အခန်း (၉၅၅-၉၅၆)
Vol. 57 Ch. 955-956
အပိုင်း (၉၅၅)
ရှမ့်လန်နှင့် ထုဟိုင်တို့က အချိန်အတန်ကြာသည်အထိ စကားစမြည် ပြောဖြစ်ကြ၏။ ရှမ့်လန်က ကောင်းကင်ပင်လယ် နန်းဆောင်၏ သွေးဝိညာဉ်စစ်တပ်အကြောင်းကို ဆက်တိုက် မေးမြန်းနေခြင်းပင်။ အဆုံးသတ်မှာတော့ သူက ကောက်ချက်တစ်ခုကိုသာ ရ၏။
သွေးဝိညာဉ်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်က အမေဇုန်စစ်သည်များထက် အမှန်တကယ် သာလွန်နေပြီး ထိုသူတို့တွင် ရှေးဟောင်းယဉ်ကျေးမှုသုံး လက်နက်ကိရိယာများ အစုံအလင် ရှိနေကြခြင်းပင်။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “သူတို့ရဲ့ ချပ်ဝတ်တွေက တကယ်ပဲ ဘယ်လက်နက်နဲ့မှ ထိုးဖောက်လို့ မရနိုင်ဘူးပေါ့။”
ထုဟိုင်က ပြန်လည်ကာ ဖြေကြား၏။ “ဓားတွေ၊ လှံတွေနဲ့ လုံးဝဖောက်လို့ မရဘူး။ ကျုပ်တို့ရဲ့ ထိပ်တန်းစစ်သည်တွေ က ကီလို ၁၅၀ လေးတဲ့ မိုဓားတွေနဲ့ ခုတ်ရင်တောင်မှ ချပ်ဝတ်ကို ဖောက်ဖို့ ခက်လိမ့်မယ်။ ဟုတ်တယ်။ ကျုပ်တို့ရဲ့ မိုဓားတပ်ဖွဲ့က နိဗ္ဗာန ပထမစစ်တပ်ကို အတုယူ တည်ဆောက်ထားတာပဲ။ အတော်ဆုံး မိုဓားတပ်ဖွဲ့က နိဗ္ဗာနစစ်သည်တွေထက် မညံ့ဘူးဆိုတာကိုတော့ အာမခံနိုင်တယ်။”
ပြီးနောက် ရှမ့်လန်က အမျိုးအစားမတူသည့် ချပ်ဝတ်တန်ဆာများကို အများဆုံး သွန်းလုပ်၏။ ပြီးနောက် ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးဝိညာဉ်စစ်တပ်များ ဝတ်ဆင်ထားသည့် ချပ်ဝတ်ကဲ့သို့ ခိုင်ခန့်သည့်အရာကို ရှာဖွေရန် ထုဟိုင်ကိုပါ စမ်းသပ်ခိုင်း၏။
ထုဟိုင်က ဆိုသည်။ “သွေးဝိညာဉ်စစ်တပ်ရဲ့ ချပ်ဝတ်က အခုကျုပ်တို့ရှေ့မှာ ရှိနေတဲ့ အရာနဲ့ အတူတူပဲ။”
ရှမ့်လန်၊ ဟီလာ၊ မင်းသမီးဒိုဟာနှင့် ကျန်သည့်သူများက မှင်သက်သွား၏။ သူတို့၏ ရှေ့ရှိ ချပ်ဝတ်က ကီလို ၂၇၀ ကျော် လေးလံ၏။ ထိုအရာက သံမဏိခဲကြီးကို ထုဆစ်ထားသည့အတိုင်းပင်။ မည်သည့် လက်နက်မှ မတိုးသည်က မဆန်းတော့ချေ။ ဤချပ်ဝတ်က မြားကိုမဆိုနှင့် ကျည်ဆန်ကိုပင် တားဆီးနိုင်ပေလိမ့်မည်။
ဆက်လက်၍ ရှမ့်လန်က ထိုချပ်ဝတ်ကို နမူနာထားပြီး စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်၏။ ပထမ နိဗ္ဗာနစစ်တပ် ဖြစ်စေ၊ အမေဇုန်စစ်တပ် ဖြစ်စေ ဓားများဖြင့် ထိုချပ်ဝတ်ကို ပိုင်းဖြတ်ရန် ခက်ခဲနေသောကြောင့် လေးမြားများအကြောင်းကို ပြောနေရန်ပင် မလိုအပ်တော့ချေ။
နောက်တစ်ဆင့်အနေဖြင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များကို ကီလို ၂၇၀ လေးသည့် ချပ်ဝတ်ကို ဝတ်ဆင်ပြီး အမြောက်များနှင့် ပစ်ခတ်စမ်းသပ်ခိုင်းခြင်းပင်။
“ဒုန်း... ဒုန်း...”
အမြောက်များ၏ စွမ်းအားက တကယ်ကို အံ့မခန်းပင်။ ကီလို ၂၇၀ လေးသည့် ချပ်ဝတ်ပင်လျှင် လွင့်စင်သွား၏။ ချပ်ဝတ်ကို ဖွင့်ကြည့်လိုက်သည့်အခါတွင်တော့ အတွင်းရှိ ဘုန်းကြီးစစ်သည်များက သွေးအန်နေသော်လည်း သေဆုံးခြင်းတော့ မရှိချေ။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အပိုင်းအစများက ချပ်ဝတ်ကို လုံးဝမဖောက်နိုင်ချေ။ ပြင်းထန်သည့် တုန်ခါမှုလှိုင်းများကြောင့် သွေးအန်ရခြင်းသာလျှင် ရှိ၏။
ထုဟိုင်က ပြောလိုက်သည်။ “တကယ်လို့ သွေးဝိညာဉ်စစ်တပ်သာဆိုရင် သူတို့ သွေးတောင်အန်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က အရမ်းမြန်တယ်။ အချိန်တွက်ချက်မှုအရဆိုရင် ဒီချပ်ဝတ်ကို ဝတ်ထားရင်တောင် သူတို့ရဲ့အရှိန် က တစ်စက္ကန့်မှာ ၇ မီတာ၊ ၈ မီတာလောက် ပြေးနိုင်တယ်။”
ထိုမျှလောက် မြန်ဆန်နေသည်လား။ တကယ့်ကို ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုမျိုးသာ မဟုတ်ပါက အမြှောက်များဖြင့်ပင် ထိုသူတို့ကို တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။ ပြီးနောက် ရှမ့်လန်က ရှေးဟောင်း လေးနှင့်မြားများ ကို တိတ်တဆိတ် စမ်းသပ်ကြည့်ပြန်သည်။
ရှေးဟောင်းလေးနှင့်မြားများက တကယ့်ကို အစွမ်းထက်၏။ ထိုအရာက မီတာ ၅၀၀ အကွာအဝေးဆီမှ ချပ်ဝတ်ကို ထွင်းဖောက်နိုင်စွမ်း ရှိပေလိမ့်မည်။ ဆိုလိုသည်က ဤအကွာအဝေးကနေ၍ ရှေးဟောင်း ဒူးလေးများ နှင့် သွေးဝိညာဉ်စစ်တပ်ကို သတ်ဖြတ်နိုင်ခြင်းပင်။
ဆက်လက်၍ ရှမ့်လန်က သာမိုက်အမြှောက်ကျည်များကို စမ်းသပ်ပြန်၏။
“ဒုန်း... ဒုန်း...”
ပေါက်ကွဲသည့် ခဏတွင် သာမိုက်မှ ထွက်ပေါ်လာခဲ့သည့် အဖြူရောင်မီးတောက်များက မီးရှူးမီးပန်းများကဲ့သို့ တောက်လောင်၏။ စွမ်းအင်က အံ့မခန်းပင်။ ထူထဲသည့် ချပ်ဝတ်ကိုပင် လောင်ကျွမ်းဖောက်ထွက်သွားသည်။
သာမိုက်အမြှောက်ကျည်က သွေးဝိညာဉ်စစ်တပ်ကို ကြီးမားသည့် သေကြေပျက်စီးမှုများ ပေးနိုင်ကြောင်း စမ်းသပ်ချက်များအရ သက်သေပြနိုင်ခဲ့၏။ ထိုအရာက ရှေးဟောင်းလေးမြားတို့ထက်ပင် ပိုမို၍ ထိရောက်သေး၏။ နှမြောစရာကောင်းသည်က သာမိုက်ပမာဏက တကယ့်ကို နည်းပါးနေခြင်းပင်။
ရှမ့်လန်က လူအင်အား ပစ္စည်းအင်အား အများအပြားကို သုံးဖြုန်းသည့်တိုင်အောင် သာမိုက်အမြှောက်ကျည်ကို ရာဂဏန်းခန့်သာ ထုတ်လုပ်နိုင်၏။
...............
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဆရာကြီး... သွေးဝိညာဉ်စစ်တပ်ရဲ့ ချပ်ဝတ်တွေက အခု ကျုပ်တို့ သွန်းလုပ်ထားတဲ့အတိုင်း ကီလို ၂၇၀ အပြည့်လေးတာမျိုးလား။”
ချပ်ဝတ်၏ အလေးချိန်က ပုံမှန်မဟုတ်လောက်အောင် လေးလံနေသောကြောင့်ပင်။ ထိုအရာကို ဝတ်ဆင်ထားသည့် မည်သည့်စစ်တပ်ကမဆို လျှင်မြန်စွာ လှုပ်ရှားသွားလာရန် မဖြစ်နိုင်ပေ။
ထုဟိုင်က ဆို၏။ “ဒီလောက်ကြီး မလေးဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ချပ်ဝတ်ထက်လည်း ပိုပါးသေးတယ်။ ကောင်းကင်ပင်လယ် နန်းဆောင်က ပိုကောင်းတဲ့ သတ္တုကို သုံးထားတာ ဖြစ်လိမ့်မယ်။
အရှင်ရှမ့်လန်... ကျုပ်ရဲ့အမြင်ကတော့ ခင်ဗျားအနေနဲ့ မဖောက်နိုင်တဲ့ ချပ်ဝတ်တွေထက် သူတို့ရဲ့ လေးနဲ့မြားကို ပိုပြီး သတိထားသင့်တယ်။ သွေးဝိညာဉ်စစ်တပ်ရဲ့ လေးနဲ့မြားက နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးကတော့ သာမန်ပဲ။ မီတာ ၃၀၀ ကျော် အကွာကနေ ရန်သူကို ပစ်နိုင်တယ်။
နောက်တစ်မျိုးကတော့ ရှေးဟောင်းလေးနဲ့မြားပဲ။ အဲဒါက မီတာ ၁၀၀၀ ကျော်အကွာကနေ ပစ်နိုင်တယ်။ အမြီးမှာ မီးတောက်ပါသလိုမျိုးပဲ။ ကျုပ်တို့ရဲ့ ဘယ်လို ချပ်ဝတ်ကိုမဆို အလွယ်တကူ ထွင်းဖောက်နိုင်တယ်။ ကျုပ်တို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ အတော်ဆုံး စစ်သည်တော်တွေ အကုန်နီးပါးက အဲဒီရှေးဟောင်းမြား အောက်မှာပဲ သေဆုံးခဲ့ကြတာ။”
ရှမ့်လန်က ဤအချက်အပေါ် အံ့အားသင့်ခြင်း မရှိချေ။ ကျင်းမိသားစု၏ လျှို့ဝှက်အခြေစိုက်စခန်းတွင်ပင် ရှေးဟောင်းလေးမြားများ ရှိနေခဲ့ပါက ကောင်းကင်ပင်လယ် နန်းဆောင်တွင် ပို၍ များပြားမှာ သေချာသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်စစ်တပ်မှာ ရှေးဟောင်းလေး စုစုပေါင်း ဘယ်နှစ်လက်လောက် ရှိလဲ။”
ထုဟိုင်က ဖြေသည်။ “၃၀၀၀ လောက် ရှိလိမ့်မယ်။ ရှေးဟောင်းလေးမြားတွေနဲ့စာရင် သူတို့ရဲ့ ရှေးဟောင်းဒူးလေးကြီးတွေက ပိုပြီးအံ့အားသင့်စရာ ကောင်းတယ်။ မီတာ ၂၀၀၀၊ ၃၀၀၀ အထိ ပစ်နိုင်တယ်။ အနောက်ဘက်ဒေသက မြို့တံခါးတွေအားလုံး အဲဒီဒူးလေးကြီးတွေကြောင့်ပဲ တိုက်ရိုက်ပျက်စီးခဲ့ကြတာ။”
ရှမ့်လန်က ရှေးဟောင်းဒူးလေးကြီးများ အကြောင်းကို သေသေချာချာ လေ့လာထားဖူး၏။ ထိုအရာက ရှမ့်လန်၏ အမြောက်များနှင့် ဆင်တူသော်လည်း တစ်ခုချင်းစီတိုင်း၌ ကိုယ်ပိုင် အားသာချက်များ ရှိ၏။ ချပ်ဝတ် ထိုးဖောက်နိုင်စွမ်းကို ကြည့်မည်ဆိုလျှင် ဒူးလေးကြီးများက ပို၍ အားကောင်း၏။ သို့သော်ငြား အကြီးစား ဖျက်ဆီးနိုင်စွမ်းတွင်တော့ ရှမ့်လန်၏ အမြှောက်များက ပိုမိုကာ သာလွန်၏။
ရှေးဟောင်းဒူးလေးများ၏ ထွင်းဖောက်နိုင်စွမ်းက ရိုင်ဖယ်ထက် ပိုမိုက အားကောင်းသော်လည်း ဆက်တိုက် ပစ်ခတ်၍ မရနိုင်ပေ။ ထို့အပြင် မြားတစ်ချက်ချင်းစီတိုင်းက တကယ့်ကို တန်ဖိုးကြီးမားသောကြောင့် ဆက်တိုက်ပစ်ခတ်နိုင်သည့် သေနတ်နှင့် တူမည်မဟုတ်ပေ။
ရှမ့်လန်က မေးမြန်းသည်။ “သူတို့မှာ ရှေးဟောင်းဒူးလေး စုစုပေါင်း ဘယ်နှစ်လက်လောက် ရှိလဲ။”
“၅၀... အနည်းဆုံး ၅၀ လောက် မြင်ခဲ့တယ်။” ထုဟိုင်က ပြော၏။
............
နက်မှောင်လျက်ရှိနေသည့် ညသန်းခေါင်ယံမှာတော့ ရှမ့်လန်က ကျောက်သင်ပုန်းကြီးတစ်ခု၏ ရှေ့၌ စာများ၊ ပုံများကို ရေးဆွဲလျက်ရှိသည်။
ဟီလာက လျှောက်ဝင်လာကာ မေးမြန်း၏။ “ဘာလို့ မအိပ်သေးတာလဲ။”
ရှမ့်လန်က ပြောသည်။ “လူတွေအများကြီး မအိပ်သေးပါဘူး။”
မှန်ပေ၏။ စစ်လက်နက်စက်ရုံက အလုပ်သမား တစ်သောင်းကျော် အပါအဝင် လူအများအပြားက မအိပ်သေးချေ။ အချိန်မီ ပြီးစီးရန်အတွက် သူတို့က အိပ်ရေးပျက်ခံနေကြခြင်းပင်။ အထူးသဖြင့် သွေးဝိညာဉ်စစ်တပ်ကို တိုက်ခိုက်ရန် သာမိုက်အမြောက်ကျည်များ၊ ပြောင်းရစ်ပါ အမြှောက်များနှင့် လက်ပစ်ဗုံးများ လိုအပ်လျက် ရှိနေသောကြောင့်ပင်။
ဟီလာက မေးမြန်းလိုက်၏။ “ဒီတိုက်ပွဲက ခက်အုံးမှာလား။”
ရှမ့်လန်က ခေါင်းညိတ်ပြသည်။ “သွေးဝိညာဉ်စစ်တပ်က အရမ်းအစွမ်းထက်တယ်။ အနောက်ဘက်လောက နိုင်ငံတွေရဲ့ သန်းနဲ့ချီတဲ့စစ်တပ်တွေက သွေးဝိညာဉ်စစ်သည် နှစ်သောင်းအောက်မှာ ဘာမှမတတ်နိုင်ခဲ့ဘူး။ တစ်ဖက်သတ် သတ်ဖြတ်မှုပဲ။ ထျန်းရွှဲ့မြို့တော် အဆုံးအဖြတ်တိုက်ပွဲရဲ့ အဓိက သော့ချက်ကတော့ သွေးဝိညာဉ် စစ်တပ်ပဲ။”
ဟီလာက ပြော၏။ “ဒါပေမဲ့ ငါတို့ရဲ့ သာမိုက်အမြောက်တွေက သူတို့ရဲ့ချပ်ဝတ်ကို ဖောက်နိုင်သလို ငါတို့ရဲ့ လေးတွေကလည်း သူတို့ကို သတ်နိုင်တယ်။”
ရှမ့်လန်က ပြောသည်။ “ဒါပေမဲ့ သူတို့မှာ ရှေးဟောင်းလေးနဲ့မြားတွေ၊ ရှေးဟောင်းဒူးလေးကြီးတွေ အများကြီး ပိုပြီး ရှိတယ်။ ထျန်းရွှဲ့မြို့တော်ရဲ့ တိုက်ပွဲအတွက် စစ်သည်နှစ်သောင်းထက် ပိုပြီးမလွှတ်နိုင်ဘူး။ အတင်းတိုးပြီး တိုက်ခိုက်ရင် အကျအဆုံးက မှန်းဆလို့တောင် ရနိုင်မှာမဟုတ်ဘူး။ ကောင်းကင်ပင်လယ် နန်းဆောင်က ရှေးဟောင်းလက်နက်တွေသာ ပစ်ခတ်နိုင်မယ်ဆိုရင် ကျုပ်တို့လူတွေ ထောင်နဲ့ချီပြီး သေကုန်လိမ့်မယ်။ ကျုပ်တို့ရဲ့ ချပ်ဝတ်တွေက သူတို့လောက် မခိုင်ခံ့ဘူး။”
ဟီလာက မေးမြန်းလိုက်၏။ “ဒါဆိုရင် မောင်လေး... သွေးဝိညာဉ်စစ်တပ်ရဲ့ ရှေးဟောင်းလက်နက်တွေကို အသုံးမဝင်အောင် လုပ်နိုင်မယ့် လက်နက်တစ်ခုကို တီထွင်ချင်တာလား။”
ရှမ့်လန်က ခေါင်းညိတ်ပြသည်။ “တကယ်တော့ ကျုပ် အောင်မြင်ခဲ့ဖူးတယ်။ ပင်လယ်ပြင်မှာ ရှိတုန်းက သဘာဝလွန် အင်အားစုလေးရဲ့ ထိပ်တန်းစစ်သည်တွေက ဖိနပ်တွေ ဝတ်ထားခဲ့ကြတာ။ အဲဒီတုန်းက ကျုပ် ခဲဓာတ်ကို သုံးပြီး သူတို့ဖိနပ်တွေ အသုံးမဝင်အောင် လုပ်နိုင်ခဲ့တယ်။”
ဟီလာက ပြော၏။ “ဒါဆိုရင် သူတို့ကလည်း မောင်လေးရဲ့ ခဲဓာတ်ကို ခံနိုင်ရည်ရှိအောင် သူတို့ရဲ့ ရှေးဟောင်း လက်နက်တွေကို အဆင့်မြှင့်တင်ထားမှာပေါ့။”
ရှမ့်လန်က ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်။ ခဲတွေက သွေးဝိညာဉ်စစ်တပ်ရဲ့ ရှေးဟောင်းလက်နက်တွေကို မတုံ့ပြန်နိုင်တော့ဘူး။ ကျုပ် လက်နက်သစ်တစ်ခုကို တီထွင်ဖို့လိုတယ်။ ကျုပ်မှာ အကြံတော့ ရှိပြီးပြီ။ ဘာလို့လဲဆိုတော့ ရှေးဟောင်းလက်နက်တစ်ခုရဲ့ ထိန်းချုပ်ရေးဗဟိုချက်ကို ရခဲ့လို့ပဲ။
ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်စစ်တပ်တွေ ဘယ်နေရာမှာပဲ တိုက်ပွဲဝင်ဝင် အဲဒီထိန်းချုပ်ရေး ဗဟိုချက်ကို သူတို့နဲ့အတူ သယ်သွားရလိမ့်မယ်။ သူတို့ရဲ့ ထိန်းချုပ်ရေးဗဟိုချက်ကို ခဏလေးအတွင်းမှာပဲ အလုပ် မလုပ်နိုင်အောင် လုပ်နိုင်ခဲ့ပြီဆိုရင် သူတို့ရဲ့ ရှေးဟောင်းလက်နက်အားလုံးက အနည်းဆုံး ခဏတစ်ဖြုတ်တော့ အသုံးမဝင် ဖြစ်သွားလိမ့်မယ်။”
ဟီလာက မေးမြန်း၏။ “အဲလို လျှို့ဝှက်လက်နက်မျိုးက တီထွင်ရခက်လား။”
ရှမ့်လန်က ပြောသည်။ “အရင်ကဆိုရင်တော့ အခက်အခဲက အကန့်အသတ် မရှိအောင်ပဲ။ ဘာလို့လဲဆိုတော့ အဲဒီအတွက် အချိန်တိုအတွင်း ပြင်းထန်တဲ့ သံလိုက်စွမ်းအင်တွေကို ထုတ်လုပ်ဖို့ လိုအပ်လို့ပဲ။ ကျုပ်တို့ရဲ့ လက်ရှိ နည်းပညာနဲ့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် လျှို့ဝှက်စခန်းကနေ အိပ်မက်ဆိုးကျောက်တုံး ကိရိယာတွေ အများကြီး ရခဲ့တဲ့အတွက် အထူးသံလိုက်ဗုံးတစ်လုံးကို ပြုလုပ်ဖို့ ဖြစ်နိုင်ချေ ရှိသွားပြီ။”
ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်စစ်တပ်၏ အခိုင်မာဆုံး အစိတ်အပိုင်းက မည်သည့်အရာ ဖြစ်မည်နည်း။ ထိုအရာက ရှေးဟောင်းလက်နက်များပင်။ ထိန်းချုပ်ရေးဗဟိုချက်ကိုသာ ရှမ့်လန်က အလုပ် မလုပ်အောင် လုပ်နိုင်ခဲ့ပါက ရှေးဟောင်း လက်နက်အားလုံးက အစွမ်းပျက်ပြယ်သွားမှာဖြစ်ပြီး သွေးဝိညာဉ်စစ်တပ်၏ တိုက်ခိုက်ရေး စွမ်းရည်က ထက်ဝက်ခန့် လျော့ကျသွားပေလိမ့်မည်။ ဤသည်က ဉာဏ်ပညာ၏ စွမ်းအားပင်။ ထိုအရာက လုံးဝ မမျှော်လင့်ထားသည့် အရာဖြစ်ပေမည်။
ဟီလာက ဆို၏။ “ဒါဆို မောင်လေးပြောတဲ့ အထူးသံလိုက်ဗုံးကိုသာ ဖန်တီးနိုင်မယ်ဆိုရင် ထျန်းရွှဲ့မြို့တိုက်ပွဲမှာ နိုင်ပြီပေါ့။”
ရှမ့်လန်က ခေါင်းညိတ်ပြသည်။ “အဲလို ပြောလို့ရတယ်။”
ဟီလာက ပြောလိုက်၏။ “ဒါဆိုလည်း ကြိုးစားပေါ့။ စိတ်ကြည်လင်သွားအောင် အစ်မက အမျိုးသမီး တစ်ယောက်ကို လွှတ်ပေးရအုံမလား။”
ရှမ့်လန်က ပြောသည်။ “မင်းသမီးဒိုဟာဆိုရင်တော့ ကျေးဇူးတင်မိမှာပဲ။”
ဟီလာက ပြော၏။ “မောင်လေး... မင်း ... အစ်မရဲ့ စွမ်းဆောင်ရည်ကို အရမ်း အထင်ကြီးလွန်းနေပြီ။”
မိမိကိုယ်ကို မိမိ သိရှိပြီး ရန်သူကို သိရှိခြင်းက အောင်ပွဲခံနိုင်မည့် အကြောင်းအရာမျိုးပင်။ ထျန်းရွှဲ့မြို့တော်၏ တိုက်ပွဲက မစတင်သေးသော်လည်း ရှမ့်လန်က ပြီးပြည့်စုံသည့် စီမံကိန်းတစ်ခုကို အကျဉ်းဖျဉ်း ရေးဆွဲပြီးသား ဖြစ်၏။ ရန်သူများနှင့် ရင်ဆိုင်သည့်နေရာတွင် ပြောင်းချောအမြှောက် ၃၀၀ က ထိုသူတို့ကို သတ်ဖြတ်ပစ်ရန် လုံလောက်ပေလိမ့်မည်။
ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည်နှင့် တုံ့ကျန်း ဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက အထူး တပ်ဖွဲ့ဝင်များ ဖြစ်ကြ၏။ ထို့အတွက်ကြောင့် ရိုင်ဖယ်နှင့် လက်ပစ်ဗုံးများ လိုအပ်မှာ သေချာ၏။ ထိုသူတို့က အမှန်တကယ် သန်မာလှသော်လည်း သွေးသားဖြင့် တည်ဆောက်ထားသူများ ဖြစ်သောကြောင့် ပြင်းအားမြင့် ယမ်းများ၊ ပစ်ကရစ်အက်ဆစ် ယမ်းများ၏ ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်စစ်သည်များက တကယ့်ကို သန်မာ၏။ ထိုသူတို့ကို အနိုင်ရရန် လျှို့ဝှက်လက်နက် သုံးမျိုးကို ရှမ့်လန်က အသုံးပြုရန် လိုအပ်၏။ သာမိုက်အမြှောက်များ၊ ငရဲဒုံးပျံများနှင့် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများပင်။
ဤ ၃ မျိုးထဲမှ ၁ မျိုးမှ လိုအပ်၍ မဖြစ်နိုင်ချေ။ အထူးသဖြင့် သံလိုက်ဗုံးများက သွေးဝိညာဉ်စစ်သည်များကို အနိုင်ယူရန် သော့ချက်ပင်။ ရန်သူ၏ ထိန်းချုပ်ရေး ဗဟိုချက်ကို အလုပ် မလုပ်အောင် မတားဆီးနိုင်ဘဲနှင့် ဤတိုက်ပွဲကို နိုင်အောင်တိုက်ရန် မဖြစ်နိုင်ပေ။
သွေးဝိညာဉ်စစ်သည်များက တကယ့်ကို သန်မာလွန်းသလို ထိုသူတို့၏ ရှေးဟောင်းလက်နက်များကလည်း စွမ်းအား ကြီးမား၏။ သံလိုက်ဗုံးများနှင့် ပတ်သက်၍ ရှမ့်လန်က အမျိုးအစား တော်တော်များများကို ပုံစံ ထုတ်လုပ် ထား၏။
ရှမ့်လန်၏ မူလစီမံကိန်းဖြစ်သည့် ရှေးကျသော လျှပ်စစ်သံလိုက်ဗုံးများလည်း ရှိ၏။ ဤကဲ့သို့သော ဗုံးမျိုးကို ထုတ်လုပ်ရန် က မခက်ခဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုဗုံးထုတ်လုပ်နိုင်မည့် ပစ္စည်းများက ရှားပါးပစ္စည်းများ မဟုတ်သလို ရရှိရန်လည်း လွယ်ကူသောကြောင့်ပင်။
ထိုသို့ဆိုလျှင် ရှမ့်လန်အနေဖြင့် ရေတွက်၍မကုန်နိုင်သည့် ဗုံးများကို ထုတ်လုပ်ရန် လိုအပ်မှာဖြစ်ပြီး စစ်မြေပြင်၏ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းရန် လိုအပ်ပေလိမ့်မည်။ ထိုအရာက ထိန်းချုပ်ရေး ဗဟိုချက်ကို အလုပ် မလုပ်အောင် လုပ်ခြင်းမျိုး မဟုတ်ဘဲ စစ်မြေပြင်၏ မြင်ကွင်းတစ်ခုလုံးကို ဝေဝါးသွားစေခြင်းသာ ဖြစ်၏။
ရေတွက်၍ မကုန်နိုင်သည့် အိပ်မက်ဆိုးကျောက်တုံးများကို ရရှိပြီးနောက် ရှမ့်လန်၏ စီမံကိန်းက အဆင့်မြင့်တက်သွား၏။ စင်စစ်အားဖြင့် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးတစ်လုံးတည်းနှင့်ပင် လုံလောက်၏။ ဤသည်က စစ်ပွဲနှင့်ပတ်သက်သော လုံးဝသစ်လွင်သည့် တွေးခေါ်မှုတစ်ခု ဖြစ်ပြီး ဤလောကကြီးထဲတွင် မည်သူမှ နားလည်နိုင်စွမ်း မရှိသလို ကာကွယ်ရန်လည်း မဖြစ်နိုင်ချေ။
ဤသည်က သဘာဝလွန် အင်အားစုများနှင့် ရင်ဆိုင်သည့်နေရာတွင် ရှမ့်လန် ရရှိထားသည့် အကြီးမားဆုံးသော အားသာချက်ပင်။ ရှေးဟောင်းလက်နက် အရေအတွက်တွင်မူ ရှမ့်လန်က ကောင်းကင်ပင်လယ် နတ်ဆောင်ကို မယှဉ်နိုင်ပေ။
သို့သော်ငြား ရှမ့်လန်က ခြေနှစ်ဖက်ဖြင့် လျှောက်လှမ်းနေသူဖြစ်၏။ ခြေတစ်ဖက်က ရှေးဟောင်းယဉ်ကျေးမှု ဖြစ်သလို ကျန်တစ်ဖက်က ခေတ်သစ်နည်းပညာ ယဉ်ကျေးမှုပင်။ ထိုယဉ်ကျေးမှုနှစ်ခု ပေါင်းစပ်သွားသည့် အချိန်မှာတော့ သူက လုံးဝကို ပြိုင်ဘက်ကင်း၏။
xxx
အပိုင်း (၉၅၆)
အိပ်မက်ဆိုးသံလိုက်ဗုံးက ရှမ့်လန်အတွက် စစ်မှန်သည့် ပြိုင်ဘက်ကင်း လမ်းစဉ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
..........
ဆက်လက်၍ ရှမ့်လန်က ရှေးဟောင်းမှတ်တမ်းများထဲရှိ အိပ်မက်ဆိုးကျောက်တုံးနှင့် ဆိုင်သော အသိပညာရပ်ကို အသည်းအသန် လေ့လာရင်း ဦးနှောက်ကို အစွမ်းကုန် အသုံးပြုလျက်ရှိ၏။
အိပ်ရေးပျက်ခံရသည့် ညအနည်းငယ် အကြာမှာတော့ သူက သီအိုရီပိုင်းဆိုင်ရာ အသိပညာများကို လေ့လာခဲ့ပြီး စမ်းသပ်မှုများ ကို စတင်ပြုလုပ်ခဲ့၏။ ဤတစ်ကြိမ်တွင်တော့ သူက အရွယ်အစားမျိုးစုံရှိနေသည့် အိပ်မက်ဆိုး ကျောက်တုံး ကိရိယာ ထောင်ပေါင်း များစွာကို ရရှိထားသောကြောင့် စမ်းသပ်ရန် လုံလောက်သည်။
ပထမအကြိမ် စမ်းသပ်မှု ကျရှုံးသည်။ ဒုတိယအကြိမ် စမ်းသပ်မှု ထပ်မံ ကျရှုံးခဲ့ပြန်၏။ တတိယ... စတုတ္ထ... ပဉ္စမ... အကြိမ် ၅၀... အကြိမ် ၁၀၀...။
ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်စစ်သည်များက ရွှဲ့ပြည်နယ်နှင့် ပိုမို၍ နီးကပ်လာ၏။ နေ့စဉ်နေ့တိုင်း သူလျှိုများက စစ်တပ်၏ လှုပ်ရှားမှုများကို သတင်းပို့နေကြသည်။
ထိုနေ့မှာတော့ သွေးဝိညာဉ်စစ်သည် ၂ သောင်းတို့က ချောင်ပြည်နယ်၏ နယ်မြေအတွင်းသို့ ဝင်ရောက် လာခဲ့ကြပြီဖြစ်ပြီး ထျန်းရွှဲ့မြို့တော်နှင့် မိုင် ၂၀၀၀ အောက်သာ ဝေးတော့၏။
ဤစစ်တပ်က တကယ့်ကို သန်မာ၏။ ထိုသူတို့က နေ့စဉ် မိုင် ၃၀၀ ခန့် ချီတက်နိုင်စွမ်းရှိပြီး ထိုသို့ပြုလုပ်ရန်လည်း တကယ့်ကို လွယ်ကူလွန်း၏။ သူတို့နှင့်အတူ လက်နက်ကိရိယာ အများအပြားကိုလည်း သယ်ဆောင်လာခဲ့ သေးသည်။
……………
အကြိမ် ၃၆၅ ကြိမ်မြောက် စမ်းသပ်မှုမှာတော့ ရှမ့်လန်က အနည်းငယ် ကြောက်ရွံ့မိ၏။ အဘယ်ကြောင့်ဆိုသော် သူက အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သောကြောင့် မိမိကိုယ်ကိုမိမိပင် သံသယဝင်နေမိ၏။ စင်စစ်အားဖြင့် သီအိုရီအရ သံလိုက်ဗုံးများက မခက်ခဲချေ။
ရှမ့်လန်၏ AI စနစ်တွင် သက်ဆိုင်ရာ အချက်အလက်များလည်း ရှိ၏။ အိပ်မက်ဆိုးကျောက်တုံး ကိရိယာများက လုံလောက်သည့် လျှပ်စစ်သံလိုက်စွမ်းအင်ကို ထောက်ပံ့ပေးနိုင်၏။ ခက်ခဲသည့် အချက်တစ်ချက်တည်းသော အချက်က နည်းပညာနှင့် ရှေးဟောင်းယဉ်ကျေးမှုကို ပေါင်းစပ်ရန်သာပင်။ ဤအချက်တစ်ခုတည်းနှင့် ရှမ့်လန်က အကြိမ်ပေါင်း ရာနှင့်ချီ ကျရှုံးခဲ့ခြင်း ဖြစ်၏။
“သမီးလေး... သမီးလေး လာပါအုံး။ ဖေဖေ့ကို ကောင်းချီးပေးပါအုံး။” ရှမ့်လန်က လှမ်းခေါ်လိုက်သည်။
သမီးလေး ယောင်ယောင်က လှမ်းလျှောက်လာပြီး ရှမ့်လန်၏ မျက်နှာကို နမ်း၏။ ပြီးနောက် ရှမ့်လန် ဖန်တီးထားသည့် အိပ်မက်ဆိုးသံလိုက်ဗုံးကို နမ်း၏။
“ကဲ သမီးလေး... သွားတော့။ ဝေးဝေးကိုသွားလေ ကောင်းလေပဲ။”
သူ အောင်မြင်လိမ့်မည်ဟု မျှော်လင့်မိ၏။ အိပ်မက်ဆိုးကျောက်တုံးက လျှပ်စစ်သံလိုက်စွမ်းအင်များကို ထုတ်လွှတ်နိုင်၏။ ပုံမှန်အားဖြင့် အကြိမ်ပေါင်း ထောင်နှင့်ချီ သို့မဟုတ် သောင်းနှင့်ချီ၍ ထုတ်လုပ်နိုင်၏။ ရှမ့်လန် လုပ်ဆောင်ရန် လိုအပ်နေသည်က ထိုအရာ၏ စွမ်းအင်တစ်ခုချင်းစီကို ထုတ်လွှတ်ပစ်ရန်ပင်။
“ဖောက်ခွဲမယ်...။”
ရှမ့်လန်က ရုတ်တရက် အမိန့်ပေးပြီး ခလုတ်ကို နှိပ်သည်။
“ဘန်း.... ဇွိ..” အသံအနည်းငယ် ထွက်ပေါ်လာ၏။ ပြီးနောက် ရေတွက်၍ မကုန်နိုင်သည့် အပြာရောင် အလင်းတန်းများက ရုတ်တရက် ပေါက်ကွဲ၏။
တခဏအတွင်း ရှမ့်လန်၏ မျက်နှာက တစုံတစ်ခုနှင့် အခြစ်ခံလိုက်ရသလို ခံစားရ၏။ ပြီးနောက် ရှမ့်လန်၏ အနီးအနားရှိ ရှေးဟောင်းကိရိယာ အားလုံးတို့က စွမ်းဆောင်ရည်များ ဆုံးရှုံးသွားခဲ့ကြ၏။ ရှမ့်လန်၏ ရှေးဟောင်းစွမ်းအင် ဗဟိုချက်နှင့် ထိန်းချုပ်ရေး ဗဟိုချက်တို့ပင်လျှင် ခေတ္တမျှ အလုပ် မလုပ်တော့ချေ။
“အောင်မြင်ပြီ။”
အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးက အောင်မြင်သွားခဲ့၏။ ထျန်းရွှဲ့မြို့တော်ရှိ ဤတိုက်ပွဲက အသေအချာပင် အောင်ပွဲခံ နိုင်ပေတော့မည်။
ယခင် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး စမ်းသပ်မှုက အကြိမ်တိုင်း ကျရှုံးခဲ့၏။ ဤတစ်ကြိမ်၌ အဘယ်ကြောင့် အောင်မြင်ရသနည်း။ တကယ်ပဲ ယောင်ယောင်က ကံကောင်းခြင်းများနှင့် မွေးဖွားလာခဲ့သည်လား။ ဖြစ်ကောင်း ဖြစ်နိုင်မည်။
ထိုအရာက အက်ဒီဆင်၏ စမ်းသပ်မှုမျိုး မဟုတ်ချေ။ အခြေခံအားဖြင့် အကြိမ်ပေါင်း ထောင်နှင့်ချီပြီး စမ်းသပ်လိုက်၊ မှားလိုက်နှင့် အမှန်တရားကို ရှာဖွေခဲ့ရခြင်းပင်။
သို့သော်ငြား ရှမ့်လန်၏ အိပ်မက်ဆိုး ကျောက်တုံး သံလိုက်ဗုံးကတော့ မတူညီပေ။ သူ၏ သီအိုရီက ခိုင်မာပြီးသား ဖြစ်သလို ဦးတည်ချက်ကလည်း မှန်ကန်ပြီးသားပင်။ စမ်းသပ်မှုတစ်ခု ပြီးဆုံးတိုင်း အတွေ့အကြုံက နည်းနည်းချင်းစီ တိုးပွားသွား၏။ တိုးတက်မှုနှုန်းက ၉၉ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီဟု ရှမ့်လန် ခံစားနေရသည့်အချိန်တွင် နောက်ထပ် ပြုလုပ်မည့် မည်သည့် စမ်းသပ်မှုကမဆို အောင်မြင်သွားပေလိမ့်မည်။
ရှမ့်လန်၏ စမ်းသပ်မှုများကို ပံ့ပိုးကူညီရန် အမေဇုန်အမျိုးသမီး စစ်သည်တော်များက လက်တွေ့တိုက်ပွဲ ဝန်းကျင်တွင် တတ်နိုင်သမျှ တူညီအောင် ပတ်ဝန်းကျင်တွင် ရှေးဟောင်း လေးမြားများကို ပစ်ခတ်ခြင်း၊ ရှေးဟောင်းဖိနပ်များကို စီးနင်း၍ ပြေးလွှားခြင်းများ ပြုလုပ်ကြ၏။
အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး ပေါက်ကွဲသွားချိန်မှာတော့ ရှေးဟောင်းမြားတံ အားလုံးတို့က ထိုအရာ၏ အမြီးပိုင်းမီးတောက်များ ငြိမ်းသွားခဲ့ပြီး ကောင်းကင်ပေါ်မှ တဖွဲဖွဲဖြင့် အောက်သို့ ပြုတ်ကျလာ၏။ အရှိန်ပြင်းပြင်း နှင့် ပြေးလွှားလာသည့် အမေဇုန် အမျိုးသမီးစစ်သည်များက ဖိနပ်များ၏ အာနိသင် ပျက်ပြယ်သွားသည်နှင့် အရှိန်တန့်ကာ လွင့်စင်ထွက်ကုန်သည်။
သို့ပေမည့် ၃ စက္ကန့် ကြာချိန်မှာတော့ ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ဌာနေတစ်ခုလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ရှေးဟောင်းလက်နက်နှင့် ပစ္စည်းကိရိယာ အားလုံးတို့ကလည်း တိုက်ခိုက်နိုင်စွမ်းကို ပြန်လည် ရရှိခဲ့၏။
ရှမ့်လန် စမ်းသပ်ခဲ့သည့် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး၏ ပမာဏက သေးငယ်လွန်းသောကြောင့်ပင်။ လက်တွေ့တိုက်ပွဲများတွင် အသုံးပြုမည့် သံလိုက်ဗုံးက ပမာဏ ဆယ်ပေါင်းများစွာ ပိုမိုကာ များပြားသည်။
နောက်ဆုံးမှာတော့ ရှမ့်လန်က ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ခလုတ်ကို လက်နှင့် ပိတ်ချ၏။ ဤပစ္စည်းက တကယ့်ကို တန်ဖိုးကြီးမားလွန်းပြီး ယခုအချိန်တွင် စွမ်းအင်များကို အသုံးပြုနေရ၏။ အကြာကြီး ဖွင့်ထားသည် ဆိုပါက စွမ်းအင်ကုန်ကျမှု အရမ်းများပေလိမ့်မည်။ အရေးကြီးသည့် အခိုက်အတန့်မှသာ ထိုအရာကို ဖွင့်ရပေလိမ့်မည်။
...............
အရေးကြီးဆုံးဖြစ်သည့် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးက ပြီးစီးသွားခဲ့၏။ နောက်ထပ် လျှို့ဝှက် လက်နက်က ငရဲမီးမြားများပင်။
ဤတိုက်ပွဲအတွက် ပြင်ဆင်မှုအားလုံးက ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ် တပ်တော်ကို ချေမှုန်းရန်သာဖြစ်ပြီး သံလိုက်ဗုံးက သွေးဝိညာဉ်တပ်တော်၏ အားကောင်းသော ရှေးဟောင်း လက်နက် တိုက်ခိုက်နိုင်စွမ်းကို ပျက်ပြယ်သွားစေရုံသာ တတ်နိုင်၏။
ဤကဲ့သို့သော အင်အားကြီးမားသည့် တပ်တော်ကို ချေမှုန်းရန် သာမိုက်အမြှောက်များကိုသာ အားကိုး၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အရေအတွက်က နည်းပါးလွန်းပြီး လက်ရှိနည်းပညာဖြင့် အလျူမီနီယံကို သန့်စင်ရန် ခက်ခဲလွန်းသောကြောင့်ပင်။ အချိန်တိုအတွင်း အမြှောက်အရေအတွက်ကို တိုးမြှင့်ရန်ကလည်း မလွယ်ကူပေ။
မှန်ပေ၏။ ရှေးဟောင်းမြားတံများကလည်း သွေးဝိညာဉ်တပ်တော်၏ ခိုင်မာသည့် သံချပ်ကာများကို ထိုးဖောက်နိုင်စွမ်း ရှိ၏။ သို့သော်ငြား ရှမ့်လန်၌ ရှေးဟောင်းမြားတံ နည်းပါးလွန်း၏။ သူ့၌ ရှေးဟောင်းမြားတံ တစ်ထောင်ခန့်သာ ရှိသည်။
အရေးကြီးဆုံးအချက်က ထျန်းရွှဲ့မြို့၏ အဆုံးအဖြတ် တိုက်ပွဲ၌ ရှေးဟောင်းလက်နက်များကို သုံးသင့်၊ မသုံးသင့် ရှမ့်လန် မဆုံးဖြတ်ရသေးခြင်းပင်။ အတိုင်းအတာတစ်ခုထိ ရှမ့်လန်က ရှေးဟောင်းလက်နက်များနှင့် ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ခလုတ်ကို ယူမသွားရန်သာ ဆုံးဖြတ်ထား၏။
ဤသို့ ဆုံးဖြတ်ရသည့် အကြောင်းရင်းက နှစ်ခုရှိ၏။ ပထမအချက်အနေဖြင့် ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ကိရိယာက လေးလံလွန်းသောကြောင့်ပင်။ အလေးချိန်က ကီလိုဂရမ် ထောင်ပေါင်းများစွာ ရှိသောကြောင့် သယ်ဆောင်ရသည်မှာ တကယ့်ကို ဒုက္ခများသည်။
ဒုတိယအကြောင်းရင်းက နောက်ထပ် တိုက်ပွဲတစ်ခုအတွက် သူ ပြင်ဆင်ထားရမည် ဖြစ်သောကြောင့်ပင်။ အရေးကြီးဆုံးက တပ်တော်ကို ဦးဆောင်ပြီး ထျန်းရွှဲ့မြို့ကို တိုက်ခိုက်သည့်အချိန်တွင် နုရှောင့်မြို့ အန္တရာယ် ရှိလာမည်လား ဆိုသည့်အချက်ပင်။
ဤတိုက်ပွဲတွင် သူက လူအင်အား ၂ သောင်းခန့် ခေါ်ဆောင်သွားရန် ပြင်ဆင်ထားပြီး မြေပြင်တပ်ဖွဲ့ အားလုံးနီးပါး ပါဝင်မည်။ ကျန်ရှိခဲ့သည့် လူအင်အား ၄ သောင်း၊ ၅ သောင်းခန့်က နုရှောင့်မြို့ကို ကာကွယ်ရမှာဖြစ်ပြီး ကျင်းချန်ကျွန်းကို ကာကွယ်ရန်နှင့် ပင်လယ်ပြင်ကို ထိန်းချုပ်ရန်လည်း လိုအပ်၏။
အဓိက တပ်မကြီးကို ဦးဆောင်၍ ထွက်ခွာသွားသည့် အချိန်တွင် တစ်စုံတစ်ယောက်က အခွင့်အရေးယူပြီး နုရှောင့်မြို့တော် နှင့် ကျင်းချန်ကျွန်းကို ဝင်ရောက်တိုက်ခိုက်လာမည်ကို သူ တကယ်စိုးရိမ်မိ၏။ ဤသည်က သူ၏ အဓိက အခြေစိုက် စစ်စခန်းပင်။
ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ပစ္စည်းသာ ရှိနေမည်ဆိုပါက နုရှောင့်မြို့၏ ခံစစ်က ၂ ဆနီးပါး ပိုမိုကာ တိုးတက် ကောင်းမွန်လာပေလိမ့်မည်။ ထျန်းရွှဲ့မြို့ကို တိုက်ခိုက်ပြီးမှ နုရှောင့်မြို့ ကျရှုံးသွားသည့်အဖြစ်မျိုးကို သူ အဖြစ်မခံနိုင်ပေ။ ထိုသို့ဖြစ်လာပါက မည်သို့မှ တန်ဖိုးရှိတော့မည် မဟုတ်ပေ။
ထို့သို့ဆိုလျှင် ဤငရဲမီးမြား ဆိုသည်က ဘာများ ဖြစ်သနည်း။ အနောက်တိုင်း မီးနတ်ဘုရားဂိုဏ်း ရှမ့်လန်ကို လုပ်ကြံစဉ်က အသုံးပြုခဲ့သည့် ငရဲမီးပိုးကောင်များကို မှတ်မိကြပေလိမ့်မည်။ ထိုအရာက တကယ့်ကို အသက်ရှူ မှားလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်း၏။
ထိုငရဲမီးပိုးကောင်များက ခြင်များထက် အဆပေါင်းများစွာ သေးငယ်ပြီး သံချပ်ကာများ၏ မည်သို့သော ဟာကွက်မျိုး ကိုမဆို တိုးဝင်နိုင်၏။ လူ့ခန္ဓာကိုယ်ထဲသို့ ထူးခြားသည့် အရည်တစ်မျိုး ထိုးသွင်းလိုက်သည်နှင့် သွေးအားလုံးကို လောင်ကျွမ်းစေပြီး ကြောက်မက်ဖွယ်ရာ လောင်စာအဖြစ် ပြောင်းလဲပစ်လိုက်နိုင်သည်။
ထိုစဉ်က အမေဇုန် အမျိုးသမီး စစ်သည်ဒါဇင်ပေါင်းများစွာတို့က ငရဲမီးပိုးကောင်များကြောင့် သေဆုံးခဲ့ရပြီး ပြာပင် ကျခဲ့၏။
သို့သော်ငြား ရှမ့်လန်၏ သွေးက အဆိပ်ပြင်းထန်ခဲ့၏။ မရေတွက်နိုင်သည့် ငရဲမီးပိုးကောင်များက ရှမ့်လန်၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသည့် အဆိပ်များ ထိုးသွင်းလိုက်သော်လည်း ရှမ့်လန်ကို လောင်ကျွမ်း သေဆုံးစေရန် မဆိုထားနှင့် သူတို့ကိုယ်တိုင်ပင်လျှင် သေဆုံးကြကုန်၏။
ထို့အပြင် ရှမ့်လန်က မရေတွက်နိုင်သည့် ငရဲမီးပိုးကောင် အလောင်းများကို ရရှိပြီး စုစုပေါင်း ၁၀ လီတာခန့် ရှိ၏။ ရှမ့်လန် အနောက်လောကမှ မထွက်ခွာလာခင် မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမကြီးက ရှမ့်လန်ကို လာရောက်တွေ့ဆုံပြီး ငရဲမီးပိုးကောင်များအကြောင်း မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာအုပ် တစ်အုပ်ကို ပေးအပ်ခဲ့သည်။
ရှမ့်လန်က ထိုငရဲမီးပိုးကောင် အလောင်းများကို အသုံးပြု၍ စမ်းသပ်မှုမျိုးစုံ ပြုလုပ်ခဲ့၏။ နောက်ဆုံးမှာတော့ သေဆုံးသွားလျှင်တောင်မှ ထိုအရာများက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် လက်နက်များ ဖြစ်နေသေးကြောင်း တွေ့ရှိရ၏။
ငရဲမီးပိုးကောင်များ၏ အလောင်းများကို အမှုန့်ကြိတ်ပြီး သွေးနှင့်ရောစပ်လိုက်ပါက ငရဲမီးအရည်ကို ရရှိ၏။ ဤသည်က ကြောက်မက်ဖွယ်ရာ ကောင်းသည့် လောင်စာတစ်ခုပင်။ ပမာဏတူညီသည့် ငရဲမီးအရည်မှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်က ဓာတ်ဆီထက် အဆပေါင်းများစွာ ပို၍ လောင်ကျွမ်းနိုင်စွမ်းများသည်။
ဤစမ်းသပ်မှုက ပထမအကြိမ်၌ပင် အောင်မြင်လုနီးပါး ဖြစ်၏။ ငရဲမီးအရည် ၁ မီလီမီတာမျှဖြင့် စက္ကန့် ၂၀၀ ကျော် ကြာအောင် လောင်ကျွမ်းနိုင်သည်။ ထိုသို့ လောင်ကျွမ်းခဲ့သော်လည်း အပူချိန်က နိမ့်လွန်းနေသောကြောင့် လုံလောက်မှု မရှိသေးချေ။ အပူချိန်က ၇၀၀ မှ ၈၀၀ ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိ၏။ ဓာတ်ဆီ၊ ရေနံဆီတို့ထက်ပင် နိမ့်ကျနေသေး၏။
ထို့နောက် ရှမ့်လန်က သွေးအမျိုးအစား ပေါင်းစုံနှင့် စမ်းသပ်ကြည့်ရှု၏။ ရွှေနဂါးသွေးနှင့်ပင် စမ်းသပ်ခဲ့သေး၏။ မှန်ပေ၏။ ပင်လယ်နဂါးများ၏ သွေးနှင့်ပင် စမ်းသပ်ခဲ့သေး၏။ မှန်ပေ၏။ ပင်လယ်နဂါးများ၏ သွေးပင်။ ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများကြားတွင် ဦးခေါင်းခွံဂိုဏ်းက ပင်လယ်မွန်းစတားနဂါးပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့သည်။
ရှမ့်လန်က ထိုအရာများကို တစ်ကောင်မှ အလဟသ မဖြစ်စေလိုပေ။ အလောင်းအားလုံးကို သယ်ယူလာခဲ့၏။ ပင်လယ်နဂါးများ၏ အရိုး၊ အရေခွံ၊ အကြော၊ သွေးများကို အားလုံး ခွဲထုတ်၏။ ပင်လယ်နဂါးသွေးက အာနိသင် ကောင်းလိမ့်မည်ဟု ရှမ့်လန်က ထင်မြင်ခဲ့သော်လည်း ငရဲမီးပိုးကောင် အလောင်းများနှင့် ရောစပ်လိုက်ချိန်မှာတော့ သာမန်လူတို့၏ သွေးလောက်ပင် အစွမ်းမထက်သည်ကို တွေ့ရှိရ၏။
စမ်းသပ်မှု ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ လူတစ်ယောက်၏ သိုင်းပညာအင်အားနှင့် သွေးမျိုးဆက် ပါရမီ မြင့်မားလေလေ၊ ထိုအရာ၏ သွေးစွမ်းအင်က ပိုမိုကာ မြင့်မားလာလေဖြစ်ကြောင်း ရှမ့်လန်က တွေ့ရှိ၏။ ငရဲမီးပိုးကောင် အလောင်းများနှင့် ရောစပ်လိုက်ချိန်မှာတော့ ငရဲမီးအရည်က ပိုမို၍ အစွမ်းထက်လာသည်။
ထို့ကြောင့် နုရှောင့်မြို့တော်ကို သိမ်းပိုက်ပြီးနောက် ရှမ့်လန်က မဟာပညာရှင်အဆင့် သိုင်းပညာရှင် ၃၀ ကျော်တို့၏ သွေးများကို အလဟဿ မဖြုန်းတီးခဲ့ပေ။ ထိုသူတို့ကို သတ်ဖြတ်ရန်ပင် ဝန်လေးခဲ့၏။ နေ့စဉ် ထိုသူတို့ကို ကောင်းမွန်စွာ ကျွေးမွေးထားခြင်းမှာ မဟာပညာရှင်များ၏ သွေးမျိုးဆက်ကြောင့် ဖြစ်၏။
ရလဒ်က မည်သို့ ဖြစ်သနည်း။ တကယ့်ကို ယုံကြည်နိုင်စရာ မရှိချေ။ ငရဲမီးပိုးကောင်နှင့် မဟာပညာရှင်တို့၏ သွေးမျိုးဆက်များကို ပေါင်းစပ်လိုက်ချိန်မှာတော့ ပြင်းထန်သည့် တုံ့ပြန်မှု ဖြစ်ပေါ်လာ၏။ ရရှိသည့် ငရဲမီးအရည်၏ စွမ်းအင်က အံ့မခန်းပင်။
မီးလောင်ကျွမ်းသည့် အချိန်မျိုးတွင် မီးတောက်၏ အပူချိန်က ၂၅၀၀ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်သွားခဲ့ပြီး သာမိုက်များ၏ စွမ်းအင်ထက်ပင် ကျော်လွန်သွား၏။ ထို့အပြင် ဤငရဲမီးအရည်များက သာမိုက်ထက် ပိုမို ပြင်းထန်၏။ ငရဲမီးအရည် ၁ မီလီမီတာချင်းစီမှ ထုတ်လွှတ်သည့် စွမ်းအင်က သာမိုက်ထက် ပိုမိုကာ များပြားသည်။
ဤမဟာပညာရှင်များ၏ သွေးများနှင့် ပြုလုပ်ထားသည့် ငရဲမီးအရည် ၁ မီလီမီတာသည် စက္ကန့် ၃၃၀ ကျော် ကြာအောင် လောင်ကျွမ်းနိုင်ပြီး ပေါက်ကွဲလောင်ကျွမ်းမှုကို ဖြစ်ပေါ်စေသည်။ ရလဒ်က ရှမ့်လန်အတွက် ကျေနပ်ဖွယ်ရာ ကောင်းနေ၏။
ကျူးမိသားစု၏ လျှို့ဝှက်အခြေစိုက် စခန်းတွင် ရှေးဟောင်းလူသားပညာရှင် ဒါဇင်ပေါင်းများစွာတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ရှမ့်လန်က ထူးဆန်းသည့် စိတ်ကူးတစ်ခု ကို ရရှိခဲ့၏။ ရှေးဟောင်းလူသား၏သွေး၊ ကျောက်ဖြစ်ရုပ်ကြွင်း အနည်းငယ်ကိုယူပြီး ငရဲမီးအရည်နှင့် တိုက်ရိုက် ရောစပ်သည်။
ရလဒ်အားဖြင့် အံ့အားသင့်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။ ငရဲမီးအရည်၏ စွမ်းအင်က ထပ်မံ တိုးတက်လာခဲ့ပြီး ပေါက်ကွဲလောင်ကျွမ်းသည့်အချိန်မျိုးတွင် မီးတောက်၏အပူချိန်က ၃၃၀၀ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ရှိ၏။
ပြီးနောက် ရှမ့်လန်က အချိုးအစားကို ထပ်ခါထပ်ခါ ချိန်ညှိ၏။ ယခုအချိန်ထိ အကောင်းဆုံး အချိုးအစားကို သူ မတွေ့ရှိရသေးသော်လည်း ရရှိလာသည့်ရလဒ်ကတော့ ကြီးမားနေပြီ ဖြစ်၏။ မဟာပညာရှင်များ၏သွေး၊ ရှေးဟောင်းလူသား၏ သွေးကျောက်ဖြစ်ရုပ်ကြွင်း၊ ပင်လယ်နဂါး၏သွေးနှင့် ငရဲမီးပိုးကောင်တို့၏ အလောင်းတို့ကို ၃၀၀၀ : ၁ : ၃ : ၉၃ အချိုးအစားဖြင့် ရောစပ်၏။ ငရဲမီးအရည်က အစွမ်းထက်ဆုံး မဟုတ်သော်လည်း ဤသည်က အသင့်တော်ဆုံးပင်။
ငရဲမီးအရည် ၁ မီလီမီတာလျှင် စက္ကန့် ၃၃၀ ကျော်ကြာအောင် ပေါက်ကွဲလောင်ကျွမ်းပြီး အပူချိန်က ၃၄၀၀ ဒီဂရီ စင်တီဂရိတ်ထိ ရှိ၏။ အချိုးအစားကို ချိန်ညှိလိုက်ပါက မီးတောက်၏ အပူချိန်က ၅၀၀၀ ဒီဂရီ စင်တီဂရိတ်ထိပင် ရောက်ရှိသွားနိုင်၏။ သို့သော်ငြား ထိုသို့ဆိုလျှင် လောင်ကျွမ်းချိန်က လျော့နည်းသွားမှာ ဖြစ်သည်။
၃၄၀၀ ဒီဂရီ စင်တီဂရိတ် ဆိုသည်က မည်သို့သော သံချပ်ကာကိုမဆို အရည်ပျော်စေရန် လုံလောက်၏။ ထို့အပြင် အပူချိန်က ဤထက် မြင့်မားပါက ရန်သူ၏ သံချပ်ကာကို မထွင်းဖောက်မီ မိမိ၏ မြားခေါင်းက အရင်ဆုံး အရည်ပျော်ပြီး အရည်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။