← Chapters

အခန်း (၉၅၉-၉၆၀)

Vol. 57 Ch. 959-960

အခန်း (၉၅၉-၉၆၀)

Vol. 57 Ch. 959-960

အပိုင်း (၉၅၉)

ဝူဘုရင်က မေး၏။ “မင်းက ဘာလို့ စစ်တုရင် မသင်ချင်ရတာလဲ။”

ကလေးငယ်က ဖြေသည်။ “ကျုပ် စစ်တုရင် မကစားတတ်လို့ပါ။”

ဝူဘုရင်က ပြော၏။ “မင်းက တပ်မှူးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သိုင်းပညာ လေ့ကျင့်လို့ ရတယ်။ ဒါပေမဲ့ စစ်သူကြီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ စစ်တုရင် ကစားတတ်ရမယ်။”

ထိုသို့ကြားသော်လည်း လူကြီးတစ်ယောက်၏ ရင်ခွင်ထဲ ပွေ့ချီခံထားရခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု ကလေးငယ်က ခံစားလိုက်ရ၏။ သူက အောက်သို့ဆင်းရန် ခန္ဓာကိုယ်ကို အနည်းငယ် ရုန်းကန်လိုက်ပြီး သစ်သားဓားကို ပြန်ကောက်ကာဖြင့် အစွမ်းကုန် ဆက်လက်၍ ဓားသိုင်း လေ့ကျင့်နေတော့သည်။

သူက နောက်ဆုံး ကာကွယ်မှုကို အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်းမက လေ့ကျင့်မှာ ဖြစ်ပြီး သူ့ဦးလေး၏ နောက်ဆုံးဓားချက်ကို မဖြစ်မနေ ပိတ်ဆို့ ကာကွယ်ရမည်။ မှန်ပေ၏။ ဦးလေးဝူမု၌ အမြဲတမ်း နောက်ဆုံးဓားချက် တစ်ချက် ကျန်ရှိနေသည်ကို သူ မသိရှာပေ။ တစ်နေ့နေ့တွင် သူ၏ သိုင်းပညာက ဝူမုကို ကျော်လွန်သွားမှသာ နောက်ဆုံးဓားချက်ဟူ၍ မရှိပေလိမ့်မည်။

ဝူမူက ပြောလိုက်၏။ “ဒီကလေးရဲ့ စိတ်နေစိတ်ထားက ခေါင်းမာတယ်။ သူ့ကိုယ်သူ ကျေနပ်နိုင်မဲ့ပုံမှာ မရှိဘူး။ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အများဆုံး အသက် ၂၀ ကျော်လောက်ဆိုရင် သူ ကျုပ်ကို အနိုင်ယူနိုင်လိမ့်မယ်။ နု့ကျန့်မြစ်ရဲ့ ရေလှိုင်းသစ်တွေက ရေလှိုင်းဟောင်းတွေကို ကျော်တက်သွားမှာပါပဲ။”

ထိုအချိန်မှာပဲ ချောမောလှပသည့် အမျိုးသမီးတစ်ယောက် ဝင်လာပြီး ဦးညွှတ်သည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ နယ်စားမင်းကို ဂါရဝပြုပါတယ်။”

သူမက ကလေးငယ်၏ မိခင်ဖြစ်ပြီး ကျင်းရှိယန်ကို မာယာထောင်ချောက် ဆင်ခဲ့ဖူးသည့် အမျိုးသမီး ဝူယုပင်။ သူမက ဝူမူ၏ ဝမ်းကွဲညီမလည်း ဖြစ်၏။

ယခုအချိန်မှာတော့ သူမက ဝူပြည်နယ် မယ်တော်ကြီး၏ အမျိုးသမီး အရာရှိ ဖြစ်နေ၏။ မယ်တော်ကြီးက ငယ်ရွယ်သေးသော်လည်း မျက်စိမှုန်နေသောကြောင့် ဝူယုက သူမအတွက် စာဖတ်ပြခြင်း၊ စာရေးခြင်း လုပ်ငန်းများကို ပြုလုပ်ပေးရ၏။ ဤသည်က တကယ့်ကို အေးဆေးသက်သာသည့် ဘဝဖြစ်ပြီး သူမ၏ အဆင့်အတန်းကလည်း အလွန်မြင့်မားသည်။

မနှစ်က သူမကို ရာထူးအသစ်တစ်ခု ပေးအပ်ခဲ့၏။ သူမက ဝူပြည်နယ် ရေနက်စခန်း၏ ဒုတိယ ဌာနခွဲကို တာဝန်ယူရပြီး အထူးသူလျှိုခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့၏။ အမှန်တကယ်တော့ သူမက ဝူဘုရင်နှင့် သွေးသားတော်စပ်ခြင်း မရှိချေ။ သို့သော်ငြား သူမက အမည်ခံအားဖြင့် ဝူဘုရင်၏ ဝမ်းကွဲညီမပင်။ နှစ်ပေါင်းများစွာ ကြာအောင် သူမက စိတ်ချယုံကြည်ရသူ တစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် နင်ယွမ်ရှန်းက မင်းသမီးကြီးနင်ကျဲ့ကို ရေနက်စခန်းဆီ စေလွှတ်သကဲ့သို့ပင် ဝူဘုရင်က သူမကို ရေနက်စခန်းသို့ စေလွှတ်ခဲ့ခြင်းက ပုံမှန်ပင် ဖြစ်၏။

ဝူယုက စာရွက်စာတမ်း အထူကြီးကို ဝူဘုရင်ရှေ့တွင် ချပေးသည်။ “အရှင်မင်းကြီး... ဒါ ဒုတိယ ဌာနခွဲကနေ ရရှိထားတဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေပါပဲ။”

ဝူဘုရင်က မေးမြန်းလိုက်၏။ “အဲလောက်တောင် များတာလား။”

ဝူယုက ပြောသည်။ “ရှမ့်လန် ပြန်ရောက်လာထဲက အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။ ကျွန်မတို့ ဝူပြည်နယ် ကလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေပါတယ်။ အစိုးရအဖွဲ့က အာဏာကို ပိုမို လက်ကိုင်ထားလာကြပြီး စစ်ဘက်ဆိုင်ရာဘက်ကို လက်လှမ်းနေကြပါပြီ။”

ဝူဘုရင်က အလယ်မှ စီရင်ခံစာကို ချက်ချင်း ဆွဲထုတ်၏။ ထိုအရာပေါ်တွင် ထင်ရှားသည့် ငှက်မွေး သင်္ကေတတစ်ခု ပါရှိပြီး ပိုမိုအရေးကြီးသည် ဆိုသည့် အဓိပ္ပာယ်ပင်။ ဖတ်ရှုပြီးနောက် သူ၏ မျက်နှာထားက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။

သူက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “သူတို့... သူတို့ ဘာတွေ ကြံစည်နေတာလဲ။ ဦးရီးတော်က ကျုပ်ရဲ့ နောက်ဆုံးခံစစ်စည်းပဲ။ သူတို့က ဦးရီးတော်ကိုတောင် ထိပါးရဲတာလား။”

ဝူဘုရင် ပြောသည့် ဦးရီးတော် ဆိုသည်မှာ စစ်ဘက်ဆိုင်ရာ အကြံပေးအရာရှိ ဝူကျိပင် ဖြစ်၏။ သူက ဝူပြည်နယ်၏ ကျောထောက်နောက်ခံ အမတ်ကြီး ဖြစ်ပြီး ဝူဘုရင်ကို ကာကွယ်ပေးထားသည့် သံမဏိ တံတိုင်းကြီးပင်။

တော်ဝင်ရန်အင်ပါယာက ရှမ့်လန်ကို ရှင်းလင်းရေး အကြောင်းပြချက်ဖြင့် လောက၏ စစ်ဘက်ဆိုင်ရာ အင်အားတစ်ရပ်ကို စုရုံးကာဖြင့် တခြားနိုင်ငံများကို ခြိမ်းခြောက်ခဲ့၏။ သူတို့က နိုင်ငံအသီးသီး အပေါ် ပြုပြင်ပြောင်းလဲရေးများကို အရှိန်မြှင့်တင်ခဲ့ပြီး ဝန်ကြီးများအဖွဲ့ကို ဖျက်သိမ်းကာ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်း၏။ ဝန်ကြီးချုပ်ကို တော်ဝင်ရန်အင်ပါယာက ခန့်အပ်ခဲ့၏။

ဝူပြည်နယ်ကလည်း ခြွင်းချက် မဟုတ်ချေ။ လက်ရှိ ဝူပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်သူ ကျန်းတန်ဖုန်းက ကျူးမိသားစုကဲ့သို့ပင် တော်ဝင်ရန်အင်ပါယာ၏ အရုပ်တစ်ရုပ် ဖြစ်၏။ သူက ဝူပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ဝူပြည်နယ်၏ ပြည်တွင်းရေးများကို စတင်ကာ ခြယ်လှယ်သည်။

ဝူပြည်နယ်၏ အရပ်ဖက် အရာရှိများကို တော်ဝင်ရန်အင်ပါယာအတွက် အမှုထမ်းရန် လက်ထိုးသိမ်းသွင်း၏။ အစိုးရအဖွဲ့၏ တံဆိပ်တုံးမပါဘဲ ဘုရင်၏ အမိန့်တော်က အမိန့်ပြန်တမ်း တစ်ခုသာ ဖြစ်လာပြီး အာဏာ သက်ရောက်မှု ပျောက်ဆုံးသွားခဲ့၏။ ဤအချက်တစ်ခုတည်းကပင်လျှင် ဝူဘုရင်၏ အာဏာနှင့် လုပ်ပိုင်ခွင့်ကို ထက်ဝက်နီးပါး လျော့ကျစေခဲ့၏။

ထို့အပြင် တော်ဝင်ရန်အင်ပါယာ၏ ဝန်ကြီးချုပ် အနေဖြင့် ကျန်းတန်ဖုန်းက တော်ဝင်ရန်အင်ပါယာ အစိုးရ အဖွဲ့၏ လက်အောက်ခံသာ ဖြစ်၏။ ဝူဘုရင်က သူ့အပေါ်တွင် မည်သည့်အာဏာမှ မရှိချေ။

ထိုသို့သောအခြေအနေမျိုးတွင် ဘုရင်တစ်ပါး အနေဖြင့် လက်အောက်ငယ်သား တစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ မည်သို့ စိန်ခေါ်မည်နည်း။ သိက္ခာကျစရာဖြစ်မည် မဟုတ်ပါလား။ ဤအချိန်မှာတော့ စစ်ဘက်ဆိုင်ရာဌာနမှူး ဝူကျိက ဝူဘုရင်၏ ရှေ့တွင် ရပ်တန့်ပေး၏။ သူက အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကျန်းတန်ဖုန်းကို စိန်ခေါ်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုမှသာလျှင် ဝူဘုရင်က အမြင့်ဆုံး တရားသူကြီး နေရာ၌ ဆက်လက် ရပ်တည် နိုင်ပေလိမ့်မည်။

လွန်ခဲ့သည့်နှစ်အတွင်း ဦးရီးတော်ဝူကျိ၏ အစိုးရအဖွဲ့နှင့်တိုက်ပွဲများကြောင့်သာ ဝူဘုရင်၏ အာဏာ မကျဆင်းခဲ့ခြင်း ဖြစ်၏။ အနည်းဆုံး ဝူပြည်နယ်၏ စစ်ရေးအာဏာ အများစုက ဝူတော်ဝင် မိသားစု၏ လက်ထဲတွင် ရှိနေဆဲပင်။

တောင်ဘက်ငြိမ်းချမ်းရေး နယ်စားမင်းကြီး ဝူမူက နုရှောင့်မြို့တိုက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့၏။ ယခု စစ်ဘက်ဆိုင်ရာ ဌာန၏ ဒုတိယ အကြီးအကဲ ဖြစ်နေပြီး ဝူဘုရင်အတွက် စစ်သည် တစ်သိန်းကျော်ကို ကွပ်ကဲ၏။

ဤအရေးကြီးသော သတင်းအချက်အလက်က အပေါ်ယံက ကြည့်လျှင် အလွန်သေးငယ်ပုံ ပေါ်၏။ အိမ်တော်ထိန်း တစ်ဦးက လယ်သမား တစ်ဦးကို ရိုက်နှက် သတ်ဖြတ်လိုက်သည့် ကိစ္စမျှသာပင်။ နေ့စဉ် ထိုကဲ့သို့သော အမှုအခင်းများက မရေတွက်နိုင်အောင် ရှိနေသည်။

သို့သော်ငြား ဒေသခံ မြို့စားမင်းက စုံစမ်းစစ်ဆေးမှုများ စတင်နေပြီ ဖြစ်ပြီး ပါဝင်ပတ်သက်သူ အားလုံးကို ဖမ်းဆီးလာ၏။ အစိုးရအဖွဲ့၏ တစ်စုံတစ်ယောက်သည် ဤကိစ္စ၏ နောက်ကွယ်တွင် ရှိနေကြောင်း ဝူဘုရင်က တစ်ချက်တည်း နှင့် သိသည်။ ဤသည်က တုန်လှုပ်ဖွယ်ရာ အမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤအိမ်တော်၏ ပိုင်ရှင်က ဝူကျိ၏ အစေခံတစ်ယောက် ဖြစ်၏။ စစ်မှုထမ်းသက်တမ်းတွင် စွမ်းဆောင်ရည် ကောင်းမွန်သောကြောင့် အဆင့် ၆ တပ်မှူးတစ်ယောက်အဖြစ် ရာထူးတိုးမြှင့်ခြင်းကို ခံရပြီး အငြိမ်းစား ယူခဲ့သူပင်။ သူက ဇာတိမြေသို့ပြန်ပြီး မြေပိုင်ရှင် ဖြစ်လာကာဖြင့် အလယ်အလတ်တန်းစား အိမ်တော် တစ်ခုကို ပိုင်ဆိုင်ထား၏။ နောက်ဆုံး ဤအမှုက လူ့အသက်ကို ဂရုမစိုက်ဘဲ မြေသိမ်းယူမှုအဖြစ် ပြောင်းလဲသွား ပေလိမ့်မည်။

ခန့်မှန်းသည်သာ မှန်ကန်ပါက လူအများအပြား သေဆုံးမှာဖြစ်ပြီး ထိုသတင်းကလည်း ပျံ့နှံ့သွားပေမည်။ နောက်ဆုံး မြေသိမ်းယူမှုက ဧကသန်းပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီး ရာပေါင်း၊ ထောင်ပေါင်းများစွာသော လူများ သေဆုံးကြပေလိမ့်မည်။

အတိုချုံး ပြောရမည်ဆိုလျှင် မီးက ဝူကျိ၏ခေါင်းပေါ်သို့ ကူးစက်လောင်ကျွမ်းလာပေလိမ့်မည်။ သူက မြေသိမ်းယူမှုနှင့် မရေတွက်နိုင်သည့်လူများကို အိုးမဲ့အိမ်မဲ့ ဖြစ်စေမှုတို့၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်လာပေမည်။

ဝူကျိက သူ့နာမည်ကဲ့သို့ပင် ဖြောင့်မတ်ပြီး မြင့်မြတ်သူပင်။ သူက အကျင့်ပျက် ခြစားခြင်း မရှိသလို သူ၏ နာမည်နှင့် အိမ်တော်များ မြေများစွာလည်း မရှိချေ။ သို့သော်ငြား သူက နှစ်ပေါင်း ၂၀ ကျော် စစ်ဘက်ဆိုင်ရာ ဌာနမှူး ဖြစ်ခဲ့၏။ သူ၏ လက်အောက်တွင် စစ်သူကြီး မည်မျှ ရှိခဲ့သနည်း။ တပ်မှူး မည်မျှ ရှိခဲ့သနည်း။ သူတွင် တပည့်မည်မျှ ရှိခဲ့သနည်း။

ထို့အပြင် နှစ်ကာလတစ်လျှောက်လုံး အရပ်ဖက်အရာရှိများကို ဖိနှိပ်ရန် ဝူဘုရင်က စစ်ဖက်အရာရှိများ၏ အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးစားခဲ့၏။

ထို့ကြောင့် မြေသိမ်းယူမှုများ ရှိခဲ့သည်လား။ မတရားမှု ရှိခဲ့သည်လား။ သေချာပေါက် ရှိခဲ့သည်။

ဝူမုက ပြောလိုက်၏။ “အခုဆိုရင် အရပ်ဖက် အရာရှိတွေက အစိုးရအဖွဲ့နဲ့ နီးစပ်နေပြီ။ မီးက စစ်ဖက်အရာရှိတွေ အထူးသဖြင့် တော်ဝင်မိသားစုရဲ့ နယ်စားမင်းတွေဆီ လောင်ကျွမ်းလာနေပြီ။ အဲဒါက ပိုဆိုးပြီး လောကကြီးကို တုန်လှုပ်စေမယ့် အမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ဒီတစ်ကြိမ်မှာ သူတို့က ဦးရီးတော်ကို ရာထူးက ဆင်းခိုင်းပြီး ဝူပြည်နယ်ရဲ့ စစ်ရေးအာဏာကို လက်လှမ်းဖို့ ဆုံးဖြတ်ထားကြပြီ။”

ဝူယုက ပြောသည်။ “တော်ဝင်ရန်မြို့တော်က အတွင်းဝန်ရုံးကို ဖျက်သိမ်းတာ ၂ နှစ် ရှိပြီလို့ ကြေညာပြီးပါပြီ။ နောက်တစ်ဆင့်အနေနဲ့ စစ်ဖက်ဆိုင်ရာဌာနကို ဖျက်သိမ်းပါလိမ့်မယ်။ စစ်ဖက်ဆိုင်ရာ ဌာနမှူးက အစိုးရအဖွဲ့ထဲကိုဝင်ပြီး ကျန်ရှိတဲ့ ဒုတိယအကြီးအကဲက စစ်ရေးဝန်ကြီးဌာနထဲကို ရောက်လာလိမ့်မယ်။ ပြီးရင် အစိုးရအဖွဲ့က စစ်ရေးဝန်ကြီးဌာနကို လမ်းညွှန် ကိုင်တွယ်ပါလိမ့်မယ်။”

ဝူဘုရင်က ပြော၏။ “ဒါက ရေနွေးနွေးလေးထဲမှာ ဖားပြုတ်သလိုတော့ မဟုတ်ဘူး။ ရေနွေးပူထဲမှာ ဖားပြုတ်သလို ဖြစ်နေပြီ။ တန်ခိုးအာဏာ အကြီးဆုံး ဧကရာဇ်မင်းက ဒီလောက်တောင် စိတ်မရှည် ဖြစ်နေပြီလား။ သူ့ရဲ့ သက်တမ်းအတွင်းမှာ အရာအားလုံးကို အပြီးသတ်သွားတော့မှာလား။ သူက သူ့ရဲ့ တစ်သက်တာမှာ ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့ပြီးပြီပဲ။ တချို့အရာတွေက နောက်မျိုးဆက်အတွက် ချန်ထားပေးလို့တောင် မဖြစ်တော့ဘူးလား။”

ဝူမုက ပြောလိုက်သည်။ “အရှင်... ကျုပ်တို့ ဒီအတိုင်းပဲ သေမဲ့နေ့ကို ထိုင်စောင့်နေတော့မှာလား။”

ဝူဘုရင်က ပြောလိုက်၏။ “တော်ဝင်ရန်အင်ပါယာက အင်အားကြီးလွန်းတယ်။ သူက ကျုပ်တို့ကို လွယ်လွယ်လေး နဲ့ ချေမှုန်းပစ်နိုင်တယ်။ ပြီးတော့ ကျုပ်တို့က တော်ဝင်ရန်အင်ပါယာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ ဆိုတော့ ခံရ အခက်ဆုံးပဲ။ ခုခံရင် သေလမ်းရှာသလို ဖြစ်မယ်။ မခုခံရင်လည်း သေမဲ့နေ့ကို စောင့်နေရုံပဲ ရှိတယ်။”

ဝူယုက အစီရင်ခံစာ တစ်ခုကို ထုတ်ယူပြီး ဝူဘုရင်ထံသို့ ကမ်းပေးသည်။ “ဒါက ရွှဲ့ပြည်နယ်ဆီက လာတာပါ။ ရှမ့်လန်ရဲ့တပ်တော်က ထျန်းရွှဲ့မြို့ဆီကို စစ်ချီနေပါပြီ။ သူတို့သွားလေရာနေရာမှာ ပြည်သူတွေက အရှင်ရှမ့်လန်ရဲ့ အောင်ပွဲအတွက် ကြွေးကြော်နေကြတယ်။ ပြည်သူ့ရဲ့နှလုံးသားက ရေလှိုင်းလိုပဲ ရှမ့်လန်ဘက်မှာ ရောက်ရှိနေပါပြီ။”

ဝူဘုရင်က ပြောသည်။ “ထျန်းရွှဲ့မြို့ရဲ့ အဆုံးအဖြတ် တိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်လဲ။”

ဝူမုက ပြော၏။ “ရှမ့်လန်ဆီမှာ စစ်သည် ၂ သောင်း ရှိတယ်။ နင်ရှောင်နဲ့ ကျူးမျိုးနွယ်ဆီမှာ ၅ သိန်းနီးပါး ရှိတယ်။ ယင်ယွမ်အဖွဲ့စည်းရဲ့ သံမဏိသွေးတပ်တော်က ၂ သောင်း၊ တုံ့ကျန်းဘုရားကျောင်းက ၁ သောင်း၊ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ သွေးဝိညာဉ် တပ်တော်က ၂ သောင်း ရှိတယ်။ ကျုပ် ရှမ့်လန်ကို နိုင်စေချင်ပေမဲ့ ..... အခွင့်အရေးက သေးငယ်လွန်းနေတယ်။ အိပ်မက် မမက်ရဲပါဘူး။”

ဝူယုက ပြောလိုက်သည်။ “ကျွန်မလည်း အဲဒီတိုက်ပွဲအတွက် မျှော်လင့်ချက် မရှိဘူးလို့ ထင်တယ်။”

ဝူဘုရင်က ပြော၏။ “ထျန်းရွှဲ့မြို့ရဲ့အဆုံးအဖြတ် တိုက်ပွဲက ရွှဲ့ပြည်နယ်နဲ့ ရှမ့်လန်ရဲ့ ကံကြမ္မာတင် မကဘူး။ ငါတို့ ဝူပြည်နယ်ရဲ့ ကံကြမ္မာနဲ့လည်း သက်ဆိုင်နေတယ်။ ရှမ့်လန် နိုင်မယ်လို့ ငါ လည်း မမျှော်လင့်ရဲဘူး။

ဒါပေမဲ့ ဒီတိုက်ပွဲက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ရှမ့်လန်သာ နိုင်ခဲ့ရင် နေမင်းအသစ် တစ်စင်း ထွက်ပေါ်လာပြီ။ ဝူပြည်နယ်ရော၊ ချောင်ပြည်နယ်ရော အသက်ရှူချောင်မယ်။ ပြန်လည် ခုခံဖို့ အခွင့်အရေး ရလိမ့်မယ်။ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားပြီ ဆိုရင်တော့ လောကကြီးတစ်ခုလုံးက အမှောင်မိုက်ဆုံး အချိန်ကာလကို ရောက်ပြီ။ အားလုံး .... ချောင်ပြည်နယ်ပဲ ဖြစ်ဖြစ်၊ ဝူပြည်နယ်ပဲ ဖြစ်ဖြစ် ပျက်စီးရလိမ့်မယ်။”

ဝူဘုရင်က အံကို ကြိတ်ကာ ပြောသည်။ “ဒါကြောင့် ရှမ့်လန်ရဲ့ တိုက်ပွဲအတွက် မျှော်လင့်ချက် နည်းနည်းလေးမှ မထားခဲ့ဘူး ဆိုရင်တောင်မှ စိတ်ထဲမှာတော့ အောင်ပွဲကို အတိုင်းအဆမရှိ တောင့်တနေမိတယ်။

ရှမ့်လန်ရဲ့အောင်ပွဲအတွက် ကမ္ဘာမြေပေါ်က နတ်ဘုရားတွေအားလုံးဆီ တောင်းဆုပြုဖို့ ဝန်မလေးတော့ဘူး။ အကယ်၍ အရှင်ရှမ့်လန်သာ ဒီတိုက်ပွဲကို နိုင်ခဲ့မယ်ဆိုရင် ငါ ပထမဦးဆုံး ရှေ့ထွက်တဲ့သူ ဖြစ်မယ်လို့ အာမခံတယ်။ ဝူယုကို မင်းသမီးဘွဲ့ ချက်ချင်း အပ်နှင်းပြီး မင်းနဲ့ ကျားသစ်လေးကို နုရှောင့်မြို့ဆီကို ပို့ပေးမယ်။ ပြီးရင် မင်္ဂလာအခမ်းအနားနဲ့ မင်းကို ကျင်းရှိယန်နဲ့ လက်ထပ်ပေးမယ်။”

ဝူယုက မျက်နှာ ရဲကနဲ ဖြစ်သွား၏။ “ကျွန်မ သူ့ကို လက်မထပ်ချင်ဘူး။ သူက လူယုတ်မာပဲ။”

ဝူဘုရင်က ပြောသည်။ “ကျင်းရှိယန်က လူယုတ်မာ မဟုတ်ဘူး။ သူက မနာလိုဝန်တိုမှုကြောင့် လမ်းမှားရောက် လုနီးပါး ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ သစ္စာတရားကို ထိန်းချုပ်နိုင်ခဲ့တယ်။ သူ့ရဲ့စိတ်ဓာတ်က ခိုင်မာပြီး တိမ်ပါးမှု မရှိဘူး။ ကျင်းမူလန်ရဲ့ သစ္စာရှိ မောင် တစ်ယောက်အနေနဲ့ သူက အနာဂတ်မှာ အနည်းဆုံး နယ်စားမင်းတစ်ပါး ဖြစ်လာမှာပဲ။ သူ့ကို လက်ထပ်ရတာ မင်းအတွက် ဂုဏ်ယူစရာ ဖြစ်လာပါလိမ့်မယ်။”

ဝူမူက ပြော၏။ “ဝူပြည်နယ်အတွက် မင်း သူ့ကို လက်မထပ်လို့ မဖြစ်ဘူး။ ဒါက ငါတို့ ဝူပြည်နယ်ရဲ့ တော်ဝင်ရန် အင်ပါယာကို ဆန့်ကျင်တော့မယ် ဆိုတဲ့ အချက်ပြမှု ဖြစ်လိမ့်မယ်။”

.................

ချောင်ပြည်နယ်၏ မြို့တော်

ချောင်ပြည်နယ် ဘုရင်သစ်က မြေပုံရှေ့တွင် အချိန်တိုင်း ရပ်လို့နေ၏။ ခဏကြာတိုင်း သူက မေးမြန်း၏။ “အရှင်ရှမ့်လန် ဘယ်ကို ရောက်ပြီလဲ။”

အိမ်ရှေ့မင်းသား၏ ဆရာကြီး လီချွမ်ချီက ပြောသည်။ “အရှင်... အရှင်ရှမ့်လန်ရဲ့ တပ်တော်က ထျန်းရွှဲ့မြို့ စစ်မြေပြင်ထဲကို ဝင်ရောက်နေပါပြီ။ အဆုံးအဖြတ် တိုက်ပွဲက မကြာခင် စတင်တော့မှာပါ။”

ချောင်ဘုရင်သစ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တီးတိုးပြော၏။ “ဆရာကြီး... ကျုပ်သာ ကျုပ်ရဲ့ အကောင်းဆုံး တပ်ဖွဲ့တွေကို စေလွှတ်ပြီး အရှင်ရှမ့်လန်ကို ကူညီလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ။”

သူ ထိုစကားကို ပြောလိုက်သည်နှင့် ဆရာကြီး လီချွမ်ချီက ချက်ချင်း ဒူးထောက်ကာ ဦးတိုက်သည်။ “အရှင် မလုပ်ရပါဘူး။ ဒီလို လုံးဝ လုပ်လို့ မဖြစ်ဘူး။”

ချောင်ဘုရင်သစ်က ဟိန်းဟောက်လိုက်၏။ “ကျုပ် လက်မခံနိုင်ဘူး။ လုံးဝ လက်မခံနိုင်ဘူး။ တော်ဝင်ရန် အင်ပါယာက ကျုပ်ရဲ့အဖေကို လုပ်ကြံခဲ့သလို ဝန်ကြီးများအဖွဲ့ကို ဖျက်သိမ်းဖို့ ကျုပ်ကို ဖိအားပေးခဲ့တယ်။ ဒါတင် မကသေးဘူး။ ဝန်ကြီးချုပ်ရုံးက ဝန်ကြီးချုပ် သုံးယောက်ကို သတ်ပစ်တယ်။ အဲဒီထဲက နှစ်ယောက်ကို ကျုပ်ကိုယ်တိုင် သတ်ရအောင် သူတို့က ဖိအားပေးခဲ့သေးတယ်။

အခု ဝန်ကြီးချုပ်က တော်ဝင်ရန်အင်ပါယာ လက်ထဲ ကျရောက်သွားပြီ။ အခု သူတို့က ကျုပ်ရဲ့ မိဖုရားကို ဖယ်ရှားခိုင်းနေပြီ။ စေတီတောင်က အမျိုးသမီးကိုတောင် လက်ထပ်ခိုင်းနေပြီ။ ကျုပ်က ဘုရင်တစ်ပါးရော ဟုတ်သေးရဲ့လား။ ကြည့်စမ်းပါအုံး။ ကျုပ်က တကယ် ဘုရင်တစ်ပါးရော ဟုတ်သေးရဲ့လား။”

လီချွမ်ချီက ပြောသည်။ “အရှင်မင်းကြီး... ခမည်းတော်ဘုရင်ကြီး နတ်ရွာစံကာစက အရှင်မင်းကြီး ဘယ်လောက် ပညာရှိခဲ့လဲဆိုတာ သတိရသင့်တယ်။ ချောင်ပြည်နယ်အတွက် အရှင်မင်းကြီးက အရှက်တကွဲ အကျိုးနည်း ခံခဲ့တယ်။ ဒေါသတကြီး ဖြစ်နေတဲ့ တစ်ခဏကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျက်စီးပစ်မိတာမျိုး မဖြစ်သင့်ဘူး။”

ရှမ့်လန် ပျောက်ဆုံးသွားပြီးနောက် တော်ဝင်ရန်အင်ပါယာက နိုင်ငံအသီးသီးမှ အာဏာများကို ထင်တိုင်းကြဲကာ သိမ်းယူ၏။ ပထမဦးဆုံး ခံစားလိုက်ရသူက ချောင်ဘုရင်သစ်ပင်။ အဘယ်ကြောင့်ဆိုသော် ချောင်ဘုရင်သစ်က တော်ဝင်ရန်မြို့တော်၏ မျက်စိစပါးမွေးစူးစရာ ဖြစ်နေသောကြောင့်ပင်။

မင်းသားလျန်က ချောင်ဘုရင်သစ်ကို နင်ချီနှင့်ပူးပေါင်းရန် ရှင်းလင်းစွာ ညွှန်ကြားခဲ့၏။ နောက်ဆုံး ချောင်ဘုရင်သစ် က ပြောင်းလဲသွားခဲ့ပြီး ရှမ့်လန်နှင့် ပူးပေါင်းလိုက်၏။ ထို့ကြောင့် နင်ချီက သေသူမျောပါ ဖြစ်ခဲ့၏။ ဤလုပ်ရပ်က တော်ဝင်ရန်မြို့တော်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့၏။

ထို့ကြောင့် ချောင်ဘုရင်သစ်က ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံစားခဲ့ရ၏။ သူ၏ အယုံကြည်ရဆုံးသော လက်အောက်ငယ်သား အားလုံးနီးပါး အသတ်ခံခဲ့ရပြီး ဝန်ကြီးဌာန တစ်ခုလုံးကို အစားထိုးခံရသည်။

ယခု သူ၏ဇနီးသည်ကိုပင် သူ ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။ ဝူဘုရင်က စေတီတောင်၏ တပည့်ဖြစ်သူ ထိုအမျိုးသမီးက မကြာခင် သူ၏ မိဖုရားသစ် ဖြစ်လာတော့မည်။ ခမည်းတော် ဘုရင်ကြီးက ကိုယ်လုပ်တော်ရန်၏ အဆိပ်ခတ်ခြင်းကို မည်သို့ ခံခဲ့ရသနည်း။ စေတီတောင်မှ မိန်းမဖြစ်သည့် ကိုယ်လုပ်တော်ရန်၏ လက်ချက်ကြောင့် ပင် မဟုတ်ပါလား။

xxx

အပိုင်း (၉၆၀)

ထိုတင်သာမကသေးချေ။ ချောင်ဘုရင်သစ်က သူ၏မယ်တော်ကြီးကို စော်ကားခဲ့သည် ဟူသည့် ကြောက်မက်ဖွယ်ရာ ကောလာဟလ တစ်ခုလည်း ရှိနေသေး၏။ ဤသည်က ကြီးမားသည့် မတရားမှုကြီးပင်။ လုံးဝ မဟုတ်မမှန်ပေ။ သို့သော်ငြား ထိုကောလာဟလကို ကြိုတင်ကာ ဖြန့်ချီထားခဲ့၏။

မယ်တော်ကြီး၏ဂုဏ်သိက္ခာက ရှမ့်လန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး လူတကာရှေ့တွင် လမ်းလျှောက် ပြသခံ ခဲ့ရ၏။ ဤအရာက ဆိုးရွားပြီးသားပင်။

ချောင်ဘုရင်သစ်က အန္တရာယ်များသည့် မြင်ကွင်းတစ်ခုကို မြင်ယောင်နေမိ၏။ မယ်တော်ကြီးက ကြီးမားသည့် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ လူသိရှင်ကြား ပေါက်ပန်း လေးဆယ်များကို ထကာ ရေရွတ်မည်ဆိုပါက သူ သွားပြီ ဖြစ်၏။ သူ၏ထီးနန်းကို ဆုံးရှုံးရမည့်အပြင် သူကလည်း သေချာပေါက် သားရဲတွင်းထဲ ကျရောက်သည့် အကျဉ်းသားတစ်ဦးပင် ဖြစ်သွားနိုင်သည်။

ဤသည်က တော်ဝင်ရန်အင်ပါယာက သူ့အပေါ် ပေးထားသည့် အကြွင်းမဲ့ ခြိမ်းခြောက်မှုပင် ဖြစ်၏။ ဝန်ကြီးများအဖွဲ့မှ အာဏာပြန်လည်သိမ်းယူမှုအား မဆင်မခြင် မလုပ်ရန် သတိပေးထားခြင်း ဖြစ်၏။ မဟုတ်ပါက သူ ပျက်စီးရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ချောင်ဘုရင်သစ်က သူ၏ ယခင်က ဉာဏ်ပညာနှင့် တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ခြင်းပင်။

ချောင်ဘုရင်သစ်က မေး၏။ “ဆရာကြီး... ကျုပ်ရဲ့ လက်အောက်မှာ မဟာပညာရှင် အဆင့် ဘယ်နှစ်ယောက်လောက် ရှိလဲ။”

လီချွမ်ချီက ဖြေသည်။ “သုံးယောက်ပါ။”

ချောင်ဘုရင်သစ်က ပြောလိုက်၏။ “သူတို့ အားလုံးကို အရှင်ရှမ့်လန်ဆီ စေလွှတ်ပြီး ကူညီခိုင်းလိုက်ပါ။”

လီချွမ်ချီက ပြောသည်။ “အရှင်... ဒီလို လုံးဝ လုပ်လို့ မဖြစ်ဘူး။ အခုက အရှင်ရဲ့ အန္တရာယ်အများဆုံး အချိန်ပဲ။ နားခါးမယ့် စကားတစ်ခု ပြောပြမယ်။ ဒီတိုက်ပွဲမှာ အရှင်ရှမ့်လန်ရဲ့ နိုင်နိုင်ချေက သေးငယ်လွန်းတယ်။ အရှင့်ရဲ့ စစ်ကူကလည်း အခြေအနေကို ဘာမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။ အရှင်ရှမ့်လန်ဆီမှာ စစ်သည် ၂ သောင်းပဲ ရှိပြီး နင်ရှောင်နဲ့ ကျူးမိသားစုမှာ ၄၊ ၅ သိန်းလောက် ရှိတယ်။

ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ သွေးဝိညာဉ် တပ်တော် ၂ သောင်းက အနောက်ဘက်ဒေသနဲ့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက မဟာမိတ်တပ်တွေကို အနိုင်ယူခဲ့သေးတယ်။ ဒီတိုက်ပွဲအတွက် တကယ်ပဲ မျှော်လင့်ချက် မရှိပါဘူး။ အရှင် ရှမ့်လန်က မြင်းရထားကို တားဆီးဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ် တစ်ကောင်လိုပါပဲ။”

“မဖြစ်နိုင်ဘူး။”

ချောင်ဘုရင်သစ်က ခေါင်းကို ခါယမ်းလိုက်၏။ “ဆရာကြီးက အရှင်ရှမ့်လန်အကြောင်းကို ကောင်းကောင်း နားမလည်သေးဘူး။ ဒါပေမဲ့ ဆရာကြီး ပြောတာ မှန်တယ်။ အခု ကျုပ် လုပ်ရမှာ အရှင်ရှမ့်လန်ကို ကူညီဖို့ မဟုတ်ဘဲ လာမယ့် အပြောင်းအလဲအတွက် ပြင်ဆင်ထားဖို့ပဲ။

အကယ်၍ အရှင်ရှမ့်လန်သာ နိုင်ခဲ့မယ်ဆိုရင် ရွှဲ့ပြည်နယ် လက်တုံ့ပြန်မယ့် အချိန်ကာလ ရောက်လာလိမ့်မယ်။ အဲဒီအချိန်မှာ ကျုပ်ရဲ့ သတ်ဖြတ်မယ့် အစီအစဉ်က စလာလိမ့်မယ်။ မိစ္ဆာတွေ၊ ဘီလူးတွေ အကုန်လုံးကို ကျုပ် သတ်ပစ်မယ်။ ကျုပ်က အဖေ့လို မိန်းမတစ်ယောက်ရဲ့ လက်ချက်နဲ့ အသေခံမှာ မဟုတ်ဘူး။ သေရင်တောင်မှ ဘုန်းဘုန်းဒိုင်းဒိုင်း မြည်ဟီးပြီး တစ်လောကလုံးရှေ့မှာ ဟိတ်ကြီးဟန်ကြီးနဲ့ သေပြမယ်။

နင်ယွမ်ရှန်းက တော်တော်လေး လေးစားစရာ ကောင်းတယ်။ အရေးကြီးတဲ့ အခြေအနေမျိုးမှာ အညံ့ခံမဲ့အစား သေဖို့ကို ရွေးချယ်ခဲ့တယ်။ အရှင်ရှမ့်လန်ကသာ ဒီတိုက်ပွဲကို နိုင်ခဲ့ရင် ကျုပ် သူ့နောက်ကို လိုက်ပြီး တော်ဝင်ရန်အင်ပါယာ ကို အဆုံးထိ တိုက်ခိုက်သွားမယ်။”

ဆရာကြီး လီချွမ်ချီက ချောင်ဘုရင်ငယ်ကို ကြည့်၏။ ဘုရင်ငယ်သည် ၂ နှစ်အတွင်း ဆံပင်၏ တစ်စိတ်တစ်ပိုင်းလောက် ဖြူသွားခဲ့၏။ ဤ ၂ နှစ်အတွင်း ဘုရင်ငယ်သည် ကြီးမားသည့် ဖိအားအောက်တွင်သာမက ကြီးမားသည့် အရှက်ခွဲမှုအောက်တွင် နေထိုင်ခဲ့ရ၏။ လောကရှိ ဘုရင်အားလုံးအနက် သူက တော်ဝင်ရန်အင်ပါယာ၏ ပြင်းထန်လွန်းသော ဖိနှိပ်မှုကို ခံခဲ့ရသူပင်။ အန္တရာယ်အကြီးမားဆုံးလည်း ဖြစ်ခဲ့သည်။

ချောင်ဘုရင်သစ်က တဖြည်းဖြည်း တည်ငြိမ်သွား၏။ သူက မြေပုံရှေ့တွင် တင်ပလ္လင်ခွေ ချိတ်ထိုင်လိုက်ပြီး သူ၏ရှေ့တွင် ဓားတစ်လက်ကို ချထား၏။ သူက အေးစက်စွာ ပြောလိုက်၏။ “အခုကစပြီး ဘာကိစ္စနဲ့မှ ကျုပ်ကို မနှောင့်ယှက်နဲ့တော့။ အစားအသောက်တွေလည်း လာပို့စရာ မလိုဘူး။ ရေရှိရင် ရပြီ။”

ပြီးနောက် သူက ဓားကို ဒူးပေါ်တင်ပြီး မျက်လုံးကို မှိတ်ကာဖြင့် မလှုပ်မယှက်နေ၏။ စစ်မြေပြင်တွင် ရှမ့်လန်ကို သူ မကူညီနိုင်သောကြောင့် အစာဖြတ်၍ ဆုတောင်းသည့် အခမ်းအနားဖြင့် ရှမ့်လန်အတွက် ဆုတောင်းပေးခြင်း ဖြစ်သည်။

ဤကဲ့သို့သော အစာဖြတ်၍ ဆုတောင်းခြင်းက နိုင်ငံများအကြားတွင် တော်တော်လေး ခေတ်စားသည်။ နိုင်ငံတစ်ခု၏ ကံကြမ္မာနှင့် ပတ်သက်သည့် စစ်ပွဲတစ်ခု ဖြစ်ပွားသည့်အချိန်တိုင်း ဘုရင်က ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာကို ရရှိနိုင်ရန် အစာငတ်ခံကာ ဆုတောင်းလေ့ရှိ၏။

သို့သော်ငြား ဘုရင်အားလုံးက မိမိတို့နိုင်ငံ၏ စစ်ပွဲအတွက်သာ ဆုတောင်းကြ၏။ တခြားနိုင်ငံ၏ စစ်ပွဲအတွက် အစာငတ်ခံ ဆုတောင်းပေးသူ ဆိုသည်က မရှိသလောက်ပင်။ ဉာဏ်ပညာကြီးမားသည့် ချောင်ဘုရင်က ဤကဲ့သို့သော ဆုတောင်းပွဲ အခမ်းအနားက အသုံးမဝင်ကြောင်း ကောင်းကောင်း သိရှိပြီး ဖြစ်သော်လည်း သူက ကောင်းကင်ဘုံ၏ အလိုဆန္ဒကို အရှင်ရှမ့်လန်ဘက်သို့ ရောက်ရှိစေချင်သည်။

သို့သော်ငြား ဤသည်က နိုင်ငံရေး ရပ်တည်ချက် တစ်ခုဖြစ်ပြီး အလွန်လည်း ပြတ်သားသည့် ရည်ရွယ်ချက် တစ်ခုပင်။ သူက ရက်အနည်းငယ်အတွင်း ညီလာခံကို တက်ရောက်မည် မဟုတ်သလို အစားလည်း စားမည် မဟုတ်ပေ။ ဤသည်က အစိုးရအဖွဲ့၏ အာရုံစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်ပေလိမ့်မည်။

“ကောင်းကင်ဘုံ... အရှင်ရှမ့်လန်ကို ဒီတိုက်ပွဲမှာ အနိုင်ရအောင် ကူညီနိုင်မယ်ဆိုရင် ကျုပ်ရဲ့ သက်တမ်းကို နှစ် ၂၀ ထိ လျှော့ချဖို့ ဆန္ဒရှိပါတယ်။”

..................

ရွှဲ့ပြည်နယ်၏ မြို့တော် ကျူးမိသားစု၏ စံအိမ်မှာတော့ ....

“ရှမ့်လန်ရဲ့ တပ်တော် ဖြတ်သွားတဲ့ နေရာတိုင်းမှာ ပြည်သူတွေက ဒူးထောက်ကြိုဆိုပြီး ကောင်းချီးပေးနေတယ်။ အစပိုင်းမှာ သူတို့က နည်းနည်း ထိန်းချုပ်ထားကြပေမဲ့ ခရီးက ရှေ့ကိုတိုးလာလေ အားလုံးက ပိုပြီး ရူးသွပ် လာလေပဲ။

နောက်ဆုံး လူပေါင်းများစွာတို့က ရိက္ခာလှည်းတွေကို တွန်းပြီး ရှမ့်လန်ရဲ့တပ်တော်နဲ့ လာရောက် ပူးပေါင်း ကြတယ်။ နောက်ဆုံး ရှမ့်လန်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ သူ့ဆီမှာ ရိက္ခာ လုံလောက်နေပြီလို့တောင် ကြေညာလိုက်ရတယ်။ ဒါမှမဟုတ်ရင် ပြည်သူတွေ လာပို့တဲ့ ရိက္ခာတွေကို သူ သယ်နိုင်မှာ မဟုတ်ဘူး။

ကျုပ်တို့ရဲ့ လူတွေက ဒီပုန်ကန်တဲ့ လူတွေကို မှတ်ထားဖို့ ကြိုးစားပေမဲ့ အရေအတွက်က များလွန်းနေပါတယ်။ သူတို့က ဆယ်သန်းကျော်လောက် ရှိတယ်။ သူတို့ကို ဖမ်းဖို့ မဖြစ်နိုင်သလို အရေးယူဖို့လည်း မဖြစ်နိုင်ပါဘူး။”

ကျူးဟုန်ကျူးက အစီရင်ခံစာကို နားထောင်ရင်း ဖြည်းညှင်းစွာ ပြောလိုက်၏။ “ပြည်သူ့နှလုံးသားက ကျန်းဘက်မှာ ရှိနေပြီ။ ကျိဘက်မှာ မရှိဘူး။ အနည်းဆုံးတော့ တောင်ပိုင်းမှာ ဒီလို ဖြစ်နေတယ်။ ပြည်သူ့ နှလုံးသားဆိုတာ ရေလိုပါပဲ။ တစ်ခါတစ်ရံကျရင် ရေလှိုင်းကြီးလို့ ထင်ရပေမဲ့ ကျောက်ဆောင်တွေနဲ့ ရိုက်ခတ်မိတဲ့ အချိန်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတတ်တယ်။

ဒါပေမဲ့ ဆူနာမီလှိုင်းလုံးကြီးလို့ ဖြစ်လာပြီ ဆိုရင်တော့ ဘယ်သူမှ တားဆီးလို့ရမှာ မဟုတ်ဘူး။ ထျန်းရွှဲ့မြို့ တိုက်ပွဲမှာ ရှမ့်လန်သာ ရှုံးနိမ့်သွားရင် ပြည်သူတွေအားလုံးရဲ့ နှလုံးသားက ပျက်စီးသွားလိမ့်မယ်။ မြောက်ပိုင်းက ဝူဘုရင်နဲ့ အနောက်ပိုင်းက ချောင်ဘုရင်တို့လည်း ပျက်စီးသွားလိမ့်မယ်။

သူတို့က စောင့်ဆိုင်းဖို့ စိတ်မရှည်ကြဘဲ တော်ဝင်ရန်မြို့တော်ကို ဒေါသထွက်အောင် လုပ်မိပြီးကြပြီ။ ဒါပေမဲ့ အကယ်၍ ဒီတိုက်ပွဲမှာ ရှမ့်လန်သာနိုင်ခဲ့ရင်တော့ ကြောက်စရာကောင်းတဲ့ ဆူနာမီလှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားလိမ့်မယ်။”

ကျူးကျွင်းက ပြော၏။ “ဝူဘုရင်နဲ့ ချောင်ဘုရင်က အရမ်းကို ပညာရှိကြတယ်။ ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ ဘာလို့ ဒီလောက် ဉာဏ်မရှိရတာလဲ။ သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ချင်ရင်တောင် ထျန်းရွှဲ့မြို့ တိုက်ပွဲပြီးတဲ့ထိ စောင့်သင့်တယ်လေ။”

ကျူးဟုန်ကျူးက ပြောသည်။ “လူတစ်ယောက်အတွက် အခက်ခဲဆုံးအရာက အချိန်တိုင်း ဆင်ခြင်တုံတရား ရှိနေဖို့ပဲ။ လူငယ်တွေရဲ့ သွေးက မအေးဘူး။”

ပြီးနောက် သူက ကျူးဟုန်ရွှဲ့ကို ကြည့်ကာ ပြော၏။ “ဒါကြောင့် ဒီတိုက်ပွဲက တောင်ပိုင်းသုံးနိုင်ငံရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်။ မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ရမယ်။ မဟုတ်ရင် ဧကရာဇ်ရန်ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရလိမ့်မယ်။”

“သွေးဝိညာဉ် တပ်တော်က တိုက်ပွဲစတာနဲ့ ၄ နာရီ အတွင်း အဆုံးသတ်ပြီး ရှမ့်လန်ကို အပြီးသတ် ချေမှုန်းမယ်။”

ကျူးဟုန်ရွှဲ့က ပြတ်သားစွာ ပြော၏။ “သွေးဝိညာဉ်တပ်တော် တိုက်ပွဲကိုစတာနဲ့ လေးနာရီအတွင်း အဆုံးသတ်ပြီး ရှမ့်လန်ကို အမြစ်ဖြတ် ချေမှုန်းပစ်ရမယ်။ ဒါမှမဟုတ်ရင် အရှက်တကွဲ ရှုံးနိမ့်မှုတွေ ဖြစ်လိမ့်မယ်။ သွေးဝိညာဉ် တပ်တော်ကို ဆက်ပြီး ဦးဆောင်ဖို့ ကျုပ်မှာ ဂုဏ်သိက္ခာတောင် ရှိမှာမဟုတ်တော့ဘူး။”

ကျူးဟုန်ကျူးက ပြောသည်။ “ဟုန်ရွှဲ့... အဘိုးပြောတာကို နားထောင်ချင်လား။”

ကျူးဟုန်ရွှဲ့က ပြန်ပြော၏။ “ ဟုတ် အဘိုး... ပြောစရာရှိတာ ပြောပါ။”

ကျူးဟုန်ကျူးက ပြောသည်။ “တခြားသူတွေကို အရင်လွှတ်လိုက်။ ရှမ့်လန်ရဲ့ ဆန်းကြယ်တဲ့ လက်နက်တွေ အကုန် သုံးပြီးတော့မှ မင်းသွားတိုက်။

အားလုံးတိုက်ခိုက်ပြီး ပွဲပန်းနေပြီ၊ ရှိသမျှလက်နက် အကုန် ကုန်လောက်ပြီဆိုမှ မင်းရဲ့ သွေးဝိညာဉ်တပ်တော်က နာရီအနည်းငယ်အတွင်း လျှပ်စီးလက်သလိုမျိုး ရှမ့်လန်ရဲ့ တပ်ဖွဲ့ကို ချေမှုန်းပစ်ပေါ့။

ဒါဆိုရင်း မင်းနဲ့ သွေးဝိညာဉ်တပ်တော်ရဲ့ ဂုဏ်ရောင်ကို ပိုပြီးထွန်းပြောင်စေလိမ့်မယ်။ အဲဒီလူတွေ .... တုံ့ကျန့်ဘုရားကျောင်း ၊ စေတီတောင်က လူတွေကိုလည်း ရွှဲ့ပြည်နယ်ရဲ့ ပိုင်နက်ထဲကို နောက်ထပ် ခြေမလှမ်းရဲအောင် လုပ်နိုင်မှာ။ မင်းက ဒီအတိုင်း တက်သွားပြီး ရှမ့်လန်ကို ချေမှုန်းလိုက်မယ်ဆိုရင် သူတို့ မင်းကို အထင်ကြီးကြမှာ မဟုတ်ဘူး။ မင်းဘာမှ လုပ်ခဲ့တယ်လို့တောင် သူတို့ခံစားရမှာ မဟုတ်ဘူး။”

ကျူးဟုန်ကျူး ပြောသည်မှာ လက်တွေ့ကျလွန်းသည်။ ရန်သူသာ မသန်မာလျှင် မိမိသန်မာကြောင်း မည်သို့သိရှိနိုင်မည်နည်း။ ထိုသို့ဆိုလျှင် ရန်သူ သန်မာကြောင်း မည်သို့သက်သေပြမည်နည်း။ အသက်များကို စတေးခြင်းပင်။

မှန်ပေ၏။ ကျူးဟုန်ကျူးနှင့် ကျူးကျွင်းတို့က ရှမ့်လန်ကို အသုံးချ၍ တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည် တစ်သောင်းကို သုတ်သင်ပစ်ရန် မျှော်လင့်နေကြ၏။ ထိုမှသာလျှင် ရွှဲ့ပြည်နယ်က ကျူးမိသားစုနှင့် ကောင်းကင်ပင်လယ် နန်းဆောင်တို့၏ အပိုင်ဖြစ်လာပေလိမ့်မည်။ ရွှဲ့ဘုရင်နင်ရှောင်က သူ၏ နောက်ဆုံး ကျောထောက်နောက်ခံ ကို ဆုံးရှုံးသွားပေလိမ့်မည်။

ကျူးဟုန်ရွှဲ့က မျက်မှောင်ကုတ်လိုက်၏။ သူက ဤကဲ့သို့ ညစ်ပတ်သည့် နိုင်ငံရေးမျိုးကို မနှစ်သက်ချေ။ ယခု သူ အလုပ်ချင်ဆုံးအရာက သွေးဝိညာဉ်တပ်တော် နှစ်သောင်းကို ဦးဆောင်ပြီး ရှမ့်လန်ကို လေးနာရီအတွင်း ချေမှုန်းပစ်ရန်သာပင်။ ပြီးနောက် သူက သွေးဝိညာဉ်တပ်တော်ကို ဦးဆောင်ပြီး အနောက်ဘက် ဒေသဆီသို့ သွားရောက်မည်။ မိုင်တစ်သောင်း သဲကန္တာရလမ်းကို ဖွင့်မည်။ ဤသည်က ကောင်းကင်ပင်လယ်နန်းဆောင် အတွက် အရေးကြီးဆုံး ကိစ္စဖြစ်၏။

ယခုအချိန်တွင်တော့ ကောင်းကင်ပင်လယ်နန်းဆောင်၏ ကြီးမားသော ပြိုင်ဘက်က စေတီတောင် ဖြစ်ပြီး ရှမ့်လန် မဟုတ်ပေ။ လူအင်အား သောင်းဂဏန်းလောက်ဖြင့် ဧကရာဇ် ပြန်လာပြီးဟု အဘယ့်ကြောင့် သုံးနှုန်းနေ ရသနည်း။ လွန်လွန်းအားကြီး၏။ ထို့ကြောင့် ကျူးဟုန်ရွှဲ့၏ စိတ်ထဲတွင် ရှမ့်လန်ကို လုံးဝမနှစ်သက်ချေ။ အင်ပါယာကျန်းလီ၏ ဆက်ခံသူ ဖြစ်ရန် မထိုက်တန်သည့် လူရွှင်တော်တစ်ယောက်ဟုသာ သူက ခံစားမိသည်။

ကျူးဟုန်ရွှဲ့က ပြော၏။ “ကျုပ် နားလည်ပါပြီ။”

သူက စိတ်မရှည်သော်လည်း အဘိုးဖြစ်သူပြောသည့်အတိုင်း လုပ်ဆောင်ရပေလိမ့်မည်။ သူက ဘေးမှာရပ်ကြည့်ပြီး ရှမ့်လန်၊ တုံ့ကျန်းဘုရားကျောင်းနှင့် ယင်ယွင်အဖွဲ့အစည်းတို့ အပြန်အလှန် သတ်ဖြတ်သည် ကို စောင့်ကြည့်ရပေဦးမည်။

“ရှမ့်လန်... မင်းကောင်းကောင်း တိုက်ခိုက်နိုင်ပါစေလို့ ငါ မျှော်လင့်မိတယ်။ သွေးဝိညာဉ်တပ်တော် ထွက်မလာခင်မှာ မသေသွားနဲ့အုံး။”

...........................

ထျန်းရွှဲ့မြို့က မြို့တော်တစ်ခုဖြစ်သည်သာမက မြို့ကြီးအများအပြားကိုလည်း စီမံအုပ်ချုပ်ထား၏။ သူ၏ ဧရိယာက ခရိုင်တစ်ခုထက် ပိုမိုကျယ်ဝန်း၏။ ရှမ့်လန်၏ စစ်သည် နှစ်သောင်း ထျန်းနန်စီရင်စု ပိုက်နက်ထဲကို ဝင်ရောက် လာပြီးနောက် ရန်သူ့ပိုင်နက်ထဲသို့ ဝင်ရောက်သွားပြီဟု သတ်မှတ်နိုင်၏။ သို့သော်ငြား မြို့သုံးမြို့ကို ဖြတ်သန်း လာသည့်တိုင်အောင် မြို့စောင့်တပ်ဟူ၍ တစ်ယောက်မှ မရှိချေ။ ရန်သူက သူတို့၏ တပ်ဖွဲ့အားလုံးကို မြို့တော်၏ အနီးနားတွင် စုစည်းထားပြီး ကြီးမားသည့် စစ်မြေပြင်တစ်ခုအဖြစ် ဖန်တီးထားပုံပင်။

နှစ်ရက်ကြာသည့်အချိန်မှာတော့ ရှမ့်လန်၏တပ်တော်က မြို့တော်နှင့် မိုင်ဒါဇင်အနည်းငယ်အကွာတွင် ရပ်တန့်လိုက်၏။

မှန်နက်တပ်ဖွဲ့မှ သူလျှိုတစ်ယောက်က ပြောသည်။ “အရှင်... ကျုပ်တို့ရှေ့မှာ ရှိနေတာ ထျန်းရွှဲ့ အမဲလိုက်ကွင်းပါ။ ဒါက ထျန်းရွှဲ့မြို့ရဲ့ ပထမဆုံး ခံစစ်စည်းပါ။ အဲဒီမှာ စစ်သည် ရှစ်သောင်းကျော် တပ်စွဲထားပါတယ်။”

ထျန်းရွှဲ့အမဲလိုက်ကွင်းက အမဲလိုက်ကွင်းဖြစ်ရုံသာမက ကြီးမားသည့် စစ်စခန်းကြီးလည်း ဖြစ်၏။ ယခင်က ရှမ့်လန်၏လက်အောက်မှ လန်ညီအစ်ကို ဆယ်ယောက်တို့က သိုင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ဤနေရာတွင် လေ့ကျင့်ခဲ့ဖူး၏။ သို့သော်ငြား ဤလူများက ကျင်းမင်းသား၏ နောက်လို့လိုက်ပြီး တောင်ဘက်ပိုင်းဆီသို့ ရောက်သွားကြ၏။ ယခုအခါမှာတော့ သေကွဲရှင်ကွဲ ကွဲလျက်ရှိ၏။

လန်ပေါင်၊ တုတ၊ တုအာ၊ တခြားသူများလည်း ရှိသေး၏။ ထိုသူတို့အားလုံးက အင်ပါယာကျန်းလီ၏ အထူး သွေးမျိုးဆက် အဖွဲ့ဝင်များပင်။ ဤလူများက ရှမ့်လန်၏ တိုက်ရိုက်ကျသော မျိုးဆက်များဖြစ်၏။ ရွှဲ့ပြည်နယ်၏ စစ်ပွဲပြီးဆုံးပြီးနောက် ကျင်းမင်းသားကို ရှာတွေ့ရန် နည်းလမ်းရှာရပေမည်။ ဤတိုက်ရိုက် မျိုးဆက်များကို ရှာဖွေရပေမည်။ အရှင်တွေ့လျှင် လူကိုယူ၍ အသေတွေ့လျှင် အလောင်းကို ယူရမည်။

ထျန်းရွှဲ့အမဲလိုက်ကွင်းက အလွန်ကျယ်ဝန်းပြီး ဧက သုံးသောင်းကျော်၊ စတုရန်းမီတာ ၂၀ နီးပါး ရှိ၏။ ရှမ့်လန်က မေးလိုက်သည်။ “ရန်သူ့တပ်မှူးက ဘယ်သူလဲ။”

မှန်နက်တပ်ဖွဲ့မှ သူလျှိုက ပြော၏။ “အနောက်ပိုင်း ထျန်းရှစ်နယ်စားမင်း ကျုံးယောင်ပါပဲ။ ကျုံးယောင်၊ ကျုံးအီ၊ ကျုံးရှစ်ရှစ်၊ ကျုံးမိသားစုဝင် ရာပေါင်းများစွာက ထျန်းရွှဲ့အမဲလိုက်ကွင်းထဲမှာ ရှိနေပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ဒီတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။”

ရေနက်တပ်ဖွဲ့မှ သူလျှိုက ပြော၏။ “အရမ်းရှုပ်ထွေးပါတယ်။ သူတို့က ကျုပ်တို့နဲ့ မတိုက်ခိုက်ချင်ပေမယ့် သစ္စာခံဖို့လည်း မဝင့်ရဲကြပါဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ထျန်းရွှဲ့အမဲလိုက်ကွင်းကို တတ်နိုင်သမျှ အချိန်တိုအတွင်း သိမ်းပိုက်ရမယ်။ ဒါက ထျန်းရွှဲ့မြို့ရဲ့ အဆုံးအဖြတ် တိုက်ပွဲအတွက် အရမ်းအရေးကြီးတယ်။”

ရှမ့်လန်က ထျန်းရွှဲ့မြို့ကို တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်ခြင်း မပြုလိုပေ။ သူ သတ်ဖြတ်လိုသည့် လူများက နင်ရှောင်နှင့် ကျူးမိသားစု၏ တပ်ဖွဲ့များသာဖြစ်ပြီး ထျန်းရွှဲ့မြို့ မဟုတ်ပေ။ သူက ထျန်းရွှဲ့အမဲလိုက်ကွင်း၌ အခြေချပြီး ရန်သူ စစ်သည် သိန်းပေါင်းများစွာကို သတ်ဖြတ်ချင်၏။

ထျန်းရွှဲ့အမဲလိုက်ကွင်းက မြို့ရိုးများနိမ့်သော်လည်း ဘာမှမရှိသည့်ထက်စာလျှင် ပိုကောင်း၏။ ထျန်းရွှဲ့မြို့တော် ကို မပျက်စီးစေခြင်းက အကောင်းဆုံးပင်။ အဘယ်ကြောင့်ဆိုသော် သိမ်းပိုက်ပြီးနောက် နင်ကျန်း ထံသို့ လက်လွှဲရမည် ဖြစ်သောကြောင့်ပင်။ ဤမြို့က ပြည်သူများက ရှမ့်လန်၏ ဘက်တော်သားများ ဖြစ်၏။ ရန်သူက ယာယီ ထိန်းချုပ်ထားခြင်းသာ ဖြစ်သည်။

ရှမ့်လန်က ပြော၏။ “ကျုံးယောင်ဆီကို သံတမန်တွေ အရင်လွှတ်ပြီး စကားပြောကြည့်လိုက်။ သူ လက်နက် ချမလား ကြည့်ရအောင်။ သူ လက်နက်မချရင်တောင်မှ ထျန်းရွှဲ့အမဲလိုက်ကွင်းကို လက်လွှတ်ပေးပြီး နောက်ဆုတ်သွားလို့ ရတာပဲ။”

မှန်နက်တပ်ဖွဲ့မှ သူလျှိုက ပြောသည်။ “ကျုပ်သွားလိုက်ပါမယ်။”

.............

All Chapters