘောသူဆောင်ဆိုသည့် ပုံစံမျိုးဖြင့် ခပ်မဆိတ် နေထိုင်နေ၏။

ပြီးနောက် နင်ယီက ဒေါသတကြီးဖြင့် လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့၏။ နင်ယီ၊ နင်လော့တို့က လက်ဗလာနှင့် ပြန်လာခဲ့၏။ နင်ရှောင်ကို အကြောင်းစုံ လျှောက်တင်သည်။

ရွှဲ့ပြည်နယ်တစ်ခုလုံး၏ အာဏာက နင်ရှောင်၏ လက်ထဲတွင် မရှိဘဲ ကျူးမိသားစု၏ လက်ထဲတွင် ရှိနေကြောင်း ဤအချိန်မှာတော့ ရှင်းလင်းစွာ ခံစားမိ၏။ သို့သော်ငြား ကျူးဟုန်ကျူးက ပဋိပက္ခတစ်စုံတစ်ရာ မဖြစ်ပွားမီ ဘုရင်နှင့် မှူးမတ်များကို မဆန့်ကျင်လိုခဲ့ပေ။ ယခု နင်ရှောင် အနည်းငယ် ခုခံလာချိန်မှသာ သူ၏ ကြမ်းတမ်းလွန်းသည့် အစွယ်များကို ချက်ချင်း ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်၏။

နင်ရှောင်က ဒေါသထွက်လွန်းသောကြောင့် ဟက်ဟက်ပက်ပက် ထကာ ရယ်မောသည်။ “ဟား ဟား ဟား။ စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ ငါတို့ရဲ့ ဝန်ကြီးချုပ်က ဘာလို့ ဟန်မဆောင်တော့တာလဲ။”

နင်ယီက ပြောလိုက်သည်။ “ရှမ့်လန်က ကျူးဟုန်ကျူးနဲ့ ပူးပေါင်းနေတယ်။ ဒီနှစ်ယောက်ကြားမှာ မပြောရဲတဲ့ သဘောတူညီချက် တစ်ခုခု ရှိရမယ်။”

နင်ရှောင်က ပြော၏။ “ရိုးရိုးလေးပါပဲ။ ရှမ့်လန်ရဲ့လက်ထဲမှာ ကျူးမိသားစုရဲ့ အားနည်းချက် ရှိနေတာပေါ့။”

နင်ယီက မေးသည်။ “ကျုပ်တို့ ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား။”

နင်ရှောင်က ပြုံးလိုက်၏။ “မလောနဲ့။ မလောနဲ့။ ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ တုံ့ကျန်းဘုရားကျောင်းရဲ့ တပ်တွေက ထျန်းရွှဲ့မြို့မှာ တပ်စွဲဖို့ အကြောင်းပြချက် မရှိခဲ့ဘူး။ အခုတော့ တို့ရဲ့တပ်တွေက နန်းတော်မှာ တရားဝင် တပ်စွဲလို့ရပြီ။ တပ်သာ ငါတို့ရဲ့လက်ထဲကို ရောက်လာရင် ဘုရင်တစ်ပါးအနေနဲ့ ငါက ကောင်းကောင်းကြီး သုံးလို့ရပြီပဲ။”

နင်ယီက မေးမြန်းလိုက်သည်။ “ရှမ့်လန်ကို လက်စားချေဖို့ ကိစ္စရော။”

နင်ရှောင်က ပြော၏။ “ငါတို့က မြောက်ဘက် အမဲလိုက် ကွင်းပြင် အကျဉ်းထောင်၊ ရေနက်တပ်ဖွဲ့ရဲ့ အကျဉ်းထောင် နဲ့ နန်းတွင်းအကျဉ်းထောင်ထဲကို ဝင်လို့မရဘူး။ ဒါပေမဲ့ နန်းတော်က ငါတို့လက်ထဲမှာ ရှိနေတုန်းပဲ။ အဖေက ငါတို့ လက်ထဲမှာ ရှိနေတယ်။ အဖေ့အပေါ်မှာ ထားတဲ့ ရှမ့်လန်ရဲ့ သံယောဇဉ်က သိပ်ပြီး နက်ရှိုင်းတယ်။ နင်ကျန်းနဲ့ ကျန်းချုံးတို့ထက်တောင် သာလွန်သေးတယ်။ သူတို့က သားအဖတွေ မဟုတ်ပေမဲ့ သားအဖတွေထက်တောင် ပိုပြီးတော့ ချစ်ခင်ကြသေးတယ်။”

ထိုစကားကို ကြားချိန်မှာတော့ နင်ယီနှင့် နင်လော့တို့၏ မျက်နှာထားများက ပြောင်းလဲသွားသည်။

ရွှဲ့ဘုရင် နင်ရှောင်က ပြုံးလိုက်၏။ “အဖေက အသက်ကြီးပြီဆိုတော့ သူ့ရဲ့ မျိုးဆက်ပွားအင်္ဂါက အသုံး မဝင်တော့ဘူး။ ရှမ့်လန်မှာ စိတ္တဇ ဂွေးဖြတ်သမားဆိုတဲ့ နာမည်ပြောင် ရှိတယ်မလား။ ဒါဆိုရင် အဖေ့ကို သွားပြီး သင်းကွပ်လိုက်။ အဲဒီပစ္စည်းကို ရှမ့်လန်ဆီ ပို့ပေးလိုက်။”

နင်ယီနှင့် နင်လော့တို့၏ မျက်နှာများက ချက်ချင်း ဖြူရော်သွား၏။ သူတို့က စကားပင် ပြန်မပြောနိုင်ခဲ့တော့ချေ။ နင်လော့၏ စိတ်နှလုံးက ရှုပ်ထွေးသွားခဲ့၏။ သူမက သူမ၏အဖေ နင်ယွမ်ရှန်းကို မုန်းတီး၏။ သို့ပေမည့် သူမ၏ အဖေရင်းကို ကိုယ်တိုင် သတ်ဖြတ်ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။

နင်ယီက အတ္တကြီးပြီး လောဘကြီး၏။ သေရမည်ကို ကြောက်ရွံ့သူပင်။ သူက နင်ယွမ်ရှန်းကို ပို၍ မုန်းတီးသေး ၏။ ဒေါသဖြေဖျောက်ရန် နင်ယွမ်ရှန်းကို အကြိမ်ကြိမ် သွားရောက် နှိပ်စက်ခဲ့ဖူး၏။ သို့ပေမည့် အဖေ့ကို သတ်ဖြတ်ရန်အထိတော့ သူ မတွေးခဲ့ဖူးပေ။

အချိန်ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက် နင်ယီက ပြော၏။ “အဖေ့ကို သတ်လို့မရဘူးလို့ နင်ဟန် ပြောထားတယ်။”

နင်ရှောင်က ပြောသည်။ “ငါ သူ့ကို သတ်တာမှ မဟုတ်တာ။ သင်းကွပ်ပစ်ရုံလေ။ ဘာပဲပြောပြော အဖေ့အတွက် အဲဒါက အသုံးမဝင်တော့ဘူး။ ဝက်ဆိုရင်တောင် သင်းကွပ်ပြီးမှ ပိုပြီး ကြီးထွားလာကြတာ။ အဖေ့ရဲ့ မျိုးဆက်ပွားအင်္ဂါက အခု ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီ။ သင်းကွပ်လိုက်ရင် သူ့ရဲ့ကျန်းမာရေး ပိုကောင်း လာနိုင်တယ်။ ပြီးတော့ ဒါက ရှမ့်လန်အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်စေမှာပဲ။”

ရွှဲ့ဘုရင် နင်ရှောင်က ဓားကောက်တစ်ချောင်းကို ကောက်ယူပြီး ဓားသွားပေါ်သို့ လေမှုတ်၏။ ပြီးနောက် ပိုးစတစ်ခုကို သုတ်ပြီး နင်ယွမ်ရှန်း၏ နန်းဆောင်ဆီသို့ လျှောက်သွား၏။

နင်ယီက နင်ရှောင်၏ ကျောပြင်ကို ကြည့်ပြီး ဦးရေပြားများပင် ထုံကျဉ်သွားသလို ခံစားရ၏။ ဤလူက အရူးတစ်ယောက်ပင်။

ထိုအချိန်မှာတော့ မိန်းမစိုးနန်က ရုတ်တရက် ပြေးဝင်လာပြီး အော်ဟစ်သည်။ “အရှင်မင်းကြီး... သတင်းကောင်း။ သတင်းကောင်းပါပဲ။”

နင်ရှောင်က အံ့အားသင့်သွား၏။ “ဘာသတင်းမို့လို့လဲ။”

မိန်းမစိုးနန်က လျှောက်တင်သည်။ “တုံ့ကျန်းဘုရားကျောင်းရဲ့ တပ်တွေ ရောက်လာပါပြီ။ သူတို့ မိုင်အနည်းငယ် အကွာမှာ ရောက်နေပါပြီ။ ကျုပ်တို့ရဲ့ တပ်တွေ တကယ်ရောက်လာခဲ့ပြီ။”

နင်ရှောင်က ချက်ချင်း ဝမ်းသာအားရ ဖြစ်၏။ ဤအရာက သူ့အတွက် တကယ့်ကို သတင်းကောင်းပင်။

“ပြင်ဆင်ကြစမ်း။ ကျုပ်ကိုယ်တိုင် ဗာမေလီယန် တံခါးပေါက်ကနေ သွားပြီး ကြိုဆိုမယ်။”

........................

ထျန်းရွှဲ့မြို့၏ စစ်ပွဲကြီးက ဆိုက်ရောက်လာပေတော့မည်။ လောကသားအားလုံးက စောင့်ကြည့်နေကြ၏။ ကောင်းကင်ပင်လယ် နန်းဆောင်၏ သွေးဝိညာဉ်တပ်က ပြန်မရောက်သေးချေ။ တုံ့ကျန်းဘုရားကျောင်း၏ တပ်များကတော့ ထျန်းရွှဲ့မြို့ထဲသို့ ဝင်ရောက်လာ၏။

စုစုပေါင်း ဘုန်းကြီးစစ်သည်ပေါင်း တစ်သောင်းက အထူးတပ်ဖွဲ့ဝင်များပင်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က သာမန်စစ်သည်များထက် အဆပေါင်းများစွာ သာလွန်သည်။ ဤဘုန်းကြီးစစ်သည် တစ်ယောက်ချင်းစီတိုင်းက အထူးပြုပြင် ဖန်တီးထားခြင်းပင်။ သူတို့က မိစ္ဆာပညာရပ်များကို ကျင့်ကြံထားရုံသာမက သွေးမျိုးဆက်များ ကိုလည်း ပြုပြင်ပြောင်းလဲထားကြသည်။

ရွှဲ့ဘုရင် နင်ရှောင်၏ ကြိုဆိုမှုအောက်မှာပဲ ဘုန်းကြီးစစ်သည် တစ်သောင်းလုံးက မြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီး နန်းတော်အတွင်းသို့ ဟန်ပါပါနှင့် ဝင်၏။ နင်ရှောင်က ဘုရင်တစ်ပါး၏ ဟိတ်ဟန်ကို ထုတ်မပြရဲဘဲ ရိုသေစွာ ဦးညွှတ်၏။

“နင်ရှောင်က ဆရာဦးလေး ခွန်ကျန့် ကို ဂါရဝပြုပါတယ်။”

သူ ရွှဲ့ဘုရင်ဖြစ်လာရခြင်း၏ အကြောင်းရင်းက တုံ့ကျန်းဘုရားကျောင်း၏ ထောက်ပံ့မှုကြောင့်ပင်။ ဤဘုန်းကြီး စစ်သည်တစ်သောင်းရှိနေသရွေ့ သူက ကျူးဟုန်ကျူးကို ယှဉ်ပြိုင်နိုင်ပေမည်။ ယခုအချိန်မှာတော့ နန်းမြို့တော် တစ်ခုလုံး၌ တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သူကြီးများကို တားဆီးနိုင်သည့် တပ်ဖွဲ့ဟူ၍ ရှိတော့မည် မဟုတ်ပေ။

အကယ်၍ သူသာ ရှမ့်လန်၏ အကြွင်းအကျန်များနှင့် ကျန်းချုံးကို သတ်ချင်လျှင် ထမင်းစားရေသောက်ကဲ့သို့ လွယ်ကူပေမည်။ ကျန်ကျောင်း၏ တပ်ကလည်း တားဆီးနိုင်မည်မဟုတ်သလို ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင် ကလည်း သေချာပေါက် တားဆီးနိုင်မည် မဟုတ်ချေ။

ဤဘုန်းကြီးစစ်သည် တစ်သောင်းကို ဦးဆောင်လာသူက တုံ့ကျန်းဘုရားကျောင်း၏ အကြီးအကဲ ခွန်ကျန့် ဖြစ်၏။ သူက နင်ရှောင်ကို အေးစက်စက်ကြည့်ရင်း ရုတ်တရက် ပါးပိတ်ရိုက်သည်။

နင်ရှောင်က လွင့်ထွက်သွား၏။ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာ၏။

“မင်းက ဘာကိစ္စ ရှမ့်လန်ကို ပြဿနာ သွားရှာရတာလဲ။ ဘာလို့ ရှမ့်လန်ရဲ့ လူတွေကို သတ်ပစ်ရတာလဲ။ ငါတို့ရဲ့ ငှက်ပျောက်မြို့ တစ်ခုလုံးကို သူ သုတ်သင်ပစ်လိုက်တာ မင်းသိလား။ ထျန်းရွှဲ့မြို့တိုက်ပွဲမတိုင်ခင် တစ်ယောက်ယောက်က ထိရဲရင် ပန်းပွင့်တောင်ကြားကို သုတ်သင်ပစ်မယ်လို့ သူ ချိန်းခြောက်ထားတယ်။

မင်းက အရူးပဲ။ သူက မင်းထက်တောင် ပိုရူးသေးတယ်ကွ။ မင်းက ဘာကိစ္စ သူ့ကိုသွား ပြဿနာရှာတာလဲ။ ထျန်းရွှဲ့မြို့ရဲ့တိုက်ပွဲမှာ ငါတို့ သူ့ကို အနိုင်ယူပြီး ရှင်းပစ်လို့ရရဲ့သားနဲ့ ဘာလို့ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ရတာလဲ။ တုံ့ကျန်းဘုရားကျောင်းအတွက် ကုစားလို့မရတဲ့ ဆုံးရှုံးမှုတွေကို ဘာလို့ မင်းလုပ်ရတာလဲ။

ရှမ့်လန်က ကျန်းလီရဲ့သားကွ။ သူက ယင်ယွမ်အဖွဲ့အစည်းနဲ့ ကောင်းကင်ကွပ်မျက်ခြင်းစံအိမ်ရဲ့ မြို့တွေ ကိုတောင် သတ်ဖြတ်ချေမှုန်းခဲ့တာ။ အခု ငါတို့ တုံ့ကျန်းဘုရားကျောင်းရဲ့ အလှည့်ရောက်လာပြီ။ မင်းက သူ့ကို ပြိုင်ချင်နေတာလား။ မင်း သူ့ကို နိုင်နိုင်မယ် ထင်လို့လား။

သူ့ကို လုံးဝဒေါသထွက်အောင် စပေးလိုက်ရင် မင်းကြည့်နေတုန်းမှာပဲ လူတစ်သန်းလောက်ကို သူ သတ်ပြလိမ့်မယ်။ ထျန်းရွှဲ့မြို့ မတိုင်ခင်တုန်းက ရှမ့်လန်၏ အကြွင်းအကျန်များကို အမွေးတစ်ပင်တောင် မထိဖို့ ငါ အမိန့်ပေးထားမယ်။ ကြားလား။ မင်း ဒီစကားကို ကြားလား။”

..............................

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း နင်ရှောင်က လူမမာတစ်ယောက်ကဲ့သို့ပင် တည်တည်ငြိမ်ငြိမ် ဇွဲကောင်းကောင်းနှင့် လေ့ကျင့်ခဲ့ရ၏။ ထို့ကြောင့် သူ၏ သိုင်းညာက အလွန်မြင့်မားပြီး အံ့အားသင့်ဖွယ်ရာကောင်းသည့် အခြေအနေဆီသို့ပင် ရောက်ရှိနေ၏။ သို့ပေမည့် ယခု သူ လွင့်ထွက်သွားခဲ့ပြီး စာအုပ်စဉ်နှင့် တိုက်မိကာ မရေတွက်နိုင်သည့် စာအုပ်ပုံများကြားထဲတွင် နစ်မြုပ်နေသည်။

အချိန်တော်ကြာပြီးနောက် သူက စာအုပ်ပုံကြားမှ ပြန်ထွက်လာနိုင်၏။ နှာခေါင်းနှင့် ပါးစပ်မှ သွေးများကို သုတ်ကာဖြင့် ဆရာတော်ခွန်ကျန့်ရှေ့သို့ လျှောက်သွား၏။ ပြီးနောက် ဒူးထောက်ကာ ပြော၏။ “ရှောင်က နားလည်ပါပြီ။ စိတ်မဆိုးပါနဲ့ ဆရာဦးလေး။”

ဤအချိန်မှာတော့ နင်ရှောင်၏ အသံက တကယ့်ကို နူးညံ့သိမ်မွေ့နေ၏။ သူက လိမ္မာရေးခြား အရှိဆုံး ကလေးငယ်လေး တစ်ယောက်နှင့်ပင် တူနေသည်။

“စိတ်မပူပါနဲ့ ဆရာဦးလေး... ကျုပ်ဒေါသကြောင့် အမြင်မှားသွားတာပါ။ အခုကစပြီး ထျန်းရွှဲ့မြို့ အဆုံးအဖြတ် တိုက်ပွဲအထိ ရှမ့်လန်ရဲ့ လူတွေကို ဆံချည်တစ်မျှင်တောင် မထိတော့ပါဘူး။”

နင်ရှောင်က တိုးညှင်းသည့်အသံဖြင့် ပြော၏။ “တောင်းပန်ပါတယ် ဆရာဦးလေး... ကျုပ်ကြောင့် အကြီးအကဲတွေ ဒုက္ခရောက်ရပြီ။”

ပြီးနောက် သူကိုယ်တိုင် လက်ဖက်ရည်ငှဲ့ကာဖြင့် ဆရာကြီး ခွန်ကျန့်၏ ရှေ့တွင် ချပေးသည်။

ခွန်ကျန့်က သူ့ရှေ့မှ ချောမောသည့် လူငယ်ကို ကြည့်ပြင် စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ချေ။ လွန်ခဲ့သည့် ၂၈ နှစ်က ရွှဲ့နန်းတော်သို့ ကိုယ်တိုင်လာရောက်ပြီး ၅ နှစ်အရွယ် နင်ရှောင်ကို ခေါ်ဆောင်သွားခဲ့သည်က သူ ကိုယ်တိုင်ပင်။

ထိုအကြောင်းကို သူက ပြန်ပြောင်း သတိရမိ၏။ နင်ရှောင်က သူ၏ တပည့်ရင်း မဟုတ်သော်လည်း သိုင်းပညာ သင်ပေးခဲ့သူက သူပင်။ သို့ပေမည့် ခွန်ကျန့်က တုံ့ကျန်းဘုရားကျောင်း၏ သိုင်းပညာကို ကျွမ်းကျင်ခြင်း မရှိချေ။ ထို့ကြောင့် နင်ရှောင်က ဆရာကြီး ခွန်ရန်ထံတွင် ဆက်လက် သင်ယူခဲ့၏။

နင်ရှောင်က မေးလိုက်သည်။ “ဆရာဦးလေး.... ကျုပ်တို့ ဘုန်းကြီးစစ်သည်တစ်သောင်းရဲ့ တိုက်ခိုက်နိုင် စွမ်းရည်က ဘယ်လိုရှိလဲ။ အနောက်ပိုင်းနိုင်ငံတွေမှာ ကျူးဟုန်ရွှဲ့ရဲ့ တိုက်ပွဲက အရမ်းကို အောင်မြင်တယ်လို့ ကြားတယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ ဘုန်းကြီးစစ်သည် အများအပြား သတ်ဖြတ်ခံလိုက် ရတယ်ဆို။”

ခွန်ကျန့်က ပြော၏။ “အနောက်ပိုင်းနိုင်ငံတွေကို ထွက်ပြေးသွားတဲ့ တော်ဝင်ကပ်ဘေးဘုရားကျောင်းက စစ်မှန်တဲ့ တော်ဝင်ကပ်ဘေးဘုရားကျောင်း မဟုတ်တော့ဘူး။ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ ထိပ်တန်းအဆင့် ကျွမ်းကျင်သူ အကုန်လုံးကို အင်ပါယာကျန်းလီက သတ်ပစ်ခဲ့ပြီးပြီ။ ရှေးစာအုပ်တွေနဲ့ လျှို့ဝှက်နည်းလမ်း အများပြားက တော်ဝင်ကပ်ဘေးဘုရားကျောင်းကနေ ပျောက်ဆုံးကုန်ပြီ။”

နင်ရှောင်က ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီရှေးဟောင်းစာအုပ်တွေနဲ့ လျှို့ဝှက်နည်းလမ်းတွေ အားလုံးက ကျုပ်တို့လက်ထဲ ရောက်လာတာ မဟုတ်လား။”

ခွန်ကျန့်က ပြော၏။ “အင်ပါယာကျန်းလီက အရမ်းထူးခြားတဲ့ လူတစ်ယောက်ပဲ။ သွေးမျိုးဆက်အပေါ် သူ့ရဲ့ သုတေသနပြုမှုကလည်း ပြိုင်ဖက်ကင်းတယ်။ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း အရမ်းကို မြင့်တယ်။ သွေးမျိုးဆက်အပေါ် သူ့ရဲ့သုတေသနက လူနည်းစု အထက်တန်းလွှာတွေတင်မကဘူး လူထုအတွက်ပါ အကျိုးရှိစေတယ်။”

ခွန်ကျန့်၏ စကားက တကယ့်ကို ဝေဝေဝါးဝါးပင်။ သူ၏ ဆိုလိုရင်းက ကျန်းလီသေဆုံးခဲ့ပြီးနောက် သွေးမျိုးဆက် သုတေသန အောင်မြင်မှုကို သဘာဝလွန် အင်အားစုကြီး ခြောက်ခုနှင့် တော်ဝင်ရန်အင်ပါယာတို့က ရယူသွားခဲ့ခြင်း ဖြစ်သည်။ တုံ့ကျန်းဘုရားကျောင်းကလည်း ထိုအရာ၏ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။

သဘာဝလွန် အင်အားစုကြီး ခြောက်ခုက အဆင့်မြင့်သောနည်းလမ်းများဖြင့် သွေးမျိုးဆက် သုတေသန ပြုရသည်ကို နှစ်သက်ကြ၏။ သူတို့က တုန်လှုပ်ဖွယ်ရာကောင်းသည့် ထိပ်တန်းကျွမ်းကျင်သူများကို ဖန်တီးရခြင်းအား နှစ်သက်၏။

တခြားတစ်ဖက်တွင်တော့ အင်ပါယာကျမ်းလန်၏ သွေးမျိုးဆက် သုတေသနက လူတိုင်းကို ပြောင်းလဲစေနိုင်ပြီး ပိုမိုသန်မာလာစေရန် မျိုးစေ့များ ပေးစွမ်းနိုင်သည်။

ထိုအချက်ကြောင့်ပင် သဘာဝလွန် အင်အားစုကြီး ခြောက်ခုက အထူးတပ်တော်ကြီးတစ်ခုကို လျှို့ဝှက်စွာ မွေးမြူခဲ့ကြခြင်းပင်။ ထိုထဲတွင် တုံ့ကျန်း ဘုရားကျောင်းလည်း ပါဝင်၏။

ထို့ကြောင့် သူ၏ ဆိုလိုရင်းက တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည် တပ်များက တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်တပ်များနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်းပင်။ သူတို့က အနည်းငယ်ကိုသာ ဝေစု အဖြစ် ရရှိခဲ့သည် မဟုတ်ပါလား။

နင်ရှောင်က ပြောလိုက်သည်။ “နုရှောင့်မြို့မှာ ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိသွေး စစ်သည်တစ်သောင်းက အသတ်ခံလိုက်ရတယ်။”

ဆရာကြီး ခွန်ကျန့်က ပြော၏။ “ယင်ယွမ်အဖွဲ့အစည်းက ယင်ယွမ်အဖွဲ့အစည်းပဲ။ တုံ့ကျန်းဘုရားကျောင်းက တုံ့ကျန်းဘုရားကျောင်းပဲ။ ကောင်းကင်ပင်လယ်နန်းဆောင်က ကောင်းကင်ပင်လယ် နန်းဆောင်ပဲ။ နုရှောင့်မြို့က နုရှောင့်မြို့၊ ထျန်းရွှဲ့မြို့က ထျန်းရွှဲ့မြို့ပဲ။”

ဤစကား၏ အဓိပ္ပာယ်က ပို၍ ရှင်းလင်း၏။ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်ဖွဲ့က စေတီတောင်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့၏ လက်ဆောင်အနည်းငယ်ကြောင့် ဖြစ်လာရခြင်းဖြစ်ပြီး သူတို့ကိုယ်တိုင် လေ့ကျင့်ပေးထားသည် မဟုတ်ချေ။ ထို့အပြင် လေ့ကျင့်ပေးထားသည် ဆိုလျှင်တောင် နှစ်နှစ် မပြည့်သေးချေ။

တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များကတော့ နှစ်ပေါင်း ၂၀ ကျော်ကြာ လေ့ကျင့်လာခဲ့သူများပင်။ ထို့အပြင် သူတို့က ကျန်းလီ၏ သုတေသနရလဒ်များကို အသုံးပြုထား၏။ ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်ဖွဲ့နှင့် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။

ထို့အပြင် ရှမ့်လန်က နုရှောင့်မြို့ကို တိုက်ခိုက်စဉ် မည်သည့် အရာကိုမဆို လုပ်ဆောင်ခဲ့၏။ နုရှောင့်မြို့တွင် အပြစ်ကင်းစင်သူဟူ၍ မရှိသောကြောင့် မီးနှင့်တိုက်ခိုက်နိုင်၏။ မြို့တစ်မြို့လုံး မီးလောင်ကျွမ်းသွားလျှင်ပင် ကိစ္စမရှိချေ။

သို့ပေမည့် ထျန်းရွှဲ့မြို့တွင်တော့ ထိုသို့မဟုတ်ချေ။ ဤနေရာ၌ အပြစ်မဲ့ပြည်သူများစွာ ရှိနေပြီး ရှမ့်လန်ပေါ် သစ္စာရှိသူများကလည်း မရေတွက်နိုင်အောင်ပင်။ ထို့ကြောင့် ထျန်းရွှဲ့မြို့ တိုက်ပွဲတွင် အပြစ်မဲ့သူများကို မထိခိုက်စေရုံသာမက မြို့တော်ပျက်စီးမှုကိုလည်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရပေမည်။

xxx

အပိုင်း (၉၄၈)

ဆရာကြီး ခွန်ကျန့်၏ စကားက မှန်ကန်၏။ လက်တွေ့တွင် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေး စစ်သည်တစ်သောင်းလုံးက အင်အားကြီးမား၏။ တကယ်တန်းသာ တိုက်ခိုက်ပါက ဤလူစုက ရှမ့်လန်အတွက် ကြီးမားသည့် ထိခိုက်သေဆုံးမှုများကို ယူဆောင်ပေးနိုင်မည်။

ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်ဖွဲ့ကို တကယ်သတ်ဖြတ်လိုက်သည်က စေတီတောင်၏ အဆိပ်ပိုးကောင်များမှ လွဲ၍ တခြားမဟုတ်ချေ။ သံမဏိသွေး စစ်သည်တစ်သောင်းက ရှမ့်လန်၏ နိဗ္ဗာနတပ်ဖွဲ့ ထက် ပိုမိုသန်မာသည် ဆိုသည်က အမှန်တရားပင်။

တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များက ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်ဖွဲ့များထက် ပိုမိုသန်မာသည် ဆိုခြင်းက ခိုင်မာသည့် အမှန်တရားပင် ဖြစ်၏။ အလားတူပင် ကောင်းကင်ပင်လယ် နန်းဆောင်၏ သွေးဝိညာဉ်တပ်ဖွဲ့က တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များထက် ပိုမိုသန်မာသည် ဆိုခြင်းကလည်း ခိုင်မာသည့် အမှန်တရားပင် ဖြစ်၏။

စေတီတောင်၏ အဆိပ်ပိုးကောင်းများက ကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးအားကလည်း ပြင်း၏။ သို့ပေမည့် သူတို့က တကယ်ကို သီးသန့်ဆန်၏။ စေတီတော်ကသာ ထိုအရာများကို အသုံးပြုနိုင်ပြီး အကယ်၍ တခြားသူများကို ပေးလိုက်ပါက အကယ်၍ သတိမထားမိလျှင် ပြန်လည်ထိခိုက်နိုင်စေသည်။

“ကျန်းလီ သေဆုံးသွားတဲ့အချိန်က လောကကြီးတစ်ခုလုံး ပြည့်စုံသွားတယ်။”

ဆရာကြီးခွန်ကျန့်က ပြော၏။ “အရှင်ကျန်းလီ ပျက်စီးခဲ့ပြီးတဲ့နောက်မှာ သဘာဝလွန်အင်အားစု ခြောက်ခုလုံးက မတူညီတဲ့ တိုးတက်မှု အတိုင်းအတာကို တစ်ခုချင်းစီ ရရှိခဲ့တယ်။ ဒါပေမဲ့ ခြောက်ခုချင်းမှာ ကွာခြားချက်တွေ ရှိနေသေးတယ်။ ဥပမာအားဖြင့် ငါတို့ တုံ့ကျန်းဘုရားကျောင်းနဲ့ ကျောက်စိမ်းဖြူမြို့တော်ကြားက ကွာခြားချက်က မိုးနဲ့မြေလိုပဲ။ ငါတို့က နောက်ကောက်ကျ ကျန်နေတဲ့ သဘာဝလွန်အင်အားစု ဖြစ်နေတုန်းပဲ။”

နင်ရှောင်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့ဆရာ။ ကျုပ်ရဲ့တာဝန်ကို ကျုပ်သိပါတယ်။ သဘာဝလွန်အင်အားစု တွေက သေမျိုးလောကရဲ့ ဩဇာအာဏာတွေနဲ့ ချိတ်ဆက်မိမှ ပိုပြီးတိုးတက်လာနိုင်မှာပါ။ ကျုပ်က သံတစ်ချောင်းလို ရွှဲ့ပြည်နယ်မှာ စွဲစွဲမြဲမြဲနေပြီး ကျူးမိသားစုနဲ့ နေရာလုဖို့ အမြဲတမ်း တိုက်ခိုက်နေပါ့မယ်။”

ဆရာကြီးခွန်ကျန့်က ပြောလိုက်သည်။ “ဒီထျန်းရွှဲ့မြို့ရဲ့ တိုက်ပွဲက ရှားပါးတဲ့ အခွင့်အရေးပဲ။ မင်းက ရွှဲ့ဘုရင် ဖြစ်နေတဲ့အတွက် ငါတို့တုံ့ကျန်းဘုရားကျောင်းက စစ်တပ် စေလွှတ်ခွင့် ရှိနေတာ။ ဘုန်းကြီးစစ်သည် တစ်သောင်းက နည်းသေးတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ ဒါက ငါတို့ ညှိနှိုင်းမှုရဲ့ အကြီးဆုံးရလဒ်ပဲ။ ဘုန်းကြီးစစ်သည် တစ်သောင်းဆိုတာ ကောင်းကင်ပင်လယ်နန်းဆောင် ခွင့်ပြုပေးနိုင်တဲ့ အနိမ့်ဆုံးစည်းပဲ။”

ဤလောကရှိ ကိစ္စအများစုက မမြင်နိုင်သည့် စစ်ပွဲအောက်တွင် လုပ်ဆောင်နေကြခြင်းပင်။ ဥပမာအားဖြင့် ဤကာလက တည်ငြိမ်အေးချမ်းနေပုံ ရသော်လည်း သဘာဝလွန်အင်အားစုများအကြား မည်မျှ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ကို သေသေချာချာပင် မသိနိုင်တော့ချေ။

ပထမဦးဆုံး ကျူးမိသားစုနှင့် ရှန့်ကုန်းဘုရားကျောင်းတို့ ပူးပေါင်းပြီး တုံ့ကျန်းဘုရားကျောင်း၏ ငှက်ပျောက်မြို့ ကို ရောင်းစားခဲ့၏။ ပြီးနောက် တုံ့ကျန်းဘုရားကျောင်းနှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့က ခက်ခဲသည့် ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ရပြီး နောက်ဆုံး ရွှဲ့ပြည်နယ်အတွင်းသို့ လက်တစ်ဖက် ဝင်ရောက်နိုင်ခဲ့၏။

“ကျန်းလီ သေဆုံးပြီးတဲ့နောက်မှာ လောကကြီးက ပြည့်စုံသွားတယ်။”

ဆရာကြီးခွန်ကျန့်က ပြော၏။ “အရင်တုန်းက ကျန်းလီ၊ အခု သူ့ရဲ့သား ရှမ့်လန်အလှည့်ပဲ။ ဒါက ရှားပါးတဲ့ အခွင့်အရေး ပဲ။”

သူ၏စကားအရဆိုလျှင် ဤလောက၌ အသစ်အဆန်းဟူ၍ မရှိချေ။ ဟိုယခင်က ဆာဒန်ဟူစိန်ကို တိုက်ခိုက်ခြင်းအား အကြောင်းပြ၍ အမေရိကန်တပ်များက အရှေ့အလယ်ပိုင်းဆီ အကြီးအကျယ် ဝင်ရောက်ခဲ့၏။ ပြီးနောက် အုပ်ချုပ်ခွင့်ကို အမြင့်ဆုံး ထိန်းချုပ်ခဲ့သည်။

ယခု ရှမ့်လန်ကို တိုက်ခိုက်ခြင်းအကြောင်းကိုပြ၍ တုံ့ကျန်းဘုရားကျောင်းက သူတို့၏ အင်အားစုများကို ရွှဲ့ပြည်နယ် အတွင်းသို့ စိမ့်ဝင်စေလိုခြင်းပင်။ ဤရှမ့်လန်က ရန်သူနှင့်မတူဘဲ သူတို့၏ မဟာမိတ်တပ်ဖွဲ့နှင့်ပင် ဆင်တူနေ၏။

“အင်း... မိတ်ဆွေဟောင်းကြီး နင်ယွမ်ရှန်းကို သွားတွေ့လိုက်အုံးမယ်။”

........

ဆရာကြီးခွန်ကျန့်က နင်ယွမ်ရှန်းအား ဆန်ပြုတ်တိုက်ကျွေးနေ၏။

“မိတ်ဆွေဟောင်းကြီး... ခင်ဗျား ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။”

ဆရာကြီးခွန်ကျန့်က သက်ပြင်းချကာ ပြောသည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျုပ်တို့တွေ့တယ်။ ခင်ဗျားက ကျုပ်ထက် အများကြီး ပိုပြီး နုပျိုနေခဲ့သေးတာ။ အခုတော့ ကျုပ်ထက် ဆယ်နှစ်လောက် ပိုကြီး သွားသလိုပဲ။”

နင်ယွမ်ရှန်း၏ အကြည့်များက ဝေဝါးနေ၏။ ဆန်ပြုတ်စားရန် ပန်းကန်ကို အလိုလျောက် ဟပေးနေ၏။ တစ်ဆယ်ဟူသည့် စကားကို ကြားချိန်မှာတော့ သူက တိုးတိုးလေး ရေရွတ်၏။ “၁၁၊ ၁၂၊ ၁၃...”

ဆရာကြီးခွန်ကျန့်က ပြောသည်။ “ကျုပ်တို့အတူတူ အရှင်မင်းကြီး ကျန်းလီကို သွားတွေ့ခဲ့တုန်းက အကြောင်းကို မှတ်မိသေးတယ်။ သူက ကျုပ်ကို သိုင်းပညာနဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးခဲ့သလို အရေးကြီးဆုံး အဆင့်ရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက်နိုင်အောင်လည်း ကူညီပေးခဲ့တယ်။

အဲဒီတုန်းက ကျုပ် တကယ့်ကို တုန်လှုပ်ခဲ့တယ်။ ကျုပ်ရဲ့မျက်လုံးထဲမှာ နှိုင်းယှဉ်လို့မရအောင် ခက်ခဲတဲ့ အပိတ်အဆို့ အတားအဆီးက သူ့အတွက်တော့ လက်ညှိုးလေးတစ်ချောင်းနဲ့ လွယ်လွယ်ကူကူ ချိုးဖျက်နိုင်တဲ့အရာပဲ။ ဒါက ဘယ်လို သိုင်းပညာဉာဏ်ရည်မျိုးလဲ။ ဆွေးမြေ့နေတဲ့အရာကို အသစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သလိုပဲ။”

“၂၀၊ ၂၁၊ ၂၂...”

နင်ယွမ်ရှန်းက ရေတွက်နေဆဲပင်။

ဆရာကြီးခွန်ကျန့်က ပြော၏။ “ဒါပေမဲ့ ဒီနတ်ဘုရားလိုလူတောင် သေဆုံးသွားခဲ့ရပြီ။ အားလုံးက ရှုံးနိမ့်ခဲ့ရတယ်။ ဒါကြောင့် လောကကြီးမှာ ယုံကြည်ချက်ဆိုတာ မရှိဘူး။ ကျုပ်မှာ ယုံကြည်ချက် မရှိတော့သလို တုံ့ကျန်းဘုရားကျောင်း မှာလည်း ယုံကြည်ချက်ဆိုတာ မရှိတော့ဘူး။ တော်ဝင်ကပ်ဘေးဘုရားကျောင်းလို ဖြစ်သွားခဲ့ပြီ။

ကျုပ်က မိစ္ဆာနည်းလမ်းတွေကို မကျင့်ကြံပေမဲ့ တခြားသူတွေ ကျင့်ကြံတာကိုလည်း မတားဆီးနိုင်ခဲ့ဘူး။ အရေးကြီးဆုံးကတော့ မိစ္ဆာလို့လာပြီး စွပ်စွဲမယ့်လူတွေ မရှိတာပဲ။ သူတို့က မိစ္ဆာနည်းလမ်းတွေကို ကျင့်ကြံပေမဲ့ လောကရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို ကိုယ်စားပြုနေတယ်။ စိတ်ဝင်စားစရာ မကောင်းဘူးလား။

မိတ်ဆွေဟောင်းကြီး နင်ယွမ်ရှန်း... အရှင်ကျန်းလီ သေဆုံးပြီးတဲ့နောက်မှာ ခင်ဗျားက တန်းပြီး ဒူးထောက် လိုက်သလို ကျုပ်လည်း ဒူးထောက်လိုက်ရတာပဲ။ ဒါပေမဲ့ ခင်ဗျားက ပြန်ထရပ်ခဲ့တယ်။ လေးစားဖို့ ကောင်းလိုက်တာ။ တကယ့်ကို လေးစားဖို့ ကောင်းတယ်။”

ဆရာကြီးခွန်ကျန့်က ပြောသည်။ “ဒါပေမဲ့ အခု ခင်ဗျားကို ကြည့်ရတာ၊ ခင်ဗျား မတ်တပ်ရပ်လိုက်တာရော တန်ရဲ့လား။”

“၂၉.. ၂၉...၂၉...”

နင်ယွမ်ရှန်းက ၂၉ အထိ ရေတွက်ပြီးနောက် ဆက်ကာ မရတော့ချေ။ သူ၏ဉာဏ်ရည်က ဤမျှသာ ထိန်းသိမ်း ထားနိုင်တော့သကဲ့သို့ပင်။ ပြီးနောက် သူ၏အကြည့်များက ပိုမိုဝေဝါးလာပြီး ပိုမို၍ ကြောင်တောင်တောင် ဖြစ်လာ၏။

ဆရာကြီးခွန်ကျန့်က ပြောသည်။ “မိတ်ဆွေဟောင်းကြီး... ကျုပ်က ဘယ်လိုမှ ပြန်ထရပ်နိုင်မှာ မဟုတ်တော့ဘူး။ အရှင်ကျန်းလီ သေဆုံးပြီးတဲ့နောက်မှာ ခင်ဗျားက ဒူးထောက်ရုံသာ ရှိသေးတယ်။ ဒါပေမဲ့ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အရှင်ကျန်းလီကိုပါ ပြန်ကိုက်ခဲ့ရတယ်။ ကျုပ်တို့အားလုံးရဲ့ လက်ထဲမှာ ကျန်းတော်ဝင်မျိုးနွယ်တွေရဲ့ သွေးတွေ ရှိနေတယ်။ အခုတော့ ကျုပ်တို့ တုံ့ကျန်းဘုရားကျောင်း ကြီးထွားလာဖို့ ရှမ့်လန်ရဲ့ အသားနဲ့ သွေးကိုတောင် စားသုံးရတော့မယ်။ ဟား ဟား ဟား...”

ဆရာကြီးခွန်ကျန့်က ဝမ်းနည်းဆွေးမြေ့စွာပင် ရယ်မောလိုက်၏။ “မိတ်ဆွေဟောင်းကြီး... အဲဒီတုန်းက ငါးနှစ် အရွယ်ပဲ ရှိနေသေးတဲ့ နင်ရှောင်က စိတ်ဓာတ်တွေက ပျက်စီးနေပြီ။ တိရစ္ဆာန်လေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ရုံသာမကဘဲ နန်းတွင်းရဲ့ အပျိုတော် သုံးယောက်ကိုတောင် သတ်ဖြတ်ခဲ့တယ်။

ဒါကြောင့် ခင်ဗျားက သူ့ကို ဗုဒ္ဓရဲ့တရားတွေနဲ့ ပြုပြင်ပေးချင်လို့ တုံ့ကျန့်ကျောင်းတော်ကို ပို့လိုက်တာ။ အဲဒီတုန်းက တုံ့ကျန့်ကျောင်းတော်က ဖြောင့်မတ်မှန်ကန်တယ်လို့ ခင်ဗျား ထင်ခဲ့ပေမဲ့ ခင်ဗျား မှားသွားပြီ။ ကျုပ်တို့က တော်ဝင်ကပ်ဘေးဘုရားကျောင်းထက်တောင် ပိုပြီးတော့ မိုက်မဲနေခဲ့တယ်။

ကျုပ်လုပ်နိုင်တာ ဘာမှမရှိဘူး။ တုံ့ကျန်းဘုရားကျောင်းက ကျောက်စိမ်းဖြူမြို့တော် မဟုတ်ဘူး။ ကျုပ်တို့က အဲလောက် မြင့်မြတ်တာ မဟုတ်ဘူး။ အဲဒီတုန်းက ကျုပ်တို့က ပျက်စီးလုနီးပါး ဖြစ်ခဲ့တယ်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးပြီး ကျုပ်တို့ကို ထောက်ပံ့ပေးခဲ့တာ အရှင်ကျန်းလီပဲ။ ဒါကြောင့် တုံ့ကျန်းဘုရားကျောင်း ပြန်ပြီး နိုးထလာနိုင်ခဲ့တာ။

ဒါကြောင့်ပဲ အရှင်ကျန်းလီ သေဆုံးပြီးတဲ့နောက်မှာ ကျုပ်တို့က သူ့ကို ပိုပြီးရူးသွပ်စွာ ပြန်ကိုက်ခဲ့ရတာပဲ။ ဒါမှ ကျုပ်တို့ အသက်ရှင်နိုင်မှာလေ။ ကျုပ်တို့က ကောင်းကင်ကွပ်မျက်ခြင်းစံအိမ် မဟုတ်ဘူး။ ကောင်းကင်ပင်လယ် နန်းဆောင်လည်း မဟုတ်ဘူး။ စေတီတောင်လည်း မဟုတ်ဘူး။ တုံ့ကျန်းဘုရားကျောင်းက သိပ်ပြီး အားနည်းလွန်းခဲ့တယ်။

မိတ်ဆွေဟောင်းကြီး... ခင်ဗျားရူးသွားပြီလား။ ရူးချင်ယောင် ဆောင်နေတာလားတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ ခင်ဗျား တကယ်ရူးသွားတယ်ဆိုရင်လည်း ကောင်းတာပဲ။ ဒီလောကကြီးက နေဝင်သွားခဲ့ပြီ။ လောကကြီးက မှောင်မိုက်နေပြီ။”

....................

တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည် တစ်သောင်းတို့က ထျန်းရွှဲ့မြို့သို့ ဝင်ရောက်လာချိန်မှာတော့ အချက်ပေးသံများ ထွက်ပေါ်လာ၏။ ပြီးနောက် စစ်သည်အများအပြားတို့က မြို့ထဲသို့ ဝင်ရောက်လာသည်။ ရွှဲ့ပြည်နယ်၏ မြို့တော်သို့ စစ်သည်များ ပိုမိုရောက်ရှိလာ၏။ နောက်ဆုံးမှာတော့ မြို့ထဲ၌ပင် မဆံ့တော့ချေ။

မြို့ပြင်ရှိ စစ်စခန်းအားလုံး ပြည့်သွားသော်လည်း လုံလောက်မှုဟူ၍ မရှိသေးချေ။ သူတို့က တောရိုင်းများထဲတွင် စခန်းချလာ၏။ ရွှဲ့ပြည်နယ်ရှိ တပ်ဖွဲ့အားလုံးနီးပါးက သူတို့၏ မူလစခန်းများကို စွန့်ခွာပြီး ရှမ့်လန်ကို တိုက်ခိုက်ရန် ထျန်းရွှဲ့မြို့သို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်းပင်။

ထျန်းရွှဲ့မြို့တွင် တပ်ဖွဲ့ဝင်မည်မျှ ရှိနေသနည်း။

၂ သိန်း၊ ၃ သိန်း၊ ၄ သိန်း၊ အရပ်သားများထက် စစ်သည်များက ပိုများနေသယောင်ပင်။ အကြောင်းရင်းက နန်းမြို့တော်ရှိ လူအားလုံးက အိမ်ထဲတွင်သာ နေသောကြောင့်ပင်။ အိမ်ထဲတွင် နေလျှင်ပင် သူတို့က စကား မပြောရဲကြချေ။

ယခင် နင်ယွမ်ရှန်း အာဏာရှိစဉ် မြို့တော်ရှိလူများက ဆန္ဒရှိတိုင်း ဆဲဆိုလေ့ရှိကြ၏။ ရှမ့်လန်ကို ဆဲဆို၏။ နင်ကျန်းကို ဆဲဆို၏။ နင်ကျန်းကို ဆဲဆိုပြီးနောက် နင်ယွမ်ရှန်းကိုလည်း ဆဲဆို၏။

‘အသုံးမကျတဲ့ မင်း၊ အရှက်မရှိတဲ့ ရုပ်ရည်ချောမောတဲ့ ခွေးတိရစ္ဆာန်’ စသဖြင့် မည်သူ့ကိုမှ မထောက်ထားဘဲ အော်ဟစ်ဆဲဆိုသည်။

ရှမ့်လန်၏ ပါးရိုက်ခြင်းကို ခံရသည့်အချိန်တိုင်း သူတို့က လအနည်းငယ်ကြာ ငြိမ်သက်သွား၏။ ပြီးနောက် ပြန်လည်ကာ ဆဲဆိုတတ်၏။ သို့ပေမည့် ယခုအချိန်မှာတော့ မည်သူမှ အသံမထွက်ရဲကြချေ။ ရွှဲ့ပြည်နယ် တစ်ခုလုံးတွင် ရှမ့်လန်၏ အကြွင်းအကျန် အသက်ရှင်ကျန်ရစ်ခဲ့သူ တစ်သိန်းကျော်ကို ဖမ်းဆီးထားခဲ့ပြီး ဖြစ်၏။ ထိုသူတို့ထဲမှာ သုံးပုံတစ်ပုံက နန်းမြို့တော်တွင် ဖမ်းခံရခြင်းပင်။

ထို့အပြင် သံသယရှိသူ အားလုံးတို့ကို သတ္တုတွင်းနှင့် ဆားလုပ်ငန်းများဆီသို့ ပို့ဆောင်၏။ ထိုသူတို့၏ မိသားစု တစ်ခုလုံးကိုပါ ဖမ်းဆီး၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြို့တော်၏ ကောင်းကင်ယံထက်တွင် ထိတ်လန့်ဖွယ်ရာ တစ်ခုက လွှမ်းခြုံထားသကဲ့သို့ပင်။ မရေတွက်နိုင်သည့် လူများက ကြောက်ရွံ့မှုဖြင့် နေထိုင်ရ၏။

ကျူးမိသားစု၏ တပ်များ၊ သို့မဟုတ် ရွှဲ့ဘုရင်၏ တပ်များ၊ သူတို့၏အိမ်ထဲသို့ မည်သည့်အချိန်တွင် ဝင်ရောက်လာပြီး ဖမ်းဆီးမည်ကို မည်သူမှ မသိနိုင်ကြပေ။ လွန်ခဲ့သည့် နှစ် နှစ်နှင့် နှိုင်းယှဉ်ပါက မြို့တော်၏ လူဦးရေက ၃၀ ရာခိုင်နှုန်း ကျဆင်းသွား၏။ သူတို့အားလုံးက ဝေးလံခေါင်သီသည့် ဒေသများသို့ ထွက်ပြေး သွားခဲ့သည်။

ဤနေ့မှာတော့ နောက်ထပ် တပ်ဖွဲ့တစ်ခုက ထျန်းရွှဲ့မြို့သို့ ဝင်ရောက်လာသည်။ ရင်းနှီးသော လူများနှင့် ရင်းနှီးသော တပ်ဖွဲ့များပင်။ ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယုက သံမဏိသွေးစစ်သည် တစ်သောင်းကို ဦးဆောင်ပြီး မြို့ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်၏။

ကျူးကျွင်းက မြို့ထဲသို့ ကိုယ်တိုင်သွားရောက် ကြိုဆိုသည်။

“သခင်ကြီးကျူးကျွင်း... နုရှောင့်မြို့တိုက်ပွဲက တကယ်ကို ဆိုးဝါးလွန်းတဲ့ အရာတစ်ခုပဲ။ ဝမ်းနည်းဖွယ်ရာပါပဲ။”

ရှုတင်းယုက ပြော၏။ “တကယ်တော့ ကျုပ်တို့ရဲ့ သံမဏိသွေးစစ်သည်တွေက အရမ်းကို သာမန်ကျတယ်ဆိုပေမဲ့ အနည်းဆုံး ရှမ့်လန်ရဲ့ နိဗ္ဗာနတပ်ဖွဲ့ထက် အများကြီး သာတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အားလုံးက စေတီတောင်ရဲ့ အဆိပ်ပိုးကောင်တွေရဲ့ အောက်မှာ သေဆုံးခဲ့ရတယ်။ ပြန်လည်တိုက်ခိုက်ဖို့၊ တိုက်ခိုက်ခွင့်တောင် မရဘဲနဲ့ သွေးအိုင်အဖြစ် ပြောင်းလဲပြီး သေဆုံးရတယ်။”

ကျူးကျွင်းက ပြောသည်။ “ဒီတစ်ခါတော့ ဒီလိုဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒီတိုက်ပွဲမှာ စေတီတောင်ရဲ့ အဆိပ် ပိုးကောင်တွေကို မလိုအပ်တော့ဘူး။ သူတို့က ထျန်းရွှဲ့မြို့ရဲ့ တိုက်ပွဲမှာ ကူညီဖို့ တခြားသော နည်းလမ်းတွေကို စဉ်းစားလိမ့်မယ်။ ပြီးတော့ နုရှောင့်မြို့တိုက်ပွဲမှာ ဆုံးရှုံးသွားခဲ့တဲ့ ယင်ယွမ်အဖွဲ့အစည်းအတွက် လျော်ကြေးပေးဖို့ နည်းလမ်းတွေကို စဉ်းစားပေးပါ့မယ်။”

ရှုတင်းယုက မေး၏။ “သခင်ကြီး... ကျူးဟုန်ရွှဲ့ရဲ့ နောက်ဘက်ဒေသ စစ်ပွဲတွေက ပြီးတော့မှာလား။”

ကျူးကျွင်းက ပြောသည်။ “မကြာခင်ပါပဲ။”

ရှုတင်းယုက ပြုံးကာ ပြော၏။ “ထျန်းရွှဲ့မြို့တိုက်ပွဲမှာ ကျုပ်တို့ဘက်က စစ်သည်သိန်းချီ ရှိတယ်ဆိုပေမဲ့ တကယ်တမ်း အဓိကကျတာက ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်ဖွဲ့ပဲ။ ရွှဲ့ပြည်နယ်ရဲ့ တပ်ဖွဲ့တွေက ဘယ်ဘက်မှာ ရှိတယ်ဆိုတာ ပြောရခက်တယ်။”

.....................

မြို့စားအိမ်တော်

ယခင် ရေနက်ဌာန၏ အကြီးအကဲ ရန်အီ၊ ယခင် အနောက်ပိုင်းမြို့စားကြီး ကျုံးယောင်၊ ယခင် စစ်ရေးဗျူရိုမှ ဒုတိယအကြီးအကဲ ကျုံးအီနှင့် မြို့စားကြီး နင်ချီတို့က အတူတူထိုင်နေကြ၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရန်အီက နင်ချီ၏ အနားတွင် နေထိုင်ခဲ့သည်။

ထိုစဉ်အတွင်း ကျုံးယောင်နှင့် ကျုံးအီတို့က သီးခြားနေထိုင်ခဲ့ကြပြီး အပြင်ဘက်ကို ထွက်လေ့မရှိကြချေ။ ယခင်က မောက်မာပြီး ဗိုလ်ကျလေ့ရှိသည့် ကျုံးရှစ်ရှစ်က အိမ်ထဲမှအိမ်ပြင် မထွက်သည့် သူဌေးသမီးတစ်ဦး ဖြစ်လာခဲ့ပုံပင်။ သူမက ယခု အသက် ၂၈ နှစ် ရှိပြီဖြစ်သော်လည်း အိမ်ထောင်မပြုရသေးပေ။ ကျုံးမျိုးနွယ်က ရှမ့်လန်ကို ရှုံးနိမ့်ပြီးနောက် ကျုံးရှစ်ရှစ်နှင့် ကျူးဟုန်ပင်းတို့၏ လက်ထပ်ထိမ်းမြားမှု သဘောတူညီချက်ကလည်း မရေမရာ ဖြစ်သွားခဲ့၏။

“ထျန်းရွှဲ့မြို့ရဲ့ အဆုံးသတ်တိုက်ပွဲက စတော့မယ်။”

ရန်အီက ပြောသည်။ “နင်ရှောင်က ခင်ဗျားကို ရွှဲ့ပြည်နယ် တပ်ဖွဲ့ကို ဦးဆောင်စေချင်တယ်။ စစ်သူကြီးကျုံးယောင် ကလည်း တပ်ဖွဲ့တစ်ခုကို ဦးစီးရမယ်။”

နင်ချီက ခေါင်းညိတ်ကာ ပြော၏။ “ကောင်းပါပြီ။”

ရန်အီက ပြောလိုက်သည်။ “ဒါဆိုရင် ဘာလုပ်ဖို့ စဉ်းစားထားလဲ။”

နင်ချီက ပြောလိုက်၏။ “တိုက်ကြတာပေါ့။ ကျုပ်က ရှမ့်လန်ကို ဘာမှအကြွေးမတင်ဘူး။ သူ့ကို တိုက်ခိုက်ရတာ ဘာဖိအားမှ မရှိဘူး။ ပြီးတော့ ကျုပ်တို့က အရေးကြီးတဲ့ တိုက်ပွဲတွေကို တိုက်နေစရာ မလိုပါဘူး။ တုံ့ကျန်း ဘုရားကျောင်းရဲ့ ဘုန်းကြီးစစ်သည်တွေ၊ ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိသွေးတပ်ဖွဲ့နဲ့ အထူးသဖြင့် ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်ဖွဲ့တွေကပဲ ရှမ့်လန်ကို ဖျက်ဆီးမယ့် အဓိကအင်အားစုတွေ။”

All Chapters