← Chapters

အခန်း (၉၅၇-၉၅၈)

Vol. 57 Ch. 957-958

အခန်း (၉၅၇-၉၅၈)

Vol. 57 Ch. 957-958

အပိုင်း (၉၅၇)

ငရဲမီးဒုံးပျံကို ပြုလုပ်ရာ၌ ရှမ့်လန်က တန်စတင်မြားခေါင်းများကို အသုံးပြုထား၏။ တန်စတင် သတ္တုက ကမ္ဘာမြေတွင် ရှားပါးသကဲ့သို့ ဤလောကကြီးထဲတွင်လည်း ထိုနည်းလည်းကောင်းပင်။ ရှမ့်လန်၏ လက်ရှိစွမ်းရည်ဖြင့် တန်စတင်သတ္တုကို အမြောက်အမြား သန့်စင်ရန် မပြုလုပ်နိုင်ချေ။

သို့သော်ငြား အရူးကြီး၏ အနက်ရောင် ရွှေတုတ်ကြီး တည်ရှိနေသေး၏။ ဤလောက၌ သန့်စင်မှု မြင့်မားသည့် တန်စတင်သတ္တုသိုက် အများအပြား ရှိနေပြီး အားလုံးနီးပါးက ဥက္ကာခဲများမှ ရရှိခြင်းပင်။ ဒီဘိုရာထံ၌ တန်စတင် သတ္တုသိုက် အနည်းငယ် ရှိသော်လည်း ဦးခေါင်းခွံဂိုဏ်း၌မူ အများအပြား ရှိ၏။ ထိုသူတို့က ပျောက်ဆုံးနိုင်ငံ၏ ဂိုတောင်ထဲမှ တန်စတင်သတ္တုတန်ပေါင်းများစွာကို ရရှိထားခဲ့၏။

သို့သော်ငြား တန်စတင်ကို ရရှိပြီးနောက် ရှမ့်လန်က မည်သို့မျှ လုပ်ဆောင်၍ မရခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာ အရည်ပျော်လောက်အောင် မြင့်မားသည့် အပူချိန် မီးတောက် မရှိသောကြောင့်ပင်။ ထို့ကြောင့် သံချပ်ကာများ၊ လက်နက်များအဖြစ် ပုံဖော်၍ မရနိုင်ခဲ့ချေ။ ထိုသို့ဆိုလျှင် ဤတန်စတင် မြားခေါင်းများက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ လူစွမ်းအားကို အသုံးပြု၍ သွေး၊ချွေး အကျခံကာ သွေးယူခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ရှမ့်လန်က ကျူးမိသားစု၏ လျှို့ဝှက်အခြေစိုက်စခန်းကို တွေ့ရှိချိန်မှာတော့ အရာအားလုံး ပြောင်းလဲ သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းယဉ်ကျေးမှု၏ အိပ်မက်ဆိုးကျောက်တုံး ကိရိယာ တချို့က ပလပ်စမာများကို ထုတ်လွှတ်နိုင်ပြီး အပူချိန်ကလည်း တန်စတင်သတ္တုကို အရည်ပျော်စေနိုင် လောက်အောင် အံ့မခန်း မြင့်မားသောကြောင့်ပင်။

ထိုအရာကို အသုံးပြုပြီးနောက် ရှမ့်လန်၏ ပန်းပဲပညာရှင်အဖွဲ့က တန်စတင် သံမဏိမြားခေါင်း အမြောက်အမြား ကို ပုံဖော်နိုင်ခဲ့၏။ ယခင်က မြားခေါင်းတစ်ခု ရရှိရန် တန်စတင် တစ်ကျပ်သားခန့် ဖြုန်းတီးခဲ့ရသော်လည်း ယခုအချိန်မှာတော့ တန်စတင် ၁ ဂရမ်မျှဖြင့် တန်စတင် သံမဏိမြားခေါင်းတစ်ခုကို ပြုလုပ်နိုင်ပြီ ဖြစ်၏။

ယနေ့တွင် ပန်းပဲဆရာ ၃၀၀၀ ကျော်တို့က နေ့စဉ် တန်စတင် သံမဏိမြားခေါင်းများစွာကို ပုံဖော်လျက်ရှိနေပြီး တစ်နေ့လျှင် မြားခေါင်း ၃၀၀၀၀ ကျော် ထွက်ရှိသည်။ ဤအတွက် ရှမ့်လန်က အိပ်မက်ဆိုးကျောက်တုံး ကိရိယာ ၁၀၀ ကျော်ကို လက်နက်စက်ရုံအတွက် သီးသန့် ခွဲဝေပေးထားသည်။

မူလက ရှမ့်လန်သည် တန်စတင် သံမဏိ သံချပ်ကာ အမြောက်အမြားကို ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း အချိန် မလုံလောက်သောကြောင့် အသုတ်လိုက် အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့၏။ သူ၏ အလုပ်ရုံအတွင်းတွင် လူအင်အား ၃ သောင်းကျော် ရှိနေသော်လည်း လုံလောက်ရန်တော့ အဝေးကြီး လိုအပ်နေသေး၏။

နေ့စဉ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ အမြောက်ဆံများ၊ အမြှောက်များ စသည်တို့ကို အမြောက်အမြား ပြုလုပ်ခဲ့ရသည်။

သို့သော်ငြား အိပ်မက်ဆိုးကျောက်တုံး ကိရိယာ အမြောက်အမြားကို ရရှိခဲ့ပြီးနောက် ပြောင်းရစ်ပါ အမြှောက်များကို ပြုလုပ်သည့်နှုန်းကလည်း အများကြီး တိုးတက်လာသကဲ့သို့ အမြှောက်များ၏ အရည်အသွေး ကလည်း များစွာ ကောင်းမွန်လာသည်။

ယခင်က ပြောင်းရစ်ဖော်ခြင်းကို လက်ဖြင့်သာ ပြုလုပ်ခဲ့ရပြီး ထိုအရာက တကယ့် အိပ်မက်ဆိုးကြီး တစ်ခု ကဲ့သို့ပင်။ ယခု အိပ်မက်ဆိုးကျောက်တုံး၏ ပလပ်စမာမီးတောက်များနှင့် အသုံးပြုပါက အကောင်းဆုံး ခေါင်းများကို ဖန်တီးပြုလုပ်နိုင်ပြီဖြစ်ပြီး ပြောင်းရစ်ဖော်သည့် တိကျမှုကလည်း များစွာ ကောင်းမွန်လာ၏။ စွမ်းဆောင်ရည် ကလည်း ၁၀ ဆကျော် တိုးတက်လာခဲ့၏။

ဤသည်က ရှေးဟောင်းယဉ်ကျေးမှုနှင့် သိပ္ပံပညာ ယဉ်ကျေးမှုကို ပေါင်းစပ်၍ ရရှိသည့် ရလဒ်ဖြစ်ပြီး ရှမ့်လန်က ဤလမ်းကြောင်းအပေါ် ရောက်ရှိခြင်းနှင့် ပတ်သက်၍ များစွာ ကျေနပ်မိသည်။

............

ထျန်းရွှဲ့မြို့၏ အဆုံးအဖြတ်တိုက်ပွဲက တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့၏။ ရှမ့်လန်က တရှိန်ထိုးဖြင့် ငရဲမီးအရည် ၂၀၀ လီတာကို ထုတ်လုပ်လိုက်ပြီး ဤပမာဏက တန်စတင် သံမဏိမြားခေါင်း ၄ သိန်းအတွက် လုံလောက်၏။

ငရဲမီးမြားတစ်စင်းတိုင်းတွင် ငရဲမီးအရည် ၀.၅ မီလီမီတာကို အသုံးပြုထား၏။ အပူချိန် ၃၀၀၀ ဒီဂရီ စင်တီဂရိတ် ကျော်အောင် ထုတ်လွှတ်နိုင်သကဲ့သို့ စက္ကန့် ၁၅၀ ကျော်အောင် လောင်ကျွမ်းနိုင်၏။ ဤသည်က သွေးဝိညာဉ် တပ်တော်မှ စစ်သည် တစ်ယောက်ချင်းစီကို သတ်ဖြတ်ပစ်ရန် လုံလောက်သည်။

ကံမကောင်းသည်က မဟာပညာရှင်များ၏သွေးက အကန့်အသတ်မရှိ ထွက်ရှိနေသည် မဟုတ်ပေ။ ထိုသူတို့ကို ကောင်းစွာ ကျွေးမွေးထားလျှင်ပင် ထုတ်ယူနိုင်သည့်သွေး၏ စွမ်းအင်က တဖြည်းဖြည်း လျော့နည်းလာမှာ ဖြစ်သကဲ့သို့ ရှေးဟောင်းလူသားများ၏သွေး ကျောက်ဖြစ်ရုပ်ကြွင်းများက ပိုမို၍ နည်းပါးလာ၏။

လက်ငယ်သားတစ်ယောက်က လျှောက်တင်သည်။ “အရှင်... နောက်တစ်ဆင့်အနေနဲ့ ငရဲမီးမြားတွေကို စမ်းသပ် ပစ်ခတ်ခွင့် ပြုပါ။”

ရှမ့်လန်က ခွင့်ပြုလိုက်၏။ “ခွင့်ပြုတယ်။”

အမေဇုန်အမျိုးသမီး စစ်သည်တော် ၃၀ တို့က သူတို့၏မြားများကို လေးကြိုးပေါ်သို့ တင်၏။ ရှေးဟောင်း လေးများ မဟုတ်ဘဲ အသစ်ပုံဖော်ထားသည့် ကွန်ပေါင်းလေးများ ဖြစ်၏။ လေး၏အားက ၃ ပိဿာ အားခန့် ရှိပြီး နိဗ္ဗာနအဆင့် စစ်သည်တစ်ယောက်ပင်ဆွဲရန် ခက်ခဲသော်လည်း အမေဇုန်အမျိုးသမီး စစ်သည်များက လွယ်လွယ်ကူကူ ဆွဲနိုင်သည်။

“ပစ်တော့...”

“ရွှီ... ရွှီ...”

ငရဲမီးမြား ၃၀ က လေကို ခွင်းပြီး ထွက်ခွာသွား၏။ ခဏအတွင်းမှာပဲ မီတာ ၃၀၀ အကွာရှိ သံပြားများကို ထိမှန်၏။ ဤသံပြားများက သွေးဝိညာဉ်တပ်တော် သံချပ်ကာများ၏ ခံနိုင်ရည်အတိုင်း ပြုလုပ်ထားခြင်းပင်။ ပုံမှန်မြားများဆိုပါက မီတာ ၃၀၀ မဆိုထားနှင့် မီတာ ၃၀ ကနေပင် ဖောက်ဝင်နိုင်လိမ့်မည် မဟုတ်ချေ။ တန်စတင် သံမဏိမြားခေါင်းပင်လျှင် ဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်ငြား ဤမြားခေါင်းများတွင် ငရဲမီးအရည်ကို သုတ်လိမ်းထားပြီး သံပြားကို ထိမှန်ချိန်မှာတော့ ချက်ချင်း ပေါက်ကွဲထွက်၏။

“ဘုန်း... ဘုန်း...” တကယ့်ကို ကြီးမားသည့် ပေါက်ကွဲမှုဖြစ်ပြီး အဖြူရောင်မီးတောက်များက ချက်ချင်း ထွက်ပေါ်လာသည်။ အပူချိန် ၃၀၀၀ ဒီဂရီ စင်တီဂရိတ်ကို ထုတ်လွှတ်သည်။

ဤအပူချိန်အောက်တွင် သံပြားများက တိုက်ရိုက် နီရဲသွားပြီး တန်စတင် သံမဏိမြားခေါင်းက လွယ်လွယ်ကူကူ ပင် ထိုးဖောက်ဝင်ရောက်၏။

ဘုန်း... ဘုန်း...

သံမဏိမြားများက ဆက်လက် ပေါက်ကွဲလျက် ရှိနေပြီး မီးလောင်ကျွမ်းမှု မငြိမ်းသက်မီ စက္ကန့် ၁၀၀ ကျော်ကြာအောင် ကြာမြင့်သည်။

ငရဲမီးမြားများ၏ ပထမဦးဆုံး စမ်းသပ်ပစ်ခတ်မှုက ပြီးဆုံးသွားခဲ့ပြီး အောင်မြင်မှုနှုန်းက ၃၀ ရာခိုင်နှုန်း ရှိ၏။ စုစုပေါင်း မြား ၃၀ တွင် ၉ စင်းက သံပြားကို ဖောက်ထွက်သွားပြီး လက်ဝါးအရွယ်အစားခန့် ရှိသည့် အပေါက်ကြီး ဖြစ်သွားစေ၏။ ဤသို့သော အခြေအနေမျိုးတွင် အပစ်ခံရသူက သေချာပေါက် သေဆုံးပေလိမ့်မည်။

ကျန်ရှိသည့် ငရဲမီးမြား ၂၁ စင်းအတွက်မူ အကွာအဝေးက ဝေးလွန်းသောကြောင့် ပစ်မှတ်ကို ထိမှန်ခြင်း မရှိသည့် မြားများ ရှိသလို ပစ်မှတ်ကို ထိသော်လည်း သံပြားကို မဖောက်နိုင်ဘဲ ကန်ထွက်သွားခြင်းမျိုးလည်း ရှိနေ၏။

ထို့နောက် သူက မီတာ ၂၅၀၊ မီတာ ၂၀၀၊ မီတာ ၁၅၀ အကွာအဝေးများမှ စမ်းသပ်ပစ်ခတ်၏။ ထိမှန်မှုနှုန်းနှင့် အောင်မြင်မှုနှုန်းက တရိပ်ရိပ်နှင့် တက်လာ၏။ တစ်နာရီ ကြာချိန်မှာတော့ ငရဲမီးမြားများ၏ လက်တွေ့စမ်းသပ် ပစ်ခတ်မှုက ပြီးဆုံးသွားခဲ့သည်။

အမှန်တကယ်တွင် ဤလက်နက်က ကောင်းကင်ပင်လယ် နန်းဆောင်၏ သွေးဝိညာဉ်တပ်တော်ကို အကြီးအကျယ် သတ်ဖြတ်နိုင်ပေမည်။

...............

၅ ရက်ကြာပြီးနောက် ရှမ့်လန်က လျှို့ဝှက်စမ်းသပ်မှုတစ်ခုကို ပြုလုပ်၏။ တပ်တော်ကို စစ်ဆေးခြင်း မဟုတ်ဘဲ လက်နက်များကို စစ်ဆေးခြင်းပင်။ ပြောင်းချောအမြှောက် ၃၀၀ ကို စစ်ဆေးနေစရာ မလိုအပ်သော်လည်း အဓိက ပြောင်းရစ်ပါသည့် အမြှောက် ၁၀၀ ကို စစ်ဆေးရန် လို၏။

မူလက ၂ လ၊ ၃ လခန့်ဖြင့် ပြောင်းရစ်ပါ အမြှောက် ၁၀၀ ကို ပြုလုပ်ဖို့ ဆိုသည်က မဖြစ်နိုင်ချေ။ ရှေးဟောင်းအိပ်မက်ဆိုး ကျောက်တုံး၏ ကျေးဇူးကြောင့် အမြှောက်ပြုလုပ်သည့် စွမ်းရည်က အများကြီး တိုးတက်လာ၏။ နောက်ဆုံးစစ်ပွဲမစခင် ရှမ့်လန်က ပြောင်းရစ်ပါသည့် အမြှောက် ၁၀၀ ကို အတိအကျ ပြုလုပ်နိုင်ခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ရန်သူ ၂ သိန်းကျော်က သူတို့၏ အမြှောက်ဆံများနှင့် လုံလောက်နေပြီ ဖြစ်၏။ အစွမ်းထက်သည့် လက်ပစ်ဗုံးများကိုမူ တုံ့ကျန်းဘုရားကျောင်းနှင့် ယင်ယွမ်အဖွဲ့အစည်းတို့မှ အထူးတပ်များကို သတ်ဖြတ်ရန် အသုံးပြုရမည်။

မည်သို့ပင်ဆိုစေကာမူ သွေးဝိညာဉ်တပ်တော်ကို တိုက်ခိုက်ရန် အသုံးပြုမည့် သာမိုက်အမြှောက် အရေအတွက်က ၁၀၀၀ မကျော်ပေ။ ၅၀၀ သာ ရှိ၏။ သို့သော်ငြား ငရဲမီးမြား ၃ သိန်း ရှိနေသောကြောင့် သွေးဝိညာဉ်တပ်တော် ၂ သောင်းကို ချေမှုန်းရန် ဆိုသည်က လုံလောက်ပေလိမ့်မည်။

အရေးကြီးဆုံးက အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး အကြီးစားကြီးပင်။ မူလက တစ်လုံးဆိုလျှင် လုံလောက်သော်လည်း ပြင်ဆင်ထားလျှင် မမှားနိုင်ဟူသည့် ဆိုရိုးအတိုင်း ရှမ့်လန်က ၁၀ လုံးတိတိ ပြင်ဆင် ထား၏။ ဤသည်က စစ်ပွဲ၏ အောင်မြင်မှု သော့ချက်ပင်။

ရှမ့်လန်က ယခင်အစီအစဉ်များထဲမှ လျှပ်စစ်သံလိုက်ဗုံးကို ယူလာခဲ့သေးသည်။ ထိုအရာက သိပ်ပြီး အသုံးဝင်တော့သည် မဟုတ်သော်လည်း ရှမ့်လန်က အရေးကြုံလျှင် သုံးစွဲနိုင်ရန် ဒါဇင်ပေါင်းများစွာကိုတော့ ကြိုတင် ယူဆောင်လာခဲ့သေး၏။

ထျန်းရွှဲ့မြို့တိုက်ပွဲအတွက် လျှို့ဝှက်လက်နက်အားလုံးက အဆင်သင့် ဖြစ်နေ၏။ မူလက ရှမ့်လန်အတွက် ဤစစ်ပွဲမှာ နိုင်နိုင်သော်လည်း အနည်းငယ် ခက်ခဲပေလိမ့်မည်။ ပြောင်းရစ်ပါ အမြှောက်များ နည်းပါးခြင်း၊ ငရဲမီးမြားများ နည်းပါးခြင်းနှင့် ရှေးကျသည့် လျှပ်စစ်သံလိုက်ဗုံးများကြောင့်ပင်။

သို့သော်ငြား ကျူးမိသားစု၏ လျှို့ဝှက်အခြေစိုက်စခန်းကို တွေ့ရှိပြီးနောက် လျှို့ဝှက်လက်နက်အားလုံး၏ စွမ်းရည်က အများကြီး တိုးတက်လာ၏။ အရာအားလုံးက သူ ထင်မှတ်ထားသည်ထက် ပိုမိုကာ ပြည့်စုံနေ၏။ အရာအားလုံးတို့က အမှန်တကယ်ပင် ကံတရား ဖြစ်၏။

ကျူးမိသားစုက ဤလျှို့ဝှက်အခြေစိုက်စခန်းကို တွေ့ရှိခဲ့ပြီး ၁၀ နှစ်ကြာအောင် သုတေသန ပြုလုပ်ခဲ့သော်လည်း တိုးတက်ခဲ့ခြင်း မရှိချေ။ ကြီးမားသည့် အကျိုးအမြတ်ကို မရရှိခဲ့ပေ။ သို့သော်ငြား ယခု ရှမ့်လန်၏ လက်ထဲသို့ ရောက်ရှိလာသည့် အချိန်မှာတော့ တစ်လခန့်အတွင်း အစွမ်းထက်သည့် လျှို့ဝှက်လက်နက် အများကြီး ထွက်ပေါ်လာခဲ့သည်။

သူတို့ ထွက်ခွာတော့မည် ဖြစ်သောကြောင့် ရှမ့်လန်က နုရှောင့်မြို့၏ ခံစစ်ကို နောက်ဆုံးအကြိမ် စစ်ဆေး၏။ ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေးခလုတ်ကို နုရှောင့်မြို့တော်တွင် ထားခဲ့ရန် သူက နောက်ဆုံး ဆုံးဖြတ်လိုက်၏။ ဤသို့ဆိုလျှင် ပေါ်ပေါက်လာနိုင်သည့် လျှို့ဝှက်တိုက်ခိုက်မှုများကို စိုးရိမ်စရာ မလိုတော့ချေ။

“ဒါက ကျုပ်တို့ နုရှောင့်မြို့တော်ရဲ့ အမြှောက်တွေပဲ။ အထူးအမြှောက် စုစုပေါင်း ၁၅ လက် ရှိပြီး မီတာ ၅၀၀၀ အကွာအဝေးက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်။ အမြှောက်တွေမှာ တာဝေးပစ် ဝှက်ဖဲတွေ ထည့်သုံးလို့ရတယ်။ အမြှောက်တွေကို ၁၈၀ ဒီဂရီ လှည့်နိုင်ပြီး ပင်လယ်ပြင် မျက်နှာစာက ရန်သူတွေကို ပစ်ခတ်နိုင်လိမ့်မယ်။”

ရှမ့်လန်က နုရှောင့်မြို့တော်ရှိ အထူးအမြှောက်ကြီး ၅ လက်ကို ကြည့်လိုက်၏။ အဓိက ကမ္ဘာမြေရှိ အမြှောက်များနှင့် ယှဉ်လျှင် မပြောပလောက်သော်လည်း အမြှောက်တစ်လက်ချင်းစီက ကီလိုဂရမ် ၁ သောင်းကျော် လေးလံ၏။ ဤသည်က တကယ်ကို ကြီးမားသည့် ဧရာမပစ္စည်းကြီးများပင်။ ကမ်းခြေ အခြေစိုက် အမြှောက်များ အဖြစ်သာ သုံးစွဲနိုင်ပြီး စစ်သင်္ဘောများတွင် တပ်ဆင်၍ မရနိုင်ပေ။

နုရှောင့်မြို့တော်တွင် လျှို့ဝှက်အခြေစိုက်စခန်းမှ ရရှိသည့် ရှေးဟောင်း အထူးဒူးလေးကြီးများလည်း ရှိသေး၏။ ဤရှေးဟောင်းဒူးလေးများက အမြှောက်များကဲ့သို့ အဝေးဆုံးသို့ မပစ်ခတ်နိုင်သော်လည်း အလွန်တိကျပြီး ထိုးဖောက်နိုင်စွမ်းက အံ့မခန်းပင်။ ဤလောကမှ သစ်သားစစ်သင်္ဘောများကို လွယ်လွယ်ကူကူ ပစ်ဖောက်နိုင်၏။

ဂျက်ထန်က ပြောသည်။ “အရှင်... စိတ်ချလက်ချ သွားနိုင်ပါတယ်။ ဒီလိုခံစစ်မျိုးတွေ ပိုင်ဆိုင်နေရဲ့သားနဲ့ နုရှောင်မြို့သာ ကျရှုံးသွားရင် ဦးခေါင်းခွံဂိုဏ်းက ဆက်ပြီး အသက်ရှင်ဖို့ ဂုဏ်သိက္ခာတောင် ရှိတော့မှာ မဟုတ်ပါဘူး။ ရန်သူတွေကို ပင်လယ်ပြင် ထိန်းချုပ်ခွင့် လက်လွှဲပေးလိုက်ရမယ်ဆိုရင် ကျုပ် ကိုယ့်ကိုယ်ကို သတ်သေပစ် လိုက်မယ်။”

ရှမ့်လန်က ပြန်လည်ကာ ပြောကြား၏။ “နုရှောင့်မြို့တော်တင် မကဘူး။ ကျင်းချန်ကျွန်းကလည်း အရေးကြီးတယ်။ သူ့ရဲ့ အရေးပါမှုက နုရှောင့်မြို့ထက် မနိမ့်ဘူး။”

“အရှင် စိတ်ချပါ။ ကျင်းချန်ကျွန်းပေါ်မှာ စစ်သည် ၁ သောင်း၊ အမြှောက် ၁၀၀ ကျော်နဲ့ စစ်သင်္ဘော ၁၀၀ ကို ဖြန့်ကျက်ထားပါတယ်။”

ဂျက်ထန်က ပြောသည်။ ဒါပေမဲ့ ကောင်းကင်လေကျွန်းနဲ့ ရွှမ်ဝူနယ်စားအိမ်တော်တို့ရဲ့ ခံစစ်ကတော့ အရမ်းကို အားနည်းနေတယ်။”

ရှမ့်လန်က ပြော၏။ “နုရှောင့်မြို့တော်နဲ့ ကျင်းချန်ကျွန်းက ပိုပြီး အရေးကြီးတယ်။ ကောင်းကင်လေကျွန်းက နုရှောင့်မြို့နဲ့ ပိုနီးတယ်။ ပင်လယ်ပြင်ထိန်းချုပ်မှုကို လက်မလွှတ်သရွေ့ ကောင်းကင်လေကျွန်းက ပြဿနာ ကြီးကြီးမားမား ရှိလာမှာ မဟုတ်ဘူး။ ရွှမ်ဝူနယ်စားအိမ်တော် အတွက်ကတော့ ကျုပ်တို့ ယာယီ ဆုတ်ခွာထားပြီးပြီ။ ဘယ်သူမှ လာတိုက်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။”

………..

မနက်ဖြန်တွင် သူတို့ ထွက်ခွာကြပေတော့မည်။ ဤညတွင် ရှမ့်လန်က ကလေးများနှင့်အတူ နေထိုင်ရန် ရှားပါးသည့် အားလပ်ချိန်ကို ရ၏။ ရှမ့်လန်၏ ကြိုးစားအားထုတ်မှုအောက်တွင် မင်းသမီး နင်ယန်တစ်ယောက် နောက်ဆုံး၌ ကိုယ်ဝန်ထပ်ရသွားခဲ့သည်။

ရှမ့်လန်က ဤခွဲခွာမှုကို သိပ်ပြီး အလေးအနက် မဖြစ်စေလိုချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်က သူတို့ သေချာပေါက် အနိုင်ရမည့် တိုက်ပွဲတစ်ခု ဖြစ်သင့်သောကြောင့်ပင်။ သူက ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ဖြစ်၏။ ပုံမှန်အတိုင်းပင် သူက ကလေးများကို စာရေးစာဖတ် သင်ကြားပေးပြီး ယောင်ယောင် ပန်းချီဆွဲသည်ကို အဖော်ပြုပေး၏။ နောက်ဆုံး ကလေး ၃ ယောက်လုံး အိပ်ပျော်သွား၏။

လူတို့က တကယ်ပင် မျက်နှာလိုက်တတ်၏။ ရှမ့်လန်က သူ့စိတ်ကို သူ အလွန်ထိန်းချုပ်ထားသော်လည်း သူ၏ အကြည့်များက ယောင်ယောင်၏ မျက်နှာလေးဆီ၌သာ ရောက်ရှိနေ၏။ ထို့ကြောင့် သူက အပြစ်ရှိစိတ်ဝင်ပြီး ရှမ့်မီနှင့် ရှမ့်လီတို့၏ နဖူးလေးများကို နမ်းရှိုက်မိသည်။

နင်ယန်က ရှမ့်လန်၏ မိန်းမတစ်ယောက်အနေနှင့် ဤအရာကို သေချာပေါက် ခံစားမိပေလိမ့်မည်။ ယခင်က ဆိုလျှင် သူက လုံးဝ စိတ်ဆိုးမည် ဖြစ်သော်လည်း ယခုအချိန်မှာတော့ ကျေနပ်မိနေ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ရှမ့်လီအတွက် အတတ်နိုင်ဆုံး ပြန်လည် ဖြည့်ဆည်းပေးနေသောကြောင့်ပင်။

အားလပ်သည့် အချိန်တိုင်းတွင် ရှမ့်လီကို စာရေးစာဖတ် သင်ကြားပေးသကဲ့သို့ ပုံပြင်များကိုလည်း ပြောပြ တတ်၏။ ရှမ့်လီကို စာသင်ပေးရခြင်းက တကယ်ကို ကျေနပ်ဖွယ်ရာ ကောင်းသည့်ကိစ္စပင်။

အဘယ်ကြောင့်ဆိုသော် ယောင်ယောင့်ကို မမီသော်လည်း ရှမ့်လီက အလွန်ပင် လေးနက်သလို ဉာဏ်ရည် ကလည်း ပျမ်းမျှထက် မြင့်မားသောကြောင့်ပင်။

ရှမ့်လန်က နင်ယန်၏ ခါးကို ဖက်ကာ ပြော၏။ “ဒီတစ်ခါ ငါ … နင်ကျန်းရယ်၊ မိဖုရားကြီးပျံ့ရယ်၊ လီမူ၊ လီစွမ်း၊ လီအန်းနဲ့ တခြားသူတွေ အားလုံးကို ကယ်ထုတ်လာခဲ့မယ်။ သူတို့ကို ထပ်ပြီး အထိခိုက်မခံတော့ဘူး။”

နင်ယန်က ခေါင်းညိတ်လိုက်၏။ အတန်ကြာမှ ပြောသည်။ “အရေးကြီးဆုံးက ရှင်ပဲ။ ဒဏ်ရာ မရစေနဲ့။”

………..

“ချွင်းဟွာ... နုရှောင့်မြို့တော်ကို မင်းဆီ အပ်ခဲ့တော့မယ်။”

ရှမ့်လန်က ပြော၏။ “မင်းရဲ့အဖေ၊ အစ်ကို ၂ ယောက်နဲ့ ခယ်မ ၂ ယောက်... တူလေးတချို့ကို ငါ ကယ်ထုတ်လာခဲ့မယ်။”

ကျန်းချွင်းဟွာက ခေါင်းမမော့ဘဲ စာများကို အမြန်ရေးနေသည်။ “ကောင်းပြီ... ရှင် ကတိကို မှတ်ထားပါ။”

ကတိ... မည်သည့်ကတိ ဖြစ်သနည်း။ ရှမ့်လန်နှင့် ခေတ္တမျှ ဘာပြောရမှန်း မသိဖြစ်နေ၏။

ကျန်းချွင်းဟွာက ဒေါသတကြီးနှင့် မော့ကြည့်လိုက်၏။ “ကျွန်မအဖေနဲ့ အစ်ကိုကို ကယ်တင်ပြီးတာနဲ့ ကျွန်မကို ကိုယ်လုပ်တော်အဖြစ် ချက်ချင်း လက်ထပ်ယူရမယ်။ ကျွန်မ နေ့တိုင်း အသည်းအသန် အလုပ်လုပ်နေရတာ ကျွန်မရဲ့ အဲဒီ အိမ်မက်အတွက်ပဲ။ တော်ဝင်ချန်အင်ပါယာရဲ့ မိဖုရား မဖြစ်ရရင် ကျွန်မက ဘာကိစ္စ ဒီလောက် ကြိုးစားပမ်းစား အလုပ်လုပ်ရမှာလဲ။ ကျွန်မကို လက်ထပ်ရမယ်။”

“ကောင်းပါပြီ။ ငါ မှတ်ထားပါ့မယ်။”

ရှမ့်လန်က အလျင်အမြန်ပင် ပြောဆိုလိုက်သည်။ “ချွင်းဟွာ... မင်း ပင်ပန်းနေပြီ။ ပင်ပန်းနေပါပြီ။”

ပြီးနောက် သူက မျက်နှာပေါင်းတင်သည့် ကပ်ခွာတစ်ခုကို ထုတ်ယူလိုက်ပြီး ကျန်းချွင်းဟွာ၏ မျက်နှာပေါ်သို့ ကပ်ပေး၏။ “လာလာ... အလုပ်လုပ်ရင်းနဲ့ မျက်နှာပေါင်းတင် ထားလိုက်။”

xxx

အပိုင်း (၉၅၈)

ရှမ့်လန်က ကျင်းရှိယန်နှင့် တွေ့ဆုံ၏။ ကျင်းမိသားစု၏ သန်မာဆုံးသော တပ်မှူးဖြစ်သည့် ကျင်းရှိယန်က ယခုအချိန်တွင် သိပ်ပြီး မစွမ်းဆောင်နိုင်တော့ချေ။ လွန်ခဲ့သည့် ၂ နှစ်အတွင်း သူက မူလန်ထက် ပိုမိုကာ အားနည်းခဲ့၏။ သို့သော်ငြား မိစ္ဆာတြိဂံနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ သိုင်းပညာ စွမ်းရည်က ပိုမို တိုးတက်လာခဲ့၏။

ပုံမှန်အားဖြင့် ယခုနှစ်တွင် သူက အသက် ၄၀ ပြည့်ပြီဖြစ်ပြီး တပ်မှူးတစ်ယောက်၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေ၏။ သူ၏စစ်မြေပြင် သိုင်းပညာက မဟာပညာရှင် အဆင့်သို့ မရောက်ရှ ိသေးသော်လည်း သိပ် မလိုတော့ပေ။

ရှမ့်လန်က ပြောသည်။ “အစ်ကိုကြီး... ဝူပြည်နယ်မှာရှိတဲ့ အစ်ကိုကြီးရဲ့ ကလေးက အသက် ၄ နှစ်ကျော် နေလောက်ပြီမလား။”

နုရှောင့်မြို့တော်ကို သိမ်းပိုက်ရန် ဝူပြည်နယ်က ကျင်းရှိယန်အပေါ်တွင် မာယာထောင်ချောက် အသုံးပြုခဲ့၏။ နောက်ဆုံးမှာတော့ ထိုအမျိုးသမီးက ကျင်းရှိယန်ကို စွဲလမ်းသွားပြီး ဘာမှမရဘဲ ဝူပြည်နယ်ဆီသို့ ပြန်သွားရ၏။ သူမက သားယောကျ်ားလေးတစ်ယောက် မွေးဖွားခဲ့ပြီး အိမ်ထောင်ပြုဘဲ ကလေးကို တစ်ဦးတည်း ပြုစု ပျိုးထောင်နေ၏။

ကျင်းရှိယန်က လူပျိုကြီးပင် ဖြစ်လို့နေသေးသည်။

“အရှင်... ကျုပ်ကို အဲလိုမခေါ်ပါနဲ့။ ကျုပ် လက်မခံရဲပါဘူး။” ကျင်းရှိယန်က ဒူးထောက်ထိုင်ချ၏။

ရှမ့်လန်က ပြောသည်။ “ဝူဘုရင်က ညဏ်ပညာကြီးမားပြီး အမြော်အမြင်ရှိတဲ့အပြင် တာဝန်ယူစိတ်လည်း ရှိတဲ့လူပဲ။ သူက သံတမန် တစ်ခါမှ မလွတ်ဖူးပေမဲ့ တော်ဝင်ရန်အင်ပါယာကို ဆန့်ကျင်တဲ့နေရာမှာ ကျုပ်တို့နဲ့ တစ်ဖက်တည်းလို့ ခံစားမိတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူက ကျုပ်အပေါ် ယုံကြည်ချက် သိပ်မထားရဲသေးဘူး။ ထျန်းရွှဲ့မြို့ရဲ့ အဆုံးအဖြတ် တိုက်ပွဲပြီးတာနဲ့ အခြေအနေ ပြောင်းလဲသွားမယ်။ အဲကျရင် ဝူဘုရင်က မရီးနဲ့ တူလေးကို ဒီကို ပို့ပေးလိမ့်မယ်။ ကျုပ် အစ်ကိုကြီးအတွက် နုရှောင့်မြို့တော်မှာ မင်္ဂလာပွဲ ကျင်းပပေးမယ်။”

ကျင်းရှိယန်က ဦးညွှတ်၏။ “အရှင့်ကို ကျေးဇူးတင်ပါတယ်။”

ရှမ့်လန်က စကားမပြောနိုင်တော့ပေ။ သူက တော်ဝင်ချန်အင်ပါယာ၏ ဧကရာဇ်မင်း လုံးဝမဖြစ်လိုသကဲ့သို့ လူအများက သူ့ကို အရှင်ဟု ခေါ်ဝေါ်သည်ကိုလည်း မနှစ်သက်ပေ။ သို့သော်ငြား သူ မည်မျှ ပြောဆိုနေစေကာမူ အလကားပင်။

ကျင်းရှိယန်၊ တပ်မှူးလန်ဖုန်းနှင့် တခြားသောသူများက ရှမ့်လန်ကို ခေါ်ဝေါ်သည့် ပုံစံကို ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ ထို့အပြင် တခြားသောသူများက ရှမ့်လန်ကို မည်သို့ခေါ်ဝေါ်သည်ကိုလည်း သူတို့ ဂရုမစိုက်ပေ။ ရှမ့်လန်ကို အရှင်ဟု မခေါ်မချင်း သူတို့က တခြားလူများကို လိုက်လံဖြောင်းဖျနေကြမှာ သေချာသည်။

“နုရှောင့်မြို့တော်ရဲ့ခံစစ်ကို အစ်ကိုကြီး လက်ထဲပဲ အပ်ခဲ့မယ်။” ရှမ့်လန်က ပြော၏။

ကျင်းရှိယန်က ခေါင်းညိတ်လိုက်သည်။ “ကျုပ် အစွမ်းကုန် ကြိုးစားပြီး မွေးစားအဖေနဲ့ အရှင့်အတွက် ကူညီပါ့မယ်။”

ရှမ့်လန် ထွက်ခွာသွားခဲ့ပြီးနောက် ကျင်းကျိုးက နုရှောင့်မြို့၏ ခေါင်းဆောင် ဖြစ်လာ၏။ အဆင့်မြင့်ဆုံးသော တပ်မှူးက ချင်ဘုရင်မ အာယုနာနာပင် ဖြစ်၏။ ဤရက်စက်ပြီး ရဲရင့်သည့် အမျိုးသမီးက အကြွင်းမဲ့ မဟာပညာရှင် အဆင့်သို့ ရောက်ရှိနေ၏။

...............

“ရှမ့်လန်... မဟုတ်ဘူး... အရှင်... ပိုးထည် ပထမသုတ်ကို အနောက်ဘက်လောကဆီ ဘယ်တော့ပို့မှာလဲ။” ရှစ်ချင်းချင်းက မေးသည်။

ရှစ်ချင်းချင်းက ရှမ့်လန်ဟု နှုတ်ဆွဲနေသောကြောင့် ပြုပြင်ပေးရမည့် စာရင်းထဲမှ ထိပ်တန်း သားကောင်ပင်။ သူမ ရှမ့်လန်၏နာမည်ကို ခေါ်လိုက်တိုင်း လူအများအပြားက သူမထံ အလေးအနက်နှင့် ရောက်ရှိလာကာဖြင့် ဆုံးမလေ့ ရှိ၏။ ကျင့်ဝတ်နည်းလမ်းများကို လျစ်လျှူမရှုသင့်ကြောင်း ပြောဆိုကြ၏။

ရှမ့်လန်က မေးသည်။ “ပထမအသုတ်က ပိုးထည် အများကြီးပဲလား။”

ရှစ်ချင်းချင်းက ပြော၏။ “အများစုက မီးရှို့ခံလိုက်ရပြီ။ ဒါပေမဲ့ ရဲတိုက်ရဲ့ မြေအောက်ဂိုထောင်ထဲက ပိုးထည်တွေ ကတော့ အကောင်းတိုင်း ရှိသေးတယ်။ ကျွန်မ ကျန်းချွင်းဟွာဆီက ကြားထားတာတော့ ကျွန်မတို့ဆီမှာ ရွှေ သိပ်မကျန်တော့ဘူးတဲ့။”

ယခုအချိန်တွင် ငွေကြေးဆိုသည်က ရှမ့်လန်အတွက် အရေးမပါတော့ပေ။ ဤစစ်ချီခရီးစဉ်က ရိက္ခာအမြှောက်အမြား လိုအပ်ပြီး အားလုံးကို လေ့ကျိုးကျွန်း၏ ရွှေ့ပြောင်းနေထိုင်သူများ ထံမှ ဝယ်ယူခဲ့ရ၏။ လေ့ကျိုးကျွန်းမှ ရွှေ့ပြောင်းနေထိုင်သူများက ထျန်းရွှဲ့မြို့၏ တိုက်ပွဲအတွက် အရာအားလုံးနီးပါးကို စွန့်လွှတ်ထားခဲ့ကြပြီး တစ်ခါမှ မကြုံဖူးလောက်အောင် စိတ်အားထက်သန်နေသည်။

သူတို့က ဖွဲ့နုကို စားပြီး ဆန်ပြုတ် သောက်ရလျှင်ပင် ရိက္ခာအားလုံးကို ရှမ့်လန်ထံ လွှဲပြောင်းပေးရန် ဝန်မလေးကြချေ။ ဤရွှေ့ပြောင်းနေထိုင်သူ ၁ သိန်းတို့က ရှမ့်လန်အတွက် အရာအားလုံးနီးပါးကို စွန့်လွှတ်ခဲ့ကြ၏။

“မင်းရဲ့ အဘွားနဲ့ မောင်လေးက နုရှောင့်မြို့တော်မှာ နေထိုင်ရတာ အသားကျရဲ့လား။” ရှမ့်လန်က မေးသည်။

“အရမ်းကောင်းပါတယ်။ အရင်ကနဲ့ ယှဉ်ရင်တော့ ဒါက နတ်ပြည်လိုပါပဲ။” ရှစ်ချင်းချင်းက ပြော၏။ ပြီးနောက် သူတို့ ၂ ယောက်က စကားမပြောဖြစ်ကြတော့ပေ။

“ငါ သွားတော့မယ်။” ရှမ့်လန်က ပြောလိုက်၏။ သူက သူ၏ ယောက္ခမနှင့် မိဘများကို နှုတ်ဆက်ရပေဦးမည်။

“ရှမ့်လန်... ဂရုစိုက်နော်။”

ရှစ်ချင်းချင်းက မှာသည်။ “ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ ကံကြမ္မာက ရှင်နဲ့ ဆက်နွှယ်နေတယ်။ ကျွန်မနဲ့ ကျွန်မရဲ့ မိသားစုကို မရေမရာနဲ့ လေလွင့်တဲ့ ဘဝမျိုး ထပ်မရောက်စေနဲ့။”

……………

နောက်တစ်ရက်... ရှမ့်လန်က စစ်သည်ပေါင်း ၂ သောင်းကို ဦးဆောင်ပြီး နုရှောင့်မြို့တော်မှ ထွက်ခွာခဲ့၏။ သူက ကြီးမားသည့် ရေတပ်ကြီးနှင့် ရွှဲ့ပြည်နယ်ဆီသို့ ဦးတည်ထွက်ခွာခဲ့၏။

ထျန်းရွှဲ့မြို့သို့ စစ်ချီခြင်း။ သူ့ကို လာရောက်နှုတ်ဆက်သူက ပိုမိုများပြားလာ၏။ လူပေါင်း ၁ သိန်းကျော်၊ လေ့ကျိုးကျွန်း မှ ရွှေ့ပြောင်း နေထိုင်သူ အားလုံးက ရောက်ရှိလာ၏။ တော်တော်များများက တစ်နေ့က တည်းက လမ်းလျှောက်လာကြခြင်းပင်။

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

မည်သူ စတင်အော်ဟစ်လိုက်သည် မသိသော်လည်း နောက်ဆုံးတွင်တော့ လူ ၁ သိန်းကျော်တို့က တညီတညွတ်တည်း အော်ဟစ်ကြသည်။

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

ထိုသူတို့၏ အသံက ကောင်းကင်ယံအထိပင် ပဲ့တင်ထပ်လျက် ရှိနေ၏။

ရှမ့်လန်က သင်္ဘောဦးထိပ်တွင် ရပ်နေပြီး နုရှောင့်မြို့ထဲကို လှမ်းကာ ကြည့်ရှုနေ၏။ မရေတွက်နိုင်သည့် လူများက မြေကြီးပေါ်တွင် ဒူးထောက်နေကြ၏။ ဤမြင်ကွင်းက သူ အရှေ့ဘက်လောကဆီမှာ ထွက်ခွာသွားစဉ်ကနှင့် အလွန်တူညီ၏။ လူသန်းပေါင်းများစွာတို့၏ ကြည်ညိုလေးစားမှုကို ခံရသည့် ဤခံစားချက်က အမှန် တကယ်ပင် ကြက်သီးထဖွယ်ရာ ကောင်းသည်။

............

ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်၏ စစ်သည်ပေါင်း ၂ သောင်းတို့က ရွှဲ့ပြည်နယ်၏ မြေပေါ်သို့ ဆင်းသက်ကြ၏။ သူက အမေဇုန် အမျိုးသမီး စစ်သည် ၂၀၀၀ ကို ဦးဆောင်ပြီး ရွှမ်ဝူနယ်စားအိမ်တော်ထဲသို့ ဝင်ရောက်ခဲ့ဖူးသော်လည်း ဤသည်က သူ၏တပ်တော်တစ်ခုလုံး အရှေ့ဘက်လောကရှိ ရွဲ့ပြည်နယ်ဆီသို့ ပထမဦးဆုံးအကြိမ် ခြေချခဲ့ခြင်းပင်။

အရင်းအမြစ်များနှင့် လက်နက်များက များပြားလွန်း၏။ သင်္ဘောပေါ်မှ ကုန်းမြေပေါ်သို့ သယ်ယူရန် ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။ ၃ ရက်ကြာပြီးချိန်မှာတော့ သူ၏တပ်တော်ကို ပြန်လည် စုဖွဲ့နိုင်ခဲ့ပြီး ရွှဲ့ပြည်နယ်၏ မြို့တော်ဆီသို့ ခန့်ညားထည်ဝါစွာ ချီတက်လာ၏။

စစ်သည်ပေါင်း ၂ သောင်း၊ အမေဇုန် အမျိုးသမီးစစ်သည် ၄ ထောင်၊ အမြှောက် ၄၀၀၊ အမြှောက်ဆံ ၁ သိန်းကျော်နှင့် မရေတွက်နိုင်သည့် ထောက်ပံ့ရေး ယာဉ်တန်းများက မိုင်ပေါင်းများစွာ ရှည်လျား၏။ သူတို့၏ တပ်တော်က ရွှမ်ဝူမြို့ကို ဖြတ်သန်းသွားချိန်တွင် မြို့သူမြို့သားများ အနေခက်ခြင်းမျိုး မဖြစ်စေရန် မြို့ထဲသို့ သူတို့ မဝင်ခဲ့ချေ။

သို့သော်ငြား မြို့ရိုးပေါ်တွင် လူရိပ်များက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။ အစပိုင်းက ဒါဇင်အနည်းငယ်ခန့်သာ ရှိသော်လည်း နောက်ပိုင်းတွင် ရာဂဏန်း၊ ထောင်ဂဏန်း... သောင်းဂဏန်းအထိ ရှိလာ၏။ ဤသည်က ရွှမ်ဝူမြို့မှ သာမန်ပြည်သူများဖြစ်၏။

သူတို့သည် မူလက မြို့ရိုးတွင် ရပ်နေကြသော်လည်း နောက်ဆုံး မြို့ထဲမှ ပြေးထွက်လာခဲ့ကြပြီး ရှမ့်လန်၏ တပ်တော်ကို သူတို့၏ အကြည့်များဖြင့် နှုတ်ဆက်ကြ၏။ မျက်လုံးထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ ကြသည်။

မည်သူက ဦးဆောင်လိုက်သည်တော့ မသိချေ။ တစ်စုံတစ်ယောက်က ထကာ အော်ဟစ်၏။

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်မင်းကြီး ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

အစပိုင်းတွင် လူအနည်းငယ်သာ အော်ဟစ်ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အော်ဟစ်သည့် မည်သူ မဆိုက သစ္စာဖောက်ဟု သတ်မှတ်ခံရပြီး ဖမ်းဆီးခံရနိုင်သောကြောင့်ပင်။ ယခင်က ရွှမ်ဝူမြို့တစ်မြို့လုံးတွင် လူထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။

သို့သော်ငြား ဖော်ပြ၍မရနိုင်သည့် စိတ်ခံစားမှုများတွင် မရေတွက်နိုင်သည့်လူများက သူတို့၏ ကြောက်ရွံ့မှုကို တဖြည်းဖြည်း မေ့လျော့သွားခဲ့ကြ၏။ လူများက ပိုမို များပြားလာခဲ့ပြီး ပိုမိုကာ အော်ဟစ်လာခဲ့ကြ၏။ နောက်ဆုံး လူသောင်းပေါင်းများစွာတို့၏ အော်ဟစ်သံ ဖြစ်လာခဲ့၏။

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

လူသောင်းပေါင်းများစွာတို့၏ အော်ဟစ်သံက ကျယ်လောင်ထက် ကျယ်လောင်လာ၏။ နောက်ဆုံး နားကွဲလုမတတ် ဖြစ်လာသည်။

ရှမ့်လန်၏ ဆံပင်များက ထောင်ထသွားခဲ့ပြီး သူ၏ သွေးများကလည်း ဆူပွက်လာ၏။ နောက်ဆုံး ဤလူများက မတ်တပ်ရပ်ပြီး သူတို့၏ ရင်ထဲမှဆန္ဒကို ထုတ်ဖော် အော်ဟစ်ရန် ရွေးချယ်လိုက်ကြ၏။ လောကကြီးမှ ပြည်သူအားလုံး၏ နှလုံးသားကို ကျန်းက ပိုင်ဆိုင်ခြင်းသာလျှင် ဖြစ်၏။ ကျိက ပိုင်ဆိုင်ခြင်း မဟုတ်ချေ။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

မရေတွက်နိုင်သည့် လူများက လေတိုက်၍ ယိမ်းနွဲ့နေသည့် ဂျုံခင်းကြီးတစ်ခုကဲ့သို့ပင် စနစ်တကျ ဒူးထောက် လိုက်ကြ၏။ သူတို့၏ မျက်လုံးများက နီရဲနေပြီး မျက်လုံးများ ထဲတွင် စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

ရှမ့်လန်က ရပ်တန့်လိုက်ပြီး ရွှမ်ဝူမြို့မှ လူသောင်းပေါင်းများစွာတို့ကို ကြည့်၏။ ယခင်က သူ ဤလူများကို လက်ခလယ် ထောင်ပြခဲ့သည်မှာ အကြိမ်ပေါင်း မရေတွက်နိုင်ပေ။

လူသောင်းပေါင်းများစွာတို့က အော်ဟစ်ခြင်းကို ရပ်တန့်လိုက်ကြပြီး မျက်လုံးများက ရှမ့်လန်၏ မျက်နှာပေါ်သို့ စုပုံ ရောက်ရှိနေသည်။

ရှမ့်လန်က လက်အုပ်ချီကာဖြင့် လူသောင်းပေါင်းများစွာကို ဦးညွှတ်၏။ ‘လူအများတို့... ကျုပ် ရှမ့်လန် ခင်ဗျားတို့ကို စိတ်ပျက်အောင် မလုပ်မိဖို့ မျှော်လင့်ပါတယ်။’

သူက စိတ်ထဲမှ ပြောလိုက်ပြီး တပ်တော်ကို ဦးဆောင်ကာ ရှေ့ဆက်သွား၏။

.............

ဤအချိန်မှစ၍ ရှမ့်လန်၏ တပ်တော်က မည်သည့်နေရာကို သွားသည်ဖြစ်စေ မရေတွက်နိုင်သည့် လူများက သူ့ကို ကြိုဆိုရန် ပြေးထွက်လာကြ၏။ ထျန်းရွှဲ့မြို့တိုက်ပွဲက မစခင်သေးသော်လည်း ရွှဲ့ပြည်နယ် တစ်ခုလုံးက ဆူညံ ပွက်လောရိုက်နေ၏။ လူတစ်သန်းကျော်တို့က စိတ်လှုပ်ရှားနေ၏။ သူတို့အားလုံးက ရှမ့်လန်၏ တပ်တော်ကို ကြိုဆိုရန် ထွက်လာကြပြီး အသံကုန် အော်ဟစ်ကြသည်။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

လဝက်ခန့် ကြာပြီးနောက်... ရှမ့်လန်၏ တပ်တော်က ထျန်းရွှဲ့မြို့ စစ်မြေပြင်သို့ တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

...............

ဝူပြည်နယ်၏ နန်းတော် စစ်ဘက်ဆိုင်ရာ အတိုင်ပင်ခံရုံးဆီမှ ဒုတိယ အကြီးအကဲဖြစ်သူ နယ်စားကြီး ဝူမုက သစ်သားဓားကိုကိုင်ပြီး ကလေးငယ်တစ်ဦးနှင့် တိုက်ခိုက်လျက်ရှိသည်။

ကလေးငယ်က သန်မာထွားကျိုင်းပုံပေါ်ပြီး အသက်က ၄၊ ၅ နှစ်ခန့်သာ ရှိပေဦးမည်။ သို့ပေမည့် သူ၏ ဓားကစားပုံက အံ့အားသင့်ဖွယ်ရာကောင်ပြီး ခြေကွက်လှမ်းလျှောက်မှုများက အနည်းငယ်မျှ ယိမ်းယိုင်ခြင်း မရှိချေ။ ပုံစံကျန၏။ ၄၊ ၅ နှစ်အရွယ် ကလေးတစ်ဦး ရှိသင့်သည့် စံနှုန်းမျိုးထက် သာလွန်နေ၏။

ဝူမုက ပြောလိုက်သည်။ “နောက်တစ်ကွက် ... ငါ ပိုပြီး မြန်မြန်ကစားတော့မယ်။”

ပြီးနောက် သူက လက်ထဲတွင် ရှိနေသည့် သစ်သားဓားကို အရှိန်မြှင့်၏။ ဆက်တိုက် ဝှေ့ယမ်း တိုက်ခိုက်၏။

ကလေးငယ်က နောက်သို့ ဆုတ်ခွာပြီး လျင်မြန်စွာ ပိတ်ဆို့ ကာကွယ်နေသည်။

“ပထမ ဓားချက်၊ ဒုတိယ ဓားချက်၊ စတုတ္ထ ဓားချက်၊ နဝမမြောက် ဓားချက်… ဝူမု၏ သစ်သားဓားက ကလေးငယ်၏ လည်ပင်းပေါ်သို့ ရောက်ရှိသွား၏။

“မင်း ရှုံးပြီ။”

ကလေးငယ်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွား၏။ သူက နောက်ဆုံးဓားချက်ကို ကာကွယ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း မကာကွယ်နိုင်ခဲ့ချေ။ သူက ခေါင်းငုံ့ပြီး ဆက်လက် လေ့ကျင့်နေသည်။

ဝူမုက ကလေးငယ်ကို ပွေ့ချီကာဖြင့် ခေါင်းကို ပွတ်သပ်ပေး၏။ “အင်း... အရာရာကို အလျင်လိုနေစရာ မလိုဘူး။ ကျားသစ်လေး.... မင်းက တော်တော်လေးကို တော်နေပါပြီ။ ငါ မင်းအရွယ်တုန်းကဆိုရင် ဒီလောက် မကောင်းခဲ့ဘူး။ ဒီလောက်ဆိုရင် လုံလောက်ပြီ။ မင်းမှာ အစီအစဉ်တွေ ရှိဖို့ လိုတယ်”

ဝူဘုရင်က နန်းတော်၏ တံခါးဝကနေ ရပ်ပြီး ကလေးငယ် လေ့ကျင့်နေသည်ကို စိတ်ဝင်တစားနှင့် ကြည့်ရှုနေ၏။ ဝူမု ကလေးငယ်ကို ပွေ့ချီလာသည်ကို မြင်ချိန်မှာတော့ သူက မပြုံးဘဲ မနေနိုင်တော့ချေ။

“ကျားသစ်လေး .... မင်း ငါ့ဆီကနေ စစ်တုရင် ကစားနည်းကို ဘယ်တော့လာသင်မှာလဲ။”

ကလေးငယ်က ပြတ်သားစွာ ဖြေ၏။ “ကျုပ် မသင်ချင်ပါဘူး။”

All Chapters