အခန်း (၉၅၁-၉၅၂)
Vol. 57 Ch. 951-952
အပိုင်း (၉၅၁)
ရှမ့်လန်က အချိန်အတော်ကြာ အကဲခတ်ပြီးနောက် ကောက်ချက်တစ်ခုကို ချမိ၏။ ထိုအရာက ရှေးဟောင်း အပျက်အစီး တည်နေရာ မဟုတ်ချေ။ သူက ရှေးဟောင်းအပျက်အစီး အမွေအနှစ်တချို့ကို မြင်ခဲ့ဖူး၏။ အသေးဆုံးတစ်ခုက သဲကန္တာရလူရိုင်းမြို့နယ် ပိုင်ဆိုင်သည့်အရာဖြစ်ပြီး စတုရန်းကီလိုမီတာ အနည်းငယ်သာ ရှိ၏။
ကျောက်မဲကျွန်း၌ ရှာဖွေတွေ့ရှိခဲ့သည်က တကယ့်ကို အံ့မခန်း ကြီးမား၏။ ထိုအရာက မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းပြီး ပင်လယ်အောက်တွင် နစ်မြုပ်နေသည့် မြေအောက်မြို့တော်ကြီး တစ်ခုပင် ဖြစ်နိုင်သည်။ ယခု သူ၏ ရှေ့မှောက်ရှိနေရာကတော့ တကယ်ကို သေးငယ်၏။ ထိုအရာက ရှေးဟောင်းလောက၏ ခံစစ်စခန်းငယ် တစ်ခုသာ ဖြစ်နိုင်သည်။
ဟီလာက ဆို၏။ “ရှေ့က ဒီတံခါးရဲ့ အနောက်မှာ လျှို့ဝှက်အခန်းတစ်ခု ရှိခဲ့တယ်။ ကျူးမျိုးနွယ်စု စစ်သည်တွေက မသေခင်မှာ သူတို့ရဲ့ ပစ္စည်းတွေ အကုန်လုံးကို အဲအခန်းထဲမှာ ပိတ်လှောင်သွားခဲ့ကြတာ။ ငါတို့ နည်းလမ်း မျိုးစုံကို သုံးပေမယ့် ဒီတံခါးကို ဖွင့်လို့မရဘူး။”
လျှို့ဝှက်လက်နက်များသာမက ကျူးမျိုးနွယ်စုပညာရှင် ပြောကြားခဲ့သည့် လောကပျက်စီးနိုင်သည့် လက်နက်ကြီး ကလည်း ဤအခန်းထဲတွင် ရှိနေခြင်း ဖြစ်ပေမည်။ ရှမ့်လန်က တံခါးရှေ့သို့ လျှောက်သွားပြီး သေချာ ကြည့်ရှု၏။ ထိုအရာက သာမန်ကျောက်တံခါး တစ်ခုကဲ့သို့ပင်ဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွတ်နေ၏။
သို့ပေမည့် ပြင်းအားမြင့် ယမ်းနှင့် အပြင်းစား သာမိုက်များကို အသုံးပြုခဲ့သော်လည်း ထိုအရာက အရာပင် မထင်ခဲ့ချေ။ ရှမ့်လန်က X-Ray မျက်စိဖြင့် စတင်ကာ ကြည့်ရှုသော်လည်း ဘာမှမတွေ့ရချေ။ အရာအားလုံးက ပုံမှန်ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တောင်ပင်လယ်၏ ရှေးဟောင်းအပျက်အစီးများ အဝင်ဝတွင်လည်း ထိုကဲ့သို့သော ကျောက်သားနှင့် ကျောက်တံခါးများကို ရှမ့်လန်က X-Ray ဖြင့် ထိုးဖောက်မမြင်နိုင်ခဲ့သောကြောင့်ပင်။
ထိုအရာတင်မကဘဲ ဤတံခါးကြီးတွင် မည်သည့် ခလုတ် သို့မဟုတ် စက်ယန္တရားမှ မရှိသလို မျက်နှာပြင်၌ မည်သည့် စာသားမှလည်း မရှိချေ။ ထိုအရာကို ဖွင့်ချင်သော်လည်း မည်သည့်သဲလွန်စမှ မရှိသကဲ့သို့ပင်။
တစ်ခုတည်းသော သဲလွန်စက တံခါးရှေ့တွင် ဒူးထောက်နေသည့် ရုပ်တုပင်။ ထိုအရာက ရှေးဟောင်း စစ်သည်တော် တစ်ဦး၏ ရုပ်တုဖြစ်ပြီး သူက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး မျက်လုံးပြူးကာ ရှိနေ၏။ မျက်နှာအမူအရာ က နက်ရှိုင်းပြီး အနည်းငယ် နာကျင်နေသည့် ပုံစံရှိ၏။
ရှမ့်လန်က X-Ray ဖြင့် ထိုသူ၏ ခန္ဓာကိုယ်ကို ကြည့်ရှု၏။ အပြင်မှ ရုပ်တုများကဲ့သို့ပင် အရိုးနှင့် ကျောက်များ ဖြစ်နေ၏။ အရိုးများနှင့် ကျောက်ဖြစ်နေသည့် အတွင်းကလီစာများ ပိုင်ဆိုင်သော လူသားကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုသာ ဖြစ်ကြောင်း သိရသည်။
ပြီးနောက် ရှမ့်လန်က နည်းလမ်းမျိုးစုံဖြင့် ကြိုးစားသော်လည်း လျှို့ဝှက်အခန်းတံခါးကို ဖွင့်၍မရပေ။ အလင်းကို သုံးခြင်း၊ အိမ်မက်ဆိုးကျောက်တုံး၏ စွမ်းအင်ဖြင့် လှုံ့ဆော်ခြင်းတို့ကို ပြုလုပ်သော်လည်း တံခါးက တစ်ချက် ကလေးမှ တုံ့ပြန်မှု မရှိချေ။ အကြမ်းနည်းနှင့် ဖွင့်၍မရသလို အနုနည်းဖြင့်လည်း ဖွင့်၍မရပေ။
ယခင်က ကျောက်မဲကျွန်းရှိ ရှေးဟောင်းအပျက်အစီး၏ အဝင်ဝကို အရောင်လေးမျိုး သီအိုရီဖြင့် ဂြိုဟ်၏ မြေပုံအပြည့်အစုံ ဖော်ထုတ်ပြီးမှသာ ဖွင့်နိုင်ခဲ့သည်။ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ ရှေးဟောင်း အပျက်အစီး များကတော့ ကိန်းဂဏန်းများ၏ ဆက်စပ်မှုဖြင့် စီစဉ်ထား၏။
မေးခွန်းများက လူတစ်ယောက်ကို စိတ်ပျက်အားငယ်စေလောက်အောင် ခက်ခဲသော်လည်း အနည်းဆုံး ဖြေရှင်းရန် မေးခွန်းဆိုသည်ကတော့ ရှိသေး၏။ သို့သော်ငြား ယခုသူ၏အရှေ့ရှိ တံခါးမှာတော့ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။
ထိုအရာက ဤနေရာသည် ရှေးဟောင်းအပျက်အစီး မဟုတ်ဘဲ ရှေးဟောင်းခံစစ်စခန်း တစ်ခုသာ ဖြစ်ကြောင်း ပိုမို သက်သေပြနေ၏။ ထို့ကြောင့် ဤတံခါးကိုဖွင့်မည့် လျှို့ဝှက်ချက်က အတော်အတန် ရိုးရှင်းနိုင်သော်လည်း ခန့်မှန်းရန် ခက်ခဲနေဆဲပင်။
ရှမ့်လန်က ပြောသည်။ “ဒါကို ချထား။”
ဟီလာက ထူးခြားသည့်အရာတစ်ခုကို မြေပြင်ပေါ်သို့ ချထားလိုက်၏။
ရှမ့်လန်က ခလုတ်ကို နှိပ်လိုက်ချိန်တွင် ထိုကိရိယာမှ ထူးခြားသည့် အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ ထိုအရာက ဤလောကကြီး၏ 'ခရမ်းလွန်ရောင်ခြည်'ပင် ဖြစ်ရမည်။ လျှပ်စစ်ကို အသုံးမပြုဘဲ အိမ်မက်ဆိုး ကျောက်တုံးကို အသုံးပြုထားခြင်း ဖြစ်သည်။
ရှမ့်လန်အနေနှင့် ထိုအရာကို နေရာနှစ်ခုတွင် မြင်ခဲ့ဖူးသည်။ ပထမတစ်ခုက မင်းသမီးကျိနင်၏ အခန်းထဲတွင် ဖြစ်ပြီး ဒုတိယတစ်ခုက အနောက်လောကရှိ ဘုရင်မ မီဒူဆာ၏ နန်းဆောင်ထဲတွင် ဖြစ်၏။ မင်းသမီး ကျိရွှမ်နှင့် ဘုရင်မမီဒူဇာတို့ နှစ်ဦးလုံးက ပိုးမွှားကင်းစင်သည့် အခန်းတစ်ခုကို ဖန်တီးနိုင်ရန် ဤအရာကို အသုံးပြုခဲ့ခြင်းပင်။
သူ၏ရှေ့မှောက်ရှိတံခါးက တကယ်ကို သန့်ရှင်းနေ၏။ သာမန်မျက်စိနှင့် ကြည့်ပါက မည်သည့် အစအန သတင်း အချက်အလက်ကိုမှ တွေ့ရမည် မဟုတ်ချေ။ သို့ပေမည့် ကျူးမိသားစု ပညာရှင်က မျိုးနွယ်စု ခေါင်းဆောင်နှင့် သခင်လေးတို့ ဖွင့်နိုင်သည်ဟု ပြောခဲ့သကဲ့သို့ သူတို့က ဤတံခါးပေါ်တွင် တစ်စုံတစ်ခုသော အမှတ်အသား ချန်ထားရပေလိမ့်မည်။ ထိုအရာက သွေးသာ ဖြစ်ခဲ့ပါက မည်မျှ သန့်ရှင်းနေစေကာမူ ခရမ်းလွန်ရောင်ခြည် အောက်တွင် ပေါ်ပေါက်လာမှာ ဖြစ်ပေ၏။ သို့သော်ငြား ဤခန်းမကြီးက တကယ်ကို တောက်ပလွန်းနေသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒီခန်းမထဲက အလင်း အရင်းအမြစ်ကို ပိတ်လို့ ရနိုင်လား။”
ဟီလာက ဖြေသည်။ “ရတာပေါ့။”
ပြီးနောက် သူမက နောက်တစ်ခန်းဆီသို့ သွားပြီး စက်ယန္တရား တစ်ဒါဇင်ခန့်ကို လှည့်၏။ ချက်ချင်းပင် မှန်ချပ်အားလုံးက ပြောင်းလဲသွားပြီး ခန်းမကြီး တစ်ခုလုံးက မှောင်အတိ ကျသွား၏။
ယခုအချိန်မှာတော့ ခရမ်းလွန်ရောင်ခြည်က ကြည်လင်ထင်ရှားနေပြီး လျှို့ဝှက်တံခါးအပေါ်တွင် သွေးစွန်းရာက အမှန် ရှိနေသော်လည်း ထိုအရာများက မှေးမှိန်ကာ ရှုပ်ထွေး၏။ အမှန်တကယ် မည်သည့်ပုံသဏ္ဍာန်ကို ဆွဲထားကြောင်းပင် သိနိုင်ရန် မဖြစ်နိုင်ပေ။
ရှမ့်လန်က တံခါးရှေ့ရှိ ရှေးဟောင်းလူသား ရုပ်တုဆီသို့ တိုးကပ်သွားပြီး ထိုသူ၏ မျက်နှာကို သေချာ အကဲခတ် ကြည့်ရှု၏။ သို့သော်ငြား ကံဆိုးစွာဖြင့် ထိုသူ၏ မျက်လုံးများက မှိတ်ထားသောကြောင့် သတင်းအချက်အလက် များကို မသိရှိနိုင်ပေ။ သူက ဤကဲ့သို့သော ဟန်ပန်မျိုးဖြင့် တရားရှုမှတ်ခြင်းကို ပြုလုပ်နေသည်လား။ မဖြစ်နိုင်ပေ။
ပါးစပ်ပုံသဏ္ဍာန်ကို ကြည့်ရှုရသည်က တစ်စုံတစ်ခုကို တီးတိုး ရွတ်ဆိုနေဟန်ရှိ၏။ သူက ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်မသွားမီ နောက်ဆုံးအချိန်ထိ တစ်စုံတစ်ခုကို ရွတ်ဆိုခဲ့ခြင်း ဖြစ်မည်ဆိုသော်လည်း ယခုအချိန်တွင် ဘာကို ရွတ်ဆိုနေသည် ဖြစ်ကြောင်းကိုတော့ မသိရှိနိုင်တော့ပေ။
ရှမ့်လန်က ထိုသူ၏ မျက်နှာကို မှတ်တမ်းတင်ပြီး ခွဲခြမ်းစိတ်ဖြာရန်အတွက် AI စနစ်ထဲသို့ ထည့်သွင်း၏။ မကြာခင်မှာပင် စနစ်က အဖြေတစ်ချို့ကို ထုတ်ပေး၏။ ဤရှေးဟောင်းလူသားက မသေဆုံးမီ “မင်း... မင်း မှန်တယ်။ မင်း... မင်း...” ဟူသည့် စကားများကို ပြောဆိုသွားခဲ့ခြင်း ဖြစ်နိုင်၏။
ထိုသို့ဖြစ်နိုင်ခြေက ၆၀ ရာခိုင်နှုန်းရှိ၏။ အကယ်၍ စကားလုံးတစ်လုံး ရှိခဲ့လျှင် ထိုစကားလုံးက သော့ချက် မဟုတ်ပေ။ ထိုအရာ၏ နောက်ကွယ်မှ စကားလုံးကသာ အဓိကသော့ချက် ဖြစ်ရပေမည်။ သို့ပေမည့် သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ထိုစကားလုံးကို ပြောဆိုရန် အခွင့်မသာခဲ့ချေ။
ထိုစကားလုံးက ဘာများဖြစ်မည်နည်း။ “မင်း... နောင်တ...။”
အကယ်၍ ထိုသူက ပြောင်းလဲခြင်းကျမ်းစာကို တီးတိုး ရွတ်ဆိုခဲ့ခြင်း ဖြစ်ပါက နောင်တ ဖြစ်နိုင်ချေက တကယ့်ကို မြင့်မား၏။ ထိုတင်သာမကသေးဘဲ ဤရှေးဟောင်းလူသား၏ မျက်နှာက နာကျင်နေသည့်ဟန် ရှိပြီး ပြင်းထန်စွာ ရုန်းကန်နေရသည်ဟု ထင်မှတ်ရ၏။ နောက်ဆုံး သူက မည်သည့် ဆုံးဖြတ်ချက်ကိုမှ မချနိုင်ဘဲ ကြီးမားသည့် ပူဆွေးမှုမျိုးနှင့် ရင်ဆိုင်ခဲ့ရကာ ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်ပေမည်။
မှန်ပေ၏။ ထိုအရာက ရှမ့်လန်၏ စိတ်ကူးယဉ် တွေးတောထားခြင်း သက်သက်သာ ဖြစ်သည်။ ရှမ့်လန်က သူ၏ လက်ချောင်းများကို အနည်းငယ် လှီးဖြတ်ပြီး တံခါးပေါ်တွင် 'နောင်တ' ဟူသည့် စာလုံးကို ရေးသား၏။ သို့ပေမည့် တံခါးက မည်သည့်တုန့်ပြန်မှုမှ မရှိဘဲ ပွင့်မလာခဲ့ချေ။ သူ၏ ခန့်မှန်းချက် မှားယွင်းသွားခဲ့သည်လား။
ရှမ့်လန်က ရုပ်တုကို တစ်ဖန်ပြန်လည်ကာ ကြည့်ရှု၏။ သူ၏ လက်ကောက်ဝတ်တွင် လှီးဖြတ်ရာ တစ်ခု ရှိနေသည်ကို တွေ့ရ၏။ သူ၏လက်ချောင်းများကို ကြည့်လိုက်ချိန်မှာတော့ လှီးဖြတ်ရာ အစအနများကို တွေ့ရပြန်သည်။ သို့ပေမည့် ထိုလှီးဖြတ်ရာ နှစ်ခုက ကွဲပြားနေ၏။ လက်ချောင်းပေါ်မှ လှီးဖြတ်ရာက ကျောက်ဖြစ်ရုပ်ကြွင်း မဖြစ်မီတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး လက်ကောက်ဝတ်ပေါ်မှ ဒဏ်ရာကမူ နောက်ပိုင်းမှ တစ်စုံတစ်ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်ပေမည်။
ထိုအရာက ရှေးဟောင်းလူသားသည် တံခါးကိုဖွင့်ရန် သွေးကို အသုံးပြုခဲ့ကြောင်း ရှမ့်လန်၏ ခန့်မှန်းချက်ကို ပိုကာ ခိုင်မာစေ၏။ ကျူးမိသားစုမှ လူများက ဤသဲလွန်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့၏ ကိုယ်ပိုင်သွေးဖြင့် တံခါးပေါ်တွင် ရေးသားခဲ့ကြသော်လည်း အချည်းနှီး ဖြစ်ခဲ့ပုံပင်။ ထို့ကြောင့် သူတို့က ရှေးဟောင်းလူသား ရုပ်တု၏ လက်ကောက်ဝတ်ကို လှီးဖြတ်ကာ သူ၏ သွေးကို အသုံးပြုရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်ငြား ရှေးဟောင်းလူသားက ကျောက်သားဖြစ်နေပြီ ဖြစ်သောကြောင့် သွေးကလည်း ခြွင်းချက်မရှိ ကျောက်သားသာ ဖြစ်နေပေလိမ့်မည်။ ရှမ့်လန်က ထက်မြက်သည့် ဓားဖြင့် ရှေးဟောင်းလူသား ရုပ်တု၏ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ပြီး သွေးကြောနေရာမှ ကျောက်ဖြစ်သည့် သွေးမှုန်တစ်ချို့ကို တူးထုတ်၏။
ပြီးနောက် သူက အံကိုကြိတ်လျက် သူ၏ ကိုယ်ပိုင်သွေး ၁၀ မီလီခန့်ကို ထုတ်ယူကာ ရှေးဟောင်းလူသား၏ သွေးမှုန်များနှင့် ရောစပ်လိုက်သည်။
ရုတ်တရက် ထူးခြားသည့် မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ ရှမ့်လန်၏ သွေးများက အနီရောင်မှ ရွှေရောင်သွေးအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။ ထိုအရာက ရွှေရောင်စစ်စစ် မဟုတ်ဘဲ ရွှေကဲ့သို့သော အရောင်မျိုး ဖြစ်ပြီး သေချာကြည့်လိုက်လျှင် နေရောင်ခြည်၏ အရောင်ကဲ့သို့ ဖြစ်နေကာ ရှုထောင့်အမျိုးမျိုးမှ အလင်းများကို ရောင်ပြန်ဟပ်ကာ လှပနေ၏။
“ဟမ့်... ဒါဘာတွေလဲ။ ငါက ဒီရှေးဟောင်းလူသားနဲ့ ဓာတ်ပြုသွားတာလား။ ငါ အဲလို မဖြစ်ချင်ဘူး။”
သို့သော်ငြား ရှမ့်လန်က ထိုအရာကို ဂရုစိုက်မနေနိုင်တော့ချေ။ နေရောင်ခြည်ကဲ့သို့သော တောက်ပသည့် သွေးများကို အသုံးပြုပြီး လျှို့ဝှက်အခန်းတံခါးပေါ်တွင် 'နောင်တ' ဟူသည့် စာလုံးကြီးကို ရေးသားလိုက်သည်။
ထို့နောက်တွင်တော့ အံ့အားသင့်ဖွယ် အခိုက်အတန့်ကို ရောက်ရှိလာခဲ့၏။ ခန်းမထဲရှိ မှန်ချပ်ပေါင်း များစွာတို့က ဦးတည်ချက် ပြောင်းလဲသွားပြီး မရေတွက်နိုင်သည့် နေရောင်ခြည်တန်းများက တံခါး၏ဗဟိုချက်ဆီသို့ စုပြုံကျရောက်၍ အလင်းတန်း ရာပေါင်းများစွာတို့က တစ်စုတစ်စည်းတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး ထိုအလင်းတန်’ကြီးက သူတို့ မျက်စိများကို မဖွင့်နိုင်အောင်အထိ တောက်ပလွန်းလှချေ၏။
“ဝုန်း... ဝုန်း...”
လျှို့ဝှက်အခန်းတံခါးက စတင် လည်ပတ်လာခဲ့ပြီး တိုက်ရိုက် ပွင့်သွားသည်။
“အောင်မြင်ပြီဟေ့။”
ဟီလာက ရှေ့သို့တိုး၍ ရှမ့်လန်၏ လည်ပင်းကို ဆွဲဖက်လိုက်သည်။ “ငါ့ရဲ့မောင်လေး... မင်းရဲ့ ဉာဏ်ပညာကတော့ တကယ့်ကို အနှိုင်းမဲ့ပဲ။”
ရှမ့်လန်က ပြုံးလိုက်၏။ အမှန်စင်စစ်အားဖြင့် ဤတံခါးကို ဖွင့်ရန်က မခက်ခဲလှချေ။ ထိုအရာက ရှေးဟောင်းခံစစ် စစ်စခန်းငယ်တစ်ခု ဖြစ်သောကြောင့် တံခါးဖွင့်မည့် လျှို့ဝှက်ချက်က ရှေးဟောင်း အပျက်အစီးများကဲ့သို့ မခက်ခဲခြင်းပင်။
...................
လျှို့ဝှက်အခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် ရှမ့်လန် ပထမဦးဆုံး မြင်တွေ့လိုက်ရသည်က ထိုလျှို့ဝှက် လက်နက်ပင် ဖြစ်ပေလိမ့်မည်။ ထိုအရာကို မမြင်ဘဲ နေရန်လည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မီတာ ၃၀ ကျော် ရှည်လျားပြီး အချင်းက တစ်ပေခွဲခန့် ရှိ၏။ အလွန်ကြီးမားသောကြောင့်ပင်။
“ဒါဘာကြီးလဲ... ငါ့ကို နောက်နေတာလား။”
ထိုအရာက ဧရာမ ဒူးလေးကြီးတစ်စင်း ဖြစ်နေ၏။ သို့သော်ငြား ဒူးလေးကို ပစ်ခတ်ရန် မည်မျှ ကြီးမားသည့် မြှားမျိုးကို လိုအပ်မည်နည်း ဆိုသည်ကို ရှမ့်လန်က ခန့်မှန်း၍ပင် မရချေ။
“ရှေးဟောင်းလူသားတို့... ခင်ဗျားတို့ရဲ့အတွေးအခေါ်က အရမ်းကို ခေတ်နောက်ကျနေပြီ။ ဒီပုံစံအတိုင်း လုပ်ဖို့ လိုလို့လား။ ဒါက ကြည့်ရတာ အရမ်းကို ခေတ်နောက်ကျနေသလိုပဲ။”
သို့သော်ငြား ရှမ့်လန်က ဤအတွေးကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဒူးလေး၏ အဆုံးပိုင်းတွင် အလွန်ရှုပ်ထွေးသည့် အိမ်မက်ဆိုးကျောက်တုံး ကိရိယာတစ်ခုကို တွေ့လိုက် ရသောကြောင့်ပင်။ ထိုအရာက အချင်း တစ်မီတာကျော် ရှိပြီး အလွှာပေါင်း ဒါဇင်ချီ ရှိနေ၏။
ဧရာမ ဒူးလေးကြီး၏ အမြီးတစ်ခုလုံးက ၅ မီတာကျော် ရှည်လျားပြီး ငါးမြှောင့်ပုံသဏ္ဍာန် အိမ်မက်ဆိုး ကျောက်တုံး ကိရိယာတစ်ခု ဖြစ်နေ၏။ ရှမ့်လန်က သူ၏ X-Ray ဖြင့် မြား၏ အတွင်းပိုင်းကို စစ်ဆေး ကြည့်ရှုခဲ့သော်လည်း အချည်းနှီးသာပင်။
X-Ray က ထိုမျက်နှာပြင်ကို မဖောက်ထွင်းနိုင်ခဲ့ချေ။ ကြီးမားသည့် ဒူးလေးကြီး၏ မျက်နှာပြင်က ဘာပစ္စည်းနှင့် ပြုလုပ်ထားသနည်း။ သတ္တုလား၊ ကျောက်သားလား၊ သို့မဟုတ် အခြားတစ်ခုခုပေလား။ သူ မသိချေ။ ရှမ့်လန် တစ်ခါမှ မမြင်ဖူးသည့် ပစ္စည်းမျိုး ဖြစ်ပြီး ရှမ့်လန်က လေဆာရောင်ခြည်ဖျက်စက်ဖြင့် ထိုဒူးလေးကို ဖျက်ဆီးရန် ဂရုတစိုက်နှင့် စမ်းသပ်ကြိုးစားကြည့်သော်လည်း ဘာတစ်ခုမှ ထိခိုက်မှု မဖြစ်ခဲ့ချေ။
အကောင်းဆုံး သံမဏိဓားကို ထုတ်ယူပြီး ခုတ်ပိုင်းကြည့်သော်လည်း ဓားသာ ကျိုးသွားခဲ့ပြီး ထိုဒူးလေးကြီး၏ မျက်နှာပြင်တွင် မည်သည့် အမှတ်အသားမှ မကျန်ခဲ့ချေ။ သူက စိန်ဓားကို သုံးသော်လည်း ထိုအရာ၏ မျက်နှာပြင်ထက်တွင် မည်သည့် ခြစ်ရာမှ မပေါ်ခဲ့ချေ။
ပြီးနောက် ရှမ့်လန်က မြား၏ ကိုယ်ထည်တွင် စာလုံးသုံးလုံးကို တွေ့ရသည်။ “နဂါးနောင်တ”
ဟီလာက မေးမြန်းလိုက်၏။ “ဒါက အစုလိုက် ၊ အပြုံလိုက်ကို သတ်ဖြတ်နိုင်တဲ့ အဆုံးစွန်သော လက်နက် ဆိုတာလား။”
ရှမ့်လန်က ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်။ ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်တဲ့ အဆုံးစွန်သော လက်နက်ပဲ။”
ဟီလာက ထပ်မံကာ မေးမြန်းပြန်၏။ “သူ့ရဲ့ စွမ်းအားက ဘယ်လောက်ရှိနိုင်လဲ။”
ရှမ့်လန်က ဆိုသည်။ “ကျိန်စာသင့် ပင်လယ်ထဲက ပျောက်ဆုံးနိုင်ငံ အပျက်အစီးထဲမှာ ရေအောက်ပိရမစ် ပေါက်ကွဲတာကို အစ်မ မှတ်မိလား။”
မှန်ပေ၏။ ဟီလာ မှတ်မိသည်။ ဤပေါက်ကွဲမှုကြောင့် ပျောက်ဆုံးနေသည့် မိစ္ဆာမယ်တော်ကြီးက အပိုင်းပိုင်း အစအစ ဖြစ်သွားခဲ့သည် မဟုတ်ပါလား။ ထိုအရာတင်မကဘဲ အမေဇုန်ပိရမစ်၏ အောက်ရှိ စွမ်းအင်ဗဟိုချက်က အလွန်ကြီးမားသည့် သတ္တုဟိုက်ဒရိုဂျင်ဗုံးအလားပင်။ ထိုအရာသာ ပေါက်ကွဲသည် ဆိုပါက အမေဇုန် မျိုးနွယ် တစ်ခုလုံး ပျောက်ကွယ်သွားပေလိမ့်မည်။
ဤဧရာမ ဒူးလေးကြီး၏ အရွယ်အစားက အမေဇုန်ပိရမစ်၏ အောက်ခြေရှိ စွမ်းအင်ဗဟိုချက်ထက် များစွာ သေးငယ်သော်လည်း ရှမ့်လန်က ယခုလက်နက်၏ စွမ်းအားမှာ ပိုမိုကာ ပြင်းထန်မှာဖြစ်ကြောင်း သေချာသိ၏။ ဤအကြီးစား ဖျက်အားပြင်းဒူးလေးကြီး၏ အရွယ်အစားက အမေဇုန် ပိရမစ်၏ အောက်ခြေရှိ စွမ်းအင် ဗဟိုချက် ထက် များစွာ သေးငယ်၏။ သို့သော်လည်း စွမ်းအားက များစွာ သာလွန်မည် ဖြစ်ကြောင်း ရှမ့်လန်က အာမခံရဲပေသည်။
ရှမ့်လန်၏ ခန့်မှန်းချက်သာ မမှားခဲ့ပါက ဤကျွန်းပေါ်တွင် ရှိနေသည့် လျှို့ဝှက်အခြေစိုက်စခန်းက အကြီးစား ဖျက်အားပြင်း ဒူးလေးကို တည်ဆောက်ရန် ရည်ရွယ်ထားခဲ့ခြင်းပင်။ ဤအရာက မဟာဗျူဟာမြောက် လက်နက် တစ်ခု ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က ဆက်စပ်တွေးတောမှုများကို ပြုလုပ်၏။ ဤရှေးဟောင်းယဉ်ကျေးမှုက ကြီးမားသည့် အကြပ်အတည်း နှင့် ရင်ဆိုင်နေရချိန်တွင် ဖျက်အားပြင်း ဒူးလေးကို အသုံးပြုရန် ကြံစည်ခဲ့ကြပေလိမ့်မည်။ သို့သော်ငြား ဤစခန်း၏ ခေါင်းဆောင်က နောက်ဆုံးတွင် ဤလက်နက်ကို အသုံးမပြုခဲ့ဘဲ တိုက်ရိုက် ကျောက်ဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
နောက်ဆုံး ရဲရင့်သည့် ခန့်မှန်းချက်တစ်ခုမှာတော့ ဤနေရာနှင့် မိုင်ပေါင်း တစ်သောင်းကျော် ဝေးကွာသည့် နေရာ၌ ပျောက်ဆုံးနေသည့် ရှေးဟောင်းအင်ပါယာ၏ နယ်မြေဖြစ်သော မိစ္ဆာတြိဂံနယ်မြေ ရှိနေခြင်းပင်။ ရှေးဟောင်းအင်ပါယာကို ဘုရင်မ မီဒူဆာက အုပ်စိုး၏။ ရှေးဟောင်းဒဏ္ဍာရီများအရ ဘုရင်မ မီဒူဆာက လူသားများကို အကြည့်တစ်ချက်နှင့်ပင် ကျောက်ရုပ်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဤရှေးဟောင်းယဉ်ကျေးမှုနှင့် ပျောက်ဆုံးနေသည့် အင်ပါယာတို့အကြား စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ခန့်မှန်းနိုင်၏။ ထို့အပြင် ဤကျွန်းက စင်စစ်အားဖြင့် အရှေ့တိုင်း ရှေးဟောင်းအင်ပါယာတစ်ခု၏ မဟာဗျူဟာမြောက် လက်နက်များ ပစ်ခတ်ရာ အရှေ့တန်း အခြေစိုက်စခန်း တစ်ခု ဖြစ်ပေလိမ့်မည်။ ဤစခန်း၏ ခေါင်းဆောင်က မကွယ်လွန်မီ နာကျင်ဖွယ်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သော်လည်း အဆုံးသတ်မှာတော့ ဤအဆုံးစွန်သော အကြီးစား ဖျက်အားပြင်း လက်နက်ကို အသုံးပြုရန် မရက်စက်နိုင်ခဲ့ပေ။
xxx
အပိုင်း (၉၅၂)
ဟီလာက မေးမြန်းလိုက်သည်။ “ငါ့မှာ မေးခွန်းတစ်ခုပဲ ကျန်တော့တယ်။ ဒါက လာမယ့် စစ်ပွဲမှာ ငါတို့ကို အနိုင်ရအောင် ကူညီပေးနိုင်မလား ဆိုတာပဲ။”
“ထျန်းရွှဲ့မြို့ရဲ့ တိုက်ပွဲမှာ ဒီဖျက်အားပြင်း လက်နက်ကို အသုံးလိုဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်နဲ့ တိုက်မယ့် နောက်ထပ်တိုက်ပွဲမှာတော့ အသုံးဝင်ကောင်း ဝင်နိုင်တယ်။ ဒါကို စတင် အသုံးပြုနိုင်ဖို့ လိုသလို ဒါက ဘယ်လောက်တောင် စွမ်းအားကြီးမလဲ ဆိုတာလည်း မသိရသေးဘူး။” ရှမ့်လန်က ပြန်လည်ကာ ဖြေကြား၏။
“မင်းက လုံလောက်တဲ့ စွမ်းအင်မရှိမှာကို စိုးရိမ်နေတာလား။” ဟီလာက ထပ်မံကာ မေးမြန်းသည်။
ရှမ့်လန်က ခေါင်းခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ ဒါက စွမ်းအားအရမ်းကြီးနေမှာ စိုးရိမ်ရတာ။”
ကျူးမိသားစုက လူပေါင်းထောင်ချီပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြိုးပမ်းခဲ့သော်လည်း ထိုအရာ၏ စွမ်းအားကို မထိန်းချုပ်နိုင်ခဲ့ချေ။ အကယ်၍သာ ထိုအရာကိုထိန်းချုပ်နိုင်ခဲ့ပါက အကျိုးဆက်က ကြောက်မက်ဖွယ်ရာ ကောင်းပေမည်။
ဟုတ်ပေသည်။ ကျူးမျိုးနွယ်စုက ဤဒူးလေး၏ လျှို့ဝှက်ချက်ကို အဖြေမထုတ်နိုင်ခဲ့သော်လည်း ရှမ့်လန်ကမူ AI ရှိနေသည့်အပြင် အိမ်မက်ဆိုးကျောက်တုံးနှင့် ပတ်သက်သည့် ရှေးဟောင်းစာပေအမြောက်အများကိုလည်း ဖတ်ရှုခဲ့သောကြောင့် အဖြေ ဖော်ကောင်း ဖော်နိုင်ပေလိမ့်မည်။
ဟီလာက ရုတ်တရက်ပြော၏။ “ဒါနဲ့ ကျူးမိသားစုက ဘာလို့ ဒီဒူးလေးကြီးကို သယ်မသွားရတာလဲ။ သုတေသန လုပ်ဖို့ သူတို့က အခြေစိုက်စခန်းကို ရွှေ့လို့ရတာပဲ။ ဒီနေရာမှာ လျှို့ဝှက်စခန်း တည်ဆောက်ရတဲ့ ကုန်ကျစရိတ် က အရမ်းကို ကြီးမားတယ် မဟုတ်လား။”
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ဒီဒူးလေးကြီးကို ရွှေ့ကြည့်အုံး။”
မကြာခင်မှာပဲ အမေဇုန် အမျိုးသမီးစစ်သည်တော် ရာပေါင်းများစွာက ဝင်ရောက်လာပြီး သူတို့၏ ခွန်အားများကို အစွမ်းကုန် အသုံးပြုကြ၏။
“ဟေး... ရုန်း... မ... မ...။”
လူပေါင်း ၁၀၀ ကျော်က တပြိုင်နက်တည်း ဟစ်ကြွေးကာဖြင့် အားကုန်ထုတ်ကာ မ၏။ သို့သော်ငြား ဤဒူးလေးကြီး က တုတ်တုတ်မျှပင် မလှုပ်ချေ။ ဤသည်က တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းသည်။
အမေဇုန် အမျိုးသမီး စစ်သည်တော် ၁၀၀ ကျော်၏ စုပေါင်းအင်အားက ပေါင်ချိန် သောင်းချီမက ရှိ၏။ ဤဒူးလေးကို အနည်းငယ်မျှပင် မရွှေ့နိုင်ခဲ့ချေ။ ခေတ်သစ်လောက၏ မဟာဗျူဟာမြောက် ဒုံးကျည်များပင်လျှင် တန်ချိန် အနည်းငယ်သာ ရှိသောကြောင့် အမေဇုန် အမျိုးသမီး စစ်သည်တော် တစ်ယောက်က လွယ်ကူစွာ ရွှေ့နိုင်ပေမည်။
ဤဒူးလေးက ခေတ်သစ်လောက၏ ဒုံးကျည်များထက် ပို၍ လေးလံနေသည်လား။ သို့ပေမည့် ဒူးလေး အစစ်ကဲ့သို့ သွယ်လျရှည်လျားကာဖြင့် ကြီးမားသည့်ပုံလည်း မပေါ်ချေ။ မကြာခင်မှာပဲ ဤအရာကို မရွေ့နိုင်ခြင်းမှာ ဒူးလေးက လေးလံလွန်း၍ မဟုတ်ဘဲ ပြင်းထန်လွန်းသည့် သံလိုက်စွမ်းအားကြောင့် မြေပြင်နှင့် မြဲမြံစွာ ကပ်နေခြင်း ဖြစ်ကြောင်း ရှမ့်လန်က ရှာဖွေတွေ့ရှိခဲ့၏။
ဤသံလိုက်စွမ်းအားက ပေါင်သန်းပေါင်းများစွာရှိသည့် အားမျိုး ဖြစ်နေသောကြောင့် အမေဇုန်အမျိုးသမီး စစ်သည် ၁၀၀ ကို မဆိုထားနှင့်၊ မည်သူမျှ ရွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရှမ့်လန်က ဤအရာကို နုရှောင့်မြို့ဆီသို့ ပြန်လည်သယ်ဆောင်သွားရမှာဖြစ်ပြီး ဤနေရာတွင်ထားခြင်းက ပြဿနာများ၏။ ရှမ့်လန်က ခေတ္တမျှ လေ့လာကြည့်၏။ ဤသံလိုက်စွမ်းအားက လျှို့ဝှက်အခန်းတစ်ခုလုံးရှိ စွမ်းအင်စက်ကွင်း တစ်မျိုးကြောင့် ဖြစ်ကြောင်း သိရှိပြီး ထိုအရာကို ပိတ်ပင်ရန် နေရာရှာဖွေဖို့သာ လိုအပ်သည်။
..............
ဟီလာက ဆိုလိုက်၏။ “ဒါဆိုရင် ဒီဖျက်အားပြင်းလေးကို ခဏထားအုံး။ တခြား လျှို့ဝှက်လက်နက်တွေကို ကြည့်ရအောင်။”
တခြား လျှို့ဝှက်လက်နက်များက လျှို့ဝှက်အခန်း၏ တခြားတစ်ဖက်တွင် ရှိနေပြီး ထိုနေရာတွင်လည်း တင်းကြပ်စွာ ပိတ်ထားသည့် တံခါးတစ်ချပ် ရှိနေပြန်၏။ ရှမ့်လန်က နေရောင်ခြည် အောက်တွင် သူ၏ သွေးကို နောက်တစ်ကြိမ် နှစ်ကာ တံခါးပေါ်တွင် 'နောင်တ' ဟူသည့် စာလုံးကို ရေးထိုးရန် ပြင်၏။ သွေးစက်နှင့်တံခါး ထိလိုက်သည်နှင့် တပြိုင်နက် တံခါးက ချက်ချင်း ပွင့်ဟသွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ တကယ်ပဲ ပွင့်လာခဲ့သည်။
ပြီးနောက် သူက အသက်ကိုပင် ပြင်းပြင်းရှူသွင်းလိုက်၏။ သူ၏ စိတ်ထဲတွင်တော့ အတွေးတစ်ခုတည်းသာ ရှိ၏။ သူ ချမ်းသာပြီ ဖြစ်၏။ လျှို့ဝှက်အခန်းထဲတွင် ရှေးဟောင်းယဉ်ကျေးမှုမှ ချပ်ဝတ်တန်ဆာ အမျိုးမျိုးနှင့် ဖိနပ် ရာပေါင်းများစွာတို့ ပြည့်နှက်နေ၏။ ထို့မျှမကသေးချေ။ ရှေးဟောင်းယဉ်ကျေးမှုသုံး လေးများကလည်း ထောင်နှင့်ချီ ရှိသေး၏။
ဤအရာများက ဘာမှ မဟုတ်သေးချေ။ ရှမ့်လန်ကို စိတ်လှုပ်ရှားဆုံး အရာက အိမ်မက်ဆိုးကျောက်တုံး ထောင်နှင့်ချီ ရှိနေခြင်းပင်။ ထိုအရာက အမျိုးအမည် စုံလင်လှပြီး ရှမ့်လန်ပင်လျှင် အရာအားလုံးကို မမှတ်မိနိုင်ချေ။ ရှမ့်လန်က လုံးဝ အမျိုးအမည် မသိသည့် လက်နက်များ ထည့်ထားသည့် သေတ္တာတချို့ကိုပင် တွေ့ခဲ့ရသေးသည်။ မည်သို့ပင် ဆိုစေကာမူ ရှမ့်လန်က တကယ်ပင် ရတနာပုံ စိုက်သည်။
ထို့ကြောင့် ရှေးဟောင်းယဉ်ကျေးမှု၏ လျှို့ဝှက်လက်နက်ကို စမ်းသပ်ကာ အောင်ပွဲခံရမည့်အချိန်သို့ ရောက်ရှိ လာပေတော့မည်။ သူက အမေဇုန် စစ်သည်တော်များထဲမှ ထိပ်တန်း တိုက်ခိုက်ရေး ကျွမ်းကျင်သူ မဟုတ်သော်လည်း အတော်အသင့် အဆင့်မြင့်သည့် အမျိုးသမီး စစ်သည်တော် တစ်ဦးကို ရွေးချယ်လိုက်၏။
သူမက ရှေးဟောင်း စွမ်းအင်သုံး ဖိနပ်ကို စီးနင်းလိုက်ချိန်မှာတော့ ရှမ့်လန်က အနည်းငယ် စိတ်လှုပ်ရှားသွားမိ၏။ အကြောင်းရင်းက ထိုဖိနပ်က တကယ့်ကို လက်ရာမြောက်ပြီး ပုံမှန်အားဖြင့် ခြေဗလာကျင်းနေသည့် အမေဇုန် စစ်သည်တော် ထိုဖိနပ်ကို စီးနင်းလိုက်ချိန်မှာတော့ ခြေတံများက ပိုမို ရှည်လျားကာ ဆွဲဆောင်မှု ရှိသလို ဖြစ်သွားသည်။
သူမက အနည်းငယ် ခန္ဓာကိုယ်ကို ကွေးပြီး အထက်သို့ ခုန်တက်၏။ ဖိနပ်အောက်ခြေမှ ကြီးမားသည့် ရုန်းကန်အားတစ်ခု ထွက်ပေါ်လာပြီး အမေဇုန် အမျိုးသမီး စစ်သည်တော်က ၁၅ မီတာခန့် မြင့်မားသည့် အမြင့်သို့ ခုန်တက်သွားနိုင်၏။ ဤသည်က တကယ့်ကို အံ့အားသင့်ဖွယ်ရာပင်။ ဆိုလိုသည်က ရှေးဟောင်းစွမ်းအင်သုံး ဤဖိနပ်ကို စီးနင်းထားသရွေ့ မည်သည့် မြို့ရိုးကိုမဆို အလွယ်တကူ ခုန်ကျော်နိုင်ပေလိမ့်မည်။
“ဝူး...”
ထို့နောက် သူမက ရှေ့သို့ ခုန်၏။ ခန္ဓာကိုယ်တစ်ခုလုံးက မီတာ ၂၀ အကွာဝေးဆီသို့ လွင့်ပျံကာ ရောက်ရှိသွား၏။ ဤရှေးဟောင်း စွမ်းအင်သုံး ဖိနပ်ကို စစ်မြေပြင်တွင် အသုံးပြုမည်ဆိုပါက မည်မျှ ထိရောက်မှုကို ရှမ့်လန်က တွေးကြည့်၍ပင် မရနိုင်တော့ချေ။
အမေဇုန် အမျိုးသမီး စစ်သည်တော်များ၏ ပြိုင်ဘက်ကင်းတိုက်ခိုက်ရေး စွမ်းရည်နှင့် ပေါင်းစပ်လိုက်မည် ဆိုပါက မှန်းဆ၍ပင် မရနိုင်လောက်အောင် ဖြစ်ပေမည်။ ထို့အပြင် အရာအားလုံးက အလိုအလျောက် ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ထိန်းချုပ်ရန်လည်း မလိုအပ်ချေ။ ဤဖိနပ်များက ပိုင်ရှင်၏ အလိုဆန္ဒကို သိမြင်နိုင်စွမ်း ရှိနေသည့် ပုံပင်။
နောက်တစ်ဆင့်ကတော့ ရှေးဟောင်းလေးနှင့် မြားများ၏ စွမ်းရည်ကို စမ်းသပ်ရန် ဖြစ်၏။
“ဟူး...” သူမက ရုတ်တရက် လေးကို ဆွဲတင်၏။ လေးကြိုး၏ တင်းအားက တင်းမာလွန်းသော်လည်း ကြိုးကိုဆွဲလိုက်ချိန်မှာတော့ နောက်ကွယ်မှ ကူညီပေးနေသည့် အင်အားတစ်ခု ရှိနေသကဲ့သို့ အမေဇုန် စစ်သည်က ခံစားရသည်။
“ပစ်...”
“ဝူး...”
မြားက လျှပ်စီးလျှပ်သကဲ့သို့ ပြေးထွက်သွားခဲ့ပြီး ထိုအရာ၏ လမ်းကြောင်းက ဖြောင့်တန်း၏။ မီတာ ၁၀၀ ခန့် ပျံသန်းပြီးနောက် မြား၏ အမြီးပိုင်းဆီမှ မီးတောက်များ ထွက်ပေါ်လာ၏။ အရှိန်က လျော့မသွားသည့်အပြင် ပိုမိုက မြန်ဆန်လာခဲ့၏။ ခဏအတွင်းမှာပဲ ထိုမြားက မီတာ ၁၃၀၀ အကွာအဝေးရှိ ပစ်မှတ်ကို တည့်တည့် ထိမှန်၏။
“ဘုန်း...” ကျယ်လောင်သည့် အသံကြီးနှင့်အတူ ပစ်မှတ်က တိုက်ရိုက်ပင် လွင့်စင်ပျက်စီးသွား၏။ ရှမ့်လန်က ထိုရှေးဟောင်းလေးနှင့် မြားကို မယုံကြည်နိုင်သလို ကြည့်မိနေ၏။ ထိုအရာ၏ စွမ်းရည်က ရိုင်ဖယ်သေနတ်နှင့် နှိုင်းယှဉ်လျှင်ပင် ပိုမိုကာ သာလွန်လျက် ရှိ၏။ မကြာခင်မှာပဲ အမေဇုန် အမျိုးသမီး စစ်သည်က ထိုမြားကို ကောက်ယူပြီး ရှမ့်လန်ထံ ပေးအပ်သည်။
မြားက တကယ်ကို လေးလံပြီး ကီလိုဝက်ခန့်ပင် ရှိ၏။ အနက်ရောင် သတ္တုတစ်မျိုးနှင့် သွန်းလုပ်ထားပြီး မာကျောလွန်းလှသောကြောင့် ပစ်မှတ်ကို ထိမှန်သည့်အချိန်တွင် ပွန်းပဲ့ခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေသည်။ လက်ရာကလည်း တကယ့်ကို လှပ၏။
မြားထိပ်ဖျားဆီမှ မြားတောင်ပံထိ စက်ဖြင့် ထွင်းထုထားသကဲ့သို့ပင် ၁ မီလီမီတာ၏ တစ်ဝက်မျှပင် အမှားအယွင်း မရှိချေ။ ထို့ကြောင့်ပင် ပျံသန်းမှုလမ်းကြောင်းက တည်ငြိမ်ပြီး မီတာ ၁၈၀၀ အကွာအဝေးမှာပင် ပစ်မှတ်ကို ချိန်ရွယ် ပစ်ခတ်နိုင်ခြင်း ဖြစ်ပေမည်။ ထို့မျှပင် မကသေးချေ။ ဤမြားကို ထပ်တလဲလဲ ပြန်လည် အသုံးပြု နိုင်သေး၏။ အံ့အားသင့်စရာ ကောင်းသည် မဟုတ်ပါလား။
ဒုတိယအကြိမ်မှာတော့ သူက ၂ မီလီမီတာ အထူရှိသည့် သံပြားတစ်ခုကို ၁ ကီလိုမီတာ အကွာအဝေးတွင် ထားပြီး ပစ်ခိုင်းသည်။
“ပစ်...”
“ရွှီး...”
ဤရှေးဟောင်းမြားက ကြယ်တံခွန်ကဲ့သို့ပင် လေထုကိုခွဲကာ ပြေးထွက်သွားပြီး မီတာတစ်ရာ ကျော်လွန်ချိန်မှာတော့ အမြီးပိုင်းဆီမှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ မြား၏အရှိန်က ပိုပို၍ မြန်ဆန်လာ၏။
“ဝုန်း...”
ထိုအရာက ၁ ကီလိုမီတာအကွာရှိ သံပြားကို တည့်တည့်ထိမှန်ကာ ပေါက်ထွက်သွား၏။ အမေဇုန်အမျိုးသမီး စစ်သည်က ထိုသံပြားကို ရှမ့်လန်၏ရှေ့ဆီသို့ ယူဆောင်လာရင်း ရှေးဟောင်းမြားကို ဆွဲထုတ်လိုက်သည်။ ရှေးဟောင်းမြားက မူလအတိုင်းပင် ရှိနေသေးသည်။
“ဟမ့်... ဒီလောက်တောင် အစွမ်းထက်တာလား။”
ဤသည်က ၂ မီလီမီတာ အထူရှိသည့် သံပြားဖြစ်၏။ အားနည်းသည့် ရိုင်ဖယ်သေနတ်ဆိုလျှင် ၁ ကီလိုမီတာ အကွာအဝေးမှ ဤသံပြားကို ဖောက်ထွက်သွားရန် မလွယ်ကူချေ။
ရှမ့်လန်က ဝမ်းသာသလို စိုးရိမ်စိတ်လည်း ဝင်မိ၏။ ထိုမျှ အစွမ်းထက်သည့်လက်နက်ကို ရရှိသောကြောင့် ဝမ်းသာမိသော်လည်း သူ ထုတ်လုပ်မည့် သေနတ်များအတွက်မူ ကြီးမားသည့် ထိုးနှက်ချက်ဖြစ်လာမည်ကို စိုးရိမ်ရ၏။ ရှမ့်လန်က အမြှောက်များကိုသာ တီထွင်နိုင်သေးပြီး သေနတ်များကို ထုတ်လုပ်ရန်က စီမံကိန်း အဆင့်သာ ရှိနေသေး၏။
သို့သော်ငြား ယခု ရိုင်ဖယ်နှင့် နှိုင်းယှဉ်နိုင်သည့် ရှေးဟောင်းမြားများကို တွေ့ရှိနေပြီဖြစ်သောကြောင့် သူ၏စိတ်က ရှုပ်ထွေးနေပေသည်။ ရှမ့်လန်၏ ပထမမျိုးဆက် သေနတ်များ မထွက်ပေါ်လာသေးခင် သူက ခေတ်နောက်ကျ ကျန်ရစ်နေပြီဟု ခံစားမိ၏။ ရှမ့်လန်က သူ၏ X-Ray အမြင်ဖြင့် ရှေးဟောင်းမြားကို စစ်ဆေးကြည့်သည်။
မြား၏ အမြီးပိုင်း၌ အိမ်မက်ဆိုးကျောက်တုံးတစ်တုံးကို မြင်ရ၏။ ဤရှေးဟောင်းယဉ်ကျေးမှုက အိမ်မက်ဆိုး ကျောက်တုံးပေါ်တွင် အခြေခံတည်ဆောက်ထားခြင်း ဖြစ်၏။ အနောက်လောကတွင် စွမ်းအင်ဗဟိုချက်များကို အိမ်မက်ဆိုးကျောက်တုံးဖြင့် ထိန်းချုပ်၏။ ကိုမာရှိနေသည့် သတိလစ်မေ့မျောနေသော လူနာများကို နှိုးထနိုင်ရန် ထိုအရာကို အသုံးပြု၏။
အဒေါ့ဖ် အသုံးပြုခဲ့သည့် တည်နေရာရွှေ့ပြောင်းမှု ကိရိယာကလည်း အိမ်မက်ဆိုးကျောက်တုံးဖြင့် ထိန်းချုပ် ထားခဲ့ခြင်းပင်။ နဂါး၏နောင်တ ဒူးလေးကြီးကလည်း အိမ်မက်ဆိုး ကျောက်တုံးဖြင့် ထိန်းချုပ် ပစ်ခတ်ရခြင်း ဖြစ်ပြီး ဤရှေးဟောင်းမြားကလည်း အိမ်မက်ဆိုးကျောက်တုံးပေါ်တွင် အခြေခံထားပြန်သည်။
သို့သော်ငြား ဤသည်က သဘာဝကျ၏။ ခေတ်သစ် အီလက်ထရောနစ် ယဉ်ကျေးမှုက ချစ်ပ်ပြားများကို အခြေခံ ထားသကဲ့သို့ပင်။ ဒေါ်လာ ဆယ်ဂဏန်းတန်သည့် နာရီတစ်လုံးမှာပင် အထူးပြုလုပ်ထားသည့် ချစ်ပ်တစ်ခု ပါဝင်လေ့ရှိ၏။
ယခု နဂါးနောင်တ မဟာဗျူလက်နက်ကြီးက အဘယ်ကြောင့် ဒူးလေးပုံစံ ဖြစ်နေသနည်းဆိုသည်ကို ရှမ့်လန်က နားလည်သွား၏။ ဘယ်ကြောင့်ဆိုသော် ရှေးဟောင်းယဉ်ကျေးမှု၏ လက်နက်စနစ်က ဤအတိုင်းပင် ဖြစ်နေသောကြောင့်ပင်။ ထိုအရာကို ဒူးလေးပုံစံတူအောင် တမင်လုပ်ထားခြင်း မဟုတ်ချေ။
ရှေးဟောင်းယဉ်ကျေးမှုက တကယ်ကို ခမ်းနား၏။ လက်ထဲရှိ မြားတံက အချင်းဝက် လက်မခန့်သာ ရှိသော်လည်း ထိုမျှရှုပ်ထွေးသည့် အိမ်မက်ဆိုးကျောက်တုံး ကိရိယာကို တပ်ဆင်ထားနိုင်၏။ ထို့အပြင် ထိုအရာက အလိုအလျောက် အလုပ် လုပ်ခြင်းလည်း ဖြစ်သည်။
မြား၏အရှိန်က သတ်မှတ်ချက်တစ်ခုထက် ကျော်လွန်သွားသည်နှင့် တပြိုင်နက် စွမ်းအင်ကိရိယာက အလိုအလျောက် စတင်အသက်ဝင်လာပြီး ဒုံးပျံကဲ့သို့ မီးတောက်များကို မှုတ်ထုတ်၏။ ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုမှုတ်ထုတ်လိုက်သည့်အရာက မီးတောက်မဟုတ်ဘဲ ပလပ်စမာများပင်။
“ဒီရှေးဟောင်းဖိနပ် ဘယ်နှစုံရှိလဲ။ လေးကရော ဘယ်နှလက်ရှိလဲ။” ရှမ့်လန်က မေးမြန်း၏။
ဟီလာက ဖြေကြားသည်။ “ဖိနပ်က အစုံ ၂၀၊ ရှေးဟောင်းလေးက ၁၀၀၀၊ ရှေးဟောင်းမြားက ၁၀၀၀၀ ကျော်လောက် ရှိပါတယ်။ မောင်လေး... အစ်မကြီး မေးစရာရှိတယ်။”
“ဘာလို့ ကျူးမိသားစုက ဒီလျှို့ဝှက်လက်နက်တွေကို ကျွန်းပေါ်မှာပဲထားပြီး သယ်မသွားကြတာလဲ ဆိုတာလား။” ရှမ့်လန်က ပြန်ကာမေးမြန်း၏။
ဟီလာက ခေါင်းညိတ်ပြသည်။
“ကျုပ်မမှားဘူးဆိုရင် ရှေးဟောင်းဖိနပ်ပဲဖြစ်ဖြစ်၊ လေးပဲဖြစ်ဖြစ် ဒီကျွန်းရဲ့ လျှပ်စစ်သံလိုက် ပတ်ဝန်းကျင် အတွင်းမှာပဲ သုံးလို့ရတာ။ ဒီနယ်မြေက ထွက်သွားတာနဲ့ အစွမ်းတွေ ပျောက်သွားလိမ့်မယ်။”
ဟီလာက ခေတ္တမျှ တွေးတောကာ ပြော၏။ “ဒါဆိုရင်တော့ ဟုတ်နိုင်တယ်။ ရှေးဟောင်းလေးကြီးတွေက စွမ်းအားမြင့်ပေမယ့် သင်္ဘောပေါ်ကို မတင်နိုင်ခဲ့ကြဘူး။ ပြီးတော့ သူတို့ရဲ့ လေးတပ်က အစပိုင်းမှာ အရမ်း အားကောင်းပေမယ့် တဖြည်းဖြည်း တိုက်ခိုက်ရေးစွမ်းရည်တွေ ကျဆင်းလာတယ်။ နောက်ဆုံး ငါတို့သင်္ဘောနဲ့ တိုက်မှ နစ်သွားတာပဲ။”
ပြီးနောက် ဟီလာက ရှေးဟောင်းဖိနပ်နှင့် လေးများကို ယူဆောင်ကာ ကျွန်းမှ ထွက်ခွာကြည့်၏။ ပင်လယ်ပြင်ထဲ စမ်းသပ်မှုများ ပြုလုပ်ရန် သင်္ဘောနှင့် ထွက်သွား၏။ ရလဒ်အရ ရှမ့်လန်၏ အတွေးက မှန်ကန်ပေ၏။ ကျွန်းနှင့် ဝေးလေလေ ရှေးဟောင်းဖိနပ်၏ ခုန်ပျံနိုင်စွမ်းက အားနည်းသွားလေပင်။ နောက်ဆုံး သာမန်ဖိနပ်များကဲ့သို့ပင် ဖြစ်သွားသည်။
ရှေးဟောင်းလေးများကလည်း ထိုနည်းလည်းကောင်းပင်။ ကျွန်းနှင့် မီတာ တစ်သောင်းခန့် ဝေးကွာသည့် အချိန်မှာတော့ ရှေးဟောင်းမြားများက သာမန်မြားများကဲ့သို့ ဖြစ်သွား၏။ မြားက လေးလံသောကြောင့် မီတာ ၂၀၀ ခန့်သာ ပစ်နိုင်တော့၏။ စွမ်းအင်ကလည်း သာမန်မြားများထက်ပင် ညံ့ဖျင်းသွားခဲ့သေး၏။
ဤရှေးဟောင်းလျှို့ဝှက်လက်နက်များကို အထူးပတ်ဝန်းကျင်တစ်ခုမှာသာ အသုံးပြုနိုင်ခြင်းဖြစ်သောကြောင့် အပြင်ဘက်သို့ သယ်ဆောင်သွားပါက အသုံးမဝင်ချေ။ ကျူးမိသားစုက ထိုအရာများကို လျှို့ဝှက်ခန်းထဲ၌သာ အဘယ်ကြောင့် ထားရှိရသနည်း ဆိုသည်က မဆန်းတော့ပေ။
“ဒါ တကယ့်ကို နှမြောစရာပဲ။ အစ်မကြီးကတော့ ဒီရှေးဟောင်းလေးတွေနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်၊ ယင်ယွမ်အဖွဲ့အစည်းနဲ့ တုံ့ကျန်းဘုရားကျောင်းက လူတွေကို သတ်ပစ်ဖို့ စဉ်းစားထားတာ။”
ဟီလာက ဆက်ပြောသည်။ “မောင်လေး... ဒီမြားတွေက အိမ်မက်ဆိုးကျောက်တုံးတွေကို အပြင်မှာ အသုံးပြု လို့ရအောင် ပြုပြင်လို့မရဘူးလား။”
ရှမ့်လန်က ပြန်လည်ကာ ဖြေကြား၏။ “ကျုပ် ဒါနဲ့ ပတ်သက်ပြီး နားလည်မှုတစ်ခု ရှိတယ်။ ဒီလိုဖြစ်နေရတာက ရှေးဟောင်းယဉ်ကျေးမှုက ကန့်သတ်ထားလို့ မဟုတ်ဘူး။ ဒီသိမ်မွေ့တဲ့ အိမ်မက်ဆိုးကျောက်တုံးတွေက အထူး လျှပ်စစ်သံလိုက် ပတ်ဝန်းကျင်မှာပဲ အလုပ် လုပ်နိုင်တာ။
ကျုပ်ရဲ့ တွက်ချက်မှုအရဆိုရင် ဒီအိမ်မက်ဆိုးကျောက်တုံးတွေကို အပြင်မှာ အသုံးပြုလို့ရအောင် အောင်အောင်မြင်မြင် ပြုပြင်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ စွမ်းအင်တွေက လျော့ပါးသွားမှာဖြစ်သလို သက်တမ်းကလည်း တိုသွားလိမ့်မယ်။ အိမ်မက်ဆိုးကျောက်တုံး ပေါက်ကွဲသွားတာမျိုးတောင် ဖြစ်နိုင်တယ်။”
“ဒါဆိုရင် ဘယ်လိုလုပ်မလဲ။” ဟီလာက မေးမြန်းသည်။
“ရိုးရိုးလေးပါပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒီလက်နက်တွေက အထူးပတ်ဝန်းကျင်မှာသုံးဖို့ လိုအပ်နေတာ မဟုတ်လား။ ဒါဆိုရင် အဲဒီအထူးလျှပ်စစ်သံလိုက်ပတ်ဝန်းကျင် တစ်ခုကို ကျုပ်တို့ ဖန်တီးလိုက်ရုံပေါ့။ ကျုပ်သာ မမှားဘူးဆိုရင် ဒီသံလိုက ်ပတ်ဝန်းကျင်ကို ကြီးမားတဲ့ အိမ်မက်ဆိုးကျောက်တုံးကိရိယာတစ်ခုက ထုတ်လွှတ်နေတာ။ အဲဒီကိရိယာက ဒီလျှို့ဝှက်အခြေစိုက်စခန်းထဲမှာ ရှိနေလိမ့်မယ်။”