အခန်း (၉၅၃-၉၅၄)
Vol. 57 Ch. 953-954
အပိုင်း (၉၅၃)
ထိုကဲ့သို့သော အကြီးစား အိမ်မက်ဆိုးကျောက်တုံး ကိရိယာက ကြီးမားသည့် စွမ်းအင်သံလိုက်ကွင်းကို ထုတ်လုပ် ပေးပြီး ထိုစွမ်းအင်သံလိုက်ကွင်းအတွင်း၌ လျှို့ဝှက်လက်နက်များကို အစွမ်းပြနိုင်အောင် ပြုလုပ်ထားခြင်းပင်။ ဤအရာက ဖုန်းတာဝါတိုင်နှင့် ဆင်တူ၏။ တာဝါတိုင်နှင့် နီးစပ်သည့် တည်နေရာအတွင်းသာ ဖုန်းလိုင်းမိမည် မဟုတ်ပါလား။ ဝေးကွာသွားသည်နှင့် လိုင်းက အားနည်းသွားပြီး နောက်ဆုံးဖုန်းက အသုံးမဝင်နိုင်တော့ပေ။
ရှေးဟောင်းယဉ်ကျေးမှုက တကယ်ပင် စွမ်းထက်လွန်းလှ၏။ အိမ်မက်ဆိုးကျောက်တုံး၏ စွမ်းအင်စနစ်ပေါ်တွင် တည်ဆောက်ထားသည့် ထိပ်တန်းယဉ်ကျေးမှုတစ်ခုပင်။ ပြီးနောက် ရှမ့်လန်က ရှေးဟောင်း စစ်သင်္ဘောများ ကလည်း အိမ်မက်ဆိုးကျောက်တုံးကိုပင် စွမ်းအင်ဗဟိုချက်ဖြင့် အသုံးပြုခဲ့သလားဟု တွေးတောမိပြန်၏။
ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် သတ္ထုဟိုက်ဒရိုဂျင်နှင့် အိမ်မက်ဆိုးကျောက်တုံးတို့ကို ပေါင်းစပ်လိုက်ပါက အကြီးစား စစ်သင်္ဘောများ၏ စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုနိုင်ပေလိမ့်မည်။ ယခင် မင်းသားကျင်း၏ ရှေးဟောင်းအပျက်အစီး တည်နေရာတွင် ရှိစဉ်က ရှမ့်လန်သည် ရှေးဟောင်းစာအုပ်များတွင် အိမ်မက်ဆိုး ကျောက်တုံးပေါင်းများစွာ အကြောင်းကို ဖတ်ရှုဖူးသည်။
စာလုံးရေ သန်းပေါင်းများစွာ၊ ပုံစံငယ် ထောင်ပေါင်းများစွာနှင့် အိမ်မက်ဆိုးကျောက်တုံး အမျိုးအစား တစ်ရာကျော် ပါဝင်ခဲ့၏။ ထိုစဉ်က အိမ်မက်ဆိုးကျောက်တုံး အမျိုးအစားများစွာ ရှိနေခြင်းအပေါ် ရှမ့်လန်က အံ့အားသင့်ခဲ့ဖူး၏။
ယခု ထိုစာအုပ်တွင် ဖော်ပြထားသည့် အိမ်မက်ဆိုးကျောက်တုံးများက သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်ကြောင်း သိရှိလိုက်ရ၏။ ရှမ့်လန်၏ ခန့်မှန်းချက်အရဆိုလျှင် ရှေးဟောင်းလောက၏ စနစ်အတွင်း အိမ်မက်ဆိုး ကျောက်တုံး အမျိုးအစားပေါင်း တစ်သောင်းကျော် ရှိနိုင်၏။ ဤလျှို့ဝှက်ကျွန်းပေါ်တွင် တပ်စခန်းလုံးကို ထိန်းချုပ်ထားသည့် ကြီးမားသည့် အိမ်မက်ဆိုးကျောက်တုံးကြီးနှင့် စွမ်းအင်ဗဟိုချက်တစ်ခု ရှိနေမည်က အမှန်အကန်ပင်။
နဂါးနောင်တ ဒူးလေးကြီးက ပြင်းထန်သည့် လျှပ်စစ်သံလိုက်အားကြောင့် မရွေ့နိုင်ဘဲ ရှိနေခြင်း ဖြစ်သောကြောင့် ထိုအရာကို ပြန်လည်သယ်ဆောင်သွားရန် အခြေခံစခန်း၏ ထိန်းချုပ်ရေးဗဟိုချက်ကို ရှာဖွေရပေမည်။ သို့မဟုတ်ပါက ရှမ့်လန်က လျှို့ဝှက်လက်နက်များကို အပြင်ဘက်သို့ သယ်ဆောင်သွားလျှင်တောင်မှ အသုံးဝင်မှာ မဟုတ်သလို ဤကောင်းကင်ကို တုန်ခါစေနိုင်သည့် သက်ဖြတ်ရေးလက်နက်ကြီးကိုလည်း ယူဆောင် သွားနိုင်လိမ့်မည် မဟုတ်ပေ။
ထို့သို့ဆိုလျှင် ထိန်းချုပ်ရေးဗဟိုချက်က မည်သည့်နေရာတွင် ရှိမည်နည်း။ ထိုအရာက တစ်ကျွန်းလုံးကို လွှမ်းမိုးနိုင်ရန် လျှို့ဝှက်အခြေစိုက်စခန်းထဲ ရှိနေမည်မှာကတော့ အသေအချာပင်။
ကျူးမိသားစုက ထိုအရာကို ဆယ်စုနှစ်တစ်ခုကျော် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ချေ။
တခြားသောသူများ ဆိုပါက တစ်သက်လုံး ရှာဖွေသော်လည်း တွေ့နိုင်မည် မဟုတ်သော်လည်း ရှမ့်လန်အတွက်မူ အခြေအနေက ကွဲပြားနေ၏။ မည်သည့် လျှပ်စစ်သံလိုက်ပတ်ဝန်းကျင်မဆို လှိုင်းတစ်မျိုးသာ ဖြစ်၏။ အထူးသဖြင့် ရှေးဟောင်းဒူးလေးကြီးနှင့်မြားကို ပစ်ခတ်သည့်အချိန်တွင် ထိုအရာက ထိန်းချုပ်ရေးဗဟိုချက်ဆီမှ လှိုင်းများကို အဆက်မပြတ် လက်ခံရရှိနေခြင်းပင်။
ဥပမာအားဖြင့် မည်သည့်မိုဘိုင်းဖုန်းမဆို တာဝါတိုင်မှ စွမ်းအင်လှိုင်းများကို လက်ခံရရှိနေသကဲ့သို့ပင်။ ထိုလှိုင်းများကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း အထူးကိရိယာများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၏ ကွန်ပျူတာများ နှင့် ရှင်းလင်းစွာ မြင်နိုင်၏။
လူသားတို့အနေနှင့် ဤကဲ့သို့သော လျှပ်စစ်သံလိုက်လှိုင်းများကို မမြင်နိုင်သော်လည်း ရှမ့်လန်၏ AI စနစ်ကမူ မြင်နိုင်၏။ ထိန်းချုပ်ရေးဗဟိုချက်ကို ရှာဖွေရန်က သူ့အဖို့ လွယ်ကူလွန်း၏။ သူက အလုပ်လုပ်နေသည့် အိမ်မက်ဆိုး ကျောက်တုံးတစ်ခုကို ကိုင်ဆောင်ကာ လှုပ်ရှားသွားလာရန်သာလိုသည်။
ထိန်းချုပ်ရေးဗဟိုချက်နှင့် နီးကပ်လာလေလေ လက်ခံရရှိသည့် လျှပ်စစ်သံလိုက်လှိုင်း အချက်ပြမှုက ပိုမိုကာ အားကောင်းလေဖြစ်သောကြောင့် ရှမ့်လန်၏ AI စနစ်က ထိုအရာကို ရှင်းလင်းစွာ ဖတ်ရှုနိုင်ပေလိမ့်မည်။ ပြီးနောက် သူက အိမ်မက်ဆိုးကျောက်တုံးကို ကိုင်ဆောင်ပြီး ဆက်လက်ရွေ့လျားစေ၏။
ပိုမိုရှင်းလင်းစေရန် ရှမ့်လန်က AI စနစ်အတွင်း၌ အချက်ပေးသံတစ်ခုကိုပါ ထည့်သွင်းလိုက်၏။ ထိန်းချုပ်ရေး ဗဟိုချက်နှင့် နီးကပ်လာလေလေ အချက်ပေးသံက ပို၍ စိပ်လာလေဖြစ်မည်။ သို့ပေမည့် ရှမ့်လန်က ချက်ချင်း ရပ်တန့်လိုက်၏။ အကြောင်းရင်းက ကျွန်း၏ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးလွန်းသောကြောင့် သူကိုယ်တိုင် ဖြတ်သန်းသွားလာရန် မဖြစ်နိုင်သောကြောင့်ပင်။
ဘာမှ ပြောစရာမလိုဘဲ မင်းသမီးဒိုဟာက ရှမ့်လန်ကို ချီပိုးရန် ပြင်လိုက်၏။ ရှမ့်လန်က ခဏမျှ တွန့်ဆုတ်ပြီးမှ သူမ၏ ကျောပေါ်သို့ တက်၏။ ထိုစဉ်မှာတော့ ဟီလာက မခံမရပ်နိုင်ဖြင့် မျက်ဖြူပင် လန်နေမိ၏။ အခြား အမျိုးသမီးဆီမှ အခွင့်အရေးယူရခြင်းက ဤမျှပင် လွယ်ကူနေသည်လား။
‘ငါ မင်းရဲ့ အစ်မလေ... ငါမင်းကို မချီနိုင်ဘူးထင်လို့လား။’
“တီ... တီ...။”
မင်းသမီးဒိုဟာ၏ လှုပ်ရှားမှုအရှိန်က တကယ်ပင် မြန်ဆန်၏။ သူမက ဖိနပ်ကို စီးနင်းထားသောကြောင့် အိမ်ခေါင်မိုးများနှင့် နံရံများကိုပါ ဖောက်ထွင်းကာ ပျံသန်းနေသကဲ့သို့ပင် ခံစားရ၏။ ထိန်းချုပ်ရေးဗဟိုချက်နှင့် ပိုမို၍ နီးကပ်လာချိန်မှာတော့ မင်းသမီးဒိုဟာက ရပ်တန့်၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ရှေ့တွင် တောင်ကုန်းကြီး တစ်ခု ရှိနေသောကြောင့်ပင်။
ထိုနေရာက ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၃၀၀ ခန့် မြင့်သော တောင်ကုန်းကြီးဖြစ်ပြီး ရှမ့်လန်က ထိုတောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်၏။ ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်းပင်။ မည်သည့် အချက်ပြတာဝါမဆို လွှမ်းမိုးမှု အားအကောင်းဆုံးဖြစ်အောင် အမြင့်ဆုံးနေရာတွင်သာ တည်ဆောက်လေ့ရှိ၏။
သူ၏ခန့်မှန်းချက်သာ မမှားခဲ့ပါက ဤသည်က ကျောက်ဆောင်ကဲ့သို့ ဖုံးကွယ်ထားသည့် လျှို့ဝှက် အခြေစိုက် စခန်း၏ ထိန်းချုပ်ရေးဗဟိုချက်ပင် ဖြစ်ပေမည်။ သူ၏ X-Ray အမြင်ဖြင့် ကြည့်ရှုစစ်ဆေးကြည့်ချိန်မှာတော့ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုလိုက်မိပြန်၏။ တောင်၏အစိတ်အပိုင်းက သာမန်ကျောက်တုံးများနှင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ X-Ray ဖြင့်ပင် ဖောက်ထွင်းမရသည့် အရာဖြစ်နေသည်။
မှန်ပေ၏။ လျှို့ဝှက်အခြေစိုက်စခန်း၏ ထိန်းချုပ်ရေးဗဟိုချက်က ဤနေရာတွင် ရှိနေခဲ့၏။ ရှမ့်လန်က ပျောက်ဆုံးနိုင်ငံ၌ ရှိနေသည့် နှင်းဖုံးတောင်ထိပ်မှ ပိရမစ်ကို မလွဲမသွေ သတိရမိ၏။ သူ၏ခန့်မှန်းချက်သာ မမှားပါက ထိုပိရမစ်က တစ်နိုင်ငံလုံးကို အထူးလျှပ်စစ်သံလိုက် ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးနိုင်သည့် ထိန်းချုပ်ရေးဗဟိုချက် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ထိုအရာကို လျှို့ဝှက်ဆန်းပြားသည့် အင်အားစုတစ်ခုက ကြိုတင်သိမ်းပိုက်ခဲ့ခြင်းပင်။
သို့နှင့် ရှမ့်လန်က ဖုံးကွယ်ထားသည့် ထိုကမ်းပါးထိပ်ကို စတင်လေ့လာ၏။ ကျူးမိသားစုကလည်း ဤနေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူသိလိုက်၏။ ထိုသူတို့က ဤနေရာကို တူးဖော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ လျှပ်စီးကြောင်းများ ထိမှန်ထားသည့် အမှတ်အသားများ ရှိနေသောကြောင့်ပင်။
ဆိုလိုသည်က မည်သူမဆို အင်အားသုံးပြီး ဤထိန်းချုပ်ရေးဗဟိုချက်ကို ဖွင့်ရန် ကြိုးစားပါက လျှပ်စီးမိုးကြိုးတို့၏ အန္တရာယ်ကြောင့် သေဆုံးရပေလိမ့်မည်။ ရှမ့်လန်က စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ပထမဦးဆုံး သူက လူတစ်ဦးကို ရှေးဟောင်းလေးဖြင့် မီတာရာဂဏန်းအကွာမှ ထိုကမ်းပါးယံကို ပစ်ခတ်ခိုင်း၏။
အဆုံးသတ်မှာတော့ လျှပ်စီးများ ထွက်ပေါ်မလာဘဲ မြားက ကမ်းပါးကို ထိမှန်ကာ ကျိုးပဲ့သွား၏။ နှမြောစရာ ကောင်းလှချေ၏။ ရှေးဟောင်းမြားတိုင်းက အလွန်တန်ဖိုးကြီးပြီး ကျိုးပဲ့သွားလျှင် ပြန်လည်ပြင်ဆင်၍ မရနိုင်တော့ပေ။ နောက်တစ်ဆင့်က သူက ယမ်းများဖြင့် ဖောက်ခွဲရန် ကြိုးစားသည်။
“ဝုန်း...”
ကျယ်လောင်လွန်းသော အသံကြီးနှင့်အတူ ပြင်းအားမြင့် ယမ်းဗုံးက ၂ ကီလိုမီတာကျော်အထိ ပေါက်ကွဲ၏။ လှပသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။
“ဖြောက်... ဖြောက်... ဖြောက်...”
ထိုကမ်းပါးယံမှ ရုတ်တရက် ပြာလွင်လွင် လျှပ်စီးကြောင်းများ ထွက်ပေါ်ပြီး မီတာတစ်ရာအတွင်းရှိ အားလုံးကို ရူးသွပ်စွာ ရိုက်ခတ်တိုက်စား၏။ အကယ်၍ ထိုဧရိယာအတွင်းတွင် လူတစ်ယောက်သာ ရှိနေပါက ချက်ချင်း သေဆုံးသွားနိုင်၏။ ထိန်းချုပ်ရေးဗဟိုချက်က ပြင်းထန်သည့် ဖျက်ဆီးအားကို ခံစားရချိန်မှာတော့ ကာကွယ်ရေး တုံ့ပြန်မှုကို ချက်ချင်း လုပ်ဆောင်ခြင်းဖြစ်သည်။
ကြောက်မက်ဖွယ်ရာကောင်းသည့် လျှပ်စီးကြောင်းများက စက္ကန့်အနည်းငယ်မျှ ကြာမြင့်၏။ ဤသည်က လူသတ်ခြင်း မဟုတ်ဘဲ လူကို မီးသွေးခဲကဲ့သို့ တိုက်ရိုက်ပြောင်းလဲခြင်းပင်။ မိနစ်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်က ထိုအထူးကမ်းပါးယံဆီသို့ ရဲရဲဝံ့ဝံ့ ပြန်သွား၏။
ဤနေရာတွင် ထိန်းချုပ်ရေးဗဟိုချက်တစ်ခု ရှိကြောင်း သူ သိရှိသွားပြီဖြစ်သော်လည်း အထဲသို့ မည်သို့ ဝင်ရောက် ရမည်နည်း။ အပြင်ဘက်အခွံက တကယ်ကို မာကျော၏။ ပြင်းအားမြင့်ယမ်းက ကီလိုနှင့်ချီ၍ ပေါက်ကွဲ သော်လည်း အခြစ်ရာတစ်ခုပင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။
လျှို့ဝှက်နံပါတ်များ ရှိနေသည်လား။ သို့မဟုတ် အိမ်မက်ဆိုးကျောက်တုံးကို အသုံးပြု၍ တစ်နည်းနည်းဖြင့် ကြိုးစားရမည်လား။ သို့ပေမည့် ဤအရာက ကွန်ပျူတာတစ်လုံး မဟုတ်ချေ။ လျှို့ဝှက်နံပါတ်က အဘယ်သို့ ရှိမည်နည်း။
ရှမ့်လန်က မည်မျှ ကြိုးစားတွေးတောစေကာမူ ထိုထိန်းချုပ်ရေးဗဟိုချက်ကို ဖွင့်ရန် နည်းလမ်း ရှာမတွေ့ခဲ့ချေ။
ရုတ်တရက် ဟီလာက ပြော၏။ “မောင်လေး... မင်းနဲ့ ရှေးဟောင်းလူသားတွေရဲ့ သွေးနှောသွေးနဲ့ စမ်းကြည့်လို့ မရဘူးလား။”
“ဖြစ်နိုင်ပါ့မလား။ အဲလောက် လွယ်ကူတဲ့အရာမျိုး ရှိပါ့မလား။” ရှမ့်လန်က ပြန်ပြောသည်။
ပြီးနောက် သူက သူနှင့် ရှေးဟောင်းလူသားတို့၏ သွေးနှောသွေးများပါဝင်သည့် သေတ္တာလေးကို ထုတ်၏။ နေရောင်အောက်တွင် ထိုအရာက ပိုမိုတောက်ပသည့် အလင်းတန်းများ ထုတ်လွှင့်၏။ နေမင်းကြီး၏ အလင်းရောင် နှင့်ပင် ဆင်တူ၏။
ရှမ့်လန်က လက်ချောင်းဖြင့် သွေးကို အနည်းငယ်သုတ်၍ ကမ်းပါးယံပေါ်သို့ သူ၏လက်ဖဝါးဖြင့် ဖိလိုက်၏။ ထိုအချိန်မှာတော့ အိမ်မက်ဆန်သည့် မြင်ကွင်းတစ်ခု ပေါ်လာ၏။ ထိုကမ်းပါးယံ၏ အပြင်ဘက်အခွံက တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး တောင်၏အတွင်းပိုင်းဆီသို့ တစ်လွှာပြီးတစ်လွှာ အနောက်သို့ ဆုတ်ခွာ သွားခြင်းပင်။
နောက်ဆုံးမှာတော့ ထိန်းချုပ်ရေးဗဟိုချက်က ရှမ့်လန်၏အရှေ့၌ ပွင့်လာသည်။ သူ၏ရှေ့မှ မြင်ကွင်းကို ရင်းနှီးနေပြန်၏။ ထိုအရာက အိမ်မက်ဆိုးကျောက်တုံး တပ်ဆင်ထားခဲ့သော ကြည်လင် တောက်ပနေသည့် ဖန်လုံးကြီး တစ်ခုပင်။ အမှန်တကယ်ပင် ထိုအရာက သတ္ထုဟိုက်ဒရိုဂျင်လုံးကြီး ဖြစ်သည်။
ထိုမျှမကသေးပေ။ ဤသတ္ထုဟိုက်ဒရိုဂျင်လုံးက သိပ်မကြီးချေ။ အချင်း ၂ မီတာခန့်သာ ရှိ၏။ ဤမျှ စွမ်းအင် အနည်းငယ်နှင့် တစ်ကျွန်းလုံးကို နှစ်ပေါင်းများစွာ စွမ်းအင်ပေးထားဖို့ မဖြစ်နိုင်ချေ။ မကြာခင်မှာပင် ရှမ့်လန်က သူ မှားသွားကြောင်း သိ၏။
ဤသတ္ထုဟိုက်ဒရိုဂျင်လုံးက စွမ်းအင်ဗဟိုချက်ဖြစ်သော်လည်း တကယ်တမ်း ထိုအရာကိုယ်တိုင်က စွမ်းအင် ထုတ်လွှတ်နေခြင်း မဟုတ်ချေ။ အမှန်စစ်စစ်အားဖြင့် ထိုအရာက စွမ်းအင်သိုလှောင်သည့် ကိရိယာသာ ဖြစ်၏။ သတ္ထုဟိုက်ဒရိုဂျင်အောက်တွင် တောင်တစ်ခုလုံးကို ဖောက်ထွင်းကာဖြင့် မြေအောက်အနက်ထဲသို့ ရောက်ရှိ နေသည့် ကြီးမားသော အပ်ကြီးတစ်ချောင်း ရှိနေသည်။
ရှမ့်လန်က တဖန် အံ့အားသင့်သွား၏။ သူသာ မမှားဘူးဆိုပါက ဤတောင်က မီးတောင်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ မီးတောင် နှစ်ပေါင်းများစွာ မပေါက်ကွဲဘဲ ရှိနေရခြင်းက ထိုအရာ၏ ပြင်းထန်သည့် စွမ်းအင်များ ကို သတ္ထုဟိုက်ဒရိုဂျင်လုံးမှ စုပ်ယူလိုက်ပြီး အိမ်မက်ဆိုးကျောက်တုံး ကိရိယာမှတစ်ဆင့် ပြန်လည်ထုတ်လွှတ် နေသောကြောင့်ပင်။
ထိုအရာက အထူးလျှပ်စစ်သံလိုက်ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသောကြောင့် ဤတည်နေရာအတွင်းရှိ ရှေးဟောင်းလျှို့ဝှက် လက်နက်များကို အသုံးပြုနိုင်ခြင်းပင်။ တကယ့်ကို အံ့မခန်း ဖြစ်၏။
အနောက်လောကရှိ အိမ်မက်ဆိုး တောင်တန်းများက ကြီးမားသည့် မီးတောင်ကြီးတစ်ခု ဖြစ်ခဲ့၏။ ထိုအရာမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်များက ရှေးဟောင်းစွမ်းအင်ဗဟိုချက်၏ ကန့်သတ်ချက်များကို ကျော်လွန် သွားခဲ့သောကြောင့် မကြုံစဖူး ပေါက်ကွဲမှုနှင့် မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရခြင်းပင်။
အဒေါ့ဖ်က ရှေးဟောင်းယဉ်ကျေးမှုအကြောင်းကို ကောင်းစွာ သိရှိထားသောကြောင့် အိမ်မက်ဆိုး မီးတောင် ပေါက်ကွဲမှုကို ၃ နာရီကျော်ခန့် နောက်ကျအောင် အောင်မြင်စွာ ဟန့်တားထားနိုင်၏။ သို့သော်ငြား ယခုအရာ အားလုံးက သဘာဝကျသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေ၏ ခေတ်သစ်သိပ္ပံသီအိုရီများအရ သတ္ထုဟိုက်ဒရိုဂျင်က အခန်းအပူချိန်တွင် လျှပ်ကူးပစ္စည်းဖြစ်ပြီး တကယ်ကို ကောင်းမွန်သည့် စွမ်းအင်သိုလှောင်စနစ် ဖြစ်သောကြောင့်ပင်။ ထိုအရာ ပေါက်ကွဲသွားသည့်အချိန်မျိုးတွင် အဆမတန် ပြင်းထန်သည့် စွမ်းအားကို ထုတ်လွှတ်နိုင်၏။
သီအိုရီအရဆိုလျှင် ရှမ့်လန်က ထိန်းချုပ်ရေးဗဟိုချက်ကို သယ်ဆောင်သွားပါက မီးတောင်ကို ထိန်းချုပ်နိုင်မည့် အရာမျိုး မရှိတော့ချေ။ ထို့ကြောင့် မီးတောင်က မကြာခင် ပေါက်ကွဲသွားမှာဖြစ်ပြီး ဤလျှို့ဝှက်အခြေစိုက်စခန်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ပေလိမ့်မည်။
နောက်ထပ်အချက်တစ်ခုက ဤစွမ်းအင်ဗဟိုချက်ကို သယ်ယူသွားပါက မီးတောင်မှ စွမ်းအင်ကို စုပ်ယူနိုင်တော့မည် မဟုတ်ဘဲ သိုလှောင်ထားသည့် စွမ်းအင်ပေါ်သာ မှီခိုရပေတော့မည်။ ထိုအရာက တစ်နေ့တွင် ကုန်ခမ်းသွားမှာဖြစ်သည့် ကြီးမားသော ဘက်ထရီအိုးကြီးတစ်ခုနှင့် တူ၏။
စွမ်းအင်ကုန်ခမ်းသွားသည်နှင့် ရှမ့်လန်သယ်ဆောင်သွားခဲ့သည့် လျှို့ဝှက်လက်နက်များပါ စွမ်းအင်ပြတ်လပ်မည်။ ရှမ့်လန်က ဆက်လက်အသုံးပြုလိုပါက အားပြန်သွင်းရန် နည်းလမ်းရှာရပေတော့မည်။ ထို့အပြင် ထိုအရာကို သယ်ဆောင်သွားလိုလျှင် အရင်ဆုံး ပိတ်ပစ်ရန် လိုအပ်သေးသည်။
“မင်းနဲ့ ရှေးဟောင်းလူသားတွေရဲ့ သွေးနှောသွေးကို ထပ်ပြီး သုံးကြည့်ပါအုံး။” ဟီလာက ဘေးမှ သတိပေးပြန်၏။
ရှမ့်လန်က သွေးနှောသွေးထဲသို့ သူ၏လက်ကို နှစ်ပြီး စွမ်းအင်ဗဟိုချက်ပေါ်သို့ လက်ဝါးဖြင့် ဖိသည်။
“ဝူး...”
ခန့်မှန်းထားသည့်အတိုင်းပင် စွမ်းအင်ဗဟိုချက်၏ အပြင်ဘက်အခွံက ပွင့်ထွက်သွား၏။ အတွင်းရှိ ရှုပ်ထွေးသည့် အိမ်မက်ဆိုးကျောက်တုံး ကိရိယာ ပေါ်လာ၏။
ကံကောင်းစွာပင် ဤအိမ်မက်ဆိုးကျောက်တုံး ကိရိယာက ရှမ့်လန်အတွက် အလွန်ရင်းနှီးနေခြင်းပင်။ ထိုအရာက အမေဇုန်ပိရမစ်ထဲရှိ ကိရိယာနှင့် များစွာဆင်တူ၏။ ဤသည်က သဘာဝကျ၏။ စွမ်းအင်ဗဟိုချက်အားလုံး၏ ထိန်းချုပ်ရေးစနစ်က ဆင်တူနေပေလိမ့်မည်။ ရှမ့်လန်က စွမ်းအင်ဗဟိုချက်ကို ချက်ချင်း မရပ်တန့်သေးချေ။ သူက အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။
ဤနေရောင်ခြည်အရောင်ရှိသော သွေး၏ လုပ်ပိုင်ခွင့်က မြင့်မားလွန်းလှ၏။ လျှို့ဝှက်နံပါတ်များပင် ထည့်ရန် မလိုသလို နောင်တဆိုသည့် စာလုံးကိုပင် ရေးရန် မလိုချေ။ လက်ဝါးဖြင့် ဖိလိုက်ရုံသာရှိ၏။
လျှို့ဝှက်အခြေစိုက်စခန်း၏ ဒုတိယထပ်ရှိ ထိန်းချုပ်ရေးဗဟိုချက်၏ အပြင်ဘက်အခွံနှင့် စွမ်းအင်ဗဟိုချက်၏ အပြင်ဘက်အခွံတို့သည်လည်း ထိုအတိုင်းပင် ဖြစ်ခဲ့၏။ ဤသည်က ရှေးဟောင်းလူသားများ၏ သွေးကြောင့် လုပ်ပိုင်ခွင့် မြင့်မားနေခြင်းလား။ သို့မဟုတ် သူ ရှမ့်လန်ကြောင့်လား။
“မောင်လေး.... ဘာလုပ်နေတာလဲ။” ဟီလာက မေးမြန်းလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။” ရှမ့်လန်က ပြန်ဖြေ၏။
သူက လောကသစ်တံခါးကို ဖွင့်လိုက်သကဲ့သို့ပင် ခံစားနေရ၏။ သွေးမျိုးဆက်က ထူးခြားကြောင်းကို သိရှိထား၏။ ဥပမာအားဖြင့် စေတီတောင်ရှိ မည်သည့်ကူပိုးကောင်းမဆို သူ၏သွေးနှင့် ထိတွေ့လျှင် သေဆုံးသွားတတ်သလို အနောက်လောက၊ မီးနတ်ဘုရားကျောင်းရှိ ငရဲမီးပိုးများကလည်း သူ၏သွေးဖြင့် သေဆုံးကုန်၏။ ဤအရာမှ လွဲ၍ တခြားထူးခြားမှု ရှိလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
ယခု ထူးဆန်းသည့် အဖြစ်အပျက်များက ထပ်မံထွက်ပေါ်လာခဲ့ပြန်၏။ သူ၏သွေးနှင့် ရှေးဟောင်းလူသားတို့၏ သွေး ပေါင်းစပ်လိုက်သည့်အချိန်တွင် ရှေးဟောင်းကိရိယာအများအပြားကို ဖွင့်နိုင်ခဲ့ပြီး သူ့အား မြင့်မားသည့် လုပ်ပိုင်ခွင့် အခွင့်အာဏာကို ပေးအပ်လိုက်နေသလိုပင်။
ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူပြီး အကြီးစား အိမ်မက်ဆိုးကျောက်တုံး ကိရိယာကို စတင်ကာ အသက်သွင်း၏။
“၃... ၂... ၁...” စွမ်းအင်ဗဟိုချက်တစ်ခုလုံးကို ပိတ်ပစ်လိုက်သည်။
“ဝုန်း... ဝုန်း...”
မြေအောက်ရှိ ကျောက်တောင်ကြီးက ငလျင်သေးသေးတစ်ခု လှုပ်ခတ်သွားသလို တုန်ခါ၏။ မီတာနှစ်သောင်း ပတ်လည်ရှိ အထူးလျှပ်စစ်သံလိုက်လိုင်းအားလုံးက ကွယ်ပျောက်သွား၏။
xxx
အပိုင်း (၉၅၄)
ဟီလာက ရှေးဟောင်းဖိနပ်ကို စီးထားဆဲဖြစ်၏။ သူမက ခုန်လိုက်ချိန်တွင် ခန့်မှန်းထားသည့်အတိုင်း အထူးခုန်နှုန်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ရှေးဟောင်းလေးများဖြင့် ပစ်ခတ်ကြည့်သည့်အခါတွင်လည်း မီတာ ၂၀၀ ခန့်သာ ရောက်ရှိပြီး မြေပြင်ပေါ်သို့ ပြုတ်ကျ၏။ ပလပ်စမာများ ထွက်ပေါ်မလာတော့သလို ရှေးဟောင်းလျှို့ဝှက် လက်နက်အားလုံးကလည်း စွမ်းရည်များ ဆုံးရှုံးသွားခဲ့၏။
နောက်တစ်ဆင့်အနေနှင့် စွမ်းအင်ဗဟိုချက်နှင့် ထိန်းချုပ်ရေးဗဟိုချက်တစ်ခုလုံးကို သယ်ဆောင်သွားရန် နည်းလမ်းရှာရမှာ ဖြစ်သည်။
ရှမ့်လန်က ခေါင်းခဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက အလွန်အမင်း လေးလံသောကြောင့်ပင်။ သူ၏ရှေ့ရှိ စွမ်းအင်ဗဟိုချက်တစ်ခုတည်း၏ ထုထည်က ၂.၂ ကုဗမီတာခန့် ရှိ၏။ သတ္ထုဟိုက်ဒရိုဂျင်၏ သိပ်သည်းဆ က ၁ ကုဗမီတာလျှင် တန် ၉၀ခန့် ရှိနေရာ စွမ်းအင်ဗဟိုချက်က တန် ၁၈၀ ခန့် လေးလံ နေပေလိမ့်မည်။
အမေဇုန်စစ်သည်များပင် မနိုင်, နိုင်လောက်သည့် အလေးချိန်မျိုး ဖြစ်၏။ ထို့နောက် ဟီလာနှင့် မင်းသမီး ဒိုဟာတို့ အပါအဝင် အမေဇုန်စစ်သည် ဒါဇင်ပေါင်းများစွာတို့က စွမ်းအင်ဗဟိုချက်ကို အားကုန်သုံး၍ မလိုက်ကြ၏။ သူတို့က တကယ်ပင် မနိုင်ကြသည်လား။
သို့ပေမည့် ရှမ့်လန် ချက်ချင်း နားလည်သွား၏။ စွမ်းအင်ဗဟိုချက်က တန် ၁၈၀ ခန့် လေးလံခြင်း မရှိချေ။ ထိုအရာက အချင်း ၂ မီတာခန့်သာ ရှိသော်လည်း ဒြပ်ထု၏ ထက်ဝက်ကျော်က အပြင်ဘက်အခွံသာလျှင်ဖြစ်၏။ စစ်မှန်သည့် သတ္ထုဟိုက်ဒရိုဂျင်က ထက်ဝက်ထက်ပင် လျော့နည်းသည့် ပမာဏရှိ၏။
ပြီးနောက် သန်မာသည့် စစ်သည်တော် ဒါဇင်ပေါင်းများစွာတို့က စွမ်းအင်ဗဟိုချက်ကို တောင်ပေါ်မှ ဂရုတစိုက်နှင့် သယ်ချလာပြီး အကြီးစား သင်္ဘောကြီးပေါ်သို့ အစွမ်းကုန် တင်ဆောင်ရန် ကြိုးစားကြသည်။
................
ရှမ့်လန်က မြေအောက်လျှို့ဝှက် အခြေစိုက်စခန်းဆီသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိချိန်မှာတော့ တံခါး အားလုံးက အလိုအလျောက် ပွင့်လာ၏။ အလင်းပြန်မှန်ချပ်များကလည်း ထိန်းချုပ်မှု ကင်းမဲ့နေသည်ကို တွေ့ရသည်။
သန်မာသည့် အမျိုးသမီးစစ်သည်တော် ဒါဇင်ပေါင်းများစွာတို့က မီတာ ၃၀ ရှည်လျားသည့် နဂါးနောင်တ ဒူးလေးကြီးကို သယ်ဆောင်ကြပြန်၏။ ခန့်မှန်းထားသည့်အတိုင်းပင် အားကောင်းသည့် လျှပ်စစ်သံလိုက် ဆွဲအား ပျောက်ကွယ်သွားခဲ့သောကြောင့် လွယ်လွယ်ကူကူပင် မ,ယူနိုင်၏။ ဖျက်အားပြင်း ဒူးလေးကြီးက ပေါင်ချိန် ၃၀၀၀၀ ခန့် လေးလံပြီး စွမ်းအင်ဗဟိုချက်ထက် များစွာ ပေါ့ပါးနေ၏။ ပြီးနောက် သူတို့က ဖျက်အားပြင်း ဒူးလေးကြီးကို အကြီးစားတိုက်သင်္ဘောကြီးပေါ်သို့ သယ်ဆောင်၏။
ရှမ့်လန်က ရှေးလူသားတို့၏ ကျောက်ရုပ်ဆီသို့ နောက်တစ်ကြိမ် ရောက်ရှိလာ၏။ သူက ဤစခန်း၏ အမြင့်ဆုံး မဟာဗျူဟာမြောက် လက်နက်ကို အသုံးပြုရန် လုပ်ပိုင်ခွင့်ရှိသည့် ရှေးလူကြီးလူကောင်းတစ်ဦး ဖြစ်ပေမည်။
“ခင်ဗျားရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ် ရှိနေမှာပဲ။”
ရှမ့်လန်က တီးတိုးပြော၏။ “ခင်ဗျားက ဘုရင်မမီဒူဆာရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရလို့ အခွင့်အရေးကို လက်လွှတ် လိုက်ရတာလား။”
ဟီလာက ရှေ့သို့တိုးကာ ပြောသည်။ “မောင်လေး... အစ်မကြီး မင်းကို သက်သေတစ်ခု ပြမယ်။”
သူမက ထိုရှေးဟောင်းလူသားခေါင်းဆောင်၏ သွေးကြောအတွင်းမှ သွေးကျောက်ဖြစ် ရုပ်ကြွင်းတစ်ချို့ကို တူးထုတ်ပြီး အမှုန့်ပြုလုပ်၏။ ပြီးနောက် သူမ၏လက်ချောင်းကို လှီးကာ သွေးစက်တစ်ချို့ကို ချ၏။ ရှေးဟောင်းလူသား၏ သွေးမှုန်များနှင့် ရောစပ်လိုက်ချိန်မှာတော့ ထိုအရာက အရောင်မဲသွား၏။ အရောင်မဲသွားခြင်းက ကြည်လင်နေခြင်း မဟုတ်ဘဲ တီဗီဖန်သားပြင် အနက်ရောင်ကဲ့သို့ မီးခိုးရောင်သန်း သွားခြင်းပင်။
“အစ်မက မင်းရဲ့ အစ်မပဲ။ ဒါပေမဲ့ အစ်မရဲ့သွေးနဲ့ သူနဲ့ရောလိုက်တဲ့အချိန်မှာ နေမင်းရဲ့ အရောင်မျိုး ထွက်မလာဘူး။”
ဟီလာက ဆက်ပြော၏။ “ဒါပေမဲ့ မောင်လေး... မင်းရဲ့သွေးမျိုးဆက်ကတော့ လူပေါင်း ကုဋေကုဋာမှာမှ တစ်ယောက်တည်းရှိတဲ့ သွေးမျိုးဆက် ဖြစ်လိမ့်မယ်။ မင်းမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပြီ။”
ရှမ့်လန်က ပခုံးကို တွန့်ပြလိုက်သည်။ “အနည်းဆုံး ဒါက သတင်းဆိုးတော့ မဟုတ်ဘူးမလား။”
ဟီလာက ပြော၏။ “မင်းရဲ့သွေးမျိုးဆက်က အရှေ့တိုင်းလောကရဲ့ ရှေးဟောင်းအပျက်အစီး အများအပြားကို ဖွင့်နိုင်သလို သမီးလေးယောင်ယောင်ရဲ့ သွေးကလည်း အနောက်လောကရဲ့ ရှေးဟောင်းအပျက်အစီးတွေကို ဖွင့်နိုင်တယ်။ မင်းတို့ သားအဖက လောကကြီးကို စိုးမိုးတော့မှာလား။”
ဤလောကကြီးအကြောင်းကို ပိုမိုကာ သိလာလေ၊ ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာလေပင်။ ဘုရင်မမီဒူဆာကို သာမန်ရှေးဟောင်းမျိုးနွယ်တစ်ခုဟု ထင်ခဲ့သော်လည်း သူမက ပျောက်ဆုံးနေသည့် ရှေးဟောင်းအင်ပါယာ တစ်ခု၏ ဘုရင်မ ဖြစ်နေခဲ့သည်။
ရှမ့်လန်ကို ကျမ်းလီ၏သားဟုသာ ထင်မှတ်ခဲ့သော်လည်း သူ၏သွေးမျိုးဆက်က အရှေ့တိုင်းအင်ပါယာတွင် ထိုမျှ ကြီးမားသည့် လုပ်ပိုင်ခွင့် ရှိနေမည်ဟု မမျှော်လင့်ခဲ့ချေ။ အရာအားလုံးက မြူထူကြီးအတွင်း၌ ဖုံးလွှမ်းနေသကဲ့သို့ပင်။ အရာအားလုံးက ပဟေဠိ ဆန်နေ၏။
ထို့သို့ဆိုလျှင် တောင်ဘက်ပင်လယ်ပြင်ရှိ ရှေးဟောင်း အပျက်အစီးများနှင့် သဲကန္တာရလူရိုင်းမျိုးနွယ်စုတို့၏ ရှေးဟောင်း အပျက်အစီးများကလည်း အရှေ့တိုင်းယဉ်ကျေးမှုထဲတွင် ပါဝင်နေသည်လား။
ရှမ့်လန်က သေချာစွာ တွေးတောကြည့်၏။ ထိုအရာတို့ ပါဝင်နေမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သဲကန္တာရလူရိုင်း မျိုးနွယ်စု၏ နယ်မြေက ရှေးခေတ်က အခြားအင်ပါယာတစ်ခု၏ နယ်မြေ ဖြစ်သောကြောင့်ပင်။ ထိုအရာကို ရှေးဟောင်းတောင်ပိုင်းအင်ပါယာဟု ယာယီခေါ်ဆိုနိုင်သည်။
မူလန်က ရှေးဟောင်းလူသားတို့၏ သွေးမျိုးဆက် နိုးထလာနိုင်ခဲ့ခြင်းက သူမအသုံးပြုခဲ့သည့် ချဉ်ဆီ ဆေးကြောခြင်း အမြူတေကြောင့်ပင်။ တောင်ပင်လယ်ရှိ ရှေးဟောင်းအပျက်အစီးမှ ရရှိခဲ့ခြင်း ဖြစ်၏။
သူက ကျူးမိသားစု၏ လျှို့ဝှက်အခြေစိုက်စခန်းကိုသာ ရှာဖွေခဲ့သော်လည်း ဤမျှ များပြားသည့် လျှို့ဝှက်လက်နက်များ ကို ရရှိလိမ့်မည်ဟု မည်သူထင်မိမည်နည်း။ အကြီးမားဆုံး ရလဒ်မှာ ဖျက်အားပြင်း ဒူးလေးကြီးဟု ထင်ခဲ့ရသော်လည်း လျှို့ဝှက်အခြေစိုက်စခန်းလုံး၏ ထိန်းချုပ်ရေးဗဟိုချက်နှင့် စွမ်းအင်ဗဟိုချက် ကို ရရှိခဲ့ခြင်းပင်။ ထိုအရာက အဆမတန် ပိုမိုကာ ထူးခြားလွန်းသည်။
ဖျက်အားပြင်း ဒူးလေးကြီးထက်စာလျှင် စွမ်းအင်ဗဟိုချက်နှင့် ထိန်းချုပ်ရေးဗဟိုချက်တို့က ပို၍ကြီးမားသည့် အောင်မြင်မှုဖြစ်ကြောင်း ရှမ့်လန်က ခံစားမိ၏။ ဤအရာဖြင့် ရှမ့်လန်က နုရှောင့်မြို့တော်တွင် ရှေးဟောင်း ယဉ်ကျေးမှု ကာကွယ်ရေးစနစ်ကို တည်ဆောက်နိုင်ပေလိမ့်မည်။ လက်ရှိ နုရှောင့်မြို့တော်က အင်အား နည်းနေသေး၏။ အကယ်၍ ရန်သူက အစွမ်းကုန် တိုက်ခိုက်လာပါက ကာကွယ်ရန် ခက်ခဲပေမည်။
သို့ပေမည့် ရှေးဟောင်းစွမ်းရည်ကာကွယ်ရေးစနစ်ကို တည်ဆောက်ပြီးပါက ရန်သူ လူတစ်သန်းကျော်လောက် ရှိသည့် စစ်တပ်ကိုပင် ခုခံကောင်း ခုခံနိုင်ပေလိမ့်မည်။ အရေးကြီးဆုံးအချက်အားဖြင့် ရှမ့်လန်က ယခင်က ခြေတစ်ဖက်ဖြင့်သာ လျှောက်လှမ်းခဲ့ခြင်းဖြစ်ပြီး ထိုအရာက ခေတ်သစ်သိပ္ပံပညာ၏ စွမ်းအားပင်။
ယခု သူ၌ နောက်ထပ် ခြေတစ်ဖက် ရရှိခဲ့ပြီဖြစ်ပြီး ထိုအရာက ရှေးဟောင်းယဉ်ကျေးမှု၏ စွမ်းအားပင်။ ဤနှစ်ခုကို ပေါင်းစပ်လိုက်ပါက မည်မျှပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းရည်များ ထွက်ပေါ်လာမည်ကို နတ်ဘုရားများသာ သိပေလိမ့်မည်။ သူ၏ရှေ့တွင် ရွှေရောင်လမ်းမကြီးတစ်ခု ပေါ်ထွက်နေသကဲ့သို့ ရှမ့်လန်က ခံစားနေမိ၏။
“ဒီရှေးဟောင်းလူသား ကျောက်ရုပ်တွေကို သယ်သွားမယ်။ သူတို့ဆီမှာ တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက် တွေ ရှိနေနိုင်တယ်။” ရှမ့်လန်က ပြောသည်။
“ကောင်းပါပြီ။”
လျှို့ဝှက်အခြေစိုက်စခန်းရှိ အရာအားလုံးကို သင်္ဘောများထံသို့ ပြောင်းရွှေ့ကြ၏။ ရှေးဟောင်းလေးများ၊ ရှေးဟောင်းဖိနပ်များ၊ အိပ်မက်ဆိုးကျောက်တုံး ကိရိယာ ထောင်ပေါင်းများစွာ သာမက ရှမ့်လန်ပင် နားလည်နိုင်စွမ်း မရှိသည့် အရာများပါဝင်နေသော သေတ္တာ ဒါဇင်ပေါင်းများစွာ ရှိ၏။
ရှေးဟောင်းလေးများကို ကျူးမိသားစုက ဖျက်စီးခဲ့သောကြောင့် ရှမ့်လန်က ကျိုးပဲ့နေသည့် အစိတ်အပိုင်း အားလုံးကို သင်္ဘောပေါ်သို့ သယ်ယူခိုင်း၏။ ဖြစ်နိုင်လျှင် ထိုအရာများကို ပြုပြင်ရန် နည်းလမ်းရှာဖွေပြီး နောက်တစ်ကြိမ် နုရှောင့်မြို့တော်၏ သုံးဘက်မြင် ကာကွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားသည်။
ပင်လယ်ပြင်မှ ရန်သူများအတွက် ရှမ့်လန်က အမြောက်များကို အသုံးပြုနိုင်၏။ သို့ပေမည့် ကောင်းကင်မှ ရောက်ရှိလာမည့် ရန်သူများအတွက်မူ ရှေးဟောင်းလေးများကိုသာ အားကိုးရပေလိမ့်မည်။ ရှမ့်လန်အနေနှင့် သဘာဝလွန် အင်အားစုများဆီမှ ဝေဟင်တပ်ဖွဲ့ကို မတွေ့ဖူးသေးသော်လည်း ထိုအရာတို့ မရှိနိုင်ဘူးဟု သတ်မှတ်၍မရပေ။
မတွေ့ဖူးခြင်းက မရှိခြင်းမဟုတ်ပေ။ သဘာဝလွန်အင်အားစု ခြောက်ခုတို့က လောကကြီးကို အကြာကြီး အမှောင်ချထားခဲ့၏။ အရှင်ကျန်းလီက ရှေးဟောင်းသွေးမျိုးဆက်ကိုသာ အာရုံစိုက် သုတေသန ပြုခဲ့သော်လည်း ထိုသဘာဝလွန် အင်အားစုခြောက်ခုက ရှေးဟောင်းယဉ်ကျေးမှု၏ ကဏ္ဍစုံကို သုတေသနပြုခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော် ကြာခဲ့လေပြီ။
...............
အရာအားလုံးကို သယ်ဆောင်ပြီးသွားခဲ့၏။ ရှမ့်လန်က ဤသီးခြားကျွန်းလေးကို ကြည့်မိ၏။ စွမ်းအင်ဗဟိုချက်၏ ဖိနှိပ်မှု မရှိတော့သောကြောင့် မကြာခင်မှာတွင် ဤကျွန်းပေါ်ရှိ မီးတောင်က ပေါက်ကွဲပြီး ကျွန်းပေါ်ရှိ အမှတ်အသား အားလုံးကလည်း လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။
ကျူးမိသားစုပင်လျှင် ရှမ့်လန် သူတို့၏ လျှို့ဝှက်စခန်းကို အစမှ အဆုံးထိ ဖျက်ဆီးခဲ့ကြောင်း သိရှိနိုင်လိမ့်မည် မဟုတ်ချေ။
“ရွက်လွှင့်မယ်။ နုရှောင့်မြို့တော်ကို ပြန်ကြမယ်။” ရှမ့်လန်က အမိန့်ပေးလိုက်သည်။
ကြီးမားလွန်းသည့် သင်္ဘောအုပ်စုကြီးက တောင်ဘက်သို့ ခန့်ညားထည်ဝါစွာ ရွက်လွှင့်ကြ၏။ သုံးနာရီခန့် ကြာပြီးနောက် သင်္ဘောအုပ်စုက မိုင်တစ်ရာကျော်သို့ ခရီးပေါက်ပြီး ထိုကျွန်းကို မမြင်နိုင်တော့ချေ။
သို့သော်ငြား ထိုအချိန်မှာပဲ “ဝုန်း... ဝုန်း...”
ကျယ်လောင်လွန်းသည့် အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
မြင့်မားသော မီးတောက်များ ကောင်းကင်ယံသို့ ထိုးတက်သွားသည်ကို မိုင်တစ်ရာကျော် အကွာအဝေးမှ ရှင်းလင်းစွာ မြင်တွေ့ရ၏။ ရုတ်တရက် တောင်ပေါ်မှ မီးတောင်ပေါက်ကွဲသွားခြင်းဖြစ်ပြီး ငလျင် အသေးစားလေး တစ်ခု လှုပ်ခတ်၏။ ပင်လယ်ရေပြင်ကလည်း ရုတ်တရက် ဆူပွက်လာသည်။
ဤသည်က နှစ်ပေါင်းတစ်သောင်းကျော်ကြာ ဖိနှိပ်ခံထားရသည့် မီးတောင်ဖြစ်ပြီး တစ်ခါပေါက်ကွဲလိုက်သည့် အချိန်၌ အထဲတွင် ရှိနေသည့် စွမ်းအင်များက အံ့မခန်းပင်။ များပြားလွန်းသည့် ချော်ရည်များက ကောင်းကင်ယံ မီတာ ထောင်ချီသို့ပင် ပန်းထွက်၏။
မကြာခင်မှာပဲ ကျွန်းပေါ်ရှိ တောအုပ်တစ်ခုလုံးကို စတင်လောင်ကျွမ်း၏။ ပူပြင်းသည့် အနီရောင်ချော်ရည် များက အဆက်မပြတ် စီးဆင်းပြီး မကြာခင် ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။ အရာအားလုံးက အမှန်တကယ်ပင် ပြီးပြည့်စုံသွား၏။ အလောင်းအားလုံးတို့က ပျက်စီးသွားခဲ့ပြီဖြစ်သောကြောင့် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး က ရှမ့်လန်နှင့် မသက်ဆိုင်တော့ချေ။
ဟီလာက ထိုးတက်လာခဲ့သည့် မီးတောက်များကို ကြည့်ရင်း တီးတိုးဆိုသည်။ “မောင်လေး... ဒါတွေအကုန်လုံးက ကောင်းကင်ဘုံက သတ်မှတ်ပေးထားတာပဲ။ တချို့လူတွေက ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြိုးစားပြီး လူပေါင်းထောင်ချီ အသက်ပေးခဲ့ရပေမယ့် ဘာမှမရခဲ့ဘူး။ ဒါပေမဲ့ မင်းကတော့ တစ်ခေါက်တည်းနဲ့ အရာအားလုံး ကို ရခဲ့တယ်။”
ဟီလာက ဆက်ပြော၏။ “အမှန်အတိုင်း ပြောရမယ်ဆိုရင် အစ်မက သေရမှာကို မကြောက်ပေမယ့် မင်းရဲ့နောက် အရှေ့လောကဆီကို ရောက်ရှိလာတုန်းက စိတ်ထဲမှာ အဆိုးမြင်စိတ်တွေ ပြည့်နေခဲ့တယ်။ ငါတို့နိုင်ဖို့ မဖြစ်နိုင်ဘူး လို့ ထင်ခဲ့တယ်။ ထျန်းရွှဲ့မြို့တော် တိုက်ပွဲမှာ အမြှောက်တွေနဲ့ ကံကောင်းလို့ နိုင်ခဲ့ရင်တောင်မှ ကောင်းကင်ပင်လယ် နန်းဆောင်နဲ့ တိုက်မယ့်ပွဲမှာတော့ မနိုင်နိုင်ဘူး။ တော်ဝင်ရန်အင်ပါယာနိုင်ငံတော်ကြီး တစ်ခုလုံးရဲ့ တိုက်ခိုက်မှုကိုလည်း ခုခံနိုင်မှာ မဟုတ်ဘူးလို့ တွေးတောခဲ့တယ်။
ဒါပေမဲ့ အခုတော့ အစ်မမှာ ယုံကြည်မှုတွေ ပြည့်နေပြီ။ ဘာလို့လဲဆိုတော့ ငါတို့မှာ တကယ့်ကို အစွမ်းထက်တဲ့ လမ်းစဉ်တစ်ခု ရှိနေလို့ပဲ။ အဲဒီလမ်းစဉ်က မင်းအတွက် ကောင်းကင်ဘုံကနေပြီးတော့ လမ်းညွှန်ပြသထားတဲ့ လမ်းစဉ်ပဲ။”
ထိုအချိန်မှာပဲ တိတ်ဆိတ်နေသည့် ဓားဘုရင် လီချင်းချိုးက ရုတ်တရက် ပြောသည်။ “ဒါ ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်နေလို့လည်း ဖြစ်နိုင်တာပဲ။”
…………
ထိုအချိန်မှာပဲ ကောင်းကင်ဘုံ၏ နောက်ထပ် အချစ်တော်တစ်ဦးက အနောက်ဘက်ဒေသရှိ နိုင်ငံသီးသီးနှင့် စစ်ပွဲကို အဆုံးသတ်ခဲ့ပြီး အရှေ့လောကတွင် မကြုံစဖူးသည့် ထူးကဲသည့် အောင်ပွဲကို ရရှိခဲ့၏။
ကျူးဟုန်ရွှဲ့... သူက သွေးဝိညာဉ်စစ်သည်တော် နှစ်သောင်းအောက်ကို ခေါ်ဆောင်ပြီး အနောက်လောက၏ နိုင်ငံအသီးသီးဆီသို့ သွား၏။ ပြီးနောက် ထိုသူတို့၏ မဟာမိတ်တပ်များနှင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်း တို့ကို အပြီးသတ် လုံးဝ အနိုင်ယူခဲ့သည်။
သူက အနောက်ဘက်ဒေသသို့ ဆက်လက်ချီတက်ခြင်းကို ရပ်တန့်ပြီး သွေးဝိညာဉ်စစ်သည် နှစ်သောင်းကို ဦးဆောင်ကာဖြင့် အနောက်ဘက်ဒေသမှ ထွက်ခွာ၏။ သူက ရှမ့်လန်နှင့် ထျန်းရွှဲ့မြို့တော်တွင် အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲရန် ရွှဲ့ပြည်နယ်ဆီသို့ ပြန်လာ၏။
ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်စစ်တပ် အင်အားကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြရန် မစွမ်းသာချေ။ ထို့အပြင် ကောင်းကင်ပင်လယ် နန်းဆောင်၏ စစ်တပ်ကလည်း အစဉ်အမြဲ ပြောင်းလဲနေပုံပေါ်၏။ သူက ပျံ့ရှောင်း၏ ယန်ကျိုးစီရင်စုကို တိုက်ခိုက်စဉ်က လူပေါင်းတစ်သောင်းကိုသာ ခေါ်ဆောင်ခဲ့သော်လည်း ပျံ့ရှောင်း၏ စစ်သည်တစ်သိန်း ကို အပြီးတိုင် အနိုင်ယူခဲ့သည်။
ထိုစဉ်က ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်စစ်တပ်က စစ်မှန်သည့် တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့၏။ ထိုအရာက လျှင်မြန်မှုနှင့် ကြမ်းတမ်းမှုပင်။ မည်သည့်နည်းဗျူဟာ သို့မဟုတ် ပရိယာယ်မှ မရှိဘဲ သွေးဝိညာဉ်စစ်သည် တစ်သောင်း က အရှေ့သို့ အလုံးအရင်းဖြင့် ချီတက်ပြီး ယန်ကျိုးမြို့တော်ကို ဖောက်ထွက်ခဲ့ခြင်းပင်။
သူက သွေးဝိညာဉ်စစ်သည် တစ်သောင်းကို ဦးဆောင်ပြီး မင်းသားကျင်းကို တိုက်ခိုက်စဉ်က စစ်သည်နှစ်သိန်း ရှိသည့် မဟာမိတ်တပ်များနှင့် သဲကန္တာရ လူရိုင်းမျိုးနွယ်စုများ၏ ခြုံခိုတိုက်ခိုက်မှုများကို ရင်ဆိုင်ရ၏။ ထိုစဉ်က သွေးဝိညာဉ်စစ်တပ်က အံ့မခန်းသော မြားအတတ်ကို ပြသခဲ့၏။
သို့သော်လည်း သူတို့၏ မြားများက သဲကန္တာရ လူရိုင်း မျိုးနွယ်စုများထက် များစွာ စွမ်းအားကြီး၏။ ပို၍ဝေးဝေးကို ပစ်နိုင်သလို ပို၍လည်း တိကျသည်။
သဲကန္တာရ လူရိုင်းမျိုးနွယ်စုများက တောတောင်မြောင်အတွင်း မြေပြင်ကဲ့သို့ သွားလာနိုင်သော်လည်း သွေးဝိညာဉ် စစ်တပ်က ပို၍သာလွန်နေ၏။ ခွန်အား၊ လျှင်မြန်မှု၊ သိမြင်နိုင်စွမ်း သို့မဟုတ် မြားအတတ် မည်သည့်အရာမဆို သူတို့က သဲကန္တာရ လူရိုင်းမျိုးနွယ်စုများ၊ လူစွမ်းကောင်းများထက် များစွာသာလွန်နေ၏။
သွေးဝိညာဉ်စစ်သည် တစ်သောင်းက မြားများကို စတင်ပစ်ခတ်သည့် အချိန်မျိုးတွင် ထိုအရာက တကယ့်ကို ငရဲခန်း ဖြစ်ခဲ့၏။ လအနည်းငယ်အတွင်းမှာပဲ ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်စစ်တပ်က မင်းသားကျင်း၏ နောက်သို့ မိုင်ပေါင်း လေး၊ ငါးထောင်ခန့် လိုက်လံတိုက်ခိုက်ခဲ့ပြီး အကျပ်အတည်း ဆိုက်စေကာ သဲကန္တာရ လူရိုင်း မျိုးနွယ်စုပေါင်း များစွာကို သတ်ဖြတ်နိုင်ခဲ့သည်။
သို့ပေမည့် အမှန်တကယ် စိတ်ပျက် အားငယ်ဖွယ်ရာ ကောင်းသည့် တိုက်ပွဲက အနောက်လောကတွင် ဖြစ်ပွားခဲ့ခြင်းပင်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းနှင့် အနောက်ဘက်နိုင်ငံများက မည်သို့ခံစားရသည် ဆိုသည်ကို စကားလုံးများဖြင့်ပင် ဖော်ညွှန်းရန် မစွမ်းသာတော့ချေ။
ကောင်းကင်ပင်လယ် နန်းဆောင်၏ သွေးဝိညာဉ်စစ်သည်များက တစ်ဖန် ဆင့်ကဲ ပြောင်းလဲသွားခဲ့ပြီဟု ထင်ရ၏။ စစ်သည်တိုင်းက မျက်လုံးမှ ခြေဖဝါးထိ ဖုံးလွှမ်းထားသည့် အထူးချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ထိုအရာက မည်သည့်လက်နက်နှင့်မျှ ထိုးဖောက်၍ မရနိုင်ပေ။
ထိုမျှသာမကသေးချေ။ သွေးဝိညာဉ်စစ်သည်များက မီတာ ၂၀၀၀ ကျော်ထိ ပစ်ခတ်နိုင်သည့် ရှေးဟောင်း လေးများကို ကိုင်ဆောင်ထားသေး၏။ လေးငါးမီတာခန့် ရှည်လျားသည့် ထိုမြားကြီးများ၏ အမြီးပိုင်းမှ အပြာရောင် အလင်းတန်းထွက်ပေါ်တတ်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်၏။
အနောက်ဘက်ဒေသ၏ မြို့တံခါးများက မည်မျှခိုင်ခံ့စေကာမူ ထိုမြားတစ်စင်းဖြင့် ဖောက်ခွဲနိုင်၏။ ထိုမျှ သာမကသေးချေ။ သွေးဝိညာဉ်စစ်တပ်အတွင်း၌ မီတာဆယ်ဂဏန်းထိ အလွယ်တကူ ခုန်တက်နိုင်သည့် ထိပ်တန်း လူစွမ်းကောင်းအဖွဲ့ တစ်ခုလည်းရှိ၏။ မည်သည့် မြို့ရိုး သို့မဟုတ် အဆောက်အအုံကမှ ထိုသူတို့ကို မတားဆီးနိုင်ချေ။ ထိုသူတို့က အစွမ်းထက်သည့် လေးနှင့်မြားများ၊ မပျက်စီးနိုင်သည့် ချပ်ဝတ်တန်ဆာများဖြင့် အံ့မခန်းသော အရှိန်၊ ခွန်အားများကို ပိုင်ဆိုင်ထားကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။